ရောက်ခဲ့ဖူးတဲ့ ပြတိုက် များ


 

ခန့်ညားဝင့်ထယ် လှတဲ့ တိုင်လုံးကြီးတွေ နဲ့ ရောမဟန် ဆောက်လုပ်ထားတဲ့၊ လန်ဒန်မြို့ရဲ့ ကမ္ဘာကျော် ပြတိုက် ကြီး ထဲကို  ၀င်ဖို့၊  လှေကားကျယ်ကြီး တွေ ပေါ် အရင် မတက်နိုင်သေးပဲ၊ အရှေ့က နေပြီး၊ မော့ကြည့်နေမိ သည် ။ ဒီနေရာကြီး ကို ရောက်ဖူးချင် နေ ခဲ့တာ လေ။

ပြတိုက်၊ ပြခန်း တွေ ကို၊ ကြည့်ချင်၊ ကြည့်တတ် လာခဲ့သည် မှာ၊ အသက်အရွယ်ကြောင့် ချည်း သက်သက် တော့ မဖြစ်နိုင်။ သမိုင်း တွေ ကို၊ စိတ်ဝင်စား လာ လို့ လည်း ၊ ဖြစ်နိုင်သည်။ နေရာ အသစ် တခု ကို ရောက်ပြီ ဆိုတာနဲ့၊ အဲဒီ ဒေသ နေရာ အရပ်က ၊ ပြတိုက် ကို၊ သွားကြည့် ဖြစ်အောင် ကြည့်ဖို့က၊ တာဝန် တခု လို ဖြစ်လာသည်။ အဲဒါမှ၊ ဒီဒေသ ၊ ဒီလူတွေ ရဲ့ နောက်ခံ ဇစ်မြစ်ကို သိရှိ နားလည် နိုင်မှာ မဟုတ်လား။ 

အခု ဗြိတိသျှ ပြတိုက်ကြီးကတော့၊ ဒီဒေသ ဒီနိုင်ငံ အတွက် တင် မဟုတ်ပဲ၊ တကမ္ဘာလုံးက၊ လူသား ၀န်းကျင် သမိုင်း ဖြစ်စဉ် အထွေထွေ ကို၊ စုဆောင်း ခင်းကျင်း ထား လေ တာ မို့၊ ဘယ်လောက်တောင် စိတ်ဝင်စား ရင်ခုန် ဖို့ ကောင်းမလဲ ဆိုတာ၊ စဉ်းစားသာ ကြည့်ပေတော့။

အသက်ကို ခပ်ပြင်းပြင်း ရှု လိုက်ရင်း၊ လူတွေနဲ့ ပြည့်ကျပ် နေတဲ့၊ ၀င်ပေါက် ကြီး ဆီ၊ လှေခါးထစ် တွေပေါ်၊ ခပ်မြန်မြန် တက်လိုက်သည်။ ဟုတ်သည်။ မြန်မှ ဖြစ်မည်။ အကြာကြီး မှင်သက် ငေးမော နေလို့ မဖြစ်။ လန်ဒန် ကို ၀င်လည် ခွင့် ရတဲ့၊ အချိန်လေး တရက် နှစ်ရက် ထဲမှာ...လက်ညိုးထိုးမလွဲ၊  ကြည့်စရာ ရှုစရာတွေ ၊ သွားစရာ လာစရာတွေ ကို၊ အချိန်ဇယား ဆွဲ တော့၊ လန်ဒန်ပြတိုက် ကြီး အတွက်၊ သုံးနာရီ လောက် ပဲ အချိန် ရသည်။ အဲဒီတော့ “အိုကေ..အီဂျစ် နဲ့ အာရှ ပဲ ကြည့်ကြမယ်လို့..” အချိန်ဇယား ကို ထပ်ချုံ့ရသည်။ နောက်မို့သာဆို၊  သူတို့ အဆို အရ ၊ ဒီပြတိုက် မှာ၊ လက်ရာပစ္စည်းပေါင်း ၆ သန်းခွဲ ရှိပြီး၊  တခုကို  စက္ကန့် ၆၀၊ တမိနစ်လေး ပဲ ၊ ကြည့်ဦးတော့၊  မနားတမ်း ဆက်တိုက် ကြည့်ရင်တောင်၊  ၁၂ နှစ် ကြာသွားနိုင်တယ်တဲ့ လေ။

အာရှ ကိုတောင်၊ အရှေ့တောင် အာရှ နဲ့ တင်၊ အချိန် တော်တော် ပေး ရသည်။ အရှေ့တောင်အာရှ မှာတောင်၊ မြန်မာ ပစ္စည်းတွေ အနားမှာ က၊ ခွါမရ ။ ၀င်ဝင်ချင်း မှာကို ထီးထီးမားမား တွေ့လိုက် ရတဲ့၊ ရတနာတွေ စီခြယ်ထားတဲ့၊ ကုန်းဘောင်ခေတ် ဗမာ့ ဆွမ်းအုပ်ကြီး နဲ့တင်၊ ကျေနပ် ပီတိ တွေက၊ တသိမ့်သိမ့်။ ဘာတွေကို သိမ့်နေ မိပါလိမ့်။ တကယ်ဆို ဒီ ဆွမ်းအုပ်ကြီးက၊ မြန်မာပြည်က အမျိုးသားပြတိုက် မှာ ရှိနေသင့်တာမဟုတ်လား ဆိုရင်တော့၊ ကိုယ်တိုင် လည်း အသေအချာ ညင်းချက် မထုတ်နိုင်။ ဒါတွေက စစ်သိမ်း စစ်နိုင် ပစ္စည်းတွေ ။ ရခိုင်က စစ်သိမ်း လာ တဲ့၊ မဟာမြတ်မုနိ ဘုရားကြီးတောင်၊ မန္တလေး မြို့လည်မှာ၊ တင့်တယ် စံပါယ် နေသည်မှာ၊ နှစ်တွေ ကာလတွေ ဘယ်လောက် ကြာခဲ့ပြီလဲ။ အခု ဒီမှာ လည်း၊   လော့ဒ်မောင့်ဘတ်တန် သာ၊ လက်ဆောင် အဖြစ် ပြန်မပေး ခဲ့ရင်၊  သီဟာသန ပလ္လင်ကြီး ဘယ်နေရာ မှာ ရှိနေလိမ့် မလဲ လို့၊ အတွေးပို ကြည့် ဖြစ်အောင် ကြည့် လိုက်သေးသည်။

တနေရာမှာတော့၊ လှိုက်ကနဲ ဖြစ်သွားပုံက၊  ဆွေမျိုး သားချင်း တယောက်ကို မမျှော်လင့်ပဲ တွေ့လိုက်ရ သလို ။ တွေ့လိုက်ရတာက၊ မုန်ဗုံး ထဲ မှာ ဘောင်ခတ် ထဲ့ ထားတဲ့ ၊ ၀ိုင်းဝိုင်းစက်စက် မြန်မာ စာလုံးလေး တွေ ။ ရေးထားတဲ့ စာ ကလည်း၊ ငယ်ငယ်ကတည်းက၊ ကျက်မှတ် ရွတ်ဆို အလွတ်ရ လာခဲ့တဲ့၊ မြန်မာ ရှေးကဗျာလေး။ အိန္ဒိယ ရဲ့ ပင်ရင်း အက္ခရာ စာလုံး များ ဆိုတဲ့ အုပ်စု အောက်မှာ၊ ယှဉ်တွဲ ပြီး မြင်လိုက် ရတဲ့၊ ၀န်းဝန်း ၀ိုင်းဝိုင်း အခက် အလက် အစုံ နဲ့၊ အရှေ့တိုင်း အက္ခရာ လေး တွေ။  ဘင်ဂါလီ၊ တိဗက်၊ တမီးလ်၊ ဆင်ဟာလိ ၊ မြန်မာ။ နေပါအုံး.. ထိုင်း စာ အက္ခရာ တွေ လည်း၊ အဲဒီလို ၀န်းဝန်း ၀ိုက်ဝိုက် ကလေး တွေနဲ့ ပါဌိပါဉ်သား တွေ သုံးတာပဲ မဟုတ်လား ။ ဘာလို့ မပါသလဲ  မသိ ။ ထားတော့။ ကိုယ် နားလည် တဲ့ ပညာရပ် တွေ မဟုတ်။








 မြကန်သာ၊ တောင်ကျချောင်းတေး
ရေ၀င်ပြေးလှည့်၊ ရေအေးကြည်စွာ
ကန်ပိုင်မာလျက်၊ ကြာပေါင်းထုံထုံ
ငှက်မျိုးစုံသည်၊ ဘုံဝတိံ သာ
နန္ဒာပေလော၊ တူစွဟုတ္တာ။ 


ကဗျာလေးကို၊ ပြန်ရွတ်ဆို ကြည့်မိသည်။ ရိုးရှင်းသလောက် ၊ ခမ်းနားသော ရှေးမြန်မာကဗျာကလေး။ စပ်တဲ့သူကို၊ အမည်မသိ။ ခေတ်က၊ ၁၁ ရာစု ဆိုတော့၊ ပုဂံခေတ် ထဲ က၊ ကျကျန်ခဲ့သော၊ စာတို ကလေး ဖြစ်မည်ပေါ့။ မှန်နန်းရာဇ၀င် ထဲမှာ ပါတဲ့၊ တူရွင်းတောင်ခြေ က၊ မြကန် ပဲ၊ဖြစ်လိမ့်မည်။ ဘေးက ကပ်ရပ် အင်္ဂလိပ် ဘာသာပြန် ကရော.. ဘယ်သူ ပြန်ဆို ထားသည် လည်းမသိ။

-Emerald lake- 
fed by a mountain stream, 
the waters enter running,
and circle cool and clear,
within unbreachable banks,

water lilies are fragrant
and all types of birds abound.
This is so like Nanda
that is in the heavens,
is this perhaps the self-same Nanda lake?

Unknown
11th century

အင်္ဂလိပ် ဘာသာပြန်ကလေး ကို ဖတ်နေရင်း၊ အတွေး မှတ်ညဏ် တချို့၊  ဖြပ်ကနဲ လင်းလာသည်။ ဒီအင်္ဂလိပ် ဘာသာပြန်ကလေး သည်၊  မြန်မာပြည် အိမ်က၊  စာအုပ်စင်ပေါ်မှာ ရှိတဲ့၊  စာရေးဆရာကြီး ဦးဝင်းဖေ(မြဇင်) ရဲ ‘ မြကန်သာ’ အင်္ဂလိပ် ဘာသာပြန် ကဗျာ ပေါင်းချုပ် စာအုပ် ကလေး ထဲက၊ မဟုတ်လား။ ၊ ဒါတွေ ဟာ၊ တကယ်တော့၊  မြန်မာ ရှေးကဗျာ စာပေ တွေ ကို၊ ခက်ခက်ခဲခဲ ထဲထဲ ၀င်ဝင် ၊ ဘာသာ စကား ဆင့်ပွား ပြန်ဆို ခဲ့ ကြတဲ့၊ မြန်မာ စာဆို ပညာရှင်ကြီးတွေ ရဲ့၊ နရီ ကာရန် အသံ ဖလှယ်မူ ဘာသာစကား အလှ တွေပဲ ။ ဦးဖေမောင်တင်၊ မောင်ဖြူး၊ မောင်ထင်၊ မင်းသုဝဏ်၊ ဇော်ဂျီ က စလို့ ၊ အခု ဦးဝင်းဖေ တို့ ပါရဂူ တို့လို  ဘာသာစကား ကျွမ်းကျင်ပိုင်နိုင် တဲ့ စာဆို ပညာသည်တွေ အထိ ... သူတို့တွေ၊ ၀တ်မှုံ ထုံကူး လက်ဆင့်ကမ်း ခဲ့ ကြရင်းနှင့်ပင်၊  ရှင်မဟာ ရဌသာရ၊ လက်ဝဲသုန္ဒရ၊ နတ်သျှင်နောင်၊ မြ၀တီဦးစ ၊ မမြကလေး ၊ လှိုင်ထိပ်ခေါင်တင် စတဲ့၊ နန်းသုံးတော်ဝင် ရှေးမြန်မာ ကဗျာ စာဆိုကျော် တွေ ရဲ့ ၊  မြန်မာ စာလုံး ၀န်းဝန်း ၀ိုင်းဝိုင်း လေး တွေ သည်၊ ဘာသာဗေဒ စည်းဘောင်ကို လွန်မြောက် နိုင်ခဲ့ ကြသည်။ တဂိုး လို စာဆိုကြီးတွေရဲ့ ဘင်္ဂါလီ အက္ခရာ စာလုံး သွယ်သွယ်ယွန်းယွန်း တွေ က၊ မြန်မာအက္ခရာစာလုံး တွေ အဖြစ်၊ ပြည့်ပြည့် ၀န်းဝန်း ထွန်းလင်း ခဲ့ ရသည်။ လယ်တီဆရာတော် လို၊ ဦးဖေမောင်တင် လို ပညာရှိ တွေ ကြောင့်၊ အနတ္တလက္ခဏာကျမ်း လို မှန်နန်းရာဇ၀င် လို ၊ ပါဠိ စာပေ ၊ သင်သက်ကရိုက် အက္ခရာ တွေက ၊ ရောမအက္ခရာ အင်္ဂလိပ်စာ တွေ အဖြစ်၊ ကျယ်ပြန့်ခဲ့ရသည်။

စာပေ အက္ခရာ သင်္ကေတ တွေ ဆိုတာ၊ အသံ ဘာသာ စကား ထက် ပိုပြီး ထူးခြားနေတဲ့ အပြင်၊  အမြဲ တွဲလျက် လည်း မရှိ နိုင်ဘူး ဆိုတဲ့  အကြောင်းရင်း တွေ ကို၊ စေ့ငု နေမိသည်။ အကြမ်းဖျင်း အားဖြင့်တော့၊ ယဉ်ကျေးမူ လူ့သမိုင်း တခု ရဲ့ အကျယ်အပြော အတိမ်အနက် ကို ချင့်တွက် ကြည့် နိုင်သည် မဟုတ်လား။ ဒါဆိုရင် ၊ သမိုင်း ဆိုတာ၊ စာပေပညာရှင်တွေက ဖော်ညွှန်းခဲ့ တာလား.. စစ်သေနာပတိ ကြီး တွေက ပုံဖော် ခဲ့တာလား... ရှင်ဘုရင် အကြီးအမှူး တွေက ကြံစည် ခဲ့တာလား..အနုပညာသည် တွေ ၀န်းရံ တည်ဆောက် ခဲ့တဲ့ ယဉ်ကျေးမူ တွေ ပဲ လား...။ ယဉ်ကျေးမူ နဲ့ သမိုင်း  ဆိုတာ ...ခွဲခြားလို့ မှ မရတာပဲ။

အဲဒီလို..ယဉ်ကျေးမူ နဲ့ သမိုင်း တွေ ဆင့်လောင်း ပေါင်းစပ် ထား တဲ့၊ အမျိုးသားယဉ်ကျေးမူ သမိုင်း ပြတိုက်ကြီး နောက်တခု ကို ၊ မနှစ်နွေ ကပင်၊ ရောက်ခဲ့ သေး သည်မဟုတ်လား...။

++++++++ 
 ပြည်လမ်း ပေါ်မှာ ရှိတဲ့၊ ပြတိုက်သစ် ကြီး ရဲ့ အရှေ့က၊ ၀င့်ကြွားဟန်ပို လှ တဲ့၊ ယောင်တစောင်း နဲ့ အရုပ်ကြီး သည်၊ ဓါးကြီးကို ခါးကြားချိတ်လျက်... မြန်မာ့ အမျိုးသား ယဉ်ကျေးမူ တွေကို ၊ စောင့်ရှောက် နေ လေဟန်...။

သူကသာ ဓါးကြီး ခါးကြားချိတ်စောင့် နေပေမဲ့.. ပြတိုက်ကို လာသူက၊  လောလောဆယ်၊ အ၀င်ပေါက်မှာ..ကိုယ် တယောက်ထည်း..။ အထဲမှာတော့..မိန်းကလေး တအုပ် ကို လှမ်းမြင် လိုက်သည်။ ခြောက်သွေ့ တိတ်ဆိတ်နေတဲ့..နွေနေ့လည်ခင်း တခု အောက်မှာ..သက်တောင့် သက်သာ ထိုင်ရင်း စကားပြောနေကြတဲ့ အစောင့် ၀န်ထမ်း သုံး -လေးယောက် ရဲ့  ခပ်အုပ်အုပ် ရီမောသံက လွဲလို့ သစ်ရွက် ခြောက်သံ တွေ သာပဲ   ခပ်ရှဲရှဲ ။ စိတ်ပျက်စရာ ကောင်းတာက  အထဲကို ကင်မရာ သယ်ခွင့်မရ ။ ဘာဆို ဘာမှ မသယ်ရ တဲ့ ။ အဲဒီတော့လည်း  ၀င်ကြေး ၅၀၀ ကျပ်ပေးပြီး လက်ဗလာ  မျက်စိကင်မရာ နဲ့သာ  ရိုက် ရ တော့ သည် ။ 

ဝင်ဝင်ချင်း အခန်းမှာ၊  မှန်ဘောင်အသီးအသီး ခတ်ပြီး ချိတ်ဆွဲ ပြသ ထားတဲ့ ၊ ခေတ်နှောင်း ၊ ခေတ်ဟောင်း၊ ခေတ်ပေါ်၊ ခေတ်ပြိုင် စာရေးဆရာ တချို့ ရဲ့ မြန်မာ စာ လက်ရေးမူ တွေက၊ ၀န်းပုံ ၀ိုက်ပုံ အမျိုးမျိုး၊ ဆွဲပုံ သတ်ပုံ အခြားခြား ။ မှတ်ချက် စာတို လေး တွေ တခုစီ နဲ့။ အဲဒါတွေ အားလုံး ရဲ့ ကြားထဲ မှာ၊ ထင်ထင်ရှားရှားကြီး ရှိနေတဲ့ ၊ ဆရာကြီး ဦးဖေမောင်တင် ရဲ့ ကြေးရုပ်တု က၊  မြန်မာ့စာပေ ကို ၊ ဘာသာဗေဒ အချုပ်အနှောင်က ၊ ဖြေလွှတ် နိုင်ခဲ့ ခြင်း ရဲ့ အစ ပေ ပဲ လား ။  
အဲဒီအခန်း နဲ့ ကပ်ရပ် ၊ ၀ါညိုညို အလင်းရောင် ခပ်မှိန်မှိန်သာ ပေးထားတဲ့  အခန်းကြီးထဲကို ရောက်သွားတော့၊ ကျောထဲမှာ စိမ့်တက်သွား သည်။  နီကျင်ကျင် ဟင်္သာပြဒါး တွေ ပေါ်မှာ၊ ရွှေရောင်တွေ  လွင့်ပျယ်စ ပြုနေတဲ့  သီဟာသန ပလ္လင်ကြီး က၊ ခန်းလုံးပြည့် ။ လန်ဒန်ပြတိုက်ကြီး ဆီ သယ်ယူ သွားပြီး မှ ၊  မြန်မာပြည်ကို ပြန်ပြီး ၊ လက်ဆောင် ပို့ပေး ခဲ့တဲ့၊ ဘိလပ်ပြန် ပလ္လင်ကြီးလေ။ သီပေါဘုရင် စစ်မရှုံးခင်က တော့ အာဏာ စက် တွေ ထက်ရှ ခဲ့မဲ့ ၊ ထိုင်ခံ ကြီးပေါ့။   ဒီ ရာဇပလ္လင်ကြီးပေါ်ကနေ   တောင်စွယ်နေကွယ်မှာ သတ်စေ... လို့ ၊ အသက်တွေ ဘယ်လောက်များ သေခဲ့ ကြရ မလဲ ။ ဒီပလ္လင်ကြီးရဲ့ အောက်ကနေ ၊  အသနားခံနေတဲ့ မျက်နှာတွေ ၊  ပြုံးပျော်ကျေနပ်နေမဲ့ ချီးမြှင့် မြှောက်စားမူတွေ ၊ကွယ်ဝှက် ဖုံးဖိ မြိုသိပ်ထားတဲ့ ရွံရှာ စက်ဆုပ်မူတွေ ၊ မော်ဖူးနေတဲ့ အလိမ်အညာ လက်စုံမိုး တွေကို  မြင်ယောင် ခံစားကြည့် တော့.... သမိုင်း ရဲ့ အရသာ ဆိုတာ  ဒါပဲ ထင်ပါရဲ့။

နေအုံး .. အာရုံထဲမှာ စွဲထင်ကျန် နေခဲ့တဲ့ ၊ ဒီလို ပလ္လင်ကြီး နောက်တခု ရှိသေးသည်။ အဲဒီ တရုတ်နိုင်ငံ ပီကင်းမြို့တော် က၊ ပလ္လင်ကြီးဆီ ကိုတော့၊ လူကိုယ်တိုင် ရောက်ခဲ့ ခြင်း မဟုတ်။ နောက်ဆုံးဧကရာဇ်ကလေး ပုရီ က၊  အမြင်အာရုံတွေက တဆင့် ခေါ်သွားခဲ့ ခြင်းသာ။ စစ်တင်မက၊ စနစ်ပါ ရှုံးသွားခဲ့တဲ့၊ တရုတ် ပဒေသရာဇ် တွေရဲ့ နောက်ဆုံး ဘုရင် ကလေး ခမျာ၊ သူ ထိုင်ဖူး ခဲ့တဲ့၊ ပလ္လင်ကြီးဆီကို၊ စက်ဘီးကလေးစီးပြီး ၊ မကြခဏ လာကြည့် တတ်သည်။ လူလစ်တဲ့ အချိန်  ပလ္လင်ကြီးပေါ်ကို တက် ကြည့်ဖို့ ကြိုးစားနေတုန်း အနားကို ရောက်လာတဲ့ ကျောင်းသားငယ်လေး တယောက်ကို ဒါ သူ ငယ်ငယ်က ထိုင်ဖူးတဲ့ ပလ္လင်ကြီး လို့ ပြောတော့ ယုံကြည်စရာ ဘယ်မှာ ရှိမလဲ။
 ပုရီ အတွက်တော့..သမိုင်းဆိုတာ...မယုံနိုင်စရာ လောကဓံ တရားရဲ့ အလှည့်အပြောင်းတွေ။

ဒုတိယ ထပ်က   မြန်မာ့ ဂီတ ပစ္စည်းတွေ  တိုင်းရင်းသားရိုးရာ အသုံးအဆောင်တွေက  စိတ်ဝင်စားစရာ မကောင်းလှ  ပြခန်း သက်သက် သာ ၊ ဆန်လှသည်။ လူခြေ လည်း ပိုပြီး တိတ်ဆိတ်နေသည်။  အခန်း အပြင် ထောင့်တနေရာ မှာ  အရောင်မှိန်မှိန် ရိုးရိုးအ၀တ်အစား သနပ်ခါးဘဲကြား နဲ့  ၀န်ထမ်း အမျိုးသမီး တယောက်  နေ့လည်စာ စားပြီးစ ထင်ရဲ့.... ထမင်းချိုင့်တွေကို စီရင်း လက်သုတ်ဝတ် တချို့ကို  ပြတင်းသံဇကာမှာ နေလှမ်းနေသည်။ ခပ်လှမ်းလှမ်း  အတွင်းကျကျ  ထောင့်တခု ရဲ့  ခုံတန်းရှည်တခု ပေါ်မှာတော့   စွပ်ကျယ် ၀တ်ထားတဲ့ ၀န်ထမ်း အမျိုးသား တယောက် လဲလှောင်း အိပ်စက်နေလေရဲ့။

အသိတယောက်က  ဓါတ်လှေခါး မသုံးနဲ့ လို့  သတိပေးတာကြောင့်  တတိယထပ်ကို တက်ဖို့ လှေခါးနား အရောက်မှာ  နိုင်ငံခြားသား အဖွဲ့တဖွဲ့ တက်လာတာကို မြင်လိုက်သည်။ တချို့က အနားက သန့်စင်ခန်းထဲ ကို ၀င်သွားကြတယ်။ အဲဒီတော့မှ  “နိုင်ငံခြားသားများ အတွက်သာ” ဆိုတဲ့.. သန့်စင်ခန်း ရဲ့ ဆိုင်းဘုဒ်လေး ကို သတိထားလိုက် မိသည်။

တတိယထပ် မှာက   နန်းတွင်း အသုံးအဆောင်  ရတနာ စိန်ကြုပ်  ပချုပ် အုပ်ခွက် တွေ။ ကတ္တီပါခင်း မီးထိုး ထားတဲ့ ၊ ပြခန်း ပြတင်းလေး တခု ပေါ်က၊ အမျိုးအမည် မခွဲခြားတတ်တဲ့ ၊ ရတနာစိန်ကျောက်တွေ အပြည့် နဲ့ နန်းသုံးပစ္စည်း တခု ရဲ့ နောက်မှာ၊ ၀န်ထမ်း တယောက် ထင်ပါရဲ့ ..  မီးကြိုးတွေ အေးအေးလူလူ တယောက်တည်း ပြင်နေတာ တွေ့ရသည်။ ဒီပစ္စည်းတွေ ရဲ့ လုံခြုံရေးက ၊ ဒီလောက်တောင်ပဲ စိတ်ချ လွယ်ကူ စရာ ကောင်း နေ လို့လား... ဒါမှ မဟုတ်... စိတ်ချ လက်ချ ထားနိုင်တဲ့ ရတနာ စိန်ကျောက် တွေပဲ မို့လား   တော့ မသိလေ။

ဧပြီလလယ် ရဲ့ နေ့လည် နေ အပူရှိန် က ၊ ပြင်းလှသည်။   စတုတ္တထပ်ကို ရောက်တော့ ချွေးစီးတွေ ပြန်လာလို့ ၊ လေအေးပေးစက်ကြီး နားမှာ ခဏ သွားကပ်နေ ရ သည်။ ဒီ အထပ်မှာက ၊ ပန်းချီ လက်ရာတွေ ဆိုတော့ ၊ အချိန်ယူပြီး ကြည့် ချင်သည်။ ဦးဘကြည်  ဦးငွေကိုင် က စလို့   ခေတ်ပေါ် ပန်းချီလက်ရာတွေ အထိ အတော်တော့ စုံလှသည်။ အပူ ပြင်းထန်၊ စိုထိုင်းဆ မြင့်လွန်းတဲ့ ၊ ရန်ကုန် ရာသီဥတု နဲ့ ၊ ဒီလို ဒီလောက်ပဲ ထိန်းသိမ်းထားနိုင်မယ် ဆိုရင်တော့ ၊   ပန်းချီကား တွေ  ကြာရှည်ခံပါ့မလား လို့၊ ပူမိပြန်သည်။
အပေါ်ဆုံးထပ်ကို ဆက်မတက်ချင်တော့။ အောက်ထပ်ကို ပြန်ဆင်းလာခဲ့သည်။ အောက်ဆုံးထပ်က၊ လက်မူပစ္စည်း အရောင်းဆိုင်လေးထဲ မှာ၊ မြန်မာတီးလုံးသံ လေး ခပ်ငြိမ့်ငြိမ့် ပြန့်လွင့်နေသည်။  အခုန အပေါ်ထပ်မှာ ဖြပ်ကနဲ သာ မြင်လိုက်ရတဲ့  နိုင်ငံခြားသား ခရီးသွားအုပ်စုက၊ ဟောဒီ အောက်က ဆိုင်မှာ ၊  ပစ္စည်းတွေ လျှောက်ကြည့် နေကြ တာပါလား။ သူတို့ အတွက်၊ အပေါ်ထပ်တွေ မှာ၊ ဘာမှ စိတ်ဝင်တစား အချိန်ပေး ကြည့်ရှုချင်စရာ မတွေ့ ကြဘူး ထင်ပါရဲ့။

++++++
အိတ်ထဲက ၊ ဖုံးမြည်လာတော့ မှ၊ ပြတိုက်ထဲက  ထွက်ဖို့ အချိန်တန် ပြီ ဆိုတာကို ၊ သတိ ထားလိုက်မိသည်။ ညနေ ၅ နာရီမှာ၊ လန်ဒန်က မိတ်ဆွေ တယောက် နဲ့ ပြတိုက် အထွက်မှာ ဆုံဖို့ ချိန်းထားသည်။  လေထု ကို ထိန်းညှိ ထားတဲ့ စိမ့်အေး နေတဲ့ ပြတိုက်ထဲ မှာ၊ အခုမှ ချမ်းဖို့ သတိရ လာသည်။ ပခုံးပေါ်မှာ တင်ထားတဲ့ အနွေးထည် ကို၊ လက်လျှို ၀တ် လိုက်ရင်း ၊ မြကန်သာ ကဗျာ လေး ကို၊ ဓါတ်ပုံ ရိုက်ဖို့ကို လည်း၊ ကံကောင်းလို့ ၊ ခုမှ သတိရ တော့သည်။ 

လန်ဒန်ပြတိုက်က ပြန်အထွက်၊  အလည်ခေါင် ခန်းမကျယ်ကြီး ထဲ ကို အဖြတ် မှာ ၊ ဥဒဟို သွားလာနေကြတဲ့၊ ပြတိုက်လာ ဧည့်သည် တွေ ၊ ခရီးသွားတွေ ၊ စားသောက်ဆိုင်တွေ ၊ လက်ဆောင်ရောင်းတဲ့ ဆိုင်တွေ ၊ နားနေဖို့ ဆိုဖာ ထိုင်ခုံ တွေ၊  လမ်းညွှန် ဆိုင်းဘုဒ် တွေ ကို ကြည့်ရင်း၊ ကျား နဲ့ မ သင်္ကေတ လေး ခွဲ ခြားတဲ့ ၊ သန့်စင်ခန်း သို့ ဆိုတာ လေးကို မြင်မှ ၊ အပေါ့အပါး သွားဖို့ သတိရ သည်။ ကျား နဲ့ မ  တင်မက၊ ကိုယ်လက်မသန်စွမ်းသူ တွေ အတွက်ပါ ၊ သီးသန့်ပြုလုပ်ပေးထားတဲ့ သင်္ကေတ အမှတ်အသားလေး ကို မြင်တော့ ၊ နိုင်ငံခြားသားများ အတွက်သာ ဆိုတဲ့ မြန်မာပြည် အမျိုးသားပြတိုက်က ဆိုင်းဘုဒ်ကလေးကို မြင်ဖြစ်အောင် မြင်ယောင်လိုက်မိ သေးသည်။ 

အိတ်ထဲက ဖုံးက၊ ထပ်မြည်လာပြန် သည်။ အမြန် ထွက်မှ ဖြစ်တော့မည်။   လန်ဒန်ပြတိုက် ထဲ ကရော၊ ရန်ကုန် ပြတိုက်ထဲ ကရော.. ပီကင်းပြတိုက် ထဲ ကရော... ထွက်မှ ဖြစ်တော့မည်။


ကေသွယ်
၁၇ အောက်တိုဘာ ၂၀၁၂
( ၂၀၀၉ ခုနှစ်က ရေးခဲ့သော စာကို အနည်းငယ် ပြန်လည် ပြင်ဆင် ထားခြင်းဖြစ်သည်)


Share/Bookmark

18 Comments:

ရွာသားလေးဝိုင်တီယူ said...

အားကျငေးမော

ပြန်ရုံပေါ့

tin min htet said...

ငယ်ငယ်တုန်းက ပန်းဆိုးတန်း ပြတိုက်တုန်းကတော့ ၃-၄ ခေါက်ရောက်ဖူးတယ်။ အမျိုးတွေလာလည်ရင် လိုက်ပို့ရတာကိုး။ အဲဒီတုန်းကတော့ တော်တော်စည်သေးတယ်။

rose of sharon said...

ဒီလိုနေရာမှာမြကန်သာကဗျာလေးရှိနေတာ မြန်မာတစ်ယောက်အနေနဲ့ဂုဏ်ယူမိပါတယ်

မမသီရိ said...

ပန်းချီကားတွေ ထိမ်းသိမ်းရေး မမ လဲ အတော့ကို စိတ်ပူမိတယ်
ကမ္ဘာ့အဆင့်မီ မွမ်းမံ ထိမ်းသိမ်းမှုတွေကြောင့် နာမည်ကျော်တဲ့ လုခ် ပြတိုက် က ပန်းချီကားတွေ ကြံ့ခိုင်ရေးလုပ်တာ
ကား တကား ကို ၁ နှစ်က နေ ၃ နှစ် ထိ အချိန်ယူ လုပ်ကြရတယ် လို့ ဖတ်ဖူးတော့
မြန်မာ့ ပြတိုက်ထဲ က ပန်းချီကားတွေ အတွက်ရင်လေး မိပါရဲ့

လင်းဒီပ said...

ပြတိုက်ခင်မျာလည်း ပြတိုက်ဒုက္ခနဲ့..

ဖုန်းမြင့် said...

မြန့်မာဂီတသီချင်းသံလေး ကြားလိုက်ရတာပဲ ကျေးဇူးတင်... တော်ကြာ ဟစ်ဟော့တွေ ဖွင့်နေရင် ဒုက္ခ ....။

Ko Boyz said...

အဲ... စာပိုဒ်အစတော့ ဗြစ်တစ် မြူဇီယံဆိုလို့ ဖတ်လာလိုက်တာ.. နောက် ရန်ကုန်က အမျိုးသားပြတိုက်အကြောင်းဖြစ်နေတော့ ဂျူးရဲ့... အမျိုးသားပြတိုက်ကို သွားလည်တဲ့ ဝတ္ထုလားလို့ ထင်လိုက်သေးတယ်။

ဖတ်လို့ ကောင်းတယ် အစ်မ။
အပေါ်က စကားပြောလို ဖြစ်နေတာကို အောက်ကရေးဟန် စကားပြေနဲ့တူအောင် ပြန်ညှိပေးလိုက်ရင် ကောင်းမယ်။

ဗြိတိသျှ ပြတိုက်အကြောင်း ဒီ့ထက် စုံစုံစေ့စေ့ ရေးပေးပါလား။

zizawa said...

ဂရိတွေ သူတို့ပစ္စည်းတွေ ပြန်ပေးဆိုပြီး ဆန္ဒပြကြသလို တို့ပစ္စည်းတွေ ပြန်ပေးဆိုပြီး မကေရောက်တုန်းဆန္ဒပြလိုက်ရမှာ။ ပစ္စည်းတွေပြန်ရရင် မကေဆီမှာ ခဏသိမ်းထားတာပေါ့။

Moe Cho Thinn said...

ရှေးမူ သမိုင်းအမွေအနှစ်တွေကို တန်ဖိုးထား ထိမ်းသိမ်းပုံချင်း မတူ ကွဲပြားတဲ့ ပြတိုက် နှစ်ခုပေါ့ ကေရေ..

“British Museum မှာက..လက်ရာပစ္စည်းပေါင်း ၆ သန်းခွဲ ရှိပြီး.. တခုကို..စက္ကန့် ၆၀ လေးပဲ..ကြည့်ဦးတော့.. မနားတမ်း ဆက်တိုက် ကြည့်ရင်တောင်.. ၁၂ နှစ် ကြာသွားနိုင်တယ်” တဲ့ လား။

“၀န်ထမ်း အမျိုးသမီး တယောက်..နေ့လည်စာ စားပြီးစ ထင်ရဲ့..ထမင်းချိုင့်တွေကို စီရင်း လက်သုတ်ဝတ် တချို့ကို..ပြတင်းသံဇကာမှာ..နေလှမ်းနေတယ်” တဲ့ လား။

nyimuyar said...

ကုလားတွေ ကတော့ မြန်မာစာလုံး တွေ က သူရို့  နိုင်ငံက ဘာသာ စကား တခု ရဲ့ စာလုံး အချို့ နဲ့ တော်တော် တူတယ်ပြောကြတယ်။

အောင်သာငယ် said...

ဒီ ရာဇ ပလ္လင်ကြီးပေါ်ကနေ.. တောင်စွယ်နေကွယ်မှာ..သတ်စေ..လို့..ဘယ်နှယ်ခါ လောက်များ..အမိန့်တွေ ပေးခဲ့လေ မလဲ။

အဲလို အတွေးထောင့်တွေကို နှစ်သက် သဘောကျနေမိတော့တာပဲ...

မကေမှာ မျက်လုံးတွေ အများကြီး ရှိတယ်...

ကိုလူထွေး said...

script ပေါင်းရာကျော်ပါတဲ့ စာအုပ်တအုပ်ကို စာအုပ်ဆိုင်မှာ အမှတ်မထင် သွားတွေ့တော့ ရှာမိတာပေါ့...

သံယောဇဉ်ကိုး...

းဝ)

MANORHARY said...

ငယ်ငယ်တုန်းကပဲရောက်ဖူးတယ်
အဲဒီနေရာသစ်ကို
သွားရကောင်းမှန်းတစ်ခါမှမတွေးမိခဲ့သေးဘူးး)
သားကိုတော့ပို့ရဥိးမယ်
ကျန်တဲ့အမျိုးသားပြတိုက်တွေကိုလည်း
သွားနိုင်ချင်ပါသေးတယ်။

မီးမီးချစ် said...

ကောင်းတယ်နော်.. ဒီလိုလေး ရေးတာ ဖတ်ရတော့ ကိုယ်တိုင်ကြည့်တာ ထက်တောင် ကောင်းနေသလိုပဲး))

Kay said...

ရွာသား- မပြန်နဲ့အုံး..ရှိသေးတယ်။း)
ကိုတင်မင်းထက်- အမျိုးတွေ လာလည်ပေလို့သာပဲ။း)
မနော်ဖော- ဟုတ်တယ်။ ဂုဏ်ယူစရာ။
မမသီရိ-အဲဒါပဲလေ။
လင်းဒီပ-လူလုပ်တဲ့ ဒုက္ခပါ။
ကိုဖုန်းမြင့်- ဆိုချင်တာ- လူမလာတော့..စွမ်းအားတွေမှန်သမျှ ချွေတာသုံးစွဲရတာ။ နိုင်ငံခြားသားလာမှ မီးစက်မောင်းတဲ့ဆိုင်..သီချင်းဖွင့်တဲ့ နေရာတွေ..များသား။

ကိုဘွိုင်း- ဟုတ်ပါ့။ ကျမ ပထမ တမျက်နှာ ( လက်ရေးစာတွေ )ရေးပြီး ရပ်ထားတာ.. တပတ်ကြာမှ..ဆက်ရေးတာလေ။ ဂျူးရေးတဲ့ အမျိုးသားပြတိုက် သွား္လတ္တု ..မဖတ်ဖူးဘူး။ ဖတ်ချင်လာပီ။ အင်းလေ..ရေးလဲ ရေးချင်စရာကိုး..။

ဇီဇ၀ါ- ပြန်မတောင်းနေချင်တော့ပါဘူးကွယ်.. နှာခေါင်းရှည်ကြီးတွေကို.. အထင်ကြီးတယ်ပဲဆိုဆို.. သူတို့ဆီမှာ ထားတာမှ..လုံခြုံစိတ်ချရသေး။ အီရတ်က..ပျက်စီးသွားတဲ့..ပြတိုက်လိုသာဆို..နှမြောရချည့်။ အင်း..ဒါနဲ့..ရှင်စောပု သရဖူ ကြီး မတွေ့ခဲ့မိဘူး။

မချိုသင်း- အဲဒီ အတိုင်းပဲ။
ညီမူရာ- ဟုတ်သလား။
ကိုအောင်သာငယ်- ကျမမှာ---- မျက်လုံး ၂ လုံးပဲ ရှိတယ်ထင်တယ်။း)
ကိုလူထွေး- ရှာလို့တွေ့တာလား..တွေ့လို့ရှာတာလား။း)
မနော်- နောက်တခါ..မနော်တို့သားအမိ နဲ့သွားကြတာပေါ့။
မီးချစ်- ကျေးဇူးး)

မေ့သမီး said...

ညီမလည်း အမျိုးသားပြတိုက်မရောက်ဘူးသေးဘူး။ သွားရဦးမယ်။

Nge Naing said...

အစ်မရေ မျှဝေပေးတာ ကျေးဇူးတင်ပါတယ်။ အစ်မပို့စ်ကို ဖတ်ပြီးမှပဲ ဆစ်ဒနီမြို့ကို ရောက်တာ ရှစ်နှစ်ရှိပြီဖြစ်ပေမယ့် Museum ကိုတခေါက်မှ မရောက်ဖူးတာကို သတိရပြီး သွားလည်ဖို့ အခုမှ အကြံရတယ်။ Art Gallery တခေါက်ရောက်တော့ မြန်မာပြည်က ဘုရားရှိခိုးတွေကို လက်ရေးနဲ့ ရေးပြီး ပန်းချီဆွဲထားတာ တခါတွေ့ဖူးတယ်။

သက်ဝေ said...

မရောက်ဖူးတဲ့နေရာကို အတူ ခေါ်သွားပေးတာ ကျေးဇူးပါ ကေ... စိတ်ဝင်စားစရာကောင်းအောင် ရေးထားတာလေးကို ဖတ်ပြီး ကိုယ်လဲ ရောက်ဖူးချင်စိတ် ဖြစ်သွားပါတယ်... တနေ့နေ့ပေါ့...