Endangered Species

ထုံးစံ အတိုင်း..မိုးလင်းတာနဲ့ .. လက်တဖက်က..အိမ်ရှေ့ လိုက်ကာ ကို ကြိုးဆွဲ.. နောက်တဖက်က ..တီဗွီ ခလုပ်ကို နှိပ်ပြီး..CNN ကို ဖွင့်လိုက်တယ်။
-
ကော်ဖီ တခွက် ဖျော်ပြီး Toaster ထဲက..သူ့အလိုလို ခုန်တက်မလာ တဲ့ ပေါင်မုန့်ကို.. လက်နဲ့ အသာဆွဲ ထုပ် နေတုန်း... Burmese ဆိုတဲ့ အသံ ကြားလိုက်လို့..အသဲအသန် လှမ်း ကြည့်လိုက် တော့.. အမေရိကန် ဖလော်ရီဒါပြည်နယ် မှာ..Burmese Python စပါးကြီးမြွေ တွေ သောင်းကျန်းနေလို့.. လိုက်ဖမ်းနေ ရတဲ့..သတင်း တပုဒ် ဖြစ်နေ တော့တယ်။
-
++++++


စပါးကြီးမြွေ တွေကို အိမ်မွေးတိရိ စ္ဆန် လုပ်မွေးတဲ့..လူတွေကိုလည်း အံ့မိပါရဲ့။ အဲဒီလို ..တအိမ် အိမ် ကနေ.. လွတ်ထွက်သွားရင်း..ဖလော်ရီဒါ အဲဗားဂလိတ် ဆိုတဲ့.. ဘေးမဲ့ ဥယျဉ်ကြီးထဲမှာ..အများဆုံး ပေါက်ပွားနေကြ တာ.. အဲဒီ နယ်တကျောမှာ..အခုဆို.. အကောင် တသိန်းလောက် အထိ.. ဖြစ်နေပြီတဲ့။ ဘုရား…ဘုရား.. အူတွေ တောင် ယားပါ ဘိတော့။ သူ ပြောသလို ဆို.. ဒီလောက် အထိ ပေါက်ပွား နေတာ.. ဘာဆန်းမလဲ..။ စပါးကြီးမြွေမ တကောင် တခါ ဥရင်.. ဥ.. ၈၀ ကနေ ၉၀ ထိ ဥ နိုင်တယ်တဲ့ ..။
-
အရည် အတွက်က ထားပါတော့လေ..။ ပုရွက် ဆိတ် ဆိုလည်း..အရေးမကြီး။ ခုဟာက.. ပေ ၂၀ ကျော်ရှည်ပြီး ပေါင် ၂၅၀ လောက် လေးတဲ့.. အဲဒီလို..စပါးကြီးမြွေတွေက..မြင်မြင်ရာ.. အကောင်ကို ၀ါးမြို ပြီး.. သက်တမ်း အနှစ် ၃၀ ကျော် အထိ နေနိုင် ကြတယ် ဆိုတော့.. အဲဒီ ဒေသ ရဲ့ ဂေဟ စနစ် အတွက်.. ဘယ်လောက် စိုးရိမ်စရာ ဖြစ်မလဲ..စဉ်းစားသာ ကြည့်ပေတော့။ တလောတုန်း ကလည်း..အိမ်တအိမ် မှာ မွေးထားတဲ့.. မြွေတကောင်က..လှောင်အိမ်က လွတ်ထွက်ပြီး..ပုခက်ထဲက..ကလေး ကို မြိုလိုက်သတဲ့။
-
ခုတော့..အမေရိကန် ဆီးနိတ်မှာတောင် ဗမာ့ စပါးကြီးမြွေ အကြောင်း ထဲ့ပြောနေရပြီ။ ဗမာတွေ..နံမယ်ကောင်းပုံ များ တော့…။ အခု…အသေအချာကို ပတ္တရောင် အဖွဲ့တွေနဲ့ လိုက်ဖမ်းပြီး သုတ်သင်နေ ကြ ရပြီ။ သူတို့ သုံးတဲ့ အသုံးက..ဒီမြွေတွေဟာ invasive species တွေဖြစ်ပြီး.. တခြား ဒီ ဒေသက.. endangered species တွေကို..အန္တရယ် ပြုနေ တယ်တဲ့။
-
Endangered Species ရဲ့..ဖွင့်ဆိုချက်ကို..သေချာကြည့်မိတော့... မျိုးတုန်းလု ဖြစ်နေတဲ့.. အန္တရယ် ကျရောက်နေတဲ့.. သတ္တ၀ါ များ..။ ဒါဆို.. Endangered Species တွေကို..ကာကွယ်ဖို့..လိုက် သုတ်သင်နေရတဲ့.. ဗမာ့ စပါးကြီးမြွေ တွေလည်း.. Endangered Species တွေ ဖြစ်လာဖို့..မရှိဘူးလား..။

ဒါနဲ့ပတ်သတ်ရင်..အမြဲ အငြင်းပွါးဖွယ် တွေ ရှိနေပြီး.. အဲဒါကို အဓိပ္ပါယ် ဖွင့်ဆို သတ်မှတ်တဲ့ သူ တွေက လည်း..တကယ်တော့..လူသတ္တ၀ါတွေ ပါပဲလေ..။
-
အဲဒီလို တွေးမိတော့..George Orwell ရဲ့..Animal Farm ကို သတိ ပြန်ရစေတယ်။ “all animals are equal” ဆိုတဲ့..ဥပဒေသ ကနေပြီး.. တဖြည်းဖြည်း ပြောင်းလဲ ဖြည့်စွက် လိုက်တဲ့..“ all animals are equal. But some animals are more equal than others” ဆိုတဲ့..စကားလေး။ သူကတော့..နိုင်ငံရေး လောကသားတွေ ကို သရော်ထားတာ ပေမဲ့..ဘယ်လိုပဲ တွေးတွေး..ဒီလောကကြီး တခုလုံးအတွက်.. အကျုံးဝင် နေတော့ တာပါပဲ။
-
မကြာသေးခင် နှစ်တွေတုန်းက..ဂျာမဏီ နိုင်ငံက.. မြို့လေးတမြို့ထဲက..၀ံပုလွေတွေ အုပ်လိုက် ကြီး ၀င်လာလို့..အတော် အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ ဖူးသတဲ့။ နှစ်ပေါင်း အတော်ကြာကြာက.. ဥရောပ ရဲ့ သားရဲ တမျိုးဖြစ်တဲ့..၀ံပုလွေ တွေကို..သုတ်သင် ခြေမှုန်း လိုက်ကြတာ..အကောင် ရာဂဏန်းပဲ..ပိုလန် နယ်စပ်က..တောတွေထဲမှာ ခိုအောင်း ကျန်ရစ် နေရာ ကနေ.. မြို့တွေဆီ ပြန်ပြီး ခြေဦးလှည့်လာ တော့.. လူတွေက..ပြန်ပြီး..စစ်ကြေငြာ ကြ ရပြန်တယ်။ အေးပေါ့..၀ံပုလွေ နဲ့ လူ..အတူနေ လို့မှ မရတာ ကိုး..။ ဒီနေရာ မှာကော..ဘယ်သူက.. Endangered Species ဖြစ်သင့် သလဲ။
-
သြစတြေလျ တိုက်ကြီး စတည်ဆောက် တုန်းက.. ယုန်တွေ သောင်းကျန်း လှ သတဲ့။ ကြွက် အကြီးစား တမျိုးလို ဖြစ်နေတဲ့..ယုန် ညိညို ညစ်ညစ် ကြီးတွေ..စိုက်ပျိုးခင်းတွေ ကို ဖျက်စီး သွားပုံတွေကို..တီဗွီ က လာတဲ့..documentary တခု မှာ..ထိုင်ကြည့်နေရင်း.. အံ့သြနေမိတယ်။ ကိုယ်တွေ သိခဲ့ တာက.. အမွေး ဆွတ်ဆွတ်ဖြူ..နားရွက်ဖါးဖါး..မျက်လုံး နီနီ လေးတွေ နဲ့.. ချစ်စရာ အားကိုးရာမဲ့..အပြစ် ကင်းစင် တဲ့..ဇတ်လိုက် ယုန်သူငယ် လေး တွေကိုး ။ နောက်ဆုံး.. အစိုးရက.. ဘယ်လို မှ နှိမ်နင်းလို့ မနိုင်တော့..ဘာလုပ်တယ် မှတ်သလဲ..။ ယုန် တချို့ကို ဖမ်း..သူတို့ကိုယ်ထဲကို.. ကပ်ရောဂါ ပိုး တမျိုး ထိုးထဲ့ပြီး..မြေပေါ် ပြန်လွှတ်..တကောင်ပြီး တကောင် ကူး..ကပ်ရောဂါ နဲ့ပဲ..မျိုးတုန်း အောင် လုပ်လိုက်ပါရောလား..။ အတော့်ကို ရက်စက် တဲ့.. လူမဆန်တဲ့..နည်းပါပဲ..။ အေးလေ..ခုတော့..ဒါကကို..လူဆန်တဲ့..နည်း ဖြစ်နေပြန်..။
-
အခု ဆို..ဒီနိုင်ငံမှာ.. wild animal တွေကို..သူတို့ မစားရဲ ဘူး။ သူတို့ ဖြန့်ဖြူးထားတဲ့..ရောဂါပိုးတွေ က.. ယုန်တွေမှာတင်.. ပြီးသွားမှာ မှ မဟုတ်တာ။ ဒီ တိုက်ကြီးကလည်း..ကျယ်..ကျယ်လွန်းလှ တော့..မသိနိုင်..မရောက်နိုင်..မမြင်နိုင် တာတွေက..အများကြီး။ ရောက်ကာစ ကဆို..တချို့ နယ်တွေမှာ..Rabbit fence ဆိုတာကြီးတွေ..အရှည်ကြီး တမျှော်တခေါ် တွေ့ရ တော့..နားမလည်ခဲ့ဘူး။ ဒါတောင်..လူ့ရင် တပွေ့စာ ယုန်ကလေး တွေက.. စပါးကြီးမြွေ လိုလည်း..လူကို မမြိုနိုင်ပါဘူး..။ ၀ံပုလွေ တွေ လိုလည်း..လူကို ကုတ်ဖဲ့..ဆွဲဖြတ်ပြစ် နိုင်တာ မဟုတ်ဘူး။ အဲဒီ ယုန်လေး တွေ ကျတော့ရော.. Endangered Species ဆိုပြီး..မျိုးဆက် ထိန်းသိမ်းဖို့.. အစီအစဉ် မရှိဘူးလား မသိ။
-
အင်းလေ..ဒီလို နဲ့ပဲ..ဒိုင်နိုဆောကြီး တွေ တောင်..မျိုးတုန်း သွားခဲ့ ဖူးတာပဲ။ Endangered Species
ဆိုပြီး ဒိုင်နိုဆော တကောင် နှစ်ကောင် လောက်..ဆက်ထိန်း ထားနိုင် ခဲ့ရင်..ခုလောက်ဆို.. တိရစ္ဆန် ဥယျဉ် တွေ တောင် လု နေကြ ရမှာ..။
-
မျိုးတုန်း တော့မဲ့..သတ္တ၀ါ တွေကို ကာကွယ် ထိန်းသိမ်း ရမယ်..တဲ့။ မျိုးအရမ်း ပွားနေတဲ့..သတ္တ၀ါ တွေ ကျတော့ရော..။ လူတွေ နဲ့လည်း..သဟ ဇာတ ဖြစ်ရ အုံးမယ် လေ…။
ကဲ..တော်ပါပြီလေ.. တွေးလေ..ဝေးလေ ဖြစ်နေ ပါ ပြီ။
-
++++++
-
ဟဲ့..အို..
-
ပိုးဟပ်… ပိုးဟပ်..
-
ကွန်ပြူတာ နောက်က..စီဒီချပ် တွေထဲက…ကမှူး ရှုးထိုး ထွက်ချ လာတဲ့..ပိုးဟပ် တကောင်ကို..ရိုက်ဖို့..လက်က.. အလိုလို..တွေ့တဲ့..စာအုပ် တအုပ်..ကောက်ကိုင် လိုက် မိတယ်။
-
ဦးနှံ လေး..တလှုပ်လှုပ် နဲ့..အန္တရယ်ကို..လေ့လာ နေတဲ့..ပိုးဟပ် ဖြူယော် သေးသေးလေး ကို ကြည့်ပြီး..ချိတုံ ချတုံ ဖြစ်နေတယ်။
-
သနား စရာလေး..
လွှတ်လိုက် ပါ့မယ်..

အင်း..ဒီကောင်..ပြီးရင်..ဒီစားပွဲ ကနေ ကျော်ပီး..ဘယ်သွားမလဲ..ငါ့ အ၀တ်ဗီရို ထဲလား..ထမင်း စားပွဲပေါ်က.. သစ်သီးခြင်း ထဲက.. ပန်းသီးတွေ ပေါ်..တက်ပြေးသွားရင် တောင်..ငါမသိပဲ..ပန်းသီးကို စားမိ အုံးမှာ..။ ပြီးရင်..ဒီ အိမ်ထဲမှာ..ပိုးဟပ် တွေ..ထပ်ပွား အုံးမှာ..
-
ကဲဟာ..
ဘုံး…
-
-
-
ညောင်းးးး
-
ဟဲ့..ပူစီ..သမီး..သွားစမ်း..ဟိုးဖက် ဝေးဝေး..ဒါ..နင်စားဖို့..အကောင် မဟုတ်ဘူး..ရောဂါတွေ ဖြစ်ကုန်မယ်။


Share/Bookmark

18 Comments:

Ko Boyz said...

- နောက်ဆုံးအလှည့်လေးကို သဘောကျမိပါကြောင်း...
- ပိုးဟပ်ခမျာ endangered species ထဲ ပါတော့မယ် ထင်ပါရဲ့...။
- စကားမစပ်.. အရေအတွက်ကမှ အမှန်ပါ။ အရည်အတွက် မဟုတ်ပါခင်ဗျား။

ATN said...

ဖလော်ရီဒါရဲ့ မြွေဇာတ်လမ်းက သည်လို---

ဘန်ကောက်ကနေတဆင့် ခိုးသွင်းလာတဲ့ ဗမာစပါးကြီးမြွေ ပေါက်စလေးတွေကို သည်မှာ အိမ်မွေးတိရိစ္ဆာန် လုပ်ရောင်းကြတယ်... ၀ယ်ခါစကတော့ သေးသေးလေးတွေပေါ့ ... လက်ညှိုးလောက် ကောင်လေးတွေ... နောက်တော့ ကြွက်တွေကျွေးရင်း ကြီးလာ.. နောက်တော့ ကြွက်နဲ့ မရတော့ ကြက် ၀ယ်ကျွေးရရော... သည်လိုနဲ့ ကြက်နဲ့မရတော့လို့ ၀က်ကျွေးရတော့မဲ့ အရွယ်လည်း ရောက်လာရော Ever Glade မှာ သွားလွှင့်ပစ်ကြတာလေ... အဲလိုနဲ့ ဘယ်နှစ်ကောင် ထိ သွားလွှင့်ပစ်ကြတယ် မသိ... တရက်ကျတော့ မိကျောင်း တကောင်ကို အသေပတ်ရင်း မိကျောင်း ပါးစပ်ထဲမှာ သေနေတဲ့ မြွေကြီးကို Wild Life Control က တွေ့တော့မှ ဒါဘာမြွေလည်း စစ်ဆေးကြသတဲ့... အဲတော့မှ ရွှေမြွေဖြစ်မှန်းသိတော့တာ... Ever Glade မှာက မိကျောင်းတွေ အများကြီး ရှိတယ်လေ... တခါတလေ တူးမြောင်းတွေထဲကနေ မြို့ပေါ် လူနေအိမ်တွေဆီ တက်လာတတ်တဲ့ မိကျောင်းတွေကို ဖမ်းမိရင်လည်း အဲမှာ သွားလွှင့်ပစ်ကြတာပဲ... ခုတော့ အဲမိကျောင်းတွေနဲ့ ရွှေမြွေက ကမ္ဘာစစ် ဖြစ်နေလေရဲ့... မိကျောင်းပေါက်စတွေက ရွှေမြွေရဲ့ အစာပေါ့... ခုတော့ ရွှေမြွေကို လိုက်ဖမ်းနေကြတယ်ဆိုပဲ... ရီစရာ ကောင်းတာက သည်မှာ Burma တို့ Burmese တို့ ပြောရင် မသိဘူး... Burmese Python ဆိုရင်တော့ သိကြသဗျား...း) ဒါကိုပဲ ဂုဏ်ယူရမလိုလို...

tg.nwai said...

Burmese Python ကတော့ နာမယ်ကြီးပါလား..အချင်းချင်း ပြန်မမျိုကြလို့ တော်သေးတာပေါ့ ပြောရမလား..ဒီပို့စ်လေးဖတ်ပြီး ဒါဝင်ရဲ့Struggle for existence က ခေါင်းထဲ ရောက်လာရတယ် ကေ ရေ...

ပိုးဟပ်နဲ့ ..ကြွက် ဆိုတဲ့ သတ္တ၀ါတွေရယ်နဲ့တော့ အတူမနေချင်ပါ...ဘယ်တော့ endangered species ထဲ ပါမလဲ မသိဘူးနော်..:)

နှင်းနဲ့မာယာ said...

မမရေ
endangered species လေးကို စိတ်ဝင်တစားနဲ့ ဖတ်သွားပါတယ်။
ဂျူးဝတ္တုထဲမှာ ဖတ်ဖူးတာက
နွားတွေကို နိုင်ငံဖြတ်ကျော်ပြီးတင်ပို့ရင် ပတ်စ်ပို့လုပ်ရတယ်လို့ မှတ်ထားဘူးတယ်။။။
မြန်မာ စပါးကြီးမြွေကျတော့ ပတ်စ်ပို့မလိုဘူးနော်။
အင်းပေါ့နော် သူတို့လဲ ငယ်ငယ်လေးကတည်းက
ဘန်ကောက်ကနေတဆင့် ဝင်လာရတာကိုးနော်...း))))
နောက်ဆုံးမှာ ရေးထားတဲ့ မမရဲ့ ပိုးဟတ်နဲ့ ပူစီလေးကို သဘောကျမိတယ်။
ထုံးစံအတိုင်းပေါ့နော် ဒီပို့စ်လေးလဲ စိတ်ဝင်စားမိတယ်။

နှင်း

MANORHARY said...

endangered species တစ်မျိုးရှိသေးတယ်
ဘယ်လိုလုပ်ရင်ကောင်းမလဲ.ပိုးဟပ်တွေလိုပဲ
ရိုက်ပစ်လိုက်ရကောင်းမလား ..လွှတ်လိုက်ရကောင်း
မလား...စဉ်းစားရင်း....မျိုးပွားလာလိုက်တာ...
(သေချာတာက ကိုယ်က ပိုးဟပ်တော့ကြောက်တယ်)း)

littlebrook said...

အင်အားသာသူက အဆုံးအဖြတ်ပေးနိုင်သူဖြစ်သွားတာပေါ့ ...
လူဖြစ်တာတစ်ခုတော့ကောင်းတယ် ..စာနာနားလည်ပေးနိုင်တာ ...

mgphonemyint said...

ပိုးဟပ်လို လွယ်လွယ်ရိုက်သတ်လိုက်အေးတာပဲ

Anonymous said...

မကေရေ-
Rabbit Proof Fence ဆိုတဲ့ကားလေး ကြည့်ပြီးပလား။ rabbit ဆိုလို့ သတိရသွားတာပါ။ Aborigine တွေအကြောင်းရိုက်ထားတာ။ သိပ်ကောင်းတယ်။

သက်ဝေ said...

မြွေဆိုလို့ ကြောက်ကြောက်နဲ့ ဖတ်လာတာ...နောက်ဆုံးအပိုဒ်ကိုရောက်တော့ ပြုံးမိတယ်...။

ကိုယ်က အကောင်တွေကို သေးသေးရော ကြီးကြီးရော အကုန် ကြောက်တတ်တယ်...
တတ်နိုင်သမျှ ဝေါင်ဝေါင်ရှေးပဲ...
ကေ.. ပိုးဟပ်ကို တကယ်ရိုက်ရဲတယ်လားဟင်...

Nge Naing said...

ပို့စ်ကိုရော မှတ်ချက်တွေကိုပါ ဖတ်သွားပါတယ်။ သိပ်စိတ်ဝင်စားစရာ ကောင်းပါတယ်။ အခုလောလောဆယ် ဒီကမ္ဘာကို လူတွေကြီးဆိုးနေတယ်ဆိုတော့ လူတွေနဲ့ သဟဇာတ ဖြစ်တဲ့ ဒါမှမဟုတ် လူအတွေအတွက် လုံခြုံစိတ်ချရတဲ့ အရေအတွက် ရှိတဲ့ တိရိစ္ဆာန်ကိုပဲ ထားမှာပေါ့။ ဇီဝ သိပ္ပံ ပညာရှင်ကြီး ဒါဝင်သာ အသက်ရှိသေးရင် ဘာပြောမလဲဆိုတာ တွေးနေမိတယ်။ ကျွန်မသားလေးကိုလည်း ပြောပြလိုက်ဦးမယ် သူဘာပြောမလဲလို့ သူက တိရိစ္ဆာန်တွေကို သိပ်ချစ်တာ။ ကျွန်မက အသားစားတာ မဟုတ်ပေမယ့် သူတို့ သားအဖအတွက် အသားဆိုင်မှာ အသားသွားဝယ်လို့ ခေါ်သွားရင် လူတွေဟာ တိရိစ္ဆာန်တွေကို သတ်စားတာ မတရားဘူး သူတို့မှာလည်း ခံစားတတ်တဲ့ Sense ရှိတော့ ဒါမျိုး မလုပ်သင့်ဘူးတဲ့။ ဒါကြောင့်မို့ ကျွန်မက စကားကြီးစကားကျယ် သိပ်မပြောနဲ့ သားသား နင်တို့ သားအဖစားဖို့ လာဝယ်တာ မေမေစားဖို့ မဟုတ်ဘူး လို့ ပြောပြီး ဒါဆိုရင်လည်း နင်ဘာလို့ အသားစားနေသေးလဲလို့ မေးတော့ မေမေတို့က ငယ်ငယ်ကတည်းက ကျွေးလာတော့ မစားရရင် မနေနိုင်တော့ဘူး အစကတည်းက မကျွေးနဲ့ပါလား အခုမှတော့ အကျင့်ရနေပြီ ဖြစ်လို့ မစားချင်ပေမယ့် မစားရရင် မနေနိုင်လို့ စိတ်မကောင်းပဲ စားနေရတယ်တဲ့။

rose of sharon said...

အဲဒီမြွေတော့ကြောက်တယ်... ပိုးဟပ်တော့မကြောက်ဘူး... အိမ်မှာကအိမ်မြှောင်ဘဲရှိတယ်...း)

ဒူကဘာ said...

ဗဟုသုတတွေ မျှဝေတဲ့ အတွက် ကျေးဇူးပါ မကေ၊ ဖရော်ရီဒါနဲ့ Burmese Python နဲ့က အဲဒီလိုအဖြစ်တွေ ဖြစ်နေကျဆိုတော့ အထာကျလို့ များနေသလားပဲ။

Anonymous said...

အဟိ.. ပိုးဟပ်ကြောက်ကြောက်... ငယ်နိုင်လေကွယ်
အဟင့်..း)))

ကြီးကေရေ.. မြွေဆိုလည်းအသည်းယားသဗျ
စားမလားရင် စပါးကြီးမြွေအရေခွံရေလုံပြုတ်တို့၊
သည်းခြေစပ်ခါးကြော်တို့၊ မြွေဟောက်မျက်လုံးစွပ်ပြုတ်တို့၊ ငန်းတော်ကြားလျှာတို့း)))))) ခွိ

tin min htet said...

ဒီလိုပါပဲ .. အကောင်တွေ သတ်လိုက်ကြ
ရှားလာတော့ ရှားပါး သတ္ထဝါဆိုပြီး စောင့်ရှောက်လိုက်ကြနဲ့ ..

အသုံးမကျတဲ့ ကြမ်းပိုးတို့၊ ပိုးဟပ်တို့ကြပြန်တော့ မျိုးဖြုတ်လို့တောင် မရဘူး။ ခံနိုင်ရည် မြင့်ကြတယ် ..

Anonymous said...

ပိုးဟပ် endangered species ထဲပါမဲ့ အချိန်ကို တတပ်တအား မျှော် မိတယ် ..တကယ်ပါ..

kay said...

ကိုဘွိုင်း- ကျေးဇူးပဲ..သတ်ပုံ ကတော့..အမြဲမှား..ပြင်လိုက်ပြီ။

ဖလော်ရီဒါက..ကိုအောင်သာငယ် လာပြောမှပဲ..ဇတ်လမ်းက ဇတ်ရည်လည်သွားတော့တယ်။ ရွှေတွေက..လူတင်မက..မြွေပါ အမေရိကန်မှာနေချင်ကြတာပဲ။း)

မသိဂီ င်္.. ဒါဝင်လားဘာလားမသိ.. fittest survivedိဆိုတဲ့..စကားလေးတော့..သတိရမိတယ်။

ညီမနှင်း- ကျေးဇူးပါ။း)
မနော်- အင်း..စဉ်းစားတုန်းပဲ..ဘာ species ပါလိမ့်.. ခြေထောက် ၂ချောင်းလား..၄ ချောင်းလား..အတောင်ပံ နဲ့လား။း))

BT- အပေါ်မှာ ပြောသလို fittest survived ပဲ ပေါ့နော်။ လူကတော့.. အထူးပြုလုပ်ချက် လေ။း)

ကိုဖုန်းမြင့်ကတော့..မာဖီးယား ဂိုဏ်းသားမို့လား မသိ..မာလကီးယား ပဲ လုပ်ချင်နေတယ်။ သတိထားမှ..

ဇီဇ၀ါ.. အဲဒီ ရုပ်ရှင်လေး ကြည့်ဖူးတာပေါ့.. ညီအမ ၂ယောက် ဇတ်လမ်းလေ..( မင်းသမီးတွေ ချောလို့)း)
အဲဒီ အကြောင်းနဲ့ပတ်သတ်လို့တောင်..စာတပုဒ်ရေးဖို့ ရှိတယ်.. stolen generation and run away generation တဲ့။ လာမည်။း)

မသက်ဝေ.. အင်း..ဒီလိုပဲ..ရိုက်ရေးရှိက..ရိုက်အပ်ရတာပါပဲလေ။း)

မငယ်နိုင် တို့ သားအမိ သားအဖ တွေ ငြင်းခုံ တာ..သဘောကျသွားပီ။ သားက.. တော်တော် စကားချေပ တတ်တာပဲ။ အားကိုးရမယ်။

နော်ဖော- အိမ်မြှောင် ဆို..ဖွတ်အကြီးစားပဲ.. ပွါကညောတွေ ကြိုက်တယ်ဆို။း)

ဒူကဘာ..စတိတ်ကလူတွေ ပိုသိမယ်ထင်တယ်။

ခါတွန်..ဘယ်လိုဖြစ်တာလဲ..တွန့်လိမ်နေတာပဲ။း)

ကိုတင်မင်းထက်- ဒါ..တွေးစရာပဲလေ.. သက်ရှိများရဲ့ ကမ္ဘာက..ဥပဒေသတွေ..

အမည်မသိ- ပိုးဟပ်ကတော့..ဘယ်တော့မှာ..အန်ဒန်ဂျား ထဲ ပါမယ် မဟုတ်။း)

Anonymous said...

ကြမ်းပိုးဆိုလို့ အခုဒီနယူးယော့ခ် မှာတောင်
ကြမ်းပိုးတွေသောင်းကျန်းနေတယ်လို့ သူများတွေပြောနေကြတယ်...စာသင်ကျောင်းတွေမှာ
အသိပေးစာရွက်တွေဝေတယ်...အရင်တုန်းကဆိုရထားတွေမှာမမြင်ရပေမယ့်
အခုတော့ ရထားပေါ်မှာပါ ကြမ်းပိုးရှိရင်နှိမ်နှင်းပေးမယ့် ဆက်သွယ်ရန် ဖုန်းနံပါတ်ပေးထားတာတွေပါတွေ့နေရတယ်..
အာရှဘက်ကနေလာကြတဲ့ သူတွေဆီကနေ
ပါလာကြတယ်လို့လည်းကြားမိပါတယ်...ကိုတင်မင်းထက်ပြောသွားသလိုပါဘဲလေ
ပိုးဟပ်နဲ့ ကြမ်းပိုးတော့  ဘယ်ဒေသဘဲဖြစ်ဖြစ် မျိုးဖြုတ်ဖို့ရာ လွယ်မယ်မထင်...သူတို့က အသက်ပြင်းကြတယ်...ဒီကအိမ်တွေမှာ ဗမာပြည်မှာလို အိမ်မြှောင်တော့ မတွေ့ရဘူး...ပုရွက်ဆိတ်လည်း အိမ်ပေါ်မှာမတွေ့ရဘူး...မြေကြီးပေါ်မှာတော့တွေ့တယ်...

mie nge

mirror said...

လာဖတ်၊သူများပြောတာတွေ ဆက်ဖတ်နဲ့..
ဗဟုသုတအတော်ရပါတယ်..။

အကောင်ဗလောင်တွေသိပ်မကြောက်တတ်ပေ မယ့်မြွှေဆိုအကုန်ကြောက်ပါတယ်။
ဖတ်ရင်းကို ကြက်သီးထတာ..။

ဒါနဲ့ စကားမစပ်.. Word Verification ကြီးဖြုတ်ပါလားအစ်မရယ်။
အရင်က မပါဘူးလားလို့ပဲ..။