Mogok Blues

သိခဲ့ဘူး တဲ့ မိုးကုတ် မြို့

ခုတလော..မိုးကုတ်မီဒီယာနဲ့ ကိုသားဖြူ အကြောင်း လေး တွေ ဖတ်မိတယ်။ မိုးကုတ် မီဒီယာ.. တကယ်ကို တာဝန်ကျေ ခဲ့ပါတယ်။ သူတို့ ရဲ့ ဓါတ်ပုံ သတင်း လေးတွေ ဆောင်းပါးလေး တွေဟာ တောင်ကွေ့ ပေါင်း ၉၀ ကျော်ကို ပတ်တက်မှ ရောက်နိုင်တဲ့ ဟို တောင်ပေါ် မြို့လေး ကနေပီး တကမ္ဘာလုံးဆီ ကို မြန်မြန်သွက်သွက် ကလေး ရောက်လာခဲ့ တာ။ မိုးထဲရေထဲ လမ်းလျှောက်နေကြတဲ့ မိုးကုတ်မြို့သူ မြို့သားတွေ နဲ့ ရေလျှံတဲ့ သတင်းဓါတ်ပုံလေး တွေကို ကြည့်ပီး သူတို့ရဲ့ ခံစားချက်ကလေးတွေကို နားလည်နေမိတယ်။ အေးချမ်း လှပ တဲ့ တောင်ခိုးတွေ ဝေနေတဲ့ မိုးကုတ်မြို့လေးဆီ ကို ပြန်ရောက် သွား မိပြန်တယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က .. မိုးကုတ်မြို့လေးကို ရောက်ခဲ့ဘူးတယ်။ တကြိမ် ထက်မက.. ၂ ကြိမ် ၂ခါ ၂နှစ်ဆက် ပီး ရောက်ခဲ့ဘူးတာ ။ ရောက်ယုံတင် ဘယ်က မလဲ....။ မိုးကုတ်မြို့ကြီးကို ၀န်းရံထားတဲ့ အမြင့်ဆုံးဆိုတဲ့ လက်ညိုးတောင်ကြီးပေါ် ကနေ ..ဟောဒီလို မိုးကုတ်မြေကို စီးမိုး ကြည့် ခဲ့ဘူးတာ။



အဲဒီ လက်ညိုး ပုံစံ ထိုးထွက်နေတဲ့ ကျောက်ထွတ် ကြီး ပေါ် မှာ ရပ်ပီး ..အား..ငါဘယ်လိုလုပ် ပီးတော့များ ဒီထိပ်ပေါ် ရောက်လာ တာပါလိမ့်လို့ ငေးမော ယစ်မူး ရင်း ..ဝေးကွာ လှတယ်လို့ ထင်ရပေမဲ့ တကယ့် တကယ်မှာ ရင်ချင်းဆက် နေတဲ့ ကောင်းကင်နဲ့ မြေကြီး ကြားက အနားသတ် တောင်တန်းလေး တွေကို မှင်သက် လို့။


ကြည့်ပါဦး။ ဟိုး အောက်မှာ မိုးကုတ်မြို့ လေးက ငြိမ်ငြိမ်သက်သက်။ သူတို့ ဘ၀တွေ တကယ်ရော ငြိမ်သက်နိုင် ကြ လို့လား။

အဲဒီတုံးက ဘူမိဗေဒ ဘွဲ့လွန်ကျောင်းသားတစု ထူးခြားဆန်းကျယ် လှပါတယ်ဆို တဲ့ ရတနာမျိုးစုံရာ မိုးကုတ်မြေရဲ့ ဘူမိအနေ အထားတွေကို လေ့လာ ဖို့ ရောက်လာကြတာပါ။ ကိုယ်ကတော့ ထုံးစံ အတိုင်း မိုးကုတ်မြေ က လူမူစီးပွား အနေအထား တွေကို ပဲ စူးစူးရဲရဲ စိတ်ဝင်စား နေခဲ့ တယ်။ မရောက်ခင်က တော့ ..အင်း..မိုးကုတ်ဆိုတာ ကျောက်သူဌေးတွေ နေတာဆိုတော့ လောဘ ဒေါသ ရန်မီး အဓ္ဒမတွေ အတော် များ မှာပဲပေါ့။ ကာတွန်းတွေ ရုပ်ရှင်တွေ ထဲကလို မျက်မှန် မဲမဲ ကုတ်အကျီ င်္ ဖားဖား နဲ့ လူကြီးတွေ များမှာပဲ လို့ ထင်ခဲ့မိတာ။ ဘယ်က ပါ့မလဲ။ အသားနီစပ်စပ် လူတွေ မဲကျူတ်ကျုတ်တွေ ၀ါတာတာတွေ အစိမ်းရောင် အကျီ င်္တွေ..အိုး..လူမျိုး ကိုစုံလို့.. အရောင်ကိုစုံလို့ ။



ကိုယ်တို့ ဆရာ က..ရီစရာ ပြောတယ်။ `ဟဲ့ ..မိုးကုတ်မှာလည်း ချဉ်ဖတ် ရောင်း တဲ့သူ ရှိတာပေါ့ ´ တဲ့။ တကယ်လည်း ရတနာမြေ ဆိုတဲ့ မြို့လေးမှာ ဗမာပြည်အရပ်ရပ်က အများ သူငါတွေလို ပဲ ကျပ်တည်းလှ တဲ့ နေ့စဉ် ဘ၀ တွေကို ရင်ဆိုင် ဖြေရှင်းနေ ရတဲ့ မြို့ခံလူထု အများအပြား ရှိနေ တာ ..နဲနဲတော့ အံ့သြစရာ။

ကိုယ်တို့ ကျောင်းသားတွေ တည်းတဲ့ ချမ်းသာကြီး ဘုရား ဇရပ် နဲ့ကပ်လျက် တိုက်က အန်တီ ကတောင်.. `အေး...ခု နောက်ပိုင်း စီးပွားရေး လုပ်လို့ မကောင်းတော့ဘူး..ဟေး..´ လို့ ၀ဲတဲတဲ နဲ့ ညည်းရှာတယ်။ သဘော အင်မတန်ကောင်းတဲ့ အန်တီ တို့ လင်မယားက ကျောင်းသား တွေ ကို အစစအရာရာ ကူညီ.. သူတို့ တိုက်ထဲကိုလည်း ၀င်စေ ထွက်စေ ပဲ။ လှပ ခေတ်မှီ တဲ့ တိုက် နဲ့ ဘုရားစင် ဧည့်ခန်းတွေမှာ အလှဆင် ထားတဲ့ နီလာ အရိုင်းတုံး ပတ္တမြား အရိုင်းတုံးကြီးတွေ ကို ငေးရင်း .. သူတို့ရဲ့ တဦးတည်းသော သား မန္တလေး တက္ကသိုလ်ကျောင်းဆင်း က မိုးကုတ်မှာ အလုပ် လုပ်မကောင်းတော့ လို့ မှိုင်းရှုးမှာ တွင်းသွားတူး နေတယ် ဆိုတော့.. ကိုယ်တွေ အတွက် တော့ အထူး အဆန်း တွေချည်း။

အနီး အပါး က အိမ် တွေ က ကိုယ် တို့ ကို မီးငယ် လို့ ခေါ် တော့ ပထမတော့ အူကြောင်ကြောင်..။ နောက်မှ သူတို့ အရပ်အခေါ် လေးတွေကို သိလာရတယ်။ ယောက်ကျား ကြီး တွေဆို လေးလေး လို့ ခေါ် ကြတယ်။ ပီးတော့ အိမ်တအိမ် က ပြန်ပီ ဆို တံခါးဝ ထိ လိုက်ပို့ပီး ..` ဖြေးဖြေး နော်..´ လို့ ပြောလေ့ရှိတာ အရမ်း ချစ်စရာကောင်းတယ်။ ပြည် မ က.. မုန့်ဟင်းခါး ဆိုင်တွေလို ပဲ .. နေရာတိုင်းမှာ ရနိုင်တဲ့ တို့ဖူးနွေး ..သူတို့ အခေါ် `၀မ်းဒဖူး´ တို့ .. ဆန်စီး တို့ ဆန်ဖွယ် တို့ မှိုပေါင်းတို့.. ကောင်းမှကောင်း.. ကြိုက်မှကြိုက်။

ကျောင်းသားတွေ ရေချိုး ရေ ခပ် အစစ အရာရာ ဒိုင်ခံ အကူညီ ပေးတဲ့ ဇရပ် ရှေ့အိမ် က လေးလေးတူး တို့ မိသားစု လေး ဆို တကယ့် မိုးကုတ်သား တွေ ရဲ့ စရိုက် နဲ့ နေပုံထိုင်ပုံ အတိုင်း ပဲ။ လေးလေးတူး ရော သူ့ညီ .. လေးလေး ဇော် ရော အသက် ၅၀ ကျော် လူပျို ကြီးတွေ။ မကျန်းမာ တဲ့ အမေအို ကြီးကို ပြုစု ရင်း မိရိုးဖလာ ကျောက် ထု ပန်းပု လုပ်ငန်း ကို လုပ်ကြတာ။ သူတို့ လက်ရာ တွေက အမေရိကန် နဲ့ ဥရောပ ဈေးကွက် ထိတောင် ပို့ရောင်း ရတယ် ဆိုပဲ။ ပြည်ပ ရောက် ဗမာ ကုန်သည် တချို့ လာ လာယူတယ်ပြော တာပဲ။ ညဖက် ဆို ကိုယ်တို့ ကျောင်းသား တသိုက် လေးလေးတူးတို့ မီးဖိုချောင် ထဲမှာ ဖယောင်း တိုင်လေး တွေ ထွန်းပီး ဘီဘီစီ တို့ ဗီအိုအေ တို့ နားထောင်ကြ နိုင်ငံရေးတွေ ပြောကြပေါ့ ။ တလ ကြီးတောင် နေရ တာဆိုတော့ ပြည်မက သတင်း တွေကို အဆက် အသွယ် မပြတ် ချင်ဘူးလေ။ ထူးထူး ခြား ခြား မီး လွှတ် တဲ့ နေ့တွေဆို တီဗီလေး ဘာလေး ခဏ တဖြုတ်ကြည့် ကြ။ အရမ်း ခင်စရာကောင်း တဲ့ မိသားစု တွေပါ။ ( မိုးကုတ်မှာ အဲဒီ အချိန်ထိ ပြည်မကလို တရားဝင် လျှပ်စစ် ဓါတ်အား ပေး လိုင်း တွေ မရှိပါ) တခါတော့ လေးလေးတူးက သူ့ အတွေ့အကြုံ တခု ကိုပြောပြတယ်။ မိုးကုတ် မြို့ပြင် တနေရာ မှာ အဖိုး မဖြတ် နိုင်တဲ့ နီလာကြီး တတုံးကို သူကောက်ရ ခဲ့ဘူးတယ်တဲ့။ အရိုင်းတုံး ကို ရ တာမဟုတ်ဘူး နော်။ တကယ့် အပြည့် အစုံ အကွက်ဖော် သွေးပီးသား သိန်းထောင်ပေါင်းများစွာ တန်နိုင်မဲ့ ကျောက်ကြီးတဲ့။ အဲဒါ နဲ့ သူ့မှာ တပတ်လောက် ချိတုံ ချတုံ ဘာလုပ်ရမှန်း မသိ ဖြစ်နေပီး နောက်ဆုံး တော့ ပိုင်ရှင် ကို ပြန်ပေး လိုက်နိင်တယ်တဲ့။ ကိုယ် တို့ တသိုက်က အော်တာပေါ့။ `ဟာ..လေးတူးက ဘာလို့ ပြန်ပေးလိုက်တာ လဲ..´ ဘာပဲ... ညာပဲ ပေါ့။ လေးလေးတူးက ပြုံးပြုံးကြီး နဲ့ ပြောတယ်။ ` အယ်..ငါလဲ လိုချင်တာပေါ့ ကွ..ဒါမင့် ပိုင်ရှင် နေရာ ကတွေးလိုက် တော့ သူ့ခမျာ အတော် နှမြော ရှာ မယ် ဆိုပီး ..မရ ရ အောင် စုံစမ်းပီး လိုက်ပေး လိုက်တာ..´တဲ့။
ကဲ.. အဲဒါ တကယ့် မိုးကုတ်သား စစ်စစ် တွေ။

တကယ်တော့ မိုးကုတ်သူ မိုးကုတ်သား တွေဟာ .. သဘာဝ ကပေး တဲ့ ရတနာ မြေပေါ် မှာ.. အေးအေးချမ်း ချမ်းနေ ထိုင် ကြရင်း .. ရတနာ လုပ်ငန်း ကို သူ့ ကံ ကိုယ့်ကံ အလျောက်.. ပုံသဏ္ဍန် အမျိုး မျိုး .. အတိုင်း အဆ အမျိုးမျိုး နဲ့ ဘိုးစဉ် ဘောင် ဆက် လုပ်ကိုင် စားသောက်ခဲ့ကြ ပုံပါ။ တချို့ လည်း ဂျစ်ကားလောက် နီလာ အိုးကြီး တွေ့သွားလို့ ဆက်သက်လောက် ချမ်းသာ တဲ့ သူဌေးကြီးတွေ။ တချို့လည်း ထမင်းစား ကျောက် လောက် ပဲ ပုံမှန် ထွက် တဲ့ တွင်း လေး တွေ စုစပ် လုပ်ကိုင် ကြသူတွေ။ ကျောက်သွေး ခုံ ထောင်ထား တဲ့ သူတွေ။ ဌါပွဲ မှာ ၀ယ်ရောင်း လုပ်တဲ့ လက် လှည့် ကျောက်ပွဲစား တွေ။ အမျိုးမျိုးပေါ့။ အကုန်လုံး လိုလို ကတော့ ကျောက် အရောင်း အ၀ယ်ကို အနဲ နဲ့ အများ တော့ ယဉ်ပါးသူ တွေချည်းပါပဲ။

ဒါပေမဲ့ သူတို့ တွေရဲ့ စီးပွားရေး တွေ နေ့စဉ် ဘ၀ တွေ ဟာ.. ၁၉၆၂ ခု နှစ် နောက်ပိုင်းက စလို့ တဖြည်းဖြည်း ပြောင်းလဲ လာလိုက်တာ... ၁၉၉၀ နောက်ပိုင်း နှစ်တွေဟာ အသိသာဆုံးပဲလို့ ပြောပြကြတယ်။ ၁၉၆၂ ခုနှစ် ပြည်သူ ပိုင်တွေသိမ်း တော့ တအိမ်တက်ဆင်း လိုက်ရှာ ခံရတာ ဆိုပဲ။ ခုနောက်ပိုင်း ဦးပိုင် လိမိတက် ဆိုတာ ကြီး မိုးကုတ်ကို ရောက် လာ တော့ အခြေ အနေ တွေ ပိုကျပ်တည်း လာတယ် တဲ့။ ကိုယ် တို့ ကျောင်းသားတွေ လေ့လာရတဲ့ နံမည် ကြီး ကျောက် အထွက် ဆုံး တွင်း ကြီး တွေ ဆိုလဲ ဦးပိုင် က ပိုင် တာတွေချည်း ပဲ။ အရင်သတ္တု တွင်း ၀န်ကြီးဌါန လက်အောက်က မြန်မာ့ ကျောက်မျက် ကော်ပိုရေးရှင်း ဆိုတဲ့ ဌါန လည်း အသာ ချောင်ကပ်ပီး မီးစင် ကြည့်က နေတာ ကို မြင်ခဲ့ရတယ်။ ကိုယ်တို့ ကျောင်းသားတွေ က..` ဟာ ဦး ပိုင် ဆိုတဲ့ အဘိုးကြီး တော့ ..တော်တော်ချမ်းသာ မှာပဲနော်..´ လို့ နောက်ပြောင် ပြော ကြပေမဲ့ ... အဲဒီ ဟာသ က.. မိုးကုတ် မြို့သား တွေ အတွက် တော့ လုံးဝ ရီစရာ မကောင်းခဲ့ ဘူး။

ကိုယ်တို့ လေ့လာ ရတဲ့ အကြီး ဆုံး တွင်းကြီး ဆို... တနေ့ ကို ရတနာမျိုးစုံ ကရက်ချိန် ၂၅၀ လောက် တောင် ထွက်တာတဲ့။ အဲဒါ တနေ့ထဲ တင်နော်။ ကံကောင်းတော့ ကျောင်းသားတွေ ကို အထူးအခွင့် အရေးအ နေ နဲ့ အဲဒီ တွင်း ကြီး ကနေ ရတနာ တွေ အဆင့် ဆင့် ထုတ်လုပ် ပုံ ဈေးကွက် ပို့ပုံ တွေ ကို လေ့လာခဲ့ ရတယ်။ သူ တို့ ရဲ့ အကျိုးတူ အစုစပ် လုပ်ကိုင်ပုံ တွေ ကိုလည်း မျက်စိလည် ခမန်း သိခဲ့ရတယ်။ သဘော ကတော့ ဒေသ တခု လုံး က အထွက်ကောင်း တဲ့ နေရာ မှန်သမျှကို ဦးပိုင် က ဘာအကြောင်းပြချက်မှ ပေးစရာ မလိုပဲ သိမ်းလိုက်တယ်။ ပီးမှ အကွက် တွေ ပြန်ခွဲ ရိုက်ပီး ပုဂ္ဂလိက လုပ်ငန်းရှင် တွေ ကို လေလံ ပြန်ဆွဲတယ်ပေါ့။ ဒါပေမဲ့ အပြတ် ပေးဆွဲ လိုက်တာ လည်း မဟုတ်ပြန်။ အဲဒီ လုပ်ငန်း ရှင် က ငွေ အား လုပ်အား စိုက် တူးပေရော့။ ကြိုက်သလောက်တူး ။ တတောင် လုံးပြိုချင် ပြိုသွားပစေ။ ပီးရင်သာ ထွက်လာ တဲ့ အထဲက ဦးပိုင် ကို ရာခိုင်နှုံး နဲ့ ပြန် ခွဲပေး။ နံမယ်နဲ့ လိုက်အောင်ကို ပိုင်ပါပေတယ်။ ဘာ မှ ကို လုပ်စရာ မလိုဘူး။ အချိန် တန် လိုက်သိမ်းယုံပဲ။ ဒါပေမဲ့ စီမံ ခန့်ခွဲ ဖို့ နဲ့ ..လုပ်ငန်းရှင် တွေ လူလည် မကျ နိုင်ေ အာင် ကြီးကြပ် ဖို့ ကိုတော့ ရိုးရိုး စစ် သည်က စလို့ တပ်ကြပ်..ဗိုလ်မှူး အထိ အဆင့် ဆင့် တာဝန် တော့ ယူရတာပေါ့။

အဲဒီ လုပ်ကွက် ကြီး မှာ.. လုပ်ငန်းရှင် က တရုတ်လူမျိုး ..ဗမာ စကား သိပ် မရေ လည်..အရွယ်လည်း သိပ်မကြီးသေး။ ဒါပေမဲ့ ဘယ်သူ့ ကို ဘယ်လို ကျွေးပေါင်းရမလဲ ဘယ်လို ကိုင်တွယ် ရမလဲဆို တာ ကျွမ်း မှ ကျွမ်း။ ကျောင်းသား တွေ ဆိုလည်း အထိုက် အလျောက်။ ပင်ပေါင် ခုံလောက် ရှိတဲ့ စကာ ကြီး ထဲကို ဗြုံး ခနဲ..ဝေါခနဲ ..ကျလာတဲ့ လတ်လတ် ဆတ်ဆတ် ကျောက်ရောင်စုံ တွေကို ..ကဲ နင်တို့ ရွေးစမ်း ဆို တော့ ကိုယ်တို့ မှာ လက်တွေ တောင် တုံလို့။ သူငယ် ချင်း တယောက် က..`ဟောဒီမှာ ´ လို့ ဇာဂနာ နဲ့ ညှပ် ဖမ်းလိုက်တဲ့ ဇီးစေ့ လောက် ပတ္တမြား ကြီး ကို..၀မ်းသာ အားရ ပြ တော့.. ခပ်တည်တည် နဲ့ ယူကြည့်ပီး.. ` နင် ..ဒီနေ့ ရေချိုးမလာဘူးထင်တယ်´ တဲ့။ ကျောက်က အထဲမှာ မစင်လို့ တဲ့လေ။ သူတို့ ဆီမှာ ..အယူလည်း တအား သီးကြတာ။

အဲဒီ လုပ်ကွက် ကြီး က တကယ့် အကျယ်ကြီး။ ပီး တော့ မြို့ထဲ အကွက်အကွင်းနေရာမှာ။ ဘေးကပ် လျက်က မိုးကုတ် ဂေါက်ကွင်း ကြီး ကလဲ လှမလှ။ အဲဒီ ဂေါက်ကွင်းကြီး ကို တောင် တဖြည်း ဖြည်း နဲ့ သိမ်းတော့ မယ်ဆိုလား ( အခု ဆို..ရှိတောင် ရှိသေးလား မသိ)။ ပတ်ပတ်လည် သံဆူးကြိုး တွေခပ်ထား တဲ့ ၀န်းကျယ် ကြီးထဲ မှာ လည်း ..ခုန ပိုင်ရှင် တရုတ်ကြီး ရဲ့ တူသား..တပည့်တပန်းတွေ ..ဦးလေး အကို တွေ အများကြီး တွေ့ခဲ့ရတယ်။ ကျောက်ရွေး တဲ့ နေရာနဲ့ အ၀င် ဂိတ်တွေမှာတော့ စစ်သား တချို့ လက်နက်အပြည့်အစုံ နဲ့ စောင့်ကြပ်နေ ကြတယ်။ အားလုံး ကတော့ ရီရီမော မော လုံးလုံးထွေးထွေး ပုံစံတွေပါပဲ။

အဲ...အဲဒီ လုပ်ကွက် ကအပြန် .. စည်း ရိုး အပြင် အနောက်ဖက် ခပ်ကျကျ တနေရာမှာ တော့..အထဲ ကနေ ဗြုံး ( သဘာဝ အတိုင်းထွက် လာတဲ့ ကျောက် နဲ့ မြေစေး အရော အနှော ) တွေကို အထပ်ထပ် ဆေးကြော ထားတဲ့ ရေ တွေ စီးထွက် လာတဲ့ ရေ နီမြောင်း ကလေး ။







လူတွေ ..လူ တွေ..။ ဆူ ညံလို့...။ တန်း စီလို့..။ တွတ်တိုးလို့... ။ သနပ်ခါး အ ဖွေးသား နဲ့ ကလေး တွေ..မိန်း မတွေ..ကောင်လေး တွေ .. အရွယ်စုံ.. အရောင်စုံ။ အဲဒီ ရေ နီတွေ ထဲ မှာများ အထဲ က တရုတ် ကြီး မိသားစု တွေ အထပ်ထပ် ဇကာ ချ တဲ့ ကြား ထဲက..ကံကောင်း ထောက်မ.. အပေါက် ချော် ပီး ရေ နဲ့ မျော ပါလာ မဲ့ ကျောက် သေး သေး လေး တွေကို .. စိတ် ရှည် လက် ရှည် စောင့်ပီး ကျင် ယူ နေကြ တာလေ။ အမယ် .. သူ ဟာ နဲ့ သူ တော့ အလုပ် ကို ဖြစ် လို့။ ကလေး လေး တယောက် ဆို ..သွား မေးကြည့်တော့. တနေ့ကို ပျှမ်း မျှ အိမ် ဟင်းဖိုး တော့ ရတယ် တဲ့။

နေ့ လည် ၃ နာ ရီလောက် ကျ.. တခါ.. မြို့ထဲ က ..ဦးပိုင် ရုံးကို သွား ကြည့်ခွင့် ရ ပြန်တယ်။ နေ့ တိုင်း နေ့တိုင်း နေ့လည် ၂ နာ ရီ လောက်ဆို တမြို့ လုံးက လုပ်ကွက် တွေက ရသမျှ ကျောက် တွေ ကို သေချာ .. ချိတ်ပိတ် ထုပ် ပိုး ပီး စစ်ကား အစောင့် အရှောက် နဲ့ ..ခု ဦးပိုင် ရုံး ကို လာ ပို့ ကြ ရ တယ် တဲ့။ ကိုယ် တို့ အဖွဲ့ တွေ ရောက်သွားတော့ .. လုံလုံ ခြုံ ခြုံ အခန်း တခု ရဲ့ အလယ်.. စားပွဲ အကြီး ကြီး တခု ပေါ် မှာ ..အထုပ် တွေ..အထုပ်တွေ...။ မိုးကုတ် မြို့ က ထွက် တဲ့ တနေ့စာ ရတနာ တွေလေ။ အဲဒီ စားပွဲ ကြီး ကို ၀ိုင်း ထိုင် နေတဲ့ လူ ကြီး လေး ငါး ခြောက် ယောက် က.. စာ ရွက် ကြီး တရွက် ပေါ် မှာ မှတ် တဲ့သူ က မှတ်။ တချို့ အထုပ် တွေကို ဖြည် တဲ့ သူ က ဖြည်ပေါ့။ လုပ်ကွက် တခု ချင်းက လာ တဲ့ ကျောက်တွေကို စာရင်း ဇယားနဲ့ အရေ အတွက် ကိုက် မကိုက် စစ်ဆေး ကြ တယ် ထင်တာပဲ။ ဘေး က ..လိုက်ရှင်း ပြတဲ့ လူ ကြီး ကပြော တာတော့.. အဲဒီ အဖွဲ့မှာ ..မြို့မိမြို့ဖ ထဲက တချို့ရယ်.. မြန်မာ့ ကျောက်မျက် ကော်ပိုရေး ရှင်း က ..တာဝန် ရှိသူ ရယ်... ဦးပိုင် က တာဝန် ကျ ဗိုလ်မှုးရယ် ..ရာဖြတ် တချို့ ရယ် ..အဲလို..အဲလို.. ဖွဲ့ ပီး စစ်ဆေး လက်ခံ တာလို့ ရှင်းပြတယ်။ ကိုယ် တို့ တွေက တော့ ခပ်လှမ်း လှမ်း ကပဲ..ကဲ ကြည့်ရတာပါ။ ပီး တော့မှ.. အား လုံး ရဲ့ ရှေ့မှာ အာမခံ သေတ္တာ ထဲ ထည့်.. တပတ် တခါ ဆိုလား.. ချာတာ လေ ယဉ်နဲ့ ရန်ကုန် ကို တန်းပို့ ရ တာတဲ့။

အဲဒီတော့ သဘော ကတော့..မိုးကုတ် မြို့ ကထွက် တဲ့ ကျောက်မျက် ရတနာ တွေဟာ မိုးကုတ်မြို့သား တွေအတွက် .. မျက်စိနဲ့ မြင် ရဖို့ နေနေသာသာ အနံ့ တောင် ခံချိန် မရ ပဲ.. မြန်မာ့ နှစ် လည် ကျောက်မျက် အရောင်းခန်းမ ထဲကို ရောက်သွား တာပါ။ ဆိုက်ဆိုက် မြိုက်မြိုက် အဖိတ်အ စင် ..အကြွင်း အကျန် မရှိပဲ ..ရောက်သွားလို့.. နိုင်ငံ ဘဏ္ဍာ တွေ တိုးတယ် ဆိုရင် ပဲ..ကျေနပ် ရမှာပေါ့။ မိုးကုတ် မြို့ က တချို့ ကုန်သည် တွေကတော့ ရောင်းဖို့ဝယ်ဖို့ ကျောက် ကို ရန် ကုန်ပြန် ဆင်း ၀ယ်ရ ကြပါ သတဲ့။ တချို့ လဲ.. ဝေးဝေး လံ လံ မသွားနိုင် ရင်..ခိုးတွင်း တွေက ထွက် တဲ့.. တချို့ တွင်း ကြီး တွေက လျှော ထွက်လာတဲ့ မှောင် ခို ကျောက်ကလေး တွေကိုပဲ.. ရ သလောက် ရောင်းကျ ၀ယ်ကျပေါ့။ ခိုး တွင်း ဆိုတာ တကယ်တော့ .. မတရား အမြတ်ထုပ် မခံနိုင်တဲ့ မိုးကုတ်သား တချို့က..မထင်မရှား နေရာတွေ မှာပဲ ဖြစ်ဖြစ်.. လိုင်စင် ရ တွင်းတွေ နဲ့ မသိမသာ ရောနှောပီး တော့ပဲ ဖြစ် ဖြစ်.. တရားမ၀င် ခိုးလုပ် ကြ တာပါ။

အလွှာ အစုံစုံ က မိုးကုတ်မြို့ ခံ တွေက တော့ သူတို့ မြို့လေး ကို ရောက်လာတဲ့ အနယ်နယ် အရပ် ရပ် က လူစိမ်း လူကျက် ..မှန် သမျှကို သင့်တင့်လျှောက်ပတ် အောင် ကြည့် ကျက်ပေါင်းရင်း .. တော်လှန်ရေး တေး သီချင်း တွေကို တိုးတိုးတမျိုး ကျယ်ကျယ် တမျိုး သီဆို နေ တတ်ကြတယ်။ အံ့သြစရာ ကောင်း တာက.. မိုးကုတ် မြို့ က အိမ်တိုင်း လိုလို မှာ .. ဆင်းရဲချမ်းသာ မရွေး ဒေါ်စု ဓါတ်ပုံ တွေ ချိတ်ဆွဲ ထား ကြတာပဲ။ ဒေါ် စု ရဲ့ နယ် လှည့် စည်း ရုံးရေး ခရီး စဉ် တိုင်းလိုလို မှာ.. မန္တလေး မတ္တရာ စဉ့်ကိုင် တို့ကို ကျော်ပီး မိုးကုတ် မှာ ..ထူးထူးခြားခြား သောင်းသောင်းဖျ ဖျ ရှိလွန်းတာကို သတိထား မိနေတယ် ။ တောင်ပေါ် မြို့လေးမှာ အေးအေးချမ်းချမ်း နေထိုင်ရင်း ရောင်းရေးဝယ် တာတွေ နဲ့ ချည်း နစ်မွန်းမနေပဲ နိုင်ငံရေး အသိအမြင် နိုးကြား လွန်း တာက တော့ ..အင်မတန် စိတ် ၀င်စားဖို့လည်းကောင်း.. ချီး ကျူးဖို့လည်း ကောင်းလှပါတယ်။

ချမ်းသာ လွန်း လို့ အနိုင်ယူ အပိုင် သွင်း ချင် သူ တွေ ၀ိုင်းနေ တဲ့ မိန်းမ တယောက်လိုပဲ သူ့ရဲ့ ပြည့်စုံ ကြွယ်ဝ လွန်းတဲ့ ဂုဏ်သတင်း ကြောင့် ခေတ်အဆက် ဆက် ..ပိုင်းလုံး ကျ ခံရတာတွေ အနိုင်ကျင့် ခံခဲ့ ရ တာတွေက .. စိတ်မကောင်း စရာ။

မိုးကုတ် မြို့ အ၀င် က သမိုင်း ၀င် ဒေါ် နန်း ကြည့်တေင် နဲ့ ပတ္တမြား ငမောက်ရဲ့ သမိုင်းကိုပဲ ကြည့်လေ..။ သူ့ဖာသူ တောင်ယာခုတ် နေတဲ့ ငမောက် ခမျာ သူ့ခြံထဲမှာ တွေ့တဲ့ ပတ္တမြား ကြီး ကို တ၀က် ခြမ်းပီး ရောင်းလဲရောင်း ရေမြေ့ရှင် ကိုလည်း ဆက်သ ပါရဲ့ နဲ့.. အကုန် မပေး ရ ကောင်း လား ဆိုပီး ရွှေစဉ် မျိုး ဆက် မီး တင် ရှို့ လို့ အမ လုပ်တဲ့ ဒေါ် နန်း ခမျာ လွတ် အောင် ပြေး ရင်း မိုးကုတ် အ၀င်က ..တောင် ကြီး ပေါ် ကနေ.. ဟိုး မင်း နေပြည်က မောင် လုပ်သူနဲ့ မိသားတစု ကွပ်မျက် ခံရ တာကို လှမ်း မျှော်ရင်း ရင်ကွဲ နာ ကျ ခဲ့ရ သတဲ့။ ရေ မြေ့ရှင် တို့များ.. စိတ်ကြီး ပုံ ကတော့။

ငယ်ငယ်တုံး က ပထ၀ီမှာ ဗမာပြည် မြေပုံ ဆွဲ ရတိုင်း.. ရှမ်းပြည်နယ် လိုင်း ကိုဆွဲ ရင်.. ဒီနေရာ လေး က ဘာလို့ အချိုင့် ခွက် လေး ဖြစ် နေပါလိမ့် လို့ တွေး ခဲ့ရတာ။ အော်.. မိုးကုတ် မြေရယ်.. မင်း ကို ဘယ်သူ ပိုင် လဲ တော့ မသိ.. ရွှေစွန် ညို တွေ လင်းတ တွေ က တော့ တ၀ဲ လည် လည်။ မင်း ရဲ့ ကိုယ် ခန္တာပေါ် မှာ လည်း ဒဏ်ရာ တွေက ပြည့် လို့.. အနာ အဟောင်းတွေ ကလည်း မကျက် နိုင်..။ အနာ အသစ် တွေကလည်း ဟော တခု ..ဟော တခု။ ဟောဒီ မှာ ကြည့် ပါဦး ... အနာ ပေါက် ကြီး တွေက ဟောင်းလောင်း ။










နာ ကျဉ် စွာ ငို ညည်း နေတဲ့ မင်း ရဲ့အ သံ တွေ ကို လည်း ကြားမှ ကြားကြရဲ့ လား။ မင်းကို ချစ် တဲ့ မြို့သူ မြို့သား တချို့ ကတော့ .. မင်းနဲ့ အတူ တူ .. ခပ်သဲ့ သဲ့ ရှိုက် လို့။ ` ဖြည်း ဖြည်း နော်..´ လို့ဘယ်လောက်ပဲ ပြောပြော .. ဘယ်သူ မှ မကြားနိုင် ကြ ပါလား နော်။



Related Links


မိုးကုတ်ရေကြီး သတင်း ( မိုးကုတ် မီဒီယာဘလော့)

စားကျက်ပျေက်သွား တဲ့ မြို့ကလေး ( အောင်ချမ်းသာ ဘလော့)

ပတ္တမြား ငမောက် ( ဇော်မိုးအောင် ဘလော့)



Share/Bookmark

10 Comments:

မိုးကုတ်မီဒီယာ said...

ကျနော်တို့လိုပဲ မိုးကုတ်မြို့ကလေးကို ချစ်မြတ်နိုးတဲ့စိတ်နဲ့ တခုတ်တရ ပို့စ်တင်ပေးတဲ့ အစ်မကေကို အရမ်းကျေးဇူးတင်ပါတယ်..။
အရေးအသားရော.. အကြောင်းအရာပါ တော်တော်လေး ပြည့်စုံကောင်းမွန်တယ်ဗျ..။
ကျနော်က ရှမ်းတောသား၊ ပို့စ်ထဲက ရှမ်းတောဇရပ်က ကျနော်ငယ်ငယ်တုန်းက သွားကစားနေကျ..။ ကထိန်ပွဲတွေဆို အမြဲ ဆင်နွဲနေကျပါ..။
အိမ်ကလည်း အဲဒီဇရပ် ကုန်းဆင်း၊ ရုပ်ရှင်ရုံနားမှာလေ..။
အိမ်က အဘ(အဖေ)ဆိုလည်း ညနေတိုင်း အဲဒီနားက ကင်းတဲသွားပြီး စကားစမည် ပြောပြောနေတုန်း..။
ဇရပ်ထဲမှာမိုးကုတ်ကို ဖီးဆင်းတဲ့ အနယ်နယ်အရပ်ရပ်က ကျောင်းသားတွေ ခုထိ တည်းခိုနေကြတုန်း..။
လေးလေးတူးတို့ လေးလေးဇော်တို့လည်း ခုထိ ကူညီပေးနေကြတုန်းပါပဲ..။ (မေမေအုန်းတော့ ဆုံးသွားတာကြာပြီဗျ..။)
ကျောက်မျက်လုပ်ကွက်တွေနဲ့ ပတ်သက်လို့တော့ အခုဆို ဦးပိုင်ထက် နိုင်ငံတော်နှင့်အကျိုးတူ ဆိုတာတွေ ရှိလာပြီလေ..။ (ပို့စ်တင်မလို့ စိတ်ကူးနဲ့ တို့ထားတယ်)
ဂေါက်ကွင်းကြီးလည်း တစ်ဝက်လောက် ပါနေပြီ..။ ငယ်တုန်းက ပြေးပြေးတက်နေတဲ့ အဲဒီဘေးကတောင်ကြီးတောင် ပျောက်ပြီး ရေအင်းဖြစ်သွားရောပေါ့..။
မြို့သူမြို့သားတွေရဲ့ အမှန်တရားကို ချစ်မြတ်နိုးတဲ့ စိတ်ဓာတ်ကတော့ သိပ်မလျော့လောက်သေးဘူးလို့ ထင်ပါတယ်..။
(လေးလေးတူးတို့ လေးလေးဇော်တို့နဲ့ အမြဲတွေ့တယ်..။ မှာစရာရှိရင် tharphyu.zmh@gmail ကို မေးပို့၊ ဒါမှမဟုတ် ဂျီတော့ အက်လုပ်ပေးရင်ရပါတယ်ဗျ.. ကျနော်သွားပြောပေးပါ့မယ်..။)

သားဖြူ (မိုးကုတ်မီဒီယာ)

JulyDream said...

မိုးကုတ် ဒဏ်ရာတွေကို ကိုယ်ချင်းစာတယ်။ တွင်းထွက်ဆိုတာ ချက်ချင်း ဖြစ်လာတာမှ မဟုတ်တာ.. ဖြေးဖြေးပေါ့ဗျာ။ လောဘတွေ လျှော့ကြပါဦး။ သဘာဝ ပါတ်ဝန်းကျင်ကို တချက်လေး ပြန်လှည့်ကြည့် ပါဦး။ နောက်မျိုးဆက် တွေကို သနားကြ ပါဦးဗျာ။ ရင်ထဲက စကားလေးတွေပါ။

Kay said...

( some comments copied from chat box)

ညိမ်းညို: ဟား!မိုးကုတ်အကြောင်းရေးပြသွားတာကောင်းလိုက်တာဗျာ။စိတ်လည်းမောသွားတယ်။တစ်လပဲနေသွားတာဆိုပေမဲ့ အန်တီရေးသွားတာ ပြည့်စုံပါတယ်ဗျာ။အဝေးရောက်နေတဲ့ မိုးကုတ်သားတစ်ယောက်အနေနဲ့ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ..
--------------

ppt sympathizer: ပတ္တမြားမြေဖြေးဖြေး ဆိုတဲ့ ခေါင်းစဉ်နဲ့ ဓန သို့မဟုတ် မြန်မာ့ဓနမှာ မျက်နှာဆုံးဆောင်းပါးဖတ်ဖူးတယ် လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က။ ဆရာကျော်ရင်မြင့် ရေးတာ ထင်ပါရဲ့။
အခု လွတ်မြောက်နယ်မြေမှာရေးတဲ့ သိခဲ့ဘူး တဲ့ မိုးကုတ် မြို့ ဆိုတဲ့ ဆောင်းပါးရှည်က ပတ္တမြားမြေဖြေးဖြေး ထက် ဖတ်လို့ပိုကောင်း။ ကျနော်လည်း မိုးကုတ်သားပါပဲ။ ရန်ကုန်ရောက်တော့ လူတွေက အထင်ကြီးကြတယ်။ မိုးကုတ်သားများ မြန်မာပြည်အတွင်း ဘယ်ပဲရောက်ရောက် "ဟ - သူဌေးပဲ" လို့ အပြောခံရ အထင်ခံရ။

--------------

ဇနိ: မိုးကုတ်အကြောင်း အတော်ဖတ်လို့ကောင်းတယ်။ အားပါးတရဖတ်သွားပြီး၊ ဝေမျှတာကိုကျေးဇူးတင်ပါတယ်။
--------------

ကျော်လင်းထွတ်: ကျွှန်တော့မြို့လေးအကြောင်းကိုအပြည့်အစုံရေးပေးလို့ ကျေးဇူးတင်ပါတယ်...အတိုင်းမသိပါဘဲဗျာ..

-------------

clef: မကေရေ...မိုးကုတ်မြို့လေးကို သေသေချာချာ ခံစား သွားတယ်။

-------------

khunmyahlaing: ကိုသားဖြု ညွှန်းလို့ လာဖတ်ရင်း ကြိုက်သွားပါတယ် သတင်းအတိအကျတွေ တင်ပေးတာ ကျေးဇူးပါ၏

-------------

စိုးထက် - Soe Htet !: မကေရေ ... ဓါတ်ပုံရိုက်ထားတဲ့ အိုင်ဒီယာ မိုက်တယ် ... ဖြေးဖြေးနော် ... :P

-------------

Thet Oo said...

မြန်မာတပြည်လုံး မိုးကုတ်မြို့ကလူတွေလို နိုင်ငံရေး နိုးကြားစေချင်ပါသည်။

nu-san said...

မကေ..
မိုးကုတ်အကြောင်းအသေးစိတ်ရေးထားပေးတာ တကယ်ဖတ်လို့ကောင်းတယ်။ မိုးကုတ်ကိုတော့ မရောက်ဖူးသေးဘူး။ ဓာတ်ပုံကတော့ ရှယ်ပဲ အမရေ.. ရှုခင်းရော လူကိုရောပြောတာနော်။ :)

မြန်မာပြည်ရဲ့တွင်းထွက်ရတနာတွေ အများဆုံးထွက်တဲ့ နေရာဆိုတော့ ဦးပိုင်တို့ကလည်း ဦးသူ ပိုင်ချင်ကြတယ်နဲ့တူပါရဲ့။ တော်ကြပါပေတယ် မတရားယူတဲ့နေရာမှာ..

ဂျစ်တူး - gyit_tu said...

အမရေ.. ခုမှ မိုးကုတ်အကြောင်း သေချာသိတော့တယ် ။ ကျေးဇူးပါပဲ ။ ဒီပို့စ်လေးတွက် ။

d120y said...

Revising your article:
Lay Lay Zaw's the one who found the stone and returned it to the owner. He's the elder one and Lay Lay tu is the younger one. Their mother passed awayed in 1999.
The hall with the piano was renovated in 2001.

Kay said...

Thank you for your detail information (d120y)
I really appreciate all of your comments. :)

momiji said...

အမရေ..
အဲ့ကိုကွင်းဆင်းတုန်းက အမတို့တွေ့ရှိတဲ့ ကျောက်အကြောင်းတွေလဲဖတ်ချင်ပါတယ်။ အဆင်ပြေမယ်ဆိုရင် ... တင်ပြပေးစေချင်ပါတယ်။
ပညာတိုးချင်လို့ပါ။

momiji said...

အဲ့နေရာတွေက တကယ်ပဲ အရေးပေါ်ပြုပြင်ထိန်းသိမ်းဖို့လိုအပ်နေပီနော်။
ဒင်းတို့တွေကတော့...စိတ်တိုလိုက်တာ...အမရာ..နော်..။