မော်မော့် အမေ ဆုံးပြီလို့ အီးမေးလ်ပို့ အကြောင်းကြားလာတဲ့ မချိုရဲ့ စာအဆုံးမှာ..သူ ထူးပြီး မအံ့သြမိတော့ပါ။ မကြာခင်မှာ..ဒီအချိန် ရောက်လာတော့မယ် ဆိုတာ..အားလုံး ကြိုတင်တွေးဆ ထားခဲ့ပြီးသားပဲ။ ဒါပေမဲ့.. စာထဲမှာ ဒီဇင်ဘာ ၁၄ ရက်ထဲက ဆုံးတာကို..မသိခဲ့ရတဲ့ အတွက်.. စိတ်မကောင်းဘူး။ တနေ့ကတောင် ခရစ်စမတ်ကဒ်တွေ ပို့တော့.. မော်ရေ- ငါတို့ဆုတောင်းထဲမှာ နင်တို့မိသားစု အမြဲရှိနေတယ်..လို့ ရေးပို့လိုက်မိတာ.. ၂၀၀၉ မှာ အန်တီ မရှိတော့မယ်လို့..သိမှ မသိခဲ့ပဲ။
အီးမေးလ် အောက်ကို ဆက်ဖတ်တော့မှ.. မော်ရေးတဲ့..မူလ စာလေးကိုတွေ့တယ်..အန်တီ့နောက်ဆုံး အချိန်တွေအတွက်..မြန်မာပြည် ရောက်အောင် ပြန်ပို့ ပေးခဲ့ကြပြီး.. ဆုံးတော့.. သူ ရန်ကုန် လိုက်သွားခဲ့လို့..ချက်ချင်း အကြောင်းမကြားနိုင်ခဲ့တာပဲ။ သူတယောက်ထဲ..အလုပ်တွေ တအား ရှုပ်နေခဲ့မည်လေ..။ ခုလည်း..ပြန်ရောက်ရောက်ချင်း..တာဝန်ကျရာ..ကမ္ဘောဒီးယားကို ပြန်သွားရတယ်တဲ့...။ ဘာပဲပြောပြော..ခုတော့..အန်တီလည်း.. သူချစ်တဲ့..မြန်မာ့မြေမှာ ..ထာဝရ အိပ်စက်ခွင့် ရခဲ့လေပြီ။ တကယ်ဆို.. အစောကြီးထဲက.. မော်တို့ သားအမိ သားအဖ တွေ..ရန်ကုန်ပြန်ရင်နေဖို့..ကြိုပွိုင့် တိုက်ခန်းလေးတောင်..၀ယ်ထားခဲ့ကြတာ။ ခုတော့...
+++++
၉၈ မှာ သူ အိမ်မက်တွေ အကြီးအကျယ် မက်ခဲ့တဲ့.. ပညာသင်ခရီးတခု ကို စတင်ခဲ့ ရသည်။ ပထမဆုံး ရက်ဖြစ်တဲ့..Orientation Day ကို..သွားဖို့..ထူးထူးခြားခြား ၀ီရီယတွေ ပိုနေရင်း.. ရေသစ်မြေသစ် တခုမှာ..မိတ်သစ် ဆွေသစ်..အခြေအနေသစ်တွေနဲ့..ဘယ်လို ၀တ်စားဆင်ယင်မူမျိုး..သစ်ရ မလဲ.. ဘယ်လို အပြောအဆို တွေရော..သစ်ရမလဲ ဆိုတာလည်း..ရင်ထဲမှာ တထိတ်ထိတ်။
စတင်ချိန် ၁၀ နာရီ ဆိုပေမဲ့.. ၁၀နာရီ ထိုးဖို့ ၁၀ မိနစ်လောက် အလိုထိ လူတွေသိပ် မရောက်လာသေး။ Myammar လို့ ရေးထားတဲ့..သစ်သားတုံးလေး ရှိရာ စားပွဲနား ရောက်တော့.. တရုတ်မလေးလိုလို..ထိုင်းမလေး လိုလို တယောက် ထိုင်နေသည်။ တချက် ပြုံးပြလိုက်ပြီး..သူရှေ့ဖက်က..လွတ်ရာ ခုံတခု မှာ

ဝင်ထိုင်လိုက်သည်။ အဲဒီ ကလေးမျက်နှာလေးမှာ..မျက်မှန်ဝိုင်းလေး တပ်ထားတဲ့.. ကောင်မလေးကပဲစပြီး..စကားတခွန်း လှမ်းပြောတယ်။ သူနားမလည်။ နောက်တခေါက်ထပ်ပြောမှ.. မြန်မာလို မိတ်ဆက်နေမှန်း..သိတော့သည်။
နောက်ပိုင်း..မော်နဲ့သူ ညီအမတွေလို ခင်သွားတော့..အဲဒီ Orientation နေ့က..အကြောင်းကို ခလေးတယောက်လို..ခဏခဏမေးတတ်သည်။ ` အဲဒီနေ့က.. ငါ စကားပြောတာ..ဘယ်လိုကြီးလဲ ဟင်..´။ ကိုယ်ကလဲ.. အမြဲ နောက်ဖြေသည်။ ` ပီလဲမပီ..၀ူးဝါး ၀ူးဝါးနဲ့.. စကားမပြောတတ်တဲ့ကောင်မလေးလိုပဲ..´ ဆိုရင်.. တဟားဟားနဲ့သဘောတွေ ကျလို့မဆုံး ။ နောက်တော့..သူတို့ဗမာအုပ်နဲ့ပေါင်းရင်း.. ဗမာလိုတွေ မွှတ်နေပြန်ပါရော။ ဗမာစာ အသုံးအနှုံးတွေကို..သင်ပေးလို့ရပေမဲ့.. ငယ်ငယ်လေးထဲက.. ထိုင်းမှာ ကြီးပြင်းလာတဲ့..စာဆို စာပဲ သိတဲ့.. တဦးတည်းသော သမီးလေး တယောက်အတွက်.. သူ့မှာ ရွယ်တူ ကိုယ်တို့တွေလို..လူများရှေ့ ဟန်မလုပ်တတ်..ရင်မခုန်တတ်..။ ပိုဆိုးတာက..ဗမာတွေ ကြားထဲမှာ.. ဗမာအထာတွေကို..နားမလည်။ ကိုယ်ကတော့..ထုံးစံအတိုင်း..စဖို့နောက်ဖို့လောက်ပဲ..။ မော့်ကို..တကယ့်ကို ..အစစအရာရာ..သင်ပြ ဖေးခေါ်တာက.. မချို။
ကိုယ်တို့ အဖွဲ့လေးမှာ..မချိုရယ်...ကိုယ်ရယ်...ပြီးတော့..မော်..ကြီးစဉ် ငယ်လိုက်..။ တိုက်ဆိုင်ချင်တော့.. ကိုယ်တို့ ၃ယောက်လုံး..ကမ္ဘာကြီးအကြောင်း..မြန်မာ့ဒီမိုကရေစီ အကြောင်း..ပြောကြည့်တော့.. တထပ်ထဲ..တလေသံထဲ..နှလုံးသားတမျိုးထဲ။ နောက်ဆုံး..ကျောင်းပြီးလို့..စာတမ်းတင်တဲ့ အချိန်မှာတောင်..Myanmar လို့ပဲ ပုံမှန်ရေးတဲ့ တခြား ဗမာကျောင်းသား တချို့ကြားထဲမှာ..ကိုယ်တို့ ၃ယောက်ထဲ..ကွက်ပြီး..စာအုပ်အဖုံးမှာ.. Burma လို့..ဇွတ်ပေပြီး သုံးတဲ့အတွက်ကြောင့်.. ကျောင်းသားရေးရာကလူတွေတောင်..အတော်ခေါင်းစားသွားခဲ့တယ်။
ထပ်ကံကောင်းချင် တော့.. အတန်း ၂တန်းခွဲလိုက်တော့လဲ..ဒီ ၃ ယောက်က..တခန်းထဲ။ တကယ်တော့..ကိုယ်နဲ့ မချိုက..မြန်မာပြည်ထဲကနေ.. ဆွစ်စ် အစိုးရစကော်လာနဲ့လာတက်တာဖြစ်ပြီး..မော်ကတော့.. ထိုင်းကျောင်းထွက်မို့.. စကော်လားရှစ် မရှိ။ နောက်မှ.. Prospect Burma ကနေ..သူရခဲ့တာ။ ရ-ရမယ်လေ.. စာမေးပွဲတိုင်းမှာ straight A ရတဲ့..မော့်လို ဗမာကျောင်းသူ ကိုမှ..မပေးရင်..ဘယ်သူ့သွားပေးမလဲ။
ကိုယ်တို့တွေကတော့.. စကော်လားရှစ်နဲ့သာလာတာ.. စာသင်ခန်းအသစ်..စာအသစ်တွေနဲ့..အစောပိုင်း ရက်တွေမှာတော့..ထုံးစံအတိုင်း..ကုပ်ချောင်းချောင်း ..ရှက်ကိုး ရှက်ကန်း...။
တရက်တော့..IB စာသင်ခန်းထဲမှာ.. ဆရာက.. နိုင်ငံတကာ..ကုမ္မဏီတွေရဲ့ အကြောင်း အားရပါးရ ပြောပြီး ကိုယ်ကြိုက်ရာ..လုပ်ငန်းတခု ရဲ့ ပရိုဖိုင်း ကို ကွင်းဆင်းပြီးရေးဖို့.. group assignment တခုပေးလိုက် တယ်။ တဖွဲ့မှာ..အနဲဆုံး ၃ယောက်ကနေ..၅ ယောက် ရှိရမယ်တဲ့။ ဘွဲ့ကြိုတန်းအထိ assignment ဆိုတာ တခါမှ မလုပ်ခဲ့ဘူးတဲ့.. မြန်မာပြည် တက္ကသိုလ်က လာတာဆိုတော့.. စာသင်ခန်းတွေမှာ.. group ဖွဲ့ရတဲ့..ဖွဲ့တတ်ရတဲ့..ထုံးစံကို ..နားလဲမလည်... လုပ်လဲ မလုပ်တတ်..။ အားလုံးပြောပြီးလို့..ဆရာထွက်သွားတော့..လူတွေ..ပုကျိ...ပုကျိနဲ့.. အဖွဲ့တွေဖွဲ့နေကြပြီ..။ ကိုယ်နဲ့ မချို ကတော့.. အူကြောင်ကြောင် နဲ့..တောင်ကြည့် မြောက်ကြည့်- ကြည့်တုန်း။ မော်ကလည်း..ကိုယ်တို့နဲ့လာထိုင်တော့..ရောယောင် ငြိမ်နေတယ်။ တကယ်တော့..သူက..ကိုယ်တို့ ၂ယောက်ကို..အားနာလို့..ငြိမ်နေတာ။ သူက..သိပြီးသားပဲ..။
ဒီကျောင်းကြီးက..အင်တာနေရှင်နယ် ဆိုပေမဲ့လည်း .. ဘွဲ့ရပြီးပြီးချင်း..ကိုယ်ပိုင်ကားတစင်းစီ နဲ့..တန်းရောက်လာတဲ့..အသက်၂၀ ၀န်းကျင် ဒေသခံ ထိုင်းကျောင်းသားငယ် တွေက အများစု ။ နောက်..အာရှ နိုင်ငံ အသီးသီးက လာတဲ့.. ကိုယ်တို့လို သက်လတ်ပိုင်း.. ကျောင်းသားတွေ။ မော့်အတွက်က.. ထိုင်းစကားလဲ ပေါက်.. အင်္ဂလိပ်လိုလဲ..ရေလည် ပြီးသားမို့.. ဘယ်အဖွဲ့သွားရောရော..ပြသာနာမရှိပေမဲ့.. ကိုယ်တို့ တောကျီးကန်း ၂ ကောင် ကတော့.. ကျီးကြည့် ကြောင်ကြည့် ဆိုတဲ့ အတိုင်း ဖြစ်နေတော့တာပဲ။
နောက်ဆုံးတော့..အားလုံး..အဖွဲ့တွေ ဖွဲ့ပြီးသွားတဲ့အချိန်မှာ..ကိုယ်တို့..ရွှေမြန်မာ ၃ ယောက်က..အကားသား ကျန်နေပါရော။ အဲဒါနဲ့..ဆရာ့ကို သွားမေးတော့.. စိတ်ညစ်တဲ့ မျက်နှာ နဲ့ ကြည့်နေတယ်..။ အစုအဖွဲ့ လုပ်တတ်ခြင်း..ပေါင်းသင်းဆက်ဆံခြင်း.. အသိအမြင် ဖလှယ်ခြင်း ကို ဦးတည်တာ..လူမျိုးတူခြင်း မဖွဲ့စေချင်ဘူးတဲ့။ နောက်တော့..သူ့ထက် ပို စိတ်ညစ်နေတဲ့..ကိုယ်တို့ မျက်နှာ ဇီးစေ့လေးတွေကို ကြည့်ပြီး..သနားသွားတယ် ထင်တယ်။ အိုကေ ဆိုပြီး..အဆင်ပြေသွားတယ်။ တကယ်တော့..မော့်ခမျာ..လူပေါင်းမှားပြီး..ကြားညပ်ပါလာတာလေ။
(စာကြွင်း- တခါ - ပညာရေးဘလော့က..စီဘောက်စ်မှာ..မြန်မာပြည်တက္ကသိုလ်တွေမှာ assignment မလုပ်ရဘူးဆိုတာ..တကယ်လားလို့..မေးထားတာ..တွေ့ဖူးပါတယ်။ ကြုံခဲ့ဖူးသလောက်တော့.. ဘွဲ့ကြိုတန်းအထိ Tutorial ဆိုပြီး..တယောက်ယောက်..ရေးပီးသား ကို..ဆက်ဆက်ကူးချပြီး..ဆရာ့ဆီတင်တဲ့..ဟာမျိုးကလွဲလို့..မကြုံခဲ့ဖူးပါ)
အဲဒါနဲ့.. ၃ယောက်သား..အကြံထုတ်ပေါ့။ နောက်တော့..အကြီးဆုံး မချိုကပဲ ဦးဆောင်ပြီး .. သူရန်ကုန်မှာ အလုပ်လုပ်ခဲ့တဲ့..ရေနံကုမ္ပဏီ က..အဆက်အသွယ်တွေကို.. ဖုံးဆက်ပြီး..ဘန်ကောက်အခြေစိုက်..Taxaco ရုံးကို တောကျီးကန်း ၃ ကောင် ရောက်သွားကြရော ဆိုပါတော့။ Premier နဲ့Taxaco ဗမာပြည်ကို ၀င်တဲ့ အကြောင်း.. စာတွေရေးတော့လဲ..လုပ်သားကျ နေတဲ့..မော်က- ဦးဆောင်ပြန်ရော။ ကောင်းလိုက်တာ..ကိုယ်ကတော့.. တကယ့်..free rider. ဟိုနားယောင်ယောင်..ဒီနားယောင်ယောင်.. နဲ့..အချိန်တန်တော့.. Assignment မှာ နံမယ်လေး ပါသွားရော။
ကျောင်းစတက်တဲ့နေ့ကတည်းက.. အူကြောင်ကြား ဖြစ်ထားတဲ့..ကိုယ်တို့ ၃ ယောက်ကို ကောင်းကောင်း..မှတ်မိနေတဲ့ ဆရာက..assignment တွေတခုချင်း..သုံးသပ်ပြရင်း.. နိဒါန်းမှာ.. Burmese people are very peace loving, kind, generous, religious and blah..blah.. ဆိုတာတွေကို..ဖတ်ပြီး.. မာသာထရီဇာ တို့ အုပ်စု ဆိုပြီး..နံမယ်ပေးလိုက်တာ.. တခါတည်း..နံမယ်ကို တွင်ပါရော။
အဲဒီကတည်းက.. မာသာထရီဇာ မချိုနဲ့..သူ့တပည့် ၂ယောက်...အတွဲညီသွားလိုက်တာ.. ပညာသင်ခရီး ၁၈ လ တလျှောက်လုံး..တတွဲတွဲ မခွဲကြတော့။ တခြားလူမျိုးသူငယ်ချင်းတွေ ရလည်း..သူတို့ ၃ယောက် က ၃ယောက်ပဲ..။ မချို သူငယ်ချင်းအသစ်လဲ..သူတို့ သူငယ်ချင်းပဲ ။ မော့် သူငယ်ချင်းလဲ..သူ့သူငယ်ချင်း.။ သူ့မိတ်ဆွေလဲ..မော့်မိတ်ဆွေ ဖြစ်ကုန်ရော။
အတန်းတွေ ပြီးလို့..နေ့လည်ဖက်.. Cafeteria သွားစားလဲ..၃ယောက်အတူတူ။ စားသောက်ဆိုင်တွေက.. ထိုင်းလိုပဲ ပြောကြတော့..ဒီနေရာမှာ..မော်က..ဆရာကြီး..။ ကိုယ်တွေကလဲ..သူမှာတာပဲ လိုက်မှာတတ်တာ ။ ကိုယ်တို့သင်ပေးထားသမျှ..မြန်မာစကား အသုံးဆန်းဆန်းတွေကိုလည်း..မော်က..ချက်ချင်း အသုံးချပြတတ်ရင်း..မျက်နှာဖြူ ကျောင်းသားတွေကို ပဲ ဦးစားပေး ဖော်ရွေနေတဲ့..ထိုင်းမတွေကို..`နှာဗူးမ တွေ ...သောက်ကောင်မစုတ်တွေ လို့..´ မဆဲတတ် ဆဲတတ် ဆဲရင်.. ကိုယ်တို့ ၂ ယောက်မှာ...တခွိခွိ။
မချိုကလဲ.. လုပ်ငန်းအတွေ့အကြုံ အရရော..ပင်ကိုယ်သဘာဝ ကိုကရော..လူကြီးဆန်တာရယ်..ပြောတတ်ဆိုတတ် ရှိတာရယ်ကြောင့်.. တကျောင်းလုံး သူစကားမပြောဖူးတဲ့ သူ မရှိ.. သူမသိတဲ့ အကြောင်းမရှိ..။ သူပြောမှ- ဟို ပရော်ဖက်ဆာက..ဘယ်နိုင်ငံက.. ဟိုကျောင်းသားက..ဘယ်နှစ်က..ရွှေတံဆိပ်ရတာ... ဆိုတာမျိုးတွေ.. သိရ တတ်သည်လေ။ သူတို့ ၂ယောက်ကလဲ..တခုတခုဆို..` မချိုပြောလိုက်..´ တော်နေကြာ ` မချိုရေ.. အဲလို..အဲလိုပဲ.. အဲဒါ..ဘယ်လို ပြောရမလဲ..´ ။ ပြောစရာ ဆိုစရာ မှန်သမျှ..မချိုကိုသာ ဆရာတင်ထားလိုက်ကြသည်။
တကယ့်တကယ်.. ဆရာကြီးအစစ်က.. အဲဒီ..ဆံပင်တိုတို ဂျပ်ထူလေးနဲ့..မျက်မှန်ထူထူလေး တပ်ထားတဲ့.. ဗမာစကား မပီတပီ နဲ့.. မော်မော်ဆိုတဲ့.. စာသိပ်တော်တဲ့..ကောင်မလေးပါပဲ။ သချာင်္ သဘောတရားတွေ အများကြီးပါတဲ့.. Economic ပုစ္ဆာတွေက..၁၀တန်းပြီးကတည်းက..သချာင်္ နဲ့ဝေးခဲ့တဲ့..ကိုယ်တို့ ၂ယောက်အတွက်..တကယ့် ပြသာနာ။ ပိုဆိုးတာက..မချိုက..လုံးလုံး ၀ိဇ္ဇာသမား။ ၃လ တခါ စစ်တဲ့..စာမေးပွဲ တွေ ကြားထဲမှာ..စာမေးပွဲ နီးပြီဆိုတာနဲ့.. စာကြည့်တိုက်မှာ..ညဖက်..အခန်းဦးရတယ်။ ပြီးရင်..မော်မော်က..white board မှာ.. Demand တွေ supply တွေ.. မျဉ်းတွေ ဆွဲ ။ ဒါက..ဒီလို..။ အဲဒါကြောင့်..ဒါတွေဖြစ်..။ မျဉ်း ၂ကြောင်းဆုံသွားလို့.. Equilibrium တွေ..surplus အကွက်တွေ ပေါ်လာပြီဆိုရင်.. ဂျီမော်ထရီ မကြောက်တဲ့..ကိုယ်က.. ` သြော်....ဟုတ်ပီ..´ လို့ ညဏ်အလင်း ပွင့်စပြုချိန်မှာ.. မချိုတယောက်.. မျက်ခုံးလေး ၂ဖက် ကွေးတုန်း။ နောက်ဆုံး..မော်က.. ` အဲဒါ..အသေသာမှတ်ထားလိုက်..´ လို့..ပြောတတ်လွန်းလို့.. မချိုက..` မော်ရယ်..မချိုသေခါနီးကျရင်..လာမေးပါနော်..´ လို့...နောက်ပြောင် ရီမောပြစ်ကြရင်း..လေးလံလှတဲ့..စာဝန်တွေကို..တက်နိုင်သမျှ ပေါ့ပါးဖို့ကြိုးစားကြ။
စာတွေ ကြည့်ရင်း..ခေါင်းနောက်လာရင်.. ၃ယောက်သား.. စက်ဘီးလေးတွေ..ကိုယ်စီ စီးပြီး..ဂေါက်ကွင်းဘေးက.. ဆိုင်မှာ ထိုင်း မျှစ်သုတ်နဲ့..ကောက်ညှင်းလွေးရင်း..အတင်းတွေတုပ်ကြ.. အိမ်အကြောင်း..မိသားစုအကြောင်းတွေ ဖလှယ်ကြ.. တခါတခါ..ကြီးကြီးကျယ်ကျယ်.. နိင်ငံရေးတွေ ပြောကြ။ စာဂျပိုးလေး..မော့်ကို..အတင်းတုပ် တတ်အောင်..ဗရုတ်ကျတတ်အောင်..ကောင်းကောင်း ဖျက်စီးခဲ့ကြတာတွေလေ..။
စာမေးပွဲ ပြီးချိန်ဆိုလဲ..ပြီးလို့မို့.. Carefree time ဆိုပြီး.. ကျောင်းစတိုးဆိုင်လေးထဲ ၀င်မွှေ..ပြီးရင်..နဘေးက.. ကော်ဖီဆိုင်လေးရဲ့.. အုတ်ခုံပေါ်မှာ..ကော်ဖီတခွက်စီ နဲ့..တမော့တမော။
အဲဒီ အချိန်တွေကို..ခုနေ ပြန်တွေးတိုင်း..လွမ်းမိသည်။ ရန်ကုန်တက္ကသိုလ်က..နေ့ရက်တွေ နဲ့လည်းမတူ.. လေးနက်မူ..တာဝန်ရှိမူ..ဆိုတာတွေကြားထဲကပဲ.. လူငယ်ဆန်ဆန် ပေါ့ပါး ကျေနပ်ခဲ့ ရတဲ့.. ကာလတွေ။
တကယ်တော့..အဲဒီ ပညာရေး ခရီးစဉ် မှာ..မော့်ကျေးဇူးတွေ..စေတနာတွေနဲ့..သင်ကြား ဝေမျှပေးမူတွေ..အများကြီး ပါဝင်ခဲ့တာ..ခုချိန်..စာတွေဖတ်တိုင်း.. အမြဲ အမှတ်ရနေမိသည်။ မြန်မာပြည်က..ထွက်လာစက..ကိုယ့်မှာ.. ဗဟုသုတ..ဘာသာစကား ကိုယ်ခံအားက..ခပ်ဖျော့ဖျော့ရယ်။ နားမလည်တဲ့ အကြောင်းအရာတွေ..အသုံးအနှုံးတွေကို..စာသင်ခန်းပြီးရင်..မော့်ဆီမှာသာ..ကြေညက်ခဲ့ရတာ။ ပုံစံလေးကသာ..ခလေးလို..။ မေးလိုက်သမျှ..ခေါင်းလေးတချက်ကုပ်ရင်း..အကုန် သိနေခဲ့သည်။ အဲဒီတုန်းက..ဘန်ကောက် UN ရုံးမှာလုပ်တဲ့..မော့်ဖေဖေ ရဲ့..သွန်သင် ပျိုးထောင်မူတွေကို တောင်...အံ့သြခဲ့ကြ ရ သည်။ နောက်..မော့်မှာ တချက် ချီးကျူးဖို့ကောင်းတာက.. ဒါ- သူလုပ်ပေးမယ် ဆိုရင်..တခါတည်း..စိတ်သာ ဒုံးဒုံးချထားလိုက်။ အဲဒါ လူတယောက်ရဲ့.. မှတ်ကျောက် လို့ပဲပြောရမလား။
စနေ တနင်္ဂနွေ ပိတ်ရက်တွေဆို.. မြို့ထဲကနေ..သမီးဆီလိုက်လာတတ်တဲ့.. မော့် အဖေ နဲ့အမေကိုလည်း.. အမျိုးတွေ လို ခင်ခဲ့ ချစ်ခဲ့ရသည်။ မော်တို့က.. ရှမ်းနဲ့ တရုတ်သွေး စပ်ထားတဲ့.. ပန်းသေး မွတ်စလင်တွေ။ အင်မတန် ဘာသာတရား ကိုင်းရှိုင်းပြီး..ချစ်စရာကောင်းတဲ့.. မွတ်စလင် မိသားစုလေး တခုပါ။ တခါတလေ..ကိုယ်တို့တွေ..မြို့ထဲ ရောက်ရင်လည်း..မော်တို့ တိုက်ခန်းလေးမှာ..စုပြီး..စားကြ သောက်ကြ..။ အလိုက်ကန်းဆိုး မသိ.. ၀က်သားတွေ ဘာတွေ ပါလာရင်..မော့်မှာ.. ကြိတ်ကြိတ်..ကြိတ်ကြိတ်နဲ့..သူ့မိဘတွေမသိအောင်..ဖွက်ရတာ ။ တခါလည်း.. ကျောင်းဆောင် အခန်းမှာ.. ဟင်းစုချက်စားရင်း.. လူက စုံစုံ..ဟင်းကများများ.. ` ဟယ်..အဲဒါ..၀က်သားမှုန့်တွေ ပါတယ်..´ လို့ အော်လိုက်ချိန်မှာ.. မော်တယောက်..ပလုပ်ပလောင်းတောင် မကတော့ဘူး..။ မြိုချပြီးနေပြီ။ အားလုံးက..မျက်စိ မျက်နှာ ပျက်နေပေမဲ့..မော်ကတော့..ခဏတော့..ငြိမ်နေပြီး..စပ်ဖြဲဖြဲလေးနဲ.. `ရပါတယ်.. မော်မသိလို့..စားတာပဲ..အပြစ်မရှိပါဘူး..´ ဆိုမှ..အားလုံး..ဟင်းချ နိုင်တော့တယ်။ အဲဒီလို ချစ်စရာကောင်းတဲ့ မော်လေ။
ကျောင်းပြီးကာနီးလို့.. စာတမ်းတွေ..ရေးကြရင်..အသီးသီး..အလုပ်ရှုပ်ကြတဲ့အချိန်မှာ..အပေါ်ဆုံးထပ် ကိုယ့်အခန်းက..ပူလွန်းလို့..ကွန်ပြူတာကြီး မသွားပြီး..မော့်အခန်းမှာ..တလလုံး..သွားနေခဲ့တာလည်း.. သတိရတယ်။ ပြီးတော့.. ၂ယောက်သား..ကွန်ပြူတာ တလုံးစီရှေ့ထိုင်ရင်း..မော်က..ခေါင်းလေးကုပ်ပြီး..တွေး..။ ကိုယ်က.. ပြတင်းအပြင်ကို လှမ်းငေး။ မချိုကတော့..နံမယ်ပေးထားတယ်..။ လငေးကြီး နဲ့ ငတွေးကြီး တဲ့။

Defense လုပ်တဲ့နေ့က..ဗမာဝတ်စုံ ကြိုက်တဲ့ ကိုယ်က.. ဗမာဝတ်စုံ ၀တ်တော့..မချိုကလည်း..သူ့နေ့မှာ..ကိုယ်ဆင်ပေးတဲ့..အစိမ်းရောင် ဗမာဝတ်စုံနဲ့။ ကွတ ကွတ နဲ့ လမ်းလျှောက်တတ်တဲ့..မော်ကလည်း.. အားကျမခံ..သူလဲ..ဗမာဝတ်စုံ ၀တ်ချင်ပါတယ် ဆိုလို့..မချိုက..သူ့ရှမ်းပင်နီလေး ပေးဝတ်တာ..လူတွေက..အထူးအဆန်း..လှလိုက်တာ ပြောလို့..သဘောတွေကျပြီး..ည အိပ်တဲ့ အထိ မချွတ်ခဲ့တာကိုလည်း..ခုထိ တွေးတိုင်း..ပြုံးမိတယ်။
ဘွဲ့ယူတဲ့နေ့ကလည်း..တခါဖူးမှ..လုံခြည်မ၀တ်ဖူးတဲ့..မော်က.. ဗမာသူငယ်ချင်းတွေနဲ့အတူ..ဗမာ အချိတ် ၀တ်ချင်ပါတယ်ဆိုလို့.. မော့် အမေမှာ..သူ မင်္ဂလာဆောင်တုန်းက.. အချိတ်ထမိန်ကို...ပြန်ရှာ.. မော့်အဖေ ကိုယ်တိုင်.. နေ့ချင်း..ကြိုးချည်ပုံစံ ပြန်ချုပ်ပေး ခဲ့ရတာ။
ခုတော့..အားလုံး..တယောက် တနေရာ ဆီမှာ..။ မချိုက..အမေရိက..မော်က..ကမ္ဘောဒီးယား..သူက..ဒီမှာ..။ နာရီလက်တံ တချက်တိုင်း..ပြက္ခဒိန် တရွက်တိုင်းမှာ.. ပြန်မရနိုင်တော့တဲ့..အချိန်တွေ သာ ။ ၁၀ နှစ် နီးပါး တောင် ရှိခဲ့ပြီကော။ ကိုယ်နဲ့ မချို..ကျောင်းကြီးကို..ခွဲခဲ့တော့..မော်က..မိသားစု ရှိရာ ဘန်ကောက်မှာပဲ..UN finance officer အဖြစ် ကျန်ခဲ့သည်။ ကြားထဲမှာ..အဆက်အသွယ်တွေလည်း..ရတချက်..မရ တချက်..။ မော့်အမေ ကင်ဆာ စဖြစ်တော့..ကိုယ် ဘန်ကောက် ကို တခေါက် ပြန်ရောက်သွားသေးသည်။ ထုံးစံ အတိုင်း မော်တို့ တိုက်ခန်းလေးထဲမှာ..သူတို့မိသားစု နဲ့အတူ နေခဲ့သေးသည်။ အန်တီက..ထက်မြက်သလောက်..ကင်ဆာကို ရင်ဆိုင်တဲ့နေရာမှာလည်း..သတ္တိရှိလှသည်။ လုံးဝ အပြုံးမပျက်..အလှမပျက်ခဲ့။ သူ အလုပ်လုပ်တဲ့..ဘန်ကောက်အသံ မြန်မာပိုင်း အစီအစဉ်လေး ကိုလည်း.. နေမကောင်းတဲ့ ကြားထဲက.. အချိန်ပိုင်း သွားလုပ်နေနိုင်သေးတာ..အံ့သြ ချီးကျူးစရာ။
ပြီးခဲ့တဲ့ ၂လ လောက်က..အန်တီ..နဲနဲ စိုးရိမ်ရတယ်ဆိုတဲ့..အီးမေးလ် နဲ့အတူ..မော်တယောက်.. တကမ္ဘာလုံးမှာ ၁၂ ယောက်ပဲ ရွေးတဲ့..UN ရာထူးတိုး..အတွက်.. နယူးယောက်ကို သွားဖို့အစီအစဉ်တွေပါ..ဖျက်လိုက်ရတယ် ဆိုတာ ကြားတော့.. စိတ်တွေ တကယ်မကောင်းဘူး။ ဘာပဲ ပြောပြော..မိဘ ကို စောင့်ရှောက်သိတတ်တဲ့.. ထက်မြက်လိမ္မာတဲ့ မော့်အတွက်.. နောက်ထပ် အခွင့်ကောင်းတွေ ပေါ်လာပါစေ လို့ပဲ..ဆုတောင်းနေ မိတယ်။
အခုလည်း.. မော်တယောက်..တာဝန်တွေကြားက..ပူဆွေး လွမ်းဆွတ်နေမဲ့..အချိန်မှာ..ဒီစာလေးကို ဖတ်ပြီး.. မိတ်ဆွေစစ်တွေကြားက...ကြည်နူး ချိုမြိန် စရာကောင်းတဲ့.. ခင်မင်ဆက်သွယ်မူလေးတွေကို..ပြန်လည်သတိရရင်း.. ခဏလောက် ပြုံးနိုင်ပါစေလို့။
10 Comments:
မိတ်ဆွေကောင်းတွေကြားက ချစ်ခြင်းမေတ္တာအကြောင်း ဖတ်ရတိုင်းလည်း သန္တရသလေးတွေ ရတာပါပဲ... သူငယ်ချင်းတွေ ပြန်ဆုံကြပါစေဗျာ...
မမော်ရေ ခွန်အားဖြစ်ပါစေ။ အမိမြေကိုချစ်တဲ့အဝေးရောက် အမတစ်ယောက်အဖြစ်ဂုဏ်ယူပါတယ်အမရေ
တခါပဲမြင်ဖူးခဲ့တဲ့ မော်မော်နဲ့ မော်မော့်ဖေဖေနဲ့မေမေကိုပါ လေးစားချစ်ခင်ပါတယ်။ ချစ်ခင်ခြင်း ကွေကွင်းခြင်းတွေဆိုတာ လူ့သဘာဝတရားတွေပဲမို့ လွမ်းဆွတ်ခြင်းဆိုတဲ့ သဘာဝတရားကိုပါ ရင့်ကျက်မှုစိတ်နဲ့ ဖြေသိမ့်နိုင်မှာပါ။
အစ်မကေရေ..ချစ်ခြင်းမေတ္တာဟာ လူ့စိတ်နှလုံးကိုအေးချမ်းစေတာ တကယ်ပါတယ်နော်။အစ်မစာတစ်ပုဒ်လုံးမှာ အဲ့ဒါတွေနဲ့ ပြည့်နေတော့ ဖတ်တဲ့လူထိပါ မေတ္တာရနံ့က တိုက်ခတ်လာတယ်...။
ဒါနဲ့ မြန်မာကို ဗမာလိုပြောရတာ ပိုအာတွေ့သလိုပဲနော်အစ်မ..။ညီမလဲ အဲ့လိုပြောရ၊ရေးရတာကို ပိုအရသာတွေ့မိတယ်။
လေးစားခင်မင်လျက်
ဖတ်ရတာ သူငယ်ချင်းတွေ တကယ် နွေးနွေးထွေးထွေး ရှိလှတယ်ဗျာ ၊၊
မကေရဲ့စာကိုဖတ်ပြီး အားကျမိတယ်.. တကယ့်ညီအမအရင်းတွေလို ဖြတ်သန်းခဲ့ကြတာပဲနော်.. သူငယ်ချင်းကောင်း မိတ်ဆွေကောင်းတွေနဲ့ တွေ့ခွင့်ရတဲ့ မကေရဲ့ ကုသိုလ်ကလည်း ကောင်းတယ်.. အမတို့ သူငယ်ချင်းတွေ ပြန်ဆုံပါစေလို့ ဆုတောင်းပေးပါတယ်.. တကယ်ပါ.. :)
ဖတ်ရတာ တကယ်ပဲ ကြည်ကြည်နူးနူးနဲ့..။
တို့တောင် ကေ့စာဖတ်ပြီး မော့်သူငယ်ချင်း ဖြစ်လို့ မော့် အမေဆုံးတာ စိတ်ထိခိုက်နေမိတယ်။ ဒီလို သမီး အလိမ်မာလေး အတော်လေး တယောက်ကို ပြုစု ပျိုးထောင်နိုင်တဲ့ အမေတယောက်မို့ နှမြောမိတာပဲ။
ကေတို့ သူငယ်ချင်းတွေ ဆုံဆည်း ပျော်ရွှင်နိုင်ကြပါစေ။
မကေသွယ်...ဟက်ပီးနယူးယီးယားပါဗျိုး။ ကျန်းမာပျော်ရွှင်ပါစေ။
ပျော်ရွှင်ဖွယ်ရာ နှစ်သစ် မင်္ဂလာပါဗျာ...
:)
Dear Kay,
All of us knew it will come one day, K. But it is difficult to take it when the time comes.
For your masterpiece, I have been reading it over and over again since yesterday and I like it so much, K. Everytime I read, I have to smile and cry. Those are the years we will never get back and thanks for remembering the details and writing it so vavidly and artistically. Whenever, I read them, I feel like those happens just yesterdays. Thanks a lot for that K.
With lots of love to Ma Cho and K.
Maw.
29-12-08
Post a Comment