ပထမဆုံးများ

ပထမဆုံး အကြိမ် - လူအများ အစုလိုက် အပြုံလိုက် တပြိုင်တည်း tag သော ၊ ဘလော့ဂါ ကိုအောင်သာငယ် ၏၊ ပထမဆုံးများ အတွက်- ရေးခဲ့ဘူးပြီးဖြစ်သော၊ ပထမအကြိမ်-စိုးရွံ့ပူပန်ခြင်း-အီစတာတနင်္ဂနွေ ဆိုသော ပို့စ် အား၊ အနည်းငယ် ပြန်လည် ဖြည့်စွက် တင်ဆက်လိုက် ပါ ကြောင်း။
++++++


ပထမဆုံး အကြိမ် စင်ပေါ် တက်ခြင်း..ပထမ အကြိမ် နိုင်ငံခြား ခရီး စဉ်... ပထမ ရည်းစား စသည်ဖြင့်.. ဘ၀ မှာ..ပထမ တွေ များ လှ သည်။များ သော အား ဖြင့် လည်း ..ပထမ အကြိမ် တွေ ဆိုတာ..အဆင် ချော လှ တာ မဟုတ်။ This is not the first time လို့ပင်..ဆို စကား ရှိ သည် မဟုတ် လား ။ ဒါ တောင်..ဖြစ်စဉ် ခြင်း ကတော့..တူတူ ပေမင့်.. ဒီ ဒေသ ဒီ နိုင်ငံ ထဲမှာ မှ..ပထမ အကြိမ် ..ခရီးထွက် ခြင်း.. ပြောင်းလိုက် တဲ့ အလုပ် ထဲ မှာ မှ..ပထမ ဆုံး ရုံးတက်တဲ့ နေ့ ဆိုတာ တွေ လည်း.. ရှိ သေး သည်။အဲဒီ ပထ မ အခေါက် ဆို တာ တွေ တိုင်း မှာ လည်း.. စိုးရိမ် ပူပန် မူ တွေ..လူတိုင်းမှာ..။ ဘာ တွေ တွေ့ကြုံ ရမယ်.. ဆိုတာ မှ မသိနိုင်ပဲ လေ..။ ကြိုတင် ပြင် ဆင် ထား သလောက် မ ခက် ခဲ သလို..ထင် သလောက် မလွယ် တာ တွေ ကလည်း..ရှိ ခဲ့ ကြ ပေ မည်။ ပြီး တော့လည်း.. အရာ ရာ ဟာ..သူ့ဟာ နဲ့သူ..အသား တကျ ရှိသွား ခဲ့ သည်သာ။

ဖြတ်သန်း ခဲ့ ရတဲ့..ပထမ အကြိမ် တွေ ကို သာ.. နှလုံး နွေး စရာ တွေ .. အသဲ အေး စရာ တွေ.. ရှက် နောင် တ တွေ.. သင်ခန်း စာ တွေ.. အဖြစ် နဲ့ ...သိမ်း ဆည်း ထား လိုက် ပေတော့။

ပထ မ ဆုံး အကြိမ် ကျောင်း သွား တဲ့ နေ့..

အမေ က..ကျောင်း ဆရာ မ မို့ ..ကျောင်းတက် နေ ရ လို့..အဒေါ် လိုက်ပို့ သော.. ၀လုံးတန်း ( သူငယ် တန်းမရောက်ခင်) အခန်း ငယ် လေး ထဲ က.. ခုံ လေး တွေ ရယ်.. ချော့မော့ လေ့ ရှိ တဲ့..တရုတ် ဆရာ မလေး ရယ် ကိုသာ..မပီ ၀ိုး ၀ါး... မှတ် မိ တော့ သည်။( ဆရာမ နံမည်က..ဒေါ်သန်းသန်းအေး- ဆရာမ အမေက..ခြေသေး တရုတ်အမျိုးသမီးကြီး ဆိုတာ ကိုလည်း မှတ်မိ နေသေးသည်။)

ပထ မဆုံး အကြိမ် တက္ကသိုလ် တက် တဲ့ နေ့...

အတိ အကျ မမှတ် မိ တော့ပေမဲ့.. နယ် မြို့ လေး က..ရောက်လာ တဲ့.. အူကြောင်ကြား ကောင်မလေး တယောက် ရယ်.. ဘာ မှန်း မသိ ခဲ့ တဲ့.. ဒါပဲ သင်ခွင့် ရှိတယ် ဆို တဲ့.. ကျောင်း သင်ခန်းစာ တွေရယ်.. သူငယ်ချင်း အသစ် တွေ ကို ဘယ်လို မိတ်ဖွဲ့ ခင်မင် ရမှန်း မသိ ခြင်း တွေ ရယ်... ငိုချင် စရာ ကောင်း နေခဲ့ တာ တော့..သေချာ လိုက် သမှ။ နောက် တော့လည်း..ဒီ ကျောင်း ကြီး ကို မှ မခွါနိုင် ခဲ့..ဒီသူငယ်ချင်း တွေကို မှ..မခွဲ နိုင် ခဲ့။

ပထမ ဆုံး အကြိမ်.. ရည်စား ထား ခြင်း.

အဲဒါ လည်း..ငိုချင် စရာ ကောင်းခဲ့သည်။ ဘာ ကြောင့် လည်း မသိ..ပန်ဒိုရာ ပြောသလို ..ရည်းစား ထား ခြင်း သည် ..အပြစ် တခု လို့.. ဦးဏှောက် ဆေး ခံ ထား ရ လို့ လား မသိ။ ဒါ တောင် တက္ကသိုလ် နောက် ဆုံး နှစ် မှာ မှ..ထား မိ တာပါ။ နောက် တခု က.. သူငယ်ချင်း အုပ်စု တွေ နှင့်.. အီကြာ ကွေး တွေ..ပလာတာ တွေ ရိုက် ကာ.. သောင်းကျန်း လို့ အကောင်း ဆုံး အချိန် မှာ..နံပတ် ချိတ် လိုက် မိတာကို.. ကိုယ့်ဖာ သာ နှ မြော နေ တာ လည်း ဖြစ် မည်။ သေ ချာ တာ တော့.. ဒီ ရည်း စား က..ငါ ထင် သလောက် ..သင့်တော် သူ ဖြစ်ပါ့ မလား ..ဆို တဲ့..စိုးရိမ် ပူပန် မူ ပါ။ ဆိုင် က..ဖရဲသီး တလုံး ကို.. ဇွန်း လေး နှင့် အပေါက် ဖောက် ၍ သာ..ကြည့် ၀ယ် ခဲ့ ရပေမဲ့.. အိမ် ရောက် မှ ပဲ..အထဲကို ခွဲ ကြည့် နိုင် တာကိုး။ ( အင်း..ခွဲ ကြည့် လို့ ရတော့ လည်း.. ပြီး တော့ လည်း...ပြီးသွား တာပါပဲ )

ပထမ ဆုံး အကြိမ်.. နိုင်ငံ ရပ် ခြား ခရီး.

စထွက် တုန်း က... ထုံး စံ အတိုင်းပါပဲ..မိသားစု ဆွေမျိုး တွေက..သိုက် သိုက် ..သိုက် သိုက် နဲ့ လိုက်ပို့ကျ..။ လေ ဆိပ် ဆင်းဖို့..စပါယ်ရှယ် ချုပ်လုပ် ထားတဲ့ အ၀တ်အစား တွေက..ခပ် တောင့် တောင့်..။ ဖိနပ်က ပေါက်ချင် သလို။ ဗိုက် ဆာ သလို။ ဟို ရောက် ရင်.. လေယဉ် ပေါ် က..နေ..ပြွန် ကြီး နဲ့ ဆင်း လိုက်.. တခါ ထဲ..လေဆိပ် ထဲ ရောက် သွားရော.. သူ များ တွေ သွား သလို လိုက် သွား လို့..ဦး လေး လုပ် သူ က ပြော လေ.. ဘယ်လို ပုံစံ ကြီး မှန်း..မြင်ယောင် ကြည့် လို့..မရလေ.. စိုးထိတ် မိလေ..။ အရေး ထဲ.. မိသား စု ကို ကြည့် ပြီး ငိုချင် နေရ တာ က..တမှောက်။ နောက် တော့ လည်း..ဒီ လေယဉ် ကြီး တွေ ..လေဆိပ် ကြီး တွေ ကို.. သာမန် အ၀တ် အစား နဲ့..ပေါ့ပေါ့ပါး ပါး ...အကြိမ် ပေါင်း များ စွာ ဖြတ်လို့။
-
( ဖြစ်ချင်တော့..အဲဒီနေ့က..တောင်ကြီးမှာ မိသားစု တာဝန်ကျ လို့ လိုက်နေတဲ့..အချစ်ဆုံး အဒေါ်ကလည်း.. တောင်ကြီးကနေ ရောက်ရောက်ချင်း ဆိုပြီး ပြေးလာ နေတယ်။ ဒါပေမဲ့- လေယဉ်မယ်တွေက.. transit lounge ထဲ ကို- ၀င်ဖို့ပြောတဲ့အထိ၊ အဒေါ် ရောက်မလာသေးဘူး။ သူကလည်း..ကိုယ် ငယ်တုန်းက၊ အမေ အဖေတွေ အလုပ်လုပ် တော့..ကြည့်မယ့်လူ မရှိလို့၊ အဘွားက..ရန်ကုန် တက္ကသိုလ် ကတောင်..တနှစ်ပြန် ထုတ် ခေါ်ပြီး၊ ထိန်း ခိုင်းခဲ့တာ ဆိုတော့- သွားကာ နီး တော့..နှုတ်ဆက်ချင် တာပေါ့။ ဒါပေမဲ့..မတတ်နိုင်ဘူး။ အားလုံးကိုလက်ပြ ပြီး၊ ၀င်ခဲ့ ရ ပြီ။ ကဲ- လေယဉ်ပေါ်လည်း..တန်းစီ တက်နေ ပြီဆိုကာမှ- အဒေါ်က..ရောက်လာပြီး၊ တောင်ကြီးလက်ဆောင်..အနွေးထည်လေး တထည်၊ လေဆိပ်ဝန်ထမ်း တယောက်က တဆင့်၊ အတင်း လိုက်ပေး ခဲ့တယ်။ ရုပ်ရှင် တွေ ထဲက လို..ဘာလိုလို.. ရန်ကုန်လေဆိပ် ကွင်းပြင်ကြီးထဲ ကနေ၊ ဟိုးအပေါ် ထပ် ၀ရံတာက..လက်လှမ်းပြနေတဲ့..မသဲမကွဲ အဒေါ် ကိုသာ..အနွေးထည် လေး မြှောက်ပြ ပြီး ကျေးဇူးတင်ကြောင်း ပြောခဲ့ ရတယ်။ အတော်ပါပဲ- လေယဉ်ပေါ် ရောက်တော့.. အဲဒီ အနွေးထည် ခဲပြာရောင် လေး နဲ့ပဲ..မျက်ရည်တွေ သုတ်ခဲ့ ရတာပေါ့။ )

ပထမ ဆုံး အလုပ်...

ပြည်တွင်း မှာ တနှစ် လောက် လုပ်ခဲ့ သည်။ တွေ့ ရပါ့.. နားမလည် ခြင်း တွေ.. ရှက်စရာ တွေ..အမှား တွေ.. အပုံလိုက်။ အလုပ်ကို ကိုယ် ပြင်ဆင် တာက တခြား.. အင်တာဗျူး ခန်း ထဲ ရောက် မှ..မျက် လုံးစိမ်းစိမ်း နဲ့ ဘို မကြီး တွေ့တော့..လန့်လိုက်တာ။ အိုး မနင်း..ခွက် မနင်း ယုံ လေး ပဲ။ နောက်ထပ်..အလုပ် တွေ..။ ပထမ ဆုံး အလုပ်ဆင်း ခြင်း တွေ။ ဆက်ဆံ ရေး အသစ် တွေ.. ။ အလုပ် သွားဖို့.. ကားလမ်း ကြောင်း အသစ် တွေ။အခက် အခဲ အသစ် တွေ။ စိုးရိမ် မူ အသစ် တွေ။ ပြီး တော့ လည်း..ပြီး ပြန် တာပါပဲလေ။
-
ပထမဆုံး ၀ယ်တဲ့စာအုပ်
-
ဖေမြင့်ဘာသာပြန် တဲ့ လူနာဆောင် အမှတ် ခြောက်။ တက္ကသိုလ် ပထမ နှစ်မှာ အာစီ ထဲက..ဧကရာဇ် စာအုပ်ဆိုင် က..၀ယ်ခဲ့တာ။ ဒါပေမဲ့..အဲဒီတုန်းက..သေချာ နားမလည်ဘူး..သူများ ဖတ်လို့လိုက်ဖတ်တာ..။ ခုကြီးလို့ပြန်ဖတ် မှ..နက်နက် ရှိုင်းရှိုင်း ရှိခဲ့တယ်။
-
ပထမဆုံး ဖတ်ဖြစ်တဲ့..အင်္ဂလိပ်စာအုပ်
-
Benjamin Franklin အကြောင်း စာအုပ်။ ၁၀ တန်းအောင်ပြီး..ကျောင်းပိတ်ချိန်က..ဖတ်ခဲ့တာ။ အဟဲ..အထင်တော့သိပ်မကြီးပါနဲ့..။ ladder series လွယ်လွယ်လေး ပြန်ရေး ထားတဲ့ စာအုပ်သေးသေးလေးပါ။ အင်္ဂလိပ်စာ လေ့လာ ဖို့ အဖြစ် ဖေဖေက.. ဖတ်ခိုင်းလို့ ဖတ်ခဲ့တာ။ တနှစ်လောက်ကြာမှ ပြီးတယ်။
-
ပထမ ဆုံး ရေးတဲ့ ၀တ္တု
-
အဲဒီလိုပဲ၊ ၁၀ တန်းအောင်ပြီးကာစ က.. ရေးခဲ့တာ။ အဆင်မပြေ အတူမနေ တဲ့ မိဘ ၂ ပါး ရဲ့ ဆန္ဒ အလို ၂ ခု ကို..ဖြည့်နိုင် ဖို့..စိတ်ဆင်းရဲ နေခဲ့တဲ့- ဆယ်ကျော်သက် ကလေး တယောက် အကြောင်း၊ ရင်နဲ့ခံစား ပြီး ရေးဖြစ် ခဲ့တဲ့ ၀တ္တုလေး။ ဒါပေမဲ့..ခေါင်းစဉ် လည်း မမှတ်မိ တော့သလို၊ စာမူ လည်း မရှိတော့ဘူး။ တက္ကသိုလ် ရောက်တော့..အင်းလျား နံရံကပ် မှာ တင်ပြိုင်ခဲ့တာ၊ ပထမ ရ လို့..ရေချိုးခန်း ထဲမှာ..သူငယ်ချင်း တွေ.. စိတ်ဝင်တစား လိုက်စပ်စု ခဲ့တဲ့..၀တ္တုလေးပါ။ ( စာမူလေး ပြန်တွေ့ပါတယ်။ ` အဆုံးအဖြတ်´ တဲ့။ )
-
ပထမဆုံးဘာသာပြန်စာမူ
-
ဆာဒင်းလေး speck ။ အင်တာနေရှင်နယ် မဂ္ဂဇင်းမှာ..ပြိုင်ပွဲ ခေါ်လို့ ၀င်ပြိုင်တဲ့ စာမူလေးပါ။ ဆု မရ ခဲ့ပါဘူး။ ၁၀ တန်းအောင်ကာစ က ပါပဲ။ ကြုံ ရင် တင်ပေးပါမယ်။ ဆာဒင်းလေး speck (2)
-
ပထမဆုံး ဆိုတဲ့ကဗျာ-
-
ဆရာတင်မိုး ရဲ့..
ယုံကလေးက..နားရွက် ထောင်..ပညာရှိယောင်ယောင်..ကြောင်ကလေး က..လက်သည်းဖွက်..ချောင်းလိုက်ရတဲ့ကြွက်.. ရွှေဇီးကွက်ရဲ့ အိနြေ..ဘုရင်ကြီး လိုနေ။ မိုးလေ တွက်ကာ ဗေဒင်ဟော..တောက်တဲ့ ကိုလူပေါ..ပြောတိုင်းယုံ တဲ့ ပုတ်သင်ညို..ခေါင်းညိမ့် လှသဗျို..ရွှေကျီးညို သာပါစွ..ဧည့်သည် လာပါစ။
ငယ်တုန်းက..ဧည့်သာ လာတိုင်း ဆိုပြ ရတယ်။
-
ပထမဆုံး ဆိုပြ တဲ့သီချင်း-
အရက်ကို ကြိုက်လို့ သောက်တဲ့လူ..စိတ်ပျော်တတ်လို့ သောက်တဲ့သူ..သောက်ပြစ်လိုက် မယ်..အရက်များများ- ဘယ်သူ ဆိုတာလည်း..သိတော့ဘူး။ ငယ်တုန်းက.. လူကြီးတွေ ဆိုခိုင်း ရင်..ဆိုဆိုပြတယ်။
-
ပထမ ဆုံး ရ တဲ့ဆု-
-
ကဲ- ပထမဆုံး ရ တဲ့ဆုကတော့..ထူးထူးခြားခြားလေး တင်ဆက်လိုက်ပါတယ်။ သူငယ်တန်း မှာ ဒုတိယ ဆု ယူတုန်းက။ ရက်စွဲကတော့- ၁၇-၁၂-၇၈ ။





Share/Bookmark

21 Comments:

Moe Cho Thinn said...

ကေ့ ပထမဆုံးတွေက အဓိပ္ပါယ်ရှိလိုက်တာ။ တို့လဲ ပထမဆုံး ကွန်မန့် ပွတ်ခဲ့ပြီ။

Anonymous said...

ပထမဆုံးစင်ပေါ်တက်ဖို့ ကျောင်းကပွဲမှာ သေချာဝတ်စားသွားခဲ့ပြီးမှ အခမ်းအနားမှူးလုပ်တဲ့ကျောင်းသားက အစီအစဉ်မှာမေ့ကျန်ခဲ့လို့ ဖျော်ဖြေခွင့်မရခဲ့ပဲ အပြန်လမ်းမှာ စိတ်ဆိုးပြီး လမ်းဘေးဓါတ်တိုင်ကို ခြေထောက်နဲ့ကန်ခဲ့တဲ့အကြောင်းလေး ထည့်ရေးပါဦး။

လင်း said...

ဆုယူနေတဲ့ပုံလေးက ချစ်စရာလေးနော်၊ မော့ကြည့်နေတဲ့ပုံလေးက ဒီဆွဲပြားဘဲလားဟင် အရုပ်ရော ဆုမချဘူးလားလို့  မေးချင်နေတဲ့ပုံလေး ဟီးဟီး

ATN said...

ဓါတ်ပုံလေးရှိနေတာက ကံကောင်းနေတာပဲဗျ
ကျနော့်မှာတော့ ၅ တန်းတုန်းက တကျောင်းလုံး ပထမဆုရခဲ့တဲ့ပုံလေး ရှိသေးလားလို့ အမေ့ကိုမေးတော့ ပျက်သွားပြီ သားရေတဲ့

ဘ၀တွေများဗျာ- ဖြစ်ပုံပြောပါတယ်

Kaung Kin Ko said...

ငယ်ငယ်ကတည်းက တော်ခဲ့တာပေါ့း-) ပျော်ရွှင်ပါစေ။

ကိုအောင် said...

မကေ ဆုပေးတဲ့ လူကြီးကို ဘာမေးနေတာလဲ။ ချောကလက်ရော မပါဘူးလားလို့ ခေါင်းမော့ပြီ မေးနေတာလား။ အမ

khin oo may said...

ပိစိလေးက ချစ်စရာ လေး။ လူလည်း မကြောက်တတ်ဘူ.။ မော့ကြည့်နေတယ်။ စကားကလဲ များမဲ.ပုံဘဲ။ အခွင်.သာရင် ပြောချင်တဲ့ သဘော ရှိ နေတယ်။

PAUK said...

မကေရေ..
ကျွန်တော်ငယ်ငယ်ကတော့..
ဘာဆုမှမရခဲ့ဖူးတဲ့..ခပ်ညံ့ညံ့တစ်ယောက်ပေါ့..အဟီးး

Anonymous said...

အမရေ ကျနော်လည်း သူငယ်တန်းတုန်းက ဒုတိယဗျ။
တကယ့်ပိစိလေးပဲနော်

P.Ti said...

မကေ ရေးတဲ့ ပထမဆုံး ကို ကြိုသွားပြီ.. အတုယူရေးမှပဲ... အမက ငယ်ငယ်ကလေးတည်းကတော်တာကိုး... ဆုပေးတဲ့လူကို ခေါင်းမငုံ့ပဲ မော့ကြည့်နေတာ မကြောက်တတ်ဖူးဆိုတာပြတာပဲနော်.. :)

ဆောင်းယွန်းလ said...

နှစ်၃၀နီးပါးကဓာတ်ပုံကလေးကိုအခုထိသေသေချာချာထိမ်း
သိမ်းထားနိုင်တဲ့ မကေရဲ့စေ့စပ်သေချာမှုကတော့ချီးကြူး
စရာပါဘဲဗျာ...မကေရဲ့ပထမဆုံးတွေကိုစိတ်ဝင်တစားဖတ်သွားပါတယ်.
အစစအရာရာအဆင်ပြေပါစေ..

Myo Win Zaw said...

ဆုပေးတဲ့လူကြီးကိုဘာတွေလှမ်းပြောနေတာလဲဗျ

Dr. Yi Yi Win said...

ဒေါ်ကေ က တစ်တန်းကျောင်းသူအရွယ်မှာကို“ကေ”လေးကလည်းမိုက်နေပြီနော်။ တို့ ဆို
အဲဒီတုန်းက ကတုံးဆံတောက်လေးနဲ့ ။ ဒါနဲ့ မကေရဲ့ဆုက လက်နဲ့ မယူရဘူးလား။ တို့ 
စစချင်းယူတုန်းက လက်တစ်ဖက်နဲ့ ယူမိလို့  အမှတ်ရစရာလေးဖြစ်သွားသေးတယ်။

Anonymous said...

အမကေ အနွေးထည်ခဲပြာရောင်လေးနဲ့ ငိုနေခဲ့တဲ့ ကောင်မလေးက ချစ်စရာလေးနေမယ်လို့ စိတ်ကူးကြည့်မိတယ်

Anonymous said...

zarnywin: လမ်းဘေးဓါတ်တိုင်ကို ခြေထောက်နဲ့ကန်တော့ ဓာတ်တိုင် ဘာဖြစ်သွားသေးလဲး)
အောင်ဖြိုး: ပထမဆုံးများ ဆိုတဲ့ Post ဟာ ချစ်စရာ လေးဗျာ ... ။
လူသစ်: ဆုကတခါပဲရဘူးတယ်ထင်တယ်။ ဓာတ်ပုံတောင်သိမ်းထားသေးတယ်ဆိုတော့

kay said...

အိုကေ- ပထမဆုံး များ ပို့စ် အတွက် ပထမဆုံး ကွန်မန့်ပွတ်သူ- ပထမဆုံး ခင်မင်သူ စီနီယာ မချိုသင်း။း)

မိတေဖိုး-နင် ပြောမှ- နာလည်း..အဲဒါ သတိရသွားတယ်။ အေး..ငါကြီးပွားရင်..ပီအေ ခန့်မယ်။ ငါ့မှတ်တမ်းတွေ သေချာသိမ်းထား။

ကိုအောင် - ကိုမျိုးဝင်းဇော် နဲ့ လင်း-
ဆုကလည်း..ကလေးတွေကျေနပ်အောင် အဖြစ်ပဲပေးတာ ထင်ပါတယ်- လင်းတို့ခေတ်ကလို..အရုပ်တွေ မပေးဘူးလေ။ တံဆိပ်ကလေးပဲ။

ကိုလူသစ် ပြောသလို- တခါပဲရဖူး လို့ ထင်ပါတယ်။ အဟဲ- အခွင့်ကြုံ ရင်တော့.. (သတိုးသီရိ မသမာ )ဆုလေး ဘာလေး များ ရရင်..လိုချင်ပါသေးတယ်။

ကိုအောင်သာငယ် နဲ့ ကိုဆောင်းယွန်းလ
ဓါတ်ပုံလေးက..ကံကောင်းမီးကောင်း အိမ်ကသယ်လာမိတာပါ။ တကယ့်အမှတ်တရ ပုံလေးလည်း မို့လေ။ ကိုအောင်သာငယ်ကြည့်ရတာ..နာလိုပုံ မပေါ်ဘူး။ စိတ်ကောင်းကောင်းထား။

ရွာသားလေး ကောင်းကင်ကို -ပေါက်- အတော်ပါဘူးကွယ်။ သူငယ်တန်းမှာ လူက..သိပ်လည်းမရှိပါဘူး။ ခပ်ညံ့ညံ့ပဲ ကောင်းပါတယ်..နော်။

မခင်ဦးမေ- မယုဝရီ - နဲ့ပီတိ-
မကြောက်တာလား..မသိပါဘူး။ ရုပ်ကတော့..ဖြဲစပ်စပ် နဲ့။ ခုခေတ်လိုများဆိုရင်တော့..လက်အုပ်ကလေး ချီ ရမယ် ထင်တယ်။ အဲဒီက အပြန်..သီချင်းတက်မဆိုရလို့..လမ်းမှာ ဓါတ်တိုင်..ခြေထောက်နဲ့ကန်ခဲ့သေးတယ်။ ပြည်သူပိုင်ပစ္စည်း လက်ရောက် ဖျက်ဆီးမူ ပဲ..ဒါပေမဲ့..၅ နှစ် ဆိုတော့..အသက်မပြည့်သေးလို့..ကိုဇာနည်ဝင်းရေ-

မဇနိရေ- မထင်နဲ့နော်။ စာတွေနဲ့ လူတွေက..အမြဲလွဲတတ်တယ်တဲ့။း)

သက်ဝေ said...

မကေ...
ငယ်ငယ်တုန်းက ချစ်စရာပုံလေးကိုကြည့်ရင်း အခုလက်ရှိ မကေရဲ့  ပုံကို စိတ်ကူး ပုံဖေါ်ကြည့်နေမိတယ်...။ မကေ က ပါးပါးလျားလျားနဲ့  လှလှလေးဖြစ်ရမယ်...။ ဟုတ်စ...

Anonymous said...

အပြေးအလွှား ပထမကို ဖတ်ပြီး ကွန်မန့်ပွတ်သွားပါကြာင်း၊ ဘ၀မှာ ပထမများစွာ ပိုင်ဆိုင်စေ ဗျားးးးးး

khin oo may said...

သက်ဝေပြောရင် မှန်တတ်တယ်။ သူကတွေးခေါ် မှူကောင်းတယ။်

တက်လူငယ် said...

ကောင်းလိုက်တဲ့ ပထမဆုံးတွေပါဗျာ။
အတုယူအားကျမိပါတယ်။
ကျနော့်အတွက်တော့ ပထမဆုံးများနဲ့ ပါတ်သတ်ပြီး ဘလော့ဂ်မှာ ဘယ်သူလာတက်မလဲလို့ ဆိုပြီး တွေးပူပန်နေခဲ့တာ မကေလို ကောင်းခြင်းပထမတွေမဟုတ်ခဲ့လို့ပါပဲ။
မတက်ပါစေနဲ့ဗျာ။ မပြောချင်ဘူး။

မီယာ said...

ပထမဆုံးတွေကို အမှတ်တရ ရေးထားတာ ဖတ်လို့ကောင်းတယ်... ဓါတ်ပုံလေးကလည်း ချစ်စရာလေး။