ဝှက်ဖဲ (အခန်း ၄)



 ++++++++


အခန်း(၄)-
ကြောင်တကောင် 


ကမ္ဘာ့ ဥတု ရာသီ တွေ ပြောင်းလဲ လာ နေ သည် ။  ဆောင်းဦး ရက်တွေ မကုန်သေး ပေမဲ့…နေ့တာ တွေ တိုစ ပြုလာ နေ ပြီ။

ရုတ်ခြည်း ဆို သလို ညိုကျ သွားတဲ့… ညနေစောင်း တခု ရဲ့  လေထု ထဲ မှာ.. မီးခိုး နံ့ လေး တွေ သင်း လာ သည်။ အိမ် အဟောင်း လေး တလုံး ရဲ့.. ခေါင်မိုး ပေါ် က…မီးခိုး ခေါင်း တိုင် လေး မှာ.. မီးခိုး လေး တွေ တလူလူ  မြင်နေ ရ သည်။ 

မီးလုံး လေး တွေ လင်းစ ပြု လာတဲ့.. လမ်းမီးတိုင် တချို့  က တော့.. သူတို့ အပေါ်က..အုပ်မိုး နေတဲ့.. သစ်ပင် မြင့်မြင့် ကြီး တွေ ကြောင့်…. ရှိ သင့် တာ ထက် ပိုပြီး သေးကွေး မှေးမှိန် နေ သယောင်..။ 

လမ်း ရဲ့ တဖက် ခြမ်း က.. ၀ရန် တာ အဖြူ ရောင် နဲ့.. အိမ် ကလေး ထဲ မှာ.. မီးရောင် တပွင့် နှစ်ပွင့်.. လင်း လာ ပြီး.. မှန်ပြတင်း နောက်က လှုပ်ရှားမူ  တွေ ဆီက.. ၀ရန်တာ ပေါ် ကို.. အသံ တချို့  လွင့် ကျ လာ သည်။ 
...

“   ၀ရန်တာ ကို ဘာလို့ အဖြူရောင် ကြီး သုတ်တာလည်း.. ဒယ်ဒီ ”
..

ထူးထူး ခြားခြား ... ဆံပင် တွေ သပ်သပ်ရပ်ရပ် ဖြီးသင် ထား ပြီး   မုတ်ဆိတ် ကျင်ဆွယ် တွေ တိတိ ရိရိ ရိတ်ဖြတ် ထား တဲ့..အမျိုး သား က.. အနက် နဲ့ မီးခိုးရင့် ရောင် စပ်ထား တဲ့… ဂျာကင် အကျီ င်္ အိတ် ထဲ က..စီးကရက် တလိပ် ထုတ် ပြီး မီး ညှိ သည်။ သူ့ ဆံပင် တွေ ရဲ့ အရောင် နဲ့.. ဂျာကင် ရဲ့ အရောင်က … လိုက်ဖက် နေ သည်။ စီးကရက် မီး ကို..တချက် ရှိုက် ယူ လိုက်ရင်း…

“ အင်း.. မင့် မာမီ ရွေးတာပဲလေ… .. ” 
...
ကောင်လေး က.. ၀ရန်တာ လှေခါး လက်ရန်း ပေါ်ကို ဖြတ်ကနဲ တက်ထိုင် လိုက် ပြီး မှ.. ဘာ ဆက် လုပ် ရမှန်း မသိ သလို..ချက်ခြင်းပဲ.. ပြန်ဆင်း လိုက် သည်။ သူ ငယ်ငယ် က.. လျှောတိုက် စီး နေကျ.. နေရာ လေး မို့.. ယောင်ပြီး အကျင့် ပါ သွား ခြင်း လည်း ဖြစ်နိုင် သည်။ မှောင်ရီ ရီ အလင်း ရောင် အောက် က… နှင်းဆီ ပန်း ရုံ တွေ နဲ့.. ဒန်း ဖြူဖြူ လေး ကို အတန်ကြာ အောင် လက်ပိုက် ပြီး ကြည့် နေ သေး သည်။ ပြီးတော့ မှ..အိမ် ထဲ ကို ပြန် လှည့် ၀င်  လာ သည်။ 

မီးဖို ပေါ် က.. အငွေ့ တွေ တထောင်းထောင်း ထ နေ တဲ့.. အိုး ကို.. ဇွန်းတခု နဲ့ မွှေ နေတဲ့.. အမျိုးသမီး ရဲ့ မျက်နှာ က.. အခါတိုင်း ထက် ပို ပြီး ထူးခြား နေ သည်။ ပျော်နေ သည် လား.. စိတ်လှုပ်ရှား နေ သည် လား…။ အမူ အရာ အသွင် အပြင် က လည်း.. ပို- ပို ပြီး တော့ သာ.. နုနယ် လန်းဆန်း နေ သည်။ ညနေ မစောင်းခင် လေး ကမှ.. အရေးပေါ်  ဈေး ပြေးဝယ် ပြီး…ပြန်လာ ကတည်း က.. လဲလှယ် သေး ဟန် မတူ တဲ့.. လည်ရှည် သားရေ ဖိနပ် အမြင့် က.. စကပ် ၀တ် ထားတဲ့..သူမ ကိုယ်လုံး ခပ်သေးသေး လေး ကို အနေတော် လေး ကြည့် ကောင်း နေ စေ သည်။ 
 ....
...
“ မာမီ့ ကို ကြည့်ရ တာ ပို လှ နေ ပါလား… ”

“ အိုး..သန့်ခ်ယူ ဆွိတီ… အဲဒီလို မပြော လည်း.. မာမီ က.. သား ကြိုက်တဲ့.. ဂဏန်းလုံး တွေ.. အများကြီး ထဲ့ ပေး မှာ ပါကွာ… ငါ့သား လေး အိမ် ပြန်လာ တုန်း….”
....
...
ဝရန်တာ နဲ့ ကပ်လျက်... ထမင်းစားခန်း .. နားနေခန်း..အားလုံး.. နီးနီးကပ်ကပ် တဆက်စပ် တည်း ဖြစ် နေ တဲ့.. ဧရိယာ လေး မှာ.. ဟိုဖက် သွား လိုက်..ဒီဖက် သွား လိုက် .. လုပ်နေသော.. ကောင်လေး က လွဲ ရင်..အရာ အားလုံး.. အခါတိုင်း နေ့ တွေ ကလိုပင်…သူ့ နေရာ နဲ့ သူ နေသားတကျ ငြိမ်ငြိမ် သက်သက်  ရှိ နေ လေ သည်။ မီးဖို နား မှာ အလုပ်ရှုပ် နေတဲ့.. အမျိုးသမီး နဲ့.. မီးဖို ပေါ်က.. စားချင့် စဖွယ် အငွေ့ အသက် တချို့   က လည်း .. နည်းနည်း တော့.. စိတ် လှုပ်ရှား စရာ ကောင်း နေ သည် ပေါ့…။ သြော်.. ပြီး တော့.. နားနေခန်း ထဲက.. တီဗွီ ဖန်သား ပြင် ပေါ် မှာ လည်း.. အရောင် တွေ တဖျပ်ဖျပ် ပြောင်း နေ သေး သည် လေ။

ကောင်လေး ကတော့..သူ တခါမှ မရောက်ဖူး တဲ့ နေရာ တခု လို..မီးဖို ဘေးနား က.. အမျိုးသမီး လှီးချွတ် ထား တဲ့…ဟင်းရွက် တွေကို သွား  ကိုင် ကြည့် လိုက်… တီဗွီ ရှေ့က ခုံ မှာ ညနေပိုင်း သတင်းစာ တစောင် ကြည့် နေတဲ့.. အမျိုးသား ရဲ့ အနား သွား လိုက်  နဲ့… စိတ် လှုပ်ရှား နေ ဟန်…။ ကောင်လေး ရဲ့.. အရပ် က ခပ်ရှည်ရှည်..။  သူ့ ဖခင် နှင့် ပိုဆင် လေ သည်။ 
..
အခန်းထောင့် စာအုပ် စင် လေး နား ရောက်သွား ပြန် သည်။
..
“ ရာ… ဒါ.. မာမီ ဖေ့စ်ဘွတ်ခ် မှာ တင်ထား တဲ့ စာအုပ် မဟုတ်လား…. ပြီးသွား ပြီလား..အထူကြီးပဲ…. ဘာတွေ မို့ လည်း … 

F… R… E…E… D…O…M 

ကောင်လေး က.. စာအုပ် ကို ကိုင် ပြီး တလုံး ခြင်း ဖြေးဖြေး အော် ဖတ် သည်။ ပြီး တော့.. ချက်ခြင်း ဆိုသလို… ကျနော် အိမ်မှာ နေမလို့ ပြန်လာတာ..  လို့.. အဆက်အစပ် မရှိ ခပ်မြန်မြန် ပြော ချ လိုက် သည်။

အသင့် ဖြစ်နေ ပြီ ဖြစ်တဲ့…အစား အသောက် တွေ ကို.. ထမင်း စားပွဲ ပေါ် မှာ.. တခွက်ခြင်း စီစဉ် နေရာချ နေ တဲ့.. အမျိုး သမီး ရဲ့  လက် အစုံ သည် .. တုန့် ကနဲ ဖြစ် သွား သည်။


“ ဘာ ကြောင့် ရယ် မဟုတ်ပါဘူး.. အပြင်မှာ လည်း အဆင်ပြေ ပါတယ်..  ”
..
ကောင်လေး က.. ဘယ်သူ့ ကို မှ…ဦးတည် မပြော သလို..ဘယ်သူ့ ကို မှ လည်း ကြည့် မနေ ပဲ.. ထမင်း စားပွဲ ၀ိုင်း မှာ ပိုင်ပိုင် နိုင်နိုင် ထိုင်ချ လိုက် သည်။

ညနေစာ စား ဖို့.. စားပွဲ ဆီ ထ လာ တဲ့.. အမျိုး သားက.. နံရံ ပေါ် က.. ပန်းချီ ကား ကြီး ကို တချက် လှမ်းကြည့် ပြီး …. သူ့ မျက်လုံး ကို မှိတ်လိုက်သည်။

တလျှောက်လုံး… မီးဖို ဘေး..သူ့ သခင်မ  အနား မှာ ၀ပ် နေ တဲ့ ကြောင်ဝါကြီး က .. ခေါင်းကို ထောင် လိုက် သည်။   မျက်စိ နှစ်လုံး ကို အလည်ခေါင် နှာ နု အထိ ရောက်အောင် ရှုံ့တွ ပြီး ပိတ်ချ ပြစ် လိုက် တော့.. နှုတ်ခမ်းမွေး တွေ ကော့ ပြီး ထောင် တက် သွား သည်။ ပြီးတော့မှ.. ပျင်းကျော ဆွဲ သလို.. ခြေထောက် နှစ်ချောင်း ကို..စုံကန် ပြီး.. ထ လိုက်ရင်း .. ၀ရန်တာ ဖက် ဆီ အသာအယာ ထွက် လာ  သည်။ သူ့ လည်ပင်း က.. ခြူသံ က..သူ့ အတွက် သိပ် နေ သား မကျသေး။

ဝရန်တာ အပေါက်နား ရောက်တော့.. တချက် ပြန်လှည့် ကြည့် သည်။ ထမင်းစားပွဲ ၀ိုင်း လေး မှာ.. လူ သုံးယောက် ခေါင်းငုံ့ ပြီး .. လက်ခြင်း ဆုပ်ကိုင် လျက်.. တစုံ တရာ မှာ ငြိမ်သက် နေ ကြ သည် ။ စားပွဲ နောက်ဖက် နံရံ ပေါ်က.. ခမ်းခမ်း နားနား ပန်းချီ ကားကြီး ထဲ မှာ လည်း...အစား အသောက် တွေ တင်ထား တဲ့ စားပွဲ ရှည်ကြီး အနား မှာ… လူတစု ၀ိုင်းထိုင်ရင်း… တစုံ တရာ မှာ ရပ်တန့် နေ ကြသည်။ 

အပြင်ဖက် ၀ရန်တာ က.. ငှက်လှောင်အိမ် လေး ချိတ်ဆွဲ ထား လေ့ ရှိ တဲ့.. ထုတ်တန်း လေးကို   ကြည့်မြဲ အတိုင်း လှမ်းကြည့် လိုက် ပေမဲ့  .... တဖျပ်ဖျပ် အတောင်ခပ် သံ မကြား ရ တော့ ပေ။
...

မျက်လွှာ ကို ချ ပြီး.. ၀ရန်တာ အပြင်ဖက် ညနေ ညိုရီ ထဲ ဆီ အကြည့် လွှဲ လိုက်သည်။ ထိုင်နေ ကျ.. ၀ရန်တာ လက်တန်း လေးပေါ်..ဖြတ်ကနဲ ခုန် တက် လိုက် တော့.. ခြူသံ ခပ် ပြင်းပြင်း မြည် သွား သည်။  လမ်းတဖက် ခြမ်း သစ်ပင် ကြီး တွေ ပေါ်က.. အိပ်တန်း ပြင် နေမဲ့.. ငှက် ကလေး တွေ များ .. လန့် သွား လေ မလား.. ။




+++++++++
(ပြီး) 



အမေရိကန် စာရေးဆရာ Jonathan  Franzen  ၏ Freedom ၀တ္တုအား ကိုးကား  ခံစား ၍.. ခေတ်တခေတ် နဲ့   လူ များ အကြောင်း ကြိုးစား ရေးဖွဲ့ ထား ခြင်း ဖြစ်သည်။

 


Share/Bookmark

4 Comments:

ATN said...

ဖြစ်တည်မှု ၀​တ္ထုတပုဒ်...

တန်ခူး said...

ကေရေ... တို့ မှာ ကြောင်ဝါကြီးတကောင် မရှိပေမယ့် သားလေးတယောက်ရှိတယ်... Facebook account တခုရှိတယ်.. ပြီးတော့ နဲနဲခွကျကျနိုင်လာတဲ့ အဖိုးကြီးပေါက်စ တယောက်ရှိတယ်... ကေပေးလိုက်တာနဲ့  ရလိုက်တာ တူမတူတော့ မသိဘူး ကေရေ... ကိုယ်တွေ့ တာလေးယူပြီး ကျေနပ်စွာ ပြန်သွားတယ်... ကျေးဇူးပါကေ....

Anonymous said...

ညကပဲ တစ်ထိုင်တည်း အစအဆုံးလာဖတ်ပစ်လိုက်တယ်။ မနက်မိုးလင်းမှပဲ ကွန်းမန့်လာပေးတော့တယ်။ ဖတ်လို့ ဘယ်လိုကောင်းမှန်းကိုမသိဘူး။ သရုပ်ဖော်ထားပုံတွေ သိပ်ကြိုက်တာ။ မျက်လုံးထဲတန်းခနဲပဲ။ ပေါ်လာတဲ့မြင်ကွင်းတွေနဲ့တင် စိတ်ချမ်းသာစရာ..။ fictional realism~!

ပန်းချီ said...

အစ်မ ကေ..

သူများဆိုက်ဒ်တစ်ခုကနေလိုက်လာခဲ့တာ.။ တကယ်ပဲ တစ်ထိုင်တည်း ဖတ်ချင်လောက်အောင် သရုပ်ဖော်အားကောင်းလွန်းတယ်..။ အပိုင်းလေးခုစလုံးထဲမှာ စိတ်တစ်ခုလုံးနစ်ဝင်လို့..။ မူရင်းစာရေးဆရာရဲ့ ဖရီးဒမ်း နဲ့ မိသားစုလေးတစ်စုထဲကလူတွေရဲ့ လွတ်လပ်မှုနဲ့ အခွင့်အရေးတွေ...ရသာကောင်းတစ်ပုဒ်ဖတ်လိုက်ရတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်မ..။