လောက ရဲ့ ဂျီအိုမက်ထရီ

ဒီရက် တွေက..ဘာတွေ မှားနေပါလိမ့်နော်..
-
မနက် အိပ်ယာ နိုးလို့ ပြတင်းတံခါးကို ဖွင့်လိုက်တိုင်း..၀မ်းနည်း စိတ်ပျက်စရာ မြင်ကွင်း အငွေ့အသက်တွေပဲ.. အလုအယက် တိုးဝှေ့ ၀င်လာနေကြတယ်။ သူတို့ကတော့..တံခါးခေါက် ၀င်မလာပါဘူးလေ။ ကိုယ်ကပဲ..တံခါးကို ဖွင့်ဖွင့်ကြည့်နေမိတာ။ ပြတင်း တံခါးတွေကို အကြာကြီး ပိတ်ထားလိုက် ရင် ကောင်းမလားလို့ တောင် တွေးနေမိတယ်။ ဒါလည်း မဖြစ် နိုင်တဲ့ ကိစ္စကြီးပဲ။ ကိုယ်ပဲ ပြောခဲ့တာပဲလေ - မသိခြင်းဟာ.. သုခိဘုံ မဟုတ်- ဆိုတဲ့ စကားလေးကို..အကြိုက်ဆုံး လို့။

တကယ်ဆို- လောကကြီးမှာ..အရာရာဟာ သာယာလှပ မနေသလို..အရာရာ ဟာလည်း အကျည်းတန်နာကျည်းစရာတွေ ချည်း မဟုတ်ပါဘူးလေ။ တမြန်တလောကပဲ..တီဗီ အစီအစဉ်တခု မှာ- သားငယ် သမီးငယ် ၄ ယောက်အပါအ၀င်..တမိသားစုလုံး..အိမ်ပြင်မှာ ဗုံးခွဲသတ်ဖြတ်ခြင်းခံလိုက်ရတဲ့..အာဖဂန် ဒုက္ခသည် တယောက်က ပြောသွားတယ်။
` လောကမှာ- ပျော်ရွှင်စရာတွေက..အကောင်းမြင်တတ်တဲ့သူ တွေ ဆီကိုပဲ လာလေ့ရှိတယ်..´ တဲ့။ ဒီစကားကို သူဘယ်လို ခံစားပြီး.. သူဘယ်လို အသုံးချ ပြီး ပြောသွားလည်း ဆိုတာကို ပိုသိချင်နေမိတယ်။ သေချာတာတော့..သူ့ရှေ့လျှောက်ရမဲ့ ဘ၀ တခုလုံးမှာ..အကောင်းမြင်တတ်ဖို့..သူ ပြင်းပြင်းထန်ထန် ကို ကြိုးစားလျှောက်လှမ်းနေရမှာပဲ။

မနေ့ကတော့..သူများရေးတဲ့ စာလေးတပုဒ် ပြင်ဆင်ပေးရင်း.. အတွေးတခု ထပ်တိုးလာတယ်။ ကြည့်ပါဦး- ၉ နှစ်သမီးလေး တယောက်က.. လောကကြီးကို အကောင်းမြင်ထားတာ။

Photobucket
Photobucket

ပုံနဲ့စာကို ပညာရေးဘလော့က-ခံစားမိသောကလေးပန်းချီလက်ရာများ ပို့စ် မှယူပါတယ်။


`တဲက လူတွေနေဖို့ဆောက်ထားတယ်။
ချောင်းက တိရစ္ဆာန် တွေ ရေသောက်ဆင်းလို့ရတယ်။
တောင်တွေက အလွန်လှပတယ်။
စပါးပင်က လူတွေစားဖို့စိုက်ထားတယ်။
နေကလူတွေအတွက် အလင်းနဲ့အပူရစေတယ်။
တိမ်က မိုးပေါ်မှာပဲနေတယ်။
မိုးတွင်းအခါ မိုးရွာချတယ်။မြက်ခင်းပြင်လဲ စိမ်းလန်းစိုပြေတယ်။´

သူဆွဲတဲ့ ပုံလေးကလည်း..ချစ်စရာ..ကြည်နူးရွှင်လန်းစရာ ကောင်းလိုက်တာ။ ပန်းချီကားလေး နဲ့ စာသားလေးရဲ့ပိုင်ရှင် ဖြစ်သူလေးက.. နယ်စပ် ကရင်ဒုက္ခသည် စခန်းက.. ပရဟိတ ကျောင်းလေး တကျောင်းမှာ တက်နေတဲ့..နှင်းဖြူဖြူဦး ဆိုတဲ့ ၉ နှစ်သမီးလေးပါ။ သူလေး ပြောပြ မှ.. လောကကြီးကို အသေအချာ ပြန်မြင်လိုက်ရတယ်။ သေချာပါတယ်။ လောကကြီးမှာ- သာယာ ကြည်နူးစရာ တွေ အများကြီး ရှိနေပါသေးတယ်။

ပေါ်လီယာနာ လေး ကတောင် ပြောခဲ့သေးတာပဲ။ Salvation Army က ပို့လိုက်တဲ့ လက်ဆောင်ထုပ်တွေ ကို..မျှော်လင့်တကြီး စောင့်နေရင်း..သူ့လက်ထဲကို ရောက်လာတဲ့..အထုပ်ထဲက..ချိုင်းထောက်ကြီး ကို ကြည့် ပြီးတော့လေ..။
` ဒီ-ချိုင်းထောက်ကြီးကို သုံးဖို့မလိုတာ..ဘုရားသခင်ကို ကျေးဇူးတင်လိုက်တာ..´ တဲ့။

ဟာသ ညဏ်ကလည်း ရွှင်သေးတယ်။ ခါးကိုင်းကိုင်းနဲ့ မာလီအဖိုးကြီး မြေတူးနေတာကို ကြည့်ပြီး- ` သူ ခါးကုန်းရ တ၀က်သက်သာတာပေါ့ နော်..´ တဲ့။

ဒါပေမဲ့- သူ့အမေနဲ့ မောင်နှမတွေ အားလုံး..ကောင်းကင်ဘုံမှာ ရောက်နေပြီးရက်နဲ့..သူ့အတွက် တယောက်ထဲ သော အားကိုးရာ ဖခင်ကိုပါ- ကောင်းကင်ဘုံက..ခေါ်သွားတာတော့..ဘုရားသခင် ကို သူ နားမလည် နိုင် ပြန် ဘူး ။ ဘယ်လိုပဲ ဖြစ်ဖြစ်..ပေါ်လီယာနာလေးက တော့.. ကျေနပ်စရာ တခု တော့ ရှာတွေ့နေသေးတယ် ။

--- ဒါပေမဲ့- သူ့မှာ အဒေါ် တယောက် ရှိနေသေးတာ- ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်- တဲ့။

ကိုယ်ကတော့ ပေါက်ပေါက်ရှာရှာ တွေးနေမိ သေးတယ်။ လူကြီးဘ၀ ရောက်လာမဲ့..ပေါ်လီယာနာ အခန်းဆက် ကို သာ ဆက်ရေး ရင် ဘယ်လို မျိုးတွေ ဖတ်ရ မှာပါလိမ့် လို့လေ။ နှင်းဖြူဖြူဦး လေး ကြီးလာလို့..ကရင်ဒုက္ခသည် စခန်းကနေ..တတိယနိုင်ငံတွေ ဘာတွေ ရောက် ရင်ကော.. မျက်ခင်းပြင်က..စိမ်းလန်းစိုပြေ နေ ဦးမှာလား။ နေ က လူတွေ အတွက် အလင်းနဲ့အပူ ကိုပဲ ပေးနေ ဦးမှာလား။

ကိုယ့်အတွက်တော့ လောကကြီးက.. သုံးဖက်မြင် Geometry တပုဒ်လို့ ပြောရင်- နားလည်နိုင် ကြပါ့မလား။ အကောင်းမြင်- အဆိုးမြင်- အရှိအတိုင်းမြင် - ဆိုတဲ့ အမြင်သုံးခု နဲ့ ကြည့်မှ ရုပ်လုံး ပေါ်လာတတ်လို့ပါ။

အမြင်တိုင်း ဖက်တိုင်းမှာလည်း - ပုစ္ဆာတပုဒ်-နဲ့ အဖြေတခု စီ ရှိနေကြ သေးတယ် ။
တချို့အတွက်ဆို..ဒီ့ထက်တောင် ပိုများတဲ့ အနားတွေ ထောင့်တွေ အမြင်တွေ ရှိချင် ရှိနေကြ ဦးမှာ။ ညီညီညာညာ အကွက်တွေမျှနေတဲ့ ဗဟုဂံ တခုလို ဒါမှမဟုတ်.. ချိနဲ့အားလျော့နေတဲ့..ရွမ်းဘတ် တခု လို။
ဒါမှမဟုတ်ရင်လည်း.. တိုင်းတာ ချင့်ချိန်လို့မရတဲ့.. Amorphous ပုံဆောင်မဲ့ တခုလည်း ဖြစ် ခြင်ဖြစ်နေမှာပါ။
-
ဘယ်လိုပဲဖြစ်ဖြစ်..ရှိတော့ ရှိနေတာပဲ။ သိတော့ သိနေတာပဲ။ ချဉ်းကပ်ချင် တဲ့ ထောင့်က..ချဉ်းကပ်.. အဖြေ ထုပ်ချင်ထုပ် မထုပ်ချင်လည်း နေ..တွေ့ကြုံရင်ဆိုင်နေ ရ ဦး မှာတော့ အသေအချာပဲ..။ အဲဒါတော့..မြဲမြဲ မှတ်ထား။



Share/Bookmark

15 Comments:

ကိုအောင် said...
This comment has been removed by the author.
MANORHARY said...

အဲဒီ Geometry မှာ တချို့ထောင့်တွေကကျဉ်းပြီး
တချို့ထောင့်တွေကကျယ်တယ်။တချို့ကထောင့်မှန်
ကျနေကြတယ်။ တချို့ကျပြန်တော့ ၀ိသမသတ်
ထောင့်တွေ...

ခင်မင်းဇော် said...

အမကတော့ နေရာတကာမှာ ပေါ်လီယာနာလို သဘောထားတာကို ငယ်ငယ်က ဖတ်ပြီးချိန်ကတည်းက မကြိုက်ခဲ့မိဘူး။ သူက လွန်လွန်းတယ်လို့ ထင်ခဲ့တယ်။
ခုချိန်ထိလဲ အဲလိုတွေးမိသဟ။
ဒါကို အဆိုးမြင်ဆိုလဲ ရှိပါစေတော့ဟာ ..

တက်လူငယ် said...

အမရေ..။ လောကရဲ့ ဂျီအိုမက်ထရီ အကြောင်းလေးက တကယ့်ကို အရေးပါပြီး သိသင့်သိထိုက်ပါတယ်။
ကျနော်လည်း တချိန်တုန်းက မရင့်ကျက်သေးတော့ သဘောမပေါက်ခဲ့ပါဘူး။ အချိန်ကာလက ပြောင်းလဲရင့်သန်စေတော့ တဖြည်းဖြည်း သဘောပေါက်လာခဲ့တယ်လေ.။

ခင်မင်လေးစားလျက်...
တက်လူငယ်...

မီယာ said...

သုံးဖက်မြင်ဆိုတာမှန်တာပေါ့။ အရွယ်ရင့်ကျက်လာတာနဲ့
အမျှမြင်တတ် အဖြေရှာတတ်လာပါတယ်

Moe Cho Thinn said...

ကေရေ
ကေက စာနဲ့ပုံကို ဒီကယူတယ်ဆိုတာနဲ့ ချက်ချင်းပဲ သွားဖတ်ပြီး ပုံလေးတွေကြည့်၊ စာလေးတွေ ဖတ်လိုက်နဲ့ သဘောကျလိုက်တာ အရမ်းပဲ။

ဒီလိုပဲပေါ့ ကေ။ သူတို့လေးတွေမှာ ဒီလိုနုနုငယ်ငယ် အရွယ်မှာ ဒီလို ဘ၀ ဖြတ်သန်းမှုမျိုးနဲ့တောင် ဒီလို အိပ်မက်တွေမက်၊ လောကကြီးကို ဒီလို စိတ်ကူးယဉ်ကြတာ ကောင်းတဲ့ အလားအလာပေါ့။

နောင်ကျတော့လဲ မနော်ပြောသလို တချို့ထောင့်တွေကျယ်၊ တချို့ထောင့်တွေကျဉ်း ဖြစ်ချင်ဖြစ်မယ်၊ ပေါ်လီယာနာလိုလဲ ဖြစ်ချင်ဖြစ်မယ်၊ မျှမျှတတ ဖြစ်ချင်လဲ ဖြစ်မယ် လောကကို အကောင်းမြင်လိုက် အဆိုးမြင်လိုက်နဲ့ ခေတ်က ပြဌာန်းတဲ့အတိုင်း ရှုံ့ချည် နှပ်ချည် ဖြစ်ချင်လဲ ဖြစ်လာလိမ့်မပေါ့။

ဆိုတော့ အဲဒီလို အိပ်မက်လေးတွေ စိတ်ကူးလေးတွေ နဲ့ မျှော်လင့်ချက်လေးတွေ ရှိနေတာကိုပဲ ဘ၀လို့ မြင်ရတော့မှာပဲလေ။ ကလေးတိုင်း စိတ်ချမ်းသာ စေချင်ပါတယ်။

Anonymous said...

ဘယ်လိုအခြေအနေ အချိန်အခါမှာ ဘယ်လို အမြင်နဲ့ မြင်မှ မှန်မလဲ ဆိုတာ သိဖို့နဲ့ အသိနဲ့ အဖြစ် တထပ်တည်း ကျဖို့တော့ မလွယ်ဘူးနော်။ အမှန်ချည့် မြင်ရအောင် ကလဲ လောကဓံကြောင့် အားပြတ် နေတဲ့ အခါမှာ ထပ်ပြီး အမှန်မြင်ရရင် ခံနိုင်ရည် ရှိနိုင် ပါတော့မလားပဲ။ အဲလိုဆို အကောင်းမြင်မှ ဖြစ်မယ် ထင်တယ်နော်. လွယ်ဘူး အမရေ.. ခေါင်းစားသွားပြီ။

RePublic said...

အစ်မ ကေ အတွေးလေးတွေ ကောင်းတယ်ဗျာ ၊၊

တန်ခူး said...

ကေရေ… စိတ်တွေကပဲ နုလွန်းနေတာလား…
သတင်းတွေနားထောင် သတင်းတွေဖတ် ခေါင်းထဲက ထုတ်ပစ်လို့ မရတဲ့ အဖြစ်ဆိုးတွေကြောင့် တခါတခါ စိတ်ပင်ပန်းနေရင် သတင်းတွေနဲ့ ဝေးဝေးနေမိတယ်... ကိုယ်လွတ်ရုန်းတယ်ဆိုတာမျိုးပေါ့…
သားလေးကတော့ နှင်းဖြူဖြူဦးလေးလိုပဲ… နေလုံးကြီးထွက်လာတာမြင်လဲပျော်… လကြီးသာတာတွေ့ လဲပျော်… သက်တံ့ကြီးများတွေ့ ရင် ထတောင်ခုန်လိုက်သေး…
သူ့ အပျော်လေးတွေကြည့်ပြီး အဲဒီအပျော်လေးတွေဆီမှာပဲ ရပ်တန့် နေချင်တဲ့ သဘာဝမကျတဲ့ ဆန္ဒက ဖြစ်သေးတာ… တရားမရှိပုံပြောပါတယ်…
ဆရာတော်ဦးဇောတိက မနက်မိုးလင်းတာနဲ့  ဒီနေ့ ဟာ ကိုယ့်အတွက် အကောင်းဆုံးနေ့ လေးလို့  အကောင်းမြင်ဝါဒနဲ့ နိုးထရင် အကောင်းတွေ တကယ်ပဲရတတ်တယ်တဲ့… သဘောကတော့ လောဘ၊ဒေါသ၊မောဟတွေ ငြိမ်းသတ်ပြီးမှ နိုးထကြလို့  ဆရာတော်က ဆုံးမတာပါ… ကိုယ်ကလဲ အသိခေါက်ခက် အ၀င်နက်တော့ ကေပြောသလို တံခါးဖွင့်ဖွင့်ကြည့်မိနေတော့တာ….

Anonymous said...

မနော်က..ကျမထက်..သချာင်္ ပိုတော်သွားပြီ။ ထောင့်မှန်ပါရင်တော့..ပိုက်သာဂိုရပ်စ် နဲ့တွက်ကြည့်လိုက်အုံးမယ်။း)
အမခင်မင်းဇော်- ပေါ်လီယာနာ မကြိုက်တာတော့..ဖြစ်နိုင်ပါတယ်။း) ဒါပေမဲ့လည်း..ကျမတို့တွေ..လောကကြီးကို ရင်ဆိုင်နိုင်ဖို့.. အနေအထားအမျိုးမျိုး ပြောင်းရပ်ကြည့်မှ ဖြစ်နိုင်မှာ လေ။ တက်လူငယ်- အားလုံးရဲ့ဘ၀အမြင်တွေကို..အဲဒီဘ၀တွေကပဲ ရောင်ပြန်ဟပ်လာတာပဲလေ။ နေ့တိုင်း အတွေးအမြင်တွေ ပြောင်းလည်း နေလေ..ကောင်းလေပဲ။ မီယာ- အမြင်တူတဲ့အတွက် ၀မ်းသာပါတယ်။

မချိုသင်း- ကေ့စာတင်မက..ဟိုဖက်က..စာပါ..စေ့စေ့ငှငှ ဖတ်သွားလို့.. ၀မ်းသာပါတယ်။ ဟုတ်တယ်- ကလေးတွေရဲ့ အိမ်မက်တွေ လှအောင်လုပ်ပေးနိုင်မှ တန်ကာကျမှာနော်။ သူတို့အိမ်မက်တွေ မှောင်တိကျနေရင်တော့-

ခွန်ရေ- လောကကြီးကတော့..ခေါင်းစားစရာကြီး..အမှန်ပဲ။ အဲဒါကြောင့်..အမလည်း လှည့်ပတ် တွေးကြည့်နေတာပေါ့။ Republic- Million thanks.
မတန်ခူး-သားလေးက..ပျော်တက်တာ..စိတ်ကြည်လင်တာ..သိပ်ကိုကောင်းတာပေါ့။ သူကြီးလာလို့..ပြတင်းတံခါးတွေကျော်ပီး..လောကကြီးကို ကြည့်မြင်တတ်တဲ့အခါ- အဲဒီ ကြည်လင်တတ်တဲ့စိတ်အခံက..သူ့အတွက် အများကြီး အထောက်အကူဖြစ်စေမှာပါ။

တီချမ်း said...

ပေါ်လီယာနာ ကိုငယ်ငယ်ကသိပ်ကြိုက်ခဲ့ပါတယ်
အဲလိုရေးလို့ ခုမကြိုက်တော့ဘူးလားဆို ပိုတောင်ကြိုက်ပါသေးတယ်
သူကကျွန်တော့်ကိုပြောင်းလဲစေခဲ့တယ်လေ
လက်ဆောက်ပေးတာတောင် အုပ် ၃၀ လောက်ရှိပေါ့
ဆရာ ထင်လင်း တောင်မသိဘူး
အခု အော်ရီဂျင်နယ်လိုချင်လို့ရှာနေတယ်

Anonymous said...

For me it is just you lie your self by not accepting the truth. If you see the joyful things you feel happy. If you encouther the sorrowful things just feel sad. Later you will learn that neither joyful nor sorrowful things can last forever. If you realize this later on you will not feel deeply on either joyful or sorrowful.

kay said...

အန်တီချမ်းရေ- ပေါ်လီယာနာ ဒီလောက်တောင်ကြိုက်တယ်လား- မူရင်းက..၀ယ်ရတာလွယ်ပါတယ်။ ခုထက်ထိ စင်တွေပေါ်မှာ တွေ့နေသေးတာပဲ။

Dear Anonymous-
Thanks for reading my post and serious comment. Yes ...I ( we) might be in illusion sometimes or almost all the time. I just want to talk here is we need to adapt ( negatively - illusion) ourselves on what we've been facing in life- in a way of whatever we can until accept our hardships. Otherwise ---

rose of sharon said...

ကျမအတွက်တော့အရာရာကိုအကောင်းဘက်ကမြင်
တတ်ခြင်းကကိုယ့်ရင်ကိုအေးမြစေပါတယ်...
ဒါပေမဲ....တခါတခါတော့ အကောင်းမြင်ပေးဘို့အရမ်းခက်ခဲတဲ့အဖြစ်မျိုးလဲကြုံဘူး
ပါတယ်...

little brook said...

ခေါ်စရာမလိုဘဲ ရောက်လာတတ်တဲ့ အဆိုးတွေထဲ
အကောင်းမြင်နေတတ်တာလေးကိုပဲ ကျေးဇူးတင်ရဦးမယ်
ဘာပဲဖြစ်ဖြစ် မနက်ဖြန်မိုးလင်းတာ မြင်နေရတာကိုပဲ အော် .. ကံကောင်းလှချည်လားပေါ့ ..
ကလေးလေးဆွဲထားတဲ့ပုံနဲ့ ရေးထားတဲ့စာလေးက မျက်ရည်ဝဲချင်စရာ ... ပျော်လို့ပါ