ဆယ်လမွန်ငါးတို့အပြန်

ညက ရေးလက်စ ဆောင်းပါး တပုဒ်ကို ခုမနက်များ လက်စသတ်နိုင်မလားလို့..
မရတော့ဘူး ထင်တယ်။ ကွန်ြပူတာ မျက်နှာပြင် အောက်က 10: 25 am ဆိုတာက.. မျက်စိထဲ ရောက်ရောက်နေတော့..စာကို စိတ်မရောက်နိုင်တော့ပဲ..လောလို့သာနေသည်။ ကဲ- မတတ်နိုင်..အတင်း အဆုံးသတ်လိုက်လို့လည်း..ဖြစ်ကတတ်ဆန်း ကြီး ဖြစ်သွား ဦးမည်။ မုဒ်ကလည်း..လောနေတဲ့ စိတ်ထဲ ရောက်နေပြီ။

ဒီနေ့ နေ့လည် ၁ နာရီ အရောက် သွားရမည့် အစီ အစဉ်က.. သူ့ ရင်ကို ခုန်စေဖို့.. အကြောင်းအရာတွေ.. သိပ်ကို ခိုင်လုံ နေသည်။ တကယ်တော့.. အဲဒီ အစီအစဉ်လေးက..သူတို့ဆင်နွှဲပျော်ရွှင်ရမည့် အတိုင်းအဆကြီး ရဲ့ အပိုင်းအစသေးသေးလေး..တခုသာ.. ။ လွန်ခဲ့တဲ ၁လလောက်တည်းက.. သူတို့အားလုံး ရဲ့ ဘ၀ တွေကို.. အကြီးအကျယ် ပြောင်းလဲ စေခဲ့သည့်..၀မ်းမြောက်ပျော်ရွှင်ဖွယ် အပြောင်းအလဲ ကြီး ထဲမှာ.. အားလုံး မျက်ရည်လည်ရွဲ ပျော်ပွဲ ဆင်ခဲ့ ကြပြီးပြီ မဟုတ်လား..။

ဟား..
ကွန်ပြူတာကို ပိတ်အောင် စောင့်နေရင်း.. သူ့အလုပ်ခန်းလေးကို ကျေနပ်စွာ ကြည့်လိုက်မိသည်။ စားပွဲရဲ့ ရှေ့တူရှုက..မျက်နှာချင်းဆိုင်မှာ မြင်နေရတဲ့.. ပြတင်းပေါက်မှာ..ဘာခန်းဆီးစ မှ မရှိ။ အပြင်ဖက် ခြံစည်းရိုးက.. တွဲလွဲကျနေတဲ့ ဂေါ်သဇင်တွေ ကို.. တိတိပပ ..မွှေးမွှေးမြမြကို ..မြင်နေ..ခံစားနေရသည်။ သရက်ပင် အိုကြီးရဲ့ အရိပ်အောက်က ဖြတ်ပြီး.. အခန်းထဲ ၀င်လာတဲ့..အလင်းရောင်က.. မစူးလွန်း.. မတောက်လွန်း။ ကံကောင်းရင်..လိပ်ပြာလေးတွေ..စာဗူးတောင်းလေး တွေတောင်..ကျီးကျီးကျီကျီ..ရှိနေတတ်သေးသည်။

မကျဉ်းလွန်း မကျယ်လွန်းတဲ့..စာကြည့်ခန်း .. သို့မဟုတ်.. စာရေးခန်းလေးထဲမှာက.. လက်ပ်တော့ တင်ထားတဲ့..ကျွန်းစားပွဲလေးရယ်..စားပွဲဘေးက..ပရင့်တာလေးတလုံးရယ်.. ဘေးနံရံမှာ ကပ်ထားတဲ့..ကမ္ဘာပြားမြေပုံ ကြီးရယ်.. သောက်လက်စ ကော်ဖီခွက်ကလေးရယ်.. စားပွဲပေါ်မှာ ပျံ့ကျဲနေတဲ့.. ခဲတံ တချောင်း..ဘောပင် တချောင်း.. Thumb drive တခု .. hand cream တဗူး..နောက်ပြီး- ချွတ်ထားတဲ့..လက်ပတ်နာရီလေး..။

သပ်သပ်ရပ်ရပ် ရှိနေတာဆိုလို့.. လက်ဆောင်ရထားတဲ့..ကျိုက်ထီးရိုးပုံ ကျောက်စီ ပန်းချီ သေးသေးလေးရယ်.. နောက်..မိသားစု ပုံလေး တွေ..ရယ်။ ထိုင်ခုံဘေးမှာ ယှဉ်ချထားတဲ့..ကော်ဖီ စားပွဲပုလေးပေါ်မှာက.. daily bread စာအုပ်တအုပ်နဲ့.. Times မဂ္ဂဇင်း တအုပ် ၂အုပ်..။ အမြဲတမ်း ... ပို့လို့ ပက်လက် ပွင့်နေတတ်တဲ့..အင်္ဂလိပ် - မြန်မာ အဘိဓါန် စာအုပ်ထူ ကြီးက တော့.. ကြမ်းပြင်ပေါ်မှာ။ မှန်တံခါး မတပ်ထားတဲ့..နံရံကပ် စာအုပ်စင် ပေါ်က.စာအုပ် တချို့ကတော့..အစီ အစဉ် မကျသေး။ မှန်တံခါးပါတဲ့..စာအုပ်ဗီရိုကြီးတွေကို..မုန်းလို့.. ရိုးရိုးစာအုပ်စင် အပွင့်လေးပဲ ထားပေမဲ့.. ဖုန် မှန်မှန် မသုတ်နိုင်ရင်တော့.. မလွယ်လှ။ နေရာ မကျ သေးတဲ့..စာအုပ်တချို့က..အောက်ဖက် ကြမ်းပြင်က..စက္ကူဗုံးတွေထဲမှာ..ထိုးထိုးထောင်ထောင်။ ဒါတွေ..သေချာ အုပ်စုခွဲ ဖို့..စီဖို့.. တရက်..အချိန် သပ်သပ် ပေးရ ဦးမည်။

အခု ချိန်မှာတော့..လုပ်စရာတွေက..သိပ်များနေသည်။ အော- ဒီဖက်က..စက္ကူ ဗုံးတွေက.. ခုနေ့လည် ယူသွားဖို့.. သီးသန့် ဟာတွေ.. ။ စိတ်က..လှုပ်ရှားနေတာနဲ့..မေ့ဦးတော့မယ်။

စိတ်သစ် လူသစ် အကုန်သစ်မယ်ဆိုပြီး ..အသစ်လဲထားတဲ့..ဆိုနီ လက်ပ်တော့ အသစ် ကလေးကို ..တယုတယ အဖုံး ပိတ်လိုက်ရင်း..ကျေနပ် ပီတိ တွေက..အပြုံးကြီးကြီး တခု အဖြစ် စာကြည့်ခန်းလေးထဲကို.. လျှံကျသွားသည်။ ကဲ- နောက်မှ ဆက်ကျေနပ်...သွားဖို့ လာဖို့..ရေချိုးပြင်ဆင်ရတော့မည်။

၁၁ ခွဲလောက်ကျရင်..ပန်ဒိုရာ တို့ လာခေါ်မှာ။ သူတို့ ..စလုံးကျွန်းက..အုပ်စု တနေ့ကမှ..လေယဉ်အပြည့် ပြန်လာကြတာ။ ခုရက်ထဲ..လေယဉ်တွေတောင်..စီးရေမြှင့် ဆွဲပေးနေသည်ဆိုပဲ။ ကောင်းလိုက်တာ။

+++++

၁၃ နှစ်လောက်..ဒီဗီရို လေးထဲမှာ..ခေါက်ရိုးကျိုးနေခဲ့တဲ့..ပင်နီ ရင်ဖုံး အကျီ င်္ လေးကို ၀တ်ကြည့်တော့.. ကြည့်ပါဦး..ကွက်တိ ဖြစ်နေသေးသည် ။ အေးလေ..သူ လည်း..ဒီနှစ်တွေကြားထဲမှာ..နုပျိုမူတွေသာ.. ပါးလျသွားပေမဲ့..ခန္ဓာကိုယ်က.. ဘာမှ မှ သိပ်မပြောင်းလဲသွားပဲ။ အညို နု ရင့် ၂ ရောင်စပ် ဗမာလုံခြည်လေးကလည်း.. ချည်သားအစစ်မို့..၀တ်ရတာ..ချပ်ချပ်ရပ်ရပ်..။ သူ ဒီလိုဝတ် ရင်..သိပ်များ..အိုဗာ ဖြစ်နေမလား မသိ။ သိဘူးကွာ..တတ်နိုင်ဘူး- ၀တ်မှာပဲ။ တွေးရင်း..ပြုံးမိပြန်ပြီ။ ငယ်တုန်းက..ဒီလို ၀တ်ပြီး..မန္တလေးဆောင်မှာ အတန်းတက်တိုင်း..ပြုံးမဲ့မဲ့ကြီးနဲ့..မသိချင်ယောင်ဆောင်တတ်တဲ့.. ဌါနမှူး ဆရာချို ကိုတောင်..သတိရသွားသည်။

ဟော- အိမ်ရှေ့မှာ..ကားရပ်သံ။ ရင်တွေခုန်လာပြန်ပီ။ ပန်ပန့်ကို.. ဓါတ်ပုံထဲမှာသာ မြင်ဖူးတာ။ အပြင်မှာ.. မတွေ့ဖူးသေးဘူးလေ။

အား-- ကားပေါ်က..ဆင်းလာကြတဲ့.. သူတွေ.. မမေ..ညီမလေးစိုး.. ဟောဒါ ပန်ဒိုရာပဲ..။ စိုးနဲ့ ပန်ဒိုရာက.. အပြင်မှာ..ညီအမ လားတောင် အောက်မေ့ရတယ်.. ဗမာဆန်ဆန် ချောချောလေးတွေ...။ ကားမောင်းလာတဲ့..ဟိုပုဂ္ဂိုလ်က..ပီတိ ဆိုတာပဲဖြစ်မည်။ မမေတို့ပြောပြောနေလို့..သူမှန်းမိနေပြီ။ သူတို့အားလုံး..ဘယ်သူ မှ မိတ်ဆက်ပေးစရာ မလိုပါပဲ နဲ့.. ရင်ထဲက..သိနေကြတာ..ထူးဆန်းလိုက်တာနော်။

` တို့တော့..ဘာမှ ကို မပြောနိုင်တော့ဘူးဟေ့.. ယူတို့အားလုံးကို..တွေ့ရတာ.. ရည်စားနဲ့တွေ့တာထက်တောင်..ရင်ခုန်နေမိတယ်..´ လို့..ခပ်နောက်နောက်ပြော လိုက် မိတော့.. အားလုံး.. ရီမောလိုက်ကြရင်း..သက်တောင့် သက်သာ ဖြစ်သွားကြသည်။ သူ့စာကြည့်ခန်းထဲက..စာအုပ် ဗုံးတွေကို..တယောက်တခု ကားပေါ်တင်မ ကြတော့.. သူ့အခန်းလေးကို သဘောကျ နေတဲ့ မမေက..
` အဒေါ်ကြီး....ရှင်... တကယ်ပဲ..စာရေးတော့မယ်ပေါ့လေ..´
သူ ပြုံးပြီးရင်း..ပြုံး၍သာ နေမိတော့သည်။

+++++

တလမ်းလုံး..စကားမပြတ်အောင် ဖောင်ဖွဲ့လာကြရင်း.. တနာရီ ခွဲ မောင်းရတဲ့...ခရီးက.. တံတားလေး တခုကို ကျော်ဖြတ် အပြီးမှာ.. ချောင်းကမ်းပါး ရွာလေးတခု ထဲကို ၀င်လာပြီ။ ရွာလေးက..အတော်အသင့်ကြီးသားပင်။ ရွာထဲမှာ..ဧည့်သည် ကားတချို့ ရောက်နှင့်နေပုံ ရသည်။


` ဘယ်သူတွေ လာကြမှာ လဲ..သိလား ပန်..´

နားကြီး ..မျက်စိကြီး..အသိမိတ်ဆွေ ပေါတဲ့..ပန့်ကို မေးတော့ ..

` မပြောဘူး..မကေ အံ့သြသွားအောင်..´ ဆိုပြီး..ညစ်ကျယ်ကျယ် လုပ်နေသေးသည်။

နေပေါ့။ ဟွန်း---

` အနာဂါတ် သုတရပ်ဝန်း ´ ဆိုတဲ့.. ဆိုင်းဘုဒ်လေး ကလေးက..နေရောင်အောက်မှာ.. အနီရောင် ဆေးလေးတွေ လွင်တောက်လို့။ ကားတွေ တော်တော်များများ ရပ်ထား သည်။ ကျေးလက် သုံး ဆိုင်ကယ် တွေလည်း အတန်းလိုက် ကလေးတွေ..စီလို့ ။

သူတို့ကားလေး ရပ်သွားတော့.. ဆံပင်တို ရှင်းရှင်လေးနဲ့.. အသက် ၂၀ ကျော် အစိတ်လောက်..ချစ်စဖွယ် မိန်းမငယ်လေးတယောက် ခပ်သွက်သွက် လှမ်းလာသည်။ ဒါ- မေရာ ပဲ ဖြစ်ရမည်။

` အမတို့ အကိုတို့ရေ.. ၀မ်းသာလိုက်တာ..ကျမ မေရာပါ.. အမတို့အားလုံး..ဒီဖွင့်ပွဲကို လာတာ..ကျမ ဘယ်လို ကျေနပ်မှန်း မသိဘူး..အား ရှိလိုက်တာ..´

သေချာတာပေါ့..ခုန်ဆွ..ခုန်ဆွ နဲ့.. လှိုက်လှိုက်လှဲလှဲ ပြောဟန်လေးက..သူရေးတဲ့ စာလေးတွေ အတိုင်းပဲ။

စာအုပ်ဗုံးတွေ..ကားပေါ်က ချရင်း.. နှုတ်ဆက်သံတွေ..နောက်ပြောင်သံတွေ..ဆူညံ နေတော့သည်။

အုပ်တိုက်ခံ အဆောက်အဦ အဖြူလေး ထဲ ကို..၀င်ဝင်ခြင်း လက်ယာဖက် အခန်းမှာ..မှန်ကာ..လေအေးပေးစက် တပ်ထားတဲ့..ကွန်ပြူတာခန်းလေး ။ ကွန်ပြူတာ ၁၀ လုံးလောက်တော့ ရှိမည်.. အတော်ဟုတ်သားပဲ။ အေးလေ..မေရာ ရဲ့.. ဆက်သွယ်လှုပ်ရှားမူနဲ့..အလှူရှင်တွေလည်း တော်တော် ထဲ့ဝင်ထား တာလို့..သူကြားမိသည် ။ လက်ဝဲဖက် အခြမ်းမှာကျ တော့.. ၀ှိုက်ဘုဒ် တခု ချိတ်ထားတဲ့..စာသင်ခန်းလို..အစည်းဝေးခန်းလို..ခပ်ကျဉ်းကျဉ်း အခန်းလေး တခု။ စားပွဲ ပေါ်မှာ .. မေမြို့ပန်း ရောင်စုံတွေ ဝေနေအောင် ထိုးထားတာ မြင်တော့.. ရင်ထဲ နွေးထွေးသွားသည်။


` ဟယ် -- လူတွေ စုံလှချည်လား ..´

သူ အတော် အံ့သြသွားသည်။ ဒီကောင်မလေး..တကယ် မိတ်ဆွေပေါ..တကယ်လုပ်နိုင်တာပဲ။
အခန်းအနား မစသေးတာမို့...အချင်းချင်း..စကားစမြည်ပြောနေသံတွေက..ခန်းမ ထဲမှာ..ခပ်အုပ်အုပ်..ခပ်ဝေါဝေါ။

သူတို့ကို ဦးတည်ခေါ်သွားနေတဲ့..ရှေ့က..၀ိုင်းမှာ အမျိုးသား လေး-ငါးယောက် ထိုင်နေသည်။

`ဒါက..ကိုအောင်သာငယ်.. ဟိုဖက်က.. ကိုယောဟန်အောင်.. ကိုဆောင်းယွန်းလ.. ကိုဇာနည်ဝင်း......
အပြုံးချင်းတွေ ဖလှယ်ကြသည်။ စားပွဲပေါ်မှာ လက်တွေ ရှုပ်ရှက်ခက်သွား သည်။
ကိုအောင်သာငယ် ဆိုတာ..ဆံပင်အရှည်မှန်းတော့..သိသည်။ ခပ်ပိန်ပိန် နဲ့..သဘောကောင်းကောင်းရုပ် လို့ထင်ထားတာ.. ခုတော့..ဘီယာဗိုက် ကြီးနဲ့..မျက်နှာတည်ကြီးပါလား။ ကိုယောဟန်အောင်ကတော့..အင်တာဗျူးတွေမှာ မြင်ဖူးပီးသားမို့.. တန်းသိသည်။ ကိုဆောင်းယွန်းလကိုလည်း..သူ့ပရိုဖိုင်းမှာ တင်ထားတဲ့..သူ့သားလေးနဲ့ခပ်ချောချောပုံ ကို မြင်ဖူးပြီးသားမို့..အပြင်မှာ ..အားလုံး..ခပ်ဖိုင့်ဖိုင့်တွေ ဖြစ်နေတာကလွဲလို့.. သိနေပြီးသား။ သြော- ကိုဇာနည်ဝင်းတယောက်သာ- သူများတွေပြောတော့..ဂျက်လီ ဆိုလို့..ခုကြတော့.. ပိန်ပိန်ရှည်ရှည်..မဂို ကုလား ရုပ်ပါလား။

မေရာကပဲ..လက်ညိုးတွေ ထိုးလို့..ဟိုဖက်စားပွဲကလူတွေကိုပါ..လှမ်းမိတ်ဆက်နေပြန်သည်။
ကလူသစ်တဲ့.. ကိုမောင်ရင်တဲ့.. ကိုအောင် (ပျူနိုင်ငံ) တဲ့.. ကိုသက်ဦး တဲ့..ကိုပေါတဲ့.. ရွာသားလေး တဲ့..Craton တဲ့..သူ့နံမယ်ကလည်း ခေါ်ရတာ ခက်လိုက်တာ..

လူတွေကို...ပြာပြာ..ပြာပြာ နဲ့..အစီအစဉ်စာရွက်လိုက်ဝေ ပေးနေတဲ့..ခပ်ပိန်ပိန်ကောင်လေးက.. မောင်မျိုးတဲ့။ မောင်မျိုးလိုပဲ..စာရွက်တွေ ဝေနေတဲ့ နောက်တယောက်က.. ဇူလိုင် အိမ်မက်..ဒေးဗစ်ချန်းတဲ့..။ သူကလည်း..လူစည်တုန်း..ကျေးလက်ကျောပိုးအိတ် ကြက်ခြေနီ လုပ်ငန်း အကြောင်း.. ပညာပေးစာရွက်တွေ ဝေနေတာ ဆိုပဲ။ လူငယ်လေး တွေ ကြည့်ရတာ..အားရစရာ ကောင်းလိုက်တာ..။ နောက်..လူတွေကို..မေးခွန်းတွေ လိုက်မေးနေတဲ့ ... ဆံပင်ကော့နေအောင်ထောင်ထားတဲ့.. မျက်မှန်လေးနဲ့..ကောင်လေးက..တောကျောင်းဆရာတဲ့..။

` ကျမတော့..တောကျောင်းဆရာကို..သတင်း ဆောင်းပါး ကောင်းကောင်း ရေးခိုင်းထားတယ်..´

မေရာက..အားရပါးရ ပြောရင်း..`အမတို့ထိုင်နော်..ကျမ ပွဲစဖို့.. သွားလုပ်လိုက်အုံးမယ်..´ ဆိုပြီး..လှစ်ကနဲ ထွက်သွား သည်။

သူတို့တွေလည်း..အနားက..စားပွဲလွတ်မှာ ပဲ..ထိုင်လိုက်ကြသည်။ ခဏနေတော့.. စင်ဘေး တဖက် တချက်မှာ ထောင်ထားတဲ့..ဆောင်းဘောက်စ် ၂လုံးက.. ဗမာ့ဆိုင်းသံ ခပ်မြူးမြူးလေး ထွက်လာသည်။ အိုး..ပျော်စရာကောင်းလိုက်တာ။ ဗမာဆိုင်းဝိုင်း ပတ်လုံးသံကို သူ အကြိုက်ဆုံး။ ဘေးက..ညီမလေး စိုးက.. အဲဒါ ဘာတီးတာကြီးလဲ တဲ့..။ သူတို့ အားလုံး.. ရီမိကြပြန်ပြီ။

သူတို့ဘေး စားပွဲကပ်ရပ်က..ရွာခံလူကြီးတွေ ဖြစ်ပုံရသည်။ တိုက်ပုံတွေ ဘာတွေနဲ့.. သားသားနားနား။ ခုံတွေက..ကပ်နေတော့..သူလဲ..ဘေးဖက်လှည့်ပြီး.. ` ဦးလေးတို့ ရွာလေးက..ပျော်စရာကောင်းလိုက်တာ..အားလုံး တက်ညီ လက်ညီ နော်..´ လို့ ..ဖောရှော လှမ်း လုပ်လိုက်သည်။

` အေးလကွာ..ဒီအချိန်အခါ မျိုးကတော့.. တနိုင်ငံလုံး ပျော်နေ..စည်းလုံးနေကြတာပဲလကွာ.. ဒါနဲ့..သမီးတို့က.. ကွန်ြပူတာမှာ စာရေးတယ် ဆိုတဲ့..ဟာတွေလား..´
ပန်ပန်ကတော့..တခွိခွိ ရီနေပြီ။

` အေး..ဟိုးထိပ်က.. ခုံတွေက..ဟာလေး တွေလဲ..ကွန်ပြူတာမှာ စာရေးတဲ့ သူတွေတဲ့.. မေရာ ဖိတ်ထားတာ တွေ လေ..ဒီကောင်မလေးကလဲ.. ရွာကို တော်တော်ကူညီရှာတယ်ကွဲ့..´
အဲဒီ ဘကြီး ပြောမှ..လှမ်းကြည့်တော့.. မနော်တို့..မချိုသင်းတို့ကိုလည်း..တွေ့လိုက်သည်။ သူတို့ဘေး..ကပ်ရပ် ၀ိုင်းက.. တသွေးတမွေးပုံစံတွေ နဲ့.. အမျိုးသမီးတအုပ်.. သေချာတယ်..ကွန်ပြူတာမှာ စာရေးတဲ့..လူတွေပဲ ဖြစ်ရမယ်။ ကိုယ့်ဘော်ဒါတွေထဲက..ဘယ်သူတွေ ပါမလဲ..။ စိတ်နဲ့ မှန်းကြည့်နေမိသည်။ လူတွေ

ဝိုင်းနေတဲ့..ခပ်ချောချော အမျိုးသမီးက..မခင်ဦးမေ များလား မသိဘူး။ စုံတွဲတတွဲက..အတော်ကြည့်ကောင်းသည်။ ကိုဧရာ နဲ့ မသီတာများလား ။ မတန်ခူးတို့..သက်ဝေ တို့ရော..ပါမလားမသိ။ ပြီးမှ သွား မိတ်ဆက်ရမည်။

` ဟိုမှာ..အမရယ်..´


စိုးက..အလန့်တကြား ထအော်မှ.. သူလက်ညိုးထိုးနေတဲ့..အ၀င်ပေါက်ကို လည်ပြန် ကြည့်တော့..ဗီဒီယို ကင်မရာကြီး တကားကားနဲ့ အမ ခင်မင်းဇော်။
ဟေး...

သူတို့ကို မြင်တာနဲ့..အမက.. ကင်မရာကို ထိုးချိန်ပြီး..အရင် ရိုက်နေသေးသည်။ ပြီးမှ.. `ဟဲ့..မောလိုက်တာဟယ်...ငါ အတကုန် ပြေးလာရတာ..တတင်းယူစရာတွေကလည်း..တိပ်များနေပြီဟ..´အမ ကို မြင်တော့မှ..သူတို့အားလုံး..မမေငြိမ်းကို..သတိရကြသည်။

` မမေငြိမ်းတို့ပါ..ပြန်လာရင်..ကောင်းမှာနော်.. ´
` အေးဟ..လာတော့..လာကြမယ် ထင်ပါတယ်´
ဆိုင်းသံ ရပ်သွားပြီး.. ကျွီ------------- ကနဲ..မိုက်ကရိုဖုန်းသံ ထွက်လာသည်။ ပွဲစလေပြီ။

စစချင်း..မေရာက..ဒီ အနာဂါတ် သုတရပ်ဝန်း ကို.. သူ စိတ်ကူးယဉ်ခဲ့တာ ကြာပြီဖြစ်ကြောင်း.. သူ့မွေးရပ်ရွာ ဖွံဖြိုးရေး အတွက်.. ရွာလူကြီးတွေရဲ့ ထောက်ခံ တိုက်တွန်းချက်.. သူ အင်တာနက်မှာ ခင်မင်သိကျွမ်းခဲ့တဲ့..မိတ်ဆွေတွေရဲ့..၀ိုင်းဝန်း ထောက်ပံ့ မူနဲ့.. ခုလို..တတိုင်းပြည်လုံး မင်္ဂလာအပေါင်း ခညောင်းနေတဲ့.. အခါသမယ မှာ..အချိန်ကိုက်.. ဖွင့်လှစ် နိုင်ခဲ့ကြောင်း။ ကျေးရွာနေ လူငယ်ထု အတွက်..ဒီလို ပုံစံငယ်လေး တွေကိုလည်း..မြို့တိုင်းရွာတိုင်းမှာ..ပေါ်ပေါက်လာစေခြင်ကြောင်း.. ခပ်တိုတို အဖွင့်ပြောသွားတော့..လက်ခုပ်သံတွေ တဖြောင်းဖြောင်း။

နောက်- အလှူရှင် အသီးသီး ကို ဂုဏ်ပြုလွှာ ပေးအပ်ခြင်း။ သူတို့အဖွဲ့က..လှူဒါန်းတဲ့..စာအုပ်များ အတွက်..မမေ က..ထွက်ယူသည်။ နောက်..ဟောပြောခြင်း..အစီအစဉ်။
ပထမဆုံး..ကိုယောဟန်အောင်ရဲ့.. စွမ်းရည် တည်ဆောက်ခြင်း ( Capacity Building) ဆိုတဲ့..ခေါင်းစဉ်နဲ့.. ဟောပြောချက်။ တော်တော်ပြည့်စုံ လှသည်။ ရွာက..လူငယ်လူရွယ်လေးတွေ အားလုံး..ငြိမ်သက်ပြီး..စိတ်ပါ လက်ပါ နားထောင် နေကြတာ..မြင်ရသည်။
ဒုတိယ ဟောပြောသူက.. စာရေးဆရာမ မနော်ဟရီ ရဲ့..ရသစာပေ၏ အခန်းကဏ္ဌ ။
တတိယ ဟောပြောတာက.. စာရေးဆရာမ မိုးချိုသင်း ရဲ့.. လွတ်လပ်စွာ..ရေးသားဖော်ထုတ်ခြင်း..။

အကြောင်းအရာ တွေက..အကောင်းတွေချည်း မို့.. ရွာခံတွေရော..သူတို့တွေပါ.. ဟောပြောချက်တွေထဲမှာ..နစ်မြောရင်း.. တိတ်ဆိတ် ငြိမ်သက်နေကြသည်။

ညနေ..သုံး နာရီလောက်မှာ..အစီအစဉ်တွေ ပြီးဆုံးသွားတော့ လက်ဖက်ရည် နဲ့ စမူဆာ စားသုံးရင်း..ခန်းမတခုလုံး..ပြန်လည် ကျွတ်ကျွတ်ညံ သွားတော့သည်။ နှုတ်ဆက်သံ.. ချီးမွမ်းသံ.. ရယ်မောသံ.. အားလုံးက..ရင်ထဲက..အသံတွေ.. လွတ်လပ်ပျော်ရွှင်မူ စစ်စစ်ရဲ့.. အသွင်သဏ္ဍန်တွေ.. လှုပ်ရှားမူတွေ။ ခန်းမ ထဲက.. တီဗွီ ကလည်း.. မြန်မာ့အသံက..တိုက်ရိုက်လွှင့်နေတဲ့.. သဘက်ခါ မှာ ကျင်းပမဲ့.. ဒေါ်အောင်ဆန်းစုကြည် ရဲ့.. Inauguration Day အတွက်..မြို့တော်ခန်းမရှေ့..ပြင်ဆင်ပုံတွေ..။ အကျဉ်းသားတွေ လွတ်မြောက်လာပုံတွေ.. ကိုမင်းကိုနိုင်တို့..ဦးဝင်းတင်တို့ရဲ့ နဲ့ တွေ့ဆုံမေးမြန်းခန်းတွေကို... ထပ်ကာ ထပ်ကာ ထုပ်လွှင့်နေသည်။

တချို့လည်း တနာရီ ကျော် မောင်းရမည့် ခရီး အတွက်..ပြန်တဲ့လူတွေ ပြန်ကြပြီ။ သူတို့ အုပ်စုတော့.. မေရာက.. ခုည..ရွာသားတွေ လုပ်မဲ့ မီးပုံပွဲ ကို.. ဆက်နေပါ..ညအိပ်ပါ.. ဆိုလို့.. ဒီည မပြန်တော့ဘူးလို့..ဆုံးဖြတ်လိုက်သည်။

+++++

ဇန်န၀ါရီလမို့.. ရေငွေ့ပါတဲ့..လေအေးလေး တချက် ဖြန်းကနဲ..သုတ်လိုက်တိုင်း..ချောင်းကမ်းစပ်က.. မီးပုံကြီး ရဲ့ အနွေးဓါတ်က..ပိုလို့ ချစ်စရာကောင်းနေတော့သည်။ ကောင်ညှင်းပေါင်း ပူပူ နဲ့နှမ်းထောင်းကလည်း.. အရသာ ရှိလှသည်။ မေရာ့ သူငယ်ချင်း ရွာခံလူငယ် တချို့နဲ့..နေ့လည်က..မပြန်ပဲ ကျန်ခဲ့တဲ့..သူတချို့သာ မို့..လူတော့ သိပ်မများလှ။

ရွာမှာ ရှိတဲ့..ဂစ်တာ ၂လက်ကို..ကိုအောင်သာငယ် နဲ့ ကိုဆောင်းယွန်းလ ... ကြိုးစ ညှိလိုက်ချိန်မှာ..အားလုံး ၀ိုင်းလာကြသည်။

ရေလွှာလည်း+++ ခင်းပြန့်ကြည်လင်စေ++++ မိုးဦးလည်း++လှပ သာယာစေ+++
ဘ၀စေရာ တာဝန်+++ ကျေပွန်ဆောင်ရွက်ခဲ့သူတို့.++++ရေစုန်ကို ဆန်ကာပြန်ခဲ့ပြီ++++++

ဂစ်တာကြိုးတွေကို ထိခပ် ထွက်ပေါ်လာတဲ့..သီချင်းသံက.. သူတို့ နှလုံးသား ခံစားမူ ကြိုးတွေ ကိုပါ..နင့်နင့်နဲနဲ.. ထိခပ် လာတော့...

မိုးဦး ရေဆန်++++မိုးဦးရေဆန်+++မိုးဦးရေဆန်++ မိုးဦးရေဆန်+++ ဆယ်လမွန် ငါးတို့အပြန်++++ အပြန်+++ အပြန်++ အပြန်++ ဆယ်လမွန်ငါးတို့အပြန်+++
သူတို့ လက်တွေ အချင်းချင်း ဆုပ်ကိုင်ထားရင်း..သံပြိုင် လိုက်ဆို လိုက်ကြသည်။ မီးရောင်ဟပ်နေတဲ့..မျက်လုံးတွေရဲ့.. အကြည့်တစုံစီမှာ... အဓိပ္ပါယ်တွေ ပြည့်ဝလို့။
-
++++++

(ပန်ဒိုရာ ရဲ့.. တိမ်တွေကြားမှာ မှုန်းထားတဲ့ပန်းချီ နဲ့..ကိုအောင်သာငယ် ရဲ့ တဂ်လို့ရေးတဲ့စာ ၄ ကို ဖတ်ပြီးသကာလ.. ညီမငယ် Mirror ရေးခိုင်းထားတဲ့..စိတ်ကူးအိမ်မက်များ ဆိုတဲ့ ခေါင်းစဉ်လေးအတွက်.. ခံစားရေးဖွဲ့ပါသည်။ ညီမ မေရာ ရဲ့..စိတ်ကူးအိမ်မက်များကို..အခြေခံပြီး..ခင်မင် ပြောဆိုနေကြ...မှတ်ချက်ပေး..နေကြ..ဘလော့ဂါ မိတ်ဆွေ တချို့အား..အလျဉ်းသင့်သလို.. ထဲ့သွင်း ထားခြင်းဖြစ်ပါသည်။ တခြားတခြားသော..ခင်မင်သူ မိတ်ဆွေ အပေါင်းလည်း...ဒီပွဲကို တက်ချင်တယ်..ဆိုရင်.. မိန်းမ၀ိုင်းတ၀ိုင်း..ယောက်ကျားဝိုင်းတ၀ိုင်း..အချောင်ကြီး ထားထားတယ်။ mirror ဆီမှာ..စာရင်းပေးလို့ ရပါတယ်။း))

အားလုံးပဲ နှစ်သစ်မှာ စိတ်ကူး လှလှလေးတွေ ယဉ်နိုင်ကြပါစေ။


Share/Bookmark

42 Comments:

ကိုအောင် said...

ဆယ်လမွန်ငါးတွေ တစ်နေ့ကျရင် ပြန်နိုင်ကျမှာပါ မကေရေ။ ပို့စ်လေးကို ဖတ်ပြီး ပြန်ရမဲ့ ရက်ကို
စိတ်ကူးယဉ်မိ ပါတယ်။

khin oo may said...

ပျော်စရာကြီး။။ကျေးဇူး။

Anonymous said...

ဘီယာဗိုက်ဆိုလို့ စိတ်ဆိုးတယ်....
ဘာဗိုက်မှ မရှိဘူးးးးးးးးးးးးး
ဘောင်းဘီတောင် ခါးက ၂၉ .....း)

ဖတ်လို့ ကောင်းလိုက်တာ.... အဲလိုမျိုး ဖတ်ရလိမ့်မယ်တော့ ထင်နေသား........

ATN

P.Ti said...

ဒေါ်လေးကေရေ... ရေးတတ်လိုက်တာ.. အပြင်ကလူ စိတ်ကူးထဲ တကယ်ရောက်သွားတာ... ဖတ်ပြီးသွားတော့ အိပ်မက်ကလန့်နိုးလာသလိုပဲ...

အပြန် အပြန် အပြန်...ဆယ်လမွန်ငါးတို့ အပြန်...

မင်္ဂလာနှစ်သစ်ပါ။

ကိုပေါ said...

အခုလောလောဆယ်တော့ နွမ်းလျအိမ်ပြန် ပေါ့။

Anonymous said...

သားသားလည်းစာရင်းထဲပါမယ်ဂျို့။း)

ပုံရိပ် / Pon Yate said...

မကေ ဖတ်ရင်း ငိုတောင် ငိုချင်လာတယ်။ နှစ်သစ်မှာ ပျော်ရွှင် ပါစေ။

ဆောင်းယွန်းလ said...

မကေရဲ့စိတ်ကူးတွေကကျနော့်စိတ်ကူးတွေနဲ့တထပ်
တည်းကျတယ်ဗျာ..
ကိုခင်ဝမ်းရဲ့သီချင်းကိုကျနော်တို့အားလုံးတနေ့ကျရင်
ပီပီပြင်ပြင်ဆိုနိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်..
အဲဒီနေ့ကျရင်ကျနော်တို့အားလုံးပျော်ပျော်ပါးပါးတွေ့ဆုံ
ကြရမှာပါ..စကားတွေအများကြီးပြောကြတာပေါ့...

ခင်မင်လျက်....

RePublic said...

ပုံပေါ်လာအောင် ရေးတတ်လိုက်တာဗျာ ၊၊ ပျော်ရွှင်ဖွယ်ရာအတိပါ ၊၊

pandora said...

(၁၇ နှစ်လောက်..ဒီဗီရို လေးထဲမှာ..ခေါက်ရိုးကျိုးနေခဲ့တဲ့..ပင်နီ ရင်ဖုံး အကျီ င်္ လေးကို ၀တ်ကြည့်တော့.. ကြည့်ပါဦး..ကွက်တိ ဖြစ်နေသေးသည် ။ အေးလေ..သူ လည်း..ဒီနှစ်တွေကြားထဲမှာ..နုပျိုမူတွေသာ.. ပါးလျသွားပေမဲ့..ခန္ဓာကိုယ်က.. ဘာမှ မှ သိပ်မပြောင်းလဲသွားပဲ။ အညို နု ရင့် ၂ ရောင်စပ် ဗမာလုံခြည်လေးကလည်း.. ချည်သားအစစ်မို့..၀တ်ရတာ..ချပ်ချပ်ရပ်ရပ်..။ သူ ဒီလိုဝတ် ရင်..သိပ်များ..အိုဗာ ဖြစ်နေမလား မသိ။ သိဘူးကွာ..တတ်နိုင်ဘူး- ၀တ်မှာပဲ။)


ဒါကတော့ လွန်တာပေါ့ကွယ်။ သူ ကပ်ကြွားလိုက်သေးတယ်။ :)


(ပထမဆုံး..ကိုယောဟန်အောင်ရဲ့.. စွမ်းရည် တည်ဆောက်ခြင်း ( Capacity Building) ဆိုတဲ့..ခေါင်းစဉ်နဲ့.. ဟောပြောချက်။ တော်တော်ပြည့်စုံ လှသည်။ ရွာက..လူငယ်လူရွယ်လေးတွေ အားလုံး..ငြိမ်သက်ပြီး..စိတ်ပါ လက်ပါ နားထောင် နေကြတာ..မြင်ရသည်။)

ရွာက လူငယ်လေးတွေကပဲ စိတ်ပါလက်ပါ နားထောင်နေတယ် ဆိုတော့ မြို့က ဘလော့ဂါတွေကျတော့ စိတ်မ၀င်စားကြဘူးလား။ အနော်တို့ဆရာကို
ဒီလိုလုပ်ပါနဲ့။ :P

(ကိုအောင်သာငယ် ဆိုတာ..ဆံပင်အရှည်မှန်းတော့..သိသည်။ ခပ်ပိန်ပိန် နဲ့..သဘောကောင်းကောင်းရုပ် လို့ထင်ထားတာ.. ခုတော့..ဘီယာဗိုက် ကြီးနဲ့..မျက်နှာတည်ကြီးပါလား။)

(ကိုဇာနည်ဝင်းတယောက်သာ- သူများတွေပြောတော့..ဂျက်လီ ဆိုလို့..ခုကြတော့.. ပိန်ပိန်ရှည်ရှည်..မဂို ကုလား ရုပ်ပါလား။)

ဖြစ်နိုင်တယ် ဖြစ်နိုင်တယ်။ မဟုတ်ဘူးဆိုရင် ကိုယ်လုံးပေါ် ဓာတ်ပုံကြီးတွေ ဘလော့မှာ တင်ပေးကြ။ :)

----

ပျော်စရာကြီးနော်။ အံလိုဖြစ်လာရင် သိပ်ကောင်းမှာပဲ။ :(

mirror said...

ကျေးဇူး အရမ်းအရမ်းကိုတင်ကြောင်းပါ အစ်မကေရေ့..။

ဆရာလုပ်နေကျ သယ်ရင်းတစ်ယောက်က ပြောသေးတယ်။နင်သိပ်မ TAG နဲ့တဲ့။လူမုန်းခံရမယ်တဲ့။
ဟဲ့ ငါကတကယ်သိချင်လို့ရေးပေးဖို့ တောင်းဆိုတာ..၊လို့ပြန်ပြောပစ်လိုက်တာ..လေအစ်မ
ခုတော့ ဖတ်ရတာ ပျော်စရာကောင်းလိုက်တာ..။
အဲ့ဒိပွဲလေးနေ့ကျရင်တော့
ညီမက အပျော်ဆုံးနေမှာပဲ..။တကယ်.။

17နှစ်တဲ့၊နည်းတဲ့အချိန်လားနော်..။အဲ့အချိန်တုန်းကဆို ညီမက 7 နှစ်သမီးလောက်ပဲ ရှိဦးမယ်။
လေးစားအားကျတယ်အစ်မ။ဒါနဲ့ အစ်မနဲ့ ဆင်တူလေးဖြစ်သွားအောင် ညီမလဲ သိမ်းထားတဲ့အင်္ကျီလေးထုတ်ဝတ်မယ်လေ.အစ်မ။

အစ်မရေးထားတဲ့ အစ်ကိုတွေ၊အစ်မအားလုံးနဲ့ ခင်မင်ရင်းနှီးအောင် ညီမထပ်ကြိုးစားရဦးမယ်..။

2008၊သြဂုတ်၊စက်တင်ဘာလောက်ကစပြီး ညီမရေးသမျှစာတွေကို လာလာအားပေးတဲ့အစ်မကြီးကေကို ကျေးဇူးအထူးတင်ကြောင်းပါ။

စိတ်ကူးအိမ်မက်တွေ တကယ်အကောင်အထည်ဖော်နိုင်မယ့်နေ့ရောက်ဖို့ ညီမကြိုးစားမယ်...........။

လေးစားခင်မင်လျက်

mirror said...

သြော် ဒါနဲ့ အစ်မကေ..ညီမက အဲ့အချိန်ကျရင်တော့ ဆံပင်ရှည်နေလောက်ပြီ ထင်တယ်။ခုတော့ ကိုဆောင်းယွန်းလကြီးဆံပင်ထက် နဲနဲပဲရှည်တယ်..။:)

Sonata Cantata said...

ကေရေ စာကြည့်ခန်းမကျယ်ထဲမှာထိုင်ရင်း ကြက်သီးမွေးညင်းတွေ တဖျန်းဖျန်းထနေတာ ရာသီဥတု အေးလို့၊ (လေအေးပေးစက်က အေးလွန်းလို့) မဟုတ်ပဲ ရင်ထဲက ကြည်နူးချမ်းမြေ့မှုကြောင့်ဆိုတာ ဖာသာသိရင်း...

Anonymous said...

မကေရေ ... ဆယ်လ်မွန်ငါးတို့ အိမ်ပြန်ချိန်ရောက်မှ ကချင်ကြီးလဲ တောင်ပေါ်ကကောင်မို့ မထားခဲ့ပါနဲ့ဗျာ အိမ်ပြန်ချင်တာ ဆယ်စုနှစ် ၂ခုရှိပါရောလားဗျာ၊ ဒီအချိန်တွေ ရောက်လုပြီလား ... ဟင်!

Anonymous said...

ဖတ်လို့လည်းကောင်းတယ်။
မျက်ရည်လည်း ၀ဲမိတယ်...

Anonymous said...

အဲလိုအချိန်သာရောက်လို့ကတော့တို့သားအမိလည်း
မျက်ရည်တွေနဲ့ရှင်တို့ရှိရာလာစရာမလိုတော့ဘူးပေါ့
ကွယ်။
စာကတော့အတော်အရေးကောင်းတယ်။
ရသလည်းပိုင်တာပဲ

Anonymous said...

အမကေ ဆယ်လမွန်ငါးတို့ပြန်ချိန်တန်ပြီလားဟင်

nu-san said...

မကေရေ... စာဖတ်ရင်းက တကယ်လားလို့ တွေးမိရတဲ့ အထိကို ဆွဲဆောင်မှုရှိတဲ့ပို့စ်လေးပါ အမ။ “ ဗီဒီယို ကင်မရာကြီး တကားကားနဲ့ အမ ခင်မင်းဇော်” ဆိုလို့ profile icon ကို သွားပြီး မြင်ယောင်မိတယ်.. :)

နှစ်သစ်မှာ စိတ်ကူးအိပ်မက်တွေ လက်တွေ့အကောင်အထည် ဖော်နိုင်ပါစေလို့ ထပ်ဆင့်ဆုတောင်းပါတယ်... :)

Anonymous said...

ဟယ်...နင်ကလည်း ငါ့ကိုမတွေ့ဘူးလား နင်တို့ကိုကောင်းညှင်းပေါင်းထည့်ပေးတာငါလေဟယ်။
ဟိုဘက်ရွာမှာ ငါကျောင်းဆရာမလုပ်နေတာလေ။

ခင်မင်းဇော် said...

များကိုတော့ ဂျကားမပီဝူးတဲ့.. ဟင့် ဟင့်
ချိတ်ချိုးလိုက်မယ်နော်...
ဘလော့လေး ၃ ရက်လောက် မလည်ဖြစ်ပါတယ်... သူတို့က ဒီလို ရေးရက်တယ်..
ခုမှ သိရတယ် ..သူများတွေ အကုန်ဖတ်ပြီးမှ...

မိတေဖိုးးးရေ... ကောက်ညှင်းပေါင်းက အမနဲ့ မတည့်ဘူးဟ... အကြော်စုံလေး လုပ်ပေးလေ ဟိ
ဟိုဘက်ရွာက ဆရာမ ဆိုတော့ ပိုခိုင်းရမယ်။
ဒီဖက်ရွာက မမမှန်ကတော့ ပျော်နေတာနဲ့ ဧည့်လဲ မခံဘူးလေ.. ဧည့်ဝတ်မကျေရုံတင်မကဘူး အဲဒီနေ့က ဗွီဒီယိုရိုက်ခလဲ မရသေးဘူး...

Anonymous said...

မကေသွယ်ရေးတာဘယ်လိုကြီးလဲမသိဘူးဗျာ...ဖတ်ပြီးတစ်ဝက်လောက်ရောက်တော.နည်းနည်းခြုံငုံမိလာတယ် ..နောက်ဆုံး သီချင်း ဆယ်လမွန်ငါးတို.အပြန်လည်းရောက်ရော.......ငိုချင်သလိုလိုရီချင်သလိုလိုကြီးဗျား...........ဘယ်လိုခံစားချက်ကြီးမှန်းမသိဘူး....ရင်ဘတ်ထဲကိုထိသွားပြီဗျား......

mama said...

လှလိုက်တဲ့ စိတ်ကူးလေး..
ဒီလို နေ့လေး တွေ..ရှိမလာ ဘူးလို့ဘယ်သူ ပြောနိုင်မလဲ ကွယ်....
ဝိုင်း ကြိုး စားကြတာပေါ့....
....
အရင်ကလဲ..ရံခါ ရံခါ ရောက်ပေမဲ့
ဘာမှ မပြောဖြစ်..ခဲ့...
ဒီတစ်ခါ တော့..
စိတ်ကူးလေးရော..
တင်ပြပုံလေးရော...
နှစ်သက်လွန်း လို့ ပါ.....
........................
ပြီးတော့... ကိုအောင်သာငယ်ရဲ့ ဧရာဝတီ ထဲမှာ
ရေးခဲ့ တဲ့ comment လေးကြောင့်..
ခုတော့.. Myanmar MP 3 Net ဆိုတာလေး..
သိရလို့ ကျေးဇူး တင်ကြောင်းလဲ ပြောပါရစေ နော်...

M.Y. said...

ကိုယောဟန်အောင် ရဲ့ မြို့ မညိမ်း လူချွန်လူကောင်းပို့စ်ဖတ်ပြီးမှဆက်ဖတ်လိုက်ရတယ်..
အဖတ်နေည်းနည်း နာက်ကျသွားတယ်။
မနော်ဟရီပြောသလိုပါပဲ။မကေ ရသ လဲနိုင်တာပဲကိုး။
မကေရဲ့ ဒီပို့ စ်လေးဖတ်အပြီး မှာ ကျွန်တော်တို့ အိပ်မက်လားရာခြင်းသွားတိုက်နေတာတွေ့ လိုက်ရတဲ့အတွက် ၀မ်းနည်းဝမ်းသာ..နဲ့ တနေ့ ပေါ့ဆိုတာထက် မနက်ဖြန်သာဖြစ်လိုက်စေချင်တယ်။

ဆယ်လမွန်ငါးတို့ အပြန်ကတော့ တွန်းအားတစ်ခုပါပဲ။

မေငြိမ်း said...

ကိုယ်တိုင် စိတ်ကူးယဉ်ဖို့ မအားသေးတာနဲ့ ကေကေ စိတ်ကူးယဉ်တာ လာဖတ်သွားတယ်... ကေကေရယ်.. ပြန်လာမှာပေါ့.. အမကတောင် အရင်ပြန်ရောက်နေမှာအေ့...

သက်ဝေ said...

ကေ..
ဖတ်ပြီးတော့ ပျော်လဲပျော်ပြီးတော့
ရင်ထဲမှာ ၀မ်းသာ ၀မ်းနည်းနဲ့ ...
စိတ်ကူးတွေ လက်တွေ့ ဖြစ်လာမယ့် တစ်နေ့ ကို မျှော်လင့်နေကြရအောင်လေ.. နော်...
ကေ့ရဲ့  လှပနူးညံ့တဲ့ စိတ်ကူး စာစုလေးထဲမှာ အတူတူ စီးမျော ပါဝင် သွားခွင့်ရတဲ့ အတွက် ကျေးဇူးအထူးပါ ကေရေ...

Anonymous said...

အားလုံးပဲ..အတူလိုက်ပါ စိတ်ကူးယဉ်ပေးကြလို့..ကျေးဇူးတင်ပါတယ်။
စိတ်ကူးယဉ်တယ်ဆိုတာ..မျှော်လင့်တာ..မျှော်လင့်တယ်ဆိုတာ.. မျက်မှောက်ပြုတာမို့..
တစုံတရာ အခြေအနေ ပေါင်းစပ်နိုင်ခဲ့မယ် ဆိုရင်.. ဒါတွေ မဖြစ်လာနိုင်ဘူးလို့..ဘယ်သူပြောနိုင်မှာလည်းလေ..။
++++
Crator ကို ထပ်ထဲ့ထားပေးပါတယ်။ မေရာ ကိုလည်း..ဆံပင်အတို ပြောင်းပေးထားတယ်နော်။း)ပြန်တွက်ကြည့်တော့..၁၇ မဟုတ်ပဲ ၁၃ နှစ်မို့လဲ ပြင်ထားပါတယ်။ နောက်ပြောင်ထားတာကို စိတ်မဆိုးကြတဲ့..မိတ်ဆွေတွေကိုလည်း.. ပိုမို ခင်မင်မိပါတယ်။

Anonymous said...

အော်- ဒီနေရာမှာ မမ နဲ့ ကိုအောင်ခန့်ကို မိတ်ဆွေအသစ်များ အဖြစ် သီးသန့်ပြန်လည် နှုတ်ဆက်ပါတယ်။ ခင်မင်လျက်-း)

JulyDream said...

ဘာကြီးလဲ ဟင်... ကျေးလက်ကျောပိုးအိတ် ဆိုတာ... ကြားဖူးဘူး။

ဒါနဲ့ ပင်နီက တကယ်တော်သေးတယ် ဆိုတာ လုံးဝ မယုံပါခင်ဗျ။ ဖြစ်နိုင်တာ တစ်ခုက နောက် ဆယ်စုနှစ်တစ်ခုစာအတွက် ကြိုတင် တွက်ချက်ပြီး ၂ ဆလောက် ကြီးတဲ့ ပင်နီ ၀ယ်ထားရင်တော့ ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်။

အဟီး... (စတာနော် အတည်)

မေ့သမီး said...

အစ်မရယ် ရေးထားတာဖတ်ပြီး အစ်မတို့ကိုယ်စားပျော်နေလိုက်တာ။ တကယ်မှတ်လို့။ အခုတော့...။ ဆော်လမွန်ငါးတို့ပြန်ချိန်ရောက်တော့ မှာပါလို့ မျှော်လင့်နေပါတယ်။

Ye-Mon said...

အရောက် နောက်ကျခဲ့သော်လည်း အမှတ်တရ ဖြစ်စရာပို့စ်အတွက် အထူးကျေးဇူးတင်ပါတယ်။ ဆယ်လမွန်ငါးတွေ ပြန်နိုင်မယ့်နေ့ကို မျှော်လင့်လျက် ...

Anonymous said...

ဟင်နရီ ဒူးနန့် ဇူလိုင် အိမ်မက်.. ကျောပိုးအိတ်တောင် မသိဘူးလား။ ကျောကုန်းမှာပိုးထားတဲ့ အိတ်လေ..

မေ့သမီးရေ- ပျော်စရာတွေ ရှာကြံတွေးထားတာလေ- ကျေးဇူးနော် စာလာဖတ်တာ-

ကိုရဲမွန်- အသံမကြားတာ ကြာပေါ့- နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ဒါပေမဲ့..စောစော စီးစီးလာရင်..ပွဲကို ဖိတ်လို့ရတာပေါ့..မြန်မာပြည် နှင့် NGO များ ဆိုပြီး..ဟောပြောချက်တခု တောင် စီစဉ်ပေးလို့ရသေး။း)
အားလုံးကို ခင်မင်လျက်-

Moe Cho Thinn said...

ဒီပို့စ်ဖတ်တာ မျက်ရည်တွေကြောင့် ၀ါးကုန်ပြီ..

Anonymous said...

မကေရေ
ဝမ်းမြောက်စရာ ပျော်ရွှင်ဖွယ်ရာကောင်းလိုက်တာ
ကျွန်တော်တို့ တွေအားလုံး ဘယ်အချိန်ကြမှဆုံကြရမလဲ မသိဘူးနော်
နောက်လည်းရေးပါဦးဗျာ
ဒီးမာ

kay said...

မချိုသင်း..မျက်ရည်ဝါးတာာ ခုမှ ပြန်ချော့ရတော့မယ်။ ခုတော့..မ၀ါးတော့ဘူးမဟုတ်လား။

ဒီးမာ- စာလာဖတ်တာ ..အချိန်ပေးပြီး မှတ်ချက်ပေးသွားတာ..သိပ်ကျေးဇူးတင်ပါတယ်။ ရေးနေမှာပါ။ ခင်မင်လျက်-

Anonymous said...

ဒီပို့စ်ကို ကျနော်ခုမှ ဖတ်ဖြစ်တယ်ဗျာ ညံ့ချက် ။ ပျော်စရာကြီး တီကေ ကစိတ်ကူးကောင်းလိုက်တာ ။ ပျော်စရာရေးထားတာတော့သိတယ် ဒါပေမယ့် ကိုယ်လည်း အိမ်မပြန်ရသေးတဲ့ ဆယ်လမွန်ငါး တစ်ကောင်ဆိုတော့ ၀မ်းနည်းမသိလို တီကေ ပို့စ်ထဲကအတိုင်း တကယ်ဖြစ်ရင် ဘယ်လောက်ကောင်းလို့ တွေးမိတယ် ။ အဲ့လိုနေ့မျိုး တကယ်မရှိဘူးလို့ ဘယ်သူပြောနိုင်မလဲနော့်း)

Nu Thwe said...

အနောက်ပြက္ခဒိန် နှစ်သစ်မှာ မဖတ်လိုက်ရပေမယ့် အရှေ့ပြက္ခဒိန်နှစ်ကူးမှာ ဖတ်လိုက်ပြီ။ ကျေးဇူး မကေ။ ဆယ်လမွန်ငါးများ အန္တရာယ်ကင်းကင်း ပြန်နိုင်မယ့် အချိန် မြန်မြန် ရောက်ပါစေ။

(PS: Salmon ကို ''l'' သံမပါပဲ အသံထွက်မှ မှန်ပါသတဲ့။ ဒီရောက်ပြီး အတော်ကြာမှ သိတာလေး ကြုံလို့ ပြောသွားပါတယ်)

Unknown said...

Ma K!
Thanks for sharing...I always read ur blog and love all ur posts.Keep it up...

kay said...

အော်- မောင်မျိုးနှယ်-
ဇတ်ရံထဲ့ထားတာ မသိဘူးပေါ့။ ဒါကြောင့် အကယ်ဒမီ ပွဲ မတက်လာတာလား။း)

မနုသွယ်ရေ- အရှေ့- အနောက်- အချိန်တိုင်းအတွက် ယဉ်ရမဲ့ စိတ်ကူးပေါ့လေ..ဆော်လမွန် အသံထွက် ကို ပြောပြတာ..ဗဟုသုတပဲ။

Naomie- စာလာဖတ်တာ..တကူးတက နှုတ်ဆက်တာ..၀မ်းသာပါတယ်။ မိတ်ဆွေသစ်တယောက်ပေါ့နော်။

ATM said...

ဆော်လမွန်ငါတို့ အပြန် အဲသီချင်းကို အရမ်းကြိုက်တယ်

မန်းလေးသား said...

Hello Miss Kay
I m very happy u r letter read after that....

သက်ဝေ said...

ခုပြန်ဖတ်တော့လည်း ဝမ်းသာ ဝမ်းနည်းပဲ ကေ...
ဘလော့ခေတ်ကောင်းတဲ့အချိန် ဘလော့ဂါတွေ ချစ်ခဲ့ကြတဲ့ အချိန်ကို သိပ်လွမ်းမိတယ်...

မေဓာဝီ said...

ပြန်ဖတ်မိတယ် မကေ