သူက..ကလေးလေး တယောက်လို သေးကွေး နူးညံ့သလောက်.. သူ့နှလုံးသားလေးကလဲ.. အပြစ်ကင်းစင်ပြီး..ရိုးသားလွန်းနေတာ..လူတိုင်းသိကြတယ်လေ...။ သူ့ကို စသိခဲ့တာ.. ၁၉၉၄။ ထုံးစံ အတိုင်း.. ရန်ကုန်တက္ကသိုလ် အာစီ ထဲက..ဧကရာဇ် ဆိုတဲ့ စာအုပ်ဆိုင်လေးမှာ..တွေ့ခဲ့တာ။
+++++
တမူ ထူးခြားတဲ့..ကာတွန်းဆန်ဆန် ပန်းချီ အဖုံးလေး ကြောင့်.. အဲဒီစာအုပ် အဖြူ ပါးပါးလေးကို ကောက်ကိုင် ဖြစ်ခဲ့တာပေါ့..။ မုန့်ဘိုး အများကြီး မရပေမဲ့..စာအုပ်တွေ တလ တအုပ် ၂အုပ်တော့.. ပုံမှန်လို ၀ယ်ဖြစ် နေခဲ့သည်လေ..။ အဲဒီတုန်းက..စာတွေကို ဘယ်လောက် နားလည် ချေဖျက်နိုင်စွမ်း ခဲ့သလဲ..တကယ် မမှတ်မိတော့ပါ။ ဖက်ရှင်တခုလို များ.. သူငယ်ချင်းတွေ ကြားထဲ စတိုင်ထွားရအောင်.. လျှောက်အာရအောင်..စာအုပ်တွေ ၀ယ်ဖတ်ဖြစ်ခဲ့ သလား..။ အသေအချာ မှတ်မိနေတာတော့.. အဲဒီ စာအုပ်ကလေးကို စဖတ်လိုက်ကတည်းက..လက်က ချ မရ နိုင်ခဲ့တာပဲ။ ပြီးတော့..ထပ်ကာ ထပ်ကာ ဖတ်နေမိတော့တာပါပဲ။
စာအုပ်ကလေးက.. ဒေါက်တာ ခင်လေးမြင့် ပြင်သစ်ဘာသာကနေ တိုက်ရိုက်ပြန်ဆို ခဲ့တဲ့ မင်းသားလေး ( le petit prince)
မင်းသားလေးဟာ ဆရာမကြီး ဒေါ်ခင်လေးမြင့် နဲ့ မှတ်တိုင်တခု ဆိုလည်း မမှားပါဘူး။ ဗမာပြည်မှာ သိပ်လူကြိုက်များခဲ့ပါတယ်။ တကယ်က.. ပြင်သစ်နိုင်ငံမှာ သိပ်ကို နံမယ်ကြီးပြီး.. ပြင်သစ်စာသင်သူများ မဖြစ်မနေ ဖတ်ဖြစ်ကြတဲ့..ဒီ စာအုပ်ကလေး ရဲ့ မူလရေးသားသူက.. ပြင်သစ်လေသူရဲ Antoine de Saint Exupéry ပါ။ စာအရေးကောင်းလှပေမဲ့.. စာအုပ်တွေ အများကြီး မထွက်နိုင်ခဲ့ပါဘူး။ ဘာဖြစ်လို့ဆို..ဒုတိယ ကမ္ဘာစစ် အတွင်း..အသက် ၄၄ နှစ်အရွယ်မှာပဲ.. နာဇီဂျာမဏီ နဲ့တိုက်တဲ့ တိုက်ပွဲ တခုမှာ ကျဆုံးခဲ့လို့ပါ။ ဒီစာအုပ်ကို ဘာသာစကားပေါင်း ၁၇၀ ကျော်နဲ့ တကမ္ဘာလုံးမှာ ဘာသာပြန်ဆို ခဲ့ကြပြီး ပြီလို့ သိရတယ်။ ဗမာပြည်အတွက် ကံကောင်းချင်တော့..ဆရာမကြီး ဒေါ်ခင်လေးမြင့် လို ပြင်သစ်စာကို ပါရဂူအဆင့်ထိ တဖက်ကမ်းခတ် တတ်ကျွမ်း သင်ယူခဲ့တဲ့.. မြန်မာ့ဂုဏ်ဆောင် စာရေးဆရာမကြီး တယောက်က..တိုက်ရိုက် ပြန်ပေးနိုင်ခဲ့တာပဲ။ တခါက..အင်တာနက် တနေရာရာမှာ ဖတ်လိုက်ရဘူးတယ်။ ဗိုလ်ချုပ်သမီးက.. အင်္ဂလိပ်လူမျိုး ယူတယ်... ဘယ်သူက..ဘာဖြစ်တယ်.. ဂျာနယ်ကျော်မမလေး သမီးက..ပြင်သစ်စာသွားသင်တယ်.. စသဖြင့် .. အပြစ်ဆိုထားပါတယ်။ အဲဒီလို ကျဉ်းမြောင်းတဲ့ အမြင်တခု ကို ဖတ်မိပြီး..အတော့်ကို စိတ်မသက်မသာ ဖြစ်ခဲ့ ရဖူးပါတယ်။ ဒါ- ကြုံလို့ ပြောတာပါ။
ဆရာမကြီး မိတ်ဆက်ပေးခဲ့ တာကြောင့်ပဲ..လူငယ်တော်တော်များများ..အဲဒီလို ဂန္တ၀င်စာပေ တခုကို မြည်းစမ်း ခွင့် ရခဲ့ ကြတာပါ..။ နက်ရှိုင်းလှတဲ့ စာပေ အနုလက်ရာ တခုကို ခံစား ခုံမင်ခွင့် ရခဲ့ကြတာပါ။
ကိုယ်လည်း..ဒီမင်းသားလေးကြောင့်ပဲ.. နိုင်ငံခြားဘာသာသိပ္ပံ တက်ဖြစ်တော့..ပြင်သစ်ဘာသာ ယူဖြစ်ခဲ့တယ်။ အဲဒီတုန်းက..မင်းသားလေးကြောင့်လား..ဘာကြောင့်လား မသိ ပြင်သစ်စာ သင်ယူနေ တဲ့..မနော် (မနော်ဟရီ) နဲ့ ခင်မင်ခွင့် ခေတ္တခဏ ရခဲ့ကြတယ်။ ခဏ ဖြစ်ရတာက..ကိုယ်က.. ပြင်သစ် ဒီပလိုမာ တနှစ်မပြည့်ခင်..စာမေးပွဲ တောင် မဖြေဖြစ်ပဲ..ရပ်ခဲ့လို့ပါ။ အခုမှ စကားစပ်လို့ ပြန်ပြောကြတော့..သူလည်း..မင်းသားလေးကို စွဲ လမ်းခဲ့သူ ဆိုတာ သိလိုက်ရတယ်။ စွဲလမ်းလွန်းလို့..အခု ထွက်မဲ့..Trio စာအုပ် အသစ် မှာတောင်.. မင်းသားလေး ရဲ့ အရိပ်အငွေ့တွေ နဲ့..သူ လွမ်းဆွတ် ထားပါ သတဲ့။ ( စောင့်ဖတ် ကြပါ..း)
၂၀၀၀ ခုနှစ် လောက် ကလည်း..မိတ်ဆွေတယောက်က..သူ ဘွဲ့လွန် ဆက်တက်ဖို့ တခြားတနေရာကိုသွားတော့မယ်...၀ိတ်လျှော့မှာမို့..သူ စုဆောင်းထားတဲ့..စာအုပ်တချို့ပေးမယ်..လာယူတဲ့။ အဲဒါနဲ့ အရင်ထဲက လိုချင်နေခဲ့တဲ့..ဦးနု ရဲ့ တာတေ စနေသား စာအုပ်ကို သူ့စာအုပ်စင်ပေါ်က..ကောက်ကိုင်လိုက်ရင်း.. စာအုပ်ထူထူကြီးတွေ ကြားထဲမှာ ညပ်နေတဲ့..အဖြူရောင်..မင်းသားလေး ကို မြင်လိုက်တော့.. ပျော်သွားတယ်။ လွမ်းနေတာ ကြာပြီကိုး။ ယူမဲ့ အပုံထဲ ကောက်ထဲ့လိုက်တော့..သူက..အဲဒါတော့..ထားခဲ့ပါတဲ့..။ အဲဒီ မင်းသားလေး စာအုပ် ကလေးက.. သူတို့သူငယ်ချင်း တွေစုပြီး ထုတ်ဝေခဲ့တာမို့..အမှတ်တရ..ဒါလေးတော့ မပေးပါရစေနဲ့ တဲ့။ သြော်- မင်းသားလေး စွဲလမ်းသူခြင်း လာတွေ့ရတယ်။ သူတို့ ထုတ်ဝေခဲ့တာ ဘယ်နှယ်ကြိမ် မြောက်လဲတော့မသိ။ ထုတ်ဝေ တဲ့အကြိမ်က..တော်တော်တော့ များလောက်ပီ။ အင်တာနက်မှာ တွေ့တဲ့ စာအုပ်အဖုံးလေး မှာတောင် စတုတ္တအကြိမ်တဲ့။
ကိုယ်လည်း..ခုတလော..အတိတ်တွေ ခဏခဏ ပြန်လှန်ရင်း.. ပထမဆုံးအကြိမ်ထုတ် ဖြစ်တဲ့ ကိုယ်ပိုင် စာအုပ်ကလေးကို ပြန်လွမ်းမိပြန်တယ်။ အဲဒါနဲ့..မနေနိုင် မထိုင်နိုင် ရန်ကုန်ကို လှမ်းမေးတော့.. ကိုယ့် စာအုပ်သေတ္တာထဲက..ထုတ်ဖတ်ပြီး ..ပျောက်နေတယ်တဲ့။ ကောင်းရော။ ထားလိုက်ပါတော့လေ.. ဆိုပြီး.. အင်တာနက်မှာ ဗမာလို ရှာကြည့်တော့.. ကိုအန်ဒီမြင့် က..သူ့သမီးလေး အတွက် ဆိုပြီး..ဘာသာပြန်ထားတဲ့ ပထမဆုံးအခန်းလေး ကို သွားတွေ့မိတယ်။
တကယ်တော့.. မင်းသားလေး စာအုပ်လေးကို ကြည့်လိုက်ရင်..ကလေးကာတွန်းဆန်ဆန် ပန်းချီလေးတွေနဲ့.. ကလေးတွေ ဖတ်တဲ့ စာအုပ်ကလေး တအုပ်လိုပါပဲ။ ခပ်တိုတို တခန်းရပ် ဇတ်ကွက်ကလေးတွေ ကြားထဲက.. စာရေးသူ ကိုယ်တိုင်ဆွဲ တဲ့ ပန်းချီပုံလေး တွေကလည်း.. တကယ့်..ကလေးတွေ ချစ်မဲ့..အရုပ်လေးတွေပါ။ ဒါပေမဲ့.. တကယ် ဖတ်ကြည့်တော့..လူကြီးတွေကိုတောင်..နားလည်မူတွေ..အရောင် အမျိုးမျိုး ပြောင်းနေစေတဲ့.. မှော်ဆန်တဲ့..စာအုပ်တအုပ်..။ ရိုးရှင်းသလောက်.. ခမ်းနားကြီးကျယ်မူတွေ ကိန်းအောင်းနေတဲ့.. ဂန္တ၀င်တခု..။ ဖတ်လို့ လွယ်ကူသလောက်.. တွေးလို့ မဆုံးနိုင်တဲ့.. ပဟေဠိတပုဒ်။ ပါးလျ သလောက်..နက်ရှိုင်းလှတဲ့..လောကနီတိ ကျမ်းတစောင်။
အခုတော့.. မင်းသားလေးကို အလွမ်းပြေ ပြန်ဖတ်ဖို့အတွက်.. အင်္ဂလိပ်လို သာ လက်လှမ်းမှီတော့သည်။ ဆရာမကြီးဒေါ်ခင်လေးမြင့် လက်ရာကို ပြန်မတို့ထိနိုင်တော့။
ဇတ်လမ်းက..လူသူမရှိတဲ့..သဲကန္တရ တခုမှာ..လေယဉ် ပျက်ကျလာတဲ့..စာရေးသူရဲ့နဘေးကို..သေးသေးကွေးကွေး မင်းသားလေးတပါး ရောက်လာခဲ့တာက..စတာပေါ့။ ရောက်လာပုံက..ဆန်းသလို.. ရွှေရောင်ဆံပင် ..ရွှေရောင် လည်စည်း လေးနဲ့ မင်းသားလေးရဲ့ အသွင်ကလည်း ဆန်းနေတယ် ။
သူက..B-612 ဆိုတဲ့ သူ့ကိုယ်ပိုင် ဂြိုဟ်လေးပေါ်မှာ..မီးတောင်လေး ၃ လုံး နဲ့ နေခဲ့တာတဲ့။ ဒီဂြိုဟ်လေးပေါ်မှာ..နောက်ထပ် တမျိုးသော အရာဝတ္တု ဆိုလို့..ဆူးကလေး..လေးချောင်းနဲ့..ဟန်မူပိုတတ်တဲ့..ပန်းလေးတပွင့်ပဲ ရှိတယ်တဲ့လေ။ အဲဒီ ပန်းကလေး ကြောင့်ပဲ..သူ့ဂြိုဟ်လေးကနေ..ဝေးရာကို လျှောက်သွား နေခဲ့မိတယ်။ ပထမဆုံး..တခွင်တပြင်လုံး..သူ့ဝတ်လဲတော်ကြီးနဲ့ ပြည့်နေတဲ့..ဘုရင်ကြီးတပါးရဲ့ ဂြိုဟ်ကို ရောက်ခဲ့တယ်။ တစုံတရာကို အုပ်ချုပ် အမိန့်ပေးဖို့ စောင့်နေတဲ့..ဘုရင်ကြီးနားက..ခပ်မြန်မြန်ခွာ ခဲ့တယ်။
ထပ်ခြေဆန့်တော့.. စူးစမ်းရှာဖွေလေ့လာသူတွေ ဆီက.. အချက်အလက်တွေကို စိစစ် လက်ခံ မှတ်တမ်းတင်နေတဲ့..ပထ၀ီ ပညာရှင်ကြီး တပါး ရဲ့ ဂြိုဟ်။ အဲဒီ ပညာရှင်ကြီး ညွှန်တာနဲ့ပဲ..နောက်ဆုံးမှာ..သူ..ဒီ ကမ္ဘာဂြိုဟ်ပေါ်ကို ရောက်လာခဲ့တော့တာ..တဲ့။ ဒါပေမဲ့..သူရောက်နေတာက..ကမ္ဘာဂြိုဟ် ရဲ့ လူသူ အရောက်အပေါက် နဲတဲ့..သဲကန္တာရ ကြီး ဖြစ်နေလေတော့..သူ့မှာ မိတ်ဆွေ ဆိုလို့.. သူ အိမ်ပြန်ချင်တဲ့ အချိန်မှာ..အရောက်ပို့ပေးမယ်လို့.. ကမ်းလှမ်းလာတဲ့..အဆိပ်ပြင်းတဲ့ မြွေဝါလေးတကောင်ရယ်.. သူနားမလည်တဲ့..ယဉ်ပါးခင်မင်မူ အကြောင်း နဲ့..နေ့ရက် အကန့်အသတ်နဲ့..အမဲလိုက်ကြတဲ့..မုဆိုးတွေ အကြောင်း ပြေပြတဲ့..မြေခွေးတကောင်ရယ်.. အခု လေယဉ်ပျက်ကျလို့ ရောက်လာတဲ့..စာရေးသူရယ်.. ဒါပဲ ရှိတယ် ။ ဒါပေမဲ့.. သူ.. ကန္တရလေးထဲ နဲနဲပါးပါး သွားကြည့်ရင်း...တွေ့ခဲ့သေးတာက.. လူတွေ ရေသောက်တာနဲ့...အချိန်မကုန်ရလေအောင်..ရေမဆာတဲ့ ဆေးတမျိုးရောင်းဖို့ ကြံစည်နေတဲ့ ကုန်သည် တယောက် နဲ့ ဘယ်ကိုသွားနေမှန်းမသိတဲ့..ခရီးသွားတွေ အတွက်.. လမ်းပြပေးနေတဲ့..မီးရထားသံလမ်းစောင့် တယောက် နဲ့တော့.. စကား စမြည် ..ပြောခဲ့ဘူးတယ်.. တဲ့။
နောက်- သူ့ ကိုယ်ပိုင် ဂြိုဟ်ပေါ်က..သူ့ပန်းကလေးနဲ့ မတူ..ပွင့်ချပ် ၃ လွှာပဲ ရှိတဲ့..ကန္တရ ပန်းလေး နဲ့လည်း..စကားပြော ဖြစ်လိုက် သေးတယ်။
`မင်္ဂလာ မနက်ခင်း´ လို့ မင်းသားလေးက နှုတ်ဆက်တော့.. ပန်းလေးကလဲ.. ` မင်္ဂလာ နံနက်ခင်းပါ..´ တဲ့။
`လူတွေ ဘယ်မှာ နေတာလဲ ခင်ဗျာ´ မင်းသားလေက..ယဉ်ယဉ်ကျေးကျေး မေးလိုက်တယ်။
လှည်းတန်းကြီး တခု ဖြတ်သွားခဲ့ဖူးတာ..တခါပဲ မြင်ဖူးလိုက်တဲ့..ပန်းကလေးက..` လူတွေ..´ လို့..သံယောင်လိုက် -လိုက်တယ်။
ပြီးတော့.. ` ငါထင်တာတော့..သူတို့တွေ ၆ ယောက် ၇ ယောက်လောက်တော့ ရှိမယ်ထင်တယ်..လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတော့..မြင်လိုက်ရတယ်။ ဒါပေမဲ့..သူတို့ကို ဘယ်မှာ ရှာရမယ် ဆိုတာတော့..ဘယ်သူမှ သိမှာ မဟုတ်ဘူး။ လေ တွေက..သူတို့ကို ဝေးရာ ခေါ်သွားကြတယ်။ သူတို့မှာ အမြစ်မရှိဘူးလေ..အဲဒါကြောင့်ပဲ.. သူတို့ဘ၀တွေက.. ခက်ခဲ နေကြတာပေါ့..´
`နှုတ်ဆက်ပါတယ်´ လို့ မင်းသားလေးက..ဆိုတော့..ပန်းကလေးကလဲ..` နှုတ်ဆက်ပါတယ်..´ တဲ့။
++++
ကဲ- အဲဒီ အတိုဆုံး အခန်းလေးကိုပဲ..ဖတ်ကြည့် တော့.. ဘယ်လို ခံစားရသလဲ.....
နောက်ထပ်ကတော့.. ဒီ သဲကန္တာရကြီးထဲမှာ.. လေယဉ်ပျက်ကျလာတဲ့ စာရေးသူရယ်..မင်းသားလေးရယ်..မြွေဝါလေးတကောင်ရယ်.. ဘယ်လို အဆုံးသတ် သွားကြသလဲ ဆိုတာ.. အချိန်ရရင်..ဖတ်ကြည့်ကြစေချင်ပါတယ်။ တိုတိုလေးရယ်ပါ။ ဖတ်ပြီး မင်းသားလေးကို စွဲလမ်းသွားတယ် ဆိုရင်တော့.. ကိုယ်..ပြောပါရစေ..
မိတ်ဆွေ အဖြစ် ခင်မင်ချင်ပါတယ်။း)
ဆက်စပ် ဖတ်ရန်- English version
ဆရာမကြီး ဒေါ်ခင်လေးမြင့် ကွယ်လွန်
◦
28 Comments:
:-) အဲ့ဒီမင်းသားလေး..
စာအုပ်ရေးတဲ့သူဆွဲခဲ့တဲ့ ဆင်+မြွေ=ဦးထုပ် ကို မျက်လုံးထဲက မထွက်ဘူး။
ပြန်ညွှန်းပေးတာ ကျေးဇူး။
သူတို့မှာ အမြစ်မရှိဘူးလေ...
စာအုပ်ကိုတော့ မဖတ်ဖူးဘူး...
ဒါပေသည့် ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့
အမြစ်ကို မတွေ့ရဘူး...
အရင်တုန်းက ရှိခဲ့သလား ပြန်စဉ်းစားမိတော့လည်း
ရှိခဲ့ပုံ မရဘူး...
နောက်လည်း ရှိလာဦးမလားလို့ စဉ်းစားမိတော့လည်း ရှိလာမယ့် ပုံ မရှိဘူး...
အခုလည်း အမြစ်မရှိဘူး ဆိုတော့
ငါဟာ အမြစ်မရှိတဲ့ လူတယောက်ပါလားလို့ သိလိုက်ရတယ်...
သိပ်တော့လည်း မတုန်လှုပ်မိပါဘူး...
ကိုယ့်လိုလူတွေ သန်း ၆၀၀၀ တော့ ရှိမှာပါ... အဟဲ...
ဒီလိုကျတော့လည်း ကိုယ့်မိတ်ဆွေလေးအကြောင်းကို
အမြန်တင်ချင်လာမိပြန်ရော
အညွန်းနဲ့တင်စွဲလမ်းသွားပါပြီကွယ။်
အဲဒီစာအုပ် မဖတ်ဖူးဘူး...
ကေရေးတဲ့ မိတ်ဆက်လေးရယ်
ပုံလေးတွေရယ်ကြောင့် ဖတ်ချင်သွားတယ်...။
သိုးလေးတွေပုံက ချစ်စရာ...
ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက်ပါ့မယ်
ပြီးရင်တော့ ကေနဲ့ မိတ်ဆွေ အရင်းတွေ ဖြစ်ပြီး ခင်မင်ကြရတာပေါ့...
ကျေးဇူးပါ ကေ...
ကေရေ တို့လဲ မင်းသားလေးကို စွဲလန်းနေမိသူတွေထဲက တယောက်ပါ။ အဲဒီစာအုပ်လေးကို တို့အမအငယ်က ပေးဖတ်လို့ ဖတ်ဖူးခဲ့တာ။ သူက ပြင်သစ်စာ သင်လို့ သူ့ဆရာမ ဘာသာပြန်တဲ့ စာအုပ်၊ သိပ်ကောင်းတယ် ဆိုလို့လေ။ တို့က မင်းသားလေးတင်မဟုတ်၊ ဆရာမကြီးကို တို့သိပ်ကြိုက်တဲ့ ဂျာနယ်ကျော် နှစ်ဦးရဲ့ သမီးမို့ ပိုစိတ်ဝင်စားခဲ့တယ်။ သူနဲ့ မဆုံဖူးလိုက်ရဘူး၊ ဆရာ ဦးမိုးဟိန်းနဲ့တော့ အမေရိကားလာတုန်း တွေ့ဆုံ အိမ်လည်ဖိတ်ခွင့်ရလိုက်တယ်။ စိတ်နေစိတ်ထားရော စာအရေးအသားမှာပါ ရိုးရိုးခန့်ခန့် ရေးနိုင်တဲ့၊ ဘာသာပြန် ကျွမ်းကျင် ပြေပြစ် လှပတဲ့ မိသားစု ပါပဲ။ အားကျစရာပါပဲ။
မင်းသားလေး လို့ တွေ့လိုက်တာနဲ့အပြေးလာဖတ်ရတယ်။ ဆရာမကြီးဒေါ်ခင်လေးမြင့်နဲ့ ပြင်သစ်စာသင်ဖူးလို့ မင်းသားလေး ကိုတော့ လွန်ခဲ့တဲ့ ၈ နှစ်လောက်က ခံစားခဲ့ပြီးသားပါ။ အဲဒီတုန်းက ဆို ပြင်သစ်သံရုံးက ကျောင်းသူကျောင်းသားတွေ က စထရင်း ဟိုတယ်မှာတောင် မင်းသားလေးပြဇတ်ကိုကကြသေးတယ်။
ဆရာမရှင်းပြတဲ့ထဲမှာ သတိအရနေမိဆုံးကတော့ မူယယာမာယာများတဲ့နှင်းဆီပန်းလေးနဲ့ အဲဒီ နှင်းဆီပွင့်လေးကိုမှ သံယောဇဉ်တွယ်မိတဲ့ မင်းသားလေး ကိုပေါ့။
အတိအကျမမှတ်မိတော့ပေမယ့် မင်းသားလေးနဲ့ နှင်းဆီပန်းလေး စကားပြောတဲ့အခန်းလေးတွေအခုတောင် ပြန်စဉ်းစားနေမိသေးတယ်။
မမကေ လိုသာစာရေးကောင်းရင် ခံစားရသမျှရေးလိုက်ချင်ပါရဲ့ ။
အမ မင်းသားလေးကို audio book လုပ်ကြရင် မကောင်းဘူးလား။ ကလေးတွေအတွက် အမရဲ့ ကိုယ်ပိုင် ပုံပြင်လေးတွေလည်း ရေးပေးပါဗျိုး။
အမလဲ မင်းသားလေး စာအုပ်ကို အပိုင်တောင် ၀ယ်သိမ်းထားဖူးတယ်။ ရွှန်းမီပြောတဲ့ ဦးထုပ်ကိုတောင် ခု မြင်ယောင်နေသေးတော့တယ်... အိမ်မှာ ကျန်ခဲ့တာ ရှိဦးမလား မသိဘူး... သတိတရပြန်မေးလိုက်ဦးမယ်..
အမ ခင်မင်းဇော်
ဖတ်ဖူးတယ်... ကြိုက်လည်းကြိုက်တယ်... Eng လိုဖတ်ဖူးတာ... ပြန်ပြီးဖတ်ဦးမှပဲ...
စကားမစပ် လူနဲ့အကောင်လေးတွေပါတဲ့ Who Moved My Cheese? ဆိုတဲ့ စာအုပ်လေးလည်း ဖတ်လို့ကောင်းတယ်.. အခုအချိန်မှာ ဖတ်လို့အကောင်းဆုံးပေါ့...
ငယ်ငယ်တုန်းက အဲဒီစာအုပ် ဖတ်ဖူးတယ်။ နားကို မလည်ဘူး။ စိတ်ဝင်စားစရာ မကောင်းဘူးလို့ ထင်ခဲ့မိတာပါပဲ။ လက်ရာကောင်း တစ်အုပ် ဖြစ်မှန်း သိပေမယ့် အဲဒီအရွယ်တုန်းက သေချာ မဖတ်နိုင်ခဲ့ဘူး။ အခုနောက်ပိုင်းလည်း မဖတ်ဖြစ်ပါဘူး။ စာအုပ်ကတော့ အပိုင် ၀ယ်ပြီး သိမ်းထားတယ်။ အိမ်က စာအုပ်သေတ္တာထဲမှာတော့ အခုချိန်ထိ ရှိနေတုန်းပါပဲ။
မကေ ရေးပေးသလောက်လေး နဲ့တင် စွဲလမ်း ခဲ့ ပြီ
ဘယ်လို လုပ်ရမလဲ...ကဲ....း)
သွားဖတ်ဦးမှ...:P
ပြောပြသလောက်နဲ့တင် နှစ်သက်ဖွယ်ရာပါ အစ်မ K.
အန်တီကေ ဆရာမဒေါ်ခင်လေးမြင့်ဆိုတာ တက္ကသိုလ်အင်္ဂလိပ်စာ department ကလား...။
ဖတ်ချင်သွားပြီ။ ညွှန်းပေးတာ ကျေးဇူး။ Merci beaucoup! ဒီလောက်တော့ မှတ်မိမှာပါ။ (ကိုယ်လည်း ဒီလောက်ပဲ တတ်တော့လို့ :D )
ဖတ်ချင်လိုက်တာ။ အဲဒီစာအုပ်ကို။
လေ တွေက..သူတို့ကို ဝေးရာ ခေါ်သွားကြတယ်။ သူတို့မှာ အမြစ်မရှိဘူးလေ..အဲဒါကြောင့်ပဲ.. သူတို့ဘ၀တွေက.. ခက်ခဲ နေကြတာပေါ့..´
တော်တော်လေးတွေးကြည့်ချင်စရာကောင်းတဲ့ အရေးအသားမျိုးပါလား....ဖတ်ကြည့်မယ်ဗျာ..
ကျေးဇူးပါမကေ
ရွှန်းမီလည်း..မင်းသားလေး စွဲလမ်းသူ ထင်ရဲ့..း)
ကိုအောင်သာငယ်-ကိုယ်ပိုင် အမြစ်မရှိလို့..ငါ့တိုင်းပြည်လေးထဲက..သစ်မြစ်တွေကို ပိုချစ်နေတာ ထင်ရဲ့-း)
မနော်- တင်ဖို့ပဲ ကျန်တော့တယ်။
မခင်ဦးမေ- အဲဆို.. Give me Five :)
မသက်ဝေ-ဖတ်ပြီးရင်..ပြန်ပြောပြအုံး။
မချိုသင်း- ဟုတ်တယ်နော်..သူတို့မိသားစု ကြီးတခုလုံး..စာပေတာဝန် ကျေပွန်ကြတယ်။
မိုးကုတ်သူ- ပြောမှ..အဲဒီ ပြဇတ်ကို ကြည့်ချင်လိုက်တာ။ သံရုံးက ကမကထ လုပ်တာဆို..တကယ်ကောင်းမှာ.. ဘာပဲပြောပြော..ပြင်သစ်တွေရဲ့ ကိုယ်ပိုင်ဟန်နဲ့ အနုပညာခံစားမူ ကတော့..ထူးခြားတယ်နော်။
ဇီဇ၀ါ ရဲ့..အမက..ပုံမပြောတတ်ဘူး။း) သိလား ကြုံလို့..အံ့မောင်ဘာသာပြန်တဲ့..အန်ဒါဆင် ပုံပြင်များ ဆိုတာလည်း..သိပ်ကောင်းတယ်။ ကလေးတွေ အတွက်ရော..လူကြီးတွေ အတွက်ရော-
အမခင်မင်းဇော်ရေ- ပြန်မရှာနဲ့တော့..နောက်မှ အသစ်ဝယ်ပီး လက်ဆောင်ပေးမယ်။း)
ပီတိ- လုပ်လေကွာ.. Who moved my Chess ? အညွှန်းလေး။ နံမယ်ကြီးပေမဲ့..ခုထိ မဖတ်ဖူးသေးဘူး။ သူက..တက်ကျမ်း ဆန်တယ်ဆို..ဟုတ်လား..
ဇူလိုင်- ဒါဆို..ခု ပြန်ရှာဖတ်.. နားမလည်သေးရင်..မိန်းမ မယူနဲ့အုံး။း)
မမသီရိ- ဒါဆို ဖတ်ကြည့် ပြီးသွားရင်တော့..း)
လင်းဒီပ- Republic ( ဂွီ)- ဖတ်ကြည့်စေချင်တယ်။ တကယ်..
ဖြိုးရေ- မဟုတ်ဘူး။ တယောက်စီ။
မနူသွယ်- Bon Jour !! ခက်တယ်နော်.. ပြင်သစ်က.. အထီး အမ ခွဲရတာနဲ့တင် စိတ်ညစ်ပီ။း)
မေ့သမီး- ကို ဆောင်း- အချိန်ရရင် ဖတ်ကြည့်ကြပါ။ ကဗျာ သမားတွေဆို ပိုတောင် ကြိုက်အုံးမှာ-
အဲဒီစာအုပ်အကြောင်း ခုမှ ကြားဖူးတယ်။
Merci beaucoup!
ကျန်တာ သိပ်မမှတ်မိတော့ဘူး။
အခွင့်သင့်ရင်တော့ ပြန်သင်ဦးမယ်
မြတ်နိုး
ကေရေ… စိတ်ဝင်စားဖို့ ကောင်းလိုက်တာ… ကေအညွှန်းလေးက ဆွဲဆောင်မှုအတော်ရှိတယ်… ဖတ်ကြည့်ဦးမယ်… အမြစ်မပါတဲ့ဘ၀တွေအကြောင်းတွေးမိသွားတယ်…
အညွှန်းနဲ့တင်စိတ်ဝင်စားဖို့ကောင်းနေပြီး ။ အင်္ဂလိပ်ကိုမကျွမ်းဘူးး) ဖတ်တော့ဆက်ဖတ်ချင်တယ် ။
ကိုသက်ဦးရေ့..ဒါဆိုရင်တော့..ညွှန်းရတာ တန်သွားပြီ။း)
မြတ်နိုး- အမပြန်လုပ်ကြည့်သေးတယ်..တအားခက်သွားပြီ။ ရတော့ဝူး...း(
မတန်ခူး- ဖတ်ကြည့်လို့ ကြိုက်ရင်..ပြန်လာပြောအုံး။
မောင်မျိုး- ရန်ကုန်မှာ ဘာသာပြန် ခဏခဏ ပြန်ထုတ်တာပဲ.. ၀ယ်လို့လွယ်မှာပါ။
စာတွေတော့ ကျက်လို့ မပြီးသေးဘူး။မဖတ်ရတာ မနေနိုင်တော့လို့ လာဖတ်တာ မကေ ဘလော့ဂ်ဆီ။
မင်းသားလေးကိုလည်းကြိုက်တယ်။ နိုင်ငံခြားဘာသာ တက္ကသိုလ် ပြင်သစ်ဘာသာ ဒီပလိုမာ တတိယနှစ်မှာ သင်ရတဲ့ Voltaire ရဲ့ Candide လည်း ကြိုက်တယ် မကေ။ (ဆရာ)ကျော်အောင် က အကောင်းမြင်သမား ဆိုပြီး ဘာသာပြန်ထားတယ်။ မြန်မာဘာသာပြန်ကတော့ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှာ ရှိတယ်။(ဟီး..ရှိသေးလား သိဘူး..မသေချာတော့ဘူး)
ဟား- ငါ့ညီမ ဟနက မှ..တကယ့် ဆရာကြီး..တတိယနှစ် ဖတ်စာ ဆိုတော့..သေချာတယ်..ဒီပလိုမာပြီးအောင်တောင် တတ်ဖြစ်ခဲ့တယ်ပေါ့။ ဇွဲကို အားကျတယ်။း)
ကမ္ဘာပေါ်က နှင်းဆီပန်းတွေနဲ့ သူ့ဂြိုလ်ပေါ်ကနှင်းဆီပန်းလေးဟာအတူတူပဲ ဘာမှမကွာခြားပါဘူး .. ဒါပေမယ့်ဂြိုလ်ပေါ်ကပန်းလေးက သူ့ပန်းလေးမို့ သူပိုချစ်တဲ့အကြောင်း ... :) အော် မင်းသားလေး မင်းသားလေး
ကျွန်တော်ကတော့ အဲဒီစာအုပ်လေးကို အတော်သဘောကျတယ် ထပ်ခါထပ်ခါလည်း ဖတ်ဖြစ်တယ်။ တခါဖတ်တိုင်း အတွေးသစ်တခု အမြင်သစ်တခုကို ရှာတွေ့နေတုန်းပဲ....... pdf file လေးနဲ့များ ရှိရင် ရှယ်ပေးကြပါ့လားဗျာ လိုချင်လွန်းလို့ပါ
Post a Comment