မနက်ခင်းလေး

“ကေကေ..ထ..ထ..ဘုန်းကြီးတွေ ကြွလာပြီ.. ”
ဝေ..
အေး..အေး.. လာပြီ..လာပြီ..
-
အိပ်ချင် မူးတူး နဲ့..ကုတင်ပေါ်က..အမြန်ဆင်း..ညအိပ်ဝတ်စုံ ပေါ်က..လုံခြည်တထည် ကောက်စွပ်ပြီး..အိပ်ရှေ့ကို အပြေးတပိုင်း နဲ့ ထွက်ခဲ့တယ်။ အရေးထဲ..မီး ပြတ်နေတယ် ထင်တယ်.. ဘာမှ မမြင်ရ..အိမ်ရှေ့ပေါက်နားက..ခွေးခြေပုလေးကို ၀င်တိုက်တာ..နာလိုက်တာ..
-
မိုးတောင် မလင်းသေးဘူးပဲ.. ရပ်ကွက်လေး တခုလုံး..ပိန်းပိတ်အောင် မှောင်လို့.. ။ လမ်းမီးရောင် .. မပီ ၀ိုး
ဝါး..အောက်မှာပဲ.. ခြေသံတွေ တရှပ်ရှပ် နဲ့..အတန်းလိုက်.. ဆွမ်းခံကြွလာတဲ့.. သံဃာတွေကို..အရိပ်တွေ အဖြစ်နဲ့ပဲ..လက်စုံမိုးလိုက်တယ်။
-
“ ကေကေ က..မတ်တပ်ကြီး ရှိခိုး တယ်... ”

ဒီ နိဗ္ဗန်ဆော်လေး က..တမျိုး..။ ပြန်ရောက် ကတည်းက..အဒေါ်လုပ်သူ ကို.. တချက် မပြတ် လိုက်ကြည့် ပြီး ဝေဖန် နေတာလေ.. အုတ်နီခဲ မလေး..။ ဘောင်းဘီ ၀တ်ရင် ၀တ်လို့.. ဇွန်း ခက်ရင်း နဲ့စားရင်..စားလို့.. ဘုရား မရှိခိုးရင်...မခိုးလို့..။ သူ့မှာ..နိုင်ငံခြားမှာ နေတဲ့..သူ့အဒေါ်ကို.. မြန်မာမူတွေ ပျောက်မှာ..မြန်မာပြည်ကို မချစ်တော့မှာ.. ဗုဒ္ဓဘာသာ မဖြစ်တော့မှာ..အတော် စိုးရိမ်ပူပန် နေပုံ ရ သည်။
-
ခုလည်း.. အိပ်ကောင်း..ကွေးကောင်း နေတဲ့ အချိန်မှာ တောင်..ကလေး တန်မဲ့.. သူမို့ ထ နိုင်တယ်..။ သူ့အမေ ဘေးမှာ..ဆွမ်းဗန်းတွေ..ကူ ပြီး..လှယ်ပေး နေ တာကို ကြည့်..ဟောဒီက..လူကြီး တယောက်လုံး ကိုတောင်.. မျက်ခင်းပေါ် လမ်းဘေး..ထိုင် မရှိခိုးလို့တဲ့… ကလေးက..ပြန်ဆုံးမနေ ပုံ.. ။
-
“ လာ ..မိကေ... ကျန်တဲ့ တခွက် ဆက် လောင်းလိုက်..ရော့ ..ရော့..”

မမကြီး လှမ်းပေးတဲ့.. ဆွမ်းခွက် ကို လှမ်းယူ ရင်း.. ဘယ်နှယ်ပါး လောက် ကျန်သေးလည်း..လှမ်းကြည့်တော့..ကိုရင်ငယ်လေးတွေ..လေး..ငါး..ဆယ်ပါးပဲ.. ရှိတော့တယ်.. မှီသလောက် ပေါ့။
-
နောက်ဆုံး ကိုရင်လေး ရဲ့ သပိတ်ထဲ..ဆွမ်းလက်ကျန် တွေ အကုန် လောင်းထဲ့ ရင်း..ကြေးစည်သံ လွင်လွင်လေး ကို ကြားလိုက်ရတော့.. ရင်ထဲ ကြည်နူး လိုက်တာ…။ အတင်း လာနှိုး တဲ့..တူမလေးကို ပဲ ကျေးဇူး တင်ရတော့မယ်။ ညကတည်းက..ဆွမ်းလောင်း ထဖို့..တတွတ်တွတ် နဲ့ လာပြော နေ တာ လေ... ။
-
ဆွမ်းထွက် လောင်းတဲ့.. မျက်စောင်းထိုး အိမ် နဲ့.. ဟိုးဖက်.. နှစ်အိမ်ကျော် က..လူ တွေလည်း..အင်ဗက်တာ မီးချောင်းရောင် အကူအညီ နဲ့..ဆွမ်းခွက် တွေ သိမ်းလို့..အိမ်ထဲ ၀င်ကုန်ပြီ။ အလင်းရောင် က လည်း ..ပျို့တယ် ဆိုယုံလေး ရှိသေး။
-
+++++
-
အိပ်ယာ ပေါ် ပြန်လှဲရင်း.. ဘ၀ မှာ..အိပ်စက် နားနေ ဖူးခဲ့တဲ့.. နေရာတွေ.. အကြောင်း တွေးနေ မိတယ်။
ကြည့်ပါ အုံး..ကုတင် ရဲ့ ဘေးနံရံ မှာ..ည မီးစုန်းရောင်..ကြယ်တွေ..လတွေ..အရုပ်တွေ နဲ့။ ဖက်ထားတဲ့..ခေါင်းအုံးအစွပ် ပေါ် က.. Pooch ရဲ့ အကျီ င်္အနီလေး အောက်က..ထွက်နေတဲ့ ဗိုက်ပူပူ လေး ကို ကြည့်ရင်း.. ရုပ်ရှင်တွေထဲ က ခလေးမလေးတွေလို..၀က်ဝံ ရုပ်ကြီး တရုပ်လောက် အိပ်ယာထဲ ထားချင်ခဲ့ ဖူးတဲ့..ငယ်ဘ၀ တွေကို လွမ်းမိသေး တော့..။
-
ခုတော့..ခဏတဖြုတ် အလည် ပြန်လာတဲ့..သူ့အဒေါ်လေးကို ရက်ရက်ရောရော..သူ့အခန်းလေး ပေးအိပ်တဲ့.. တူမလေးရဲ့.. ကုတင်ပေါ်မှာ.. ။..ဧည့်သည် လည်း မမည် ..အိမ်သားလည်း မဟုတ်တော့..။
-
ပြတင်းပေါက်က တဆင့် ၀င်လာတဲ့...အာရုဏ်ဦး ရဲ့ ၀ါနုနု..နေခြည် လေးက..အစိမ်းနုရောင် အခန်းလေးထဲ ကို.. မသိ မသာလေး..ဖြန့်ကျက် ဖို့..ကြိုးစားနေတယ်.. ။ ညည့်သိပ်ထားတဲ့..လေ နုနုလေးက လည်း .. အေးတယ် ဆိုယုံလေး..အပြာရောင်..ခြင်ထောင်စ လေးကို..တို့ထိ လာတော့.. ပြန်အိပ်လို့ လည်း မပျော်တော့ ပါဘူးလေ..။ ခပ်ဝေးဝေး ကနေ..လေသင့်ပြီး မျောလာတဲ့..သီချင်းသံ ကို..နားစွင့် ရင်း..ငယ်ငယ်က..အဘွားတို့ အိမ်မှာ..အလှူကြီး လုပ်ရင်...တောသီချင်း..အလှူသီချင်းတွေ .. ခုနှစ်ရက်..ခုနှစ်လီ ဖွင့်တတ်တာကို..သတိရ မိ ပြန်..။ ခုလည်း..အနီးအပါး ရပ်ကွက် တခုက..ဆွမ်းလောင်းရုံ..ဒါမှမဟုတ်..အလှူခံ မဏ္ဍပ် တခုခု က..မနက်စောစော ထ ဖွင့်တာ ဖြစ်ပေလိမ့်မည်..။

ဗျောသံ..စည်သံ..ညံတယ်..ညံတယ်..အံ့အဲ ချိမ့်ချိမ့်..သိမ့်သိမ့် ပျော်မဆုံးပေ…. ပွဲတော်..နွှဲပျော်.. ယိမ်းတော်..စည်တယ်.. ဗိန်း..ပတ်ပတ်..ဗေဗေ ဗုံ..

မေဆွိ အသံလား..နီနီ ၀င်းရွှေ အသံလား.. ခုခေတ် ပြန်ဆို တာတွေ လားတော့မသိ…အသံက..ခပ်သဲ့သဲ့ရယ်..။ ဒီခေတ်ကြီး ထဲ.. ရန်ကုန်မြို့ကြီးမှာ..ဒီ သီချင်းမျိုးတွေ..ဖွင့်နေသေးတာကို..အံ့သြသလို တော့.. ဖြစ်မိသား.. အေးလေ.. ဒါ- ၀င်ဒါ မီယာ မှ မဟုတ်တာပဲ..။
-
ဟော..လာပါပြီ..ဖြူတုတ်မ ..ခြင်ထောင် အပြင် ကနေ..တညောင် ညောင် နဲ့ ပွတ်သိ ပွတ်သပ် လာလုပ် နေ ပြီ။ သူ့ သခင်မ ကို လုပ်နေကြ ..နိုးနေကြ ထင်ပါ့။
-
ကဲ..ကဲ.. ထ ပါပြီ..ကွယ်..။
-
ကြောင်ချစ်တဲ့.. တူမလေးက..သူ့ ဖြူတုတ်မ နေဖို့ ဆိုပြီး..သူ့ စာကြည့် စားပွဲ အောက်မှာ.. အိမ်ဆောက် ထားတာလေ.. ကြည့်ပါအုံး.. ရီ -- ရီ ရသေး တော့..။ ပန်းအိုး သေးသေးလေးတွေနဲ့.. စက္ကူ ကြိုးကြာလေး တွေ ချိုးပြီး..ကြိုးနဲ့ တွဲလောင်းချ..အလှ ဆင်လို့.. ။ ငပေါမလေး..။ လူကြုံ ရှိ လို့..ဖုံးထဲကနေ..သမီး ဘာလို ချင် လဲ..မေးတိုင်း.. ကြောင် လည်ပတ်.. ကြောင်အိပ်ယာ.. ကြောင်ကစားစရာ.. ဒါပဲ.. ။ ဘယ်တုန်းက မှ.. တိရိစ္ဆန် မချစ်တတ်တဲ့..ကိုယ့်မှာ..ဈေးရောက် တိုင်း pet အတန်းမှာ..အဆန်းတွေ သွားသွား ရှာ ရတာ..အမော။
-
“ ကေကေ..၇ နာရီ ထိုးပြီ.. ပြန်အိပ်နာ..ထသေးဘူးလား..အိပ်ပုတ်..ဆွမ်းလောင်း တာလည်း မမှီဘူး..”
-
ဟော.. လာပါပြီ..ကြောင်သခင်မ..သူ့ကြောင်နောက်မှာ..ကပ်ရက်.. ။
-
“အောင်မာ…နိုးနေပါပြီ အေ.. ညည်း..အမ နဲ့ ညီမလေး ကော..နိုး ပြီ မို့လား.. ကျုပ်ကိုများ..”
-
အလတ်ပီပီ..တအိမ်လုံး အတွက်..ပူ တတ် ပန်တတ် ဆရာလုပ် တတ် တဲ့.. ၁၂ နှစ်သမီးမလေး ရဲ့ ခေါင်းက ဆံပင်လေးတွေ ကို.. ချစ်စနိုး နဲ့.. ဆွဲဖွ လိုက် ရင်း..လှပ တဲ့..မနက်ခင်းလေး တခု ကို..လွတ်လွတ် လပ်လပ် ကြီးကို..ရှိုက်ယူ ပြစ်လိုက် မိတော့တယ်။
-
++++++
-
မမကြီးက..မီးဖိုထဲမှာ..ရေဒီယို တလုံး နဲ့ အလုပ်ရှုပ်လို့..။ ဘောပင် ရာ တွေ ပွနေအောင်..နေရာ မှတ်ထားတဲ့..လှိုင်းတို လှိုင်းရှည် တွေထဲက.. အလွတ် သိနေ တဲ့..ရေဒီယို လှိုင်းတခုကို..ဖမ်းဖို့ ကြိုးစားနေတယ်..။ အေရီယာ တိုင် ကို.. ဆွဲထုတ် လိုက်..ဟိုဖက် စောင်းလိုက်..ဒီဖက် စောင်းလိုက် နဲ့ပဲ.. နောက်ဆုံးတော့.. ဘီဘီစီ မနက်ပိုင်း အစီအစဉ် ရဲ့ ကြက်တွန်သံ လို လို တီးလုံးလေး ထွက် လာတော့တယ်။
-
မီးဖိုခန်း ပြတင်းကနေ..လှမ်းကြည့်တော့..ပတ်ဝန်းကျင် တခွင်လုံး..လင်းလို့..သန့်လို့..။ နှင်းရည်သောက်ထားတဲ့..ဗူးစင်ပေါ်က..ဗူးညွန့်လေးတွေတောင်..နေရာင်အောင်မှာ..တလက်လက်နဲ့ စိမ်းနေတာ.. အတိုင်းသား ။ အရှေ့ဖက် ..ပြတင်းက..မာလကာရွက် တွေကို ဖြတ်ပြီး ၀င်လာတဲ့..နေပျောက် တွေက....စားပွဲ ပေါ်က..ထမင်းကြော် ပန်းကန် တွေ ရဲ့ အငွေ့တွေ ပေါ်မှာ အတန်းလိုက်.. အလျားလိုက်.. ။
-
“ မိကေ..ဘာစားမလဲ..လာ..နင့်ကို စောင့်နေတာ.. ဒီနားက..နံမယ်ကြီး မုန့်ဟင်းခါးလဲ..၀ယ်ထားတယ်..ထမင်းကြော် နဲ့.. လက်ဖက် ..ဘူးသီးကြော် လည်း ရှိတယ်..မိဆု..သမီး..သွား..မမတို့ကို နိုးတော့.. ”
-
“ အကုန်စားမယ်.. ဘူးသီး ကြော်က..မမကြီး ကိုယ်တိုင် ကြော်တာလား.. မနက်ကလည်း အစောကြီး ထ..ဆွမ်းချက်ရ တာ.. ”
-
“ ဟင့်.. ကေကေ မှ..လုပ်မကူတာ..မေမေကြီးပဲ အကုန်လုပ်ရ တာပေါ့.. ”

အမလေး..သူ့အမေ ကို သိတတ်နေပုံများ..

သူရော..မမကြီးရော..ပြုံးမိတော့သည်။
-
“ ဟဲ့.. ကေကေ က..တခါတလေမှ လာလည်တာ..သမီးမေကြီးက..ချစ်လို့ လုပ်ပေးတာပေါ့..ကေကေ့ကို ငယ်ငယ်တည်းက..ကြော်ကြွေးနေကျ.. သိလား..”
-
ငပေါမ တွေ လို့..မမကြီးက..ထောမနာ ပြု ရင်း..စတီး မက်ခွက်ကြီး ထဲမှာ.. ကော်ဖီ တွေ..တဂေါက်ဂေါက် ဖျော်နေသည်။
-
“ အား..ကော်ဖီ နံ့က မွှေးနေတာပဲ.. ဆုလား.. လက်ရွေးစင်လား..ဘာပဲဖြစ်ဖြစ်..ကော်ဖီ မစ်က်စ် အထုပ် တွေတော့..မသောက်ချင်ဘူး.. အဲလို လတ် လတ် ဆတ်ဆတ်မှ..”
-
မမကြီး ထဲ့ပေးတဲ့..ကော်ဖီ ခွက်ထဲက..ကော်ဖီ တငုံ သောက်လိုက်ရင်း.. ရေဒီယို က လာနေတဲ့..စကားဝိုင်း အစီအစဉ် က…နားထဲ ၀င်လာသည်။
-
ဘယ်အချိန်ကတည်းက..ပြောချင်နေမှန်း မသိတဲ့ လူကြီး တယောက်ရဲ့.. အဖြတ် အတောက် မပါတဲ့.. စကားရှည် ကြီးကို.. အတင်းဖြတ်ချ ဖို့..ကြိုးစားနေတဲ့..ဦးကျော်ဇံသာ က..ဟုတ်ကဲ့ ခင်ဗျာ.. လေ နဲနဲ ရှည်ပါတယ်.. တဲ့။ ဘုရားရေ.. အဲလို ကြီး ပြောထွက် တယ်..။ ဟို လူကြီးတော့..ဘယ်လောက် အောင့်သက်သက် ဖြစ်သွား မလည်း မသိ..။

“ ဘာအကြောင်း ဆွေးနွေး တာလဲ..ဟင်..”

“စီးပွားရေး ပိတ်ဆို့မူ အကြောင်းပါ..ထုံးစံ အတိုင်း..ပိတ်သင့်..မပိတ်သင့် ပေါ့.. ”

“ အင်းနော်.. ဆန်ည်ရှင်း ကတော့..တကယ့် ကွန်ထရိုဗာရှယ် ပဲ.. ခက်တာက..ဒီ နည်း ကြောင့်..ဘယ်အစိုးရ မှ ပြုတ်ကျ မသွားခဲ့ သေးတာပဲ.. လောလောဆယ်ဆယ် တော့..နိုင်ငံသားတွေပဲ.. နစ်နာနေကြ ရတာ.. ”

“ ကေကေ..ဗမာပြည်မှာ..ဗမာလိုပဲ ပြော..”
-
လာပြီ..သူ ပါ လာပြီ။
-
“ အေးပါ..ခင်မျိုးချစ် ရယ်.. ကေကေ က..ဗမာလိုတွေ မေ့ကုန် ပြီ ဟဲ့..” လို့ နောက်တော့.. ပါးဆုံ့လေးတွေ တက်အောင် ရီနေ ပြန် တဲ့.. သူ့ တူမ လေးကို ကြည့်ပြီး..မျိုးချစ်..တိုင်းချစ် စိတ် တွေကို..မျိုးဆက်တွေ ဘယ်လို လက်ဆင့် ကမ်း ကြ သလဲ ဆိုတဲ့ အတွေးက.. ခေါင်းထဲ ၀င်လာ သည်။ ဒီတူမလေး ပေါက်ကာစ က..သူပဲ ထိန်းခဲ့..ချီပိုး ခဲ့ ရတာ..။ ခုတော့..၁၂ နှစ်သမီး ကြီးတောင် ဖြစ်လို့..။ ဟောဒီ တိုင်းပြည် ကြီးထဲမှာ ကြီးပြင်းရင်း..တိုင်းပြည်ကိုလည်း..ချစ်တက်နေလိုက်တာ..။ စာတွေ ကလည်း ဖတ်တတ်..ရေးတက် နေ ပြန်ရော..။ သူ့အခန်းလေး ထဲမှာ တောင် .. ကိုယ်ပိုင် စာအုပ်စင် သေးသေးလေး နဲ့.. ။ တခြား ညီအမ တွေနဲ့မတူ.. ဒီ အရွယ်လေး နဲ့.. ပစ္စည်းတွေ ကို သပ်သပ်ရပ်ရပ် ထားတတ် တာကို တော့..အတော်သဘော ကျမိသည်..။
-
“ ညက..သမီး အခန်းထဲက..စာအုပ် စင်မှာ..တော့တိုးချန် စာအုပ်လေး တွေ့တယ်..သမီး ကြိုက်လား..တော့တိုးချန်လေး ကို ဘယ်လို ထင်လဲ..ပြောပြ ပါ အုံး..” ဆိုတော့..ထုံးစံ အတိုင်း..မျက်လုံးလေး တွေ အစ်အောင်..ရယ်လို့သာ နေတယ်။
-
“ သမီး ငယ်ငယ်ကလေ..မှတ်မိလား..ကကြီး ခခွေး ကို မသင်ချင်ဘူး..စာတွေကို တန်းပဲ ဖတ်တတ် ချင် တယ်.. ဆိုတာလေ..”
-
မနက်စာ ၀ိုင်းလေးက..စားသောက် ပြီးလို့..လက်ဖက်ရည်ကြမ်း တခွက်စီ နဲ့..စကားဝိုင်း အဖြစ် ပြောင်းသွားပြီ။ မမကြီးက.. အစီအစဉ်တွေ ပြီးကာနီး ဖြစ်နေတဲ့..ရေဒီယိုကို လှမ်း ပိတ်လိုက်ရင်း..
-
“ အမလေး ..နင့်တူမက .. နင့်ပုံစံ အတိုင်းပဲ.. အိမ်မှာ..ဗလာစာအုပ် အဖြုန်းဆုံးပဲ.. မနေ့က..သူ့အခန်းကို ၀င် ရှင်းတာ.. ကျန်းမာရေး ပညာပေး ဆိုပီး.. မြန်မာ့အလင်းထဲက.. ကျန်းမာရေး သတင်းတိုလေး တွေကို..စုပြီး..ကပ်ထားတာက..တမျိုး..။ သူ့ညီမ တွေ မောင်တွေကို..ပုံပြောပြတဲ့..၀တ္တု စာအုပ်က..တမျိုး..။ ဒိုင်ယာရီ ဆိုတာလည်း ရှိသေးတယ်..”
-
“ ဒီမှာ..ဒီမှာ..သူ့ရဲ့ ဒိုင်ယာရီ.. သမီး ဖတ်ပြမယ်.. ”

ဟော…အခုမှ အိပ်ယာက..ထလာတဲ့..အကြီးမကြီးက.. သူ့ညီမ ဒိုင်ယာရီ စာအုပ်ကို ဆွဲချ လာတယ်..။
-
----နိုင်ငံရေးတဲ့..နိုင်ငံရေးကိုတော့သိပ်နားမလည်ပါဘူး။ ဒါပေမဲ့ အခု ဖြစ်နေတာ ကိုတော့ လုံးဝ လုံးဝ မကြိုက်ဘူး။ တစ်ခါ တစ်လေ ငါတို့ နိုင်ငံ အဆင်းရဲဆုံး နိုင်ငံ လားလို့ စဉ်းစားဘူး ပါတယ်။ မေကြီး ကတော့ မဟုတ်ပါဘူး တဲ့။ နောက်က ပြန်ရီရင် သုံးနိုင်ငံ မြောက်တဲ့။ အားရှိ စရာပါပဲလေ။ ကိုယ့်နိုင်ငံကို ချစ်ပါတယ် လေ။ ဒါပေမယ့် နေတာ ကြာလေ စိတ်ပျက် လေ။ သြော် သူများနိုင်ငံ တွေမှာ.. မီးမပျက်ပါလား။ သိပ်အားကျတာပဲ။ ၈၈ အရေးအခင်း အကြောင်း ကြားရင် သိပ်ငိုချင် တာပဲ-----( ဟိ ဟိ..သူပဲ ကြုံဖူးသလိုလို နဲ့) -----
-
အကြီးမက.. နောက်နေပြန် သည်။
-
“ အီးးးးးး.. တော်ပြီ.. မကြီး ဆက်မဖတ်နဲ့တော့.. ပြန်ပေး.. ”
-
“ (နေအုံး.. ဒီမှာ ရှိသေးတယ်.. ကြီးကျယ်တာက..သမီး ဆက်ဖတ် ပြမယ်.. ) ပြော ရဦးမယ် နားထောင် ချင်မလားတော့ မသိဘူး။ တစ်ခါတုန်း ကလေ ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့ မှာပေါ့။ ကားပေါ်မှာ သကြားလုံး
ဝေလိုက်လို့ မေကြီးက ပြောတယ်။ ကိုယ်ကလည်း ဝေချင် တယ်လေ။ အဲ့ဒါကို အချို့အချို့လူတွေ ကပါ။ ဗိုလ်ချုပ်နဲ့ ဘာတော်လဲတဲ့။ သြော် တော်ချင်တာပေါ့။ ဖြစ်နိုင်ရင် အဘိုးတောင် တော်လိုက်ချင် သေးရဲ့...ဒါပေမဲ့ ပြောမနေ တော့ ပါဘူး... ( ဘဘ ကြားရင်... နင်တော့သွားပီ...)
-
“ ဟာ... ပြန်ပေးတော့...ဆို...”
-
ရှက်နေတဲ့.. ဒိုင်ယာရီ ပိုင်ရှင်လေးကို..၀ိုင်း စကြ နောက်ကြ ရင်း..မနက်ခင်းလေးက..စိုပြေ လန်းဆန်း နေ တော့ တယ်။ တတိယမြောက် အဆင်းရဲဆုံး နိုင်ငံ ဖြစ်လို့.. ၀မ်းနည်း ရင်လေး နေရ တာတွေ တောင်.. မနက်ခင်းလေး ထဲမှာ..မေ့လျော့ လို့…။
-
+++++
-
အိမ်ရှေ့..တိုင်ကပ် နာရီ က.. အသံသာသာ ကြားရသည်။
-
“ ဟေး.. ကိုးနာရီ ထိုးပြီ.. အကြီး မ နဲ့ အငယ်မ..စားစရာ ရှိတာ..စား..ပြီးရင်..ရေချိုးထား..တော်ကြာ..ယု တို့ သားအမိ တွေ လာတော့မယ်..ကျောင်းပိတ်ရက်..ဒီနေ့.. အိုရှန်း ကို လိုက်ပို့မယ်..ဆို..”
-
မမကြီးက.. အ၀တ်လျှော်စက် ထဲကို..အ၀တ်တွေ..ရွေးထဲ့နေရင်း..နှေးတိ နှေးတွဲ့ လုပ်တတ်တဲ့..သူ့ညီမ နဲ့..သူ့သမီး သုံးယောက် ကို.. ဆော်သြ နေ သည်။
-
နေပါအုံး.. ဒီမှာ.. တူမ တွေ ကို..ကြုံတုန်း..ဗျူးနေတာ..။ ခု တခေါက် ပြန်လာတာ..ကလေး တွေ လက်ထဲ ကြည့်လိုက်ရင်.. ဘာလေးတွေ ကိုင်ထားမှန်း မသိ.. ဂိမ်းဆက် လိုလို ဘာလိုလို ဟာလေးတွေ..။ မေးကြည့်တော့မှ.. MP4 တဲ့။ လှည်းတန်း က..ဆိုင်တွေ မှာလည်း ..ရေးထားတာ..MP4 ပြင်သည် ဆိုတာ..ဟိုနားတွေ့..ဒီနားတွေ့..။ ဟိုတုန်းက “Gas ဖြည့်သည် ” ဆိုတဲ့..ဆိုင်းဘုဒ် တွေ အတိုင်းပဲ။
-
“ ပြပါအုံး..သမီး.. MP4 က..ဘာ တွေ ရှိလဲ လို့..” ဆိုတော့.. သူ့ရဲ့ ပန်းရောင် ပစ္စည်းလေးကို.. အနားမှာ..လာဖွင့်ပြတယ်.. ကွိကွိ..ကွကွ နဲ့..ဘာသီချင်းတွေ မှန်းလည်း မသိ.. ။
-
နှာခေါင်း ရှုံ့မိတော့.. “ အဲဒါ..တက်နို ..သမီး သိပ်မကြိုက်ပါဘူး..သူငယ်ချင်း သွင်းပေးထားတာ..” တဲ့။
-
“ ဟဲ့.. ညက.. သမီးတို့ ဖွင့်နေ တဲ့..သီချင်းလေး တော့.. ကေကေ ကြိုက်တယ်.. လာ..ယုတို့ မလာခင်.. သီချင်း ခွေ ကြည့်ရအောင်..မီးပြန်လာပီ မဟုတ်လား.. ”
-
ထမင်းစားခန်းထဲက..အခု မှ ထွက်လာတဲ့..သမီးကြီးက -
-
“ အဲဒါ ကောင်းတယ်.. examplez လေ.. ကြိုးကြာလည်း သမီး ကြိုက်တယ်.. ကြိုးကြာနဲ့ စင်ဒီက..ညီအမလေ.. စင်ဒီက..ခု ယောက်ကျားရသွားပီ..သိလား..ဒီ အနားလေးမှာပဲ နေတာ.. ”
-
သူတို့ သီချင်းကို..ကြိုက်တယ် ဆိုလို့..ပျော်ပြီး..ဖွယ်ဖွယ်ရာရာ..ရှင်းပြရင်း..အားတက်သရော ကို စက်ထဲကို.. အခွေ သွားထဲ့ နေတဲ့..တူမ နှစ်ယောက် နဲ့အတူ..သူလည်း ဆယ်ကျော်သက်လေး..ပြန် လုပ် ချင်စိတ် ပေါက်လာ သည် ။





-- သူငယ်ချင်း ထက် ပိုတဲ့ အချစ်..ငါ့စိတ်ထဲမှာ..ဖြစ်ခဲ့---
-
ဟစ်ပ် ဟော့..စတိုင် အတိုင်း တလှုပ်လှုပ်နဲ့.. အကြီးမကြီးက.. ဆိုလိုက် တော့.. အလတ်မ ကလည်း.. ဘယ်နေ မလဲ..။
-
---အနေတွေက..နီးစပ်လို့..ရင်ခုန်သံတွေ ..ပြောင်းခဲ့----
-
သူ့စည်းချက် အတိုင်း..ဟုတ်နေ ကြပါလား..
ကဲ...လာထား..ဒါက..ကိုယ့်အလှည့် ကွ.....ကြိုးကြာ နဲ့အတူ...
-
“ မင်းဘက်ကတော့...ဖြစ်နိုင်တယ်...အရာရာ ဟာ..လွယ်လွယ်လေးပဲ...”
-
သူပါ လိုက် ဆိုတော့..တူမတွေက.. သဘော တွေ ကျ ကုန် ပြီ...
-
“ အဲဒါ..ထွန်း ထွန်း.. နောက် တယောက်..နားရွက်ကားကားလေး က..သက်အောင်...”
-
“ သမီး က.. သက်အောင် ကြိုက်တယ်..”
-
ဟားဟား.. သူက.. ဒီလိုတွေ တောင်..ရွေးတတ် နေပြီးကိုး.. အေးလေ..၁၂ နှစ်သမီး ပဲ.. ကိုယ်တွေ..၁၂ နှစ်သမီးက..ဘာတွေ နားထောင်..ဘာတွေကြိုက်လို့.. ရင်ခုန်နေတတ်ပြီလား..မမှတ်မိတော့...
-
ဘာပဲပြောပြော...မြူးကြွတဲ့.. စည်းချက် သံ အောက်မှာ..သူလည်း.. မြူးကြွလာသည်။
-
----အားနာလိုက်တာ..အချစ်ရယ်.. အားနာလိုက်တာ..အချစ်ရယ်.. ခင်ဖို့ကောင်းတဲ့..သူငယ်ချင်းရယ်..အားနာလိုက်တာ..ကွယ်.. အားနာလိုက်တာကွယ်-----

ဒီတခါတော့....သူတို့ သုံးယောက်လုံး..သံပြိုင် ဟစ်ပြစ်လိုက်သည်။
-
ဒါတောင်..ကလေးတွေကို..မခံချင် အောင် စလိုက်သေးသည်။

“ အင်း.. သီချင်းက..ကောင်းမှာပေါ့.. အရင်ခေတ်က..သီချင်းကြီးကို.. ပြန်ပြီး..အော်လ်တာ..လုပ်ထားတာကြီး ကို.. ” ဆိုတော့..
-
“ So what.. ” လို့.. သီချင်းထဲက..ကောင်လေး အသံ အတိုင်း.. နှစ်ယောက်သား..သူ့ကို လျှာထုပ်ပြီး မဲ့ပြ ကြ တယ်။
-
အိမ်ရှေ့က.. ကားသံ ကြား လိုက်ရပြီး.. မမကြီး တယောက် အငယ်မ ကို..အကျီ င်္လဲပေးနေရာ က..ထွက်လာတယ်..
-
“ ဟဲ့..ဟို အဒေါ်ငပေါ..ကလေးတွေ နဲ့ ပြိုင်ပေါ နေ.. ဟိုမှာ..အိမ်ရှေ့မှာ..ယုတို့သားအမိတွေ လာပြီ.. သွားကြ.. အေး..ခလေးတွေ ကို..လျှောက် စွတ်ဆက် ၀ယ်ပေးမနေနဲ့ အုံး.. ပြီးရင်..အပြင်မှာ..စားမလာနဲ့..အိမ်မှာ..ဒီနေ့လည်..ကြာဇံချက် ချက်မှာ.. ကြားလား..”

“ So What .. ”

လို့.. လက်နှစ်ဖက်ကို နောက်ပြန်ကွေးပြီး..မမကြီးကို ပြန်ပြောင် လိုက်တော့.. တူမနှစ်ယောက်သား..သဘောတွေ ကျပြီး.. တခစ်ခစ် နဲ့ ရီလိုက်ကြတာ…။
-
အိမ်ရှေ့က..ဟို မျောက်လောင်း..တူ လေး နှစ်ယောက် မဆင်းလာခင်.. တူမ လေး သုံးယောက်နဲ့ အတူ..မနက်ခင်းလေး တခုထဲ.. လွတ်လွတ် လပ်လပ် ပြေးထွက် ခဲ့တယ်...။



ဆက်စပ်ဖတ်ရန်- new generation


Share/Bookmark

22 Comments:

မမသီရိ said...

ကေ့ မနက်ခင်းလေးက
ရောင်စုံနေလိုက်တာ
သာသနာရေး..နဲ့ ဒါန
မြန်မာ့ လူနေမှုနဲ့ မြန်မာမိသားစုလေး တခုရဲ့ မနက်ခင်းလေး..
မြန်မာ့ စားစရာတွေ...
ချစ်ခြင်းတွေ.. နိုင်ငံရေး.. ပိတ်ဆို့မှု
ကလေးတွေရဲ့ စည်းကမ်းနဲ့ မျိုးချစ်စိတ်လက်ဆင့်ကမ်း သယ်ဆောင်ခြင်း
ဂီတ သစ် ကို ခံစားခြင်း..

အစုံ အစုံပါပဲ လား ညီမရေ..

တကဲ့ ရသာစုံ မြန်မာ ငပေါင်းကြော်လေး ပဲ

Anonymous said...

လွမ်းစရာလေး။ virtual world မှာ တူမတယောက်လောက် မွေးစားမလား။

ဆန်ရှင်ကြောင့် ဘယ်အစိုးရမှ ပြုတ်မကျသေးပေမယ့် ဆန်ရှင်ကြောင့်တိုင်းပြည်မွဲနေတာလဲ မဟုတ်ပြန်။

tg.nwai said...

ကေရေ..တကယ် ခေတ်ကို ထင်ဟပ်နိုင်တဲ့ ပို့စ်လေးပါပဲ..တူမလေးတွေနဲ့ ပျော်ခဲ့မှာပဲ ထင်ရဲ့။ စဉ်းစားမိတာတွေကတော့ အများကြီးပါပဲလေ..။

yangonthar said...

အစ်မ ကေ တူ၊ တူမများနဲ့  သာယာချမ်းမြေ့
ဖွယ် နံနက်ခင်းလေးကို အသေအချာ ဖတ်သွား
ပါတယ် ကြည်နူးစရာကောင်းလိုက်တာဗျာ
အစ်မကေ ပျော်ရွှင်ပါစေ
မောင်ငယ် ရန်ကုန်သား :D

နှင်းနဲ့မာယာ said...

မကေရေ
မိသားစုတစ်စုနဲ့
ချစ်စရာ မနက်ခင်း လှလှလေး...
တူမလေးက တော်လိုက်တာနော်...
ငယ်ငယ်လေးနဲ့ သိတတ်တယ် မြန်မာမှုကို ချစ်တတ်တယ်...
အားကျစွာ ငေးမောသွာပါတယ်မကေရေ...

နှင်း

MANORHARY said...

so what ??? K :)

mirror said...

အစ်မတော့ လွမ်းနေပြီတူတယ်..။
အိမ်ရှင်လဲမဟုတ်၊ဧည့်သည်လဲ မဟုတ်၊အဲ့ဒိခံစားချက်ကို နားလည်လိုက်ပါတယ်။

rose of sharon said...

ကေနဲ့တူမတွေနဲ့ ချစ်မမကြီးနဲ့ ပျော်စရာကြီးနော်

Anonymous said...

မနက်ခင်းလေးတခုကို မိသားစုနဲ့အတူ ပျော်ရွှင်
ချမ်းမြေ့စွာ ဖြတ်သန်းနေပုံလေးကိုဖတ်ပြီး
ရိုးသားစွာ မုဒိတာပွားလိုက်မိပါတယ်။
ဗုဒ္ဓဘာသာဝင်တဦးအနေနဲ့ စေတနာရက်ရောစွာ ဘုန်းကြီးဆွမ်းလောင်းနေပုံလေးလဲ မျက်စေ့ထဲ
မြင်ယောင်ကြည်နူးမိလိုက်သေးတယ်လေ။
အင်း..သူများအဆင်ပြေ ပျော်ရွှင်တာလေးကို
ဝမ်းသာကြည်နူးပြီး မုဒိတာပွားနိုင်သေးတဲ့
ကိုယ့်ကိုယ်ကိုလဲ တော်ပါသေးရဲ့လေလို့
ထပ်ဆင့်တွေးသွားမိကြောင်းပါမကေရေ။

MDW said...

မကေရဲ့ မနက်ခင်းလေးက အားကျစရာ။
တူမတွေကလဲ အလာကြီးပဲ။ ချစ်စရာကောင်းလိုက်ကြတာ ။

မီယာ said...

တခေါက်ပြန်တိုင်း တူတူမလေးတွေကို လွမ်းပြီး ပြန်လာရတာနော်... ပျော်စရာလည်းကောင်းသား

မေ့သမီး said...

အမပျော်စရာကြီးနော်။ လွမ်းလည်းလွမ်းစရာကြီး။ တူမလေးကလည်း သိတတ်လိုက်တာ။

Moe Cho Thinn said...

ကေ့ ပို့စ်ကိုဖတ်ပြီး တို့လဲ တို့တူမလေးတွေကို လွမ်းလိုက်တာ။ ဟုတ်ပါ့။ ခုခေတ်ကလေးတွေများ သိပ်နားလည်နေတော့တာပဲ။ တို့ တူမအကြီးလေးလဲ ၁၂နှစ်နဲ့ ၀တ္ထုလိုလိုလေးတွေ ရေးနေတယ်။ သူ့သူငယ်ချင်း မိသားစု အကြောင်းလေးတွေပေါ့။ ဖတ်ရင်း တချိန်လုံး ပြုံးနေရတယ်။
တခုခုဆို သူတို့လေးတွေက သိပ်ခံစားတတ်နေတာ ခက်တယ်။ ခေတ်ကြီးကို ငယ်ငယ်ရွယ်ရွယ်နဲ့ ထိတွေ့လွန်းသွားတာလား မသိ။ ကလေးတွေကို ပျော်ပျော်ရွှင်ရွှင်သာ ကြီးပြင်းစေချင်မိတော့တာ..။

ရွှန်းလဲ့ said...

Good. မမရေ ကြိုက်တယ်။ ဒီပို့ စ်လေးကို။

littlebrook said...

ပြုံးမိပါရဲ့ ပြုံးချင်စရာကောင်းလောက်အောင် ကြည်နူးစရာကောင်းလောက်တဲ့ မနက်ခင်းမျိုးပါ

တန်ခူး said...

ကေရေ… ကြည်နူးစရာလွမ်းစရာမနက်ခင်းလေးနော်… ဆွမ်းလောင်းတဲ့ အဖြစ်က အမနဲ့ တူလွန်းလို့  ပြုံးမိတယ်ကေ… ညက ဆွမ်းထချက်မယ်ဘာမယ်ပြောပြီး မနက်ကျတော့ ဆွမ်းတောင်အမှီလောင်းရတဲ့အဖြစ်လေ… အဲလိုပဲ မီးမှောင်မှောင်နဲ့  ဓာတ်မီးတွေနဲ့ ပေါ့… ဒါပေမယ့်အဲဒီမနက်ခင်းလေးက ပြည့်စုံနေသလိုပဲလေ…တူလေးတွေ တူမလေးတွေနော် ပျော်စရာမိသားစုလေးနော်…အမကတော့ ကိုယ့်အိမ်ကိုယ်ပြန်ရောက်ရင် အပျိုတုန်းက အိပ်ခဲ့တဲ့ ညီမလေးနဲ့ တခန်းထဲ တယောက်အိပ်ကုတင်လေးတွေ့ ရင် ငိုချင်တယ်…သိတတ်နားလည်လွန်းတဲ့ ကေ့တူမလေးတွေက ချစ်စရာနော်…ဟိုတနေ့ ကပဲ အသက် ၁၂နှစ်သူငယ်ချင်းရဲ့တူလေးရဲ့ ဘာသာပြန်ဆောင်းပါးလေးဖတ်ပြီး အံ့သြမဆုံးဖြစ်နေတာ… ခုခေတ်ကလေးတွေ ပိုထက်မြက်လာကြတယ်နော်

မမေ said...

သမီး “ဆု” ရေ သမီးရဲ့ ကေကေ က သမီး မေမေကြီးကိုမှ မကူတာ မဟုတ်ဘူး .... သမီးရဲ့ လေးလေးကိုလည်း မကူဘူး သိလား .... အန်တီ က မေးတိုင်း “ဒီနေ့ ဘယ်သူ ချက်လဲ” မေးရင် ၁၀ ခါ မှာ ၉ ခါ က သမီးလေးလေး က ချက်တာသိလား :-)))) .... ပြီးတော့ ပြောသေးတယ် “ငါချက်တဲ.နေ့ ဆို နင်က မမေးဘူးတဲ.” :-)))
ကေကေ က ကံကောင်းပါတယ်ကွယ်... [ ချွန်လည်းတွန်းသည် ... မြှောက်လည်းမြှောက်ပေးသည် ..... ဟဲ..ဟဲ ]

Anonymous said...

ဖတ်ရတာ စိတ်ချမ်းသာတယ်၊ ပျော်တယ်၊ တချိန်တည်း... သားရဲ့ထုံးစံအတိုင်း လွမ်းလည်းလွမ်းတယ်။

သက်ဝေ said...

ကေ့ရဲ့ မနက်ခင်းလေးက သာယာလိုက်တာ...
ရေးထားတဲ့ လက်ရာကလဲ ကောင်းတော့ မျက်စေ့ထဲမှာ တကွက်ချင်း မြင်ယောင်လာမိတယ်...
So What... လို့ ပြောင်ပြနေတဲ့ ကေ့ ကိုရောပေါ့...း)

Unknown said...

I'm so confused whether you are buddhist, K! In the other post, you mentioned about church which you ususlly go to. By the way, who is K's lover in Sein Pan and Gant Gaw? Christofer? If I'm rude, I apologyyou.

kay said...

Taw Win, that's OK. you don't need to apologize . ;)
I just can't answer your question cos it's the point of my story ( Sein Ban).

And I never mention what's what ..who's who and.. why. ;) thanks for reading my blog.

Unknown said...

OK, K! Thanks for your attention. Anyway, I love to read your posts.I don't satisfy myself for that I can't type in Burmese font. I'm expecting your new posts. Carry on!!!