ကြယ်ကြွေတာ ကင်ဆာတဲ့လား . . .

ကြယ်ကြွေတာ ကင်ဆာတဲ့လား . . .
နာနာကျင်ကျင် အဲဒီ စကားလေး တခွန်း ဟာ ၊ အ၀န်း အ၀ိုင်း တခု အတွင်းမှာ ၊ အတော်လေး ရိုက်ခတ် မြည်ဟိန်း ခဲ့ ဖူးတယ်။
ကိုယ်တိုင်က အဲ့ဒီ အ၀န်းအ၀ိုင်း ရဲ့  ၊ မနီး မဝေး မှာ ကြီးပြင်းရင်း ၊ သတင်း ၀ရင်း တွေ ကို အမြဲ ကြားနေ ခဲ့ ရသူ ဆို တော့ ၊ အဲ့ဒီ ကြယ်ကြွေ တဲ့ သတင်းကြီးကိုပါ ၊ မှတ်မှတ် ထင်ထင် ရှိနေခဲ့တယ်ပေါ့ ။ ဆယ်တန်းအောင်ပြီး နယ်မှာပဲ သောင်တင် ကျောင်းတွေ က မဖွင့်၊  ညဖက်ဆို မီးတွေ ပြတ် ၊ အိမ်ရှေ့  မှာ ကားရပ်သံလား နားစွင့် နေ ကြ ရတဲ့ ၊  အချိန်ကာလ တခုမှာ ၊ ဖယောင်းတိုင် အလင်းရောင် နဲ့  ရေဒီယို တလုံးဆီမှာ အာရုံတွေ စုရုန်း ညိမ်သက် တတ်ကြ ရင်း ၊ ကြယ်တွေ ကြွေတဲ့ သတင်းတွေ ၊  စ ပြီး ကြား ရ တော့တာပဲ ။
ပထမ ဆုံး အနေနဲ့ ၊   ၈၈  အလုပ်သမား ခေါင်းဆောင် ဖြစ်ခဲ့တဲ့ ၊ အဖွဲ့ ချုပ်ရဲ့  အမာခံ တယောက် ဖြစ်တဲ့ ဦးမောင်ကို ၊ အညှင်းပန်း အနှိပ်စက် ခံ ရင်း ထောင်ထဲမှာ သေဆုံးသွားပြီ ဆိုတဲ့ သတင်းဆိုး ကို ၊ ကြားရတယ်။  ဖခင် ဖြစ်သူ ရဲ့ ၊
မျက်နှာဟာ ၊ စိုးရိမ်မူ တမျိုး နဲ့ ၊ လေးနက် လို့ လာနေ ပေမဲ့ ၊   ကိုယ်ရောက်နေတဲ့ ခေတ်အခြေအနေ အလားအလာ
တွေကို ၊ ဂ ဃ နဏ မမှန်းဆ တတ်သေးတဲ့ ၊ ဆယ်ကျော်သက် တယောက် အနေနဲ့ တော့ ၊ ညတိုင်း နားထောင်နေ ရတဲ့ ၊ မကောင်းသတင်းတွေထဲက ၊ သတင်းဆိုး တပုဒ် အတွက် ဆို့ နင့် တတ်ဖို့ပဲ သိခဲ့တယ် ။
အဲဒီ အချိန်က ရွေးကောက်ပွဲ ကြီး ကို ၊ အောင်ပွဲ ခံ ပြီးသွား လို့ ၊  ဂန္ဓီ ခမ်းမ အစည်းအဝေး နဲ့ ဖခင် ဖြစ်သူလည်း အလုပ်တွေ ရှုပ်နေချိန် ။ နိုင်ငံရေး အခြေအနေ တွေက ၊ ရှုပ်ရှုပ်ထွေးထွေး ။ အိမ်မှာလည်း ဧည့်သည်တွေ ပြတ်တယ် မရှိ ။  ဦးမောင်ကို ရဲ့ သတင်းဆိုး အပြီး ၊ သိပ်မကြာ ဘူး။ ခရမ်း လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်း  ထောင်ထဲမှာ သေ သွားပြန်ပြီ တဲ့ ။ ရေဒီိယို ကို ပိတ်လိုက်ချိန်မှာ ၊ ဖေဖေ့ တောက်ခေါက်သံ ဟာ ကျယ်လောင် လှ တယ်။  ကျောင်းသား သမဂ္ဂ ရဲ့  ၊ ဆဲဗင်း ဂျုလိုင်  ရဲဘော် တယောက်တော့ ကျ ဆုံးပြန် ပြီ တဲ့ ။ အဲဒီ ကတည်းက ခရမ်းဦးတင်မောင်ဝင်း ဆိုတဲ့ ပုဂ္ဂိုလ်တယောက် ကို စိတ်ထဲ စွဲ နေခဲ့တယ် ။ ပိုပြီး စွဲ ရတာက ၊ သူ့ အိမ်ထောင်ဖက် ဟာ ၊ ငွေတာရီ မဂ္ဂဇင်းတွေထဲမှာ ၊ နှစ်နှစ်သက်သက် ဖတ်ခဲ့ရတဲ့ စာရေးဆရာမ ခင်လှိုင်ကြူ  ဖြစ်နေတာ လည်း တချက် ၊ နောက်ပြီး အဲ့ဒီတုန်းက  တဆည ပါတီက ၀င်ပြိုင်တဲ့ သူ့ အကိုအရင်း ဖြစ်သူ နဲ့  ခရမ်းတမြို့ နယ် တည်းမှာ ၊ မဲဆန္ဒနယ် တခု တည်းကနေ ၊ 
ယှဉ်ပြိုင်ခဲ့တယ် ဆိုတဲ့ စိတ်ဝင်စား စရာ ပြောစကားတွေ ကိုလည်း ကြားဖူး ထားတာ လည်း တချက်ပေါ့ ။
မဲလိုက် မှောင်လိုက် ၊ ရွာလိုက် ချူန်းလိုက် ၊ ကြမ်းလိုက် ထန် လိုက် ရာသီဥတု တွေ နဲ့ ပဲ ၊ နှစ်များစွာကို ကျော်ဖြတ် လာခဲ့ပြီး သကာလ ၊ အခုလို   စာအုပ်တွေ လွတ်လွတ်လပ်လပ် ထုတ်ဝေ လို့ ရ လာတဲ့ နိုင်ငံရေး နေသာသာ မှာ ၊  
ဇနီးဖြစ်သူ ဆရာမ ခင်လှိုင်ကြူ ရဲ့ “လွမ်းလေသမျှ” ဆိုတဲ့ စာအုပ်ကလေး ထွက်လာတယ် ဆိုတော့  ဖတ်ချင် နေမိရော ။ အဆင်ပြေချင်တော့ ဖေ့စ်ဘွတ်က နေ တဆင့် မိတ်ဖွဲ့ သိကျွမ်းခဲ့ ရတဲ့ ၊ သူတို့ ရဲ့ သမီး ဖြစ်သူ ၀တ်မှုံ ကြောင့် ၊  
စာအုပ်ကလေး ကို ၊ အန်တီကြူ ကိုယ်တိုင် လက်မှတ်ထိုး ပေးတာလေးကို ရ ခဲ့ တယ်။



လက်ထဲ ရောက်နေတဲ့ စာအုပ်ကလေးကို မှတ်မှတ်ရရ ၊ ဆဲဗင်းဂျုလိုင် နေ့ မှာ အသေအချာ စဖတ်ဖြစ်တယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂကြီးကို ၊ အင်မတန် တွယ်တာ လေးမြတ် ကြတဲ့ ၊ ကျောင်းသား မျိုးဆက် တခု ဟာ ၊ ၁၉ ၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့  … အတိအကျ ပြောရရင်  ၈ ရက်နေ့ မှာ ၊ မျက်ရည် ဖြိုင်ဖြိုင် ကျကြတယ် ဆိုတဲ့  အကြောင်းတွေ ကို ၊ ငယ်ငယ်တည်းက ယဉ်ပါး ကြားဖူး နေခဲ့ ပေမဲ့ ၊  ဒီ စာအုပ်ဖတ် တော့ ထပ်ပြီး  ခေါင်းတညိတ်ညိတ် ဖြစ် ရပြန် တယ်။ ဖြို ဖျက် ဖောက်ခွဲ ခံ လိုက်ရတယ် ဆိုတဲ့ ၊ သမဂ္ဂ အဆောက်အဦ ကြီးကို ၊ သူတို့ တွေ ဘာလို့ များ  အဲဒီလောက် သံယောဇဉ် ကြီးရတာလည်း လို့  ၊ နောက်မျိုးဆက် တခုထဲက နေ ၊ ပြန်လှည့် ကြည့်ပြီး ၊ အံ့သြ ရ တယ်။ တကယ်တော့ ရုပ်ပိုင်းဆိုင်ရာ အဆောက်အဦ တခု ဆိုတာထက် ၊ ကိုလိုနီ နယ်ချဲ့ လွတ်မြောက်ရေး တိုက်ပွဲ ကတည်းက ၊ ရှင်သန် နိုးကြား နေ ခဲ့တဲ့ ၊  ကျောင်းသား နိုင်ငံရေး  ဆိုတဲ့ ၊ စိတ်ဓါတ် အဆောက်အဦ ကြီးကို ၊ ထိုးခွဲ 
 ခြေမွ ပစ်လိုက်တာ ကိုး ။ အဲဒီကတည်းက ၊ စစ်တပ် နဲ့  ပြည်သူ ကြားက စည်း  ကလည်း ၊ ထူထဲ မဲနက် သွားခဲ့ပြီး ၊ အက်ကြောင်းတွေ လိုက် လာခဲ့ တော့တာ  ပဲလေ။
သမဂ္ဂ အဆောက်အဦ ကြီး ရဲ့  အပိုင်းအစ တွေ တစစီ လွင့်စင် သွားခဲ့သလို မျိုး ၊ ဆဲဗင်းဂျုလိုင် ၀ိညဉ် စိတ်ဓါတ် တွေ လည်း ၊ တနေရာစီ တနယ်အဝေးတွေ ဆီ လွင့်စင် သွားလိုက်ကြတာ နှစ်ပေါင်း နှစ်ဆယ် အစိတ် ။ ဒီကြားထဲမှာ 
အကြိမ်ကြိမ် ကုန်းရုန်းထ ကြတဲ့ အခါတိုင်းပဲ ၊ အကြိမ်ကြိမ်ပဲ ဖြိုခွဲ ခံ ရ ပြန် ။  ဒါပေမဲ့ အချိန်တန်လို့   နိုင်ငံရေး နာရီ 
လက်တံ ကြီးက ၊ ညွှန်ပြ လာတဲ့ အခါ မှာ ၊ တတိုင်းတပြည်လုံးက ၊ လက်သီး လက်မောင်း တွေ နဲ့ အတူ ၊ ပိုပြီး 
ရင့်ကျက် တဲ့ အသွင်သဏ္ဍန်တွေ နဲ့ ၊ ပိုပြီး လေးနက် တဲ့ ခံယူချက်တွေ နဲ့ ၊ သူတို့ မျိုးဆက်တွေကိုပါ အပါခေါ်ပြီး  မြန်မာ့ နိုင်ငံရေး အခင်းအကျင်း ထဲကို  ပြန်လည် ၀င်ရောက် လာခဲ့ ကြ တယ်။
ဒီ စာအုပ် ထဲ မှာလည်း ၊  မိဘ လက်ငုတ် လက်ရင်း ၊ ဆန်စက်လုပ်ငန်း ကို ပြန်ပြီး ဦးစီး လုပ်ဆောင် နေခဲ့တဲ့ ၊ ဦးတင်မောင်ဝင်း ဟာ ၊ နှစ်ပေါင်း နှစ်ဆယ် လောက် အတွင်းမှာ ၊ သူ့ ရဲ့  နဂိုမူလ  ယုံကြည် ရပ်တည်ချက် တွေအတိုင်း နေထိုင် ခဲ့ရင်း ၊ သူ့ အလုပ်သမားတွေ ရဲ့  လေးစား အားကိုးမူ ၊ သူ့ မြို့သူ မြို့သား တွေ ရဲ့ ၊ ယုံကြည် အပ်နှင်းမူ ကို ရယူ နိုင်ခဲ့တယ် ။  ရှစ်ဆယ့်ရှစ် အလွန်  ပထမဆုံး အကြိမ် ရွေးကောက်ပွဲ ကြီး မှာ ၊ ခရမ်းမြို့ ရဲ့  လွှတ်တော် ကိုယ်စားလှယ် 
အဖြစ် ၊ အကိုအရင်း ဖြစ်သူ  ဗိုလ်မှူးဟောင်း ဦးဇော်ဝင်း နဲ့  ယှဉ်ပြီး ၊ အနိုင် ရ ခဲ့တယ်။ မဲဆန္ဒနယ် မတူအောင် ပြိုင်ရင် လည်း ရပါရက် နဲ့ ၊ အကိုကြီးဖြစ်သူ ကလည်း ဒီမြို့မှာ လူရိုသေတဲ့  မဲရ နိုင်တဲ့ လူ ကြီး တယောက် ဖြစ်နေတာကြောင့် ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အကျိုး အတွက် ၊ တမင်ကိုပဲ ၊ ကျေးဇူးရှင် အကိုကြီးကို ၊ အတိုက်အခံ ပြု ပြီး   ၊ ယှဉ်ပြိုင် ခဲ့ ရတယ် လို့ ဆိုတယ် ။  တကယ်လို့များ မြန်မာပြည် ဒီမိုကရေစီ ရရှိဖို့  အရိုးတွေ တောင်လိုပုံမယ် ဆိုရင် ၊  အရိုး
တောင်ပုံ ရဲ့  အောက်ဆုံးမှာ ကျွန်တော့ အရိုး ရှိရပါစေမယ် . . . ဆိုတဲ့ မဲဆွယ် မိန့်ခွန်းဟာ ၊ သူ့ ရဲ့ အနာဂါတ်ကို နမိတ်
ဖတ် နေခဲ့သလို ၊ သူ့ ရဲ့ ပိုင်းဖြတ်မူ ကိုလည်း ၊ ရဲရင့် စေ ခဲ့တယ်။
အဲ့ဒီ အချိန်  ရှစ်ဆယ့် ရှစ် ကာလ အလွန် မှာ ၊ အိမ်ကို အလည်မဟုတ်ပဲ ရောက်လာခဲ့တဲ့ ၊ မီးခိုးရောင် အကျီ င်္ နဲ့ 
လူကြီး တယောက်ကိုလည်း  ခုထိ မျက်စိ ထဲက မထွက် ခဲ့ဘူး ။ သူ့ ဆံပင် တွေက ၊ အကျီ င်္ အရောင်ထက် ပိုပြီး ၊ မီးခိုးရောင်မှာ အဖြူ တွေ ခပ်များများ စွက်နေတယ်။ ကော်ကိုင်းမျက်မှန် အမဲ ရောင် အောက်က ၊ မျက်လုံးတွေ ကလည်း ၊ မီးခိုးရောင် မှိုင်းနေသလိုပဲ ။  တက္ကသိုလ်မှာ တုန်းက ၊ ကျောင်းသားနိုင်ငံရေး အတူ လုပ်ခဲ့ ကြတဲ့ ၊  ဖေဖေ့ သူငယ်ချင်း  ဦးညိုဝင်း က ၊ သူတို့ ထောင်မဲ့ ပီသုံးလုံး ပါတီ အတွက် ၊ နယ်တွေ ဆင်းပြီး ဖေဖေ့ကို လာခေါ်တာ တဲ့ ။ ဒါပေမဲ့ ၊ ဖေဖေ က ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှာ ပဲ ၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့  ခေါင်းဆောင်မူ ကို နာခံ ဖို့ ၊ ဆုံးဖြတ် ထားခဲ့ပြီး ဖြစ်နေတာကြောင့် ၊  လက်စွဲ နှုတ်ဆက်ပြီး ပြန်သွားတဲ့ ၊ အဲဒီ မီးခိုးရောင် မှိုင်မှိုင်း လူကြီးကို ၊ စိတ်ထဲမှာ ဘာလို့လဲ မသိ ၊ သနား နေ မိ ခဲ့ တယ်။ သူများကို မသနား ရ ဘူးလို့ ၊ ငယ်ငယ်တည်းက ၊ ဖေဖေက  ခပ်နာနာ သွန်သင်လေ့ကျင့် ပေးခံ ခဲ့ ရပေမဲ့ ၊ ရင်ထဲက သနား တာကိုတော့ သနားတယ် လို့ ပဲ ပြောရတော့မယ် ။
တကယ်တော့ အဲဒီ အချိန် ၊ ၉ ၀ ရွေးကောက်ပွဲ အတွက် ၊ ပါတီ တွေ အပြိုင်းအရိုင်း ထောင်ကြ တဲ့ အချိန် မှာ ၊ ပီသုံးလုံး ပါတီ ဟာလည်း ၊ ဦးညိုဝင်း ၊ ဦးခင်မောင်မြင့် ( တေးသံရှင် ကိုသန်းလှိုင် အကို ) ၊ ဦးလှရွှေ ( တကသ ဥက္ကဌဟောင်း )  တို့ လို  ဒေါင်ဒေါင်မြည် ဂျုလိုင်ဝိညဉ် တွေ ရဲ့  နာမယ်တွေ နဲ့ အတူ ၊ သီးသန့် ပါတီ တခု ဖြစ်လာခဲ့တယ်။ မကြာပါဘူး ၊ အဖွဲ့ ချုပ် လို  ဒီရေမြင့် အောင်ပွဲ ရ ထား တဲ့  ပါတီ တခု ကိုတောင်၊ အလေးမထား တဲ့ ၊ စစ်အစိုးရ ဟာ ၊   ဒေါင်ဒေါင်မြည် တွေကို ၊ အကျဉ်းထောင်တွေထဲ ၊ ဆွဲ ထဲ့ တော့တာပေါ့ ။  အမှောင်ထဲက အမှောင်ဆုံး အချိန်တွေ လို့ပဲ ပြောရ မလား ။ ထောင်ဝင်စာ  ကောင်းကောင်း မရ ၊ စစ်ကြောရေး ပဲ ကောင်းကောင်းကိုင် တဲ့ ၊  စစ် ထောက်လှမ်းရေး အာဏာစက် အောက် မှာ ၊ ကြယ်တွေ တပွင့် ပြီး တပွင့် ကြွေ တော့တယ်။ ကိုယ့်ကိုကိုယ် သတ်သေတယ်တဲ့ ။ ကင်ဆာ တဲ့ ။ ရောဂါကုမရ တော့ တဲ့ ။ စုံလို့ပါပဲ ။ အချိန် အစဉ်လိုက်တွေ သေချာ မမှတ်မိတော့ပေမဲ့ ၊ အဲဒီ အမှောင်ဆုံး အချိန်မှာ ကြွေခဲ့တဲ့ လူတွေကို မှတ်မိသလောက် ဆိုရင် - ဦးမောင်ကို ၊ ဦးတင်မောင်ဝင်း ၊ ဦးညိုဝင်း ၊ ဦးခင်မောင်မြင့် ၊ ပထ၀ီ တင်သိန်းမောင် ၊ ဗိသုကာ ဦးကျော်မင်း ၊မုံရွာ ဦးတင်ရွှေ ၊ ဦးအောင်မေသု ၊ ဦးလှသန်း ၊ စာရေးဆရာ မောင်သော်က ( ဦးဘသော်) ။

နိုင်ငံရေးသမားများ ၏ နောက်ဆုံးနေ့ မြင်ကွင်းများ - လေးကိုတင်

အိမ်မှာ ရှိတဲ့ ၊  ဖေဖေ့ ရဲ့  ကျောင်းသား သမဂ္ဂရှေ့က အုပ်စု ဓါတ်ပုံလေး ထဲက ၊ တချို့ နာမယ်လေးတွေ ရဲ့  နောက်မှာ ကွင်းစ ကွင်းပိတ် နဲ့ ( တောတွင်းကျဆုံး )  ဆိုတာလေး တွေ မြင်တိုင်း  စိတ်ထဲ နင့်နင့် နဲနဲ ခံစားရမြဲ ။  ဓါတ်ပုံထဲ မှာ အားလုံးဟာ နုတ်ခမ်းပါးတွေကို တင်းတင်းစေ့ လို့  သပ်သပ်ရပ်ရပ် နုနုနယ်နယ် ။ ဒီလို အရွယ်ကောင်း ပညာတတ် လူငယ်လေးတွေ ၊ တောတွင်းမှာ ကျဆုံး ရတဲ့ ၊  တရားခံ က ဘာလဲ ဆိုတာ တွေးလေ အဖြေမထွက်လေ ဖြစ်ခဲ့ရတယ် ။ ခုတော့ - တောတွင်း တင် မက ၊ ထောင်တွင်း ပါ ကျဆုံး ရ တဲ့ ၊ သူ့ မိတ်ဆွေ အရွယ်ကောင်းကြီး တွေ  အတွက် ၊ စိတ်မကောင်း ဖြစ်နေတဲ့ ဖေဖေ့ကို ၊ ဘာမှ ထပ်မမေးမိအောင်ပဲ နေ ရတယ် ။ ဦးညိုဝင်း  သတင်း ကြားတဲ့ ည က ဆို ၊ 
ဖေဖေ ဟာ ၊ တညလုံး မအိပ်ပဲ ဆေးလိပ် ထိုင်သောက်နေခဲ့တာ ကို ၊ မှတ်မိနေတယ်။
အခု ၊ လွမ်းလေသမျှ ကို ဖတ်တော့ ၊   အဲဒီ မိသားစု တွေထဲက ၊ မိသားတစု ရဲ့  ခံစားချက် တွေကို နင့်နင့်နဲနဲ အတွင်းကျကျ မြင်ရလေတယ် ။ အဲဒီ အချိန်က အကျဉ်းကျခံ နိုင်ငံရေး သမား တွေ ရဲ့ မိသားစု  ဘ၀ တွေဟာ ၊ ဘယ်လောက် ခက်ခဲ ခဲ့မယ် ဆိုတာ ၊ မှန်းဆကြည့်လို့ တောင် ရ နေမှတော့ ၊ ကာယကံ ရှင်တွေ အတွက် တော့  စာဖွဲ့ လို့ လည်း 
 ပြည့်စုံ လိမ့် မည် မဟုတ်တော့ ။ ဆရာမ ခင်လှိုင်ကြူ ကလည်း ၊ ဒီ စာအုပ်ကို ရေး ဖို့ ၊ သူ့ အတွက်  အရမ်းကို စိတ်ပင်ပန်းစွာ အားထုပ် ခဲ့ ရ တယ်လို့  ဆို တယ်။  အိမ်ကနေ ခေါ်သွားပြီး ၊ ဘယ်ရောက်လို့ ရောက်နေမှန်းမသိ ၊ ဘာသတင်းမှ မကြားရ ။  ကြားရပြန်တော့ ၊ နေမကောင်းဖြစ်နေတဲ့ ဆေးဝယ်ခိုင်းတဲ့  စာရွက်ကလေး တရွက် သာ ။ လိုအပ်တဲ့ ဆေးဝါးတွေကို  ပေးလိုက်ရပေမဲ့ လည်း ၊  ကာယကံ ရှင် လက်ထဲ ရောက်လား မရောက်လား မသေချာ ။  နောက်ဆုံး  ရနိုင်မဲ့ အကူအညီ တွေ မျိုးစုံ တောင်းပြီး ၊ ခင်ပွန်းသည် ရှိနိုင်မဲ့ ၊ အကျဉ်းထောင်ကြီး ဆီ ၊ အမောတကော . . . ဇော တွေ နဲ့  ရောက် ပြီး စောင့်ဆိုင်း နေတဲ့ အချိန် မှာ ၊  ကြားလိုက် ရ တဲ့ သတင်းက ၊ မနေ့ ကပဲ ဆုံးသွားပြီ မို့ ၊ ရေခဲတိုက် ကို လိုက်ခဲ့ဖို့ - တဲ့ ။  အိမ်က အကောင်းအတိုင်း ထွက်သွားပြီး ၊ နှစ်လ ဆိုတဲ့ အချိန်လေး အတွင်းမှာ ၊  ပိန်ချုံး နေတဲ့ 
ခင်ပွန်းသည်ကို ၊ ခေါင်းတလား ထဲ မှာ ၊ ပြန် တွေ့ ရ တဲ့ ၊ ဇနီးသည် တယောက် ရဲ့ ၊ ခံစားချက် ။  နာရေး ကြော်ငြာ ထဲ့ပုံ ထဲ့ နည်းက အစ ၊ ဈာပန အစီအစဉ် မကျန်  ၊ အုတ်ဂူမှာ  နာမယ်ထွင်းထု တာ အဆုံး ၊ ထိန်းချုပ် ကန့်သတ် ခံ ခဲ့ ရတဲ့ ၊ မိသားတစု ရဲ့ ၊ နာကြင် မျိုသိပ်ခဲ့ ရ မူတွေ ။   ထောင်အရာရှိ တွေ က ၊ ကင်ဆာ ကြောင့် သေတာ လို့ ဆိုသည်။ သူမ ရဲ့ ခင်ပွန်းသည် ဆီကို နှစ်လ အတွင်း ရောက်လာခဲ့တဲ့ သူမ ဘယ်တုန်းကမှ မသိ ခဲ့တဲ့ ကင်ဆာ ဆိုတာကြီးကို ၊ နာကျင်လှစွာ ရွတ်ဆိုခဲ့တဲ့ သူမ ရဲ့ နောက်ဆုံး နှုတ်ဆက် စကား လေး က ၊ 
ကြယ်ကြွေတာ ကင်ဆာတဲ့လား ... ကင်ဆာ ကျဆုံးပါစေ .... တဲ့ ။
အထူးသဖြင့် ၊ ဆယ်တန်း စာမေးပွဲ ဖြေဖို့ ၃ လ ပဲ လိုတော့တဲ့ ၊ သမီးကြီး ဖြစ်သူ ရဲ့ ၊ စိတ် အနာတရ တွေကို ၊ အရွယ်တူ ခြင်း ၊ သူ့နေရာမှာ ၀င်ပြီး ကိုယ်ချင်းစာ ကြည့်ယုံ နဲ့ တင် ၊ ခက်ခဲ ပင်ပန်း လှ ပြီ ။  ထောင်အရာရှိ တွေ အားလုံး ရှေ့ မှာ ၊ နံရံ ပေါ်က ၊ ဦးနေ၀င်းကြီး ရဲ့  ဓါတ်ပုံကြီး ကို ၊ လက်ညှိး ထိုးပြီး ၊ ဒီလူကြီးကြောင့် ကျမ အဖေ သေတာ လို့ ၊ 
 ပေါက်ကွဲ အော်ဟစ် ငိုယို ခဲ့တဲ့ ၊ ၁၅-၁၆ နှစ်  အရွယ် ကလေးမ လေး တယောက် နဲ့ အတူ လိုက်ပြီး ကြေကွဲ တုန်လှုပ်လို့ ။ စိတ်ဒုက္ခ ခံစားနေရ တဲ့ မိခင်ကို ၊ ဖေးမ အားပေး နိုင်ခဲ့တဲ့ ၊ ဆယ်ကျော်သက် မိန်းကလေး တယောက် ရဲ့ ၊ စွမ်းရည်ကို လည်း  မအံ့သြ ပဲ မနေနိုင် ။  ဒါတောင် ဆယ်တန်းကို ဂုဏ်ထူး ၅ ခု နဲ့ အောင် အောင် ဖြေပြ နိုင်ခဲ့တဲ့ ၊ ၀တ်မှုန် ကို ၊ ကျိတ်ပြီး ချီးကျူး နေမိတယ်။
ဆရာကြီးတင်မိုး ရဲ့  ဦးတင်မောင်ဝင်း အတွက် ဂုဏ်ပြု ကဗျာလေး ထဲက  “ လွမ်းလေသမျှ” ဆိုတဲ့ စာသားကလေး ကို ယူထားတာ နဲ့  လိုက်ဖတ်အောင်ပဲ ၊ ဆရာမ ခင်လှိုင်ကြူ ရဲ့ ၊  ခံစားချက်တွေ ဟာ  ၊ နာကျင်မူတွေကြားထဲကနေ ၊ အတိတ်လှလှ လေးတွေ ကိုလည်း ၊ ပြန်ပြောင်း ရောယှက် လွမ်းဆွတ် ထားလေတယ်။  ဆရာမ ရဲ့ ၊ မေတ္တာ ဖွဲ့  ၀တ္တုလေး တွေကို ၊ ပြန်ပြီး သတိရ စေ တဲ့ ၊ အပိုင်းတွေ လို့ပဲ ပြောရမယ်။
စာအုပ်ရဲ့ မျက်နှာဖုံးက ၊ ပန်းချီ ရွှေစိုးဟန် ရဲ့ ၊ လက်ရာ ဦးတင်မောင်ဝင်း ပုံတူ ကို ၊ စာအုပ်ဖတ်ကာစ က ၊ အမူမဲ့ 
အမှတ်မဲ့ ပေမဲ့ ၊ ဒီပုံတူ ဟာ ၊ ဦးတင်မောင်ဝင်း သက်ရှိ ထင်ရှား ရှိစဉ်ကတည်း ၊ ခင်မင်လေးစားမူ နဲ့ အမှတ်တရ  ဆွဲပေးခဲ့တဲ့ ၊ အဓိပ္ဗါယ် ဖွင့်ဆို မထားတဲ့  ပုံလို့ ဆိုတာကြောင့် ၊ စာအုပ် ဖတ်အပြီးမှာ ၊ အသေအချာ ပြန်ကြည့် ဖြစ်တယ်။ ပြောသလိုပဲ ၊ အစက်အပြောက်တွေ နဲ့ ပုံဖော် ထားတဲ့ ၊ ဦးတင်မောင်ဝင်း ရဲ့ ၊ နှုတ်ခမ်းပါးပါး တွေ ထဲမှာ ၊ အတိတ် သမိုင်းရဲ့ သက်သေ တချို့ကို  ၊ မြင်ရတယ်။ တစွန်းတစ ပဲ ဆွဲထားတဲ့ ကြယ်ဝါ၀ါ ကြီး ထဲမှာ ၊ အနာဂါတ် ရဲ့  မသေချာမူ တွေက ၊ ကွက်လပ် ဖြစ်နေ သေးတယ်။
ဒီ စာအုပ်လေး အကြောင်းကို ၊ တခုခု ရေးမယ် လို့ ၊ စ ထားပြီး ၊ ချက်ခြင်း အဆုံး မသတ် နိုင် ခဲ့ဘူး ။ အခု လို ၊ သမိုင်း နာရီ လက်တံ ကြီး ၊ နောက်တပတ် ထပ်တရစ် တိုး ပြန်လို့ ၊  မြန်မာ့ ဒီမိုကရေစီ ရွေးကောက်ပွဲ ကြီး နောက်တခု 
လည်း ၊ အသစ်တဖန် ပြန်စ တော့မယ် ဆိုတဲ့ အချိန် မှာ ၊  အတိတ်က နာကျင်စရာ သမိုင်းတွေကို ၊ အဆုံးသတ် ရ တော့မလား လို့ ၊  တွေဝေ နေလျက်က ၊ ဒီ စာလေးကို လည်း အဆုံးသတ် ဖြစ်တော့တယ် ။  
တံတားကြီး  အောက် ကတော့ ၊  ရေတွေ စီးသွား ခဲ့ ပါပြီ ။ ကမ်းနဖူးက  စိမ်းမြ ရွက်သစ်တွေ ဖားဖားဝေ အောင် ဖုံးနေတဲ့ အပင်ကြီး ကို လှမ်းငေး ရင်း ၊ ဦးတင်မောင်ဝင်းပေါင်း များစွာ ရဲ့  အရိုးတွေ အတွက် ၊ ကျေးဇူး တွေ အထပ်ထပ် တင်နေမိ တယ်။
ကေသွယ်
၂၈ ဇူလိုင်
ဆက်စပ် ဖတ်ရန်- လွမ်းရက်ရှည်ရှည်


Share/Bookmark

0 Comments: