ဝှက်ဖဲ

ဆောင်းဦးပေါက်  နံနက်ခင်း တို့ သည် နိုးနိုးကြားကြား ရှိ နေ မြဲ ဖြစ် သည်။
နွေကာလ တွေက.. ရှည်လျား ပူပြင်း ခဲ့ သည့် နောက်… အေးမြ တဲ့ အပြောင်းအလဲ အောက်မှာ .. တခုခု အတွက်.. အသစ် တဖန် အသင့် ဖြစ်နေ ကြ ပြန်လေ ပြီ။

အပင်တွေက..အရွက်တွေ ထွက်လာ တာ ပဲ ဖြစ်ဖြစ်..
ပန်းတွေက.. အဖူး တွေ ငုံလာ တာပဲ ဖြစ်ဖြစ်..
ငှက်တွေက.. နေရာ ဒေသ ပြောင်း ကြ တာပဲ ဖြစ်ဖြစ်..

ဘယ်ကိုမှ  ရွှေ့ ပြောင်း ဖို့  အစီအစဉ် မရှိ တဲ့.. အိမ်ထောင်ဦးစီး တယောက် ဆိုရင် လည်း ..  ၀ရန်တာ လက်ရန်း တွေကို ဆေးပြန် သုတ် ဖို့  ဆိုတာ မျိုး ပဲ ဖြစ်ဖြစ်…

ဘာမှ လုပ်စရာ ထွေထူး မရှိ တဲ့.. အိမ်ရှင်မ တယောက် ဆိုရင် လည်း..  ဆောင်းမ၀င် ခင် တော့.. ဒီ မာဖလာ လေး ကို ပြီးအောင် ထိုးရမယ် ဆိုတာ မျိုး ဖြစ်ဖြစ်…

အကယ်လို့.. အဲဒီ အိမ်ရှင်မ က.. အရင်က ၀ါသနာ ပါ ခဲ့ တဲ့.. အိမ်တွင်းမူ အလုပ် တွေ ကို.. စိတ်မ၀င် စား တော့ ဘူး ဆိုရင် တောင်… ရသ စာအုပ် ကောင်းကောင်းလေး တအုပ် လောက် .. ဖတ် နေ ချင် စရာ ကောင်း အောင် လှပ သာယာ နေတဲ့..  ရာသီဥတု ကလေး ပါပေ။

တနွေရာသီ လုံး ကုန်းတွင်း ပိုင်း မှာ နေ ခဲ့တဲ့ .. ကြက်တူရွေး အဖြူကြီး တွေ.. ဆောင်းခို ဖို့ ပြန်ရောက် လာ ကြ သည်။ ယူကလစ် ပင် ထိပ်ဖျား ပေါ် မှာ..။ ဓါတ်ကြိုးတန်း တွေ ပေါ် မှာ.. ။ တ ကျစ်ကျစ် တွတ်တိုး ကြရင်း နဲ့..  နေစာ လှုံ နေ ကြ သည်။

မျက်ခင်း အစပ် မှာ တော့.. အဖြူ နဲ့ အနက်ကျား..သပိတ်လွယ် ငှက်ကလေး  နှစ်ကောင် မနက်စာ ရှာ ရင်း ကျိုးကျိုး ကျီကျီ ခုန်ပေါက် မြူးထူး နေ သည်။ တချက်တချက်  ..ခြံစည်းရုံး ပေါ်က..အ၀ါရောင်..နန်းလုံးကြိုင် ပန်း လေး တွေ တောင် ယိမ်းထိုး လှုပ်ခါ သွား သည်။  ခြံ ထောင့် က..ဒန်း ကလေး ရဲ့ ဘေး မှာ လည်း..နှင်းဆီရိုင်း တွေ..  ခဲခဲ လှုပ် လို့…။

 
အဲဒီ အရာ တွေ အားလုံး ရဲ့  မလှမ်းမကမ်း ၀ရန်တာ ထက်ဆီက ..ငှက်ပြာပြာလေး တကောင် သည်လည်း... ယဉ်ပါးစ ပြုနေပြီ ဖြစ်တဲ့.. သူ့ ပတ်ဝန်းကျင် သေးသေး လေး ထဲမှာ.. တကောင်တည်း….အတောင် တွေ ကို.. ဆန့်ထုတ် ရင်း..သူ့ နှုတ်သီး လေး နဲ့.. သူ့ဖာ သာ ..ကိုယ်လက် သန့်စင် နေ လေ သည်။


ငှက်ပြာလေး ဆီ က..အတောင်သံ တဖျပ်ဖျပ် ကြောင့်.. မနက်ခင်း နေရောင် အောက်.. ၀ရန်တာ လက်တန်း ပေါ် မှာ.. ကျကျ နန..ဇိမ်ယူ နေ တဲ့.. ကြောင်ဝါ ကြီး ရဲ့  လည်ဆံ မွေး တွေ ပွ ထွက်လာပြီး..ခေါင်းထောင် ကြည့် လိုက် သည်။


နေရောင် ၀ါနုနု က ၀ရန်တာ နဲ့  ကပ်လျက်..ထမင်းစား ခန်း အစပ် က..စားပွဲ ပေါ် ကို အတန်း လိုက် ကလေး ဖြာကျ နေ သည်။  ဒီ စားပွဲ ပေါ် မှာ.. အရင် တုန်း က ပန်းထိုး ဇာ ပွင့် တွေ နဲ့  စားပွဲခင်း လှလှ ကြီး တခု ခင်းထား တတ် သော် လည်း.. အခု .. သစ်သား ရောင် ညိုညို အတိုင်း သာ ။ စားပွဲ ရဲ့  အစပ် မှာ.. အစားအသောက် တင် စရာ ယွန်း အ၀ိုင်း ပြားကလေး သုံးခု…အစီ အစဉ် မကျ ရှိနေ သည် ။  ပြီးတော့..အငွေ့ မထွက် တော့ တဲ့.. ကော်ဖီ နှစ်ခွက်…။  စားပွဲ အလယ်ခေါင် က .. သစ်သီး ကိတ် ထဲ့ ထား တဲ့ ယွန်း ပုဂံ…။ ။ အဖြူရောင် လီလီ ပန်း တွေ ..လှလှ ပပ ထိုးထားတဲ့..ဖန်ပန်းအိုး ရှည် တလုံး ….။
..
စားပွဲ နောက်က..နံရံ ပေါ် မှာ တော့ .. ကနုတ်ပန်း အပြည့် ဘောင် ခတ်ထားတဲ့ ခမ်းခမ်း နားနား ပန်းချီ ကား တချပ်…။
..
အဲဒီ ပန်းချီ ကား ထဲ မှာ လည်း .. စားပွဲ ရှည် တလုံး.. အစားအသောက် တချို့.. ။
ပြီးတော့ ..လူတစု.. ။






++++++++


 ++++++++



အခန်း(၁)- 
စာအုပ် တအုပ်



“ ငှက်ကြည့်တာ ကို..လူတွေ ဘာလို့  စိတ်ဝင်တစား လုပ်ကြ သလဲ ဆိုတာ… ဒီလူကြီး စာအုပ် ဖတ် မှ..နည်းနည်း ခံစား လို့ ရလာတယ်.. သိလား…”

အမျိုးသမီး က.. သူမ လက်ထဲက..စာအုပ် ထူထူ ကြီး ကို ရည်ညွှန်း ဟန် တူ သည်။

“ သိလား… ငှက်တွေ မိုင်ဂရန့်  လုပ်တာလေ.. အတော် အံ့သြ စရာ နော.. တောင် အမေ ရိက မှာ…တရာသီ လုံး ဆောင်းသွား ခို နေ တဲ့.. ငှက် တွေ ကလေ.. နွေရောက် ပြီ ဆိုတာ နဲ့…မက္ကဆီကို ပင်လယ်ကွေ့.. ပြီးတော့..တက်ကဆက် ကမ်းခြေ တွေကို.. တောက်လျှောက် ဖြတ် ပြီး..မနားတမ်း ပျံလာတာ.. အပလေချီယန် တောင်တန်း ကြီးတွေ ထိပဲ တဲ့…။ သူတို့ ကိုယ် ခန္ဓာ တွေ လဲ.. တ၀က် လောက် လျော့ကျ သွား တာပဲ တဲ့…
….
….အင်းနော် ..လမ်းမှာ .. ၀င်းဒ် တာဘိုင်ကြီး  တွေ .. တိုက်အမြင့်ကြီးတွေ.... ပါဝါ ကြိုး တွေ.. နဲ့ တိုက် မိ ပြီး…သေ ကြ မှာ လည်း အများကြီး…
…..
...
အိုး..ကြည့်စမ်း…သူတို့က.. မနှစ် က.. နေခဲ့တဲ့.. အပင်  အတိ အကျ ကို ရ အောင် ပြန်ရှာ ကြ တာ တဲ့… သူ ပြောချင် တာ ကတော့.. တနှစ်..တနှစ် ငှက်တွေ ပြန် လာ တိုင်း.. မြို့သစ် တွေ.. ဂေါက်ကွင်း တွေ.. ရေနံ တွင်းစင် တွေ.. ရှော့ပင်းစန်တာ  ကြီး တွေ နဲ့.. လူနေမူ တွေ..ချဲ့ထွင် လာ တော့ .. ငှက်ကလေး တွေ လည်း..အသိုက် ပျောက်… ကုန် တယ် ပေါ့ ကွာ....
…..
....
အင်း..ဒီလူ ကြီး က.. အန်ဗရို သမား ဆိုတော့.. ဒါတွေကို..ဇတ်လမ်း ထဲ မှာ.. မထူမပါး..ညှပ်ပြီး.. ရေး သွား တာ.. လှ လိုက်တာ …”
 ...
...

“ နေပါအုံး..ဘယ်လို ဖြစ်ပြီး..ဒီလူကြီး ဖြစ်နေရ တာ တုန်း.. စာရေး ဆရာ က.. ဆိုလည်း..စာရေး ဆရာ ပေါ့..နာမည် ဆို လည်း နာမည် ပေါ့.... ဘယ်သူ ရေးတာလဲ.. ဘာစာအုပ် မို့ အဲလောက် အသည်းအသန် ဖတ် နေ တာလဲ…”

အမျိုးသား က.. ကြည့်လက်စ.. သတင်းစာ ကို ခဏ ပိတ် လိုက် ရင်း.. အားတတ်သရော ပြော နေတဲ့.. အမျိုးသမီး ရဲ့ စကား တွေ ကို..ပထမ ဆုံး အကြိမ် တုံ့  ပြန် လိုက်သည်။ အမျိုးသမီး အတွက် တော့.. ပြောချင်ရက် လက်တို့ ဖြစ်သွား ပုံ ရ သည်။ သူမရဲ့ ကပိုကယို ခေါက်တင် ထားတဲ့.. ဆံပင် တွေကို.. ဖြည်ချ လိုက်ရင်း.. ကုလားထိုင် နောက်ကို မှီလိုက်တော့.. သူမ ရဲ့ ကိုယ်လုံး သေးသေး လေး က.. ကုလားထိုင် ထဲ မှာ ပို မြုပ်ဝင်သွား သည်။

“ Jonathan Franzen… ဆိုတဲ့ စာရေးဆရာ ပါ.. စာအုပ် နာမည်က.. Freedom တဲ့.. တကယ်လည်း အဲလူကြီး ကို စိတ်ဝင်စား လို့.. ဖတ်ဖြစ် တာလေ…ရှင် မတွေ့ ဘူးလား..ဟိုးတလောပဲ..ရှင့် ရဲ့ တိုင်းမ်မဂ္ဂဇင်း  မှာ.. မျက်နှာဖုံး ဆောင်းပါး  ရေး ထား တာ..…။  ပြီးတော့.. ဒီ စာအုပ် ကိုလည်း..တိုင်းမ် ကပဲ  ၂၀၁၀ အတွက် အကောင်းဆုံး ဆိုပြီး ရွေး တော့…..”

“ သြော …အင်း..သတိထားလိုက် မိ တယ်...ငါတောင် တွေးလိုက် မိသေး...ထူးထူး ခြားခြား ..တိုင်းမ် ကတောင် အပြတ် စွတ်တင် နေတော့…ဘာတွေ များ ၀ါဒဖြန့် တွေလဲ မသိဘူး လို့… .ဒါဆို..အမေရိကန်.. အမျိုးသား စာပေ ဆု ရ ကြီးပေါ့….။ အင်း…ခေါင်းစဉ် ကို က.. ဖရီးဒမ်း ဆို မှတော့.. အမေရိကန် တွေ ကိုးကွယ်တဲ့ ဘာသာ တရား ကြီးပဲ...။ ဘာလဲ သူတို့လို လွတ်လွတ်လပ်လပ် တွေး..လွတ်လွတ်လပ်လပ် နေ.. လွတ်လွတ်လပ်လပ် သုံး… လွတ်လွတ်လပ်လပ် ချစ် ဆိုတာ မျိုး တွေ  လား..
အေး.. မင်းလည်း.. သိပ်လျှောက် လိုက် ဖတ် မနေ နဲ့…  တော်ကြာ အမေရိကန် မှိုင်း မိ နေ အုံးမယ် ...”



“ ဟေး.. ကျမ က.. ဖော်ဝဒ် မေးလ် တွေ ဖတ်ပြီး .. ဟင်းသီး ဟင်းရွက် တွေ ကို မိုက်ကရိုဝေ့ဖ် နဲ့ မချက် နဲ့ …… အန္တရယ် ရှိ တယ် …….. ကင်ဆာ မဖြစ်အောင်.. တနေ့.. မုန်လာဥနီ တကီလို စားပါ  ဆို တာမျိုး တွေ နောက် ကို .. လိုက် လုပ်တဲ့ မိန်းမ ..မို့လို့ လား ကွ…”

မှိုင်းက..ဒီ့ထက် ဆိုးတာပေါ့ကွာ လို့.. အမျိုးသားက.. မခံချင်အောင်.. ပြုံးထေ့ထေ့ လုပ် တော့…အမျိုးသမီး ရဲ့  သဘာဝ မျက်နှာပြင် ပေါ်က.. အရောင် မပါ တဲ့.. မျက်စောင်း ငယ် နဲ့.. အပြုံးလဲ့လဲ့ က .. မနက်ခင်း နေရောင် အောက်မှာ.. အနွေးဓါတ် တခု ထပ်ဆင့် သွား သည်။


....
.....
......
“ မဟုတ်ပါဘူး …စာအုပ်က တော်တော် ကောင်း ပါ တယ်..
တခုပဲ..။  ဘာလို့.. အဲဒီလောက် ရှည်လျား ထူထဲ နေ အောင်..အသေးစိတ် ရေး နိုင်လွန်း သလဲ မသိဘူး… ရှည်လွန်းလို့  တချို့ က… ၂၁ ရာစု- စစ် နဲ့ ငြိမ်းချမ်းရေး  လို့ တောင်.. တင်စား ကြ တယ် ....တူတော့ တူတယ်.. ခေတ်တခေတ် နဲ့  လူတန်းစား တချို့ ကို နောက်ခံ ထားပြီး.. ဇတ်ကောင် တွေ အများကြီး.. ဇတ်လမ်း တွေ လည်း မျိုးစုံ နေတာပဲ …ရီဗျူး  တခု က ဆိုရင် အသံ တွေ ရော..အနံ့တွေရော  ပါနေတဲ့.. ရီရဲလစ်ဇင် တပုဒ် လို့ တောင် ရေးထားတယ်… ”

အမျိုးသမီးက.. ကော်ဖီ ခွက်ကို လှမ်းယူပြီး.. သောက်မလို.. ပါးစပ်နား ကပ်ပြီးခါမှ.. ဘာမှ မကျန်တော့ ဟန် တူသည့် ကော်ဖီ ခွက်ကို ပြန် ချ လိုက် သည်။


“ အေးပေါ့ကွာ…ဟိုးတုန်းက တော့.. စစ် နဲ့ ငြိမ်းချမ်းရေး  လို စာအုပ်မျိုး တွေ ကို.. အရသာခံ ဖတ် ဖို့.. လူတွေ မှာ အချိန် တွေ အများကြီး ပို ခဲ့ တာ ကိုး..။ ခု ကျ တော့.... အချိန် က လို သွား ပြီ ကွ.. အချိန်က.. တန်ဖိုး မြင့် လာပြီ.. ”
……

“ ဘာပဲ ဖြစ်ဖြစ် .. ဒီလူကြီးက..ဒီ စာအုပ် ကို … ကိုး  နှစ်တောင် အချိန်ယူ ရေး ခဲ့ တာ ဆိုတော့လည်း…ကိုယ် က  ကိုး ရက်လောက်တော့.. အချိန်ပေး ဖတ်သင့် တာပေါ့.. မဟုတ်ဘူးလား.. ”

အမျိုးသား ရဲ့  မျက်နှာ မှာ..မဲ့ပြုံး တခု တွဲလွဲ ခို သွား သည်။ သစ်သီး ကိတ် တဖဲ့ ထဲက.. သစ်သီး တစ နှစ်စ ထုတ်ယူ လိုက် ပြီး.. စားပွဲရဲ့  တဖက်ခြမ်း ၀ရံတာ က..ငှက်ပြာလေး ဆီ.. ထ သွား သည်။ သစ်သီး စ လေး တွေ ..တခု ပြီး တခု..ဆတ်ကနဲ..ဆတ် ကနဲ နေအောင်.. ဆွဲယူ စားပြစ် နေတဲ့.. ငှက်ပြာလေး ကို ကြည့် ပြီး.. အမျိုးသား ရဲ့ မျက်နှာ ပေါ် မှာ.. ကြည်ကြည် လင်လင် အပြုံး…  လွမ်းဆွတ် ရီဝေ နေတဲ့.. မျက်လုံး တစုံ.. ရက်စက် တော့မလို.. အားတင်း လိုက် တဲ့ အသက်ရှူ သံ တွေ.. တခု ပြီး တခု ..အဆက်အစပ် မဲ့ စွာ ပြေးလွှား ရောယှက် နေ သည်။ ကျောခိုင်း ထား တဲ့ အနောက် ဖက် မှာ တော့..အမျိုးသမီး က… စာအုပ်ထူ ကြီး ရဲ့.. နောက်ထပ် စာမျက် နှာ တခု  ကို  လှန် လိုက် ပြန် သည်။

“ ဒီလူကြီး ကလည်း ရှင့် လို.. တယောက် တည်း.. ငှက်ရဲ့ အသက်ရှု သံ နဲ့..တရား မှတ် တဲ့ လူ မျိုးပါပဲ.. ဒါပေမဲ့..သူကတော့ ငှက်တွေ ရဲ့ လွတ်လပ် မူ ကို ကြည့် ပြီး..မှတ်တာ…  ပြီးတော့.. ငှက်တွေ အတွက်.. လုံးဝ နှစ်မြုတ် လုပ်ခဲ့တာ…”
….
…. 
....
စားပွဲ ဆီ ပြန်လာ ထိုင် တဲ့.. အမျိုးသား ရဲ့ မျက်နှာ မှာ ..မုတ်ဆိတ် ကျင်ဆွယ် ထိုးထိုးထောင် ထောင် က လွဲ လို့.. ခုတော့ လည်း ..ဘာခံစား မူ မှ.. ရှိမနေ တော့ သလို…။ သူ့ သတင်း စာ ကို ပြန်ဖြန့် လိုက် ရင်း…

“ ကဲ ..ပြောပါအုံး..မင်း ရဲ့.. အဲဒီ လူကြီး က.. ငှက်တွေ နဲ့ ပတ်သတ် ပြီး.. ဘာတွေ ဘယ်လို ရေးသား ခြယ်မှုန်း ထား သလဲ..  ငါကတော့.. ငါ့ ငှက်ကလေးကို..ငါ့ ရဲ့ အတ္တ အတွက် ထားထား တာပဲ.. တခြား ဘာမှ စိတ်မ၀င်စားဘူး.. ကမ္ဘာမြေကြီးကို ကယ်တင် ဖို့.. ပိုက်ဆံ ပေါ တဲ့ ကောင်တွေ.. ပညာ တတ်ကြီးတွေ..  ပရောဂျက် ရတဲ့ ကောင်တွေ လုပ်ကြပေါ့.. ဟတ်လား..ဟ
…..
....
နေပါအုံး ကွ… အမေရိကန် အမျိုးသား စာပေ ဆု ရှင် ရဲ့.. သရုပ်မှန် လက်ရာ ဆို တော့ ကာ.. အလွန်ဆုံး မှန် နိုင် ရင်..  လစ်ဘရယ်လစ်ဇင် လောက် ပဲ ဖြစ်မှာ ပေါ့.....  အေး..ဒါပေမဲ့.. စာရေးဆရာက.. သူပြောချင် တဲ့ စကား တွေ သူ့ အယူအဆ တွေကို..ဇတ်ကောင် တွေ ကို ပေးပြောခိုင်း နေရင်တော့.. အဲဒါ.. ရီရဲလ်လစ်စ် ဟုတ်ပါ့ မလားကွ… ”

အမျိုးသမီး က .. အမျိုးသား ကို  မော့ကြည့် လိုက် သည်။ မီးခိုးရောင် သမ်းစ ပြု နေတဲ့..ဘိုသီ ပတ်သီ ဆံပင် တွေ အောက်  .. အမဲ ရောင်  ဘောင်ကွပ် ထားတဲ့.. မှန် သား နောက်က.. မျက်လုံး တောက်တောက် တစုံ ဆီ ကို အသေအချာ စိုက် ကြည့် ပြီးမှ..

“ အင်း..…တကယ်တော့..  Cerulean Warbler ဆိုတဲ့.. အမေရိက မျိုးရင်း ငှက် တမျိုး ကို.. ကာကွယ် ဖို့ လို့ ..အကြောင်းပြ ထားတဲ့ .. အိမ်ဖြူတော် နဲ့ နီးစပ် တဲ့.. ရီပတ်ဘလစ်ကန် နိုင်ငံရေး သမား သူဌေးကြီး တယောက် ရဲ့..  လုပ်ငန်း တခု ပါပဲ..  ဟုတ်တယ်.. ရှင်ပြောတာ..ဟုတ်ပါတယ်..  Cerulean Mountain Trust  ဆိုတာ ထောင်ပြီး..အဲဒီ သူဌေးကြီး ရဲ့ ငွေတွေ နဲ့…. သူ တို့ တွေက.. သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်း ရေး တွေ လုပ်ကြ တာ ပေါ့ .. ဒေသခံ တွေ ကို.. နားလှည့် ပါးလှည့် လုပ် ရ တာ တွေ လည်း ပါတာပေါ့..
….
ဒါပေမဲ့လည်း…ဒါကလဲ ..ဘယ်သူ့ အတွက် မှ..အကျိုး မယုတ်ပါဘူးလေ.. ငှက်ကလေး တွေ အတွက်လည်း အနာဂါတ် ကောင်းမယ်.. အန်ဗရို သမား တွေ လည်း.. လုပ်ကွင်း လုပ်ကွက် ရ တယ်.. ……”

“ အင်း.. သူဌေးကြီးလည်း ပါဝါ တွေ မြင့်တက် လာတယ်ပေါ့… ဟတ်လား.. အရင်းရှင် စနစ် တွေ ဟာ..အဲဒီလို စားနေကျ ကြောင်ပါး ကြီးတွေ .. ကြောင်ဝ ကြီးတွေ အပေါ်မှာ..မှီတည် နေ ရ တယ် ဆိုတာ.. ခုလို ဒီပရက်ရှင်း ဖြစ် တဲ့ အချိန် မှာ ပို သိသာတာပဲ..  ပျက်ကပ် ဖြစ်လို့.. ဘဏ်တွေ အရှုံးပေါ် ရင် စီအီးအို တွေ ဒါရိုက်တာ တွေ…တယောက်မှ.. အိပ်ရေးမပျက်ဘူး... အိမ်ပေါင် ..ငွေချေး ဘ၀ နဲ့ တသက်လုံး…၀လချီး လည် နေတဲ့…သာမန် ပြည်သူတွေပဲ..ဘ၀ပျက်တာ ပဲ ..မဟုတ်လား…
.....
အေး....တခုတော့..အကောင်းမြင် လို့ ရတာပေါ့ ကွာ..  လခ ထုတ် မှ.. ကုန်စုံဆိုင် ကုလား ဆီ မှာ.. ယူထားတဲ့ အကြွေး တွေ မျက်နှာငယ် လေး နဲ့ သွားမစပ်ရ ဘူးပေါ့… တရုတ် အပေါင်ဆိုင် သွားပြီး ..  နည်းနည်းလောက် ပို ချေး ပါ အုံး.. ပေါက်ဖော် ရယ် လို့.. မျက်နှာ အောက်ချ မပြော ရ ဘူး ပေါ့… စမတ်ကျကျ နဲ့ ကို အကြွေးများ လို့ ရ တဲ့ စနစ် ကြီး ပေါ့ ဟတ်လား… Money make the world round ပဲ… သေချာတယ်..ကမ္ဘာကြီး လည်နေ လုံး နေတာ.. အရင်း ရယ်..အတိုးရယ်.. အကြွေးရယ် ကြောင့်ပဲ.. ဟဟ”

အမျိုးသား က.. သူ့  စကားကို သူ ဖာသာ သဘောကျ သွားပုံ ရ သည်။  အနွေးထည် အိတ် ထဲ..လက်နှိုက် လိုက် ရင်း.. သူ့ ကိုယ်လုံး ရှည်ရှည် ကြီး ကို ကုလားထိုင် နောက်ကျော ပေါ် ..မှီချ လိုက် သည်။

“ ဟုတ်ပါပြီ ရှင်… ကျမ တို့.. ဟောဒီ နေရာ မှာ.. အေးအေးချမ်းချမ်း..စကားတွေ ထိုင်ပြော နေ.. နိင် တဲ့.. မော့ဂိတ်ဂ်ျ  လေး ကိုပဲ.. ညတိုင်း ဦးချ အိပ်နေရ တာ.. ကုသိုလ် တောင် ရပါသေး တယ်… ဒါမှ မဟုတ် လည်း.. ရွှေဈေးက .. ခြောက်ထောင်ထိ တက်မှာ လား လို့.. မစားရ ၀ခမန်း စိတ်ကူး ယဉ် စရာ မလို တဲ့ တောကြို အုံကြား တခုခု ရှာ ပြီး  ပြောင်း နေ ကြမယ်လေ… ”

“ မရွဲ့ နဲ့ လေ ကွာ… ငါလည်း စဉ်းစား ကြည့်တာ ပါ..အရင်းရှင် ဒီမိုကရေစီ ဆို တဲ့ အတွဲက..သိပ်တော့ နေရာ မကျ ဘူး ကွ… အေးလေ.. လောကကြီး မှာ..ဘာမှ - မှ  အလကား မရ တာ…. ဆိုပါတော့ ကွာ….ဒီမိုကရေစီ တယူနစ် က..တကျပ် တန် တယ် ဆိုရင်.. ငါတို့  ရ နိုင်တဲ့..ဒီမိုကရေစီ် နဲ့ .. အဲဒီ သူဌေးကြီး တွေ သုံးနိုင်တဲ့..ဒီမိုကရေစီ ဆိုတာ.. မိုး နဲ့ မြေပဲ ပဲ မဟုတ်လား..… 
....
ခုဆို..ကြည့်… ပြည်သူ့ ကျန်းမာရေး အသံ နဲ့ တက်လာတဲ့.. အိုဘားမား လဲ.. သက်တမ်းသာ ပြည့် တော့မယ်.. Insurance fat cat တွေ နဲ့  နိုင်အောင် ပြိုင် မကိုက် နိုင် ဘူး မဟုတ်လား… ဒါပေမဲ့.. နိုဘဲလ် ငြိမ်းချမ်းရေး ဆု ရ ထား လို့ လား တော့ မသိဘူး.. စစ်တိုက်ဖို့  နဲ့ သေနတ်ပြစ် ဖို့ တော့..မြန်သား ပဲ.. ဟတ်လား ဟဟ …”

“  ကဲရှင်…ဒါဆို… ခုလာမဲ့ သက်တမ်း မှာ.. ဒေါ်နယ်ထရန့် သာ..သမ္မတ ဖြစ် သွားရင်..ရှင် ဘယ်လို လုပ် မလဲ.. ဒီနိုင်ငံ မှာ ဆက်နေ အုံးမလား….”

“ အေးကွာ..အဲဒါ ဆိုရင်တော့.. ငါ တိုင်းမ် လည်း မဖတ် တော့ဘူး.. စီအန်အန် လည်း မကြည့် တော့ဘူး.. စိတ်ချ..  ”

အမျိုးသား က  ပြောပြောဆိုဆို.. သတင်းစာ ကို ခေါက်ပြီး စားပွဲက..ထ တော့.. အမျိုးသမီး လည်း.. စာအုပ် ကို ပိတ်လိုက် ပြီး.. စားပွဲ ပေါ် က…ကော်ဖီ နှစ်ခွက် ကို ထပ်လိုက် သည်။ မနက်ခင်း ကော်ဖီ ၀ိုင်း  ကို သိမ်း သင့်ပြီ လို့  ဆုံးဖြတ် လိုက် ပုံ ရ သည်။ နေရောင် ပို တောက် လာတဲ့ ၀ရန်တာ လက်ရန်း ပေါ်က.. ကြောင်ဝါ ကြီး က ..သူ့ သခင်မ.. ဆီက..ခွက်သံ ပုဂံသံ ကြား တော့… ခုန်ဆင်း လာပြီး.. ခြေထောက် ကြား မှာ တိုးဝှေ့ နေ သည်။

“   ပူစီ ကြီး.. သားကြီး……ဆာပြီလား..

....
ကြည့်ပါအုံး.. fat cat  တဲ့လေ..သူတို့ဟာ သူတို့ ..လေဘ ကြီးတာ.. ကြောင်တွေကို ဆွဲထဲ့ နေ တယ်.. ကွယ်  ….သူဌေး တယောက် လောက် .. Trust fund  ရရင်.. ကိုယ်လည်း Cat Right activist လုပ် အုံးမယ်.. နော်..ပူစီ..သားကြီး  ”

အမျိုးသမီး ရဲ့  ချော့မြူသံ ကြောင့်.. ကြောင်ဝါကြီး က..သူ့ရဲ့ အမြီး ကို.. အမြင့်ဆုံး ဖြစ်အောင် ထောင်လိုက် ရင်း... အချွဲပြစ် ဆုံး ညောင်သံ ပေး တော့ သည်..။

ငှက်ပြာလေး က အတောင် တဖျပ်ဖျပ် ထ ခတ် တော့..အမျိုးသားက.. ငှက်လှောင် အိမ် ဆီ လျှောက် သွား သည်။ သံတိုင် ချောင်း လေး တွေ ကြားထဲကနေ.. အပြင်ဖက် ကို ထိုးထွက် လာတဲ့.. အတောင်ပြာပြာ လေး တွေ ကို ငေး စိုက် ကြည့် နေ ရင်း ပြုံး လိုက် သလို..  ပြီးတော့ မဲ့ သွား ပြန် သလို…။

သူ့ မျက်လုံး တွေကို  ခပ်ဝါးဝါး ဖုံးကွယ် ထား တဲ့.. မှန်သားထု က .. စားပွဲ ပေါ်က..  ၀တ္တု စာအုပ် ကြီး နီးပါး ထူထဲ လှ သလို … သူ့ မျက်နှာ ပေါ်က.. အရိပ် တွေ သည် လည်း   နံရံ ပေါ်က.. ပန်းချီ ကား ကြီး ထဲက ပုံရိပ် တွေ လိုပင်.. လျှို့ဝှက် နက်နဲ သည့် ပုံ ပေါ်နေ လေ သည်။






++++++
(ဆက်ရန်)


Share/Bookmark

3 Comments:

Mirror said...

ဖတ်ရတာ ငြိမ့်ငြောင်းညင်သာနေတာပဲ။ ဆက်ပါ ဆက်ပါ။ အမြန်။

mks said...

သေချာ ဖတ်တယ် မကေ ...
မတ်စိ တော့ မရသေးဘူး ...
လှတယ်ဗျာ ..

PAUK said...

Cat Right activist တဲ့...