ဘလော့ ပေါ် မှာ နေထိုင်ခြင်း

ဘလော့ လေး တခု မွေးထားတာ ၂ နှစ်တောင် ပြည့်ကာနီးပြီ။ ဟုတ်တယ်လေ.. ဘလော့လေး တခု ပိုင် ဆိုင်ရတာ..အိမ်မွေးတိရိစ္ဆန်လေး တကောင် မွေးထားတာ နဲ့ မတူလား။ ခွေးလေး တကောင်..ကြောင်လေး တကောင် ထက်တော့..မလျော့တဲ့..သံယောဇဉ်တွေ..အလုပ်ရှုပ်ခြင်းတွေ နဲ့..ပြည့်နေတာပဲ မှုတ်လား။ တကယ်ဆို..ကိုယ့်အတွက် တော့.. ပိုတောင် ပို နေပါပြီကော။

ဘလော့ရေးခြင်း ကို တယောက်တည်း အမျိုးမျိုး ပြန်သုံးသပ်.. လှည့်ပတ် တွေး.. သံဝေဂ လည်းပွား..သက်ပြင်းလဲ ချ.. ရင်း၊ တယောက်တည်း တောင် မနိုင် လို့၊ ဟိုလူ ဒီလူ ..သေဖော်ညှိ ရင်း.. ဘလော့မှတ် စု တွေတောင်.. လိုက် ထုတ်ခိုင်း နေ မိသေးတယ်။ ကိုယ် လုပ်နေတဲ့ အလုပ် တခု ကိုတော့..ဃဃနန ကောင်း၏ ဆိုး၏ အသေ အချာ သိဖို့ လိုတယ်လေ။ အားလုံး တညီတညွှတ် တည်း ပြော ကြ သလို..ဘလော့ရေးတယ်ဆိုတာ..လွတ်လပ်မူ ရှိတယ် ဆိုတာတော့..အမှန်ပဲ။ ပျော်ရွှင် မိတ်ဖွဲ့ခြင်း တို့.. မျှဝေခြင်း တို့.. ဆိုတာက..နောက်မှ။ ဒါပေမဲ့..ခုတလော..အတွေး ထဲမယ်..တမျိုးဖြစ်နေတာက...လွတ်လပ် တယ်လို့ ထင်နေပီး..တကယ်မလွတ်လပ်နေတဲ့.. စိတ် တွေကို.. ဘလော့ လှောင်အိမ်လေး ထဲ..မှာ..ပြန်ပြီး တွေ့နေ ရ တာပဲ..။ ဟုတ်တယ်..တနေ့တနေ့..ဘလော့ အကြောင်း ..စာရေးဖို့ အကြောင်း ပဲ တွေးရင်း..စိတ်တွေက..မလွတ်မလပ်ဖြစ်လို့..။ လက်စသတ်တော့..အဲဒီ ဘလော့ လှောင် အိမ် လေး က..ကိုယ့် စိတ် တွေကို.. တိတ်တိတ်ကလေး ဆွဲယူ သိမ်းကျုံး ရင်း.. အတိတ်တွေ..အိမ်မက်တွေ.. ရင်ခုန်သံတွေ.. ဘ၀ အမော တွေကို.. တထပ်ခြင်း..တလွှာခြင်း.. သိမ်းယူ သိုမှီး နေတာကိုး ။ တကယ် ဆို..ကိုယ်တို့ စိတ် အင်အားတွေ ကို စုပ်ယူ နေတဲ့.. ဖုတ်ကောင် လေး တွေများ ဖြစ်နေ ပြီလား မသိ နော်။

ပြီးခဲ့တဲ့ တပတ်လုံး.. ခရီး တနေရာ ရောက်နေရင်း..ကိုယ့်ရဲ့ think pad အစုတ်ကလေး ကို လွမ်းနေမိတယ်။ ယူလာခဲ့ရင် အကောင်းသားလို့..နောင်တ တွေ ရနေ မိသေးတယ်။ ကိုယ့်ကိစ္စ တွေ ပြီးတာနဲ့.. အနီးဆုံး မှာ ရှိတဲ့..စာကြည့်တိုက် ထဲ ၀င်ပြီး.. အင်တာနက် အပြေး သုံး မိတယ်။ ကိုယ့်ဘလော့လေး ကို ကြည့်တော့.. လေးထောင့် တွေဖြစ်နေပါရောလား။ ဟိုတလောက.. တန်းပလိတ် အသစ်ကလေး ပြောင်းရင်.. ရန်အောင်လုပ်ပေးထားတဲ့..EOT လေး ပြုတ်သွားတာပဲ။ ဘာမှလည်း မမြင်ရတော့...တပတ်လုံး လွမ်းနေရတော့မယ် ဆိုတာ တွေးရင်း.. စိတ်မကောင်းဖြစ် ပေါ့။ အွန်လိုင်း ပေါ် မှာ ရှိ နေတဲ့ မိတ်ဆွေ တယောက် ကိုတောင်.. ဘာညာ လှမ်း နှုတ် ဆက်ရင်း.. ဘလော့ မမြင် ရလို့.. စိတ်ညစ် နေတယ်လို့..ဘာမဆိုင် ညာမဆိုင် သွားငြီး ပြ နေမိတယ်။ မိတ်ဆွေက..အဲဒါ ကောင်းတာပေါ့..အဲဒါ မှ..တကယ် အနား ရတာ တဲ့။

သူပြောတာ ဟုတ်မှာပဲ။ နောက် တရက်..နောက်တရက် တွေကျ တော့.. ဘယ်လို မှ သိပ် မနေ တော့ဘူး။ ၅ ရက် လောက်.. ဥပုပ် စောင့် သီလ ယူလိုက် သလို.. ဘလော့ မကြည့်ပဲ နေ တော့ လည်း.. စိတ်များ တောင် ကြည်လင် လို့။ ဖတ်စရာ ရှိတာလေး တွေ ဖတ်..သွားစရာ ရှိတာလေး တွေ သွားရင်း.. တကယ့်လောက ကြီးထဲ က ..လေ တွေ ကို..အားရ ပါးရ ရှုရှိုက် လိုက် တော့.. နေလို့ တမျိုး ကောင်းသား။

ဒါပေမဲ့လည်း.. ညစာ စားမိလို့ ဥပုပ် ကျိုးတဲ့သူလို.. ကော်ဖီ ဆိုင်လေး ထဲမှာ ထိုင်ရင်း..ဆောင်းပါးလေး တခု ကို ဖတ်လိုက် မိပြန်တော့.. `ဟား.. စိတ်ဝင်စား စရာ ကောင်းလိုက်တဲ့.. အကြောင်းလေး.. ဘလော့ ရမယ်..´ ဆိုပြီး..ဖြစ် ပြန်ရော။ မခက် လားလေ..။ ဘာလေးပဲ တွေ့တွေ့.. ရေးချင် နေတော့တာပဲ။ ဘလော့ ပို့စ် အသစ် ကလေး ဖြစ်နေ တော့တာပဲ။ တကယ်သာ.. နှလုံးသားရဲ့ အသံကို နားထောင်ကြေး ဆိုရင်တော့.. နှလုံးသား တခု လုံး..စာရေး စရာ အကြောင်းတွေ..ဘလော့ ပေါ် တင်ဖို့..စာလုံး လေးတွေ..ခေါင်းစဉ် လှလှ လေး တွေနဲ့ပဲ..ပြည့် နေ တော့မှာပဲ။

မဖြစ်ပါကွယ်။ ဘလော့ လေး က..စုပ်ယူ ညှိ့ငင်ထားတဲ့..စိတ် စွမ်းအား တွေကို.. မရ အရ..ပြန် ဆွဲလု ရင်း.. လက်တွေ့ဘ၀ မှာ..လုပ်ရ ကိုင်ရ.. ရှင်သန် ရ ဦး မဲ့.. ခေါင်းစဉ် တွေ အပေါ် အတင်း..ဆွဲချ နေရတယ်။ ဘာပဲပြောပြော..ခု ရေးနေတဲ့..ပို့စ် အသစ်ကလေး ထဲမှာ တော့... ပုံရိပ်ယောင်ကမ္ဘာ..ဘလော့ ရွာ လေး နဲ့..၅ ရက်လောက် ဝေးနေ တာလည်း..ခပ်ကောင်းကောင်းပဲလို့.. တခြား သူငယ်ချင်း တွေကို.. ဟန်ဆောင် ပန် ဆောင်..ကြွား လိုက် ပါ ဦးမယ်လေ..။

ကွန်ပြူတာ သုံးတဲ့..ရုံးသမား တွေကို.. အကြံပေးတဲ့ ကျန်းမာရေး အသိပေး ညွှန်ကြား စာ ထဲကလို.. ` ကွန်ပြူတာ သုံး တာ ၁၀ မိနစ် ပြည့် တိုင်း.. မျက်စိကို အနားပေးဖို့..အဝေး ကို လှမ်းလှမ်း ကြည့် ပေးပါ´ ဆို သလိုပဲ.. ပုံရိပ်ယောင် ကမ္ဘာထဲ မှာ..ပျော်မွေ့ပြီးတိုင်း.. ဘလော့ တွေ ဖတ်ပြီးတိုင်း.. ဟိုး-------အဝေးကို လှမ်း လှမ်း ကြည့်ပေး ကြ ရမယ် ..ထင်ပါရဲ့။


Share/Bookmark

14 Comments:

ဆောင်းယွန်းလ said...

လက်စသတ်တော့..အဲဒီ ဘလော့ လှောင် အိမ် လေး က..ကိုယ့် စိတ် တွေကို.. တိတ်တိတ်ကလေး ဆွဲယူ သိမ်းကျုံး ရင်း.. အတိတ်တွေ..အိမ်မက်တွေ.. ရင်ခုန်သံတွေ.. ဘ၀ အမော တွေကို.. တထပ်ခြင်း..တလွှာခြင်း.. သိမ်းယူ သိုမှီး နေတာကိုး ။ တကယ် ဆို..ကိုယ်တို့ စိတ် အင်အားတွေ ကို စုပ်ယူ နေတဲ့.. ဖုတ်ကောင် လေး တွေများ ဖြစ်နေ ပြီလား မသိ နော်။
ဟုတ်ပါ့..မကေသွယ်တွေးတာဖြစ်နိုင်တယ်...ဘာဖြစ်လို့လဲဆိုတော့ဘလော့ရေးတဲ့လူအတော်များများ
ဒီလိုဘဲခံစားရလိမ့်မယ်လို့ကျနော်ထင်ပါတယ်..မယုံရင်ခင်မင်တဲ့သူတွေကိုအလုပ်နဲနဲများသွားအောင်
တဂ်ကြည့်ပါလား.....

khin oo may said...

ဟုတ်တယ် ဘာရေးရ မလဲ စဉ်းစားမရ။ ခေါင်းခြောက်လို. ရေ သွားလောာင်း ရသေး။ တပုဒ် ရေးပြီး ရင် မောသွားသလို တာဝန်ကျေ သွားတယ် လို.လဲ ခံစားနေ ရတယ်။ ပြင်ပ တာဝန် ပျက်ကွက် တာတွေလည်း များပေါ့ k ရေ။

စီဘောက်ထဲ မှာ လူစုံအောင် မှ ပြန်မိရဲ့လား။ ကျန်ခဲ့ရင် စိတ် များကွက် သွားမလား။ ကိုယ့်ကို ပြန် မနှူတ်ဆက် ရင် လည်း သူ ဘာ ဖြစ် လို. ငါ့ နာမည် တက် ပြီး မမနှူတ် ဆက်ရတာ လဲ။ မခင် လို့လား။ လာ နှူတ်ဆက် တာ မကြိုက်လို့လား သော ကတွေ ပွား။

သွားနုတ်ဆက်ရင်း စိတ် ကူးပေါက်တာ လေးတွေ ရိုးသားစွာ ပြောခဲ့တဲ့ အခါ မနှစ်သက် သူ က စိတ် တိုခဲ့ရရင် စိတ် မကောင်း ဖြစ်ရပြန် ရော။ တွေးရင်လဲ ဘလော.သူငယ်ချင်း တွေ အကြောင်းတွေးမိ။ အပြင် လောက မှလဲ တခါ မှ မမြင်ဘူး အသိဘူးတဲ့ သူတွေ ကို စွဲ လမ်းနေမိ. အပြင် မှာတွေ.ခဲ့ရင် တောင် အထဲ ကလို မှ စွဲလမ်း မိပါ.မလား။

ကိုယ့် အဖြစ်က ချစ်သူ ကို လရောင် အောက် ရှာ မိသလို။ အိမ်မက်ထဲ ကချစ်သူ လို. အပြင် လောကနဲ့ ကင်းလွတ် လို့နေတယ်။ ဘလော့ ကို လူ မလာရင် နဲ့ဝမ်းနည်း လို့ အသစ် ကို ကြိုးစားပမ်းစားရေး။ ဒီလိုနဲ သံသရာလည်။..

Anonymous said...

အမကေရေ ဘလော့ဆိုတဲ့ပိုးက အ၀င်လွယ်အထွက်ခက်သဗျ။

Anonymous said...

အမ .. ဘလောဂ့်ပေါ် မနေနဲ့တော့ .. အပြင်ထွက်နေပြီး ၊ ဘလောဂ့်ကို ပြန်၂ပြီး လည်၂လာတဲ့အကျင့် လုပ် ပေါ့း)

Anonymous said...

အင်း... အင်း... အင်း...

သဘောတူနေတာပါ တခြားဘာမှ မဟုတ်ပါဘူး -း)

ဒါမဲ့ ခေါင်းစဉ်ကို - ဘလော့ပေါ်မှာ ရှင်သန်ခြင်း-လို့ အမည် ပေးရင် ပိုပြီး သင့်တော်မလား မသိ။

ကျနော့်အတွက်ကတော့
ဘလော့ရှိမှပဲ ရှင်သန်နေရသလို ဖြစ်နေလို့ပါ။

ချမ်းမြေ့ပါစေဗျား။

အောင်သာငယ်

MANORHARY said...

အင်း...ဒါဆိုကျွန်မလည်း အဲဒီလှောင်အိမ်ထဲရောက်နေပြီပေါ့နော် ...
အော်..ကြိုးတွေကင်းချင်ပါတယ်ဆိုမှ...း)

Moe Cho Thinn said...

ကေရေ
မှန်လိုက်တာနော်။
အတော်စွဲတဲ့ ဘလော့ဂ်ပါပဲ။ တို့လဲ စာရေးပြီးမှ အိမ်စာပြီးတဲ့ကလေးလို စိတ်ချမ်းသာသွားတတ်တယ်။
လုပ်စရာတွေက တပုံကြီး။ အိမ်မှုကိစ္စတွေ၊ အလုပ်ကိစ္စတွေ၊ လူမှုရေးတွေ အားလုံး ခေါက်ထား။
အမအငယ်ကတော့ ပြောတယ်။ နင်က ကွန်ပျူတာရှေ့နဲ့ အိပ်ယာပဲ နင့်အိမ်မှာ သုံးတာပါ တဲ့။ အိမ်မရှင်းလို့ ပြောတာလေ။
တို့လဲ စဉ်းစားနေတယ်။ လျှော့ရကောင်းမယ်လို့။ တခါတလေ စိတ်အဆင်မပြေတဲ့အချိန်မှာ စာရေးရင် မရွှင်တတ်လို့။ တာဝန်တခုလို မရေးချင်ဘူး။ ဘလော့ဂ်ပဲ လျှောက်လည် စာဖတ်နေတာပဲ ကောင်းတယ် လို့ အခုတလော တော်တော် တွေးဖြစ်တယ်။
စာလဲ ရှည်ပြီ။ sorry..

P.Ti said...

စာမရေးနိုင်ရင် တာဝန်မကျေသလိုတော့ ခံစားရတာ အမှန်ပဲ... တခါတလေတော့လည်း အကြည်စိတ်ကလေးမရတော့ မရေးဖြစ်တော့ဘူး.. အခုတလော စာရေးတာ နားထားပါတယ်... ဘလော့နာကျနေတယ်ပဲခေါ်ရမလားပဲ.. အဲတော့ နားနားပြီး ဘလော့ကြာတာပေါ့...;)

mgphonemyint said...

အမရေ..အဲ့ဒီလှောင်အိမ်က အကြီးကြီးပဲဗျာ
အမ ပြောသလို ၁၀ မိနစ် တစ်ခါ အဝေးကိုကြည့်ဆိုလို့ ပြောပြရဦးမယ်

အရင်အလုပ်တုန်းက အင်တာနက်ခိုးသုံးရတာဗျ..
ဘလော့ထဲရောက်သွားရင် အဝေးလဲ မမြင်ဘူး အနီးလဲ မမြင်ဘူး ..

မန်နေဂျာ မိလို့ ဝမ်နင်လက်တာ ထိတာ ခဏ ခဏပဲ ....ဟီး.............။

:P said...

ဒီပို့စ်ကိုဖတ်နေတဲ့အချိန်က ကျမ၊ထမင်းနဲ့ ဟင်းကိုပန်းကန်ထဲထည့်နယ်၊လက်ဆေး၊ဇွန်းတပ်ပြီး ကွန်ပြူတာရှေ့ လာထိုင်စားရင်း စာဖတ်နေတာပါ( စာဖတ်တယ်ဆိုတာဘလော့လည်နေတာ)..မကေရဲ့စာကို ဖတ် ၊ ကိုယ့်ကိုယ်ကိုယ်ဆုံးမပြီးသကာလ ကောမန့်တွေကို မဖတ်သေးပဲ ထမင်းစားပွဲမှာ သွားပြန် ထိုင်စားပါတယ်..ထမင်းစားပြီးမှ ပြန်လာဖတ် ၊ကောမန့်ရေးတာ၊ဒါတောင်ဘလော့ဖတ်သူအဆင့်ပဲရှိသေးတယ်:)))))))))))

လင်း said...

စိတ်တွေမကြည်လို့  (ပီတိပြောသလိုဆိုရင်တော့ ဘလော့နာကျနေလို့ ) စာမရေးဘဲ ရပ်ထားပေမဲ့၊ ဘလော့နဲ့ တော့ ဝေးဝေးမနေနိုင် ၊ လည်ပတ်ပြိး သူများရေးတာတော့ ဖတ်နေသေးတုန်းပါဘဲ။

Anonymous said...

ကေ
အမဘလော့လေးလဲ ဝေးရာရောက်နေရပေါ့။ ပို့စ်အသစ်အတွက် ဘယ်လိုအချိန်ပေးရပါ့။ ရာသီဥတု အလုပ်အကိုင်အပြောင်းအလဲမှာ ခဏလေးတော့ ဝေးနေရဦးမယ်ပေါ့ဟာ...
ဘလော့တောင် မလည်နိုင်တာကြည့်တော့...
ချစ်တဲ့ ခင်မင်းဇော်

Anonymous said...

ကိုဆောင်းယွန်းလ- ကို ပြန်တဂ်မှ ပဲ ထင်တယ်။း)
ဒီ ခံစားချက် မျိုးက.. ကိုယ် တိုင် ခံစား ရရင်- ရေးထွက် ဖြစ်ကြမှာပါပဲလေ။

မခင်ဦးမေ ကြီး- လရောင်အောက်မှာ..ချစ်သူ ရှာ ရင်လည်း..သတိထား။ လကွယ်ည သန်းခေါင်ယံ ချိန်မှာ..မဟူရာ ကျောက်ရိုင်းတတုံး ကို.. ကောက်ခိုင်း သလို ဖြစ်နေအုံးမယ် နော်။း)

ရွာသားလေး နဲ့ ဂျစ်ရေ- ပိုးတွေ ရော- ကြိုးတွေ ရော..လျှော့ ဖို့ ကြိုးစားနေပါတယ်။

ကိုအောင်သာငယ်က..ရှင်သန် ပေမဲ့..ကျမ ကတော့..နေထိုင် တဲ့ အဆင့်ပဲ လေ။ မတူဘူးလေ။ ဒါဆို..အတော်ပဲ..ကိုဆောင်းယွန်းလ နဲ့ ကိုအောင်သာငယ်ကို.. ဘလော့ပေါ် မှာ ရှင်သန် ခြင်း ဆိုတာ..ရေးခိုင်းမှပဲ ထင်တယ်။

မနော်ရေ- ကြိုးတွေ..ကြိုးတွေ.. ရစ်- ရစ်- ဖြေ-ဖြေ- ခွေ ခွေ-
မချိုသင်းရေ- မဆောရီးပါနဲ့..ရှည်ရှည်ပြောလို့ ရပါတယ်။ အကြံပေးလိုက်မယ်..အိပ်ယာပေါ်မှာ...ကွန်ပြူတာ တင်ထားလိုက်လေ..ပို သက်သာသွားတာပေါ့။း)

ပီတိ နဲ့ မောင်ဖုန်းလည်း..နား- နား ပြီးမှ..ဘလော့ဖတ်-ဘလော့ရေးလေ။
ညီမလေး..စင်ဒန်လာ ( ဟုတ်လား ဟဲ့..အသံထွက်က.)
ထမင်းစား ပြီး မှ ဖတ်နော်..တချို့ဘလော့ တွေက..အစာမကြေ ဖြစ်တတ်တယ်။

အားလုံ ကို ခင်မင်လျက်-

Anonymous said...

အယ်- အောက်မှာ ကျန်ခဲ့ပြီ။ လင်း နဲ့ အမ ကြီး ရေ-
အေးအေးဆေးဆေး အနားသာယူ လိုက် အုံးနော်။