ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့တာ နှစ်ပေါင်း ၇၀ တောင် ရှိ ခဲ့ ပြီ တဲ့ ။
လူသား သမိုင်း မှာ ၊ အပြင်းထန် အဆုံးဝါးဆုံး အနုမြူဗုံးကြီး ကျဲချ ခံရတဲ့ ဟီရိုရှီးမား နှစ်ပတ်လည် အကြောင်းအရာ တွေ ၊သတင်း မီဒီယာ မှာ သိပ်မမြင်ရတော့ ။ မော်ကွန်း မှတ်တမ်းတွေ မှာ ၊ အရက်စက်ဆုံး လို့ ၊ ရေးထိုး ခဲ့ ကြတဲ့ ၊ နာဇီ အကျဉ်းထောင် အဆိပ်ငွေ့ခန်း တွေက ၊ လွတ်မြောက် ရှင်သန် ကျန်ရစ်သူတွေ လည်း ၊ သက်ရှိ ထင်ရှား ရှိဖို့ မလွယ်တော့ ။
ပြီးခဲ့တဲ့ လ ထဲက ၊ သြစတြေလျ SBS တီဗွီ အစီအစဉ် တခု ဖြစ်တဲ့ Insight မှာ ၊ Bloodline ဆိုတဲ့ ခေါင်းစဉ် နဲ့ ဆွေးနွေးငြင်းခုံ ပွဲ လေး တခု ကို ကြည့် လိုက်ရတယ်။ ဒီအစီအစဉ် က ၊ အပတ်စဉ် ဆိုသလို ၊ အကြောင်းအရာ အမျိုးမျိုးအလိုက် ပင်တိုင်ဆွေးနွေးသူတွေ ဖိတ်ခေါ်ပြီး ၊ အားလုံး ပါဝင် ဆွေးနွေးကြ တာမို့ ၊ စိတ်ဝင်စားတဲ့ ခေါင်းစဉ် ဆိုရင် အမြဲ ကြည့် ဖြစ်သည် ။ အဲဒီ အပတ်က တော့ ၊ ဒုတိယ ကမ္ဘာစစ် နှစ် ၇၀ အထူး အစီအစဉ် ဆိုတော့ ၊ မဖြစ်မနေ ပဲ ပေါ့ ။ ကြည့် နေရင်း မှ ၊ ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာတာက ၊ အစီအစဉ်မှာ ပင်တိုင် ပါဝင် ဆွေးနွေး ကြတဲ့ သူတွေဟာ ၊ ဒုတိယကမ္ဘာစစ်ကြီးတုန်းက အဓိက ကျခဲ့တဲ့ ဇာတ်ကောင်
ကြီးတွေ ရဲ့ ၊ သွေးမျိုးဆက် တွေ ကိုယ်တိုင် ဖြစ်နေ တာပဲ ။
ဟစ်တလာ ရဲ့ လက်ရုံးတဆူ ဖြစ် သလို ၊ ပိုလန် ကျူးကျော်မူ မှာ တာဝန်ခံ စစ်ဦးစီးချုပ်လည်း ဖြစ်ခဲ့တဲ့ ၊ Hans Frank ရဲ့ ၊ သားအငယ်ဆုံး Niklas Frank ဆိုသူ အသက် ၇၀ ကျော် အဘိုးကြီး က၊ သူ့မိသားစု မှာ တဦးတည်း သော ၊ အသက်ရှင် နေတော့တဲ့ သူ ဖြစ်သလို ၊ ဂျာနယ်လစ် စာရေးသူ တယောက် အဖြစ်၊ သူ့အဖေ နဲ့ တကွ နာဇီတွေ ရဲ့ သမိုင်းတွေကို လူသိရှင်ကြား ထုတ်ဖော် ရေးသား နေသူလည်း ဖြစ်သည်။ အစီအစဉ် တင်ဆက်သူ က ၊ ရှင့် အဖေကို ဘယ်လို မြင်သလဲ ဆိုတဲ့ ၊ မေးခွန်းကို ၊ ငါ သူ့ကို စက်ဆုပ်မိ
တယ် လို့ ဖြေးဖြေးလေးလေး ကြီး ပြောချ လိုက်ပေမဲ့ ၊ေ၀၀ါး ရောထွေးနေတဲ့ သူ့ ခံစားချက် တွေကိုလည်း တစွန်းတစ မြင်ရ ပြန်တယ်။ ပရိသတ် တွေထဲ မှာ ထိုင်နေတဲ့ ၊ သူ့ နဲ့ အသက် မတိမ်းမယိမ်း အဘိုးကြီး
တယောက်က ၊ ပိုလန် ကို နာဇီ ဂျာမန် တွေ သိမ်းပိုက် တဲ့ အချိန်မှာ ၊ ဆယ်နှစ်ကျော် အရွယ် ကလေး
တယောက် အဖြစ် ကံသီ လို့ လွတ်မြောက်ခဲ့ပေမယ့် ၊ သူ့ တမိသားစု လုံး အလုပ်စခန်းတွေမှာ သေဆုံးကျန် ခဲ့တဲ့ အကြောင်း ပျက်ပျက်ထင်ထင် ပြန်ပြောပြ နေတာတွေ ကို ၊ ဆိတ်ဆိတ် နားထောင် နေခဲ့တယ် ။
ဆစ်ဒနီ မှာ ရှိတဲ့ ဂျူးလူမျိုးတွေ ရဲ့ စစ်သမိုင်းပြတိုက် တခု ကို သွားကြည့်ရင်း၊ ၀မ်းနည်း စိတ်ပျက်မူ တွေ နဲ့ အရုပ်ကြိုးပြတ် ဖြစ်နေတဲ့ သူ့ ကို ၊ လိုက်ပြ တဲ့ အမျိုးသမီးတယောက်က အားပေး နှစ်သိမ့် နေတဲ့ ဗွီဒီယို ကို ၊ ပြန်ပြ နေတဲ့ အချိန်မှာ ၊ မျက်လုံး တွေကို အသာ ပိတ် ထားခဲ့ တယ်။ အဲ့ဒီ ပြတိုက် တနေရာမှာ ရေး
ထွင်း ပြသ ထားတဲ့ ၊ ဂျူးတွေ အားလုံးကို ငတ်ပြီး သေစေဖို့ ငါတို့ ဆုံးဖြတ်ထားတယ် ဆိုတဲ့ ၊ စာတန်း ရဲ့
အောက်မှာ Dr. Hans Frank ဆို တဲ့ မြင်ကွင်း တခု ပေါ်လာပြန်တယ်။ အဲဒီ ဟာကို ရော အရင်က မြင်ဖူးလား လို့ ထပ်မေး ပြန် တော့ ၊ Niklas Frank ဟာ ၊ခေါင်းကိုပါ ငုံ့ ချ လိုက်ရင်း ၊ အပြစ်မဲ့တဲ့ လူတွေ ..
ပိုလန်တွေ ဂျူးတွေ ကို သတ်ပြစ်ခဲ့တာ လုံးဝ ကြင်နာမူ ကင်းမဲ့တဲ့ လူမျိုးပဲ လို့ သာ ညည်းငြူ နေရှာ တယ်။
ပြခန်း မှာ လိုက်ပြ ခဲ့တဲ့ အမျိုးသမီး ဟာ ၊ ဒီအစီအစဉ်မှာလည်း ကပ်ရပ်ခုံ က နေပြီး ၊ နင်က အရမ်းကို စာနာတတ်တဲ့ ဂျာမန် တယောက် လေ လို့ ၊ လှမ်းပြီး အားပေး ရ ပြန်တယ်။ အဲဒီ အမျိုးသမီး ဟာ ၊
တကယ်တော့ ဇနီး နဲ့ ကလေး ကို ပြန်ရှာမတွေ့ နိုင်တော့ တဲ့ နာဇီ အကျဉ်းစခန်းပြန် အဘိုးဖြစ်သူ ရဲ့ ခြောက်အိပ်မက်တွေကို အမွေရ ထား တဲ့သူ တယောက်။
သမိုင်းရဲ့ အရိပ်တွေ အောက်မှာ၊ မုန်းတီး နာကျင်မူတွေက ခပ်နည်းနည်း ၊ နားလည် စာနာမူ တွေကသာ များများ မြင်တွေ့ နေရတဲ့ ဆွေးနွေးခန်း မှာ ၊ တမူထူးခြား စိတ်ဝင်စားစရာ ကောင်းစွာ ပါဝင်လာတဲ့ နောက်တယောက်က ၊ ဆိုဗီယက် ယူနီယံ ကြီးကို ၊ နှစ်ပေါင်း ၃၀ အုပ်ချုပ်သွားခဲ့တဲ့ အာဏာရှင် သံမဏိလူသား
ကြီး Joseph Stalin ရဲ့ မြစ် ဖြစ်သူ Jacob Jughashvili ။ သူက လူကိုယ်တိုင် မလာပဲ ၊ဗွီဒီယို ကနေပြီး ပါဝင် ဆွေးနွေးသလို ၊ အသွင်အပြင် လေသံ ယူဆချက် တွေကပါ ၊ တခြားသူတွေ နဲ့ လုံးလုံး မတူ တမူ ကွဲ လျက် ။ ပုဂ္ဂိုလ်ရေး ကိုးကွယ်ခြင်း ကို အကြီးအကျယ် တည်ဆောက်ခဲ့တဲ့ အာဏာရှင်ကြီး စတာလင် ရဲ့ မျိုးဆက် အဖြစ် ထင်ထင်ရှားရှား မနေထိုင်ခဲ့ပေမယ့် ၊ သူ့ ရဲ့ မျိုးရိုးနာမယ်ကို တော့ စတာလင် ရဲ့ မူလ မျိုးရိုးနာမယ် အတိုင်း ဆက်ပြီး ယူထားလေတယ်။ ဆိုဗီယက် နဲ့ ယူကရိန်း မှာ လူပေါင်း တသန်းလောက် ပျက်စီး
သေကျေ ခဲ့ရတဲ့ တာဝန်ရှိမူတွေ ကို ၊ စတာလင်ရဲ့ မြေးက လက်မခံ ။ သူ့ အဘေးဟာ ပြည်သူ့ ၀န်ထမ်း
ကြီး လို့ သာ တွင်တွင် ပြောသည်။ ပရိသတ်ထဲ က ၀င်ဆွေးနွေးတဲ့ သမိုင်းပညာရှင် တွေ ရဲ့ စကားတွေကို မဲ့ရွဲ့ ပြစ်သည်။ ကွေးကောက် ပြစ်သည်။ ဒုတိယ ကမ္ဘာစစ်ကြီး မှာ ၊ ဟစ်တလာ ကို အပေးအယူ လုပ်ဖို့ ကြိုးစား ပေမယ့် ၊ နောက်ဆုံးမှာ ဆိုဗီယက် တပ်နီတော် ဟာ နာဇီ တွေကို အနိုင် တိုက်ပြစ် လိုက်ရတဲ့ ၊
သမိုင်းတွေ ကိုသာ ၊ ဇမ်းတင် ပြောနေ ခဲ့ ပြီး ၊ စစ်ကြီးအပြီး အာဏာစက် ပိုပြီး ပြင်းထန်ခဲ့တဲ့ ၊ သူ့ အဘေး ဟာ ၊ တကယ်တော့ တကိုယ်တော် အာဏာရှင် မဟုတ် ၊ ကွန်မြူနစ် ဗဟိုကော်မီတီ ၀င်တွေ အားလုံး
စုပေါင်း ဆုံးဖြတ် လုပ်ကိုင် ခဲ့ကြတာလို့ ၊ ချေပ သည်။ သူ့ အဘေး တယောက်ဖြစ်နေခြင်း ထက် ၊ စတာလင် ဆိုတဲ့ လူအဖြစ်နဲ့ ကြာလေ လေးစားလေ ပဲ လို့ တောင် ၊ မခိုး မခန့် ပြောသေးသည်။
အဖေ ဖြစ်သူ နာဇီကြီး အတွက် ၊ အရမ်း စိတ်ပျက်နေသူ နဲ့ ၊ အဘေး ဖြစ်သူ ကွန်မြူနစ် အာဏာရှင်ကြီး
အတွက် ၊ တမင် ဂုဏ်ယူပြနေသူ ၊ မျိုးဆက် နှစ်ယောက် ။ သူတို့ ရဲ့ စိတ်ခံစားချက် အစွန်း တွေ ကို ၊ ကြားခံ ပရိသတ် တွေ ရဲ့ ထင်မြင် သုံးသပ်ချက်တွေက ၊ ထိန်းညှိ ပေး နေလို့ သာ ။ ပရိသတ်တွေ ထဲက ပါဝင်
ဆွေးနွေးသူ တွေ ထဲ မှာလည်း ၊ ပညာရှင်တွေ ၊ နိုင်ငံရေးသမားတွေ ၊ နာဇီပါတီ နဲ့ နီးစပ်ပတ်သတ်ခဲ့တဲ့
တခြား မျိုးဆက်တွေ ၊ စတာလင်ကို လေးစား ယုံကြည် ခဲ့သူတွေရဲ့ သွေးသားတွေ ၊ စစ်ကြီး အတွင်းမှာ
မိသားစု ပျက် ၊ စိတ်ခံစားမူတွေ ခံစား ခဲ့ ရတဲ့ ၊ သိမ်းပိုက်ခံ နယ်မြေစုံ က သားသမီး မြေးမြစ်တွေ ၊ အတော်ပင် စုံလင် လှသည်။
ဆွေးနွေးဝိုင်း ရဲ့ ဒုတိယပိုင်း က ၊ အရှေ့ဖက် စစ်မျက်နှာကို ဖွင့် ခဲ့တဲ့ ၊ ဂျပန် စစ်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး တိုဂျို နဲ့ ၊ စစ်ကြီးကို အဆုံးသတ်ဖို့ ဆိုပြီး ၊ ဟီရိုရှီးမားကို အနုမြူဗုံး ကျဲ ခဲ့တဲ့ ၊ အမေရိကန် သမ္မတ ထရူးမင်း ရဲ့ မျိုးဆက် နှစ်ယောက် အလှည့် ဆိုတော့ ၊ အနောက်ဖက် စစ်မျက်နှာပြင်က လူကြမ်းကြီးတွေ ထက် ၊ ကိုယ်နဲ့ နီးနီးစပ်စပ် အရှေ့ဖက် စစ်မျက်နှာက ၊ ဇာတ်လိုက်ကြီးတွေ ရဲ့ အကြောင်းတွေကို ပိုပြီး စိတ်ဝင်စား မိ
ရ သည်။
ကျောင်း စ တက်တဲ့ နေ့ မှာပဲ ဆရာမ က ၊ မင်းက သမ္မတ ထရူးမင်း မြေးလား လို့ မေးတော့၊ သူ ဘာမှန်း သေချာ မသိတဲ့ အကြောင်း ၊ Clifton Truman Daniel က ရီရွှင်စွာ ပြောပြ နိုင်ခဲ့ပေမယ့် ၊ Hidetoshi Tojo ကတော့ ၊ ငယ်ဘ၀ တလျှောက်လုံး ကျောင်းမှာ အများရဲ့ အာရုံစိုက် ခံ ရပြီး ၊ ကြီးပြင်းခဲ့ တာကို ၊ စိတ်ပျက် ခဲ့ ရတယ် လို့ ဆိုတယ်။ ဒုတိယ ကမ္ဘာစစ် အတွင်းက ၊ ဂျပန် စစ်တပ်ကြီးရဲ့ ဖက်စစ် ကျူးကျော်မူ တွေ နဲ့ အတူ ၊ စစ်ရှုံးခဲ့သူ စစ်ဗိုလ်ချုပ်ကြီး တိုဂျို ရဲ့ အမည် ဟာ ၊ ဂျပန်နိုင်ငံ မှာ ၊ မပြောသင့် တဲ့ အရာ ၊ အညင်းပွားစရာ တခု အဖြစ် တောက်လျှောက် ရှိနေ သေးပေမယ့် ၊ ခု အချိန်မှာ တော့ ၊ သူဟာ သူ့ ရဲ့ မျိုးရိုး
နာမယ် အကြောင်းကို ၊ ပိုပြီး စဉ်းစား မိ လာသလို ၊ သူ့သား ကိုလည်း သူ့လိုပဲ ဆက်ပြီး စဉ်းစား စေချင်
တယ် လို့ ၊ ဗိုလ်ချုပ်ကြီး တိုဂျို ရဲ့ မြစ် ဖြစ်သူ က ၊ ဂျပန် ဘာသာစကား နဲ့ ထိန်းထိန်းသိမ်းသိမ်း ပြောသည်။
ဂျပန် စစ် ရှုံး ပြီမို့ ၊ အမေရိကန် စစ်ကောင်စီ အဖွဲ့ က အိမ်ကို လာ ၀ိုင်းတဲ့ အချိန်မှာ ၊ တိုဂျို ဟာ အရင်ဆုံး သူ့ ရဲ့ ဆုတံဆိပ် တွေ အကုန်လုံးကို မီးရှို့ ဖျက်စီး ခဲ့ပေမယ့် ၊ မိသားစု ဆွေစဉ် မျိုးဆက် ဇယား ကြီး ကိုတော့ ၊ အသေအချာ ဆက်ထိန်းထားဖို့ မိသားစု ကို အသေအချာ မှာ ခဲ့တယ် လို့ ၊ ပြောပြော ဆိုဆို ၊ သူ့ ကုတ်
အကျီ င်္ အိတ်ထဲမှာ ထဲ့ ယူလာတဲ့ ၊ ခန်းကြီး စကားလုံးတွေ နဲ့ စာရွက်လိပ်ကြီး တလိပ်ကို အားလုံး ရဲ့ ရှေ့ မှာ ဖြေ ချ ပြလေတယ်။ အာရှ ပစိဖိတ် ဒေသ က ဂျပန်စစ်တပ် ကြီး ရဲ့ ၊ ကြမ်းတမ်း ရက်စက် မူ တွေ အတွက် ၊ သူ့ အဘေး မှာ အပြစ် ရှိ - မရှိ ဆိုတာ ထက် ၊ နာကျင် ထိခိုက်ခဲ့ ရတဲ့ လူတွေ အားလုံးကို ၊ တောင်းပန်
ကြောင်းသာ ၊ ယဉ်ကျေး စွာ ပြောသွားခဲ့သည် ။ သူ့ရဲ့ ရှေ့ က ဖန်သားပြင် မှာ ဗွီဒီယို က တဆင့် ၀င်ရောက် ဆွေးနွေးနေတဲ့ ထရူးမင်း ရဲ့ မြေး ဒဲနီယဲလ် ကို လည်း ၊ အပြင်မှာ လူခြင်း တွေ့ ဆုံ ပြီး ၊ အနာဂါတ် အတွက် လမ်းမှန်တွေ ပေါ် အောင် ပူးပေါင်း ဆောင်ရွက် လို ကြောင်း ပြော သည်။
ဒဲနီယဲယ် ကတော့ ၊ အရင်တုန်းက သူဟာ မျိုးရိုး ဆိုတာထက် သူ့ ကိုယ်ပိုင်ဘ၀ နဲ့ သာ နေလိုခဲ့ ပေမယ့် ၊ အနုမြူ ဗုံး ဒဏ်သင့် မိန်းကလေး တယောက်ရဲ့ စာအုပ် ကို ဖတ်ခဲ့ရပြီးတဲ့ နောက်မှာ ၊ ဟီရိုရှီးမား သမိုင်း
မှတ်တိုင် ရှိရာကို ၂၀၀၄ ခုနှစ် မှာ ၊ အရောက် လာ ကြည့် ခဲ့ တယ်။ အဲ့ဒီနောက်တော့ အနုမြူ တားစီးရေး
အတွက် ၊ ရှေ့ဆောင် ဆော်သြ သူ တယောက် ဖြစ်လာ ခဲ့တယ် လို့ ဆိုတယ်။ အနုမြူ ဗုံး ကျဲဖို့ ဆုံးဖြတ်
အမိန့် ပေး ခဲ့တဲ့ သူ့ အဘိုး မှာ တာဝန် ရှိ မရှိ ဆိုတာထက် ၊ အနုမြူဗုံး ဒဏ် ခံ ခဲ့ရတဲ့ သူတွေ အတွက် ၊ တခုခု ဆက်လုပ်ပေးဖို့ တော့၊ သူ့ မှာ တာဝန် ရှိတယ် လို့ ခံစားရ ကြောင်း အလေးအနက် ပြော လေသည်။
ဝမ်းနည်း စိတ်ပျက်နေတဲ့ ဂျာမန် နာဇီကြီးရဲ့ သား ကို ၊ သူ့ဘေးမှာ ထိုင်နေတဲ့ ၊ ဂျူးအကျဉ်းသား တယောက် ရဲ့ မြေးဖြစ်သူ က ၊ ခွင့်လွှတ် နားလည်စွာ အားပေး နှစ်သိမ့် ခဲ့သလိုပဲ ၊ အခု ဒုတိယ ပိုင်း မှာ လည်း ၊
စစ်အတွင်းတုန်းက ဂုဏ်သတင်း ထင်ရှား ခဲ့ တဲ့ ဆရာဝန်ကြီးလည်း ဖြစ် ၊ ထိုင်း မြန်မာ မီးရထားလမ်း ချွေးတပ် စခန်းမှာ ၊ သတ္တိပြောင်မြောက်စွာ နဲ့ ရပ်တည် ရှင်သန် ခဲ့ သူလည်း ဖြစ်တဲ့ ၊ သြစတြေလျလူမျိုး စစ်သုံ့ပန်းကြီး Sir Edward Dunlop ရဲ့ သား ဖြစ်သူ John Dunlop က ၊ ဂျပန် စစ်သား တွေ ရဲ့ ၊ ကြမ်းတမ်း
ရိုင်းစိုင်းမူ တွေ အကြောင်း တဆင့်ပြန် ပြောပြ နေတာကို ၊ ကပ်ရပ် ခုံ မှာ ထိုင်နေတဲ့ ဂျပန် စစ်ဗိုလ်ချုပ်ကြီး ရဲ့ မြစ် ဖြစ်သူက ၊ တည်တည် ငြိမ်ငြိမ် နားထောင် ပေး နေ ခဲ့ သည်။
တကယ်တော့ ၊ ဒီ စကားဝိုင်း ဟာ ကြားနာပွဲ တခု နဲ့ တူနေပေမယ့် ၊ အမှား အမှန် ဆို တဲ့ ဒိုင်လူကြီး
မရှိပေ ။ တာဝန် ယူ မူ ဆို တဲ့ ၊ ပြစ်ဒဏ် သတ်မှတ် မထားပေ ။ အားလုံး ဟာ မတူညီ တဲ့ အမျိုးသားရေး
နောက်ခံ တွေ ကနေ လာကြ သည်။ ကွဲ ပြား တဲ့ အယူ ၀ါဒ တွေ ရှိ မည်။ မပြောပြ နိုင်တဲ့ ၊ သီးသန့်
ယုံကြည်ချက် တွေ ရှိ ကောင်း ရှိ မည်။ ဒါပေမယ့် အားလုံး ရဲ့ ဆုံမှတ် လက်ခံ နိုင်တဲ့ အနေ အထား တခု
ရောက်အောင် ၊ ပြောကြ ဆိုကြ နားထောင်ပေး ကြတယ်။ ( စတာလင် ရဲ့ မြစ် က လွဲ လို့ ပေါ့လေ ) အပိုင်း နှစ်ပိုင်း ခွဲပြီး ၊ သုံး နာရီ လောက် ကြာအောင် ပြောကြ ဆိုကြ ဆွေးနွေး ဖြေလျော့ ကြတဲ့ တလျှောက်လုံးမှာ ၊ ပြန်လည် သင့်မြတ်ခြင်း ရဲ့ အငွေ့ အသက်တွေ ကသာ ခပ်များများ လွှမ်းခြုံ နေ ခဲ့တယ်။
တကယ် ဆိုတော့ လည်း ၊ သူတို့တွေဟာ တာဝန်ယူ ရမယ့် သူတွေ မှ မဟုတ်လေ တာ ။ အမှား အမှန်ကို ရင်ဆိုင် ရမယ့် ၊ ကာယကံ ရှင် တွေ လည်းမှ မဟုတ် တာ ။ အမှား အမှန် တာဝန် တွေ အတွက် ၊ ဟစ်တလာ လည်း ၊ သူ့ ဖာသူ အဆုံး စီရင် သွား ခဲ့ ပြီ ။ ဂျာမန် စစ်ဗိုလ်ချုပ်ကြီး ဟန့်စ် လည်း ၊ နူရင်ဘတ် ခုံရုံးကနေ ၊ ကြိုးပေး ကွပ်မြတ် ခံ ခဲ့ ရ ပြီ ။ ဂျပန် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး တိုဂျို လည်း ၊ နိုင်ငံတကာ အရှေ့တိုင်း စစ်ခုံရုံးကနေ ၊ သေဒဏ် ပေး ခံ ခဲ့ ရ ပြီ ။ လုပ်ဖော် ကိုင်ဖက် ပေါင်း များစွာကို ၊ စတေး ပြစ်ခဲ့တဲ့ ဆိုဗီယက် အာဏာရှင်ကြီး စတာလင် လည်း ၊ နောက်ဆုံးတော့ အဆိပ်မိ သလိုလို နဲ့ ၊ ကိုယ်တိုင် စတေးခံ ခဲ့ ရသည်။ အမေရိကန် သမ္မတကြီး ထရူးမင်း လည်း ၊ အနုမြူ ဗုံးကြီးဟာ ၊ လူတွေ ရဲ့ အသက်ကို ကယ်ဖို့ ၊ စစ်ကြီးကို အပြီးသပ်ဖို့ လို့ ၊ ဘယ်လောက်ပဲ အကြောင်း ပြပြ ၊ ဒီလောက် ဆိုးဝါး ပြင်းထန် ခဲ့တဲ့ အဖြစ်ကြီး အတွက် ၊ သူ့လိပ်ပြာ က အတောင် မခတ်ပဲ တော့ နေခဲ့ မှာ မဟုတ် ။ လူတွေရဲ့ အသက်တွေကို ကယ်ဖို့ ၊ လူတွေကိုပဲ သတ်ပြစ်ခဲ့ ရ သတဲ့လား ။ တကယ်ဆို ၊ ခုံရုံး တကာ့ ခုံရုံး တွေ ထဲ မှာ ၊ လိပ်ပြာခုံရုံး က ၊ ရင်ဆိုင်ဖြေရှင်း ဖို့ အခက်ခဲဆုံး ဖြစ်မှာပါ ။
ဒုတိယ ကမ္ဘာစစ် အနှစ် ၇၀ ပြည့် အထိမ်းအမှတ် အထူး အစီအစဉ် ကို ကြည့်ပြီး သွားတော့ ၊ ထုံးစံ အတိုင်း ၊ အတွေးတွေ ထဲ နစ် ရင်း ၊ မနှစ် ဆီ တုန်းက ၊ ကြည့်ဖြစ် လိုက်တဲ့ ၊ ဒုတိယ ကမ္ဘာစစ် နောက်ခံ အဖြစ်မှန် ရုပ်ရှင်ကားလေး တခု ကိုပါ သတိရ သွား မိသည်။
ရုပ်ရှင် ဆုပေါင်း များစွာ ဇကာတင် အရွေးခံ ရ တဲ့ ၊ The Railway Man ဆိုတဲ့ ၊ ရုပ်ရှင်ဟာ ၊ Lomax ဆိုတဲ့ အင်္ဂလိပ် စစ်အရာရှိငယ် တယောက် ရဲ့ ကိုယ်တွေ့ အဖြစ်မှန်တွေ ကို အခြေခံ ပြီး ဟောလိဝုဒ် အကျော်
အမော် တွေ နဲ့ ရိုက်ကူးထား တာပါ ။ အရှေ့ ဖက် စစ်မျက်နှာ မှာ ၊ စင်ကာပူ ခံတပ်ကြီး ကျ သွားတော့ ၊
အင်္ဂလိပ် စစ်သုံ့ပန်း တွေကို ၊ ထိုင်း မြန်မာ မီးရထားလမ်း ဖောက်ဖို့ ချွေးတပ် အဖြစ် အသုံးချသည်။
အင်္ဂလိပ် စစ်ဗိုလ် လေး ဟာ ၊ ချွေးတပ် အလုပ်စခန်း မှာ ၊ ကောက်ရ တဲ့ ရေဒီယို အစုတ် ကလေး တလုံး နဲ့ အလုပ်ရှုပ် ရင်း ၊ သူလျှို သတင်းပေး လို့ စွပ်စွဲခံ ရပြီး ၊ ဂျပန် ကင်ပေတိုင် စုံထောက် တွေရဲ့ ၊ ဖမ်းဆီး နှိပ်စက် ခြင်းကို ၊ ပြင်းပြင်းထန်ထန် ခံရတယ်။ သူ့ကို စစ်ဆေး နှိပ်စက် တဲ့ အခါတိုင်း ၊ နည်းတွေပြောင်း လူတွေ
ပြောင်း ပေမယ့် ၊ မပြောင်းလဲ တဲ့ တယောက်တည်းသော စကားပြန် ဂျပန် စစ်ဗိုလ် ကို ၊ သူ အသဲစွဲ အောင် မှတ်မိ နေခဲ့တယ် ။ စစ်ကြီး ပြီး လို့ ၊ အသက်မသေ ကျန်ခဲ့ကြပေမယ့် ၊ သူတို့ တွေ အားလုံး ၊ စိတ်အနာတရ တွေ အပြည့် နဲ့ ၊ ကျန်ရှိနေတဲ့ ဘ၀ သက်တမ်း ကို ခြောက်အိပ်မက်တွေ ကြားထဲ ဖြတ်သန်း နေ ခဲ့ ကြ ရ တယ်။ သူ့ သူငယ်ချင်း တယောက်က တော့ ၊ ကောက်ကာ ငင်ကာ သတ်သေ သွားသည် ။ စစ်ကြီး ပြီး ၄၅ နှစ် လောက် အကြာ ၊ သတင်းစာ တစောင် မှာ ပါလာတဲ့ ၊ ဂျပန် စစ်ပြန်အဘိုးကြီး တယောက် ရဲ့ ပုံ ကို ၊ တခြား သူငယ်ချင်း တယောက်က လာပြတော့ ၊ သူ ကောင်းကောင်း မှတ်မိ သည်။ စပိုင် လို့ မဖြေ မချင်း သူ့ ပါးစပ်ထဲကို ရေတွေ ပုံး လိုက် လောင်းချ ခိုင်းတဲ့ ဂျပန် စကားပြန် တာကာရှီ က ၊ ထိုင်း နယ်စပ် မှာ ၊ စစ်အကျဉ်းတိုက် ပြခန်း တခု ဖွင့် ထားတယ် ဆို ပါပေါ့ ။
သူ့ တကိုယ်လုံးမှာ ဒဏ်ရာ ဒဏ်ချက်တွေ ပြည့်နှက် နေခဲ့ ရ တဲ့ ၊ ထိုင်းမြန်မာ နယ်စပ် ကို စိတ်ဒဏ်ရာတွေ အပြည့် နဲ့ သူ အရောက် ပြန်လာခဲ့ တယ်။ တာကာရှီ ရှိ နေတဲ့ ၊ စစ်သုံ့ပန်း ပြတိုက် ထဲကို တယောက်
တည်း ၀င်သွား တယ်။ သူ အရမ်း မုန်းတီး ခဲ့တဲ့ ဂျပန် စကားပြန်ကြီး ရှေ့မှာ ၊ လွန်ခဲ့တဲ့ ၄၅ နှစ်က ၊ ပြခွင့် မရ လိုက်တဲ့ ဒေါသ နဲ့ အမုန်းတွေ ကို ၊ အကုန် သွန်ချ ပြစ်လိုက်တယ် ။ ပြခန်း ရဲ့ ရှေ့မှာ ပုံစံတူ ပြန်လုပ်ထားတဲ့ ၊ ရက်ပေါင်းများစွာ အစာငတ်ခံ နေပူလှန်း ခံ ခဲ့ရတဲ့ ၊ ခွေးအိမ် ပုပုလေး ထဲ ကို ၊ ဂျပန် အဘိုးကြီး ကို ဆွဲ ခေါ် လာပြီး ၊ ပိတ်လှောင် ထားလိုက်တယ်။ သူ့ အမုန်းတွေ ကုန်ချင် မှ ကုန် သွားပေမယ့် ၊ သူ့ ခါးသက်မူ တွေ တော့ ၊ သက်သာသွား ခဲ့သည် ထင့် ။
တာဂါရှီ ဟာ၊ သူ့ အပြစ်တွေကို ဖြေနိုင် ဖို့ အတွက် ၊ ထိုင်းနိုင်ငံကို အကြိမ်ပေါင်း ၆၀ လာ ရောက်ခဲ့ ပြီး ၊ ဒီ
ပြခန်း ကို သူ့ကိုယ်ပိုင် ငွေ နဲ့ ဖွင့်လှစ် ခဲ့တယ်။ အဲ့ဒီ နောက်ပိုင်းမှာ တာကာရှီ မသေဆုံးမီ ၂၀၁၁ ခုနှစ်ထိ ၊ သူတို့ နှစ်ယောက် ဟာ ၊ မိတ်ဆွေ ရင်း တွေ ဖြစ်သွား ကြတယ် လို့ ၊ စာတွေ မှာ ဖတ် ရသည်။ ခါးသက်တဲ့ အတိတ်တွေထဲက နေပြီး ၊ ပြန်လည် သင့်မြတ်ကြဖို့ ဆိုတာ ၊ မေ့ပြစ်လိုက်ယုံ နဲ့ မပြီးဘူး ။ သည်းခံ လိုက်ယုံ နဲ့ မရဘူး ။ ခွင့်လွှတ်လိုက်ယုံ နဲ့ လည်း မဖြစ်နိုင်ဘူး ။ မုန်းတီးနာကျင်မူ အရှိတရား တွေကို ၊ အရှိအတိုင်း
ကျော်ဖြတ်ပြီးမှသာ ရင်ကြားစေ့ နိုင်တာ လို့ ၊ ဒီ ရုပ်ရှင်လေးက ၊ ပြောပြ နေသလိုပဲ ။ တကယ် ဆိုတော့ ၊ သူတို့ နှစ်ယောက်ဟာ ၊ စစ် ရဲ့ သားကောင် တွေ ထဲက သားကောင် လေးတွေ ပဲလေ ။ တိုဂျို တို့ ဟစ်
တလာ တို့ လို ၊ စစ်ကြီးတပွဲ ကို ၊ ဖန်တီး ဦးဆောင် ဆုံးဖြတ် သူတွေ မဟုတ်ပေဘူးကိုး ။
သွေးမျိုးဆက် စကားဝိုင်း ထဲက စတာလင်ဝါဒီ မိသားစု ၀င် တယောက်က တော့ ၊ သူသေ ကိုယ်သေ စစ်ပွဲ ကြီးတွေ ၊ အာဏာလု ပွဲ ကြီး တွေမှာ ၊ လူတွေဟာ လူစိတ် တခြမ်း ပျောက်ကုန် တတ် ကြ တာပဲ လို့ ၊
ဆင်ခြင်ပြ သည်။ တမိသားစု လုံး ပျောက်ဆုံး သွား တဲ့ ၊ ပိုလန် အဘိုးကြီး ကတော့ ၊ တယောက် အမှား တယောက် ၀န်ချ ပြီး ၊ တယောက် စကား တယောက် နားထောင် ပေး တာဟာ ၊ အကောင်းဆုံး ကုစား
နည်း ပါပဲ လို့ ၊ မျက်ရည်ဝဲ နေတဲ့ မျက်လုံးတွေ နဲ့ ပြော သည် ။ သူ့ အဖေ နာဇီ ကြီးကို မုန်းတီး စက်ဆုပ်
တယ် ဆို တဲ့ ဂျာမန် ကြီးကလည်း ၊ သူ့ အိပ်ကပ် ထဲ မှာ အမြဲ ထဲ့ ထားတဲ့ ၊ ကြိုးစင်ထက်က ဓါတ်ပုံ ကို
ထုပ်ပြ ပြီး ၊ သူ့ အဖေ သေသွားပြီ ဆိုတာ ကို တခါတလေ မယုံနိုင်ဘူး လို့ ခေါင်းခါ သည် ။ စတုတ္တမျိုးဆက် ဂျပန်ကြီးကို ကြည့်ရတာတော့ ၊ စစ်အတွင်းက ဂျပန် စစ်သားတွေ ရဲ့ ၊ ရိုင်းစိုင်း ကြမ်းတမ်းမူ တွေ ကို၊ လက်ခံ တောင်းပန် လင့် ကစား ၊ သူ့အဘိုး စစ်ဝန်ကြီးချုပ် တိုဂျို ဟာ ၊ စစ်ရာဇ၀တ်ကောင် တယောက် အစား ၊ စစ်ရှုံးသူ တယောက် အဖြစ်သာ ၊ လက်ခံချင် ပုံ ရသည်။ အာရှကုန်းမြေ ကြီးပေါ်က အနောက်တိုင်းသား အုပ်စိုးမူတွေ ကို ဖယ်ရှားပေးမယ့် ၊ အာရှတိုက် သာတူညီမျှ ကောင်းစား ရေး ၀ါဒ ကို ကာကွယ် ချင်သေး ပုံ ရသည်။ ဒုတိယ ကမ္ဘာစစ်ကြီးကို အမှီပြု ပြီး ချမ်းသာ လာတဲ့ အမေရိကန် ကရော ၊ အဲ့ဒီတုန်းက တကယ့်ကို မဟာမိတ် သက်သက်ပဲ လား ။ တရားသော စစ် ဆိုတာ တကယ် ရှိ နိုင်ပါ့ မလား ။
သမိုင်းက ရှုပ်ထွေးလှ သည်။ အပြစ်ကြွေး သံသရာတွေ က ရှည်လျား ချင်စရာ ။ ဒါပေမယ့် ၊ လက်ရှိ ကမ္ဘာ့
နိုင်ငံရေး အခြေအနေတွေက တော့ ၊ ကပြောင်း ကပြန် ဖြစ်နေလေပြီ။
ဂျပန် တွေကို တိုက်ထုပ်ဖို့ ၊ တရုတ်အကူအညီ ယူခဲ့ ရဘူး တဲ့ ၊ အမေရိကန် မဟာမိတ် တွေ က ၊ အခုတော့ ဂျပန် နဲ့ မဟာမိတ်ပြန် ပြုပြီး ၊ တရုတ် ကို အားပြိုင်နေရ လေပြီ ။ စစ်ရှုံးစာချုပ်အရ၊ အမေရိကန် ရဲ့ ဖိအား
ကြောင့် နှစ်ပေါင်းများစွာ ငုတ်လျှိုး နေခဲ့ရတဲ့ ၊ ဂျပန် စစ်တပ်ကြီးကို၊ ဒေသတွင်းမှာ ပြန်လည် သက်ဝင် အင်အားရှိလာ ဖို့ ၊ အမေရိကန် ကပဲ ပြန်ပြီး အားပေး လာရသည်။ ခေတ်သစ် တရုတ်ပြည် ကြီးကလည်း ၊
အနှစ် ၇၀ ကြာ မှ ၊ ဒုတိယ ကမ္ဘာစစ် ကြီး အတွင်းက ၊ အမေ့လျော့ခံ မဟာမိတ် အဖြစ် ၊ အနောက် ၀င်ရိုး
တန်း နိုင်ငံတွေ နဲ့ အပြိုင် ၊ သမိုင်း တနေရာ ယူဖို့ ဇာတ်ကြောင်းပြန်ပြ လာ သည်။ အနှစ် ၇၀ အတွင်း ၊ တခါဖူး မှ မလုပ်ခဲ့ တဲ့ ၊ ဂျပန်ကို အောင်နိုင်ခြင်း အခမ်းအနားကြီးကို ပထမ ဆုံး အကြိမ် ၀ှဲချီးကျင်းပရင်း ၊ စစ်အင်အား ဗလတွေ ထုပ်ပြ လာ သည်။ အမြဲတမ်း ရန်သူ ၊ အမြဲတမ်း မိတ်ဆွေ မရှိ ဆိုတဲ့ အယူအဆ ကို ၊ နိုင်ငံတကာ ဆက်ဆံရေး တွေ မှာ ၊ ပိုပြီး ခံတွင်း တွေ့ လာ ကြသည်ပေါ့ ။ တကယ်ဆိုတော့ ၊ ဗမာပြည်က ဗိုလ်ချုပ်
အောင်ဆန်း သည်ပင် ၊ အဲ့ဒီတုန်းက ဂျပန် နဲ့ ပေါင်း ပြီး အင်္ဂလိပ်ကို တော်လှန် ၊ ၂ နှစ် အတွင်း အင်္ဂလိပ် နဲ့
ပြန်ပေါင်းပြီး ဂျပန်ကို တိုက်ထုတ် ဆိုတဲ့ အလှည့် အပြောင်းကို ၊ အားလုံး အံ့သြရအောင် ကစား ပြ သွား ခဲ့ သည်ပဲ ။
တခါတလေ တော့ လည်း ၊ သမိုင်းထဲက အဖြစ်တွေသည်၊ အမှား အမှန် မရှိပဲ ၊ ယူဆချက် တွေ အဖြစ်နဲ့သာ ၊ အဆုံးသပ် သွားတတ်ကြ သည်။ သူ့ ခေတ် သူ့ အခြေအနေက အဆုံးအဖြတ် တွေသည် ၊ ယခုခေတ် ယခု အခြေအနေ နဲ့ အံဝင် စံကိုက် ဖို့ ဆိုတာလည်း ၊ သိပ် မဖြစ်နိုင် ဘူး မဟုတ်လား ။ နည်းလမ်းက ဘယ်လိုပဲ
ဖြစ်ဖြစ် ရလာဒ် သည် သာ အဓိက ဆိုတဲ့ ဗျူဟာ သည် ၊ စစ်ရေး နိုင်ငံရေး တွေမှာ ၊ လက်တွေ့ ကျ တဲ့ ရွေးချယ်မူ တခု ဖြစ်လာနေတာတော့ သေချာသည်။ အဲဒီလို ရွေးချယ် ကြ တဲ့ အခါ ၊ တချို့တွေ အတွက်တော့ ၊ အမျိုးသားရေး - နိုင်ငံကောင်းစားရေး ဆိုတာတွေကို မျက်နှာမူ ပြီး ၊ ကိုယ့်အလံ တွေကို ရုတ်သိမ်းလိုက် ကြ ရတာမျိုးတွေ ရှိမည် ။ အများ သဘော ကြောင့် ၊ ကိုယ့် မူ- အယူအဆ တွေ ကို ၊ မြှုပ်နှံ ပြစ် လိုက် ရတာ မျိုးတွေ လည်း ၊ အများကြီး ရှိခဲ့ ပေမည် ။ သမိုင်း ဆိုတာကို တဦး တဖွဲ့ တအုပ်စုက မူပိုင် ပြု လို့ မရ နိုင်ပေ
မယ့် ၊ သမိုင်း မတင် တဲ့ သမိုင်းကျန် တွေ ကတော့ ရှိဆဲ ရှိမြဲပင် ။
စစ်ဖက်ခြင်း ရန်ဖက်ခြင်း ၊ ဗျူဟာကောင်းလို့ ၊ စားပွဲပေါ်မှာ ပူးပေါင်း သင့်မြတ် သွားကြပြီ ဆိုရင် တော့၊ ဟိုး
အောက်ဆုံးက အစတေး ခံရသူ တဦးခြင်း ၊ မျိုသိပ်ခဲ့ ရသူ တယောက်ခြင်း ၊ နစ်နာရသူ မျိုးဆက် တခုခြင်းစီ အတွက် ၊ သမိုင်းကျန်တွေ ထဲ မှာပဲ ၊ ကိုယ့်သမိုင်း နှင့် ကိုယ် ရင်ကြားစေ့ ကြရဖို့သာ ။ တကယ်တော့လည်း ကိုယ့်လိပ်ပြာ နဲ့ ကိုယ် ရင်ကြားစေ့ နိုင်ဖို့ ကသာ ၊ အရေးကြီးဆုံးပဲ မဟုတ်လား ။
(ကိုးကား- Bloodline. Insight Program at SBS. Australia.)
ကေသွယ်
၆ - ၁၈ စက်တင်ဘာ ၂၀၁၅
Weekly Eleven 29-09-2015
1 Comment:
လိပ်ပြာခုံရုံး စကားလုံးသုံးထားတာ သဘောကျလိုက်တာ
seesein
Post a Comment