မန္န
တနှစ် ဆိုတာ ဘာမှ မကြာလိုက်ဘူး ။ အခုလို စိန်ပန်းပြာတွေ
ပွင့် နေတဲ့ နွေဦး ရက် တရက် မှာ ၊ တိတ်တိတ်
ဆိတ်ဆိတ် ရှိလှတဲ့ သူတို့ နှစ်ယောက်ရဲ့ အိမ်လေး
ဆီ ၊ လူအသစ် တယောက် ရောက်လာခဲ့ တာ ။ ကောင်းကင်ကြီးကလည်း ပြာ ၊ အရာရာ ဟာ အပြာရောင် တွေ
နဲ့ လွှမ်း နေ ခဲ့တယ် ။ ဆေးရုံကနေ အိမ်ကို ပြန်တဲ့ လမ်းမှာ ၊ အဖြူပေါ် မှာ အပြာရောင်
အလုံးလေးတွေ ပါတဲ့ အကျီ င်္လေး ကို ၀တ်ထားတဲ့ လူအသစ် ကလေး ဟာ စောင်အပြာရောင် လေး အောက်မှာ အိပ်ပြီး လိုက်လာ
လိုက်တာ ၊ ဘာဆို ဘာကိုမျှ သိလည်း မသိ ၊ မြင်လည်း မမြင် ရှာသေးဘူး ။ အဲ့ဒီနေ့က အပြာရောင် ကဒ်ပြားတွေ အပြာရောင် ပူဖောင်း
တွေ ၊ အပြာရောင် ပန်းစည်း တွေ ကြားထဲ မှာ မှ ၊ သဘာဝ က ပေးတဲ့ လက်ဆောင် ၊ စိန်ပန်းပြာ တွေ ကတော့ အလှဆုံးကို
၊ ပွင့်နေ ခဲ့ ကြတယ် လေ။
။။။။။
လေရူး ကြောင့် တရှဲရှဲ မြည်နေတဲ့ သစ်ပင်တွေကို ၊ မုန့်လေးက တွန်းလှည်းလေး ထဲကနေ မျက်နှာလေး မော့ပြီး
ကြည့် တယ်။ သူ့ အတွေးသေးသေး
ပိစိလေး ထဲမှာ ဘာတွေများ တွေးနေ လေ မလဲ ။ တွန်းလှည်း
ကို တွန်း နေ တဲ့ မိုးမိုး ကတော့ အတွေး အကြီးကြီး ကို ချဲ့ ချင် တိုင်း ချဲ့ လို့
ပေါ့ ။ တစက္ကန့် ရဲ့ အပုံလေး တခု အတွင်းထဲ
မှာ ကို ၊ ဟိုး မိုးကုပ်စက်ဝိုင်း ကြီးကနေ ၊ လမ်းဘေးမှာ ကြွေကျ နေတဲ့ စိန်ပန်းပြာ
ပွင့်လေး ဆီ လည်း ရောက်ချင် ရောက်သွား ပြန် တယ် ။ အရင်တုန်းက ဆို ၊ တယောက်တည်း လမ်းလေ
ျှာက် ထွက်ရင်း ၊ အတွေးထဲမှာ စာတွေ ရေး တယ် ။ အခုတော့ ခါ ၊ ပုခက်ထဲ လည်း စကားပြောပါ
၊ ရေချိုးပေးလည်း စကားပြောပါ ၊ ဆို တဲ့ ကလေးပြုစုရေး
ပညာပေး တွေ ဖတ်ပြီး ၊ လမ်းလျှောက်ရင်း ပါ
စကားတွေ ပြောပေး နေရတော့ ၊ အတွေးထဲက
ရေးလက်စ တွေ လည်း ကစင့် ကလျားပါပဲ ။
ဖတ်လက်စ တွေ၊ လုပ်လက်စ တွေ ။ တကယ့်ကို ဘာကိုမှ
လက်စ သတ် မရ နိုင်သေး တဲ့ နေ့ရက် တွေ ပေါ့ ။ ကလေး တယောက်ဟာ ဘယ်အရွယ် မှာ သူ့ကိုယ်သူ
သီးခြား လူတယောက်ဆိုတာ သိလာ တယ် ၊ ဘယ် အရွယ်မှာ စကားလုံး တွေကို တွဲသိလာတယ် ၊ ဘယ်အရွယ်မှာ
မိဘ ကို ကပ် လာတယ် စသဖြင့် ဖွံ့ ဖြိုးတိုးတက်မူ
ဇယား တွေ နဲ့ တိုက်ဖတ် ရင်း ၊ စိတ်ဝင်စားစရာ
ကောင်းလှတဲ့ စာပေ အသစ် တမျိုး ကိုလည်း တွေ့ ရှိ နေလေရဲ့ ။
အိမ်ပြင်
ထွက်ရမှာ ကြိုက်တတ်လာတဲ့ မုန့်လေး ဟာ ၊ စကားလုံးတွေ ကို နားလည်စ
ပြုလာ ပြီ ။ ကောင်းကင် သစ်ပင် မြက်ခင်း တွေ ကို ၊ လက်ညိုးလေး ထိုးပြီး စူးစမ်း
တတ် လာပြီ ။ တခါတလေ သခင် နဲ့ အတူ လမ်းလျှောက် ထွက် လာ ရ လို့ ၊ စပ်စလူးခါ
ပျော်နေတဲ့ ခွေး လေး တကောင်ကို ၊ တခစ်ခစ်
နဲ့ သဘောကျ ချင် ကျ နေ သေး တယ်။ ယူကလစ်ပင်
ကြီး တွေ ပေါ် ကို ပျံ တက် လိုက် ပျံ ဆင်းလိုက် နဲ့ တ၀ုန်းဝုန်း ဖြစ်နေကြ တဲ့ ကတ္တ၀ါ ငှက်အုပ်လိုက် ကြီးကို ၊ အေးအေး ဆေးဆေး ပဲ ကြည့် တဲ့ ကလေးလေး ဟာ ၊ အမေ လုပ်သူ ခဏလေး ပျောက်သွားရင် တော့
၊ စိုးရိမ်တကြီး ငိုညိ တတ် နေ ပြန်တယ်။ ဟောဟိုဖက်က အဆုပ်လိုက် အခဲလိုက် ပွင့်နေတဲ့ ခရမ်းပြာ စိန်ပန်း
တွေ ရဲ့ အလှ ကို ခံစား တတ် ဖို့ ဆိုတာတော့ ၊ အဝေးကြီး လို ဦး
မည် ပေါ့ ။ သူ ရောက်လာတဲ့ လူ့လောက ကြီး ထဲမှာ အံ့သြစရာ တွေ ရော ၊ ပူပင် စရာ တွေ ရော
၊ ရယ်မြူး ကြည်နူးစရာတွေ ရော အများကြီး ရှိတယ်
ဆိုတာ ၊တဖြည်းဖြည်း နဲ့ သိလာ ၊ ကြုံလာ ရင် လေ . .။
တခါတလေ လည်း
သံသရာ ဝဋ်ဆင်းရဲ ဆိုတဲ့ ယဉ်ပါးလွန်းလှတဲ့ စကားလုံးကြီး အကြောင်း စဉ်းစား မိတဲ့
အခါ ၊ မုန့်လေး ကို ငုံ့ ကြည့် ပြီး သနားနေ မိ တတ်တယ်။ ငါတို့ဟာ ကိုယ်တိုင်တောင်
သံသရာက ရုန်းမထွက်နိုင် ကြ တာ ။ အခု နောက်ထပ် သံသရာ ခရီးသည် တယောက် ကို အတင်းကို
ဆွဲခေါ် လာ ခဲ့ မိ ပြီပေါ့ ။ တကယ်တော့လည်း လူတိုင်းဟာ ဒီလိုပါ ပဲ ၊ သံသရာ ဘာညာပေါ့
။ ပြီးတော့လည်း အဖော်အပေါင်းတွေ ခေါ် ပြီး ပျော်ကြောင်းကို ရှာကြ ပြန်တာပဲလေ ။ မုန့်လေးက တော့ သံသရာ ကြော မှာ ၊ မျော ပါ လာ တာ မဟုတ်လောက် ။ သိပ္ဗံ ဓါတ်ခွဲ ခန်း
ထဲက အေးခဲ နေ တဲ့ ဇီဝ အစိုင်အခဲလေး ဟာ ၊ အသေအချာ ကြီးကို ဖန်တီးခဲ့ တာ မဟုတ်လား ။ သံသရာ အဖော် အတွက် ရယ်
လား ၊ ခက်ခက် ခဲခဲ ကို ပျော်ကြောင်း ရှာ ခဲ့
သည်လေ။ လူတယောက် ဖြစ်တည်လာ တာ ဟာ မတော်တဆ မဟုတ်ဘူး တဲ့ ။ ဒါပေမယ့် ၊ မတော်တဆ တွေ များလွန်းလှ
တဲ့ လူ့ ရွာ ထဲ ၊ မသိကျိုးကြင် နေလို့ မရ
တော့ တဲ့ တနေ့ မှာ ၊ လည်မှာ အလှဆင် ဖို့ ရတနာ တကုံး လိုပဲ ၊ ကိုယ်ပျော်ရွှင်ကျေနပ်ရ ဖို့ သားသမီး ရတနာ တယောက်တလေ ဘယ်လို နည်းနဲ့ မဆို လိုအပ်
လာ ခဲ့ တယ် ။ ကိုယ့် ကို ကိုယ် တော့ တိုးတိုးလေး ကတိ ပေး မိတယ်။ ဒါဟာ အတ္တ ဆို ရင် လည်း ၊ မြင့်မြတ်တဲ့ အတ္တ ဖြစ်ရ ပါစေ့ မယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်၊ မုန့်လေး ကတော့ ချစ်ခြင်း မုန်းခြင်း ၊ ပြုံးခြင်း မဲ့ ခြင်း ၊
ရှုံး ခြင်း နိုင်ခြင်း တွေ ရဲ့ အကြားမှာ လူးလာ ရှင်သန် ရတော့မယ့် လူသား တယောက် ဖြစ်
လာ ခဲ့ ပြီ ။
။။။။။။။။။
ပြောရရင်
မုန့်လေး ရဲ့ မိုးမိုး ဟာ ဓူဝံကြယ် မရှိတဲ့ အရပ်ကို ရောက်လာ ကတည်းက ၊ လမ်းပျောက်သလို
ဖြစ်နေခဲ့ တာ။ ဘာအကြောင်း ကြောင့် ငါ ဒီအရပ်ကို
ရောက်လာ ခဲ့ သလဲ လို့ တယောက်တည်း ညည်းတွား
တယ် ။ ဘုရားကို မေးခွန်းတွေ ထုတ်တယ်။ စာရွက်တွေပေါ် မှာ ဟိုခြစ် ဒီခြစ် လမ်း ကြောင်းတွေ ဆွဲ ကြည့် တယ် ။ ကြီးရင့် ခြင်း ရယ် ငြီးငွေ့ ခြင်း ရယ် နဲ့ မပျော်ရွှင်ခြင်း တို့ လိမ်ယှက် ထား တဲ့ ဖွတ်မြီး တချောင်းသာ လည်တိုင်ပေါ် မှာ ရှည် လျား
လာတယ် ။ ဘာဆို ဘာမှ မမြင်ရသေးဘူး ။ လမ်းမ ပေါ်
ငေးမော ရင်း ၊ စိန်ပန်းပြာ ပင် တွေ
အောက် မှာ၊ ကလေးလက်တွန်း လှည်း လေး နဲ့ မိခင်တယောက်
ကို မြင်တိုင်း မျှော်လင့်ချက်တွေ ၊ ကြွေ ကြွေ ကျ တယ် ။ အိမ်တံခါး
ကို အတူတူ သော့ ဖွင့် ၀င်လာပြီး ရင် ၊ တိတ်ဆိတ်
ရှင်းလင်း နေ တဲ့ ဧည့်ခန်းမှာ ၊ ဇနီးမောင်နှံ နှစ်ယောက် ဟာ ၊ စကား တွေ ပို နည်းလာ တယ်။ နံရံ
ပေါ်က နာရီ က တချက်ချက် မြည် သလို ၊ ခန္ဓာကိုယ်ထဲက
နာရီ က လည်း တ တောက်တောက် အသံ ပေးလို့ ပေါ့
။
တနံ တလျား က ပရဟိတ ဂေဟာ တွေမှာ မိဘ စွန့် ပစ် သွားတဲ့ ကလေး လေး တွေကို ကြည့် ပြီး
၊ ကမ္ဘာကြီးကို စောင့်ရှောက် ချင်သူ တယောက်ဟာ
၊ ကလေး တယောက် မွေးစား ရမယ့် အရေး ဒါကတော့
သိပ် မလွယ်ဘူး လို့ သက်ပျင်း ချ တယ်။ ကလေး
တယောက်ကို ကိုယ်တိုင် မမွေးဖွား နိုင် လို့ ၊ ကလေးတွေ အများကြီးကို မွေးဖွားပေး
နိုင်မယ့် သားဖွားဆရာမ အလုပ်ကို ပြောင်းလုပ်
တယ် ဆိုတဲ့ အမျိုးသမီး တယောက် အကြောင်း ၊ အဝေး မှာ နေတဲ့ အချစ်ဆုံး သူငယ်ချင်း တယောက်က
ပြောပြ လာတော့ မမြင်ဘူးတဲ့ အမျိုးသမီး ကို အံ့သြ ချီးကျုး မိ ရ တယ်။ သူငယ်ချင်း ကိုယ်တိုင်က
တော့၊ သားဖွားဆရာမ အလုပ်ကို ပြောင်းလုပ်မယ့် သူမျိုး မဟုတ် ။ အပူအပင် ကင်း ပြီး
၊ သံသရာ အချုပ် အနှောင် ကင်းတဲ့ ဘ၀ ကို ၊ ကျေနပ်စွာ လက်ခံ ထား ပြီးသား ။ သူ နဲ့ က
မိန်းမ ခြင်း အတွင်းကျကျ စိတ်ခံစားချက် တွေကို တီးတိုး ရင်ဖွင့် နေကျ ။ နင် က
peer pressure မခံ နိုင်တဲ့ မိန်းမ မျိုးမှ
မဟုတ်တာ လို့ ၊ သူ က ပြောတော့ ၊ ကိုယ့်ကို
ကိုယ် မလုံချင် ။ မိန်းမ တယောက်ဟာ သူ့ လိင် သဘာဝ အရ ၊ အချိန်တန်ရင် သားသမီး လိုချင်
တာပဲ ၊ အဲ့ဒီ အချိန်ကို ကျော်သွား ရင် လည်း
သူ့ဟာ သူ နေတတ် သွား တာပါပဲ ၊ လို့ သူက ဖြောင်းဖြ သည်။
တည မှာ ၊ ပုံပြင်လေး တပုဒ် ကို ဖတ်မိ လိုက်တယ်
။ မီးတွေ ၀ိုင်းနေတဲ့ အိမ် ထဲ မှာ ပိတ်မိ နေတဲ့ လူတယောက်ဟာ ၊ ကြောက်ရွံ့ တုန်လှုပ်စွာ
နဲ့ ဘုရား ကျနော့်ကို ကယ်ပါ လို့ မျက်စိ
မှိတ်ပြီး ဆုတောင်း နေရှာ သတဲ့ ။ မီးသတ် သမား က ၊ ပြတင်းပေါက်ကနေ သူ့ကို လှမ်းခေါ်
ပေမယ့် ၊ ဘုရားကို ပဲ ဆက်ပြီး ဆုတောင်း နေသတဲ့ ။ ဒီလို နဲ့ သူ ကောင်းကင်ဘုံ ကို
ရောက်သွားတော့ ၊ ဘုရားကို တွေ့ တဲ့ အခါ ၊ သူ့ကို ဘာကြောင့် လာမကယ် တာ လဲ လို့
စိတ်မကောင်းစွာ နဲ့ မေး တော့ တယ်။ လူတွေဟာ ဘုရား ဆိုတာကို ဘယ်လို ရုပ်ဒြပ်
နဲ့ မျှော်လင့် ထား ကြ သလဲ ။ ဘုရားရဲ့ သတင်း စကား ဟာ ဘယ်လို တိပ တဲ့ ဘာသာ စကား နဲ့
ဖော်ပြ လာ လိမ့် မယ်လို့ စောင့်စား နေ မိ
ကြ သလဲ ။
အဲ့ဒီ ည မှာပဲ ကောင်းကင်ပေါ်က ကျ လာတဲ့ မုန့်လေး
အကြောင်းကို လည်း သိ ခဲ့ ရ တယ်။
။။။။။။။။
သာမန် မိခင် တယောက်လို မုန့်လေး ကို ရင်ခွင်ထဲ
မှာ ပိုက်ထွေး ထားရင်း ကပဲ ၊ အံ့သြတကြီး ငုံ့ ကြည့်
မိတဲ့ အခါတိုင်း သူဘယ်ကနေ ဘယ်လို ရောက်လာတာလဲ
လို့ စိတ်ထဲကနေ မြည်တမ်း မိတယ်။ တကယ်ပဲ
သူလေး ဟာ မန္နမုန့် လို ၊ ကောင်းကင် ပေါ်က သူ့အတိုင်း ကျ လာ ခဲ့လေ သ လား ။
အဲ့ဒါကြောင့်ပဲ ဘယ်တုန်းကမှ အနုပညာ မဆန် တဲ့ မုန့်လေး ရဲ့
ပါ့ပါ က ၊ မန္န ဆိုတဲ့ ၊ နာမယ် လှလှ လေးကို ရွေး ခဲ့ တယ်။ ဇာတ်စုံ ကို လည်း
ခင်း ပြ ရ သေးတယ် ။ အီဂျစ်ပြည် မှာ ကျွန်ခံ နေကြ ရတဲ့ ဣသရေလ လူမျိုး တွေ ဟာ ၊ဘုရားသခင်
ကတိတော် ထားတဲ့ ပျားရည် နဲ့ နို့ စီးဆင်း
နေတဲ့ နိုင်ငံ သစ် ဆီကို ထွက်ပြေး ကြတယ် ။ တောထဲမှာ လမ်းပျောက် အစာ ရေစာ ငတ်ပြတ်ကြတဲ့
အခါ ၊ ဘုရားသခင် ကို အပြစ်တင် ငြီးတွား ကြ တယ် ပေါ့။ အဲ့ဒီမှာ ကောင်းကင်ပေါ်က နေပြီး
၊ မနက်ခင်း တိုင်း အံ့သြဘွယ်ရာ မန္န မုန့်
တွေ ချ ပေးသနား ခဲ့ တယ် လို့ အဆို ရှိတယ်။
မန္န ရဲ့
ဇာတ်ကြောင်း က ဒီလောက် နဲ့ တင် ပြီးမသွားသေးဘူး ။ တရက် မှာ အိမ်ကို တရားဟော
ဆရာ တယောက် ရောက်လာတယ် ။ မန္န ကို မြင်ဖူး လား လို့ သူ တရားဟောနေကြ လေသံ အတိုင်း စ ပြီး မေးတယ်။ မန္န
ဆိုတဲ့ မုန့်လေးကို ရင်ခွင်ထဲ ချီ ထား ရင်းက ၊ ဟင့်အင်း မမြင်ဖူးဘူး ပေါ့ ။ တရားဟော ဆရာက ကျမ်းစာအုပ်ကို
တရွက်ခြင်း လှန် ရင်း ၊ တနေရာ မှာ ရပ် လိုက်တယ်။
“ ဣသရေလအမျိုးသားတို့သည် ထိုစားစရာကို မန္နဟု
ခေါ်ဝေါ်ကြ၏။ နံနံစေ့ကဲ့သို့ဖြစ်၍ ဖြူသောအဆင်းရှိ၏။ ပျားရည်နှင့်ရောသော
မုန့်ကြွပ်နှင့် အရသာတူ၏ ”
ရင်ခွင် ထဲက
မုန့်လေးကို ငုံ့ ကြည့်ရင်း ရွှင်ရွှင် မြူးမြူး
ပြုံး မိတယ်။ ဟုတ်တယ် အရသာ ရှိ
တဲ့ မုန့်လေး ပေပဲ ။ တရားဟော ဆရာက ဆက်ပြောတယ် ။ နံနံစေ့ ဆိုတာ တကယ့်
သေးသေးလေး ဒါပေမယ့် ဒီ လူအုပ်စု
ကြီးကို အနှစ် လေးဆယ် လုံးလုံး တောထဲ မှာ အာဟာရ ဆက်ပေး ခဲ့ တဲ့ အဓိက အစားအစာ ။
ပြီးတော့ ၊ မနက်တိုင်း ကောက်သိမ်း တဲ့ အခါ
တရက်စာ ပဲ ယူရတယ် ။ လောဘ နဲ့ ပို ပြီး သိမ်းဆည်း မိ ရင် ပိုးထိုး သွား တတ်တယ် ။ အဲ့ဒါကြောင့်
နှိမ့်ချခြင်း ၊ ရောင့်ရဲခြင်း ၊ ဆိုတဲ့ ဂုဏ်ဒြပ် တွေ ပါ တဲ့ အမည် ပဲ လို့ ဆိုတယ်။
။။။။။
မိုးမိုးကတော့ မုန့်လေး ကြီးလာရင် ၊ တကယ်ပဲ စာနာ နှိမ့်ချ
တတ်သူ ဖြစ် နိုင်ပါ့ မလား ၊ ကျေနပ်
ရောင့်ရဲ နိုင်သူ ရော ဖြစ် ပါ့ မလား ဆို
ပြီး အများကြီး ကြိုတင် မပူပန်
မိသလို နိမိတ် လည်း မဆောင် ချင် ဘူး ။ အနိမ့်ဆုံး
တော့ ၊ လောက ကြီး ထဲကို ရည်ရွယ်ချက်
ရှိရှိ ရောက် လာ ပြီး ၊ ကိုယ့် နဲ့ စပ်ဆိုင်သူ တိုင်း ကို ကြည်နူးပျော်ရွှင်စေ တဲ့ သူလေး ဖြစ် လာရင် တော်ပါ ပြီလေ ။
လောကကြီး နဲ့ ချီ တဲ့
ရည်ရွယ်ချက် ကြီးတွေ ခဏနေပါ ဦးတော့ ။ ကနေ့
နဲ့ မနက်ဖြန် မှာ ၊ စိန်ပန်းပြာ တွေ က ၊ ဝေ ပြီးရင်း ဝေ နေ ရော ။ လေပြေ တွေက လတ်ဆက်
လွန်းတယ် ။ နေမင်းကြီးက ပြုံး ပြီး ၊ ကောင်းကင် ကြီးက ပြာ လို့ ။ အဆင်မပြေ မူ
တွေကို ကျော်လွှား ပြီး တဲ့ အခါ ၊ လောကကြီးမှာ ကျေနပ် စရာ တွေ လည်း ရှိတယ် ဆိုတာ ကို
မုန့်လေးက သက်သေ ဖွင့်ဆို ပေး ခဲ့ ပြီ ။ လိုချင်တာတွေရ
တော့ ကျေနပ် တာပေါ့ ၊ ဖြစ်ချင် သလို တွေ ဖြစ်မလာရင် စိတ်ပျက် လိုက်ပေါ့ လို့
သဘာဝ ဓမ္မ ကို ရိုးရိုးရှင်းရှင်း လက်ခံ တတ်တဲ့ အဝေးက ချစ်သူငယ်ချင်း
ရဲ့ ကွန်ဂရက် ကျုလေးရှင်း မက်ဆေ့ခ်ျ လေး ကို တော့ ၊ အားတုံ့ အားနာ ဖြစ်နေ မိ ခဲ့တယ် ။
တကယ်ဆို စောင့်စားသင့်
တဲ့ အချိန်တခု ဟာ လုံလောက် ပြီမို့ ၊ ဘဝ
ရဲ့ ဦးတည်ရာ ကို လမ်းကြောင်း ပြောင်း ဖို့ ၊ ဆုံး ဖြတ် ပြီးတဲ့ အချိန် ကျမှ ၊ မုန့်လေး
ရောက် လာ ခဲ့တာ ။ ဒါဟာ ၀မ်းသာစရာ
ဆိုတာထက် အများကြီး ပို ခဲ့တယ် ။ အနီး အပါးက မိတ်ဆွေ တယောက်က ဆိုရင် ကာယကံ
ရှင်ထက် တောင် ပို အံ့သြနေဟန် နဲ့
ကိုယ့် အသား ကို ကိုယ်ပြန် ဆိတ် ဆွဲ မ ကြည့်ဘူးလား တဲ့ လေ။ နောက် တယောက်က လည်း ၊ ကဲ - မိခင် ဖြစ်ရတာ ဘယ်လို နေလဲ လို့ မချို မချဉ် မေး လာ တယ် ။ ဒီ မြို့ကို
ရောက်ကတည်းက အစစ အရာရာ ကူညီ နေကြ မိခင်လို စောင့်ရှောက်တဲ့ အမျိုးသမီးကြီး ကတော့ ခု အချိန် မှာ ပျော် ထား စမ်း ဟေ့ လို့
ခပ်ကျယ်ကျယ် ရယ်မောရင်း ဆိုတယ် ။ အမြော်အမြင် ရှိ တဲ့ သူ့စကားက
ရိုးရိုးလေး နဲ့ အဓိပ္ဗါယ်တွေ ပါနေတယ် ။ ဟုတ်
မယ်လေ ။ ရင်ခွင် ထဲက မုန့်လေး ဟာ အမြဲတမ်း
ရင်ခွင် ထဲ မှာ ရှိနေမှာ မဟုတ် သလို ၊ ကောင်းကင်ကြီး ကလည်း အမြဲ ပြာနေသည် မှ
မဟုတ်ပဲ ။ တကိုယ်စာ အပူအပင် တွေက တဘ၀ စာ ကြို စောင့်နေ နှင့် ပြီ ရော။
အပူအပင် မရှာလို တော့ တဲ့
ချစ်သူငယ်ချင်း ဆီ ကိုတော့ ၊ ကျေးဇူးတင်
ကြောင်း စာပြန် လိုက် တယ်။ သူငယ်ချင်း ရေ ၊ ပန်းတိုင် ဆိုတာ တကယ် မရှိ တဲ့ အသက်တာ
မှာ ၊ လက်ခံ ရရှိ တဲ့ နေ့ရက် တိုင်း ဟာ ၊ ဆု တွေ ချည်းပဲ ။ ။ မမှီ လိုက်တဲ့
ရထား ရှိပေမယ့် ၊ မရောက် လာ တဲ့ လက်ဆောင် ဆိုတာ မရှိ ပါဘူး ။ အရာရာတိုင်း မှာ အကြောင်းပြချက် ရှိတယ် လို့
ပြောကြတယ် မဟုတ်လား ။ ဘယ်သူ့ အတွက်မဆို ၊ ကောင်းကင်ကြီးက တနည်းတဖုံ တော့
ပြာလွင် ပေး နေတာပါ ပဲ ကွာ ။
။။။။။။။။
တကယ်ဆို မုန့်လေး
ရဲ့ မိုး နဲ့ ပါ့ ဟာ မှန်ရှေ့မှာ ရပ်ပြီး သက်ပြင်း တွေ ကိုယ်စီ ချ နေ မိ ကြတာ
ဘယ်သူ သိပါ့ မတုန်း။ မီးခိုးရောင် ဆံပင် တချို့ကို တနည်းနည်း နဲ့ ဖုံးကွယ် ထား လို့ ရပေမယ့် ၊
ဖုံးကွယ်ထား လို့ မရ တဲ့ အရိပ် အငွေ့ တချို့ က ၊ အရှိတရား အတိုင်း လေ။ တခါတလေ
လည်း အရှိတရားထက် ပိုပြီး ဆင်ဆင်ပြင်ပြင်
လုပ်ရင်း ၊ မဆိုးလှသေးပါဘူး လို့ အားတင်း ရ တာပေါ့ ။ အခုအချိန် တော့ မိုးမိုး ရဲ့ နားဆွဲ အကြီး ကြီး တွေကို သဘောကျ တာက လွဲ လို့ ၊ မုန့်လေး က ဘာ မြင်တတ်
အုံးမလဲ ။ တချိန် ကျောင်းတက် ရ တဲ့ အရွယ်
ရောက်ရင် ကျောင်းက သူငယ်ချင်း တွေ ရဲ့ မိဘ တွေ နဲ့ ၊ နှိုင်းယှဉ် တာ မျိုးတွေ
ဖြစ်ချင် ဖြစ် လာမယ် ။ အဲဒီ အခါ ကျရင် ၊ မိုး တို့ ပါ့ တို့ဟာ မုန့်လေး ကို
အကြာကြီး စောင့်ခဲ့ ရတဲ့ အကြောင်း ၊ ရှင်းပြရမယ်။ သိတတ် လာတဲ့ အရွယ်ရောက်ရင် တော့
၊ မုန့်လေး ဟာ ဖြစ်ရိုးဖြစ်စဉ် ထက် ပို
တဲ့ လူကလေး ဖြစ်ကြောင်း နားလည် အောင်
ပြောပြရ မှာပေါ့ ။
ဗိုက်ထဲက ထွက်လာကာစ
ပိစိကွေး လေး တုန်းက ဘယ်သူ နဲ့ တူမှန်းမသိ ဘယ်လိုချစ်ရ မှန်းမသိ ။ ခုတော့
ပေါင်ပေါ် ကို ကုတ်ခြစ် ဖက်တွယ် တက်ပြီး ၊ သွားလေး နှစ်ချောင်း ပေါ်အောင် တခစ်ခစ်
ရီ ပြ နေ တဲ့ ၊ ကလေးလေး ဟာ ၊ စိန်ပန်းပြာတွေ နဲ့ အတူ တနှစ် ပြည့် ပြီ ။ ဒီ ကလေးလေး အသက် နှစ်ဆယ်
ဆိုရင် - ငါတို့ အသက် ဘယ်လောက် ရှိမလဲ ဆိုတဲ့ ရိုးဆင်းလှ တဲ့ သချာင်္ က၊ အခက်ခဲဆုံး
စိတ်တွက် ပုစ္ဆာ ။ ငါတို့ ကျန်းမာအောင်
နေရ မယ် - လို့ သာ တယောက်တပြန်
အားပေးရင်း ကြောင့်ကြမူ တွေ ကို လျှော့ချ ကြတယ်။
မောင်နှမ သားချင်း မရှိ ပဲ တယောက်တည်း ကြီးပြင်းလာ မယ့် ၊ ခလေး ဟာ ၊ သူ့
ဘေးမှာ ရှိနေမယ့် နှစ်ဦးတည်း သော မိဘ တွေကို ဘယ်လို ပုံစံ နဲ့ ရှိစေချင် မလဲ ။
ကိုယ်တွေကသာ သားသမီး ကို ဟိုလို
ဒီလို ဖြစ်စေ ချင်ကြတာ ။ သူတို့ ဖက်က မှာလည်း သူတို့ ဖြစ်စေချင်တာ တွေ ရှိပေ
မပေါ့ ။ ငယ်တုန်း က ဆို ၊ အတူမနေ ကြ တဲ့
မိဘ နှစ်ယောက်ကို ကြည့်ြ ပီး ၊ ငါ တို့ဟာ
ကြားထဲက သက်သက် ဒုက္ခလာခံ ရတယ် လို့ ၊
မလိမ်မိုး မလိမ္မာ တွေး မိ ခဲ့ တယ်။ ဖြစ်ကို ဖြစ်ရမယ် လို့ ရည်မှန်းချက်တွေ နဲ့ ရဲရင့် ခဲ့တဲ့ လူငယ် ဘ၀ ကို ကျော်လွန်လာ ခဲ့ ပြီး
လို့ ၊ မဖြစ်နိုင်တာတွေ မဖြစ်သင့်တာတွေ
အကြောင်း တွေးတော တွေဝေ မူ တွေနဲ့
ရောင့်ရဲလွယ် တဲ့ အရွယ် ကို ရောက်လာ တော့ မှ ၊ စာနာ စရာ တွေကို စာနာ တတ်
လာ ခဲ့ တယ်။ အဲဒီ အရွယ်ကျမှ ဘ၀ ကို အသစ်ပြန်စ ရ မယ် ဆိုလည်း စ ကြတာပေါ့
မုန့်လေးရာ ။
လက်ကိုင်ဖုန်း
နဲ့ တက်ဗလက် တွေကို ကစားစရာ လုပ်
တဲ့ မျိုးဆက် က ၊ ရောင်းသူမဲ့ ဆိုင်မှာ ဈေးဝယ်
ပြီး ၊ မောင်းသူမဲ့ ကား ကို စီးကြ တဲ့ အချိန်မှာ ၊ ချစ်ခြင်း မေတ္တာ တွေ မဲ့ မသွား ဖို့ ပဲ
အရေးကြီးတာ မဟုတ်လား။
၊၊၊၊၊၊၊၊၊
ပြောကြတယ် ။ သား သမီး
ရှိလာပြီ ဆိုရင် ဘ၀ ရဲ့ တ၀က်လောက်ကို ပေးလိုက် ရတယ် တဲ့ ။ ခု ကို ပဲ ဘ၀ က
တ၀က်ကျိုး ချင် နေပြီ ဆိုတော့ ၊ ရှိတာတွေ အကုန်ပဲ ပေး ရ တော့မှာ ပေါ့ ။ မနက် မိုးလင်း ယုံ ရှိသေး အိပ်ရေးဝ ပြီး
လန်းဆတ် နေတဲ့ မုန့်ကလေး ကို ၊ အိပ်ချင်မူးတူး နဲ့ ချီရင်း ၊ open up the blind, here is the sun လို့
ကဗျာလေး ဆို ပြ ပြီး ၊ ယင်းလိပ်တွေ ဖွင့် လိုက် တာနဲ့ ၊ အဲဒီနေ့ ဟာ ကိုယ့်အတွက်
ဘာမှ မကျန် တော့ ဘူး ။ မနက်စာကျွေးတယ် ။
ကဗျာ တွေ ဆိုပြ သီချင်းတွေ ဖွင့်ပြတယ်။ ဆော့ပေးတယ် ။ နေ့လည်စာကျွေးတယ် ။
တရေးသိပ်တယ်။ အပြင် ထွက် လမ်းလျှောက် ပေးတယ်။ ညစာကျွေးတယ်။ စာအုပ်ဖတ်ပြတယ် ။
ညအိပ်ကာနီး ရေချိုးပေးတယ်။ close the
blind လို့ ဆိုထားတဲ့ ကဗျာ မရှိပေမယ့် ၊ ညနေစောင်းလို့ ယင်းလိပ် တွေ ပိတ် တဲ့
အချိန်တိုင်း မှာ ၊ မြန်ဆန်လွန်း တဲ့ တနေ့တာ ကို သတိ ထား မိ တယ်။ မုန့်လေး
ညအိပ် သွား တော့ ၊ ကိုယ်ပိုင် အချိန်တိုတိုလေး ထဲ ကမှ ၊ အချိန်လုပြီး မန္န အကြောင်း
လည်း စာ က ရေး ချင်သေး တာ။
စာအုပ် ဖတ်ဖို့ ဆိုတာ
တော့ ဝေလာ ဝေး ။ ကြည့်နေကျ သတင်းတွေ ၊
ရုပ်ရှင် တွေ လည်း မကြည့် ရ တဲ့ အတူတူ ၊
တီဗွီရှေ့ မှာ အတူ ထိုင်ပြီး ၊ Thomas and his friends ကိုပဲ စီးရီးစ် လုပ်ပြီး
ထိုင်ကြည့် နေရတယ် လေ ။ ဒါပေမယ့် ဒီကောင်ကလေး တကယ် ကြိုက်တာက ၊ အတီးအမှုတ် နဲ့
သီချင်းသံ တွေ ။ ဂီတ သံ တခုခု ကို ကြားတာနဲ့
လူက တလှုပ် လှုပ် ဖြစ်နေပြီ ။အရုပ်တရုပ် ကို ၅ မိနစ် ထက် ပိုပြီး
စိတ်မ၀င်စား တဲ့ မုန့်လေး ဟာ ဂစ်တာ ကို
ပထမဆုံး စ ပြီး တွေ့ တဲ့ အချိန်မှာ ၊ သူ့ ပါ့ပါ တီး ပြတာ ရပ်လိုက်တဲ့ အထိ ၊ ဒူးလေး
နှစ်ချောင်း ထောက်ပြီး မြောက်ဆွ မြောက်ဆွ လုပ် လို့ မ၀ နိုင် ရှာ ဘူး ။ သူ့ ပါ့
က ဂျီမီဟန်းဒရစ်ဇ် ၀င်စားတာ လို့ နောက် ရင် ၊ မိုးမိုးကလည်း စန္ဒယား လှထွတ်
လောက်တော့ ၀င်စား စေ ချင်တာပေါ့ ။ မုန့်လေးရေ ။ ဘာပဲ ဖြစ်ဖြစ် ၊ ကိုယ်တွေ
မဖြစ်မြောက်ခဲ့ ၊ ဖြစ်မြောက်ခွင့် မရ ခဲ့တာတွေ ကို ၊ ပြန်ပြီး စိတ်ကူးယဉ် ခွင့်
ပေး လို့ ကျေးဇူးပါ ကွယ်။
။။။။။။
မုန့်ကလေး ဟာ
တနှစ်ပြည့် သွားတာနဲ့ ၊ ချက်ခြင်း ပြောင်းလဲ လာ တယ် ။ ကလေးလေး မဟုတ်တော့ ပဲ ၊
ကောင်ကလေး ဖြစ် ချင် လာ ပြီ ။ မကိုင်ရဘူး လို့
ပြောထားတဲ့ ဟာ ကို ၊ လစ် တဲ့ အချိန် မှာ သွား ကိုင်ကြည့် ဖို့ လူလည် ကျ တတ်နေပြီ ။ သူ့ကို မကြည့်ပဲ တခြား
တခုခု လုပ်နေရင် ၊ ခေါင်းကို နံရံ နဲ့ ဆောင့်ပြီး ၊ ယူ ချီ အောင် မူယာ မာယာ
တွေ လုပ်တတ် ပြီ။ အကျီ င်္ ၀တ်ပေးလို့
ပြီးကာနီး မှ ခြေထောက် တချောင်းကို ပြန်ဆွဲထုတ် ပြီး တခိခိ နဲ့ လူနောက် ကလေး လုပ် နေပြီ ။ လမ်းလျှောက် ထွက်
ဖို့ ၊ တွန်းလှည်း ပေါ် ကို တောင် ၊ သိပ် ပြီး မတက် ချင် တော့ဘူး ။ ကြည့် ဦးလေ ။
တွန်းလှည်း နဲ့ ကိုယ်လုံး နဲ့ အပြည့်လောက် ဖြစ် လို့ ၊ ခြေထောက် တွေက အပြင်ကို
တောင် ထွက် နေပြီ ။ မကြာခင် မှာ သူ့ခြေထောက်ပေါ် သူ ရပ်ပြီး လမ်း စ လျှောက် တော့
မည် ။ မိုးမိုး လည်း ကလေး တွန်းလှည်း
လေး နဲ့ လမ်းလျှောက်ထွက် ခြင်း အမူ ကို ရပ် ရ တော့မည် ။ တခြား အမူ ဆောင်တာ အသစ်တွေကို လိုက်ပြီး ဖြည့်ဆည်း
ရ အုံးမည်ပေါ့ ။ နောက်တနှစ်ဆို ကစားကွင်းထဲ လိုက်ပြီး ပြေး ခုန် ပေါက် ပေး
ရမည်။ နောက် သုံး လေး နှစ် လောက်ဆို ၊ ကျောင်းလိုက်ပို့ ရမည်။ နောက် ဆယ် နှစ်
ဆယ့်ငါးနှစ် ဆို ကျောင်းစာတွေ အတွက် ပူပန်ပေး ရမည်။ တက္ကသိုလ်တွေ တက်ဖို့ ဖန်တီး ပေး ရ မည် ။ မဆုံး နိုင်သော တာဝန်
ဝတ္တရား များ နဲ့ တကယ့် ဘ၀ ထဲ မှာ သူ့
ခြေထောက် ပေါ် သူ မတ်တပ်ရပ် နိုင် တဲ့ အချိန် တွေ ထိ ၊ ကြိုတင် တွေးတော နေ ရ
ပြန်တယ်။
လောလောဆယ်ဆယ် မှာတော့ ၊လေတဖြူးဖြူး
အောက်မှာ လမ်းတပတ် ပတ် ပြီး တဲ့ ၊ မုန့် ကလေး ဟာ ၊ ယူကလစ် ပင်ကြီးတွေ အောက် က ငှက် တွေ
ကိုလည်း မကြည့် နိုင်တော့ဘူး ။ အိမ်ရှေ့
ကစားကွင်း ထဲမှာ ပြေးလွှား
ခုန်ပေါက် နေတဲ့ ကလေး တွေ ကို လည်း ၊ အားမကျ နိုင်ရှာ တော့ဘူး ။ နေလုံး နီနီ ညနေ စောင်း လို့ အမေ့ကျောင်း ကို မရောက်ခင် မှာ ကို မျက်တောင် တွေ ညောင်း လေ
ပြီ ။
ဒီနိုင်ငံ မှာ မွေးတဲ့
ကလေး မို့ ဒီက အများသုံး အင်္ဂလိပ် စကား နဲ့ ၊
မိဘ တွေ အိမ်မှာ ပြောတဲ့ ဘာသာ စကား ကြားမှာ ရှုပ်ထွေး နေမှာ ကို စိုးရိမ်
မိ ခဲ့ ပေမယ့် ၊ ပုံမှန် စစ်ဆေး ရတဲ့
ကျန်းမာရေး ဌါန က ဆရာမ တွေ က ၊ ကလေး ငယ်
တွေရဲ့ ဦးဏှောက်မှာ ဘာသာစကား နှစ်မျိုး
လောက် ကို တချိန်တည်း လက်ခံ မှတ်သား နိုင်တယ် လို့် ဆိုတာ ကြောင့် ၊ တော်ပါသေး သည်။ ဒီတော့ လည်း မုန့်လေး ရဲ့
အိပ်ယာဝင် သီချင်းတွေဟာ မိုးမိုး
ကြိုက်တဲ့ ဗမာ သီချင်း တွေ လည်း ဖြစ်နေ တတ် သည် ။ အရေးကြီးတာ မုန့်လေး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ
သွားဖို့ ပဲ လေ ။ သွပ်ပြားပေါ် မိုးစက်ကျသံ တပေါက် ပေါက် အောက်မှာ ၊၀ါဆို
ဝါခေါင် ရေတွေ ကြီးတော့ ၊ သပြေသီးမှည့် ကောက်စို့ ကွယ် .. လို့ အမေ တလှည့် အဖွား တလှည့် အဒေါ်တွေ တလှည့် ချော့သိပ်
ခံ ခဲ့ ရတဲ့ ငယ်ဘ၀ တွေ လို တော့ ဘယ် ဟုတ် ပါ့ မလဲ ။ မုန့်လေး
ရဲ့ ငယ်ဘ၀ လေး ဟာ ခုချိန်မှာ အေးချမ်း တိတ်ဆိတ် စွာပဲ ဆွေမျိုး သားခြင်း တွေ ရဲ့ မေတ္တာငွေ့ နဲ့
ဝေး ကွာ လှ တယ်။
တခါတလေ တော့ လည်း ၊
မိုးမိုး တို့ ဟာ ၊ ခရာဆူးခြုံ တွေ ရှိ
တဲ့ အရပ်ကို ပြန် ချင် တယ်။ အဲ့ဒီ အရပ်မှာ ချစ်တဲ့သူ တွေ နေ ကြ တာ ဆိုတော့ ၊ မေ
ျှာ့ နက် မည်း ကြီးတွေ တွယ်ချင် လည်း တွယ်
ပါစေ ၊ သပြေသီး မှည့် တချို့ တလေ ရရင်ကို ပျော်နေမှာပဲ လေ။ အခုတော့ ခရမ်းပြာ
စိန်ပန်း တွေ ကြားထဲ မှာ ပန်းနုရောင် ကတ္တဝါ ငှက်ကြီး တွေ ရဲ့ အသံ ကို နားယဉ် ငေးမော နေရင်း ၊ ဘယ်တုန်းက
ဘယ်ကွေ့ ကို ကျော် ခဲ့ မှန်း မသိ ပဲ ၊ ဘဝ
ခရီး ရဲ့ တနေရာ မှာ ရောက်နေ ခဲ့ တယ် ။ ချောင်းရိုး တလျှောက် လှေကို လှော် လာ
လိုက်တာ လေ ။ အခုဆို ၊ ဟောဒီ လက်တွန်းလှည်း လေး ထဲ မှာ ၊ မျက်တောင် ညောင်း
နေတဲ့ ကလေးလေး တယောက် တောင် ရှိ နေ ခဲ့ ပြီ ။ အဲ့ဒီ ကလေး လေး ကရော ၊ ဘယ် သားချော့
တေး ကို လွမ်းဆွတ် လို့ ၊ ဘယ်အရပ် ဒေသ ကို ခင်တွယ်မှာ လဲ ။ ဘယ် ဆီ
ဘယ်ဝယ် လှေ လှော် ထွက်လေ မလဲ ။ ချောင်းရိုးထဲ မှာ ပဲ လား ။ မြစ်ကွေ့ မြစ်ကောက် ဆီ
ဆန် တက်လေ မလား ။ တကယ်တော့ လည်း ဘဝ ဟာ
အိပ်မက် တခု ပါပဲ ။
မရိုး နိုင်တဲ့
ကလေးချော့ ကဗျာ လေး ကို ဆို ညည်း မိ တယ်။
row ... row ... row
your boat, gently down the stream,
merrily ... merrily ... merrily ... merrily , life is but a dream
အိပ်ပြီလား မုန့် လေး
ရေ ၊ မိုးမိုး တို့ ချောင်းရိုး တလျှောက် ဆက် လှော်ကြ ဦးမယ် လေ။
ပျော်ပျော်ကြီးသာ လှော် ကြ မယ် နော် ။
ကေသွယ်
အောက်တိုဘာ ၂၀၁၇
Havana Blues
ကမ္ဘာ့ နံပတ်တစ် အရင်းရှင် နိုင်ငံကြီး ကို လက်တကမ်း အကွာက နေ ၊ ဘာမထီ စိတ်နဲ့ ရဲရဲကြီး ရန်ဖက်ပြု နေ ခဲ့တဲ့ ၊ ကမ္ဘာ့ နောက်ဆုံးလက်ကျန် ဆိုရှယ်လစ် ကျွန်းနိုင်ငံငယ်လေး ဟာ ၊ နောက်ဆုံးမှာ တော့ ၊ သူ့ လက်သီးတွေကို ဖြေလျော့လိုက်သည် ။ မကြာသေးခင်က ၊ အမေရိကန် ကျူးဘား သံတမာန် ပြန်လည်ဆက်သွယ် လိုက်ပြီ ဆိုတော့ ၊ နှစ်ပေါင်းများစွာ မထိ မတို့ မပြု မပြင် ကိုလိုနီ အမွေအနှစ်တွေ ၊ စိတ်ဝင်စားစရာ လူနေမူ ဘ၀ တွေကို ၊ မပျောက်ပျက်ခင် အပြေး အလွှား သွား ကြည့် တဲ့ ခရီးသွားတွေ အပြင် ၊ရင်းနှီးမြုပ်နှံ ဖို့ လေ့လာ ကြတဲ့ စီးပွားရေး သမားတွေ လည်း ရောက်လာကြသည်။
ကိုယ်တွေကတော့ လက်သီးတွေ ကျစ်ကျစ်ပါအောင် ဆုပ်ထားဆဲ ကျူးဘားကို ၂ နာရီကြာမျှ ရောက်ခဲ့ ဘူးပါ သည်။ Havana Blues ဆိုတဲ့ ရုပ်ရှင်ကားလေး ကို ၊ လက်တီနို မိတ်ဆွေ တယောက်က ညွှန်းပြီး ပေး လာတာ ကြောင့် ၊ ကြုံ ကြုံ ကြိုက်ကြိုက် ကြီးပင် ဟားဗားနား ကို ရောက် သွားခဲ့ ခြင်းဖြစ်သည်။ ကျူးဘား ရဲ့ ရှုခင်း အလှ တွေတင်မက ၊ အတွင်းသား ကိုပါ ထွင်းဖောက် တွေ့ မြင် လိုက်ရတော့သည်။
How can I fight to the Sun, Politics and God!
ဆို တာမျိုး ..ခပ်ရဲရဲ ပေါက်ကွဲ နေ တဲ့ စာသား တွေ ကြောင့်..ဒီရုပ်ရှင် ဟာ နိုင်ငံတကာ ဆု တချို့ ရခဲ့တဲ့ အပြင် ၊ စပိန် စကားပြော လက်တီ နို လောက မှာ တင် မက.. အင်္ဂလိပ် စာတမ်း ထိုး ကို ကြည့်တဲ့..တခြား ပရိသတ် တွေ ထဲမှာပါ ၊ အတော် လူကြိုက် များ ခဲ့လေသည် ။
တကယ် တော့ ဒီ ရုပ်ရှင်က ဟောလိဝုဒ် ကားကောင်းတွေ လို ခန့်ခန့်ညားညား ကြွားကြွား ထည် ထည် မျိုး တော့ မဟုတ် ။ ကြည့်ဖြစ် အောင် ကြည့်ကြပါ လို့ ထောမနာ ပြု တိုက်တွန်း ရ လောက် အောင် လည်း သိပ် ကြီး တော့ နင့်နင့် နဲနဲ ကောင်းနေ တာမျိုး လည်း မဟုတ်ပါဘူး။ ဒါပေမဲ့လို့ ကမ္ဘာ မှာ စိတ်ဝင်စား ခံ ရတဲ့ ကျူးဘားနိုင်ငံ ရဲ့ လူမူစီးပွား ပြသာနာ တွေ ကို musical ပုံစံ ခပ်ပါး ပါး လေး ရိုက်ပြ ထား တာက ဂီတ ချစ်သူ တွေ အတွက် အထူး အကြိုက်တွေ့စေမဲ့ နိုင်ငံတကာ ရုပ်ရှင် ကောင်းလေး တခုလို့ ပဲ ဆိုပါရစေ ။
Ruy နဲ့ Tito က သိပ်ချစ် ကြတဲ့ ၀ါသနာတူ ဂီတကို ရူးသွပ်သူ သူငယ်ချင်း ၂ ယောက်။ ကျူးဘား ဆို တာက လည်း Spanish နဲ့ West Africa ဂီတ ယဉ်ကျေးမူ တွေ ရောပြွန်း စုဆုံ ရာ ဂီတ ပုံစံ မျိုးစုံ ရဲ့ ဘူမိ နက်သန် လို့ ဆို ရ လောက် တဲ့ Salsa တို့ Jazz တို့ရဲ့ မွေးဖွား စတည်ရာ ဒေသ။ ဂီတ ပညာရှင် ၀ါသနာရှင် တွေ ကလည်း သိပ် ပေါ ဆို ပဲ။ ကက်စထရို ရဲ့ လက်ဝဲ ဆိုရှယ် လစ် အစိုးရ က ဂီတ ကျောင်းတွေ ဖွင့်လှစ်ပေး ထား ပြီး ကျောင်းဆင်း ပညာရှင် တွေ ကိုလည်း အစိုးရ ၀န်ထမ်းတွေ အဖြစ် အလုပ်ပေးခန့် ထားသ တဲ့ ။ ထုံးစံ အတိုင်း မစို့မပို့လစာ လေး တွေနဲ့ လွတ်လပ်မူ မရှိ တဲ့ အနုပညာ လောက ကြီးများ ဖြစ်နေ မလား လို့ တော့ …. တွေး ကြည့်မိတယ်။
ဒါပေမဲ့ ကျူဘန်းတွေဟာ အစိုးရ ရဲ့ ခွဲတမ်းချ အစားအသောက် တွေ ၊ တန်းစီ ၀န်ဆောင်မူ တွေ ၊ မှောင်ခို အသုံး အဆောင် တွေ အပေါ် မှာ ၊ အတော်သီးငြီး ခံ နိုင် စွမ်း ရှိ ပြီး ၊ သူတို့ တိုင်းပြည် ကို အတော် ချစ် ကြသလို ဂီတ ကိုလည်း အတော် မြတ်နိုးကြတယ် လို့ ဆိုတယ် ။ မြို့တော် ဟားဗားနား ရဲ့ နေရာ တိုင်း မှာ Jazz တွေ blues တွေ rap တွေ raggae သံ တွေ ပျံ့လွင့် နေတယ်။ မှောင်ရိပ်တွေ ထဲမှာ လည်း မြေအောက် ဂီတ တွေနဲ့ မြူးကြွ ပေါက် ကွဲ လို့။ အဲဒီလို နဲ့ Ruy နဲ့ Tito အပါအ၀င် ဂီတ သမား တွေ ရဲ့ အိမ်မက်က နိုင်ငံတကာ ကို ထွက် ပြီး ၊ ကျူဘားဂီ တ ကို ဆိုပြ ..တီးပြ..ဖျော်ဖြေ ချင် ကြ တဲ့ အန္တိမ စိတ်ကူးယဉ် တွေနဲ့ပေါ့။
၁၉ ၄၀ ၀န်းကျင်လောက်က နာမယ်ကြီးခဲ့တဲ့ Buena Vista Social Club ဆိုတဲ့ ဂီတ အသင်းကြီး ရဲ့ ပဂေး ကြီး တွေကို ၊ ၇၀ ကျော် ၈၀ ကျော် အရွယ် ကြီး တွေ ကျမှ ပြန်လည် အသက်သွင်း ပွဲထုပ် ခဲ့တဲ့ ၊ အမေရိကန် ထုပ်လုပ်သူ တယောက် ရဲ့ Bunea Vista Socail Club (1997) အခွေ ဟာ ၊ နိုင်ငံတကာ မှာ ပေါက်သွား ခဲ့ ဘူးတယ်။ အဘိုးကြီး တွေကို ၊ နယူး ယောက် မှာ ခေါ် ပြီး ဖျော်ဖြေ ပွဲ ကြီးလုပ်တာ ပရိသတ် တွေ ၀က်ဝက်ကွဲ။ သူတို့ ရဲ့ ဇတ် ကြောင်းပြန် မှတ်တမ်း ခွေ ကလည်း ထုတ်လုပ်သူ တွေ အတွက် အပိုအိပ် နဲ့လွယ် ခဲ့ ရ ပြီး ၊ ဥရောပ ရုပ်ရှင်ဆု တောင်ဆွတ် ခူး ခဲ့ တာ ဆိုတော့.. Ruy နဲ့ Tito တို့လည်း စိတ်ကူး ယဉ် တော့ တာပေါ့။
တနေ့မှာ သူတို့ အဖွဲ့ တွေ စပိန် ထုတ်လုပ်သူ အမျိုးသမီး တယောက် နဲ့ ဆက် မိ ကြ တယ်။ သူတို့ အိမ် မက် တွေ ပို ပြီး ကြည်လင် လာသလို ၊ သူတို့ဘ၀ တွေ လည်း ၊ လိုက်ပါ ပြောင်းလဲ ရင်း ၊ Havana Blues ဇတ်လမ်း လေး ဖြစ် လာ ခဲ့ တော့တယ်။
Ruy နဲ့ သူ့ရဲ့ သူငယ်ချင်း ပါရမီ ဖြည့်ဖက် Caridad။ သူတို့ နှစ်ယောက်ရဲ့ သား နဲ့ သမီးလေး တို့ ရဲ့ သာမန် လူနေ မူ ပုံစံလေး တွေကို နောက်ခံ ထား တဲ့ ဇတ်ကွက် တွေ ထဲမှာ ၊ နံဘေး တိုက် ခန်းက တယ်လီဖုန်းကို ၀ိုင်းသုံး ကြ တာလေးတွေ..။ ဖုန်းလာရင် ဖုန်းအိမ်က ကြိုးခြည် ထားတဲ့ ခြင်းလေး ထဲမှာ ဖုန်းကို ထဲ့ပေး ၊ ဆွဲ ယူ ပြော ၊ ပြီးမှ ပိုက်ဆံ ထဲ့ပေး ပြီး ခြင်း လေး ကို ပြန်ပို့ ။ ရန်ကုန် မြို့က တချိန်က လူနေမူ ဘ၀ တွေ ကို အတိ အကျ သတိ ရ စေ တဲ့ အခန်း လေး တွေပဲ ။
ကျူးဘား နဲ့ အနီးဆုံး လက်တကမ်း အကွာက ၊ အမေရိကန် မိုင်ယာမီ ကမ်း ခြေ ကို လှေနဲ့ သက်စွန့်ဆံဖြား ခိုး ကူးကြတဲ့ ရွှေ့ပြောင်း အခြေချ မူ နဲ့ လူမှောင်ခိုခြင်း ကို လည်း ဒီရုပ်ရှင် ရဲ့ အရေးပါတဲ့ ဇတ်အိမ် တခု အဖြစ် ထဲ့ ထားတယ်။ Caridad ရဲ့ အမေ က မိုင်ယာမီ မှာ ရောက် နှင့် နေ ပြီး ၊ အရွယ် လွန် မိန်းမ တယောက် အဖြစ် ၊ အမေရိက မှာ ခက်ခက် ခဲ ခဲ အခြေချ လုပ်ကိုင် ရင်း ၊ သမီး ရဲ့ မိသားစု ကို တတ်နိုင် သလောက် လှမ်း ထောက်ပံ့ တာ တွေ ၊ လူကြုံ ပစ္စည်း လေး တွေ ပို့ ပေး တဲ့ အခန်းတွေဟာ ရင်ကို တဲ့တဲ့ မှန် တဲ့ ၊ ဇတ်ဝင် ခန်းလေး တွေပါပဲ။ ပစ္စည်း ရှားပါး တဲ့ ဆိုရှယ်လစ် နိုင်ငံ ထဲက Ruy တီးဖို့ ဂစ်တာ ကြိုး ကို တောင် ၊ သူ့ ယောက်ခမ က အမေရိက ကနေ ပို့ပေး ရှာ တယ်လေ။
Ruy ကလည်း အနုပညာ သမား ပီပီ ၊ စိတ် တွေက လွင့်လွင့်ပါးပါး။ မိသားစု အပေါ် မှာ တာဝန် မကျေ နိင် ပေမဲ့ ၊ သူဘာမှ မတတ်နိုင်။ သူ လုပ်ချင် တာတွေပဲ ဆက် လုပ် နေ ခဲ့သည်။ လို အပ် ရင် တိုးရစ်စ် မတွေ နဲ့လည်း သူ အိပ်သည်။ သူ တီးချင် ဆို ချင်တာပဲ သိသည်။ သူ့ခေါင်း ထဲမှာ Havana မှာ သူတို့ လုပ်ဖို့ ပြင်ဆင်နေတဲ့ concert လောက် တခြား ဘာမှ အရေးမကြီး။ ဒါပေမဲ့ သူက သူ့ နိုင်ငံ လေး ကို တော့ ၊ ရူးရူးမူးမူး ချစ် သူ။
တဖက် မှာ Tito ကတော့ ၊ ကိုလိုနီ အကြွင်းအကျန် အထည် ကြီးပျက် ဘ၀ မှာ ကြီးပြင်းနေထိုင် သူ။ တချိန်က နံမယ်ကျော် ကျူးဘား အဆို တော် တယောက် ဖြစ် ခဲ့ပြီး ခုတော့ အရက်စွဲ နေ တဲ့ ၊ သူ့ အဘွားက ၊ စန္ဒရားတီး သင်တန်းလေး ဖွင့် ရင်း ၊ မြေးအဘွား ၂ ယောက် ၊ ဂီတ ကို ဆက်လက် ရူးသွပ် နေ ကြ တုန်း။ ဒီနေရာမှာ Tito ရဲ့ ခေတ်ဟောင်း ချက်ဗလက် ကားစုတ် အနီလေး က ၊ ဒီ ရုပ်ရှင် ရဲ့ အဓိက ဇတ်ပို့ ပေါ့ ။ Tito ကတော့ ၊ ဒီ ကျွန်း အစုတ် ပေါ် မှာ မနေ ချင်တော့။ သူ့အိမ်က ဖုံးအစုတ်ကိုကြည့်မရ။ သူ့ကားအစုတ် ကို ၊ စိတ်မရှည်။ စန္ဒရား ကလည်း သူ့အတွက် ၊ အစုတ်။ သူတို့အိမ်ကြီးက ရေချိုးကန် အစုတ် တွေ ကို လည်း စိတ်ကုန် နေပြီ။ သူ့ အသက် ၂၈ နှစ် ရှိပြီ။ သူတနေ ရာ ရာ ကို သွား ချင် ပြီ။ အခု စပိန်က ထုတ်လုပ်သူ နဲ့ ခွင် တဲ့ ရင် သူ ဒိုး တော့မည်။
ပြသာနာက ထုတ်လုပ်သူ အမျိုးသမီးက Ruy မှ Ruy ။ Ruy ကတော့ ၊ ထုံးစံ အတိုင်း ဒီ အမျိုးသမီး နဲ့ ရင်းနှီးခွင့် ရ ဖို့ အတွက် ၊ ဘာမှ လက်မနှေးခဲ့။ အမျိုးသမီး ဟားဗားနား မှာ ရှိ နေတုန်း ၊ သူ တို့ အစမ်း ပွဲ တွေ လုပ်ကြည့်သည်။ ကြိုက်သည်။ တချို့ ကျူးဘန်း စတိုင် ဘာသာစကား တွေ ကို ပြင် ပေး ပါ ဆို လည်း ၊ ဒီလိုပဲ မကျေနပ် ကျေ နပ် နဲ့ ပဲ ပြင် ပေး လိုက် သည်။ ပြသာနာက စာချုပ် ချုပ် တော့မှ ။ စာချုပ် သက်တမ်း ၃ နှစ် မှာ စပိန် မှာ သူတို့ အားလုံး နေရမည်။ သူတို့ အသုံးစရိတ် ကလွဲ လို့ ဘာမှ အကျိုးအမြတ် မရ။ ထားတော့။ ဒါပေမဲ့ သူတို့ တီး ၀ိုင်းဟာ ၊ ဘာနံမယ် မှ မရှိ သေးတဲ့ အရိုင်းလေး တွေ လို နေ ရ မည်။ ပြီးရင် နိုင်ငံရေး ဝေဖန်ချက်တွေ နည်းနည်းကျဉ်းကျဉ်း ပါတဲ့ documentary လုပ် ရမည်။ အဲဒါ ကို အပြင်းအထန် ကန့်ကွက်သူက Ruy ပဲ ။
သူ့အတွက် အနုပညာက အနုပညာပဲ။ မလိုအပ် ပဲ သူ့နိုင်ငံ ကို မကောင်းပြော ပြီး ၊ သူတို့ လုပ်စား ရ မှာ တဲ့ လား။ သူတို့ တိုင်းပြည် ထဲ ကို ၊ ပြန် ၀င်ခွင့် မရ တော့ရင် ဘယ်လို လုပ် ရ မလဲ . . . ။ သူပေါက်ကွဲ တော့ ၊ ငွေရှင် က အမေရိကန် တယောက် မို့ ၊ အမျိုးသမီးက သူ လည်း မတတ်နိုင် ၊ စီးပွါးရေး က စီးပွားရေး ပဲ လို့ ဆို လာသည်။ ဒီလို နဲ့ Ruy တယောက် စာချုပ် ကို ဆွဲ ဖြဲ ပြီး ၊ သူ့အိမ်မက် တွေကို သူ့လက် နဲ့ပဲ ဖျက်ဆီး ပြစ် လိုက် တော့ သည်။
သူတို့ တဖွဲ့လုံး တယောက် တပေါက် ငြင်းခုံ ပေါက်ကွဲ ကျ သည်။ Ruy အပြင် ထွက် လာတော့ ၊ ကားစုတ် နီ လေး ပေါ် မှာ ထိုင်စောင့်နေတဲ့ Tito တယောက် ၊ မကျေနပ် ခြင်း တွေ ဒေါသ တွေ တစစ်စစ် နဲ့ ၊ သူ့အချစ်ဆုံး သူငယ် ချင်း ကို ပေါက်ကွဲ အော်ဟစ် ပြစ် လိုက် သည့် အခန်း သည် ၊ စကားလုံး တွေ နှင့် ထိမိ လှသည်။
` ဒါ ငါတို့ကို သက်သက် အမြတ် ထုတ် တာပဲ ထုတ်လုပ်သူ တွေ အများကြီး ရှိ တယ်… ငါတို့ ဆက် ကြိုးစား ကြမယ် လို့ Ruy က ချော့တော့..
There are so many musicians in Cuba. Success is not by talent , but by chance... လို့ ၊ Tito ပေါက်ကွဲ ခဲ့ တဲ့ စကား က ၊ တကယ် မှန်လေသလား လို့ ဆက် တွေး ကြည့် နေ မိတယ်။
ငါတို့က စပိန် မှာ ၃ နှစ် ကျွန်ခံ ပေး ရမှာ လေ . . . လို့ သူ့အတွေး နဲ့ သူ ခေါင် နေတဲ့.. Ruy ကို ၊ Tito က စိတ် တို နေတဲ့ ကြား က ၊ လမ်းဘေး ၀ဲယာ အသာ ဖြန်းကနဲ ကြည့် လိုက် ပြီး ၊ ခပ် ကြေးကြေး အံကြိတ် သံ နဲ့.. " Whose slaves are we here " လို့ ခပ်ဆတ် ဆက် မေး လိုက် တဲ့ အခန်း ဟာ ၊ ကျူးဘား ရဲ့ နိုင်ငံရေး ရာသီ ဥ တု ကို လှလှ လေး သရော် လိုက်တာ ပဲလေ ။
တကယ် တော့ ၊ ရန်ကုန်မြို့ ကြီး နဲ့ အတော်ကို အလားသ ဏ္ဌန် တူ တဲ့ ၊ ဟားဗားနား ဟာ ၊ ကိုလိုနီ လက်ရာ အကြွင်းအကျန် အဆောက် အဦ နွမ်းဖတ် ဖတ် ကြီး တွေ ကို နောက်ခံ ထား ရင်း ၊ သူ့ရဲ့ ညနေ စောင်း တွေ ဟာ၊ ငြီးစီစီ ဖြစ် နေ ခဲ့ တာ ကြာ ပါ ပြီ။ အဲဒီ ညနေ စောင်း တွေ ကိုပဲ ၊ ကမ္ဘာ့ အထူးဆန်း ဆုံး နေ ရာ တခု အဖြစ် ၊ နိုင်ငံခြား ခရီးသွား ဧည့်သည် တွေက ၊ လာ ကြည့် ကြသည် ။ အဲဒီလို နဲ့ Ruy ရဲ့ ကလေး ၂ ယောက် လည်း ၊ နိုင်ငံခြားသား တွေကို ရောင်း တဲ့ ၊ သူတို့ အမေ ရဲ့ လမ်းဘေးက လက်မူ ပုတီး ဆိုင် လေး ဘေး မှာ ၊ Cuban Rap ကို ပျော်ရွှင် စွာ ဆို ရင်း ၊ နိုင်ငံ ခြားသား တွေ ဆုချ တဲ့ ၊ မုန့်ဘိုး လေး တွေ ကို မျှော် တတ် လာတယ်။ တခါတလေ လည်း မိသားစု လိုက် ဆို ကြပေါ့ ။
နောက်ဆုံး တော့ Caridad တယောက် သူ့ကလေး နှစ် ယောက် နဲ့ အတူ ၊ အဖမ်း အဆီးများ ၊ မိကျောင်းထူ လှ တဲ့၊ ဖလော်ရီဒါ ရေ လက် ကြား လေး ကို ဖြတ် ပြီး ၊ မိုင်ယာမီ က အမေ ဆီ လိုက် ဖို့ ဆုံးဖြတ် လိုက် သည် ။ မိတ်ဆွေ သူငယ် ချင်း တွေ ကို နှုတ် ဆက် တဲ့ ည မှာ ၊ သူတို့ သီချင်းတွေ ဆို ကြ သည်။ လွမ်းလွမ်းဆွတ် ဆွတ် ၊ နာနာကျင်ကျင် ၊ ပြီးတော့ ပျော်ပျော်ရွှင်ရွှင် ။ သူ တို့ နှစ် ယောက် အချစ်ပြယ်လို့ လမ်းခွဲ ကြတာ မှ မဟုတ်လေပဲ ။ ဒါပေမဲ့ အချစ် ဆို တာ ကလည်း ၊ သူတို့ ဆို နေတဲ့ သီချင်း တွေ လိုပဲ ၊ စည်းချက် အနိမ့် အမြင့် ၊ စာသား အပြင်း အနု ၊ သံစဉ် ညက်ညော လှိုင်းထ မူ တခု နဲ့ တခု.. တချိန် နဲ့ တချိန် မတူ ကြ သလို ပါပဲ လေ။ ဘာပဲ ပြော ပြော အဲဒီည မှာ Ruy တယောက် ချစ်သူ ဘ၀ က ပိုးခဲ့တဲ့ သီချင်း လေး ကို ပြန် တီး ပြရင်း သူတို့ ၂ ယောက် လုံး ရဲ့ နှလုံး သား တွေ ကို နောက်ဆုံး အနေ နဲ့ နွေး ထွေး စေခဲ့ တယ်။
ပွဲ သိမ်း မှာ ၊ အပြောင်အပျက် သီချင်း လေး တပုဒ် ကို ခပ် ကြမ်းကြမ်းလေး တီး ခတ် ရင်း အားလုံး လိုက် ဆို ကြ တော့ ၊ ရန်ကုန် မြို့ ရဲ့ မီးပျက် ည တွေ နဲ့ လွတ် သွား တဲ့ ကိုရီးယား ကား တွေ ကို သတိရ မိ တော့ တယ်။
မီးတွေ ပျက်ပြီ ဆိုရင်
အဖွား ရဲ့ ပွစိ ပွစိ တွေစပြီ
ဒါ အစိုးရ ကြောင့် ပေါ့
အဖိုးကတော့ ဒါတွေဟာ နယ်ချဲ့ စနစ် ကြောင့်
OPEC ကြောင့် Free Trade ကြောင့် လို့ ပြောလိမ့်မယ်
အချစ်ရယ်.. ငါ့ကို ဖယောင်းတိုင်လေးတွေ ကမ်းလိုက်စမ်းပါ
ငါတော့ တီဗွီ ဇာတ်လမ်းတွဲ လွတ် အုံးမယ် တခါ
ရေခဲသေတ္တာ လဲ ပိတ်ပေါ့. . . အရည်တွေ ပျော်အုံးမယ် တခါ
ငါ့ရဲ့ လျှပ်စစ် ဂစ်တာ ကြီးကို ဘာလုပ်ရ ပါ့
မီးတောက်ကလေးတွေ နဲ့ သာ ငါ က ချင်တော့တယ်
အချစ်ပုံပြင် တွေ နဲ့.. ငါ့ကို အလင်းပေးစမ်းပါ ကွာ
မီးတွေ ပြန်မလာခင် ဘလူးစ် သီချင်းသာ ဆိုပြပါတော့....
နောက်ဆုံးတော့ ၊ Caridad တို့သား အမိ တွေ ၊ ညမှောင် မှောင် ချောင်ရိပ် အောက်က ၊ လူ ခိုး သွင်း တဲ့ မော်တော်ဘုတ် လေး ပေါ် ကို ၊ စိုးရိမ် စိတ် မော တွယ် တက်ရင်း ၊ ဒီ ကျွန်း ကြီး နဲ့ ဒီခင်ပွန်း ကို နောက် ဆံ တွေ ငင် နေ ရှာ လေ မလား။ ရှေ့မှာ တွေ့ ရမဲ့ ၊ မရေ ရာ တဲ့ ဘ၀ အသစ် အတွက် ရော ရင်မော နေ မလား။ ဒီ ဇတ်ဝင် ခန်း လေး ထဲမှာ ၊ မိန်း မ နဲ့ကလေး တွေကို ၊ မော်တော်ပေါ် ပင့်တင့် ပေး နေတဲ့ Ruy ရင် ထဲ မှာ ရော ကြေကွဲ မူ တွေ ဘယ်လောက် ထိ ရောပြွန်း နေမလဲ ။
ဒါတွေဟာ ဘာ ကြောင့်လဲ ။ ကြပ်တည်း လွန်းတဲ့ စီးပွားရေး ကြောင့်လား ။ Ruy အိမ်ထောင့်တာဝန် မကျေပွန် လို့လား ။ အချစ်တွေ ကို ဘ၀ အမော တွေ က ညှင်းသတ် လိုက် လို့လား ။ အဖြေ အတိ အကျ မတွေ့ ရပါ။ ဒီ ရုပ် ရှင် မှာ တွေ့ ရ တာက ၊ ကိုယ့်လမ်း ကို လျှောက် နေ ကြတဲ့ လူ တွေ သာ။ ကိုယ် နေသာသလို ၊ ယုံ ကြည် သလို ၊ အခြေ အနေ ပေးသလို ၊ ရွေ့လျား နေ သော ဘ၀ များ သက်သက် သာ။ ဘာ moral မှ နမူနာမပေး ထား သလို ၊ ဘာ morale မှ လည်း သင်ခန်းစာ ချန် မထားခဲ့။ ဆို ဦး တော့ ဒီ ဇတ်လမ်း ထဲ မှာ ၊ မြင့်မြတ် တည်ကြည် ရိုးသား တဲ့ လူ ဆို တာ တောင်၊ တယောက် မှ မပါခဲ့။ လူသား ဆန်စွာ မိုက်မဲတဲ့ ၊ ဇွတ်တိုး တဲ့ ၊ ကိုယ့် အတ္တ ကို ရွေးတဲ့ ၊ လူစစ်စစ် တွေ ကိုသာ ပြ သွား ခဲ့ သည်။
ခုတော့ ၊ Tito လည်း ထုတ် လုပ်သူ အဖွဲ့ နဲ့ စပိန် ကို သွား ဖို့ ၊ လေယဉ် ကြီး ပေါ် ကို တက်သွား ပေ ပြီ။ တယောက် နဲ့ တယောက် သိပ် ချစ် ကြတဲ့ ၊ သူငယ် ချင်း ၂ ယောက် နှလုံးသား ရှိ ရာ ယာဖက် ရင်အုံ တွေကို ၊ လက်သီး ဆုတ် ခြင်း ထိ ခတ် လို့ ၊ တိတ် ဆိတ်စွာ အချက် ပြ လိုက် ရင်း ၊ ဘယ်တော့ များ မှ ပြန် ဆုံ ကြ တော့ မလဲ။
ဟားဗားနား ရဲ့.. ချိုင့်ခွက် အပြည့် နဲ့ လမ်း ပေါ် မှာ ၊ Ruy တယောက် တည်း ၊ သူ့ဂစ်တာ လေး ကို ကျောပိုး ရင်း စက်ဘီး လေး ကို စီး လာသည်။ အနားက ကပ် ဖြတ်သွား တဲ့ ချက်ဗလက် ကား နီ လေး ကို တွေ့ လိုက် မိ တော့ ၊ ရှေ့ မှာ Taxi ဆိုတဲ့ ဆိုင်းဘုတ် ကလေး နဲ့ ။ ဝေးသွားတဲ့ ကားနီ လေးကို လှည့် ကြည့် လှည့်ကြည့် လုပ်ရင်း ၊ တလိမ့်ခြင်း လိမ့်နေတဲ့ စက်ဘီး လေး နဲ့ အတူ Theme Song ဇာတ်သိမ်း သီချင်းလေး တပုဒ် မျောရွေ့ လာ သည်။
မဒရစ် မှာ နယူးယောက်မှာ ၊ ဟာဗားနား ဟာ နေရာတိုင်းမှာ
ဘာလို့ ဆို နင်နဲ့ အတူ ခေါ်သွားခဲ့လို့ ပေါ့
နင့်ရဲ့ ဇစ်မြစ်ကို တော့ ၊ ဘယ်တော့မှ ဖြတ်ပစ်လို့ မရ ။
ကုန်းမြေတိုင်းမှာ နယ်နိမိတ်တွေ ရှိတယ်
ဒါပေမယ့် ငါတို့ အားလုံးဟာ
နေတစင်း နဲ့ လတမင်း ရဲ့ အလင်းရောင် နဲ့သာ ရှင်သန်နေကြတယ်
ငါလေ နင့်ကို နေ့တိုင်းရှင်သန်မူ ပေးတဲ့
သီချင်းတွေဆိုတဲ့ မနက်ခင်းလေးပဲ ဖြစ်ချင်တယ်။
လမ်းကြောင်းတွေက နင့်ကို တသီးတခြားခွဲ ထုပ်လိုက်တယ်
ဘာသာစကား နဲ့ အယူဝါဒ တွေရဲ့
အကျဉ်းသား အဖြစ် လျှို့ဝှက်ထားလိုက်တယ်
ဘယ်တော့မှ သူတို့ အကျဉ်းသား မဖြစ်စေနဲ့
နင် နွေးထွေးမူတွေ လိုအပ်တဲ့ အခါ
ငါ - နင့်ရဲ့ အနွေးထည် ဖြစ်ပါ့မယ်
နင် ကြင်နာမူတွေ လိုအပ်တဲ့ အခါ
ငါ - နင့်ရဲ့ အသိုက်အမြုံ လေး ဖြစ်ပါ့မယ်
နင် ဘယ်သွားသွား
ငါဟာ အမြဲတမ်း နင်နဲ့ အတူ ရှိနေတယ်
ငါဟာ နင့်ရှေ့ မှာ
ငါဟာ နင့်ရှေ့ မှာ
ဟားဗားနား ဟာ Ruy ရဲ့ ရှေ့ မှာ ရှိနေလေတယ်။ Tito ရဲ့ ရှေ့ မှာရော ။ Caridid ရဲ့ ရှေ့မှာရော ။ တကယ်တော့ အားလုံးရဲ့ ရှေ့ မှာ ကိုယ်ချစ်တဲ့ ကိုယ့်ဇာတိ နိုင်ငံ တွေ ရှိနှင့် နေခဲ့ ပြီ ကော။
ကေသွယ်
နှင်းဆီဖြူ ဂျာနယ် အတွဲ ၂ ၊ အမှတ် ၆ ၊ ဇွန်လ ၂၀၁၆
Havana Blues
သမိုင်း နှင့် ရင်ကြားစေ့ ခြင်း
ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့တာ နှစ်ပေါင်း ၇၀ တောင် ရှိ ခဲ့ ပြီ တဲ့ ။
လူသား သမိုင်း မှာ ၊ အပြင်းထန် အဆုံးဝါးဆုံး အနုမြူဗုံးကြီး ကျဲချ ခံရတဲ့ ဟီရိုရှီးမား နှစ်ပတ်လည် အကြောင်းအရာ တွေ ၊သတင်း မီဒီယာ မှာ သိပ်မမြင်ရတော့ ။ မော်ကွန်း မှတ်တမ်းတွေ မှာ ၊ အရက်စက်ဆုံး လို့ ၊ ရေးထိုး ခဲ့ ကြတဲ့ ၊ နာဇီ အကျဉ်းထောင် အဆိပ်ငွေ့ခန်း တွေက ၊ လွတ်မြောက် ရှင်သန် ကျန်ရစ်သူတွေ လည်း ၊ သက်ရှိ ထင်ရှား ရှိဖို့ မလွယ်တော့ ။
ပြီးခဲ့တဲ့ လ ထဲက ၊ သြစတြေလျ SBS တီဗွီ အစီအစဉ် တခု ဖြစ်တဲ့ Insight မှာ ၊ Bloodline ဆိုတဲ့ ခေါင်းစဉ် နဲ့ ဆွေးနွေးငြင်းခုံ ပွဲ လေး တခု ကို ကြည့် လိုက်ရတယ်။ ဒီအစီအစဉ် က ၊ အပတ်စဉ် ဆိုသလို ၊ အကြောင်းအရာ အမျိုးမျိုးအလိုက် ပင်တိုင်ဆွေးနွေးသူတွေ ဖိတ်ခေါ်ပြီး ၊ အားလုံး ပါဝင် ဆွေးနွေးကြ တာမို့ ၊ စိတ်ဝင်စားတဲ့ ခေါင်းစဉ် ဆိုရင် အမြဲ ကြည့် ဖြစ်သည် ။ အဲဒီ အပတ်က တော့ ၊ ဒုတိယ ကမ္ဘာစစ် နှစ် ၇၀ အထူး အစီအစဉ် ဆိုတော့ ၊ မဖြစ်မနေ ပဲ ပေါ့ ။ ကြည့် နေရင်း မှ ၊ ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာတာက ၊ အစီအစဉ်မှာ ပင်တိုင် ပါဝင် ဆွေးနွေး ကြတဲ့ သူတွေဟာ ၊ ဒုတိယကမ္ဘာစစ်ကြီးတုန်းက အဓိက ကျခဲ့တဲ့ ဇာတ်ကောင်
ကြီးတွေ ရဲ့ ၊ သွေးမျိုးဆက် တွေ ကိုယ်တိုင် ဖြစ်နေ တာပဲ ။
ဟစ်တလာ ရဲ့ လက်ရုံးတဆူ ဖြစ် သလို ၊ ပိုလန် ကျူးကျော်မူ မှာ တာဝန်ခံ စစ်ဦးစီးချုပ်လည်း ဖြစ်ခဲ့တဲ့ ၊ Hans Frank ရဲ့ ၊ သားအငယ်ဆုံး Niklas Frank ဆိုသူ အသက် ၇၀ ကျော် အဘိုးကြီး က၊ သူ့မိသားစု မှာ တဦးတည်း သော ၊ အသက်ရှင် နေတော့တဲ့ သူ ဖြစ်သလို ၊ ဂျာနယ်လစ် စာရေးသူ တယောက် အဖြစ်၊ သူ့အဖေ နဲ့ တကွ နာဇီတွေ ရဲ့ သမိုင်းတွေကို လူသိရှင်ကြား ထုတ်ဖော် ရေးသား နေသူလည်း ဖြစ်သည်။ အစီအစဉ် တင်ဆက်သူ က ၊ ရှင့် အဖေကို ဘယ်လို မြင်သလဲ ဆိုတဲ့ ၊ မေးခွန်းကို ၊ ငါ သူ့ကို စက်ဆုပ်မိ
တယ် လို့ ဖြေးဖြေးလေးလေး ကြီး ပြောချ လိုက်ပေမဲ့ ၊ေ၀၀ါး ရောထွေးနေတဲ့ သူ့ ခံစားချက် တွေကိုလည်း တစွန်းတစ မြင်ရ ပြန်တယ်။ ပရိသတ် တွေထဲ မှာ ထိုင်နေတဲ့ ၊ သူ့ နဲ့ အသက် မတိမ်းမယိမ်း အဘိုးကြီး
တယောက်က ၊ ပိုလန် ကို နာဇီ ဂျာမန် တွေ သိမ်းပိုက် တဲ့ အချိန်မှာ ၊ ဆယ်နှစ်ကျော် အရွယ် ကလေး
တယောက် အဖြစ် ကံသီ လို့ လွတ်မြောက်ခဲ့ပေမယ့် ၊ သူ့ တမိသားစု လုံး အလုပ်စခန်းတွေမှာ သေဆုံးကျန် ခဲ့တဲ့ အကြောင်း ပျက်ပျက်ထင်ထင် ပြန်ပြောပြ နေတာတွေ ကို ၊ ဆိတ်ဆိတ် နားထောင် နေခဲ့တယ် ။
ဆစ်ဒနီ မှာ ရှိတဲ့ ဂျူးလူမျိုးတွေ ရဲ့ စစ်သမိုင်းပြတိုက် တခု ကို သွားကြည့်ရင်း၊ ၀မ်းနည်း စိတ်ပျက်မူ တွေ နဲ့ အရုပ်ကြိုးပြတ် ဖြစ်နေတဲ့ သူ့ ကို ၊ လိုက်ပြ တဲ့ အမျိုးသမီးတယောက်က အားပေး နှစ်သိမ့် နေတဲ့ ဗွီဒီယို ကို ၊ ပြန်ပြ နေတဲ့ အချိန်မှာ ၊ မျက်လုံး တွေကို အသာ ပိတ် ထားခဲ့ တယ်။ အဲ့ဒီ ပြတိုက် တနေရာမှာ ရေး
ထွင်း ပြသ ထားတဲ့ ၊ ဂျူးတွေ အားလုံးကို ငတ်ပြီး သေစေဖို့ ငါတို့ ဆုံးဖြတ်ထားတယ် ဆိုတဲ့ ၊ စာတန်း ရဲ့
အောက်မှာ Dr. Hans Frank ဆို တဲ့ မြင်ကွင်း တခု ပေါ်လာပြန်တယ်။ အဲဒီ ဟာကို ရော အရင်က မြင်ဖူးလား လို့ ထပ်မေး ပြန် တော့ ၊ Niklas Frank ဟာ ၊ခေါင်းကိုပါ ငုံ့ ချ လိုက်ရင်း ၊ အပြစ်မဲ့တဲ့ လူတွေ ..
ပိုလန်တွေ ဂျူးတွေ ကို သတ်ပြစ်ခဲ့တာ လုံးဝ ကြင်နာမူ ကင်းမဲ့တဲ့ လူမျိုးပဲ လို့ သာ ညည်းငြူ နေရှာ တယ်။
ပြခန်း မှာ လိုက်ပြ ခဲ့တဲ့ အမျိုးသမီး ဟာ ၊ ဒီအစီအစဉ်မှာလည်း ကပ်ရပ်ခုံ က နေပြီး ၊ နင်က အရမ်းကို စာနာတတ်တဲ့ ဂျာမန် တယောက် လေ လို့ ၊ လှမ်းပြီး အားပေး ရ ပြန်တယ်။ အဲဒီ အမျိုးသမီး ဟာ ၊
တကယ်တော့ ဇနီး နဲ့ ကလေး ကို ပြန်ရှာမတွေ့ နိုင်တော့ တဲ့ နာဇီ အကျဉ်းစခန်းပြန် အဘိုးဖြစ်သူ ရဲ့ ခြောက်အိပ်မက်တွေကို အမွေရ ထား တဲ့သူ တယောက်။
သမိုင်းရဲ့ အရိပ်တွေ အောက်မှာ၊ မုန်းတီး နာကျင်မူတွေက ခပ်နည်းနည်း ၊ နားလည် စာနာမူ တွေကသာ များများ မြင်တွေ့ နေရတဲ့ ဆွေးနွေးခန်း မှာ ၊ တမူထူးခြား စိတ်ဝင်စားစရာ ကောင်းစွာ ပါဝင်လာတဲ့ နောက်တယောက်က ၊ ဆိုဗီယက် ယူနီယံ ကြီးကို ၊ နှစ်ပေါင်း ၃၀ အုပ်ချုပ်သွားခဲ့တဲ့ အာဏာရှင် သံမဏိလူသား
ကြီး Joseph Stalin ရဲ့ မြစ် ဖြစ်သူ Jacob Jughashvili ။ သူက လူကိုယ်တိုင် မလာပဲ ၊ဗွီဒီယို ကနေပြီး ပါဝင် ဆွေးနွေးသလို ၊ အသွင်အပြင် လေသံ ယူဆချက် တွေကပါ ၊ တခြားသူတွေ နဲ့ လုံးလုံး မတူ တမူ ကွဲ လျက် ။ ပုဂ္ဂိုလ်ရေး ကိုးကွယ်ခြင်း ကို အကြီးအကျယ် တည်ဆောက်ခဲ့တဲ့ အာဏာရှင်ကြီး စတာလင် ရဲ့ မျိုးဆက် အဖြစ် ထင်ထင်ရှားရှား မနေထိုင်ခဲ့ပေမယ့် ၊ သူ့ ရဲ့ မျိုးရိုးနာမယ်ကို တော့ စတာလင် ရဲ့ မူလ မျိုးရိုးနာမယ် အတိုင်း ဆက်ပြီး ယူထားလေတယ်။ ဆိုဗီယက် နဲ့ ယူကရိန်း မှာ လူပေါင်း တသန်းလောက် ပျက်စီး
သေကျေ ခဲ့ရတဲ့ တာဝန်ရှိမူတွေ ကို ၊ စတာလင်ရဲ့ မြေးက လက်မခံ ။ သူ့ အဘေးဟာ ပြည်သူ့ ၀န်ထမ်း
ကြီး လို့ သာ တွင်တွင် ပြောသည်။ ပရိသတ်ထဲ က ၀င်ဆွေးနွေးတဲ့ သမိုင်းပညာရှင် တွေ ရဲ့ စကားတွေကို မဲ့ရွဲ့ ပြစ်သည်။ ကွေးကောက် ပြစ်သည်။ ဒုတိယ ကမ္ဘာစစ်ကြီး မှာ ၊ ဟစ်တလာ ကို အပေးအယူ လုပ်ဖို့ ကြိုးစား ပေမယ့် ၊ နောက်ဆုံးမှာ ဆိုဗီယက် တပ်နီတော် ဟာ နာဇီ တွေကို အနိုင် တိုက်ပြစ် လိုက်ရတဲ့ ၊
သမိုင်းတွေ ကိုသာ ၊ ဇမ်းတင် ပြောနေ ခဲ့ ပြီး ၊ စစ်ကြီးအပြီး အာဏာစက် ပိုပြီး ပြင်းထန်ခဲ့တဲ့ ၊ သူ့ အဘေး ဟာ ၊ တကယ်တော့ တကိုယ်တော် အာဏာရှင် မဟုတ် ၊ ကွန်မြူနစ် ဗဟိုကော်မီတီ ၀င်တွေ အားလုံး
စုပေါင်း ဆုံးဖြတ် လုပ်ကိုင် ခဲ့ကြတာလို့ ၊ ချေပ သည်။ သူ့ အဘေး တယောက်ဖြစ်နေခြင်း ထက် ၊ စတာလင် ဆိုတဲ့ လူအဖြစ်နဲ့ ကြာလေ လေးစားလေ ပဲ လို့ တောင် ၊ မခိုး မခန့် ပြောသေးသည်။
အဖေ ဖြစ်သူ နာဇီကြီး အတွက် ၊ အရမ်း စိတ်ပျက်နေသူ နဲ့ ၊ အဘေး ဖြစ်သူ ကွန်မြူနစ် အာဏာရှင်ကြီး
အတွက် ၊ တမင် ဂုဏ်ယူပြနေသူ ၊ မျိုးဆက် နှစ်ယောက် ။ သူတို့ ရဲ့ စိတ်ခံစားချက် အစွန်း တွေ ကို ၊ ကြားခံ ပရိသတ် တွေ ရဲ့ ထင်မြင် သုံးသပ်ချက်တွေက ၊ ထိန်းညှိ ပေး နေလို့ သာ ။ ပရိသတ်တွေ ထဲက ပါဝင်
ဆွေးနွေးသူ တွေ ထဲ မှာလည်း ၊ ပညာရှင်တွေ ၊ နိုင်ငံရေးသမားတွေ ၊ နာဇီပါတီ နဲ့ နီးစပ်ပတ်သတ်ခဲ့တဲ့
တခြား မျိုးဆက်တွေ ၊ စတာလင်ကို လေးစား ယုံကြည် ခဲ့သူတွေရဲ့ သွေးသားတွေ ၊ စစ်ကြီး အတွင်းမှာ
မိသားစု ပျက် ၊ စိတ်ခံစားမူတွေ ခံစား ခဲ့ ရတဲ့ ၊ သိမ်းပိုက်ခံ နယ်မြေစုံ က သားသမီး မြေးမြစ်တွေ ၊ အတော်ပင် စုံလင် လှသည်။
ဆွေးနွေးဝိုင်း ရဲ့ ဒုတိယပိုင်း က ၊ အရှေ့ဖက် စစ်မျက်နှာကို ဖွင့် ခဲ့တဲ့ ၊ ဂျပန် စစ်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး တိုဂျို နဲ့ ၊ စစ်ကြီးကို အဆုံးသတ်ဖို့ ဆိုပြီး ၊ ဟီရိုရှီးမားကို အနုမြူဗုံး ကျဲ ခဲ့တဲ့ ၊ အမေရိကန် သမ္မတ ထရူးမင်း ရဲ့ မျိုးဆက် နှစ်ယောက် အလှည့် ဆိုတော့ ၊ အနောက်ဖက် စစ်မျက်နှာပြင်က လူကြမ်းကြီးတွေ ထက် ၊ ကိုယ်နဲ့ နီးနီးစပ်စပ် အရှေ့ဖက် စစ်မျက်နှာက ၊ ဇာတ်လိုက်ကြီးတွေ ရဲ့ အကြောင်းတွေကို ပိုပြီး စိတ်ဝင်စား မိ
ရ သည်။
ကျောင်း စ တက်တဲ့ နေ့ မှာပဲ ဆရာမ က ၊ မင်းက သမ္မတ ထရူးမင်း မြေးလား လို့ မေးတော့၊ သူ ဘာမှန်း သေချာ မသိတဲ့ အကြောင်း ၊ Clifton Truman Daniel က ရီရွှင်စွာ ပြောပြ နိုင်ခဲ့ပေမယ့် ၊ Hidetoshi Tojo ကတော့ ၊ ငယ်ဘ၀ တလျှောက်လုံး ကျောင်းမှာ အများရဲ့ အာရုံစိုက် ခံ ရပြီး ၊ ကြီးပြင်းခဲ့ တာကို ၊ စိတ်ပျက် ခဲ့ ရတယ် လို့ ဆိုတယ်။ ဒုတိယ ကမ္ဘာစစ် အတွင်းက ၊ ဂျပန် စစ်တပ်ကြီးရဲ့ ဖက်စစ် ကျူးကျော်မူ တွေ နဲ့ အတူ ၊ စစ်ရှုံးခဲ့သူ စစ်ဗိုလ်ချုပ်ကြီး တိုဂျို ရဲ့ အမည် ဟာ ၊ ဂျပန်နိုင်ငံ မှာ ၊ မပြောသင့် တဲ့ အရာ ၊ အညင်းပွားစရာ တခု အဖြစ် တောက်လျှောက် ရှိနေ သေးပေမယ့် ၊ ခု အချိန်မှာ တော့ ၊ သူဟာ သူ့ ရဲ့ မျိုးရိုး
နာမယ် အကြောင်းကို ၊ ပိုပြီး စဉ်းစား မိ လာသလို ၊ သူ့သား ကိုလည်း သူ့လိုပဲ ဆက်ပြီး စဉ်းစား စေချင်
တယ် လို့ ၊ ဗိုလ်ချုပ်ကြီး တိုဂျို ရဲ့ မြစ် ဖြစ်သူ က ၊ ဂျပန် ဘာသာစကား နဲ့ ထိန်းထိန်းသိမ်းသိမ်း ပြောသည်။
ဂျပန် စစ် ရှုံး ပြီမို့ ၊ အမေရိကန် စစ်ကောင်စီ အဖွဲ့ က အိမ်ကို လာ ၀ိုင်းတဲ့ အချိန်မှာ ၊ တိုဂျို ဟာ အရင်ဆုံး သူ့ ရဲ့ ဆုတံဆိပ် တွေ အကုန်လုံးကို မီးရှို့ ဖျက်စီး ခဲ့ပေမယ့် ၊ မိသားစု ဆွေစဉ် မျိုးဆက် ဇယား ကြီး ကိုတော့ ၊ အသေအချာ ဆက်ထိန်းထားဖို့ မိသားစု ကို အသေအချာ မှာ ခဲ့တယ် လို့ ၊ ပြောပြော ဆိုဆို ၊ သူ့ ကုတ်
အကျီ င်္ အိတ်ထဲမှာ ထဲ့ ယူလာတဲ့ ၊ ခန်းကြီး စကားလုံးတွေ နဲ့ စာရွက်လိပ်ကြီး တလိပ်ကို အားလုံး ရဲ့ ရှေ့ မှာ ဖြေ ချ ပြလေတယ်။ အာရှ ပစိဖိတ် ဒေသ က ဂျပန်စစ်တပ် ကြီး ရဲ့ ၊ ကြမ်းတမ်း ရက်စက် မူ တွေ အတွက် ၊ သူ့ အဘေး မှာ အပြစ် ရှိ - မရှိ ဆိုတာ ထက် ၊ နာကျင် ထိခိုက်ခဲ့ ရတဲ့ လူတွေ အားလုံးကို ၊ တောင်းပန်
ကြောင်းသာ ၊ ယဉ်ကျေး စွာ ပြောသွားခဲ့သည် ။ သူ့ရဲ့ ရှေ့ က ဖန်သားပြင် မှာ ဗွီဒီယို က တဆင့် ၀င်ရောက် ဆွေးနွေးနေတဲ့ ထရူးမင်း ရဲ့ မြေး ဒဲနီယဲလ် ကို လည်း ၊ အပြင်မှာ လူခြင်း တွေ့ ဆုံ ပြီး ၊ အနာဂါတ် အတွက် လမ်းမှန်တွေ ပေါ် အောင် ပူးပေါင်း ဆောင်ရွက် လို ကြောင်း ပြော သည်။
ဒဲနီယဲယ် ကတော့ ၊ အရင်တုန်းက သူဟာ မျိုးရိုး ဆိုတာထက် သူ့ ကိုယ်ပိုင်ဘ၀ နဲ့ သာ နေလိုခဲ့ ပေမယ့် ၊ အနုမြူ ဗုံး ဒဏ်သင့် မိန်းကလေး တယောက်ရဲ့ စာအုပ် ကို ဖတ်ခဲ့ရပြီးတဲ့ နောက်မှာ ၊ ဟီရိုရှီးမား သမိုင်း
မှတ်တိုင် ရှိရာကို ၂၀၀၄ ခုနှစ် မှာ ၊ အရောက် လာ ကြည့် ခဲ့ တယ်။ အဲ့ဒီနောက်တော့ အနုမြူ တားစီးရေး
အတွက် ၊ ရှေ့ဆောင် ဆော်သြ သူ တယောက် ဖြစ်လာ ခဲ့တယ် လို့ ဆိုတယ်။ အနုမြူ ဗုံး ကျဲဖို့ ဆုံးဖြတ်
အမိန့် ပေး ခဲ့တဲ့ သူ့ အဘိုး မှာ တာဝန် ရှိ မရှိ ဆိုတာထက် ၊ အနုမြူဗုံး ဒဏ် ခံ ခဲ့ရတဲ့ သူတွေ အတွက် ၊ တခုခု ဆက်လုပ်ပေးဖို့ တော့၊ သူ့ မှာ တာဝန် ရှိတယ် လို့ ခံစားရ ကြောင်း အလေးအနက် ပြော လေသည်။
ဝမ်းနည်း စိတ်ပျက်နေတဲ့ ဂျာမန် နာဇီကြီးရဲ့ သား ကို ၊ သူ့ဘေးမှာ ထိုင်နေတဲ့ ၊ ဂျူးအကျဉ်းသား တယောက် ရဲ့ မြေးဖြစ်သူ က ၊ ခွင့်လွှတ် နားလည်စွာ အားပေး နှစ်သိမ့် ခဲ့သလိုပဲ ၊ အခု ဒုတိယ ပိုင်း မှာ လည်း ၊
စစ်အတွင်းတုန်းက ဂုဏ်သတင်း ထင်ရှား ခဲ့ တဲ့ ဆရာဝန်ကြီးလည်း ဖြစ် ၊ ထိုင်း မြန်မာ မီးရထားလမ်း ချွေးတပ် စခန်းမှာ ၊ သတ္တိပြောင်မြောက်စွာ နဲ့ ရပ်တည် ရှင်သန် ခဲ့ သူလည်း ဖြစ်တဲ့ ၊ သြစတြေလျလူမျိုး စစ်သုံ့ပန်းကြီး Sir Edward Dunlop ရဲ့ သား ဖြစ်သူ John Dunlop က ၊ ဂျပန် စစ်သား တွေ ရဲ့ ၊ ကြမ်းတမ်း
ရိုင်းစိုင်းမူ တွေ အကြောင်း တဆင့်ပြန် ပြောပြ နေတာကို ၊ ကပ်ရပ် ခုံ မှာ ထိုင်နေတဲ့ ဂျပန် စစ်ဗိုလ်ချုပ်ကြီး ရဲ့ မြစ် ဖြစ်သူက ၊ တည်တည် ငြိမ်ငြိမ် နားထောင် ပေး နေ ခဲ့ သည်။
တကယ်တော့ ၊ ဒီ စကားဝိုင်း ဟာ ကြားနာပွဲ တခု နဲ့ တူနေပေမယ့် ၊ အမှား အမှန် ဆို တဲ့ ဒိုင်လူကြီး
မရှိပေ ။ တာဝန် ယူ မူ ဆို တဲ့ ၊ ပြစ်ဒဏ် သတ်မှတ် မထားပေ ။ အားလုံး ဟာ မတူညီ တဲ့ အမျိုးသားရေး
နောက်ခံ တွေ ကနေ လာကြ သည်။ ကွဲ ပြား တဲ့ အယူ ၀ါဒ တွေ ရှိ မည်။ မပြောပြ နိုင်တဲ့ ၊ သီးသန့်
ယုံကြည်ချက် တွေ ရှိ ကောင်း ရှိ မည်။ ဒါပေမယ့် အားလုံး ရဲ့ ဆုံမှတ် လက်ခံ နိုင်တဲ့ အနေ အထား တခု
ရောက်အောင် ၊ ပြောကြ ဆိုကြ နားထောင်ပေး ကြတယ်။ ( စတာလင် ရဲ့ မြစ် က လွဲ လို့ ပေါ့လေ ) အပိုင်း နှစ်ပိုင်း ခွဲပြီး ၊ သုံး နာရီ လောက် ကြာအောင် ပြောကြ ဆိုကြ ဆွေးနွေး ဖြေလျော့ ကြတဲ့ တလျှောက်လုံးမှာ ၊ ပြန်လည် သင့်မြတ်ခြင်း ရဲ့ အငွေ့ အသက်တွေ ကသာ ခပ်များများ လွှမ်းခြုံ နေ ခဲ့တယ်။
တကယ် ဆိုတော့ လည်း ၊ သူတို့တွေဟာ တာဝန်ယူ ရမယ့် သူတွေ မှ မဟုတ်လေ တာ ။ အမှား အမှန်ကို ရင်ဆိုင် ရမယ့် ၊ ကာယကံ ရှင် တွေ လည်းမှ မဟုတ် တာ ။ အမှား အမှန် တာဝန် တွေ အတွက် ၊ ဟစ်တလာ လည်း ၊ သူ့ ဖာသူ အဆုံး စီရင် သွား ခဲ့ ပြီ ။ ဂျာမန် စစ်ဗိုလ်ချုပ်ကြီး ဟန့်စ် လည်း ၊ နူရင်ဘတ် ခုံရုံးကနေ ၊ ကြိုးပေး ကွပ်မြတ် ခံ ခဲ့ ရ ပြီ ။ ဂျပန် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး တိုဂျို လည်း ၊ နိုင်ငံတကာ အရှေ့တိုင်း စစ်ခုံရုံးကနေ ၊ သေဒဏ် ပေး ခံ ခဲ့ ရ ပြီ ။ လုပ်ဖော် ကိုင်ဖက် ပေါင်း များစွာကို ၊ စတေး ပြစ်ခဲ့တဲ့ ဆိုဗီယက် အာဏာရှင်ကြီး စတာလင် လည်း ၊ နောက်ဆုံးတော့ အဆိပ်မိ သလိုလို နဲ့ ၊ ကိုယ်တိုင် စတေးခံ ခဲ့ ရသည်။ အမေရိကန် သမ္မတကြီး ထရူးမင်း လည်း ၊ အနုမြူ ဗုံးကြီးဟာ ၊ လူတွေ ရဲ့ အသက်ကို ကယ်ဖို့ ၊ စစ်ကြီးကို အပြီးသပ်ဖို့ လို့ ၊ ဘယ်လောက်ပဲ အကြောင်း ပြပြ ၊ ဒီလောက် ဆိုးဝါး ပြင်းထန် ခဲ့တဲ့ အဖြစ်ကြီး အတွက် ၊ သူ့လိပ်ပြာ က အတောင် မခတ်ပဲ တော့ နေခဲ့ မှာ မဟုတ် ။ လူတွေရဲ့ အသက်တွေကို ကယ်ဖို့ ၊ လူတွေကိုပဲ သတ်ပြစ်ခဲ့ ရ သတဲ့လား ။ တကယ်ဆို ၊ ခုံရုံး တကာ့ ခုံရုံး တွေ ထဲ မှာ ၊ လိပ်ပြာခုံရုံး က ၊ ရင်ဆိုင်ဖြေရှင်း ဖို့ အခက်ခဲဆုံး ဖြစ်မှာပါ ။
ဒုတိယ ကမ္ဘာစစ် အနှစ် ၇၀ ပြည့် အထိမ်းအမှတ် အထူး အစီအစဉ် ကို ကြည့်ပြီး သွားတော့ ၊ ထုံးစံ အတိုင်း ၊ အတွေးတွေ ထဲ နစ် ရင်း ၊ မနှစ် ဆီ တုန်းက ၊ ကြည့်ဖြစ် လိုက်တဲ့ ၊ ဒုတိယ ကမ္ဘာစစ် နောက်ခံ အဖြစ်မှန် ရုပ်ရှင်ကားလေး တခု ကိုပါ သတိရ သွား မိသည်။
ရုပ်ရှင် ဆုပေါင်း များစွာ ဇကာတင် အရွေးခံ ရ တဲ့ ၊ The Railway Man ဆိုတဲ့ ၊ ရုပ်ရှင်ဟာ ၊ Lomax ဆိုတဲ့ အင်္ဂလိပ် စစ်အရာရှိငယ် တယောက် ရဲ့ ကိုယ်တွေ့ အဖြစ်မှန်တွေ ကို အခြေခံ ပြီး ဟောလိဝုဒ် အကျော်
အမော် တွေ နဲ့ ရိုက်ကူးထား တာပါ ။ အရှေ့ ဖက် စစ်မျက်နှာ မှာ ၊ စင်ကာပူ ခံတပ်ကြီး ကျ သွားတော့ ၊
အင်္ဂလိပ် စစ်သုံ့ပန်း တွေကို ၊ ထိုင်း မြန်မာ မီးရထားလမ်း ဖောက်ဖို့ ချွေးတပ် အဖြစ် အသုံးချသည်။
အင်္ဂလိပ် စစ်ဗိုလ် လေး ဟာ ၊ ချွေးတပ် အလုပ်စခန်း မှာ ၊ ကောက်ရ တဲ့ ရေဒီယို အစုတ် ကလေး တလုံး နဲ့ အလုပ်ရှုပ် ရင်း ၊ သူလျှို သတင်းပေး လို့ စွပ်စွဲခံ ရပြီး ၊ ဂျပန် ကင်ပေတိုင် စုံထောက် တွေရဲ့ ၊ ဖမ်းဆီး နှိပ်စက် ခြင်းကို ၊ ပြင်းပြင်းထန်ထန် ခံရတယ်။ သူ့ကို စစ်ဆေး နှိပ်စက် တဲ့ အခါတိုင်း ၊ နည်းတွေပြောင်း လူတွေ
ပြောင်း ပေမယ့် ၊ မပြောင်းလဲ တဲ့ တယောက်တည်းသော စကားပြန် ဂျပန် စစ်ဗိုလ် ကို ၊ သူ အသဲစွဲ အောင် မှတ်မိ နေခဲ့တယ် ။ စစ်ကြီး ပြီး လို့ ၊ အသက်မသေ ကျန်ခဲ့ကြပေမယ့် ၊ သူတို့ တွေ အားလုံး ၊ စိတ်အနာတရ တွေ အပြည့် နဲ့ ၊ ကျန်ရှိနေတဲ့ ဘ၀ သက်တမ်း ကို ခြောက်အိပ်မက်တွေ ကြားထဲ ဖြတ်သန်း နေ ခဲ့ ကြ ရ တယ်။ သူ့ သူငယ်ချင်း တယောက်က တော့ ၊ ကောက်ကာ ငင်ကာ သတ်သေ သွားသည် ။ စစ်ကြီး ပြီး ၄၅ နှစ် လောက် အကြာ ၊ သတင်းစာ တစောင် မှာ ပါလာတဲ့ ၊ ဂျပန် စစ်ပြန်အဘိုးကြီး တယောက် ရဲ့ ပုံ ကို ၊ တခြား သူငယ်ချင်း တယောက်က လာပြတော့ ၊ သူ ကောင်းကောင်း မှတ်မိ သည်။ စပိုင် လို့ မဖြေ မချင်း သူ့ ပါးစပ်ထဲကို ရေတွေ ပုံး လိုက် လောင်းချ ခိုင်းတဲ့ ဂျပန် စကားပြန် တာကာရှီ က ၊ ထိုင်း နယ်စပ် မှာ ၊ စစ်အကျဉ်းတိုက် ပြခန်း တခု ဖွင့် ထားတယ် ဆို ပါပေါ့ ။
သူ့ တကိုယ်လုံးမှာ ဒဏ်ရာ ဒဏ်ချက်တွေ ပြည့်နှက် နေခဲ့ ရ တဲ့ ၊ ထိုင်းမြန်မာ နယ်စပ် ကို စိတ်ဒဏ်ရာတွေ အပြည့် နဲ့ သူ အရောက် ပြန်လာခဲ့ တယ်။ တာကာရှီ ရှိ နေတဲ့ ၊ စစ်သုံ့ပန်း ပြတိုက် ထဲကို တယောက်
တည်း ၀င်သွား တယ်။ သူ အရမ်း မုန်းတီး ခဲ့တဲ့ ဂျပန် စကားပြန်ကြီး ရှေ့မှာ ၊ လွန်ခဲ့တဲ့ ၄၅ နှစ်က ၊ ပြခွင့် မရ လိုက်တဲ့ ဒေါသ နဲ့ အမုန်းတွေ ကို ၊ အကုန် သွန်ချ ပြစ်လိုက်တယ် ။ ပြခန်း ရဲ့ ရှေ့မှာ ပုံစံတူ ပြန်လုပ်ထားတဲ့ ၊ ရက်ပေါင်းများစွာ အစာငတ်ခံ နေပူလှန်း ခံ ခဲ့ရတဲ့ ၊ ခွေးအိမ် ပုပုလေး ထဲ ကို ၊ ဂျပန် အဘိုးကြီး ကို ဆွဲ ခေါ် လာပြီး ၊ ပိတ်လှောင် ထားလိုက်တယ်။ သူ့ အမုန်းတွေ ကုန်ချင် မှ ကုန် သွားပေမယ့် ၊ သူ့ ခါးသက်မူ တွေ တော့ ၊ သက်သာသွား ခဲ့သည် ထင့် ။
တာဂါရှီ ဟာ၊ သူ့ အပြစ်တွေကို ဖြေနိုင် ဖို့ အတွက် ၊ ထိုင်းနိုင်ငံကို အကြိမ်ပေါင်း ၆၀ လာ ရောက်ခဲ့ ပြီး ၊ ဒီ
ပြခန်း ကို သူ့ကိုယ်ပိုင် ငွေ နဲ့ ဖွင့်လှစ် ခဲ့တယ်။ အဲ့ဒီ နောက်ပိုင်းမှာ တာကာရှီ မသေဆုံးမီ ၂၀၁၁ ခုနှစ်ထိ ၊ သူတို့ နှစ်ယောက် ဟာ ၊ မိတ်ဆွေ ရင်း တွေ ဖြစ်သွား ကြတယ် လို့ ၊ စာတွေ မှာ ဖတ် ရသည်။ ခါးသက်တဲ့ အတိတ်တွေထဲက နေပြီး ၊ ပြန်လည် သင့်မြတ်ကြဖို့ ဆိုတာ ၊ မေ့ပြစ်လိုက်ယုံ နဲ့ မပြီးဘူး ။ သည်းခံ လိုက်ယုံ နဲ့ မရဘူး ။ ခွင့်လွှတ်လိုက်ယုံ နဲ့ လည်း မဖြစ်နိုင်ဘူး ။ မုန်းတီးနာကျင်မူ အရှိတရား တွေကို ၊ အရှိအတိုင်း
ကျော်ဖြတ်ပြီးမှသာ ရင်ကြားစေ့ နိုင်တာ လို့ ၊ ဒီ ရုပ်ရှင်လေးက ၊ ပြောပြ နေသလိုပဲ ။ တကယ် ဆိုတော့ ၊ သူတို့ နှစ်ယောက်ဟာ ၊ စစ် ရဲ့ သားကောင် တွေ ထဲက သားကောင် လေးတွေ ပဲလေ ။ တိုဂျို တို့ ဟစ်
တလာ တို့ လို ၊ စစ်ကြီးတပွဲ ကို ၊ ဖန်တီး ဦးဆောင် ဆုံးဖြတ် သူတွေ မဟုတ်ပေဘူးကိုး ။
သွေးမျိုးဆက် စကားဝိုင်း ထဲက စတာလင်ဝါဒီ မိသားစု ၀င် တယောက်က တော့ ၊ သူသေ ကိုယ်သေ စစ်ပွဲ ကြီးတွေ ၊ အာဏာလု ပွဲ ကြီး တွေမှာ ၊ လူတွေဟာ လူစိတ် တခြမ်း ပျောက်ကုန် တတ် ကြ တာပဲ လို့ ၊
ဆင်ခြင်ပြ သည်။ တမိသားစု လုံး ပျောက်ဆုံး သွား တဲ့ ၊ ပိုလန် အဘိုးကြီး ကတော့ ၊ တယောက် အမှား တယောက် ၀န်ချ ပြီး ၊ တယောက် စကား တယောက် နားထောင် ပေး တာဟာ ၊ အကောင်းဆုံး ကုစား
နည်း ပါပဲ လို့ ၊ မျက်ရည်ဝဲ နေတဲ့ မျက်လုံးတွေ နဲ့ ပြော သည် ။ သူ့ အဖေ နာဇီ ကြီးကို မုန်းတီး စက်ဆုပ်
တယ် ဆို တဲ့ ဂျာမန် ကြီးကလည်း ၊ သူ့ အိပ်ကပ် ထဲ မှာ အမြဲ ထဲ့ ထားတဲ့ ၊ ကြိုးစင်ထက်က ဓါတ်ပုံ ကို
ထုပ်ပြ ပြီး ၊ သူ့ အဖေ သေသွားပြီ ဆိုတာ ကို တခါတလေ မယုံနိုင်ဘူး လို့ ခေါင်းခါ သည် ။ စတုတ္တမျိုးဆက် ဂျပန်ကြီးကို ကြည့်ရတာတော့ ၊ စစ်အတွင်းက ဂျပန် စစ်သားတွေ ရဲ့ ၊ ရိုင်းစိုင်း ကြမ်းတမ်းမူ တွေ ကို၊ လက်ခံ တောင်းပန် လင့် ကစား ၊ သူ့အဘိုး စစ်ဝန်ကြီးချုပ် တိုဂျို ဟာ ၊ စစ်ရာဇ၀တ်ကောင် တယောက် အစား ၊ စစ်ရှုံးသူ တယောက် အဖြစ်သာ ၊ လက်ခံချင် ပုံ ရသည်။ အာရှကုန်းမြေ ကြီးပေါ်က အနောက်တိုင်းသား အုပ်စိုးမူတွေ ကို ဖယ်ရှားပေးမယ့် ၊ အာရှတိုက် သာတူညီမျှ ကောင်းစား ရေး ၀ါဒ ကို ကာကွယ် ချင်သေး ပုံ ရသည်။ ဒုတိယ ကမ္ဘာစစ်ကြီးကို အမှီပြု ပြီး ချမ်းသာ လာတဲ့ အမေရိကန် ကရော ၊ အဲ့ဒီတုန်းက တကယ့်ကို မဟာမိတ် သက်သက်ပဲ လား ။ တရားသော စစ် ဆိုတာ တကယ် ရှိ နိုင်ပါ့ မလား ။
သမိုင်းက ရှုပ်ထွေးလှ သည်။ အပြစ်ကြွေး သံသရာတွေ က ရှည်လျား ချင်စရာ ။ ဒါပေမယ့် ၊ လက်ရှိ ကမ္ဘာ့
နိုင်ငံရေး အခြေအနေတွေက တော့ ၊ ကပြောင်း ကပြန် ဖြစ်နေလေပြီ။
ဂျပန် တွေကို တိုက်ထုပ်ဖို့ ၊ တရုတ်အကူအညီ ယူခဲ့ ရဘူး တဲ့ ၊ အမေရိကန် မဟာမိတ် တွေ က ၊ အခုတော့ ဂျပန် နဲ့ မဟာမိတ်ပြန် ပြုပြီး ၊ တရုတ် ကို အားပြိုင်နေရ လေပြီ ။ စစ်ရှုံးစာချုပ်အရ၊ အမေရိကန် ရဲ့ ဖိအား
ကြောင့် နှစ်ပေါင်းများစွာ ငုတ်လျှိုး နေခဲ့ရတဲ့ ၊ ဂျပန် စစ်တပ်ကြီးကို၊ ဒေသတွင်းမှာ ပြန်လည် သက်ဝင် အင်အားရှိလာ ဖို့ ၊ အမေရိကန် ကပဲ ပြန်ပြီး အားပေး လာရသည်။ ခေတ်သစ် တရုတ်ပြည် ကြီးကလည်း ၊
အနှစ် ၇၀ ကြာ မှ ၊ ဒုတိယ ကမ္ဘာစစ် ကြီး အတွင်းက ၊ အမေ့လျော့ခံ မဟာမိတ် အဖြစ် ၊ အနောက် ၀င်ရိုး
တန်း နိုင်ငံတွေ နဲ့ အပြိုင် ၊ သမိုင်း တနေရာ ယူဖို့ ဇာတ်ကြောင်းပြန်ပြ လာ သည်။ အနှစ် ၇၀ အတွင်း ၊ တခါဖူး မှ မလုပ်ခဲ့ တဲ့ ၊ ဂျပန်ကို အောင်နိုင်ခြင်း အခမ်းအနားကြီးကို ပထမ ဆုံး အကြိမ် ၀ှဲချီးကျင်းပရင်း ၊ စစ်အင်အား ဗလတွေ ထုပ်ပြ လာ သည်။ အမြဲတမ်း ရန်သူ ၊ အမြဲတမ်း မိတ်ဆွေ မရှိ ဆိုတဲ့ အယူအဆ ကို ၊ နိုင်ငံတကာ ဆက်ဆံရေး တွေ မှာ ၊ ပိုပြီး ခံတွင်း တွေ့ လာ ကြသည်ပေါ့ ။ တကယ်ဆိုတော့ ၊ ဗမာပြည်က ဗိုလ်ချုပ်
အောင်ဆန်း သည်ပင် ၊ အဲ့ဒီတုန်းက ဂျပန် နဲ့ ပေါင်း ပြီး အင်္ဂလိပ်ကို တော်လှန် ၊ ၂ နှစ် အတွင်း အင်္ဂလိပ် နဲ့
ပြန်ပေါင်းပြီး ဂျပန်ကို တိုက်ထုတ် ဆိုတဲ့ အလှည့် အပြောင်းကို ၊ အားလုံး အံ့သြရအောင် ကစား ပြ သွား ခဲ့ သည်ပဲ ။
တခါတလေ တော့ လည်း ၊ သမိုင်းထဲက အဖြစ်တွေသည်၊ အမှား အမှန် မရှိပဲ ၊ ယူဆချက် တွေ အဖြစ်နဲ့သာ ၊ အဆုံးသပ် သွားတတ်ကြ သည်။ သူ့ ခေတ် သူ့ အခြေအနေက အဆုံးအဖြတ် တွေသည် ၊ ယခုခေတ် ယခု အခြေအနေ နဲ့ အံဝင် စံကိုက် ဖို့ ဆိုတာလည်း ၊ သိပ် မဖြစ်နိုင် ဘူး မဟုတ်လား ။ နည်းလမ်းက ဘယ်လိုပဲ
ဖြစ်ဖြစ် ရလာဒ် သည် သာ အဓိက ဆိုတဲ့ ဗျူဟာ သည် ၊ စစ်ရေး နိုင်ငံရေး တွေမှာ ၊ လက်တွေ့ ကျ တဲ့ ရွေးချယ်မူ တခု ဖြစ်လာနေတာတော့ သေချာသည်။ အဲဒီလို ရွေးချယ် ကြ တဲ့ အခါ ၊ တချို့တွေ အတွက်တော့ ၊ အမျိုးသားရေး - နိုင်ငံကောင်းစားရေး ဆိုတာတွေကို မျက်နှာမူ ပြီး ၊ ကိုယ့်အလံ တွေကို ရုတ်သိမ်းလိုက် ကြ ရတာမျိုးတွေ ရှိမည် ။ အများ သဘော ကြောင့် ၊ ကိုယ့် မူ- အယူအဆ တွေ ကို ၊ မြှုပ်နှံ ပြစ် လိုက် ရတာ မျိုးတွေ လည်း ၊ အများကြီး ရှိခဲ့ ပေမည် ။ သမိုင်း ဆိုတာကို တဦး တဖွဲ့ တအုပ်စုက မူပိုင် ပြု လို့ မရ နိုင်ပေ
မယ့် ၊ သမိုင်း မတင် တဲ့ သမိုင်းကျန် တွေ ကတော့ ရှိဆဲ ရှိမြဲပင် ။
စစ်ဖက်ခြင်း ရန်ဖက်ခြင်း ၊ ဗျူဟာကောင်းလို့ ၊ စားပွဲပေါ်မှာ ပူးပေါင်း သင့်မြတ် သွားကြပြီ ဆိုရင် တော့၊ ဟိုး
အောက်ဆုံးက အစတေး ခံရသူ တဦးခြင်း ၊ မျိုသိပ်ခဲ့ ရသူ တယောက်ခြင်း ၊ နစ်နာရသူ မျိုးဆက် တခုခြင်းစီ အတွက် ၊ သမိုင်းကျန်တွေ ထဲ မှာပဲ ၊ ကိုယ့်သမိုင်း နှင့် ကိုယ် ရင်ကြားစေ့ ကြရဖို့သာ ။ တကယ်တော့လည်း ကိုယ့်လိပ်ပြာ နဲ့ ကိုယ် ရင်ကြားစေ့ နိုင်ဖို့ ကသာ ၊ အရေးကြီးဆုံးပဲ မဟုတ်လား ။
(ကိုးကား- Bloodline. Insight Program at SBS. Australia.)
ကေသွယ်
၆ - ၁၈ စက်တင်ဘာ ၂၀၁၅
Weekly Eleven 29-09-2015
သမိုင်း နှင့် ရင်ကြားစေ့ ခြင်း
Labels: International , Movies , Printed







