ရထားလေးတစင်း နဲ့ အတူ..

အီစတာ ကျောင်းပိတ်ရက်တွေ ထဲ.. မြေနီနီ မြို့လေး ကို.. ပြန် ဖြစ်တယ်။ စိတ်လှုပ်ရှားစရာတွေ.. လူမူ အသိုင်းအ၀ိုင်းတွေ.. အခွင့်အလန်း တွေက..မြို့ကြီး မှာ ရှိတယ် လို့.. အကြမ်းဖျင်းတော့..မှန်နေပေမဲ့လဲ.. အချိန် အတော်ကြာ နေခဲ့တဲ့..ဒီ မြေနီနီမြို့လေး ကလည်း..ရိုးရှင်း တည်ငြိမ် မူတွေ နဲ့.. ချစ်စရာ ကောင်း နေသေးတာပဲ...။ ခုတော့..ပိတ်ရက်တွေ ကုန်လို့.. ရထားလေး ကို စီးပြီး..မြို့ကို ပြန်ရ ပေ အုံးမည်။

ရထားလေး နဲ့ အတူ.. ပြန်လည် ခံစားရင်း.. တနှစ်ကျော်က.. အဟောင်း အမြင်း ပို့စ် လေး တခုပါပဲ..လို့..။း)

++++++++++



သူကတော့ ဒီမြေနီနီ မြို့လေးကနေ အနီးဆုံး ဆိုတဲ့ မြို့ကြီးပြကြီးဆီကို ရောက်အောင် သွားရတော့မယ်ဆိုရင် အရိုးသားဆုံး ရထားလေးကိုပဲ စီးဖို့ရွေးချယ်လေ့ ရှိတယ်။

၇ နာရီ ဆိုတဲ့အချိန်က မဂ္ဂဇင်းတအုပ်ဖတ်ဖို့ရယ်.. ရှုခင်းတွေ ခဏတဖြုတ် ( ဒါမှမဟုတ် တမေ့တမော) ငေးကြည့်ဖို့ရယ်.. အပေါ်မှာ ချိတ်ထားတဲ့ တီဗွီ ဖန်သားပြင်ပေါ်က..ခပ်ညံ့ညံ့ ရုပ်ရှင် ကားဟောင်း တကား လောက် ကြည့်ချင်ရင် ကြည့်ဖို့ရယ်.. အတွက် လုံလောက်တဲ့ အပြင် ပိုတောင် ပိုလွန်းနေ သေးတာ။

လက်ဆွဲအိတ် ကလေးကို အမိုးဘောင်ပေါ်က.. ကေဗင်လေးထဲ ပြစ်သွင်းလိုက်ရင်း..ပြတင်းပေါက်ဘေး ကပ်ရပ်ခုံမှာ ထိုင်ချလိုက်သည်။ သူ့ဘေးခုံက လူမလာသေး..။ ဟိုး အပေါက်ဝက ဒယိမ်းဒယိုင်နဲ့ တက်လာတဲ့ အဘို ( အဘိုးရီးဂျင်း ဒေသခံလူမျိုး) ယောက်ကျားကြီး များ ဖြစ်နေမလာလား လို့ စိုးရွံ နေမိသေး။ တော်ပါသေးရဲ့.. ကျောပိုးအိတ်လေးနဲ့ ကြားဘူတာမှာ ဆင်းမယ်ထင်ရတဲ့ တောသား ကောင်ငယ်လေး တယောက်။ ဒီ အဘို တွေ ကို စိတ်ညစ် ရတာ တခြားမဟုတ်ပါဘူး..ခွဲခြားဆက်ဆံ ဖို့ ထားဦး...သူတို့က..ရေမှ မချိုးတာ။ အင်း..ဒီတခေါက် စိတ်လွတ် ကိုယ်လွတ် အလုပ် အားရင်တော့..ဒီ စိတ်ဝင်စားစရာ ဒေသခံ အဘိုရီးဂျင်းတွေ အကြောင်း ဘလော့မှာ ရေး ဦးမည်။

နေ့လည် ထမင်းစားပီးစ အချိန်မို့ ပြတင်းပေါက်က တဆင့်မြင်နေရတဲ့ အပူရောင် ရှုခင်းတွေကို ကြည့်ရင်း..ခဏတော့ အိပ်ပျော်သွား သလို ထင်မိသည်။ ကော်ဖီလေး ဘာလေး သွားဝယ်သောက် ဦးမှ..။ လျှာထိုးဦးထုပ်ကလေး ဆောင်းပြီး ကာတွန်းစာအုပ်ကလေး ဖတ်နေတဲ့..ဘေးက..ခလေးကို ပြုံးပြ ခြေထောက်ကလေး ခဏ ရွှေ့ခိုင်းလိုက်ရင်း.. ရထားနောက်ဖက်က မုန့်ဆိုင်လေးဖက် ..ထွက်လာတယ်။ ဒီရာသီက.. Pensioner တွေကို လက်မှတ် အလကား ပေးတဲ့လမို့ထင်သည်.. တတွဲလုံး တ၀က်ကျော်လောက်က..အဘိုးအဘွားတွေ။ သိုးမွေးထိုးတဲ့ လူက ထိုး။ စာအုပ်ဖတ်တဲ့ သူကဖတ်။ ဒီမှာက..သူတို့ကို တနှစ်တခါ ကြိုက်တဲ့ခရီး ထွက်နိုင်အောင် လတ်မှတ် အလကားပေးလေ့ ရှိသည်။ အေးချမ်း လှသည့် ဘ၀ ဆည်းဆာများပေ။

ကော်ဖီကို တငုံချင်း သောက်ရင်း..ပြတင်းကို ပြန်ငေးနေမိပြန်သည်။ နီညိုညို ကန္တရ ပင်တွေ ထဲက မထွက်သေး။ ကြည့်စရာမရှိ..။ ဆားအိုင်တွေ နားတော့ ရောက်နေပီပဲ.. ကြည့်စမ်း..ဆားအိုင်တွေ တောင် အရည်တွေ ပျော်လို့..အရိပ်တွေ ဘာတွေတောင် ထင်နေတယ်..အခါတိုင်းဆို..တကယ့် ဖြူပြစ်ပြစ် ဆားအိုင်တွင်းတွေလေ..။

ဘေးက..ကလေး ဆီက..ရီသံ ထွက်လာလို့ လှမ်းကြည့်တော့..အော်- တီဗီ ကြည့်နေတာပဲ။ နားကြပ် ခဏ တပ်ကြည့် သည်။ ပျင်းစရာကြီးပါ..။ သူ့အတွက်တော့.. စိတ်ဝင်စားစရာ မကောင်းလှသော ခပ်ပေါပေါ ရုပ်ရှင် တခု။ နေဦး.. သူ့မှာလုပ်စရာ တန်းလန်း တခု ပါလာသည်ပဲ..။ lap top တပ်ဖို့ ပါဝါ ပေါက် က..ရှေ့ခုံမှာမို့.. ရှေ့က အမျိုးသမီးကြီးကို လှမ်းခွင့်တောင်းတော့.. ကျေးလက်ဆန်တဲ့ ဒေသမို့..နွေးနွေးထွေးထွေး နဲ့ ဒီရုပ်ရှင် မကြိုက်လို့လား တဲ့..။

ညကမှ ခရီးထွက်ဖို့ ပြင်ဆင်နေတုန်း..ဂျီတော့ကနေ.. မိတ်ဆွေကြီး လွင်မိုးက.. သူ့ google reader မှာ share ထားတဲ့ စာလေး တစောင်ကို ဘယ်လိုထင်လည်း.. ဘာသာပြန်ပေးနိုင်ရင် သိပ်ကောင်းမှာပဲ တဲ့။ သူက..ဘိုလိုပဲ ဘလော့ရေးကာ..ဘိုလို ရေးတဲ့ သတင်းဆောင်းပါးတွေကို အဖတ်များသူ။ တခါတလေ သူ ရှဲတာလေး တွေက.. တန်ဖိုး ရှိလှသည်။ မအားတဲ့ ကြားထဲကမှ ပြန်ပေးမယ်လေလို့ လောကွတ် ချော်မိသွားအောင်.. သူကလည်း အပြောကောင်း လေသည်။ ညက..တကယ်စလုပ်ကြည့်တော့.. သိပ်မလွယ်လှ။ တရက် နဲ့မပြီးနိုင်။ စာက အတော်ရှည်သား။ ဒါပေမဲ့.. အုတ်ဂူထဲက လူတယောက်ရဲ့ အဆုံးစွန် ဆန္ဒ နဲ့ စကားတွေကို..လူတွေ ကြားနိုင်သမျှ ကြားအောင်.. ဘာလို့ လုပ်မပေး နိုင်ရမှာလဲ..လုပ်မပေး သင့်ရမှာလဲ..။

lab top ကို ရှေ့က ခုံပေါ် တင်လိုက်တော့..သူ့လက်တွေက.. စာလုံးတွေ ကြားထဲ သူ့အလိုလို ပြေးသွားတော့သည်။ သိရိလင်္ကာ နိုင်ငံက.. သတင်းသမား တယောက်ရဲ့ အဆုံးစွန်သော ပေးဆပ်မူ။ အာဏာ ပါဝါ နောက် မပါပဲ..ပြည်သူတွေကို လွတ်လပ် မျှတတဲ့ အသိအမြင်တွေ ပေးခဲ့ချင်တဲ့..သူ့ရဲ့ စွန့်လွှတ်မူ။

မူရင်းစာသားကို ဖတ်ရင်း.. နားလည် နှစ်ခြိုက်လွန်းလှတဲ့..ခံစားမူက..သူ့လက်တွေပေါ်ကို ..အလိုအလျောက် ခုန်ဆင်းသွားတော့သည်။

ကျနော်တို့ရဲ့ အဓိဋ္ဌာန်က သီရိလင်္ကာနိုင်ငံကို ထင်သာ
မြင်သာရှိတဲ့ ဘာသာအယူဝါဒစွဲ ကင်းတဲ့၊ လွတ်လပ် မျှတတဲ့ ဒီမိုကရေစီနိုင်ငံတခု အဖြစ်
မြင်ချင်တာပါပဲ။ အဲဒီ စကားလုံးတွေကို စဉ်းစားကြည့်ပါ။ စကား တလုံးချင်းမှာ သိပ်ကို
လေးနက်တဲ့ အဓိပ္ပာယ်တွေ ရှိပါတယ်။ ထင်သာမြင်သာ ရှိရပါမယ်။ ဘာအတွက်လဲ ဆိုရင် အစိုးရ
တရပ်ဟာ ပြည်သူလူထု အတွက် ပွင့်ပွင့်လင်းလင်း အသိပေး နေရမှာဖြစ်ပြီး သူတို့ရဲ့
ယုံကြည်မှုကို အလွဲသုံးစား မပြုသင့်လို့ပါ။ ဘာသာအယူဝါဒစွဲ ကင်းရပါမယ်။ ဘာဖြစ်လို့လဲ
ဆိုရင် ကျနော်တို့နိုင်ငံလိုမျိုး လူမျိုးစု ပေါင်းစုံ၊ ယဉ်ကျေးမှု ပေါင်းစုံ
ပါဝင်နေတဲ့ လူ့အဆောက်အဦးတခုမှာ အယူဝါဒစွဲကင်းမှသာ အားလုံး ညီညွှတ် ပါဝင်နိုင်မယ့်
အခြေခံကောင်းတခု ရှိနိုင်မှာမို့ပါ။ လွတ်လပ်မျှတမှု ရှိရပါမယ်။ ဘာကြောင့်လဲ ဆိုရင်
လူသားတိုင်းဟာ မတူညီစွာ ဖန်တီးတည်ရှိ နေကြတာကို ကျနော်တို့ အသိအမှတ်ပြုလို့ပါပဲ။၊
တခြားတပါးသောသူကို သူဖြစ်တဲ့အတိုင်း လက်ခံနိုင်ဖို့ လိုအပ်ပြီး ကိုယ်ဖြစ်စေချင်သလို
ပြုလုပ်လို့ မရပါဘူး။ ပြီးတော့ရင် ဒီမိုကရေစီနည်းလမ်းကျ ရပါမယ်။ ကဲ - ခင်ဗျား
ကျနော့်ကို ဒီမိုကရေစီ ဘာဖြစ်လို့ အရေးကြီးလဲလို့ ရှင်းပြစေချင်ရင်တော့၊
ဒီသတင်းစာကို ဝယ်နေတာသာ ရပ်လိုက်ပါတော့။

Transparent, Secular, Liberal, Democracy ဆိုတဲ့ အသုံး အနှုံးတွေ နောက်ကို သူ့အတွေးတွေ ပြေးလိုက်ပါ သွားပြန်သည်။
ပီးခဲ့တဲ့ အပတ်ကမှ CNN မှာ ကြည့်ခဲ့ရတဲ့.. The challenge in Middle East ဆိုတဲ့ အထူး အစီအစဉ် မှာ.. ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ အစ္စရေး-ပါလက်စတိုင်း ပြသာနာရဲ့ ရင်းမြစ်ကို ရှာဖွေ ဆန်းစစ် ကြည့်ထားတာတွေ.. ခေါင်းထဲ ရောက်လာသည် ။ ဆော်ဒီ အာရေဗျ နိုင်ငံကြီးရဲ့ ဒေသတခုလုံး နဲ့ ဘာသာအယူဝါဒ တခုလုံးအပေါ် ထိုးဖောက် သက်ရောက်နေမူ ကို ရဲရဲဝံ့ဝံ့ သုံးသပ်ပြခဲ့တဲ့.. အာရပ် ပညာရှင်တယောက် ရဲ့ စကားတွေ ။ တခေတ် တချိန်က.. လစ်ဘရယ် ကျခဲ့တဲ့ အာရပ် ခေါင်းဆောင်တချို့ ပြည်ပြေး ဘ၀တွေ ရောက်နေရပုံတွေ..။ ပြီးတော့..ဘာရယ်မဟုတ်.. မြန်မာပြည်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလေ့ ရှိတဲ့..အမျိုး- ဘာသာ- သာသနာ ဆိုတဲ့ စကားကိုတောင် တွေးကြည့်နေမိသည်။ တလောက..ရွက်မွန်မှာ ဖတ်လိုက်ရတဲ့..ဂျမားတို့အဖိုး ဆိုတဲ့ ဇတ်လမ်းလေးကို လည်း.. ဆက်စပ်ပြီး သတိရနေပြန်သေးသည်။

ဒီစစ်ပွဲကို ကျနော်တို့ မကြိုက်ဘူး ဆိုတာကို “ကျား(သူပုန်) တွေကို ထောက်ခံတယ်” လို့ ဘာသာ မပြန်သင့်ပါဘူး။ တမီးလ်ခွဲထွက်ရေးကျား ဆိုတာတွေဟာ ဒီဂြိုဟ်ကြီးပေါ်မှာ စွဲကပ်လာတဲ့ အရက်စက်ဆုံးနဲ့ သွေးအဆာဆုံး အဖွဲ့အစည်းတွေထဲက တခု အပါအဝင်ပါ။ ဒါပေမဲ့ သူတို့ကို အပြုတ်တိုက်ပစ်ရမယ်လို့လည်း ကျနော်တို့ အနိုင်ပိုင်း မပြောခဲ့ပါဘူး။ ဒါပေမဲ့ တမီးလ် ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်ပြီး ဒီလို ရက်ရက်စက်စက် ဗုံးထောင် သတ်ဖြတ်နေခြင်းဟာ မှားယွင်းယုံတင်မက ဓမ္မကို စောင့်ရှောက် ထိမ်းသိမ်းသူများလို့ ပြောနေတဲ့ ဆင်ဟာလိ လူမျိုးတွေအတွက် ရှက်စရာ ဖြစ်တယ်။ ဆင်ဆာ တားမြစ်မှုတွေကြောင့် လူထုက မသိမမြင်နိုင်တဲ့ ဒီလို ရက်စက် ကြမ်းကြုတ်မှုတွေဟာ ဆင်ဟာလိတွေအတွက် အမြဲ မေးခွန်းထုတ်စရာ ဖြစ်နေမှာပါ။

အခု ..ဒီသတင်းစာ ဆရာ ပြောသလို..သိရိလင်္ကာ မှာ တမီးလ်ကျားတွေကို အလုံးစုံ ပျက်သုန်းရေးလုပ် လိုက်လို့ ဘာအကျိုးရလဒ် ရလာမှာလဲ..။ ဟားမားစ်တွေကို တယောက်မကျန် ဗုံးခွဲ သတ်ဖြတ်နိုင်တော့ရော..ဘာအောင်မြင်မူ ပန်းတိုင်ကို ရ ကြမှာလဲ..။ human shield ဆိုတဲ့ စကားတလုံးကို အပြစ်တင်စရာ ရေလဲသုံး ပြီး.. သိရိလင်္ကာ အစိုးရကော အစ္စရေးတွေကော.. လုပ်ချင်သလို လုပ်ခဲ့ ကြသည်။ လူတွေထဲက ဖြစ်လာတဲ့.. ဆန့်ကျင်တွန်းလှန်မူ တခု ဟာ..ဘယ်လိုလုပ် ဒီလူတွေနဲ့ ကင်းကွာ နေမလဲ.. ။

တော်ပြီကွာ.. ခေါင်းစားတယ်။ ဆံပင် အမဲ က..သိပ်မကျန်တော့ပါဘူး ဆိုမှ..။ ကမ္ဘာကြီးကိုက..အဖြေမရှိတဲ့ အလုံးကြီးပဲ..။
lap top ကနေ မျက်နှာကို ခွာလိုက်ရင်း.. အေးစက်နေတဲ့ ကော်ဖီ လက်ကျန်ကို တချက်တည်း မော့ပြစ်လိုက်သည်။ သြော.. နေတောင် နဲနဲ စောင်းလာပြီပဲ။ ခရီး တ၀က်ကျိုး ခဲ့ပြီ။ လမ်းဘေးက..ရှုမျှော်ခင်းတွေ လည်း..အရောင်ပြောင်း လာပြီ။ သူချစ် တဲ့ ဂျုံခင်း ၀ါဝါလေးတွေ နဲ့ ယာတော အိမ်ကလေး တွေ မြင်နေရပြီ။ တကယ်တော့..သူချစ်တာ.. လယ်ကွင်း စိမ်းစိမ်း တွေပါ။ စိမ်းတဲ့ မြေကနေ..နီဝါ၀ါမြေ ကို ရောက်လာတော့လည်း.. ကာလံဒေသံ အလျောက်.. သင့်တင့်လျောက်ပတ်စွာ ခံစား နေထိုင်တတ်ပြီကိုး။ ကြည့်စမ်း..တတောင်လုံး ၀င်းထိန်ဝါနေတဲ့.. Canola ပန်းခင်းကြီးတွေ..။ သိုးတွေကတော့.. တကယ့်သိုးသူငယ် တွေ။ လှုပ်ရှား ဆော့မြူတာလဲ မရှိ။ စားကျက် တောင်ကုန်းပေါ်မှာ ငြိမ်ငြိမ်သက်သက် မလှုပ်မရှက် နေနေလိုက်ကြတာ.. တကယ့် ငတုံး တွေလိုပဲ။ အင်းလေ.. အဲလို ဘာမှ မသိတဲ့ ငတုံးတွေလည်း တမျိုးကောင်းတာပဲ။ စိတ်ချမ်းသာတယ်။

ရွာငယ်လေးတွေ ကျော်လာတော့..မြို့သေးသေးလေး တခု ၀င်လာသည်။ ဒီမြို့လေးက..ဂျုံစိုက်ပျိုးရေးနဲ့ပဲ အသက်မွေးပုံ ရသည်။ ရထားလမ်းဘေးမှာ ဂျုံစက်ကြီးတွေ အကြီးကြီး။ ဂိုဒေါင်ကြီးတွေလည်း အကြီးကြီး.. မြို့လေးနဲ့တောင်မလိုက်။ လူ ဆိုလို့.. ဘူတာမှာ လာကြိုတဲ့ ကားလေး ၃စင်း နဲ့ လူ ၄ ယောက်လောက်ရယ်.. ခပ်လှမ်းလှမ်းက.. ဆိုင်ကလေးတခု က ထွက်လာတဲ့..အဘိုးကြီး တယောက်ရယ်.. ခွေးလေး တကောင် ကြိုး နဲ့ဆွဲရင်း လမ်းလျှောက် နေတဲ့ စုံတွဲ တတွဲရယ်ပဲ မြင်လိုက်ရသည်။ ဒီ ဂျုံခင်းတွေ..ဂျုံဂိုဒေါင်တွေ..ဂျုံစက်ရုံတွေကို လူ ဘယ်နှယ်ယောက်ကများ စီမံ လုပ်ကိုင်နေပါလိမ့်..။ အားလုံးကလည်း..စက်နဲ့ပြီးတာ ဆိုတော့ လဲလေ..။ ပျင်းစရာ ကောင်းလိုက်တဲ့ မြို့လေးရယ်....။

ခုလို ညနေစောင်းလေးမျိုးပါပဲ..ဒါပေမဲ့...။
လယ်ကွင်း စိမ်းစိမ်းတွေ .. ညစ်တီးညစ်ပတ် အိမ်နောက်ဖေး ရှုခင်းတွေရယ်ကို ငေးရင်း.. ဆူဆူညံညံ ဘူတာလေးတွေတခု ပြီး တခု ဖြတ်သွားရတဲ့..စိမ်းတဲ့မြေက.. ရထားကြီးကို သတိရမိတယ်။ နေညိုညို ညနေစောင်းလေးမှာ.. ရထားလမ်းဘေးက..ဆန်စက်အိုကြီး တွေ...။ သူတို့လည်း..တချိန်တုန်းကတေ့..အခု ဂျုံစက်ကြီးတွေလို ဖြစ်ခဲ့မှာ သေချာတယ်။ ဆန်စက် မီးခိုးခေါင်းတိုင် အက်ကွဲကြားက..ညောင်ပင် လေး တွေ အညှောင့် ထွက်နေတာ မျိုးတောင်.. သူ့မျက်စိ ထဲက မထွက်။ စက်ဘီးလေး တွေ ကလင်ကလင် နဲ့ ဘူတာကို လာကြတဲ့ မိန်းမပျိုလေးတွေ ရဲ့..လန်းလန်းဆန်းဆန်း သနပ်ခါး မျက်နှာလေးတွေ။ ဘူတာဘေးက ကွင်းမှာ..ခြင်းခတ်..နေတတ်တဲ့..ယောက်ကျားပျိုတွေရဲ့ ဟေးကနဲ ဝေါကနဲ ညာသံတွေ..။ စိမ်းတဲ့ မြေရေ...။

ပြတင်းပေါက်က..အလွမ်းတွေကို ဆွဲခွါရင်း.. ရထားတွဲထဲက..တီဗွီကို လှမ်းကြည့်သည်။ ကြည့်ရတာ နောက်ရုပ်ရှင် တကားလည်း..စိတ်ဝင်စားစရာ သိမ်မကောင်းလှ။ လာခါနီးမှ ဘူတာ စာအုပ်ဆိုင်က..ဆွဲလာတဲ့.. Obama Special Issue Time မဂ္ဂဇင်းကို လှန်လျော ကြည့် မိသည်။ အမေရိကန်မှာ အိုဘားမား အဖျားရောဂါ ဖြစ်နေတယ် ဆိုပီး တကိုယ်လုံး အိုဘားမား အရုပ်တွေ လိုဂို တွေ ကပ်ထားတဲ့ ကာတွန်းပုံ နဲ့ သရော်ထားတဲ့ ဆောင်းပါးလေးကို ဖတ်ပြီး ပြုံးမိသည်။ သြော- ခုန ဘာသာပြန်နေတဲ့..သိရိလင်္ကာ သတင်းစာ ဆရာ အကြောင်း ပဲ..ဆောင်းပါးတပုဒ်ပါလား။ သူက.. Time ရဲ့ သတင်းထောက်လည်း ဖြစ် ဆိုပဲ။ ရှေ့နေ၀တ်စုံ နဲ့ သူ့ပုံကို ကြည့်ရင်း..စိတ်တွေ မကောင်း ဖြစ်နေမိသည်။ အခု- သူ့ကို လုပ်ကြံ အပြီး နဲ့ တိုက်တိုက် ဆိုင်ဆိုင်.. တမီးလ် စခန်းတွေကို အနိုင်သိမ်း လိုက်ကြပြီ။ မျက်ရည်စက်ပုံ ဒီကျွန်းလေးကနေ..ဒီလူတွေ..သူပုန်တွေ ဘယ်ကို ပြေးမလဲ။ ပြေးစရာ မြေမရှိ။ နယ်စပ်မရှိ။

The Pen is powerful, but sometimes it isn't enough. တဲ့။
ဆောင်းပါး ရဲ့ အဆုံးသတ် စာကြောင်းက..ပစ္စခ အခြေအနေကို ထင်ဟပ် နေတာဖြစ်ပေမဲ့..သူ့ရင်ထဲမှာ မတင်မကျ။ ရှင်သန် ကျန်ရစ်နေသူတွေကို ဒီလိုကြီးတော့..အဖြေ ထုတ်မပြသင့်ပေ..အဆုံးမသတ်သင့်ပေ။

တော်ပီကွာ..ပျင်းတယ်။ wi-fi နဲ့ အင်တာနက် သတင်းတွေ လျှောက်ဖတ် ဦးမယ်။ သူများ နိုင်ငံအကြောင်းတွေ ကြည့်ရတာ..စိတ်ညစ်လာပြီ။ စိမ်းတဲ့မြေ အတွက်..ဘာတွေများ ထူးထူးခြားခြား ရှိလေမလဲ။
-
ပင်လယ်ထဲမှာ မျောပါလာလို့ သြစကြေလျ နိုင်ငံက..ဆယ်ယူ ကယ်တင် လိုက်တဲ့..မဟာကံထူးရှင် ရွှေဗမာလေး ၂ယောက် ရယ်... ပင်လယ်ထဲကို ပံ့သကူ ပစ်လိုက်တဲ့.. မဟာ ကံဆိုးရှင် ဗမာ ရိုဟင်ဂျာ ထောင်ကျော်ရယ်..သြော်.. ရေမျောကမ်းတင်..သောင်ပြင်မှာ လွှတ်တဲ့ ဘ၀တွေ ရောက်နေ ကြရပြီကိုး။ ဘုရားရေ- ဒပ်ဗလင် မှာ တယောက်နဲ့ တယောက် ထိုးရ ကြိတ်ရလောက် အောင်တောင်..ဆိုးတဲ့သူက..ဆိုးတယ်တဲ့။ ဖြစ်မှ ဖြစ်ရလေ။ ဒီလောက်တောင် ပြည်သူ့ မျက်နှာ ကြည့် တဲ့ အကျိုးနဲ ပုဂ္ဂိုလ်ထူးတွေ အတွက်..စိမ်းတဲ့မြေရေ.. နင် မငိုနဲ့တော့..။

တော်ပါပြီ..ဘာမှ မသိချင်တော့ဘူး.. ။ အကုန်ပိတ်..။ မျက်စိ မှိတ် ပြန်အိပ်တော့မည်။ အင်း..ခုမှတော့...အိပ်လို့ မဖြစ်ပြီ။ ရှေ့မှာ မီးရောင်ပြပြ နဲ့ သူသွားရမဲ့ မြို့ကြီးကို မြင်နေရပြီ။


( ဘာသာပြန်ထားတဲ့ မိုးမခမှ- အုတ်ဂူထဲက လာတဲ့စာ )

( ၀န်ခံချက်- စိမ်းတဲ့မြေ ဆိုသော အသုံးအနှုံးအား ကိုတာ ၏ စာတပုဒ်မှ နှစ်သက်စွာ ယူသုံးပါသည်။)


++++++

ခု ပြန်ဖတ်ကြည့် ပြီး တဲ့ အခါတော့.. အတွေး အဟောင်းလေး တွေ နေရာမှာ..အသစ်တချို့ ၀င်လာတယ်ပေါ့လေ..။

အခု ဆို ..သိရိ လင်္ကာ မှာ..တမီးလ် ကျား စခန်း တွေ လည်း.. မြေလှန် ပြီးသွားသလို... နောက် ထပ် လုပ်တဲ့ ရွေးကောက်ပွဲ မှာ လည်း..အဲဒီ အငြင်းပွားဖွယ်.. ခေါင်းဆောင် မဟင်ဒရာ တယောက်လည်း..အာဏာ အဆိပ် ထိပ်ကို တက်ပြီး..ဆက်လက် ညစ်ပတ် အနိုင်ယူ လိုက်တာ.. လုပ်ဖော် ကိုင်ဖက်.. တော်လှန်ရေး အတူ ဆင်နွှဲ ခဲ့တဲ့.. အခု ရေးတဲ့..သတင်းစာဆရာ ကို အသေ သတ်လိုက် ယုံ တင် မက.. ရွှေးကောက်ပွဲ ၀င်တဲ့.. အတိုက်အခံ ကိုလည်း..ရဲဘော် ရဲ ဘက် ဖြစ်ခဲ့ ရက်နဲ့.. မတရား..ထောင်သွင်း အကျဉ်းချ ထား ပြန်ပါတယ်။

စိမ်းတဲ့ မြေက.. သတင်း ပလင်း တွေ က လည်း..ဒပ်ဗလင် မှာ.. နပန်းလုံး ဝေစု မတဲ့ ဖြစ်နေရတဲ့.. အဆင့် ကို ကျော် လာခဲ့ ပြီး.. အကွေ့ အပြောင်း အသစ်မှာ.. နိုင်ငံရေး တွေ လည်း သစ် ကြ ရင် ဖြင့် ...လို့ သာ... ဆန္ဒ တွေ တိုးသျှိုး နေ မိ တော့တယ်။

သြော်.. မနှစ်က ခံစားမူ နဲ့ ဒီနှစ် ခံစားမူ ဘာ ပြောင်း သွားသလဲ.. မနှစ်က..ကိုယ့် နေထိုင်မူ နဲ့..အခု..နေထိုင်မူ ဘာ ပြောင်း လာသလဲ.... တွေး မိတော့.....

တွေး..တွေး... ဆက်သာ တွေး...



Share/Bookmark

14 Comments:

Unknown said...

Hi Ma K,

I visited Moemaka website to read your translated atricle. At the end of the story, my eyes were blurred with tears. Thank a lot for your effort to share this story with us.

SHWE ZIN U said...

မကေ
ဘာသာပြန်ဆောင်းပါးလေး သွားဖတ်တယ်..
စိတ်ထဲမှာ ကျေကွဲမှု့ တွေဖြစ်ရတယ်..
ဖတ်ခွင့် ရတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ.

ခင်တဲ့
ရွှေစင်

linn said...

ကမ္ဘာကြီး ကို က အဖြေ မရှိ တဲ့ အလုံးကြီး တဲ့ လား ... သဘောတူ တယ် မကေ ... ( အထူးသဖြင့်တော့ ဘယ်တော့မှ မငြိမ်းချမ်း မယ့် အာရပ် အစ္စရေး ပြသနာ )ခုတလော ကမ္ဘာ့သတင်းတွေ မကြည့်ဖြစ်တာ ကြာ လို့ သီရိလင်္ကာ အကြောင်း မသိလိုက်ဖူး.. ခု ကေ ရေးတာ ဖတ်မှ သိရလို့ ကျေးဇူးပါနော် ...

mie nge

မေဓာဝီ said...

မကေရေ ...
ကျမလဲ အီစတာမှာ ခရီးထွက်ဖြစ်တယ်။ ရထားပေါ်မှာ စာရေးဖို့ ကြိုးစားမိသေးတယ်။ တလုံး နှစ်လုံးချရေးလိုက် အင်တာနက်ထဲက သတင်းတွေဖတ်လိုက်နဲ့။ တကယ်တော့ ပတ်ဝန်းကျင်ရှုခင်းလေး ကြည့်ပြီး စိတ်ကူးရတာ ပိုအရသာရှိသား။ ခရီးသွားတဲ့ ဒီအချိန်လေး တခဏကိုတောင် ကျမတို့က ကမ္ဘာကြီးနဲ့ မကင်းကွာချင်တာလေ။

မကေ ဘာသာပြန်တဲ့ အုတ်ဂူထဲကစာလေးက စိတ်မကောင်းစရာ ကြေကွဲစရာ ... ။ မသိသေးတာတွေလဲ သိလိုက်ရတယ်။ ကျေးဇူးပါမကေ။

mks said...

ရထားစ ထွက် ကတည်းက ဘေးဘီ လိုက်ငေးတာ မီးရောင်ပြပြ နဲ့ မြို့ ကြီးနားအထိပါ။

မဟုတ်တာ လုပ်ထားတာ ရှိတဲ့သူတွေဟာ အာဏာလက်လွှတ်ရမှာလောက် ကြောက်တာရှိမယ် မထင်ဘူး။ ကျေးဇူးပါမကေ

little brook said...

အမ ခရီးသွားနေတာ အပန်းဖြေခရီးမဟုတ်ဘူးနဲ့တူတယ် ခေါင်းထဲတွေးစရာတနင့်တပိုးနဲ့ ပင်ပန်းတယ် ..
တော်သေးတာပေါ့ ဘေးပတ်ဝန်းကျင်နဲ့ ပြန်ဆက်စပ်မိသွားလို့း) ...
ကျွန်တော် ပါလက်စတိုင်းတွေ ဗုံးခွဲတာကို ထောက်ခံတယ်ဗျ .. သူတို့မှာတိုက်လေယာဉ်တွေ တင့်ကားတွေမရှိဘူးလေ .. လုံးချာလည်လိုက်နေတဲ့ ကမ္ဘာကြီးး)

rose of sharon said...

အကွေ့အပြောင်းအသစ်မှာနိုင်ငံရေးတွေသစ်ဖို့က မျှော်သာမျှော်ရတာ... ဖြစ်နိုင်ခြေသိပ်မရှိမှန်းလဲ သိနေတာ....

little brook said...

စိမ်းတဲ့မြေက အမလည်းပိုင်ပါတယ်း)
ပထမဆုံးသုံးသူက တက္ကသိုလ်ဘုန်းနိုင်ဖြစ်မယ် စိမ်းနေဦးမယ့် ကျွန်တော့်မြေ ..
နောက် ကိုတာ စိမ်းတဲ့မြေသို့အပြန်

ခွန်မြလှိုင် said...

မကေရေ

နှစ်သစ်မှာ မင်္ဂလာ အပေါင်းနဲ့ ပြည့်ဝပါစေရှင်...

တန်ခူး said...

ကေရေ… ရထားလေးတစင်းနဲ့ အတူ အတွေးတွေလဲ တရိပ်ရိပ်နဲ့ ပါသွားတာ… သတင်းစာဆရာလေး ဘာသာပြန်ကို စိန်းတဲ့မြေမှုပြုပြီး ဖတ်သွားတယ်… ခံစားသွားတယ်…

mirror said...

ဆားချက်သည်... ငံထှာ.. :)

ရွှေရတုမှတ်တမ်း said...

အလုပ်တွေများ မတွေးအားလို့
ခုမှလာရကြောင်းပါခင်ဗျာ...

Unknown said...

နှစ်သစ်မှာပျော်ရွှင်ပါစေဗျာ..းး)))

Unknown said...

Hello Ma Kay,

Thank you very much for this post and your translated atricle from Moemaka website.

Very interesting story.