“ အခန်း ၄၆… နောက်ပေါက်မှာ ဧည့်သည်..”
ရိုးကောလ် ခန်း အလယ် ပေါက်ကနေ.. အဆောင် အလယ် ကွင်းပြင်ကြီးကို လွှမ်း အောင်..အော်လိုက်တဲ့.. ကျောင်းသူ တယောက်ရဲ့ အသံ က..ကျယ်လောင် လှပေမဲ့.. အခန်းထဲက အမြန်ပြေး ထွက် ပြီး ..အပေါ်ထပ် ၀ရံတာ က..လှမ်းကြည့်တော့.. လူ မမြင်ရတော့။
ဒီနေ့ညနေ ..ရေလေး ဘာလေး စောစော ချိုး.. သနပ်ခါးတွေ ဘာတွေ လိမ်းပြီး.. စာကျက် မလို့..စာအုပ် ကိုင်ကာ ရှိသေး…။ ကိုတိုး တို့လည်း မဖြစ်နိုင်.. သူတို့ လဲ..ဒီအချိန် စာ အသဲအသန် ကျက်နေရ တော့မှာ.. ။ ပင်းယ ဆောင်က.. ဟို..လူကြီး များလား မသိ..။ တနေ့ကလည်း.. အချဉ်ထုပ် တွေ.. တထောကြီး လာပေး သွားတယ်။ မဖြူကလည်း.. သူ့လက်ထဲက..စာအုပ်ကို စိတ်မပါ လက်မပါ.. လှန်နေရင်း..
-
“ မှုံကြီး တို့ တော့..မဖြစ်နိုင်ဘူးဟ.. ဒါမဲ့.. ဆင်းမယ်ဟာ.. ပျင်းတယ်..လက်ဖက်ရည် လည်း ၀ယ်ရ အုံးမှာ.. ”
-
ထုံးစံ အတိုင်း..ပျော်ပွဲ ရွှင်ပွဲ တွေ..ဒင်နာ တွေ ပြီးတော့.. စာမေးပွဲ ကြီးက..ရောက် လာပြန်ပြီ။ အခု ထက်ထိ နှုတ်တိုက် ကျက် နေရတဲ့.. စာတွေကို စိတ်ပဲ ညစ်လှပြီ။ စာကို ဖတ်ပြီးတော့ပဲ နားလည်ချင်တာ..။ ဆရာ ဦးမင်းဆွေ ပြောတဲ့..သူတို့ နိုင်ငံခြားမှာ သင်ခဲ့ရတဲ့..Open book ဆိုတာမျိုး..လုပ်ကြည့် ချင်လိုက်တာ။ အောနပ်စ် တန်းတွေ မှာ တော့..တ ဘာသာ လုပ်တယ်လို့ ရီမွန် ပြောပြော နေတာပဲ..။ အင်း..ဆရာတွေကလည်း..အောနပ်စ် မှ အထင်ကြီး တာ..ကျောင်းသား ထင်တာ.. ။ နေပေါ့ဟာ…။
အကွက်စိ တဲ့..မဖြူ ကတော့.. စိသလား မမေးနဲ့..။ အပြန် တခါတည်း..ညစာ တင်ဖို့..ထမင်းချိုင့် ပါ ယူလာတယ်။ ခုတလော လည်း.. အိမ်မပြန် ဖြစ်တာနဲ့.. မဖြူ ..သူ့ဖာသူ အိမ် ပြန်ပြီး ချက် ယူလာတဲ့..ဆိုက်ပေါ့..( တရုတ်ရိုးရာ မုန်လာဥ ခြောက်ဟင်း) နဲ့ ချဉ်ပေါင်ကျော် ပဲ ကပ် တုတ်နေရ သည်။ ကိုယ့်ကို ဟင်းလုပ်ပေးနေကျ.. မယု လည်း.. ကျောင်းပြီး သွားပြီ ဆိုတော့..ကွာလဖိုင်းတန်း ဆက်တက်မလား ဘာလား.. ကိစ္စတွေ ရှုပ်ရင်း.. နယ် ပြန်သွားတော့.. စာမေးပွဲ နီးမှ.. သူ ဟင်းငတ် နေသည်လေ။
ညနေ လေးနာရီထဲက.. ဟင်းတွေ စချပြီ ဆိုတော့..ထမင်းစားခန်း ထဲမှာ..တချို့ ညစာ စောစော စားတဲ့ လူတွေ တောင် ရောက်နေကြပြီ။ မမနန္ဒာ ကို.. တပတ်တခါ သူ့အိမ်က လာပို့ တတ်တဲ့.... စတီး လေးဆင့်ချိုင့် ကြီး နဲ့ တွေ့လိုက်တော့.. ဗိုက်တောင် ဆာချင် သွားပြီ။ “ညကျ လာစားမယ်နော်..မ” လို့.. လှမ်းစ ရင်း..ထမင်းစားခန်း ထဲ.. ဟိုငေး ဒီငေး လုပ်နေတဲ့ အချိန်မှာ.. မဖြူကတော့.. ၀က်သားနဲ့ ဗုံလုံသီး ဟင်း ကို..ချိုင့်တွေထဲ ထဲ့ပြီးလို့..ထမင်းစားခန်း စောင့်ပေးနေတဲ့..အန်တီ မြ ဆီမှာတောင်..အပ်ပြီးသွားပြီ။
အဆောင် နောက်ပေါက်မှာတော့ ..နောက်ဆုံးနှစ် က.. မမ တွေသာ ပို အလုပ်များ နေကြသည်။ စာမေးပွဲ အတွက် ပူရတာ တမျိုး ..ချစ်သူ..ဒါမှမဟုတ်..ချစ်သူ မဖြစ်တဖြစ်လေးတွေ နဲ့.. ခွဲရေ တာ့မှာက..တခက်.. ။ နောက်ပေါက် တဲ့တဲ့က.. ပါမောက္ခ အိမ် ရဲ့ ရှေ့အုတ်ခုံ လည်း မလွတ်.. ။ အင်းဝ ဆောင်ရှေ့ဖက်..ကံ့ကော်ပင်တွေ အောက်မှာ လည်း မတ်တပ်..။ ULB သွားတဲ့ လမ်းလေး ထဲမှာ လည်း..ဟိုနား..ဒီနား..။ တချို့က..ပုဂံလမ်း ဖက် ကို ဦးတည်လို့..။ ဆံပင် ကောက်ကောက်.. ဖင်ကောက်ကောက်လေး နဲ့..ဒေးဒရဲ Queen ဆိုတဲ့..အမ ကြီး ဆီ ညနေတိုင်း လာတဲ့.. RIT က..အကိုကြီး လည်း ရောက်နေ ပြီ .. ခင်တောင် နေပြီ လေ..
“ အမ..ရေချိုးတုန်း.. နောက်တနာရီ လောက် စောင့်အုန်း..” လို့ နောက်တော့.. ပြုံးနေတယ်။
“ဟိုမှာ .. မထိုက် တို့အတွဲ ..” လို့..မဖြူ ပြတဲ့ ဖက်ကို လှမ်းကြည့်တော့.. သိပ္ပံ ကန်တန်းန် ဘေးက.. စာသင်ဆောင် တွေ ကြားထဲမှာ.. ဒဂုန်ဆောင်က..အကိုကြီး နဲ့..။
“ နေအုံး..ငါတို့ ဧည့်သည် ဆိုတာ.. ဘယ်သူလဲ မသိဘူး…”
သူတို့ နှစ်ယောက်..ဟို ရှာ..ဒီရှာ လုပ်နေတုန်း မှ.. ဟိုးဖက်.. အင်းဝ မုခ်ဦး အောက်က..ထ လာတဲ့.. ကိုအေးဇော်ဟန် ကို လှမ်းမြင်လိုက် ကြသည်။ အတော်တော့ အံ့သြသွားမိ သည်။ သူတို့လည်း..အောနပ်စ် တန်းတွေ..စာတွေ နဲ့ လုံးပန်းနေကြ မှာပဲ လို့ ထင်နေတာ.. ပြီးတော့.. သိပ်ပြီးတော့ လည်း လာလေ့ ရှိတာ မဟုတ်ဘူး လေ..။ အေးလေ.. ဘယ်သူ့ဆီ လာတာမှန်း မှ မသိတာ…အခန်း ၄၆ လို့ပဲ ခေါ်တာ ကို... ။ မဖြူ မျက်နှာ ကို လှမ်းကြည့်တော့.. သွားထက်လေးတွေ အကုန်ပေါ်အောင် ပြုံးနေလိုက်တာ..။
-
“ နောက်ပေါက်မှာ..လူတွေ ရှုပ်နေလို့..ထိုင်စရာလဲ မရှိတာနဲ့..လက်ဖက်ရည် ဆိုင် သွားထိုင်နေတာ.. ဟိုမှာ.. ခရစ်စ်တိုဖာ လည်း ပါလာတယ်..”
ဘယ်သူ့ကို ရယ်လို့လည်း..မဟုတ်.. ခပ်လုံးလုံး ပြော လိုက်တဲ့.. သူ့မျက်နှာကို ကြည့်တော့လည်း.. ဘယ်သူ့ကိုမှ ကြည့် မနေ ပြန်ဘူး.. ခပ်တည်တည် ဟန် နဲ့.. ။ အဲဒါကြောင့်..တခါတလေ..ကိုတိုး တို့က..ကြည့်မရ ချင်တာ.. ဆရာကြီး ရုပ် ဆိုပြီးတော့ လေ..။
အင်းဝ မုခ်ဦး ကြီး အောက်တဲ့တဲ့က..ခုံမှာ ထိုင်နေတဲ့.. ခရစ်စ်တိုဖာ က တော့.. သူ့သွားဖြူဖြူ တွေ အစွမ်းကုန် ဖွင့်လို့.. ပြုံးပြ နေ ပြန်တယ်။ ဒီ နှစ်ယောက်က..ဘယ်မှာ သွားတွေ့ပြီး.. ဒီ ကို ဘာ အတွက် ရောက်လာ ကြတာလဲ.. ..။
-
စားပွဲ ထိုး လေးကို.. ပေါ့ကျ ၂ ခွက် လို့.. မှာလိုက်ရင်း.. စကားလဲ မပြောဖြစ်ပဲ.. လေးယောက်သား.. ခပ်တန်းတန်း ဖြစ်နေကြတယ်။ သူတို့ နှစ်ယောက် နဲ့ ကျတော့.. ကိုတိုးတို့လို..ပြောချင်ရာ ပြောတာမျိုး မဟုတ်ဘူးလေ..။ သိပ်လည်း တွေ့ဖြစ်ကြတာ မဟုတ်။
“ ဒီမှာ..စာအုပ် တအုပ်.. ကြိုက်မယ် ထင်လို့.. .”
ဘယ်သူ့ကို ရယ်လို့ မပြော ပေမဲ့.. အဖြူရောင် စာအုပ် သေးသေး လေး က..သူ့ရှေ့ကို ရောက်လာတယ်။
မင်းသားလေး…
---
မျက်နှာဖုံး မှာ.. ကာတွန်းလို အကောင်လေး နဲ့…
ဒေါ်ခင်လေးမြင့် ပြင်သစ်ဘာသာမှ တိုက်ရိုက်ပြန် ဆို သည်….
“ ဒီ စာအုပ်က..ပြင်သစ် စာ သင်တန်းတွေ မှာတော့.. မဖတ်ဖူးသူ..မသိဖူးသူ မရှိ သလောက်ပါပဲ.. ခုက.. ဗမာ ဘာသာပြန် စ ထွက်တာ..သိပ်ကောင်းတယ်..ဖတ်ကြည့်ပါ.. ”
စာအုပ်လေးက..စိတ်ဝင်စားစရာ.. အထဲမှာ လည်း..ကာတွန်း ရုပ်လေး တွေနဲ့..။
“ ဒီ..ဒေါ်ခင်လေးမြင့် ဆိုတာ.. ဂျာနယ်ကျော် မမလေး သမီး မဟုတ်လား..”
“ ဟုတ်တယ်လေ..”
စားပွဲထိုးလေး လာချပေးတဲ့..လက်ဖက်ရည် ကို..တငုံ နှစ်ငုံ ငုံလိုက်ရင်း..
“ အင်း..စာမေးပွဲ ပြီးမှ ဖတ်ဖြစ်မလား မသိဘူး.. ကြည့်ရတာတော့..ပါးပါးလေးပဲ နော်..”
သူကိုင်ကြည့်ပြီး..ချ ထားလိုက်တဲ့ စာအုပ်လေး ကို မဖြူက..ယူကိုင် ကြည့် တယ်။ ပြီးတော့..ခရစ်စ်တိုဖာ ကပါ..ယူကြည့် ရင်း.. ခပ်မဆိတ် ဖြစ်နေတဲ့..လက်ဖက်ရည် စားပွဲလေးပေါ်မှာ..စာအုပ် အဖြူလေးကတော့.. ရွေ့လျား နေတယ်။
ခရစ်စ်တိုဖာ က..“ ကျနော် ကတော့..မောင်သော်က ရဲ့ တိုက်ရေယဉ် ၁၀၃ သိပ်ကြိုက်တာပဲ..” တဲ့။ ဘာမှလည်း အဆက်အစပ် မရှိပဲ နဲ့။ တသက်လုံး စာအုပ် တအုပ်ပဲ ဖတ်ဖူးတယ် ထင်တယ် လို့ ပြုံးချင်နေ မိသည်။
“ မိုးမိုး အင်းလျား စာအုပ်တွေ လည်း ဖတ်ကြ တယ် နော်… ”
လာပြန်ပါပြီ..။ အင်းလျား ဆိုတာနဲ့..မိုးမိုးအင်းလျား လုပ်နေတယ်။ မိုးမိုး အင်းလျား ဆိုတာ.. မြန်မာပြည်မှာ..၀တ္တုဖတ်တဲ့ သူတိုင်း သိတဲ့ ဟာကို…။
ဒါပေမဲ့..ခရစ်စ်တိုဖာ ရဲ့ နောက်ဆက်တွဲ စကားကြောင့်..သူ တော်တော် စိတ်ဝင်စား သွားသည်။
“ မိုးမိုးအင်းလျား က..အင်းလျား ဆောင်မှာ..ကျနော့် အမေ နဲ့.. သိပ်ခင်တာ.. တခန်းထဲတောင် နေဖူးတယ် ထင်တယ်…သူ့နာမည်က..ဒေါ်စန်းစန်း လား မသိဘူး.. တခါတောင်..ကျနော်တို့ ငယ်ငယ်က.. မြို့ ကို လာလည်ဖူးတယ်..ဆင်တွေ အကြောင်း စိတ်ဝင်စားလို့ လာ လေ့လာ သေးတယ် တဲ့ ..”
သူတို့ ကရင်ပြည်နယ် ဖက်မှာ.. အဖိုး အဖွား တွေက..ဆင်လုပ်ငန်း တွေ အကြီးအကျယ် လုပ်ခဲ့ ကြ တယ် လို့ သိထားဖူး တဲ့..ခရစ်စ်တိုဖာ ကို..ကြည့်ရင်း…သူ တခု သတိရ သွားသည်။
“ အဲ…ဒါဆို.. မိုးမိုး အင်းလျား ရဲ့“ နွေကို မုန်းသည်” ဆိုတဲ့..၀တ္တုတိုလေး ထဲက..သူ..ဂျပ်ဆင် အပေါ်ထပ်ကို လိုက်တက်ကြည့်ဖို့ လုပ်တဲ့..သူငယ်ချင်း ကရင်မလေး ဆိုတာ.. ခင်ဗျား အမေ လား မသိဘူး… ”
လက်ဖက်ရည် ဆိုင် ကနေ လှမ်း မြင်နေရတဲ့..သစ်ပင်တွေ ကြားထဲက.. ထောင်ထောင် မားမား..ဂျပ်ဆင်ကြီး ကို လှမ်းကြည့် လိုက်ရင်း..သူ တို့ စကားဝိုင်းက..ဂျပ်ဆင် ကြီးဆီ ရောက်သွား ပြန်သည်။
“ ဒါကြီးက..ခုထက်ထိတော့.. မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယန် အသင်းက..ပိုင်တာပဲ လေ.. ရန်ကုန် တက္ကသိုလ် ကြီးနဲ့ ဘယ်လို နားလည်မူ လုပ်ထားသလဲ တော့ ကျနော် သေချာ မသိဘူး.. အဲဒီ ရှေ့က..အိမ်တချို့ကလဲ..သင်းအုပ်ဆရာ အိမ်ပဲ…”
မဖြူက.. “ သွား..တက်ကြည့် ရအောင်လေ…” တဲ့။
“ ခု..တက်လို့ မရ ဘူးထင်တယ်နော်.. ကျမ တို့ အဖေ တွေ..တက္ကသိုလ်မှာတုန်းက..သူငယ်ချင်းတွေ..လောင်းကြေး စားကြေး လုပ်ပြီး..အဲဒီ ဂျပ်ဆင်ထိပ် က..ဘောင် တပတ်..လမ်းလျှောက် ဖို့ လုပ်ကြ တာတဲ့.. ဖေဖေ ပြောတာ.. နောက်ဆုံး..တကယ်လဲ ထိပ်ရောက်ရော.. မြင့်လွန်းလို့..ဘယ်သူ မှ မလျှောက်ရဲပဲ.. တယောက်ပဲ..လေးဖက်ကုန်း ပြီး ပတ် နိုင် ခဲ့တယ်တဲ့..”
ထူးထူး ဆန်းဆန်း..ကိုအေးဇော်ဟန်က..အသံ ထွက် ရီ လိုက်ရင်း..
“ တက္ကသိုလ် ကျောင်းသားဘ၀ ကတော့..တကယ် စုံအောင် လုပ်နိုင်မှ တန်တာ…ကျနော်တို့ကတော့.. ဒေးကျောင်းသား လည်း ဖြစ်.. တခြားသင်တန်းတွေ တဖက်..အိမ် ကိစ္စတွေ တဖက် နဲ့..တခါတခါ.. ကျောင်းတက်ရတာ..သိပ် ပျော်စရာ မကောင်း လှ ဘူး..”
“ မဖြူတို့လည်း..အဲဒီလိုပါပဲ.. အိမ် စီးပွားရေး ကိစ္စ တွေ..ခေါင်းထဲ အမြဲ ထဲ့ထားရတာ..ပြီးရင်လည်း.. စီးပွားရေးပဲ လုပ်ရမှာ..ဆိုတော့…
.......
…ဟိုးမှာ လာနေတာ..ကိုတိုး တို့ မဟုတ်လား…”
မဖြူ က..စကား တန်းလန်း နဲ့.. စာကြည့်တိုက် ဘေး..ပလက်ဖောင်း ပေါ်..လက် ညိုး ထိုး ပြ တော့.. ဟုတ်ပါ့..။ …ကိုတိုး နဲ့ မှုံကြီး.. ။ ဒီအချိန်ကြီး ကျမှ..ဘယ်က..ဘယ်လို..။
ကိုတိုး ကတော့..တွေ့တာနဲ့ ထုံးစံ အတိုင်း.. ပြောချင်ရာ ပြောပြီ။
“ ဟေ့ကောင်တွေ..မင်းတို့က..ဘာလဲကွ.. နှစ်ကောင်ထဲ လစ်ပြီး..အင်းလျား လာတာ..ဘာသဘောလဲ.. ပြောစမ်း..”
ကိုအေးဇော်ဟန်က..ဘာမှ ပြန် မပြောပေမဲ့.. ခရစ်စ်တိုဖာ ကတော့.. “မင်းတို့ ကရော.. ဘာလဲ.. အဆောင်ပိတ်ခါနီး မှ.. ” လို့..ပြန်ပြောရင်း..သူ့ထုံးစံ အတိုင်း..ရီသံ တွေနဲ့ လုံးထွေး .. နောက်ပြောင်ရင်း.. သူတို့ စားပွဲ လည်း ဆူညံ သွားတော့တယ်။
“ ငါက..ဒဂုန်ဆောင်က.. ကောင်တွေ ဆီ.. အာစရိယ ပူဇော်ပွဲ နဲ့ ဖီးလ် ကိစ္စ အစည်းအဝေး လာတာပါ.. ပြီး..လမ်းကြုံတာနဲ့.. ခဏ ဆို လှည့် ၀င်လာကြည့်တာ.. …
......
......
…. အောင်မာ.. ဒီ စာအုပ်က..ဘာလဲ.. အရူးမ စာတို ငညို ဟာလား..ဟင်း..ကာတွန်း ရုပ်ကြီး နဲ့..နင်ကလဲ..မကြီး မငယ် နဲ့…”
“ အေး..နင် နားမလည်ရင်..ကိုင်မကြည့်နဲ့.. ခု ချလိုက်.. ”
နေရာတကာ..စပ်စပ် စပ်စပ်… ပါးစပ်ကလဲ.. ဟောင်ဖွာ..ဟောင်ဖွာ.. ပြောချင်ရာ ပြောတတ်တဲ့ ကိုတိုးကို စိတ်တိုတို နဲ့ အော်ပြစ်လိုက် ရင်း..မင်းသားလေး စာအုပ်လေးကို.. ပေါင်ပေါ် ယူတင်ပြီး..သိမ်းထား လိုက် မိတယ်။ လက် က နာရီ ကို ကြည့်တော့.. ၆ နာရီ ထိုးကာ နီးပြီ။ တချို့ တွေတောင်..အဆောင်ဖက် ပြန်လာ နေကြပြီ။
“ .... နင် စာအုပ်တွေ ဘာတွေ ရေး ဖြစ်ရင်..ငါတို့ တွေ အကြောင်း ရေးပါလား ဟေ.. ”
ဟင်း..ခုမှ လာမချော့ နေနဲ့…
“ အေး..အဲဒီ ကျရင်..နင့်ကို ပယ်ပယ်နယ်နယ် ကို.. သရုပ်ဖော်ပြစ် မယ်..”
“ ဒါဆို... မင်းသားက..ဘယ်သူ လုပ်မလဲ..”
မှုံကြီး မေးသံက.. သူ့ထုံးစံ အတိုင်း..အေးဆေး ဆေးဆေး ဖြေးဖြေး မှန် မှန် ပေမဲ့…သူ့ရင်ထဲ မှာ တော့...တခုခု လှုပ်ရှား သွား သည်။ အဆောင် နောက်ပေါက် ဆီက လည်း .. အချက်ပေး သံချောင်း စခေါက်လေပြီ။ အဆောင် ပိတ်တော့မည်။ မင်းသားလေး စာအုပ်လေး ကို ခပ်တင်းတင်း လိပ်ကိုင် လိုက်ရင်း..ခုံက မြန်မြန် ထ လိုက်တယ်။ နောက်ထပ် မေးခွန်းတွေ.. အဖြေ တွေ.. ရှည် နေအုံးမယ် ။
“ ၀င်ကြမယ်လေ..”
နှစ်ယောက်သား အဆောင်ဖက် ဆီ ခပ်သော့သော့ လျှောက်လာရင်း.. လက်ဖက်ရည် ဆိုင်မှာ ထိုင်ကျန် ခဲ့တဲ့.. ဟိုလေး ယောက်ရဲ့ ရီသံ သဲ့သဲ့ က.. အင်းဝ မုခ်ဦး ကြီး အောက်က.. ညနေ ဆည်းဆာ ထဲမှာ..လွင့်ပြန့် ကျန် ရစ် ခဲ့ သည်။
ကံ့ကော်ပင် အိုကြီး တွေ ကြားထဲက.. ဖြတ်သန်း တိုးဝင် လာတဲ့..အဦးဆုံး မှောင်ရိပ် တွေ က တော့ .. တနေ့တာ ရဲ့ နောက်ဆုံး တောက်ပ မူ အောက်မှာ.. ရဲရဲ ထိန်ထိန် ကြီး ဖြစ်နေတဲ့..အင်းလျား ဆောင် ကြီး နဲ့.. တိမ်တောက်ချိန်မှာ..အလှဆုံး ဖြစ်နေတဲ့ အဆောင်သူ တွေ ကို.. အသာ ရပ်ပြီး စောင့်ကြည့် နေသလို…။
ဟိုမှာ.. သိပ္ပံ စာသင်ခန်း တွေ ကြားမှာ.. မထိုက် တို့ ရှိနေ သေး သည်..။ နောက်ပေါက် အ၀င်မှာ.. အကိုကြီး တယောက်.. မတ်တပ်ရပ်ပြီး..အဆောင်ထဲကို..မချင့်မရဲ နဲ့ စိုက် ကြည့်နေတယ်။ ပတ်ဝန်းကျင် ကို ဘာမှ ဂရုမစိုက်သလို…။ သူ့မျက်လုံး ထဲမှာတော့.. ဝေးဝေး သွားတဲ့ ကျောကုန်းလေး တခု ကိုပဲ မြင်နေ မည် ထင်သည် ။
ထမင်းစားခန်း မှာ ထားခဲ့တဲ့.. ချိုင့်တွေ သွား ယူလာရင်း..မဖြူက..
“ အဲဒီ စာအုပ်လေး ယူ ဖတ် ကြည့် အုံးမယ် ..” လို့ မပွင့် တပွင့် ပြော တော့.. သူ..အံ့သြရ မှာလား..။
-
(ဆက်ရန်-)
