ဘာလင် တံတိုင်းကြီး ပြိုကျ ခဲ့တဲ့ ငွေရတု အမှတ်တရများ ။ တကမ္ဘာလုံးကို ကုန်စည်တွေ တင်ပို့နေတဲ့ တရုတ်ပြည်က စက်ရုံကြီးတွေ ၊ မီးခိုးတိတ် ပေးလို့ Blue Sky APEC လို့ တင်စားလိုက်ရ တဲ့ ခဏတာ ကောင်းကင်ပြာပြာအောက်က ၊ နိုင်ငံ ခေါင်းဆောင်ကြီးများ ရဲ့ ၊ ခဏတာ အပြုံးများ ။ မြန်မာနိုင်ငံ ကြီး ရဲ့၊ မြောက်များလှစွာသော နိုင်ငံရေး အကြပ်အတည်းများ ကြားထဲ ကနေ ၊ ခပ်သဲ့သဲ့ ကြားလိုက်ရတဲ့ ၊ အင်တာနေရှင်နယ် သီချင်းသံ ။ တချက်တချက် စူးတက် လာတဲ့ အလုပ်သမား သပိတ်သံ နဲ့ လယ်သမား ကြွေးကြော်သံ များ ။
ဒီ သတင်းပတ်များ ထဲ ၊ အတွေးထဲ ပိတ်မိ နေတဲ့ အကြောင်း တွေကို စာရွက်ပေါ်မှာ တင်ပြီး ၊ ဟိုတစ ဒီတစ လျှောက် တွဲ စပ် ကြည့်မိပြန်သည်။
စစ်အေး နောက်တချီ
ညတွင်းချင်း ကာရံ ခဲ့တဲ့ ဘာလင် တံတိုင်းကြီး ကို၊ နှစ်ဆယ့်ရှစ်နှစ် အကြာ ၊ ညတည မှာပဲ တူတချက် နဲ့ စ ပြီး ဖြိုဖျက် လိုက် ကြသည်။ ပေါက်ပြဲ သွားတဲ့ တံတိုင်းကြီးပေါ်ကို တက်ပြီး အောင်ပွဲခံ နေကြတဲ့ ဘာလင်မြို့သား တွေ ရဲ့ ၊ စိတ်လှုပ်ရှားစရာ ကောင်းလှတဲ့ ပုံရိပ်ဟာ ၊ ကမ္ဘာမှာ စစ်အေးတိုက်ပွဲ ကြီး တခု ဖြစ်ခဲ့တယ် ဆိုတာရယ် ၊ လူထုအင်အားက သာ၊ အကြီးမားဆုံး လက်နက် ဖြစ်တယ် ဆိုတာရယ်ကို ၊ သက်သေပြနေ ခဲ့တယ်။ ဒုတိယ ကမ္ဘာစစ် အပူကြီး အဆုံးသပ် သွားခဲ့လို့ ၊ ပြာတွေတောင်မှ မအေးသေးခင်မှာ ၊ အယူဝါဒ ပြသာနာကြောင့် စစ်အေးကြီးထဲမှာ ပြန်သံသရာ လည် ခဲ့ ကြခြင်းဖြစ် သည်။ ပြာစ တွေ လွင့် ရခြင်း ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်မှာ မဟာမိတ်အဖြစ်သာ ပါဝင်ခဲ့တဲ့ အမေရိကန် က ၊ သြဇာတွေ ရော အင်အားတွေပါ ကြီးထွားလာခဲ့ရင်း သူတီထွင် ဖော်စပ် ခဲ့တဲ့ အရင်းရှင် ဒီမိုကရေစီ စနစ်ကြီးနဲ့ ကမ္ဘာကို ဖြန့်ကျက်ဖို့ လုပ်တော့ ၊ ကွန်မြူနစ် စနစ်ကြီး အပင်ပေါက် ရှင်သန် ကြီးထွားရာ ဆိုဗီယက် ရုရှ ကြီး နှင့် ထိက်တိုက် တိုး ခဲ့လေသည်။ ကမ္ဘာ့ နိုင်ငံတွေ ၊ ဟိုနောက်လိုက် ဒီနောက်လိုက် ၀င်ရိုးတွေ ကျွံ ခဲ့ ကြသလို လူမျိုးတူ အခြင်းခြင်း ခုတ်ထစ် သတ်ဖြတ် ခဲ့ ကြသည်။ တမြို့တည်း နေရင်းတောင် တံတိုင်းခြား ခံ ခဲ့ ကြရသည်။
စစ်အေးကြီးကို အဆုံးသတ် ခဲ့သူ ၊ ဒါမှမဟုတ် ဆိုဗီယက် ပြည်ထောင်စု ကြီးကို ပြိုကွဲ ပျက်စီးစေ ခဲ့သူ လို့ စွပ်စွဲ ခံ ခဲ့ ရတဲ့၊ ရုရှ ခေါင်းဆောင်ဟောင်း ဂျော့ဗားချော့ဗ် က တော့ ၊ သူ့ကိုယ်သူ ခုခံ ကာကွယ်ရင်း ၊ ကမ္ဘာကြီးဟာ ဒုတိယ စစ်အေး ကြီး တခု နားကို ရောက်နေပြန်ပြီ လို့ သတိပေး လိုက်သည် ။ ဘယ်အုပ်စု နဲ့ ဘယ်ဝါဒ ကြားထဲ မှာ ဖြစ်နေ သည်လဲ ဆိုတာတော့ သေချာ မညွှန်းဆို ။ အရင်တုန်းက လိုပဲ ၊ အမေရိကန် ဦးဆောင်တဲ့ မြောက်အတ္တလန္တိတ် နိုင်ငံများ အုပ်စု ( NATO) နဲ့ ရုရှ နောက်လိုက် အရှေ့ဥရောပ နိုင်ငံများ ( Warsaw) အကြားမှာ ပဲ လား ။ ကမ္ဘာ့ နိုင်ငံရေး က ၊ ၀င်ရိုးတန်း နှစ်ခု ရဲ့ အားပြိုင်မူ မှာတင် မက တော့ ပဲ ၊ ၀င်ရိုးသစ် တွေ ရှိလာတာကို မြင်နေရသည်။ ကိုသြဒီနိတ် သဏ္ဍန် ဖြစ်လာနေပြီ လားတော့မသိ ။ အတိတ်ဟာ မြေထဲပင်လယ် ၊ ပစ္စုပ္ဗန် က အတ္တလန္တိတ် ၊ အနာဂါတ် ကို ပစိဖိတ် လို့ ပြောကြသည်။ ကမ္ဘာ့ နိုင်ငံရေး က ၊ တကယ်ပင် ပစိဖိတ်ဒေသ ဆီ ရွေ့ လျှားလာ နေခဲ့ ပြီ။
အိမ်ကွင်း နဲ့ အဝေးကွင်း
ပြီးခဲ့တဲ့ လထဲက ၊ တရုတ်နိုင်ငံ ပီကင်းမြို့ မှာ ၊ လုပ်ခဲ့တဲ့ APEC ( Asia-Pacific Economic Cooperation ) ရဲ့ ထိပ်သီး စည်းဝေးပွဲ သည်ပင် ၊ ၂၀၀၁ ခုနှစ်က ၊ တရုတ်ပြည် ရှန်ဟိုင်းမြို့ မှာ လုပ်ခဲ့တဲ့ စည်းဝေးပွဲ နှင့် မတူတော့ ။ ဆယ်စုနှစ် တခု ကျော်ကျော် ကြာခဲ့ပြီးတဲ့ နောက်မှာ ၊ တရုတ်ပြည် ရဲ့ စီးပွားရေးက တရှိန်ထိုး မြင့်တက် လာခဲ့ပြီ ။ တရုတ် ရဲ့ သြဇာ အာဏာ က အမေရိကန် ကို ပခုံးခြင်းယှဉ် ကျော်ချင် လာပြီ ။ လူ့အခွင့်အရေး ချိုးဖောက်မူတွေ ၊ ပတ်ဝန်းကျင် ညစ်ညမ်းမူတွေ ၊ လာဘ် စားမူ ၊ လူမူစီးပွား မညီမျှ မူတွေ နဲ့ ၊ ပြသာနာ ရှာခံနေရတဲ့ ၊ တရုတ်ပြည်ကြီး ကို ၊ ခေါင်းဆောင်သစ် ဇီကျင်ပင်း ရဲ့ ယုံကြည်မူ အပြည့် ဟန်ပန် အောက်မှာ မြင်လိုက်ကြ ရ တဲ့ ၊ ကမ္ဘာ့ခေါင်းဆောင် တွေဟာ ၊ နည်းနည်းတော့ ရှိန်သွား ကြသည်။ လတ်တလော ဆီးနိတ်မှာ ရှုံးနိမ့်သွားတဲ့ ဒီမိုကရစ်တစ်ပါတီရဲ့ သမ္မတကြီး အိုဘားမား ကို တော့ ၊ သူ့ ပြည်တွင်းက ပြသာနာတွေ ၊ ပခုံးပေါ်မှာ ထမ်းတင်ထားတဲ့ ကမ္ဘာ့ဝန် တွေ နဲ့ ၊ အားပျော့နေဟန် ပေါ်သည် လို့ ၊ သုံးသပ်ထင်မြင် ကြတာတွေ ရှိသည်။ အာရှ ဒေသတွင်းက ၊ အမေရိကန် ရဲ့ ၊ စစ်နိုင် မဟာမိတ် ကြီး ဂျပန် ကို တောင် မသိမသာ ဘေးခေါက်လိုက်ပြီး ၊ ရုရှ ကို ဆွဲတင် ၊ သုံးပွင့်ဆိုင် ဖြစ်အောင် ဧည့်ခံ ပြ လိုက်ရင်း ၊ ဇီကျင်ပင်း ဟာ လျော့တွက် လို့ မရတဲ့ ခေါင်းဆောင် ဆိုတာကို သက်သေပြ လိုက်သည်။
APEC ပြီးသွားလို့ သြစတြေလျ G 20 ကို ဆက်ကြ ပြန်တော့လည်း ၊ အိုဘားမား ကိုယ်တိုင်က ၊ သူတို့ အတွက် ပစိဖိတ်ဒေသတွင်းက ၊ အကြီးဆုံး မဟာမိတ် ဖြစ်လာနိုင်မဲ့ ၊ သြစတြေလျ အစိုးရ ကို ၊ မထင်မှတ်ထားပဲ ၊ ကာဘွန် ထုတ်လုပ်မူ နဲ့သဘာဝ ပတ်ဝန်းကျင် ပျက်စီးမူ တွေကို ဂရုစိုက်ပါ ဆိုပြီး ပြောချလေသည်။ တကယ်တော့ ၊ သြစတြေလျ တိုက်က ထွက်သမျှ ၊ သံတွေ သတ္တုတွေက အစ ၊ လယ်ယာထွက် ပစ္စည်း အလယ် ၊ မွေးမြူရေးပစ္စည်း ပါ မကျန် ၊ အကုန် သိမ်းကျုံး ၀ယ်ပေး နေတဲ့ တရုတ် နိုင်ငံ အပေါ် ၊ စီးပွားရေး ပလူးလွန်း နေတာကို သတိပေး ခြင်းသာ ဖြစ်မည် လို့ ယူဆ မိသည်။ တရုတ်က သူ့ နိုင်ငံ တွင်းမှာ တင်၊ ကာဘွန် တွေ ထုတ်နေတာမဟုတ်ပဲ ၊ သွယ်ဝိုက်သော နည်းနဲ့ လည်း ၊ ကာဘွန် တွေ ကမ္ဘာအနှံ့ ထုတ်နေ သည် ဆိုတာကို မီးမောင်းထိုးပြသွားတာ ဖြစ်မည်။ ကမ္ဘာ့ ကာဘွန် အထုတ်ဆုံး နိုင်ငံ နှစ်ခု ၊ ကာဘွန် လျှော့ချဖို့ သဘောတူ လက်မှတ်ထိုးလိုက် နိုင် ကြပေမဲ့ ၊ သူတို့ ဦးတည်တဲ့ ၂၀၃၀ ဆိုတာ အတော် ဝေးလှပါသေးသည်။ အမေရိကန် နိုင်ငံ က ၊ စက်မူထွန်းကားစ ကာလတွေ တလျှောက် လုံး သူ့စိတ်ကြိုက် ကာဘွန်တွေ ထုတ်လွှတ် ခဲ့ ပြီးမှ၊ အခုမှ တရုတ်ကို ပြသာနာ ရှာရကောင်းလား လို့ လေသံ ပစ်တာတွေလည်း ရှိသည်။ အိုဘားမား တယောက် သူ ပြောစရာ ရှိတာတွေ ပြောပြီး သွားလို့ G20 အစည်းအဝေးက ပြန်သွားပေမဲ့ လို့၊ ဇီကျင်ပင်း တယောက်ကတော့ ၊ သြစတြေလျ မှာ တပတ်လုံး နေပြီး ၊ အနီးအနား ချောင်ကြို ချောင်ကြား ဖီဂျီ ကျွန်း လို နေရာမျိုးထိ သွားရောက် လည်ပတ် သည်။
ပစိဖိတ် သမုဒ္ဒရာ ထဲက ကျွန်းတွေကို စိတ်ဝင်တစား သွားလည် တဲ့ တရုတ်မှာ ၊ ကျွန်းတွေ နဲ့ပတ်သတ် လို့ ၊ အကြံအစည် တွေ ရှိကောင်း ရှိနေ နိုင်လေသည် ။ လတ်တလော မှာ အငြင်းပွား နေတဲ့ တောင်တရုတ်ပင်လယ် ထဲက ကျွန်းစု တွေရဲ့ ပြသာနာ က ၊ တရုတ် နဲ့ ဖိလစ်ပိုင် ၊တိုင်ဝမ် ၊ ဗီယက်နာမ် ၊ မလေးရှား တို့ အငြင်းပွား နေကြသည် ဆိုပေမဲ့ လို့ ၊ တကယ်ကတော့ တရုတ် နဲ့ အမေရိကန် ရဲ့ အင်အားစမ်း ပွဲ တွေသာ ဖြစ်သည်။
BBC ရုပ်သံ ရဲ့ Flashpoint အစီအစဉ်မှာ ၊ လတ်တလော ကြည့်လိုက်မိသည်။ ဖိလစ်ပိုင် နဲ့ ပြသာနာဖြစ်နေတဲ့ စပရက်လေ ကျွန်းစု (Spratly Islands) တွေနားကို အလွတ်တန်း သတင်းထောက် တယောက်က ၊ ဖိလစ်ပင်း ငှားဖမ်းလှေသမား တွေ နဲ့ ရောပြီး ၊ လိုက်သွားကြည့်တော့ ၊ တချို့ ကျွန်းပေါ်မှာ ဖိလစ်ပင်း အိမ်ထောင်စု လေး ငါး ခြောက် ခုလောက်သာ အစိုးရ က ၊ ရိက္ခာ လခ ပေးထားပြီး ကျွန်းစောင့်ခိုင်းထားသည်။ ကျွန်းစုတွေ လို့သာ ပြောပေမဲ့ ၊ တချို့ အစက်အပြောက်ကလေး တွေက ၊ ရေပေါ် ထွက်နေတဲ့ သန္တာ ကျောက်တန်း လေးတွေသာ ဖြစ်သည်။ တနေရာမှာ ဆိုရင် ၊ ဒုတိယ ကမ္ဘာစစ် တုန်းက ကျောက်တန်း နဲ့ ညိ ပြီးသောင်တင် နေတဲ့ စစ်သဘောင်္ အပျက်ကြီး တစီး ပေါ်မှာ၊ ဖိလစ်ပင်း စစ်သားလေး ရှစ်ယောက်လောက် ၊ လက်နက် ရိက္ခာ မပြောနဲ့ စားစရာ ရိက္ခာပင် ၊လုံလုံလောက်လောက် မရှိပဲ ၊ လုံခြုံရေးစောင့် နေကြရသည်။ စစ်ကင်း လှည့် နေတဲ့ တရုတ် ခေတ်မီ စစ်သဘောင်္ကြီးတွေ ကို လည်း ခပ်ပြပြ မှာ မြင်နေရသည်။ အနည်းငယ် ထပ်ပြီး ချည်းကပ် ကြည့်တဲ့ အခါမှာတော့ ၊ ရေပေါ် ထွက်နေတဲ့ ကျောက်တန်းသေးသေးလေး တခု ကို ၊ ပတ်ပတ်လည် ကနေ ၊ သဲတွေထပ်ဖို့ ပြီး ၊ ကျွန်းအတု လုပ်နေတဲ့ တရုတ် စစ်စခန်း တခု ။ နောက်ထပ် ခပ်လှမ်းလှမ်းမှာလည်း တရုတ်အလံ စိုက် ထားတဲ့ မြေဖို့ ကျွန်းတု ဆောက်လုပ်ရေး လုပ်ငန်းခွင် ကြီး တခု ။ ချောက်တိ ချောက်ချက် ဖိလစ်ပိုင် စစ်သားလေးတွေ ရွာသားလေးတွေက ၊ တရုတ် ရဲ့ သွေးတိုးစမ်း တိုးချဲ့ လာတဲ့ အင်အားကို ဘယ်လို ဘယ်လောက် ခုခံ တွန်းလှန် နိုင်မှာ တဲ့ လဲ ။ အဖြေကတော့ အမေရိကန် ပဲ ပေါ့ ။ ဒါပေမဲ့ ပြောကြသလို ၊ တရုတ်က အိမ်ကွင်းမှာ ကစားနေသူ ။ အမေရိကန်က အဝေးကွင်းက ကန်ရသူ ။
ကြွယ်ဝချမ်းသာမူ နဲ့ ဂုဏ်သိက္ခာ
ဒုတိယ အကြိမ်သာ စစ်အေးကြီး ဖြစ်လာပြီ ဆိုရင် ၊ အယူဝါဒ စစ်ပွဲ ချည်း သက်သက် မဖြစ်နိုင်တော့ ။ ဟိုးအရင် ကိုလိုနီ ခေတ်တွေကလို စီးပွားရေး နဲ့ ကုန်သွယ်လမ်းကြောင်း နယ်မြေပိုင်စိုးမူ တွေ က ၊ ပိုပြီး အရေးပါ လာပေလိမ့်မည်။ အရင်းရှင် ဒီမိုကရေစီပဲ ဖြစ်ဖြစ် ၊ အာဏာရှင် ဆန်တဲ့ အော်တိုကရေစီ လို့ ဆိုဆို ၊ ဆိုရှယ်လစ်ပဲ ဆန်ဆန် ၊ ကွန်မြူနစ်ပဲ စစ်စစ် ၊ ကိုယ်ကျိုးစီးပွား ဆိုတာကြီးက ရှေ့တန်းကို ပြန်ရောက် လို့ လာ နေပြန်သည် ။ အများအတွက် ကိုယ်ကျိုးစွန့် ရတာ မြင့်မြတ်တယ် ဆိုတဲ့ ခံယူချက် တွေကို ၊ သမိုင်းထဲ မှာ ၊ ထား ခဲ့ ကြတော့မည် ။
စစ်အေးကြီး အဆုံးသပ် နိုင်ခဲ့တာကို အနောက်ကမ္ဘာက အောင်ပွဲခံ နေ ကြတာဟာ ၊ မဖြစ်သင့် ဘူး လို့ လည်း ဂျော့ဗာချောဗ် က ပြောသေးသည်။ သူက ကွန်မြူနစ် အာဏာရှင် သံကန့်လန့်ကာ ကြီးကို အသာမ ပြီး ၊ ပြုပြင်ပြောင်းလဲရေး တွေကို လမ်းဖွင့် ပေး ခဲ့ ခြင်းသာ ဖြစ်သည်။ ကွန်မြူနစ် စနစ်ကြီး ကျဆုံးသွားပြီ လို့ လက်မခံ သူတွေ အတွက် ၊ လက်မခံ စရာ အကြောင်းတွေ အများကြီး ရှိပေဦးမည်။ တရုတ်ပြည်ကြီး မှာတောင် ၊ ကွန်မြူနစ် ခေါင်းဆောင်ကြီး မော်စီတုံး ကို ၊ မပြစ်ပယ် ကြသေး ဘူး မဟုတ်လား ။ ဒါပေမဲ့ မိုးခိုးပြာရောင် အလုပ်သမားဝတ်စုံ နဲ့ မော်စီတုန်း ရဲ့ ရုပ်ပုံကားချပ်ကြီး ရှေ့ မှာတင် တရုတ်လူမျိုးတွေကတော့ စတော့ရှယ်ယာ တွေ ၊ ဇိမ်ခံ ပစ္စည်းတွေ မျိုးစုံ နဲ့ ၊ အရောင်တွေ ပြောင်း လာ ခဲ့ လေသည် ။ တရုတ် ကွန်မြူနစ်ပါတီ ရဲ့ ခေါင်းဆောင်ကြီးတွေ မီလျံနာ တွေ ဖြစ်လာကြလေသည်။ တကယ်တော့ ၊ ငွေကြေးဓန ကို တန်ဖိုးအလွန်ထားတဲ့ တရုတ်လူမျိုးတွေ အတွက် ၊ မော်စီတုန်း ရဲ့ ယဉ်ကျေးမူ တော်လှန်ရေး အယူအဆ တွေက ၊ ခါးသက်စရာ ကောင်းချင် ကောင်းပေမည်။ လူတချို့ ကို အရင် ချမ်းသာပါစေ ဆိုတဲ့ တိန့် ရှောင်ဖိန် ရဲ့ ဦးဆောင်မူကို ၊ ပိုပြီး ဘ၀င်ကျ ကြပေမည် ။ အခုနောက်ဆုံး ဇီကျင်ပင်း ရဲ့ တရုတ်အိပ်မက် ဆိုတဲ့ ဆောင်ပုဒ် ကတော့ ၊ တရုတ်ပြည်သား တွေ ရဲ့ ဘ၀င် ကို အမြင့်ဆုံးကို ဆွဲတင်လေတော့သည် ။ တကိုယ်ရေ ပြည့်စုံကြွယ်ဝ လာရင် ၊ ကျန်တာတွေ အလွယ်တကူ ဖြစ်လာ လိမ့်မယ် ဆိုတဲ့ တရုတ်တို့ လို စင်ကာပူ တို့လို အရှေ့တိုင်းက ဆရာကြီးတွေက ၊ ဒီမိုကရေစီ ဆိုတာ အနောက်တိုင်းရဲ့ စံ ဖြစ်ပြီး အာရှတန်ဖိုး နဲ့ မကိုက်ညီလှဘူး လို့ အကြောင်းပြသည်။ အနောက်တိုင်းက ဆရာကြီးတွေ ကလည်း ၊ ဒီမိုကရေစီ ဆိုတာ လူ့အခွင့်အရေး ဖြစ်ပြီး လူသားတိုင်း အတွက် ဖြစ်တယ်လို့ ၊ တိုက်တွန်းသည် ။ နိုင်ငံတကာ လူ့အခွင့်အရေး ကြေငြာစာတမ်းကြီး ကို မွေးဖွားပေးခဲ့တဲ့ အမေရိကန် နိုင်ငံ ကတော့ လူ့အခွင့်အရေး ရပ်တည်ချက် ဟာ သူ့ နိုင်ငံ အတွက် ၊ အကြီးဆုံး ခွန်အားကြီး တခု ဖြစ်သည် လို့ ဆိုသည်။ ဒီမိုကရေစီ တန်ဖိုးတွေ နဲ့ သာ ၊ သူ့ ရဲ့ ဂုဏ်သိက္ခာ သြဇာအာဏာ ကို ပြောင်လက် စေမည် တဲ့ ။ အဲဒီတော့ ကြွယ်ဝချမ်းသာမူ နဲ့ ဂုဏ်သိက္ခာ ဘယ်ဟာကို ပိုပြီး ဦးစားပေးမလဲ ။ အာဏာရှင် နဲ့ လူ့အခွင့်အရေး ဘယ်ဟာကို ရွေး မလဲ ။
တရုတ်ကွန်မြူနစ်ပါတီ ရဲ့ အရင်းရှင်စနစ်
ဘယ်လိုပဲ ဖြစ်ဖြစ် အမေရိကန် စိုးရိမ်သလို ၊တရုတ်ကြီးရဲ့ နိုင်ငံရေး နည်းစနစ် ပုံစံ ကို ၊ အားကျ နေသူတွေ အာရှ တခွင်မှာတင် နည်းလှမည် မဟုတ်။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ် ကာလက ဂျပန် အသုံးပြုခဲ့တဲ့ ၊ အာရှတိုက် - သာတူညီမျှ ကောင်းစားရေး ဆိုတဲ့ ၀ါဒဖြန့်မူ မျိုး တော့ မဖြစ်နိုင်တော့ ။ ဘာဖြစ်လို့ ဆို ၊ တရုတ် နဂါးကြီးက အာရှ မှာ လူးလွန့် အမောက်ထောင် လာ ယုံ တင် မက ၊ အာဖရိက လို ၊ လက်တင်အမေရိက လို ၊ သြစတြေလျ လို နေရာ မျိုးတွေ အထိ တွား သွား နေ ခဲ့ လေပြီ။
တောင်အာဖရိက လို နိုင်ငံကြီးမှာတောင် ၊ ANC ပါတီ အတွက် နိုင်ငံရေးကေဒါ သင်တန်းကျောင်းကြီး တခု တရုတ်က အကူအညီပေး တော့ မည်။ ခက်ခက်ခဲခဲ ရုန်းကန် တည်ဆောက်ခဲ့ရတဲ့ တောင်အာဖရိ ရဲ့ ဒီမိုကရေစီ အစိုးရသစ် က ၊ တရုတ်မျက်နှာကြည့် ပြီး ၊ ဘုန်းတော်ကြီး ဒလိုင်လားမား ကိုတောင် ဗီဇာ မပေး နိုင် တော့ ။ သယံဇာတ အရင်းအမြစ်တွေ နဲ့ လဲလှယ်ထားတဲ့ တရုတ်လက်ရာ အားကစားကွင်းကြီးတွေ ဆေးရုံကြီးတွေ ဟာလည်း၊ တခြား အာဖရိက နိုင်ငံတွေမှာ အနှံ့ အပြား။
တရုတ်ရဲ့ ၊ တပါတီ ဗဟို ချုပ်ကိုင်တဲ့ နိုင်ငံရေး စနစ်ဟာ ၊ လက်ဝဲ ၀ါဒ ရဲ့ အဓိက ဖြစ်တဲ့ အလုပ်သမား လယ်သမား လူတန်းစားတွေ ကို ၊ဘယ်လောက် အကျိုးသက်ရောက်မူ ရှိတယ် တော့ မသိ ၊ ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေ ရဲ့ တန်ခိုးသြဇာ နဲ့ ကြွယ်ဝ ချမ်းသာမူ တွေကတော့ ၊ ခန့်မှန်းဖို့ ခက်ခဲလောက်အောင် ကြီးထွား ခဲ့လေသည်။ အကျင့်ပျက် ခြစားမူ တိုက်ဖျက်ရေး ဆိုတာတွေကို အခါအားလျော်စွာ လုပ်ပြပေမဲ့ ၊ မပွင့်လင်း တဲ့ တရားရေး စီရင်မူ အောက်မှာ ၊ အခြင်းခြင်း ဖြုတ်ထုတ် လက်ဦးမူ ယူကြ ရင်း ၊ သြဇာ အာဏာတွေ သာ ပိုပို ကြီးထွား လာ ကြသည် ။ မူ ထက် လူ က ပိုပြီး အရေးပါ လာသည်။
အမေရိကန် ကော်ပိုရေးရှင်းကြီး တွေ နဲ့ ဘဏ်ကြီးတွေ က ၊ တတိုင်းပြည်လုံး ရဲ့ စီးပွားရေး ကို ပြန်ပေးဆွဲ ထားတယ် လို့ ဝေဖန် ပြောဆို ခံနေရ တဲ့ အချိန်မှာပဲ ၊ တရုတ်ပြည် ရဲ့ အစိုးရချုပ်ကိုင်တဲ့ အရင်းရှင်စနစ် (State Capitalism) ကိုလည်း အနောက်အုပ်စု က ၊ မျက်စိ စပါးမွေးဆူး လာကြ သည်။ နိုင်ငံပိုင် လုပ်ငန်းစု (State-owned Enterprise, SOE) ကြီးတွေက ၊ တကမ္ဘာလုံးကို ၊ ဖြန့်ကျက် သိမ်းကျုံး နေတာကို ၊ အားလုံး က စောင့်ကြည့်နေကြသည်။ မိုဇမ်ဘစ် က ရွာတရွာ ရဲ့ စိုက်ခင်းကြီး တခု ကို ၊ တရုတ် မန်နေဂျာက အုပ်ချုပ်နေတာ မျိုး ၊ သြစတြေလျ တိုက်ရဲ့ အလယ်ခေါင်က နီကယ်သတ္တုတူးဖော်ရေး လုပ်ငန်းကြီးတခု မှာ ၊ တရုတ် အင်ဂျင်နီယာတွေ စီမံ အုပ်ချုပ် နေတာ မျိုး တွေသည် ၊ သိပ် မထူးဆန်းလှတော့ ။ ဒါပေမဲ့ ၊ အဲ့ဒီ နိင်ငံပိုင်လုပ်ငန်းစု ကြီး တွေ က ၊ ဘယ်သူ့ အတွက် လဲ ဆိုတာကလည်း မေးခွန်း တခု ဖြစ်လာသည်။ အစိုးရ တခု ရဲ့ ပိုင်ဆိုင်မူတွေ ၊ အစိုးရ တာဝန်ရှိသူတွေရဲ့ ပိုင်ဆိုင်မူတွေ ၊ အစိုးရ နဲ့နီးစပ်တဲ့ သူတွေရဲ့ ပိုင်ဆိုင်မူတွေ ဟာ ၊ ကမ္ဘာ့ ရင်းနှီးမြုပ်နှံမူ ဈေးကွက်ထဲမှာ ဘယ်လောက်တောင် ရှုပ်ထွေး လည်ပတ် နေမယ် ဆိုတာ ခန့်မှန်းဖို့ ခက်ခဲ လွန်းလှသည်။
မြန်မာ့မြေပေါ်က ဒီမိုကရေစီ သစ်ပင်
ကွန်မြူနစ် စနစ်ကြီးက ဘာမှ မမှားပေမဲ့ ၊ သူနဲ့ တွဲပါလာတဲ့ အာဏာရှင် က ဆိုးရွားနေသလို ၊ ဒီမိုကရေစီ အုပ်ချုပ်မူ စနစ်ကြီးက ဘာမှ မယွင်းလှပေမဲ့ ၊ သူ နဲ့ တွဲပါလာတဲ့ လွတ်လပ်တဲ့ စီးပွားရေး ဆိုတဲ့ အရင်းရှင် စနစ်မှာ ၊ အပြစ်အနာအဆာ တွေ ပေါ်လာခဲ့ သည်။ ၂၀ ရာစု ရဲ့ ဒုတိယ တ၀က်ဟာ၊ ဒီမိုကရေစီ အပွင့်လန်းဆုံး ကာလ ဖြစ်ပြီး၊ ၂၁ ရာစု မှာတော့ ၊ ဒီမိုကရေစီ ဟာ အားအင်ချိနဲ့ လာတယ် ဆိုတဲ့ ယူဆချက်တွေ ကို ၊ လက်မခံ ချင်ပေ။ ဖြစ်ချင်တော့ ၊ အာရပ် နွေဦး ရဲ့ ၊ ဒီမိုကရေစီ အညွန့် အညောက် တွေ ကလည်း ၊ ညှိုးညှိုး နွမ်းနွမ်း ။ အာရှ တခွင်မှာလည်း ၊ ဒီမိုကရေစီ က ၊ သိပ်ခိုင်မာလှတယ် မဟုတ်သေး ။ ယိုးဒယား လို ရှုံ့ ချည် နှပ်ချည် များတဲ့ နိုင်ငံမျိုးတွေလည်း ရှိသေးသည်။ ဗီယက်နမ် လို ဟိုမရောက် ဒီမရောက် နိုင်ငံ တွေကိုရော ဘယ်လို သဘောထား ရမလဲ ။ အများစုက ဗဟိုချုပ်ကိုင်မူ ရှိနေတဲ့ အော်တိုကရေစီ တွေသာ ။ ဒီအထဲမှာမှ ၊ လောလော လတ်လတ် ဒီမိုကရေစီ ဘိသိတ်သွန်း ထားတဲ့ မြန်မာအစိုးရ ကရော ဘာလဲ ဘယ်လဲ ။
တကယ်တော့ ၊ ရွေးကောက်ပွဲ တွေ ကျင်းပနေတိုင်းလည်း ဒီမိုကရေစီ မဟုတ်။ လွှတ်တော်ကြီးတွေ ခေါ်နေယုံ နဲ့လည်း ဒီမိုကရေစီ မပီပြင် ။ ဖွဲ့စည်းပုံ ဥပဒေကြီး ရှိတိုင်းလည်း ၊ ဒီမိုကရေစီ မစီးဆင်း ။ ဒီမိုကရေစီ ဆိုတဲ့ ဝေါဟာရ ရဲ့ ရင်းမြစ် အတိုင်း ၊ ပြည်သူတွေဆီကို အာဏာ တကယ် ဆင်းသက် နိုင်မှသာ ။ ပြည်သူတွေ ရဲ့ ပြည့်စုံဖူလုံ မူကို တကယ် အလေးထား မှသာ ။ အတိအကျ ဆိုရရင်တော့ ၊ ပြည်သူတွေ ရဲ့ ရပိုင်ခွင့် အကျိုးစီးပွား တွေကို ၊ ဒီမိုကရေစီ အယောင်ပြ ၊ အာဏာ အလွဲသုံးစား လုပ်ပြီး ၊ အခွင့်ထူးခံ အမြတ်ကြီးစား ဂုတ်သွေးစုပ် နေသူ မှန်သမျှ ကို ၊ ဖယ်ရှားနိုင် မှသာ ဒီမိုကရေစီ ပြီးပြည့်စုံ နိုင်ပေမည်။
ဒီမိုကရေစီ ဆိုတာ တပ်ဆင် အသုံးပြု ရတဲ့ နိုင်ငံရေး နည်းစနစ် တခု ထက် ၊ တည်ဆောက် ထိန်းသိမ်း ရတဲ့ ယဉ်ကျေးမူ တခု ဖြစ်တယ်လို့ လည်း ဆိုကြသည်။ တကယ်တော့ ဒီမိုကရေစီ ဆိုတာလည်း ၊ အယူဝါဒ သစ်ပင်ကြီး တပင်ပဲ မဟုတ်လား ။ ဒါပေမဲ့ ခရစ်စမတ် သစ်ပင် ကြီးလို တနှစ်တခါလောက်မှ ကောက်ဆင် ပြီး၊ ပြိုးပြိုးပြက်ပြက် အဆင်တန်ဆာ တွေ ချိတ်ဆွဲ အလှပြ ယုံ နဲ့ တော့ မဖြစ်နိုင် ။ ဒီမိုကရေစီ မျိုးစေ့ ကို အရင် ချ ပြီးတော့မှ ၊ တဖြည်းဖြည်း ရှင်သန် ကြီးထွား ဝေစည် လာ အောင် ရေလောင်း ပေါင်းသင် ကြရ မည်။ ဒါပေမဲ့ ၊ ဘယ်လို မြေ သားအခံ ပေါ်မှာ မျိုးစေ့ ချ မိသလဲ ဆိုတာ က လည်း အရေးကြီးပေသည်။ ဒီ့ထက် ပို အရေးကြီးတာက ၊ အဲဒီ ဒီမိုကရေစီ သစ်ပင်ကြီး ရဲ့ အသီးအပွင့် တွေကို ၊ အားလုံး လက်လှမ်းမီနိုင်၊ ခူးဆွတ်နိုင် ၊ စားသုံးနိုင် ဖို့ သာ။
ကေသွယ်
၂၉ နိုဝင်ဘာ ၂၀၁၄
ဒီဇင်ဘာ (၁) ရက် နေ့ ထုတ် Weekly Eleven Journal , No.7 Vol.10
◦
0 Comments:
Post a Comment