ငယ်ဆရာ (၁)

မဆုံးနိုင်သော သင်ယူခြင်းတွေနဲ့..အမြဲတမ်း အသစ်အသစ်တွေ သင်ကြားနေကြရတဲ့..ကနေ့ ခေတ်ကြီးမှာ..သင်ဆရာ..မြင်ဆရာ..ကြားဆရာတွေက..များပဲ များလွန်းလှ ။ အဲဒီ သင်ကြားခြင်း မျိုးစေ့ တွေ စတင် အညွန့်ညောင့် အပင်ပေါက် ခဲ့တဲ့.. ငယ်ငယ်တုန်း က..ပျိုးခင်း..ယာခင်း ကျောင်းစာသင်ခင်း ကြီးတွေ ကိုလည်း လွမ်းမိပါ့..။ တွေ့ခဲ့ ဆုံခဲ့ရတဲ့.. ငယ်ဆရာတွေ ကို လဲ..ပြန်ပြန် သတိရ..။
အဲဒီ စိမ်းမြနေတဲ့.. ပညာပန်းခင်း ကြီးတွေထဲမှာပဲ .. ရွှင်မြူး ပုံရိပ်တွေ စွဲထင်ခဲ့..အမြဲအမှတ်ရ ကျေးဇူးတွေလည်းတင်ခဲ့.. နာကျင် အပွန်းအပဲ့တွေလည်း ရခဲ့...။





ဆယ်ပြားစေ့ ၂စေ့ နဲ့ ဆရာ

ဆိုရှယ်လစ် ခေတ်နှောင်းမှာ ကြီးပြင်းခဲ့သူမို့.. ခဏခဏ ပြောင်းလဲ နေတဲ့..ပညာရေး စနစ်သစ်တွေနဲ့ ...အမြဲလို ပက်ပင်း တိုးရင်း အစမ်းသပ်ခံ စာသင်ခန်းတွေ နဲ့ တောက်လျှောက် ဆိုသလို..။ ဦးနေ၀င်းကြီးရဲ့ လမ်းညွှန်မူ အသစ်နဲ့.. အရင် ၅ တန်းမှာ အင်္ဂလိပ်စာ စသင်ရာကနေ..မူလတန်း ကျောင်း ကတည်းက..စသင်စေ လို့ ပြောင်းလိုက်တော့..ကိုယ်က..လေးတန်း ..။

အဲဒီတုန်းက..လေးတန်း တတန်းလုံးကို ဆရာတယောက်ထဲက..ဘာသာစုံ သင်တာပါ။ လေးတန်းကိုင်တဲ့ ဆရာ သုံးတန်းကိုင်တဲ့ ဆရာမ အဲဒီလိုမျိုး။ လေးတန်းဆရာက..သူ့ကိုယ်ပိုင် စီးပွားရေးလဲ ရှိတော့..တခါတခါ ဆို.. ကျောက်သင်ပုန်းမှာ စာတွေ အပြည့်ရေးခဲ့ပြီး..ဟိုဖက်ခန်းက.. ၂ တန်းဆရာမ နဲ့ အတန်းကို အပ်ပြီး ထွက်ချင် ထွက်သွား တတ် တာ ။ A-B-C-D ပြီးလို့..Apple (အပ်ပဲလ်) ပန်းသီး ဆိုတဲ့ သင်ရိုး တွေလဲ ကုန်ပြီ။ ညနေဖက် ပိုနေတဲ့ ဖွံ့ဖြိုးချိန်တွေမှာ...အင်္ဂလိပ် ကဗျာ တွေ ဆိုကြရတယ်။ အဲဒီ အချိန်ဆို..ဆရာက.. မွန်းမံသင်တန်းက ပေးလိုက်တဲ့ ကက်ဆက်ခွေ နဲ့ ကဗျာတွေ ဖွင့်ပေးထားပြီ.. ဆယ်ပြားစေ့ ၂စေ့နဲ့ မုတ်ဆိတ်မွေး နှုတ်နေတော့တာပဲ။

one- two.. buckle my shoe..
there , four.. shut the door
five, six.. pick up sticks
+++++
row..row ..row your boat
gently down the stream,
+++++

တခန်းလုံးက..ကလေးတွေက.. သံကုန်လွှင့် ပြီး .အော်ကြ..ပျော်ကြ တဲ့ အချိန်မှာ ကိုယ်တယောက်ထဲ..ပါးစပ်ကြီးပိတ်လို့...။
တခန်းလုံးက..သူငယ်ချင်းတွေ အားလုံးက.. ညနေဆို..ဒေါ်လေးကြီး ကျူရှင်တက်ကြတော့.. ကဗျာတွေ..အားလုံး ရပြီးသား ကိုး ။ ဆရာကလဲ..သိနေတော့..အပင်ပန်းခံပြီး ရေးမပြ..သင်မပြ..ရှေ့က..ချမပြ တော့ဘူး။ ကျူရှင် ဆိုတာကို လက်မခံ လို့ သားသမီးတွေကို ကျူရှင်လုံးဝ ပေးမထားတဲ့ ဖေဖေ့ ကြောင့်..အဲဒီ ကဗျာ ချိန်ဟာ ကိုယ့်အတွက်တော့.. စိတ်လဲ တို ၀မ်းလဲ နဲရတဲ့.. ညနေစောင်း တွေ ဖြစ်ခဲ့ရတာ..ခုထိ အမှတ်ရ နေခဲ့တယ်။ ဒေါ်လေးကြီး ကျူရှင်ကို တက်ချင်လိုက်တာ ဆိုတာလဲ မပြောပါနဲ့တော့။ ခုထိ.. မြို့လေးကို ပြန်ရောက်တိုင်း.. ဒေါ်လေးကြီး တို့ ရှိသေးလား အမြဲ မေးရတယ်။ အဲဒီ ဆယ်ပြားစေ့ ၂စေ့ နဲ့ ဆရာ ကိုတော့.. ပြန်ကာနီးတိုင်း သူ့ဆိုင်လေး မှာ..၀င် နှုတ်ဆက်ဖြစ်တယ်။ ကိုယ့်ရဲ့ငယ်ဆရာအစစ်ပါ။

ဥယျဉ်မှူး ဆရာ

၅ တန်းကို ရောက်တော့.. အရင် မူလတန်းကျောင်းလေးကနေပီး..မြို့ပြင်က..ခန့်ညားလှတဲ့ အထက်တန်းကျောင်းကြီးမှာ စတတ်ရတာမို့ စိတ်တွေ တအား လှုပ်ရှားလို့။ ကိုယ်တို့ အခန်းလေးက.. အီးပုံစံ ကျောင်းဆောင် အဆွယ်လေး တခု ရဲ့ အစွန်ခန်းလေး။ ခုထိ မှတ်မိတယ်။ ဘေးက အဝေးပြေးကားလမ်းမကြီး ပေါ်က..ကားသံတွေ တ၀ီဝီနဲ့။ အတန်းပိုင် ဆရာက..သချာင်္ပြတယ်။ ဆရာ့မှာ ထူးခြားတာက.. `မင်္ဂလာပါ ဆရာ´ နှုတ်ဆက် တာကို အရမ်း အလေးအနက် ထားတယ်။ ထိုင်မလို ထမလို လုပ်ပြီး ပြီးစလွယ် နှုတ်ဆက်တာမျိုးကို လုံးဝ မကြိုက် ။ သူကိုယ်တိုင်လဲ.. အတန်းရှေ့က..သေချာရပ်.. အားလုံးကို မြင်အောင်ကြည့်ပြီးမှ..` မင်္ဂလာပါ တပည့်တို့ ´ လို့ ပြန်နှုတ်ဆက် လေ့ရှိသည်။ ပြီးတော့..အတန်းသား အာလုံးကို ရွှေဒင်္ဂါး ပန်း ပျိုးပင်လေး တွေ တယောက် တပင်စီ ပေးပြီး.. အပြင်ကို စွန်ထွက်နေတဲ့..အခန်း ပတ်ပတ်လည်မှာ.. တန်းစီပြီး စိုက် ခိုင်းတယ်။ ကိုယ့်အပင်မှာ နံမယ်လေးတွေ..အမှတ်အသားလုပ်ပြီး.. ရေလောင်း ပေါင်းသင် ပြုစု ရတယ်။ အဲဒီ တုန်းကဆို.. ၅ တန်း အတန်းပတ်လည် အားလုံးက..ဘုရားပန်းအိုးတွေမှာ ၅တန်း (အေ) က ပွင့်တဲ့ ရွှေဒင်္ဂါးပန်း တွေနဲ့ ဝေ နေခဲ့တာပေါ့။

အဲဒီလို ဂါရဝေါစ ရိုသေလေးစားခြင်း နဲ့ တာဝန်ယူတတ်မူ ကို ပျိုးထောင်ပေးခဲ့တဲ့..ဆရာ့ ကို ခုတခေါက်ပြန်တော့.. ပင်စင်ယူပြီး..မြို့လေးမှာပဲ ဘော်ဒါကျောင်းလေး ဖွင့်ထားတာ တွေ့ခဲ့ရတယ်။ သမီးလေးက..ဆေးကျောင်းတက်နေပြီး..ဘီအီးဒီ ဆင်း သားကြီးက.. ဆရာနဲ့အတူ ဘော်ဒါ ကျောင်းသားတွေကို သင်ကြား အုပ်ချုပ်နေတာ တွေ့ခဲ့ရတော့.. ကြည်နူး ပီတိ ဖြစ်မိတယ်။

ဆရာ့ကို ၀င် နှုတ်ဆက်ဖို့..သူတို့ ဘော်ဒါ ကျောင်း ဖွင့်ထားရာ အိမ်လေး ရှေ့... ရောက် သွား ခဲ့တုန်းက....
` ပဉ္စဂုဏံ အဟံဝန္တာမိ ပါ .. ဆရာကြီး´ ဆိုတဲ့ အထဲက ဟိန်းထွက်လာတဲ့ အသံကြောင့်.. ခြေလှမ်းတွေ ရပ်တန့်ရင်း.. ခြံရှေ့က.. ပန်းပင်လေးတွေကို ငေးကြည့်နေခဲ့မိတယ်။

မြန်မာစာနဲ့ ခွဲမရတဲ့ ဆရာမ

အဲဒီ နှစ်က.. ၇ တန်းပတ်လည် ဆရာတွေ အားလုံး စာသင်ကောင်းတယ်လို့ ..နံမယ်ကြီးတယ်။ အဲဒီတုန်းက...`တို့ကျောင်းသား´ စာစောင် မှာ တနိုင်ငံလုံး အတိုင်းအတာ နဲ့ ဖိတ်ခေါ် ကျင်းပတဲ့ မြန်မာစာစီစာကုံး ပြိုင်ပွဲ တွေကို သတ္တမတန်းက..စ ၀င်လို့ ရပြီမို့.. သူမကို မြန်မာစာဆရာမ တယောက် အနေနဲ့.. ၇ တန်းနှစ်မှာ ကြုံခဲ့ရတာ..ကိုယ်တို့ သိပ်ကို ကံကောင်းခဲ့တာပါ။ ကိုယ်တို့ ဆိုတာ.. အဲဒီတုန်းက..မြန်မာစာ အရေးကောင်းတယ်လို့ ဆရာမ ရွေးချယ်ထားတဲ့ လက်ရွေးစင် ကျောင်းသား ၃ ယောက်လောက် ရှိတယ်။ တယောက်ကတော့.. ၀တ္တုတွေဘာတွေ မဂ္ဂဇင်းတွေမှာ ခဏတဖြုတ်ပါလာပြီး..ခုတော့.. အင်္ဂလန်မှာ မိသားစု တာဝန်တွေ ပိနေပုံ ရတဲ့.. သူငယ်ချင်း ရယ်.. နောက် ..ကဗျာတွေ အရေးကောင်းတဲ့.. သူငယ်ချင်းတယောက်ရယ်.. ကိုယ်ရယ်ပေါ့။ ဆရာမ က အမြဲပြောတယ်။ မင်းက..၀ါကျ ရှည်တွေ နဲ့ အဖွဲ့အနွဲ့ ကောင်းတယ်.. ကေ ကတော့.. ၀ါကျတိုတွေ နဲ့ ရှင်းလင်းတယ်။ ဟို ကောင် ကတော့..ငယ်ငယ်လေးထဲက..ကဗျာဥာဏ် ရှိတယ်.. အဲဒီလို ခွဲခြားသုံးသပ်ပြီး.. ပြုစု ပျိုးထောင်ပေးခဲ့တာ။ ဒါပေမဲ့..`တို့ကျောင်းသား´ က လစဉ် ခေါ်တဲ့ ပြိုင်ပွဲ ခေါင်းစဉ်တွေကိုတော့ .. တတန်းလုံးကို ပေးရေး ခိုင်းပြီးမှ ..အကောင်းဆုံး တခုကို သူကိုယ်တိုင် တံဆိပ်ခေါင်းဖိုး အကုန်ခံပြီး..လတိုင်း ရန်ကုန်ကို ပို့ပေးတတ်သူ။ တို့ကျောင်းသားကလဲ..တနိုင်ငံလုံးက လာတဲ့ စာတွေထဲကမှ အကောင်းဆုံး တခု ကို သရုပ်ဖော်ပုံ နဲ့ အပြည့်အစုံ ဖော်ပြပေးပြီး.. နှစ်သိမ့်ဆု ၁၀ ခု လောက်ကို တော့ နံမယ်နဲ့ အတန်း..ကျောင်း တွဲပြီး ဖော်ပြပေးတယ်။ ၇ တန်း ကနေ ၁၀ တန်းထိ တန်းခွဲ မထားပဲ ရောပြိုင်ရတာ ဆိုတော့..မလွယ်လှပါဘူး။ အဲဒီ တုန်းက..အမြဲ လို ဗိုလ်ဆွဲ.. ပထမ ရ ဖော်ပြ ခံရတဲ့ အတန်းကြီး ကျောင်းသားကြီးတွေ ဖြစ်တဲ့..မောင်လွဏ်းဝေ .. မောင်လွဏ်းဆွေ ညီအကို နဲ့ မြရတနာစိုး..မြကြေးမုံစိုး..ညီအမ အတွဲ ကို ခုထိ မှတ်မိ နေမိတယ်။

၇ တန်းကျောင်းသူ ဂဂျိုးဂဂျောင်လေး ဘ၀နဲ့.. နှစ်သိမ့်ဆု နံမယ် စာရင်းထဲတော့.. ၂ ခါလား ပါခဲ့ဖူးပါတယ်။ ဆရာမရဲ့ ကျေးဇူးတွေပါပဲ။ ပါလာရင်လည်း စာအုပ် ထွက်ထွက်ခြင်း ဆရာမက..အရင်ဝယ် ပြီး.. စက်ဘီး နဲ့ အိမ်အရောက် လာပြတတ်တာ။ သူက တောင် ပို ၀မ်းသာနေတတ်တာ မျိုး။
ဖူးဖူးညွှန့်ညွှန့် ပြုသာ ပြင်သာ တဲ့ အရွယ်မှာ မြန်မာစာ လက်ရေးလှ နဲ့ အဆွဲ အချ တွေကိုလည်း နည်းမှန် လမ်းမှန် ဖြစ်အောင် စိတ်ရှည်ရှည် သင်ကြားပေးခဲ့ တဲ့ ဆရာမ။ သတ္တမတန်း သင်ရိုးဖြစ်တဲ့..ဇာတက ပြဇတ် တွေ ဆိုရင်လည်း.. အသစ်မတက်ခင်.. ကြိုပြီး အိမ်မှာ ဖတ်ခဲ့ရတယ်။ အတန်းထဲ ရောက်မှ..အလှည့်နဲ့ စင်ပေါ်တက်ပြီး.. ကိုယ်နားလည်သလို.. အတိုချုံး ပြန်ပြော ပြ ခိုင်း ။ ပြီးတော့မှ.. သူက..အဲဒါကို ဆက်ပွားပြီး သင် တော့.. မှတ်မိ စေတာရော.. အတန်းတွင်း ပါဝင်မူရော.. ထုတ်နုတ်ဖော်ပြတတ်တာရော..ပြောရဲဆိုရဲ ရှိစေတာရော.. အကုန်လုံးကို တပြိုင်တည်း ရစေတဲ့.. သင်ကြားနည်း မို့.. အခု ပြန်တွေးတိုင်း..ဆရာမကို မချီးကျူးပဲ မနေနိုင်ဘူး။

ဆရာမက.. လူမမယ်သမီးလေး ၃ ယောက်နဲ့ ငယ်ငယ်ရွယ်ရွယ် မုဆိုးမ တယောက်ပါ။ ဒါပေမဲ့..သူ့ကို ကြည့်လိုက်ရင်..အမြဲသပ်ရပ် လန်းဆန်း နေပြီး.. အလုပ်အပေါ်မှာ အာရုံ အပြည့်။ သူ့ဘ၀ အပူ တွေကို ဘယ်သူမှ မမြင်ရဘူး။ သူ ကိုယ်တိုင်က..ကဗျာတွေ နဲ့ပျော်မွေ့တဲ့ ကဗျာဆရာမ တယောက် မို့လား မသိ.. စကားပြောရင်လဲ နူးညံ့ပြီး လောကကြီးကို အကောင်း မြင်အောင် ပဲ ကြိုးစားလေ့ရှိတယ်။

မြို့လေးကို ကိုယ်ပြန်ရောက်တိုင်း အဦးဆုံး မပျက်မကွက် သွား ရောက် နှုတ်ဆက် ကန်တော့ ဖြစ်တာကတော့..ကိုယ်တို့ရဲ့ ချစ်လှစွာသော မြန်မာစာ ဆရာမပါပဲ။ ခုဆို ပင်စင်ယူပြီးစ မို့..ထုံးစံ အတိုင်း စီးပွားရေး ခက်ခဲ ပေမဲ့.. သူချစ်တဲ့ တပည့်တွေရဲ့ သားသမီးတွေကို မြန်မာစာ ကျူရှင် ပြန်ပြရင်း..သူ ချစ်တဲ့ ကဗျာလေးတွေ စပ်ရင်း.. သူချစ်တဲ့ မြန်မာစာ နဲ့ အတူ..ရောင့်ရောင့် ရဲရဲ ..မခွဲမခွါ ရှိနေသေးတာ.. ၀မ်းသာစရာ။

( မြန်မာစာနဲ့ ခွဲမရခဲ့တဲ့ မြန်မာစာ ဆရာမ အတွက် သူ့တပည့် ..ကိုယ့်သူငယ်ချင်း ကဗျာဆရာ စပ်ထားတဲ့ ကဗျာလေး ...` ငါတို့ဆရာမ ´ တဲ့။ )


Share/Bookmark

31 Comments:

အိမ့်ချမ်းမြေ့ said...

မြန်မာပြည်ရောက်တိုင်း ငယ်ငယ်က ကိုယ့် ဆရာ၊ဆရာမတွေကို လိုက်ကန်တော့ရတာ အလွန်ပီတိဖြစ်စရာကောင်းတယ်နော်..

ကိုရင်နော်ခင်လေးငယ် said...

ဟုတ်တယ်.. သက်ကြီး ဆရာ၊ ဆရာမတွေက အဲ့ဒီ ပိတိကိုစားပြီး အားတွေ ရှိနေကြတာနော်..
အိမ်ပြန်ရင် ဆရာ၊ ဆရာမတွေကို လိုက်ရှာပြီး ကန်တော့ဖြစ်အောင် ကန်တော့မယ်..
ဒီပိုစ့်လေး ဖတ်ရတာ စိတ်ကြည်နူးမိတယ်..း)

အောင်သာငယ် said...

ဘယ်အရပ်ဒေသကိုရောက်ရောက်
သတိရမိတတ်တဲ့ အထဲမှာ ငယ်ဆရာတွေဟာ
ထိပ်ဆုံးက ပါတာပါပဲလေ...

ကျနော်ဆို Security Question တွေကို ဖြည့်ရရင် ငယ်ဆရာတွေရဲ့ နံမည်တွေကို ခုထိ ဖြည့်တုန်း...း)

ဇနိ said...

ငယ်ငယ်တုန်းက ဆရာတွေ ဆရာမတွေကို လွမ်းသွားပါပြီ..

ကိုအောင်(ပျူနိုင်ငံ) said...

မကေတို့ တောကျောင်းမှာ လျှပ်စစ်မီး ရှိလားဗျ။

မမသီရိ said...

အစ်မ တို့ ဆရာတယောက်ဆို
စာသင်ခန်းထဲ ကျောင်းသူကျောင်းသားတွေ ရှေ့
ထွက်ပြီး စာသင်မလို့ လုပ်တိုင်း မင်သား ကြီး လာပြီနော် လို့ ပြောတတ်တာ..း)
တို့တွေ ငယ်ငယ်တုန်းက များ
မေး - ဖြေ .. ဆိုပြီး အဆင်သင့်ကူပေးတာမျိုး မရှိတော့
ဆရာနဲ့ တပည့် နွေးထွေး မှု က လဲ ဒီခေတ်ထက် ပို ခဲ့ သလား လို့နော်...
တို့တွေ အားလုံး ဒီနေ့ ဒီအချိန် ဒီလို နေရာ တွေ မှာ ရှိနေခဲ့တာ ငယ်ဆရာတွေ ရဲ့ ကျေးဇူး ကြောင့် ဆို တာ ..ဘယ်သူမှ မငြင်းနိုင်ဘူး ထင်ပါရဲ့

MANORHARY said...

ငယ်ဆရာတွေရဲ့ကျေးဇူးကတော့ တမ်းတကုန်နိုင်ဖွယ်
ဆပ်မကုန်နိုင်ဖွယ်ပါပဲ
(မြရတနာစိုးလားမြကြေးမုံစိုးလားမသိ..ကိုယ်တို့
ဗိုလ်တစ်ထောင်မြို့နယ်မှာ အမြဲထိပ်တိုက်တွေ့နေကျ
ပေါ့..စာစီစာကုံးပြိုင်ပွဲတွေမှာလေ..)

လင်းဒီပ said...

ငယ်ဆရာတွေကိုပြန်တွေ့တဲ့အခါ စိတ်က ကလေးလို ပြန်ငယ်သွားတယ်နော် အစ်မ..

sin dan lar said...

ငယ်ငယ်တုံးက ဆရာ၊ဆရာမတွေကို နာမည်၊ အမူအကျင့်လေးတွေ၊ အလွဲလေးတွေနဲ့ တွဲပြီး မှတ်မိနေသေးတယ်

ကလူသစ် said...

ခုလို ဆရာသမားတွေအကြောင်း သတိတရရေးတာတွေတွေ့တော့ ကလူသစ် သူငယ်ချင်း(နဲ့ တချို့သူတွေ) ကိုသတိရသဗျာ။ သူတို့က NUS က MSc လဲရပြီးရော ငယ်ငယ်တုန်းကဆရာတွေမပြောနဲ့။ မဝေးသေးတဲ့ မြန်မာပြည်တက္ကသိုလ်ကဆရာတွေကိုတောင် သူ့လူရာမသွင်းချင်တော့ဘူးဗျ :(

sonata-cantata said...

ိတို့ကျောင်းသား ဆုရ စာစီစာကုံး ပေါင်းချုပ် ပ၊ဒု၊တ တွဲတွေ ၀ယ်ထားတယ်။ အဖုံးလေးတွေ ထပ်ဖုံးထားတဲ့ စာအုပ်လေးတွေကို ကေ ဆရာ/ဆရာမတွေကို လွမ်းသလို လွမ်းသွားပြီ။

KoAung said...

>> ကလူသစ် said...
>> ခုလို ဆရာသမားတွေအကြောင်း
>> သတိတရရေးတာတွေတွေ့တော့ ကလူသစ်
>> သူငယ်ချင်း(နဲ့ တချို့သူတွေ) ကိုသတိရသဗျာ။
>> သူတို့က NUS က MSc လဲရပြီးရော
>> ငယ်ငယ်တုန်းကဆရာတွေမပြောနဲ့။ မဝေးသေးတဲ့
>> မြန်မာပြည်တက္ကသိုလ်ကဆရာတွေကိုတောင်
>> သူ့လူရာမသွင်းချင်တော့ဘူးဗျ :(

Generally, I also respect my primary+middle+high schools teachers more than my university teachers. Most of my uni teachers did not put much effort when they taught us (just woot-kyway-tan-kyway). Some teachers just taught superfically in classrooms and in detail only in their tuitions.
But, now time has changed, and almost all the teachers (from primary to uni) in Myanmar may be all like that. :-(

မေ့သမီး said...

ပဉ္စဂုဏံအဟံဝန္ဒာမိ မင်္ဂလာပါဆရာမလို့ နှုတ်ဆက်ခဲ့ရ တဲ့ဘ၀ကို လွမ်းသွားပါတယ်။ အစ်မရေးတာတွေဖတ်ပြီး ကိုယ့်ဆရာတွေကို လွမ်းသွားပါတယ်။

မီယာ said...

ဆရာ/မတွေ အကြောင်း အမှတ်တရ ရေးထားတာ ဖတ်လို့ ကောင်းလိုက်တာ... ငယ်ငယ်တုန်းကတော့ ပိုပျော်စရာကောင်းတယ်။ အထက်တန်း ရောက်တော့ ကျူရှင်က ပိုလွှမ်းမိုးသွားလို့ ကျောင်းက ဆရာ ဆရာမတွေလည်း ကျောင်းသားတွေနဲ့ သိပ်မရင်းနှီးတော့ဘူး...

ရွာသားလေးဝိုင်တီယူ said...

ဒီတစ်ခေါက်ပြန်တော့ ဆယ်တန်းတုံးက ဆရာဆရာမတွေကို ကန်တော့ခဲ့ရတယ်အမကေ။ အမကေစာလေးဖတ်လိုက်တာ အဲဒီအချိန်တွေကို ပြန်သတိရမိတယ်။ အင်း ကျေးဇူးတွေကြီးမားလှတယ်။ တစ်နေ့တော့ ဒီထက်ဆပ်ခွင့်ကြုံဦးမှာလို့ စိတ်ထဲမှတ်ထားရတာ။

Kay said...

ဟုတ်တယ်..မလေး..အများစုက..ချို့တဲ့နေကြတော့..စိတ်မကောင်းလဲ ဖြစ်ရတယ်။

ကိုရင်နော်ခင်လေးငယ်- အာစရိယပူဇော်ပွဲ အလှူငွေကောက်ရင်သာ..များများထဲ့လိုက်။း))

ကိုအောင်သာငယ်- ဟုတ်လား..ဒါဆို တောင်ဥက္ကလာ ကျောင်း အမှတ်ဘယ်လောက်လဲ.. လယ်ဂျာစာအုပ်ဟောင်းတွေထဲမှာ.. ၇၀ ခုလောက်က ဆရာတွေ ပြန်ရှာပြီး...ကိုအောင်သာငယ်ရဲ့ ဘဏ်အကောင့်တွေ လိုက်ရှာ ဟက် မလို့။း)

ဇနိ တို့ရေ- လွမ်း--

ကိုအောင်- အင်း..သိပ်မသေချာဘူး။ သဘာဝ အလင်းနဲ့ပဲ ကျောင်းတက်ခဲ့ရတာကိုး။း) ကွန်ပြူတာလဲ မလိုသေးတဲ့..သဘာဝရဲ့ရင်သွေးငယ်တွေ ပေါ့။

မမသီရိ- ဟုတ်တယ်- ပျော်စရာ နောက်စရာတွေကတော့..အပုံပဲ။

မနော်- အတိတ်တွေ အစ ဖော်လိုက်မိပြီ။း) တော်ကြာ ကျောင်းတော်က ရန်စတွေ ပါ ထွက်လာအုံးမယ်။

လင်းဒီပ- ဟုတ်တယ်
စင်စင်- အများကြီးထဲက..ထူးထူးခြားခြား မှတ်မိနေစေတဲ့ ဆရာတွေလေ..

ကလူသစ်- မတူတဲ့ ခေတ်အပိုင်းအခြားလေးတွေ ထဲမှာ..လူတွေလဲ အမျိုးမျိုး ပေါ့လေ။ အောက်က.. ကလူသစ်စာကို ပြန် ကိုးကားထားတဲ့ ကိုအောင် ပြောသလိုပ။ တချို့ဆရာတွေကတော့.. မှတ်မိချင်စရာ မကောင်းအောင်ကို.. ပေါ့လျော့ အားနည်းကြတယ်။ အထူးသဖြင့်..ဒီဖက်ခေတ်

မသီတာ- ဧကန္တ.. လက်ရွေးစင် ခဏခဏ ပါဘူးတဲ့ ကျောင်းသူ တယောက်ဖြစ်ရမယ်။း)

မေ့သမီး- ဒီဖက်ခေတ်ရောက်တော့..အဲလို ပြောင်းနှုတ်ဆက်ရတယ်နော်။ ကမ္ဘာမကြေ ရော ဆိုကြရသေးလား။

မီယာ ပြောသလို..နောက်ပိုင်းခေတ်က..ကျူရှင် ကို ပို အားသန်သွားကြပြီ..ဆရာရော ကျောင်းသားပါ

ရွာသားလေး- သာဓု ခေါ်လိုက်တယ်။း)

Anonymous said...

ကလူသစ် said...

ခုလို ဆရာသမားတွေအကြောင်း သတိတရရေးတာတွေတွေ့တော့ ကလူသစ် သူငယ်ချင်း(နဲ့ တချို့သူတွေ) ကိုသတိရသဗျာ။ သူတို့က NUS က MSc လဲရပြီးရော ငယ်ငယ်တုန်းကဆရာတွေမပြောနဲ့။ မဝေးသေးတဲ့ မြန်မာပြည်တက္ကသိုလ်ကဆရာတွေကိုတောင် သူ့လူရာမသွင်းချင်တော့ဘူးဗျ ..

KoAung said...

Generally, I also respect my primary+middle+high schools teachers more than my university teachers. Most of my uni teachers did not put much effort when they taught us (just woot-kyway-tan-kyway). Some teachers just taught superfically in classrooms and in detail only in their tuitions.
But, now time has changed, and almost all the teachers (from primary to uni) in Myanmar may be all like that...!


Hey Guys...

Don't Try To Assume To Others People Mind &

Don't try To Under-Estimate Others People Attitude...

Do It Your Own Best & ...

People Always Remember Their Beloved-Teachers..As Always...!!

Nice Day..!

Anonymous said...

in Addition to Above..!!!

Be Positive - Minded & ..

Be Happy...in Life...

Nice Day..!!!

ပုံရိပ် / Pon Yate said...

မကေ ရေးထားတာ ဖတ်ပြီး ငယ်ဆရာတွေကို လွမ်းသွားပါတယ်။ ရှေ့ကို ဆက်တက်ရတဲ့ အခါမှာ ဟိုတုန်းက အခြေခိုင်အောင် စိုက်ပေးခဲ့တဲ့ ဆရာတွေရဲ့ကျေးဇူးကို သတိရမိတယ်။

ကလူသစ် said...

ငယ်ဆရာတွေနဲ့ တက္ကသိုလ်ကဆရာတွေ ယှဉ်ရင် ငယ်ဆရာတွေကို ပိုသံယောဇဉ်ရှိတတ်ကြပါတယ်။ အမှန်တော့ ဒီဆရာ ၂မျိုးရဲ့ role ခြင်းလဲ မတူပါဘူး။ ငယ်ဆရာတွေကတော့ ရှင်းပါတယ်။ ပို့စ်ထဲမှာသာ ဖတ်ကြည့်ပါ။ တက္ကသိုလ်ရောက်ပြီဆိုရင် ကိုယ်ကိုယ်တိုင်ကလဲ adult ဖြစ်နေပြီဆိုတာ သတိရပါ။ တက္ကသိုလ်ဆရာတွေကလဲ ကိုယ့်ကို adult လို့မြင်နေပါပြီ။ ပညာသင်ကြားရေးနဲ့ ပက်သက်လို့ကတော့ ဘယ်ဆရာမျိုးဖြစ်ဖြစ် သူ့စိတ်ဓာတ်နဲ့သာ ဆိုင်ပါတယ်။ အထူးပြောဖွယ်မရှိပါဘူး။

ကလူသစ်သူငယ်ချင်းပြောတဲ့စကား (အတိအကျမဟုတ်)က “စက်မှုတက္ကသိုလ်က ဆရာတွေ အရည်အချင်းမရှိပါဘူးကွာ၊ ဒီက ဆရာတွေကမှ ဘယ်လို၊ ဘယ်ညာ” ဆိုတာပါ။ မြန်မာပြည်အခြေအနေ ဘယ်လိုရှိတယ်ဆိုတာ သူလဲ မသိတာမှမဟုတ်တာပဲ။

Yu Wa Yi said...

အဲဒီ နှစ်က.. ၇ တန်းပတ်လည် ဆရာတွေ အားလုံး စာသင်ကောင်းတယ်လို့ ..နံမယ်ကြီးတယ်။ နံမယ်ဆိုရင် ကျွန်မ နှာခေါင်းပိတ်ထားရမလား ဒေါ်ကေ။ အဟဲ မစရတာကြာလို့ ပါ။ ရေးထားတာလေးဖတ်ပြီး လွမ်းသွားတယ်။ အရေးကောင်းတာတော့သေချာတယ်။ “ဆရာကောင်းတပည့် ပန်းကောင်းပန်” ကိုးကေရဲ့ ။

tg.nwai said...

ငယ်ဆရာတွေကို လွမ်းတာတော့ အမှန်ပါပဲ..။ ကိုယ်တွေကတော့ နယ်စုံပြောင်းနေရတော့ ကျောင်းလည်း စုံ..ဆရာတွေလည်း စုံခဲ့ပေါ့။
ငယ်ဆရာ (၁) ဆိုလို့ နောက်ဆက်တွဲတွေကိုလည်း မျှော်နေပါတယ်.. :)

Thet Oo said...

မောင်လွဏ်းဆွေ ဆိုတာ ဒေါက်တာလွဏ်းဆွေ လား မှ မသိတာ... မေးမကြည့်ဘူးလား။

Kay said...

ပုံရိပ်ပြောသလိုပဲ- ဒီငယ်ဆရာတွေက..အားလုံးရဲ့ ပင်မ အခြေခံ ပဲလေ။

ကလူသစ်ရေ- ဟုတ်တယ် ..ငယ်ဆရာ နဲ့ တက္ကသိုလ်ဆရာတွေက.. မတူနိုင်ပါဘူး။

ဆရာမရီ- ထောက်ပြမှပဲ..ကိုယ့်မြန်မာစာ ဆရာမတော့ နံမယ်ပျက်တော့မယ်။ ..အဲ..နာမည် ပျက်တော့မယ်း)

မသိဂီ င်္- နေကောင်းသွားပီလား။ အခု ၂ လာပြီ..ကုန်လဲပီ.. စာရှည်တွေရေးပီးတော့..ပျင်းသွားပီ..အိပ်လိုက်အုံးမယ်..၂ပတ်လောက်း)

ကိုသက်ဦးများ သိမလားလို့..း)))

Moe Cho Thinn said...

ကေရေ
ငယ်ဆရာတွေအကြောင်း လာဖတ်တာ နောက်ကျနေပေါ့။ အလုပ်များနေတာနဲ့။
ဖတ်ရတာ ကြည်နူးစရာပဲ ကေ။ မြန်မာစာဆရာမလေး အကြောင်းက ဆရာမ ပီသလွန်းလို့ ကျေနပ်ပြီး ပီတိ ဖြစ်မိတယ်။ ဆရာမလေး တို့ကျောင်းသားစာစောင်လေး နဲ့ စက်ဘီးလေးစီးပြီးလာတာ မြင်ယောင်သွားတာပဲ။ ကိုငြိမ်းဇေရဲ့ ကဗျာကိုပါ သွားဖတ်ပစ်လိုက်တာ။ ကောင်းလိုက်တာ။

မေငြိမ်း said...

Illustration ခ မယူတော့ဘူးနော်.. ခစ်ခစ်..
(ပြောင်စေပျက်စေပြောပေမဲ့ ငယ်ဆရာက လွမ်းစရာပါကွယ်..)

တန်ခူး said...

ဒီတခေါက်ပြန်တော့ ငယ်ဆရာမတွေ ကန်တော့ပွဲနဲ့ ကြုံလို့  ကန်တော့ခဲ့သေးတယ် ကေရေ… တို့ ကျောင်းသားမှာ ဆုချိတ်ချင်တဲ့ ရောဂါ ငယ်ငယ်က တော်တော်ပြင်းထန်ခဲ့တာ… နှစ်သိမ့်ဆုနားတောင် မကပ်နိုင်ခဲ့ပါဘူး… မမြရတနာစိုးဆို ဟီးရိုးပဲ… အရမ်းအားကျခဲ့တာ… ကေက မြန်မာစာအရမ်းတော်တယ်နော်… အားကျတယ်…

သက်ဝေ said...

ကေရေ...
အလုပ်တွေများနေလို့ စာကြွေးတွေ အားလုံး စု ဖတ်သွားပါတယ်...။
ကေ့ရဲ့ မင်းသားလေးလဲ ဖတ်လက်စ
တ၀က်တပျက်နဲ့ ရပ်လို့ပေါ့..။
ကိုယ့်ရဲ့ စွမ်းစွမ်းလေးလဲ အစာရေစာ မ၀ပဲ ညစ်ပတ်နေလောက်ပြီ...။
ဒီရက်ပိုင်းတော့ နဲနဲ အသက်ရှုချောင်နိုင်မယ်လို့ မျှော်လင့်ရတာပဲ...

ကေ ရေးထားတဲ့ ငယ်ဆရာမတွေ အကြောင်း ဖတ်ရတာ တကယ်ပဲ ကြည်နူးမိပါတယ်။ ကိုယ့် မေမေကိုယ်တိုင်က ဆရာမ ဆိုတော့ ကိုယ်တိုင်လဲ ဆရာမတွေနဲ့ ပိုရင်းနှီးပြီး ပိုပြီးလဲ ကြောက်ရတဲ့ ငယ်ငယ်က အကြောင်းတွေကို တဆက်တည်း သတိတွေရသွားတယ်လေ...
ကေ ရေ...
နောက်မှ အေးအေးဆေးဆေး
လာလည်အုံးမယ်နော်...

Ye-Mon said...

“ဆိုရှယ်လစ်ခေတ်နှောင်းပိုင်း” ရဲ့ အငွေ့အသက်တွေနဲ့ ဆိုတော့ လိုက်လို့မှီပြီး ဖတ်လို့ ကောင်းသဗျ။ မကေ .. ဘယ်မြို့သူ ဆိုတာလဲ သိသွားပြီ။း)

မကေတို့ ကျောင်းနားမှာ နာမည်ကြီး ထန်းတော ရှိတယ်ဟုတ်။ ... ဟဲဟဲ

တို့ကျောင်းသား စာစီစာကုံးကတော့ ကျွန်တော့်အတွက် ဟိုး ... ပင်မြင့်က ပန်းဖြစ်ခဲ့တာပေါ့။ အိမ်မှာတောင် အဲဒီစာအုပ်တွေ ရှိဦးမလား မသိဘူး။ ဒီတစ်ခါပြန်ရင် ရှာကြည့်ဦးမှပဲ။

Kay said...

မချိုသင်းရေ- နောက်ကျလည်း ကျန်ပါသေးတယ်။း)
မမေငြိမ်း- ကြားထဲက မန်နေဂျာခ ယူနဲ့လေ..း)
မတန်ခူး- တို့ကျောင်းသားလေး နဲ့ ကျမတို့ ရူးခဲ့ကြတာ တကယ်တော့ ရိုးရိုးသားသား ငယ်ဘ၀လေးတွေပဲနော်။
မသက်ဝေ- မင်းသားလေးပဲ ပြီးအောင်ဖတ်ပါ။ စွမ်းစွမ်းကို ကွိကွိတို့အိမ်ပို့ထားလိုက်။း)

အာ- ကိုရဲမွန်က..ဘယ့်နှယ့် သိရပြန်သတုန်း။ အော်- သိပီ..တို့ကျောင်းသားစာအုပ်အဟောင်းထဲက..တွေ့တာထင်တယ်။း)

nyimuyar said...

ဖတ်လို့  သိပ်ကောင်းပြီး ကြည်နူးရပါတယ်ဗျာ