ဒိုင်ယာရီဟောင်းရဲ့ စာမျက်နှာ

ရွာသားလေး ဆီမှာ ရှမ်းပြည် နဲ့ ပင်းတယ ပုံတွေ ကြည့်လာပြီး.. ကိုယ်လည်း လွန်ခဲ့တဲ့ ၁၃ နှစ်လောက်ထိ ပြန်ငယ် သွားမိတယ်။ အဲဒီတုန်းကဆို.. ပင်းတယ ရေချမ်းစင် ရွာတ၀ိုက်မှာ ခြေရာတွေ ထပ်လို့။ ဒီဘုရားကြီးကို အထဲမှာ လျှပ်စစ်မီးတွေ မသွယ်ခင်.. ဟိုး ၈၄ ခုနှစ်လောက်ကတည်းက..ကလေးဘ၀ နဲ့ အလည် ရောက်ဖူးပြီးသား။ အဲဒီတုန်းက.. ရွှေဥမင် တောင်ခြေက.. ညောင်ပိန္နဲပင်ကြီးတွေ အောက်မှာ.. ဘာတွေများ သွားဆုတောင်းလိုက်မိသလဲ မသိပါဘူး..။ နောက် ၁၀ နှစ်လောက်အကြာ..၉၄ ခုနှစ်မှာလည်း ကျရော.. ရွှေဥမင် ဘုရားကြီးက.. ကိုယ်တွေအတွက်.. ကွင်းဆင်းရင်း..ထမင်းစား ရပ်နားရာ.. အမောဖြေရာ..နေရာကြီးတခုကိုဖြစ် နေခဲ့တော့တာပဲ။ နေ့လည်ခင်းဆို.. စောင်းတန်းတလျှောက်..ဆိုင်ခန်းတွေမှာ..အမြည်းချ ထားတဲ့..လက်ဖက်..အာလူးခြောက်ကြော်..ပဲပုပ်ကြော်..တဆိုင်ဝင် တဆိုင်ထွက်..မြည်း..ရေနွေးကြမ်းကလဲ..ပင်းတယ လက်ဖက်ခြောက် ဆိုတာ..ကောင်းမှ ကောင်းကိုး။

ကိုယ်တွေ စခန်းချတာက.. ပင်းတယ နားက ရေချမ်းစင်ရွာမှာ။ ဈေးနေ့တွေဆို..ရေချမ်းစင်ကနေ.. ပင်းတယ မြို့ပေါ်ထိ ခြေလျှင်လျှောက်။ လမ်းလျှောက်ရတာများတော့...တကယ် မမူကြတော့။ ပျော်လိုက်သည့် ဖြစ်ချင်း။ ညနေခင်းတွေ..ကွင်းက..စောစောပြန်ရောက်ရင်..ရေမိုးချိုး..သနပ်ခါးတွေ ဖွေးနေအောင် လိမ်းပြီး.. လမ်းလျှောက်ထွက်ရင်း..မယ်လုပ်ကြတာလဲ မှတ်မိသေးသည်။ ရွာက..ကားလမ်းမကြီး ဘေးဆိုတော့.. တော်တော်လေးလဲ စည်ကားလှသည်။ တလ ကြီးတောင် နေရတာဆိုတော့.. စခန်းသိမ်းတော့..တည်းတဲ့ အိမ်က.. ရွာသူကြီး မိသားစု နဲ့ သံယောဇဉ်တွေ ဖြစ်.. အမေခင်က ငို..သူတို့ကငို။




ရွှေဥမင် တောင်ခြေမှာ


အဲဒီတုန်းက..နောက်ဆုံးနှစ် ဖြစ်နေပြီ ဆိုတော့..လူတွေကလဲ.. ဆရာကြီးတွေ ဖြစ်နေ.. အတွဲတွေ ချိတ်တွေကလဲ.. ညိကုန်ပြီ ဆိုတော့.. သိပ်ပြီးတော့..မဖြူစင်ချင်တော့။ တကယ် သူတို့ ကွင်းစ ဆင်းတာက..တတိယနှစ်မှာ။ အဲဒီတုန်းက..ပထမဆုံး အတွေ့အကြုံလဲ ဖြစ်.. ရွာခြေတွေကလဲ..ခုလို သားသားနားနား မဟုတ်..ဟိုး..သာစည် ပြင်ညောင် ရှမ်းပြည် အစပ်မှာ။ ခေါင်လိုက်တဲ့ ရွာတွေ ဆိုတာ။ ထုံးစံအတိုင်း ကောင်လေးတွေက..နီးရာ စာသင်ကျောင်းတကျောင်းမှာ စခန်းချ..မိန်းကလေးတွေက.. ရွာလူကြီး အိမ်။ မနက် ကွင်းဆင်းဖို့..အ၀တ်အစားလဲ ပြင်ဆင်ကြ တုန်း.. ပြတင်းပေါက် ခပ်လှမ်းလှမ်းကနေ..တရွာလုံး လိုလို လာရပ်ကြည့် တာလဲ ကြုံဖူးသည်။ အပျော်ဆုံး ကတော့..မြစ်သာ ဆိုတဲ့ တောင်ကျ ချောင်းလေးမှာ ရေချိုးကြသည့်အချိန်။ ကောင်လေးတွေက..ရေညာမှာ ချိုး။ ကောင်မလေးတွေက..ရေအောက်။ ဟွန်း တော်တော် မတရားတာ။ တအုပ်စု နဲ့ တအုပ်စု မနီးမဝေး မြင်နေကြရ တာဆိုတော့..ကိုယ်တွေက..မရဲ။ ဆရာမ မိုးက ..လာသမီးတို့..မရှက်နဲ့..ဆိုပြီး.. သူကစ ရေထဲ ဆင်းပြမှ..အားလုံး လိုက်ဆင်းကြရင်း..နောက်တော့..ရေထဲကတောင် မတက်ချင်တော့။ ဟေး..တောင်ပေါ်မှာ မိုးတွေညို့လာပြီ.. ဆိုမှ.. ကမ်းပေါ် အပြေးတက်ကြတဲ့ မိန်းမတွေ ဖြစ်ကုန်ကြသည်။ ကောင်လေးတွေကလဲ.. သူတို့ ပစ္စည်းတွေ မျောလာလို့.. လာယူရတာနဲ့.. ကိုယ့်ပစ္စည်းတွေ မမျောအောင် သတိထားရတာနဲ့။ ပျော်စရာလဲ ကောင်း..ရင်ခုန်စရာလဲ ကောင်း။

လွမ်းချင်တာနဲ့.. တတိယနှစ် ကွင်းစဆင်းတုန်းက.. ရေးဖြစ်ခဲ့တဲ့..ဒိုင်ယာရီလေးကို ပြန်လှန်ဖြစ်သည်။ ညဖက် ခြင်ထောင်ထဲမှာ ဓါတ်မီး ထိုးပြီး ..ရေးခဲ့တဲ့ ရိုးရိုး ဗလာစာအုပ်လေးပါ။ ၂၀၀၅ ကမှ..အိမ်ပြန်ရင်း..စာအုပ်သေတ္တာထဲက..တခုတ်တရ..ပြန်သယ်လာတာပါ။ ခုနေ ပြန်ဖတ်တော့.. ရီချင်စရာ..။ အဲဒီ အထဲက..တချို့နေ့လေးတွေကို.. ပေးဖတ်ချင်ပါတယ်။ အမှတ်တရ ပေါ့နော်။

++++++++
စာမျက်နှာ (၁)
၇-၄-၉၄

တတိယနှစ် ဘူမိဗေဒ ကျောင်းသူ တယောက် ရဲ့ တကယ့်ဘ၀ စရပြီ။

၇ ရက်နေ့ ညနေ ( ၆း၁၀) မှ ရန်ကုန်က ထွက်ဖြစ်တယ်။ တကယ်ခေါ်ထားတာက.. နေ့လည် ၂ ချက်တီးတဲ့ ။ မြန်မာ စံတော်ချိန်ပါပဲ။

ရထားပေါ်ကို တက်ရတာ..အရမ်းစိတ်ညစ်ဖို့ ကောင်းတယ်။ လူတကိုယ်လုံး ချွေးတွေ ရွှဲနစ်နေတာပဲ။ ရထားကလဲ ကျပ်.. ရေတွေကလဲ ပက်သေး။ နေသား မကျ တကျ ရှိတော့မှ.. သာစည် အမြန်ဆိုတဲ့ အနှေး ရထား ကြီးက.. တရွေ့ရွေ့နဲ့ ထွက်တယ်။ ရထားပေါ်မှာ တညလုံးပဲ..အိပ်လိုက်..နိုးလိုက် နဲ့..။ လူတွေ လဲ ..စုတ်ပြတ် နေတာပဲ။ မနက် ၄ နာရီ လောက်ကျတော့.. မျက်နှာတွေ သစ်..သနပ်ခါးတွေ ဘာတွေ လိမ်းဖြစ်တော့တယ်။ တကယ်ရီရတဲ့..မိန်းမတွေ နော်။

ရှမ်းရထားကြီးပေါ်က..ပြွတ်သိပ်ညပ်သပ် ပျော်ရွှင်စရာကောင်းတဲ့..နေ့လည်စာ

နောက်တနေ့ ရောက်တယ် ဆိုရင်ပဲ.. ပူလောင်နေတဲ့..အညာမြို့ကြီးတွေ ကို တမြို့ပြီး တမြို့ဖြတ်.. နောက်ဆုံး သာစည်ရောက်မှ..တွဲတွေပြောင်း..ရှမ်းရထားကြီး နဲ့ ခရီးဆက်ရတယ်။ ခရီး မဆက်ခင်..ကုလားလေး က ထမင်းကျွေးတယ်။ သူ့မွေးနေ့တဲ့။ ( ဒီနေ့ကျ- ၈ ရက်ဖြစ်သွားပြီလေ)။

ပူပြီး ပင်ပန်းနေတော့..ဘာမှလဲ စားလို့မရပါဘူး။ သာစည်မှာ ခရု နဲ့ တွေ့တယ်။၂ ချက်လောက်မှာ..ရှမ်းရထားကြီး စထွက် ပြီလေ။ အခုမှပဲ..ပတ်ဝန်းကျင် အသစ် အဆန်းတွေကို တွေ့ရတော့တယ်။ ကျောက်တောင် ကြီးတွေဆို တာလေ.. တအားပဲ။ တကယ့် ကျောက်ဆိုင် ကျောက်သားထု ကြီးတွေ။ ပတ်ဝန်းကျင် ကြီးက..ဆန်းကျယ်သားကလား။ ပထမဆုံး ယင်းမာပင်က လူတွေ ဆင်းသွားတယ်။ နောက်ပြီး..ငါတို့ပေါ့။ ပြင်ညောင်ဘူတာမှာ..အမှတ်တရပေါ့။

ရောက်ရောက်ချင်း..ပစ္စည်းတွေ ချပြီးတာနဲ့..ထမင်းချက်ဖို့ ကူလုပ်ရတယ်။ မိန်းကလေးတွေက..လူကြီးအိမ်မှာ နေရတယ်။ ၅ ယောက်တခန်းနဲ့ ဆိုတော့..တော်တော် အဆင်ပြေပါတယ်။

ငါရယ်- စုရယ်.ဖြူရယ်.. မိစံ ရယ်..သီတာ တို့နဲ့ပေါ့။ ပြီးတော့..တခေါ်လောက်က..ချောင်းထဲမှာ ရေသွားချိုးကြတယ်။ တခါမှ မကြုံဖူးတဲ့ အရသာပေါ့.. တောင်ကျ ချောင်း ဆိုတော့..အကျီ င်္တွေက မျောလိုက်.. ဆပ်ပြာတွေက မျောလိုက်.. ကောင်လေးတွေက..ဟိုဘက်မှာ။ ဒါပေမဲ့..အားလုံး မြင်နေရတယ်။ အတော်ရီ ရတယ်နော်။


ရေတွေ ဘာတွေ ချိုးပြီးတော့..ထမင်းစားရတယ်။ ဟင်းက..ငါးခြောက်နဲ့ အာလူးဟင်း။ မှောင်မှောင်မဲမဲ မှာ..ဘာမှ မမြင်ပဲ..စားဖြစ်ခဲ့တယ်။ ကောင်လေးတွေ ရဲ့ အလင်းရောင် သီချင်းဟာ အဲဒီအချိန်မှာ အရမ်းတန်ဖိုးရှိနေတယ်။ နောက်ဖေး ဆင်း ရတာတော့..သိပ်စိတ်ညစ်တယ်။ ခုတော့..အိပ်လိုက်ပြီ။ (၈) ရက်နေ့ ကုန်ပြီပေါ့.. မနက်ဖြန် အစောကြီး ထရမယ်တဲ့။ General Traverse တဲ့။ ဘာတွေ ဖြစ်လာအုံးမယ် မသိ။



Share/Bookmark

15 Comments:

Phyo Evergreen said...

အန်တီကေ ပင်းတယအကြောင်းနဲ့ ကွင်းဆင်းတဲ့အကြောင်းတွေဖတ်သွားတယ်..။ ပင်းတယကသွားရတာဝေးပေမဲ့ ရောက်တော့ပျော်စရာကောင်းတယ်..။ ဟုတ်တယ် လက်ဖက်နဲ့ပဲပုပ်ကို ဆိုင်မှာအလကားအမြည်းစားလို့ရတယ်..။

khin oo may said...

နျစ်သက်စွာဖတ်သွားပါသည်။

hana san said...

ဖတ်ရတာပျော်တယ်...မကေ။

MANORHARY said...

ရုပ်တည်ကြီးနဲ့
သူပဲမလွမ်းတတ်သလိုနဲ့
ခုတော့လည်း ကြိတ်မနိုင်ခဲမရနဲ့
အလွမ်းတွေပေါ်လာပြီ
နောက် ဘာတွေပေါ်ဦးမလဲမသိ ..ဟိ

မီယာ said...

ပင်းတယသွားလည်ရတာ အရမ်းပျော်တယ်။ သစ်ပင်အကြီးကြီးတစ်ခုမှာ လှလွန်းလို့ ဓါတ်ပုံရိုက်ခဲ့ဖူးတာ သတိရတယ်။ တောင်ခြေက လက်ဖက်ဆိုင်မှာ မြည်းရတာကတော့ အကောင်းဆုံးပါပဲ.. ပြန်သွားလည်ချင်လာပြီ။

နန်းညီ said...

ညီညီလည်း ပင်းတယကိုသိပ်ချစ်တာ.. ပထမဆုံးရောက်ဖူးတော့ တက္ကသိုလ်က ပန်းချီလေ့လာရေးခရီးစဉ်နဲ့..း)

အောင်သာငယ် said...

ဘယ့်နှယ် ပင်းဒယကို ကိုယ့် အရင် လွမ်းသွားကြတာပါလိမ့်...

ပင်းဒယကို လွမ်းခဲ့တာ နှစ် ၂၅ ရှိပြီ...

ပုန်းတလုပ်ကန်မှာ လျှော်ခဲ့တဲ့ အ၀တ်တွေ ခြောက်သွားတော့ ဆွဲခါလိုက်တိုင်း ထုံးမှုန့်တွေ ထွက်ထွက်ကျလာတာ မျက်လှည့်ပြသလိုပဲလေ...

ဝတ္ထုလေးတပုဒ်တော့ စောင့်ဖတ်ကြပါဦး...း)

လင်းဒီပ said...

အစ်မက စာနဲ့...
ရွာသားက ဓာတ်ပုံနဲ့
ကျွန်တော် ပင်းတယ ကို သွားချင်လာပြီ..
တစ်ခါပဲရောက်ဖူးပြီး..တစ်ရက်လောက်ပဲကြာတော့..
အရသာ အပြည့်အဝ မခံစားခဲ့ရဘူး..

မေ့သမီး said...

မကေကဘူမိကပေါ့။ ပျော်စရာကြီးနော်။ ညီမတို့ တက္ကသိုလ်ရောက်တော့ ဘူမိတွေကတော့ တောတွေတောင်တွေထဲသွားပြီး ကွင်းဆင်းရတယ် ကြားဖူးတယ်။ ညီမတို့ကတော့ ခြေလျင်တောင်တက်အသင်းမို့ တစ်ခါပဲငွေဆောင်ကို သွားကြတယ်။ ကျောင်းသားဘ၀ကတော့ တကယ်ပျော်စရာပါ။

P.Ti said...

ပင်းတယကိုနှစ်ခါရောက်ဖူးတယ်။ ပထမတစ်ခါက သုံးနှစ်သားက၊ ဒုတိယတစ်ခါက အသက်သုံးဆယ်က။
ကျောင်းသားဘ၀မှာ သူငယ်ချင်းတွေနဲ့ ဘယ်သွားသွား ပျော်စရာ အမှတ်တရဖြစ်နေတာပဲနော်။

စကားမစပ် မေ့သမီးရေ...
ခြေလျင်တောင်တက်အသင်းက ခရီးတွေထွက်ပါတယ်။ ငွေဆောင်တို့ ချောင်းသာတို့က လေ့ကျင့်ရေးခရီးစဉ်တွေဖြစ်မယ် ထင်ပါတယ်။

ရန်ကုန်တက္ကသိုလ် ခြေလျင်တောင်တက်အသင်း တလောကပဲ စာရာမေတိတောင်ကို အောင်မြင်စွာတက်ပြီး ပြန်လာခဲ့ပါပြီ။ ဓာတ်ပုံတွေ ကြည့်ချင်ရင် http://www.yuhm.org/

မကေရေ...လာကြော်ငြာသလိုဖြစ်နေပြီး အဟဲ.. :P

Moe Cho Thinn said...

ကေရေ
Field ဆင်းတာတွေ ပြန်လွမ်းသွားပြီ။ အဲဒီအချိန်တွေက သိပ်ပျော်စရာ ကောင်းတာနော်။ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားဘ၀မှာ ကျောင်းတက်ရုံတင်မဟုတ်ဘဲ တောထဲတောင်ထဲ အုပ်စုလိုက် နေရ စာသင်ရတဲ့ အရသာက ဘူမိကျောင်းသူ ကျောင်းသားတွေအတွက် အပိုဆု ဖန်တီးပေးထားသလိုပဲ။ တို့မှာ အဲဒီ အပိုဆုလေးကို မြတ်နိုးလွန်းလို့။ မျက်ရည်ဝဲရင်း ပြုံးပြီး ဖတ်သွားတယ်။ အဲဒီအချိန်က အချင်းချင်း ရန်ဖြစ်ခဲ့ရတာတွေတောင် လွမ်းမိတယ်။

ပုံရိပ် said...

မကေ ဒိုင်ယာရီရေးတတ်တဲ့ အကျင့်လေးက ကောင်းတယ်။ အချိန်တွေ ကြာလာတော့ ပြန်ဖတ်ရင်း အတိတ်ကို ပြန်စိတ်ကူးလို့ ရတယ်။ ပင်းတယက သစ်ပင်ကြီးတွေနဲ့ လက်ဖက် အမြည်းကို သတိရတယ်။ အဲဒီက လက်ဖက်က တခြားလက်ဖက်တွေထက် ပိုကောင်းနေသလိုပဲ။

ကိုရင်နော်ခင်လေးငယ် said...

ဒိုင်ယာရီပုံမှန်ရေးတယ်ဆိုတော့ မှတ်တမ်းလေးတွေ အများကြီးရှိမှာပေါ့.. များများရေးနော် လာလာဖတ်မယ်..း)

အခုရေးထားတာလေးကို ဖတ်ရတာလည်း အဲ့ဒီတုန်းက ကိုယ်ပါ သူငယ်ချင်းတစ်ယောက်အဖြစ် လိုက်ပါခဲ့ရသလိုကို ခံစားလိုက်ရပါတယ်..
အရမ်းအရေးကောင်း.. နှစ်သက်တယ်..း)

ရွာသားလေးဝိုင်တီယူ said...

အင်း အဟောင်းတွေ အသစ်ဖြစ်ကုန်ပြီ။ အဟိ တနွယ်ငင်တော့ တစင်ပါသတဲ့။ ပင်းတယအပြင်ပိုလွမ်းတာတွေတော့ ရွာသာလေးနဲ့မဆိုင်ဘူးနော် အမကေ။

ဓါတ်ပုံလေးတွေသိမ်းထားနိုင်တာ တကယ့်ကိုချီူးကျူးပါတယ်ခင်ဗျာ...

Kay said...

ဖြိုး- ဒီပုံနဲ့ဆို ပင်းတယ စောင်းတန်းက ဈေးသည်တွေတော့..အရင်းပြုတ်တော့မှာပဲ။

မကြီးခင်ဦးမေ-း))

ဟန- ပျော်ဖို့တကယ်ကောင်းတာ..

မနော်- ကိုယ့်ဆရာမကြီးက..ရှေ့က ရသတွေ လှေကြီးနဲ့ အပြည့်ထဲ့ပြီး အလွမ်းခတ်တက်ကြီးနဲ့ လှော်ချသွားတာကိုး။ မရဘူး.. ရုပ်တည်ကြီးလဲ နှလုံးသားနဲ့..း))

မီယာ- လာပြန်ပြီ.. ၀ယ်တဲ့လူတယောက်မှ မတွေ့..မြည်းတဲ့လူချည်းပဲ။း)

ညီညီ- ဒါဆို ပင်းတယ ရှုခင်းပုံတွေ ဆွဲထားတာရှိမှာပေါ့။ ပြ....

ကိုအောင်သာငယ်- အလွမ်းတွေ တူကုန်ပါပကောလား။
လင်းဒီပ- ရောက်အောင်သွား။ လက်ဖက်မြည်းခဲ့..

မေ့သမီး- ခြေလျင်တောင်တက် ဆို.. ကိုပီတိ ဆီသွား။ အမတို့က.. ခြေလျင်တက်တာဟုတ်ဘူး။း)

ပီတိ မပူနဲ့..ထပ်ကြော်ငြာပေးလိုက်ပြီ။း)

မချိုသင်း လဲ ရေးလေ.. မချိုသင်း ကွင်းထဲက..အထင်ကရ ဇတ်လမ်းတွေ..ကျမ သိတယ်နော်.. ဖော်ထုတ်လိုက်ရမလား.. ငှဲငှဲ

အော်- ပုံရိပ်လည်း အမြည်းသမားပဲ..