ဂျင်းဘောင်းဘီ နိုင်ငံရေး


ဒီခေတ်မှာ- လူတယောက် ဟာ.. အနည်းဆုံး၊ ဂျင်းဘောင်းဘီ တထည် လောက်တော့ ပိုင်ဆိုင် ပေလိမ့်မည်။ မဟုတ်ရင် လည်း.. ဂျင်းဘောင်းဘီ တထည် လောက် လို ချင် လိုက်တာ လို့ - စိတ်ကူးနေ ပေလိမ့်မည်။

ဂျင်းန် အသုံးအဆောင်တွေ ဖက်ရှင်လော က ထဲကို ဘယ် အချိန် က ၀င်ရောက်လာခဲ့ သလည်း။ ၁၉ ရာစု နှောင်းပိုင်း လောက်က.. အလုပ်ကြမ်းသမား တွေ ၀တ်ဖို့..ဂျင်းန် ဘောင်းဘီ တွေ ပေါ် လာ ခဲ့ သည် လို့ တော့..ဆို ထားသည်။ ၂၁ ရာစု - စတိုးဆိုင် ကြီး တွေ ရဲ့ မီးရောင် ပြိုးပြက် အောက်မှာ တော့.. Levis တို့ Wrangler တို့ ဆို တာ..သိပ်ကို ခမ်းနား တဲ့ ဆိုင် ကြီး တွေ ဖြစ်နေပြီ။ ဒီ တံဆိပ် တွေ ကို မ၀ယ် နိုင် သေး ရင် တောင်.. Wal-Mart တို့ ဘာတို့ မှာ..ဈေးသင့်တဲ့ တခြား တံဆိပ် တခု ခု ၀ယ် ၀တ် ဦးတော့...ကျ ကျ နန ရှိ နေ နိုင် သေးသည်။ ဈေးကြီး တဲ့ ဂျင်းန် ပဲ၊ ၀ယ်ဝယ်...ဈေးတော်တဲ့ ဂျင်းန် ပဲ၊ ၀ယ်ဝယ်.... အဲဒီ ပမာဏ တန်ဖိုး တွေ ရဲ့ နောက်ကွယ်က..labor cost ဖြစ်တဲ့..အလုပ်သမားတွေ ရဲ့ ချွေး စက် တွေ မျက်ရည် တွေ အကြောင်း ကိုတော့....ဘယ်သူ မှ တွေး မိ မှာ မဟုတ် တာ..သေချာ လွန်း လှ သည်။

ဂျင်းဘောင်းဘီ ပိုင်ဆိုင်သူများ ( သို့) China Blue

အဲဒီ - မမြင် ရ တဲ့ မျက် နှာ တွေ အကြောင်း ကို ၊ ဂျူးလူမျိုး ဒါရိုက်တာ Micha Peled က China Blue ဆိုပြီး..ကမ္ဘာ့ ဂျင်းန် ၀တ်ဆင် သူများ ထံ ဖွင့်ထုပ် သယ်ယူ လာခဲ့ သည်။ ( အဲဒီ documentary ကို ကြည့် ခဲ့ မိတာ ၂ နှစ် လောက် တောင် ရှိ တော့မည်။ ခုမှ ပဲ ရေး ဖြစ် တာတော့..ခုမှ ပဲ ရေးဖြစ် လို့ပါပဲ။ တရုတ် အိုလံပစ် ကြောင့်လည်း.. အမြင်ကပ် ကပ် နဲ့..ရေးချင် စိတ် ပေါက် လာ တာ ဖြစ် နိုင်သည်။) အမေရိကန်ု အပါအ၀င်..ကမ္ဘာ့ ဈေးကွက် အတော် များ များက.. ဂျင်းန် ဘောင်းဘီ များ ရဲ့ ၉၀ % လောက် ဟာ Made in China ဆိုတဲ့ sweatshop ကြီး ကနေ ထုတ်လုပ် နေ တာပါ။ ဗမာလို အဓိပ္ပါယ် အနီးဆုံး ယူ ကြည့် ရင်တော့..`၀ိသမ လောဘ လုပ်ငန်း´ လို့ ပြော ရမလား။ ဘာလို့..၀ိသမ လောဘ- လို့ ပြော ရ လည်း ဆို ရင်- အခြေ အနေ အရ ဈေးပေါ ပြီးသား ဖြစ်နေ တဲ့ လုပ် အား တွေ အပေါ် မှာ ..ထပ် ဆောင်းပြီး.. ခေါင်းပုံဖြတ်တာ တွေ.. မမျှတတဲ့ အလုပ်ချိန် တွေ.. အနေအစား နှိပ်စက်မူတွေ.. ပြီးတော့..အလုပ်သမား အခွင့်အရေး တောင်းဆိုခွင့် အားလုံးကို အမှောင် တိုက် သွင်းထား တဲ့..လုပ်ငန်းခွင် အခြေ အနေ တွေ ကြောင့် ပါ။ အားလုံး မဟုတ်ရင် တောင်မှ..တရုတ် ပြည် ကြီးထဲ မှာ.. sweatshop တွေ အများကြီး ရှိ နေတယ် ဆို တာ.. အားလုံး သိ နေ ကြပါတယ်။


အဲဒီ မှတ်တမ်း ရှပ်ရှင်လေး ထဲ မှာ-Wal-mart ကို သွင်းဖို့ ဖောက်သည် ရ ထား တဲ့ ဂျင်းန် ဘောင်းဘီ ချုပ် စက်ရုံ တခု ရယ် .. jasmine လို့ နံမယ်ပေး ထား တဲ့..၁၇ နှစ် အရွယ် တရုတ်ပြည်တောင်ပိုင်း က..တောသူ အထည်ချုပ် သမလေး ရယ်..ကို.. ထိထိ မိမိ..ပြီးတော့..ခက်ခက်ခဲခဲ မှတ်တမ်းတင်ထား ခဲ့ တယ်။ ဒါရိုက်တာက..ဒေသဆိုင်ရာ တာဝန်ရှိသူ တယောက် က တဆင့်..စက်ရုံ ထဲက..တာဝန် မှူး တယောက် နဲ့ ကြိုးစားချိတ်ဆက် ပြီး.. လျှို့ဝှက် ရိုက် ကူး ခဲ့ ရ တယ် လို့ ဆို တယ် ။ မနက် ၈ နာရီ ကနေ..ညသန်းခေါင် ၂ နာရီ ထိ ..တပတ်မှာ ၇ ရက် နားရက် မရှိ .. အလုပ် လုပ် ရ တဲ့.. jasmine တို့ ရဲ့.. ပြွှတ်သိပ် နေတဲ့..လူနေ ဆောင် လေး ကို တောင်.. မှုံတိမှုံ မွှား အလင်းရောင် ထဲ မှာ..မရ အရ ရိုက် ယူ ခဲ့တယ်။ သူ့လို တခြား မြို့ပေါ် တက် အလုပ် လာ လုပ်ကြ တဲ့..မိန်းကလေး ၁၂ ယောက် နဲ့ အတူ ရော နေရတဲ့..သူတို့ အခန်း လေးမှာ.. ကိုယ်လက်သန့်စင်ရာ အခန်းက..တခု တည်း ။ စားစရာက..မနက် စွပ်ပြုတ်တခွက်..ည စွပ်ပြုတ် တခွက်။ ၂ ထပ် ကုတင်လေး တွေပူးကပ် နေ တဲ့ ည မှာ..အချင်းချင်း..အိမ်အကြောင်း..တောအကြောင်း..ယာအကြောင်းလေး တွေ ပြောပြီး..အလွမ်းဖြေကျ။ အပူအပင် သိပ် မရှိ တဲ့.. jasmine ကတော့..ဒီ နှစ် တရုတ် နှစ်ကူး မှာ တောပြန်ပြီး..မိဘ ၂ပါးနဲ့..မောင်လေး တွေကို..လက်ဆောင်တွေ ပေး ဖို့..စိတ်ကူး တွေ ယဉ် နေ သေးတယ်။ သူလုပ် ရ တာက.. ချုပ်ပီးသား ဂျင်းဘောင်းဘီ တွေ က..အမှုန်အမွှား ချည်စ အကျန် တွေကို လိုက် ညှပ် ရတာ။ တနာရီ ကို ( အမေရိကန် ဒေါ်လာ အားဖြင့် ) ၆ ဆင့် ရ တဲ့..လုပ်အားခ အတွက်..သူတို့ အားလုံး..မနေ မနား။ အလုပ်သမား ခေါင်း က လိုက်စစ် နေ တဲ့ ကြား မှာ .. အိပ်မငိုက် အောင်..သူတို့ မျက်ခွံ တွေကို..အ၀တ်ညှပ် ကလစ် နဲ့ တောင် ညှပ် ထား ကြ ရ သတဲ့။

ကလေး တွေ ဆို တော့လည်း.. သိပ် ပြီး စိတ်ပျက် ညီးညူ ပုံ မပေါ်။ အိမ် အပြန် ယူသွားမဲ့..ယွမ်ငွေ တွေ တွက် ပြီး...သူတို့ဘ၀ ကို ..ပြုံးစပ်စပ် နဲ့ ..ကျေနပ် နေ ကြ ပုံပဲ။ ဒါပေမဲ့..တကယ် နှစ်ကူး နီး လာတော့.. တနေ့ကို ၁ ဒေါ်လာမပြည့်တဲ့ လစာ ထဲက.နေ..အဆောင်စရိတ်..စားစရိတ်.. တွေ အပြင်.. ကြားထဲ မှာ တရက်.. အိပ်ငိုက်လွန်းလို့..အချိုရည်ဗူး ခိုးထွက်ဝယ်တာ..မိသွားခဲ့ဘူးတဲ့.. ဖိုင်း ရယ်.. နှုတ်လိုက် တော့.. ဝေးလံ လှ တဲ့.. တောင်ပိုင်း က သူ့ရွာ လေး ဆီပြန် ဖို့..ခရီးစရိတ် တောင် မလောက် ရှာ တော့ဘူး။ ဒီ နှစ် မပြန် ရ လည်း..နောက် နှစ် ပေါ့ လို့..သူ တွေး နေ ပုံ ရ သည် ။ သူကိုယ် တိုင် ပင် ဂျင်းဘောင်းဘီ တထည် ကို ၀တ် ထား ရင်း.. ပတ် ပတ် လည် မှာ တောင်လုံ ပုံ နေတဲ့..ဂျင်းဘောင်းဘီ ပုံ ကြီး ထဲ က.. ဂျင်းဘောင်းဘီ တထည် ရဲ့.. ချည်စ တွေ ကို..ခေါင်ငုံ့ဖြတ် နေ ရင်းက.. ကင်မရာ ကို လှမ်းကြည့် တယ်။ ပြီးတော့..သူ့ဘေးက..သူငယ်ချင်း လီပင်း ကိုပါ ကြည့် လိုက် ရင်း..ခပ် ပြုံးပြုံး ပြော ချ လိုက် တယ်။

`ဟောဒီ ဂျင်းဘောင်းဘီ ရဲ့ အိပ်ကပ် ထဲ မှာ..စာလေး တစောင် ရေး ထဲ့ ပေး လိုက် ချင် တယ်။ ဒီ ဘောင်းဘီ ကို လီပင်း က ကြယ်သီး တပ် ပြီး..ကျ မက..ချည်စ တွေ ဖြတ် တယ် ဆိုတာ...´



ဂျင်းဘောင်းဘီ လို ချင် နေ ခဲ့သူများ ( သို့) USSR

တကယ့် ကို.. ဂျင်းဘောင်းဘီ တထည် လောက် ..အသည်းအသန် လို ချင် နေ ခဲ့ တဲ့ သူတွေ.. ဆိုဗီယက် ပြည် ထောင်စု ကြီး ထဲ မှာ .. အများ ကြီး ရှိ နေခဲ့ ဘူးတယ်။ ၁၉၆၀ ၀န်းကျင် ..စစ်အေး ကာ လ ကြီးမှာ .. ဆိုဗီယက် မှာ.. အမေရိကန် ယဉ်ကျေးမူတွေ..အသုံးအဆောင် တွေဖြစ် တဲ့..ကိုကာ ကိုလာ.. ကစ်ကတ်ချောကလက် .. Beatles သီချင်း တွေ အပါအ၀င်.. ဂျင်းဘောင်းဘီ ၀တ်ဆင် မူ တွေ ကိုပါ..တင်းကျပ်စွာ ပိတ်ပင် တားမြစ် ထား ခဲ့ တယ်။ အဲဒီလို သံကန့်လန့်ကာ ကြီး ပိတ်လိုက် ရင်.. လူတွေ လည်း..သံတုံး သံခဲ တွေ လို..ပုံသွင်းချင် သလို သွင်းလို့ ရမယ် လို့ ထင် ခဲ့တဲ့.. အဲဒီ ခေတ် က..ခေါင်း ဆောင် ကြီး တွေ ကို..အံ့ လည်း သြ ပါ ရဲ့ ။

အဲဒီ အချိန် တွေက.. နိုင်ငံခြားသား ခရီးသွား တွေ..ဒါမှမဟုတ်..ရုရှ ပညာ တော်သင် တို့ဘာတို့..တိုင်းပြည် ထဲ ပြန်ဝင် လာရင်.. ဂျင်းဘောင်းဘီ တွေ..မှောင်ခိုသွင်း ကြ တယ် တဲ့ ။ ဗမာပြည် မှာ..ကားသွင်းသလောက်.မြတ် မည့် ပုံပင်။ လမ်းပေါ် မှာ..နိုင်ငံခြား သား ခရီးသွား တယောက် မြင် ရင်..နောက်က လိုက် ပီး.. ဂျင်းဘောင်းဘီ ရောင်းဖို့ ပါ လား လို့..တတွတ်တွတ် လိုက် မေး တဲ့ အထိ တောင် ရှိ ခဲ့ တယ်လို့.. အင်တာနက် တနေရာ မှာ..ပြန် ရှာ ရင်း တွေ့ လိုက် ရ သည်။ တကယ်က..China Blues လိုပဲ..ဒီ အကြောင်းတွေ ကိုလည်း.. documentary တခု မှာ..သေသေချာ ချာ .. ကြည့် လိုက် မိ တာပါ။ အဲဒီ ရုပ်ရှင် ဖိုင် ထဲ မှာ ဆိုရင်.. လူငယ် တွေက.. နိုက် ကလပ် ကို လာ ကြ။ အထဲ ရောက်တာနဲ့..အိပ်တွေ ထဲ မှာ..ခိုးထဲ့ လာတဲ့..ဂျင်းဘောင်းဘီ တွေ..အမြန် လဲဝတ် ကြ နဲ့.. မယုံ နိုင် စရာ ပါပဲ ။ ဒီ့ထက်ပို မယုံ နိုင် စရာက.. တကြော့မှာ..ဂျင်းဘောင်းဘီ အကြီး အကျယ် မှောင်ခိုသွင်း တဲ့ လူ တယောက် ကို..ဖမ်းမိ သွား တာ.. သေဒဏ် ပေးဖို့ ထိ တောင်..ဖြစ်ခဲ့ ရတယ် တဲ့။ တကယ် ပေးဖြစ် ခဲ့ လား ဆိုတာ တော့ မသိ..။ အဲဒီ အချိန်က.. ခေတ်စနစ် ကို ရေးစပ် တဲ့..ကဗျာ ဆရာ ကြီး တွေ..သုံးသပ် တဲ့..ပညာရှင် ကြီး တွေ - တချို့ တော့..သေဒဏ် ပေး ခံ ခဲ့ ရ တဲ့..နာနာကျင်ကျင် မှတ်တမ်းတွေ ရှိ ခဲ့ ဘူး သည်။

+++++++

ခု ဆိုရင်..ဂျင်းဘောင်းဘီ တထည် ၀ယ် တိုင်း.. Made in China ဆိုတဲ့..တံဆိပ်လေး ကို အသာ ကြည့် လိုက် ရင်း..အိပ်ကပ် ထဲ က..စာလေး တစောင် လောက် များ ထွက်လာ မလားလို့..ရယ်သွမ်းသွေး တဲ့ အတွေး နဲ့ တွေး နေ မိ တတ် တယ်။

ချွေး စက်ရုံ ကြီး တွေက..ချုပ်လုပ် တင်ပို့ လိုက် တဲ့..ဂျင်းဘောင်းဘီ တွေ..အသက်နဲ့ ရင်း..အန္တရယ်နဲ့ ရင်းပြီး.. ၀တ်ဆင် ခဲ့ ရ တဲ့..ဂျင်းဘောင်းဘီ တွေ... ။ ကဲ- ဂျင်းဘောင်းဘီ တောင်..နိုင်ငံရေး ဖြစ်သွား ခဲ့ ပြီ။

တကယ်တော့..အားလုံးဟာ- နိုင်ငံရေး ပါပဲ။ ခုဆို..အိုလံပစ် နိုင်ငံရေး.. ။ လောင်စာ နိုင်ငံရေး..။ ကမ္ဘာ ကြီး ပူနွေးမူ နိုင်ငံရေး.. ။ မြန်မာ ပြည်က.. နာဂစ်မုန် တိုင်း နိုင်ငံရေး... ။ ဂန္ဓီကြီး ရဲ့..ဆား လည်း နိုင်ငံရေး... ။ ကချင် ကျောင်းသားတွေ ပြော နေတဲ့..ကျောက်စိမ်း တွေ လည်း.. နိုင်ငံရေး...။ မီးဖိုချောင်က.. အိမ်ရှင်မ တယောက် ရဲ့.. ဆီပုလင်း လည်း..နိုင်ငံရေး ပါပဲ ။



Related link : Blood Jade: Burmese Gemstones and Bejing Oylumpic


Share/Bookmark

17 Comments:

ATN said...

လမ်းလျှောက်ထွက်ရင်းနဲ့ တရုပ်ပြည်ရောက်သွားတယ် ထင်ပါ့။
အမှန်တော့ဗျာ ထိုင်းမှာလည်း အဲလိုမျိုး ဘ၀တွေနဲ့ ရှင်သန်နေရတဲ့ ကျနော်တို့ မြန်မာပြည်သူပြည်သားတွေ အများကြီးပါပဲ၊ တယောက်ယောက်ကတော့ Thailand Blues ဆိုပြီး တနေ့နေ့တော့ ရိုက်ကောင်းပါရဲ့။

Andy Myint said...

ကျွန်တော် အထည် ချုပ်စက်ရုံတွေ ခေတ်ကောင်းတုန်းက ရွှေပြည်သာက စက်ရုံ တစ်ရုံကို ရောက်ခဲ့တယ်။ သူတို့ရဲ့ ဘ၀ကလည်း ဒီလိုပဲ။ ကျွန်တော်တို့က Payroll System အတွက် သွားတာ ဆိုတော့ သူတို့ တစ်ယောက် ဘယ်လောက်ရလဲ သိခဲ့ရတယ်။ အဲဒီ စက်ရုံမှာ သူတိုအတွက် basic salary က အင်မတန် နည်းပြီး နေ့ခင်းဘက် ၁၀ နာရီ လုပ်ရင် ဘယ်လိုမှ မကိုက်တော့ ညဖက်ပါ လုပ်မှ ကိုက်တယ်။ တနင်္ဂနွေနေ့ အစိုးရ ရုံးပိတ်ရက်မှာပါ ဆင်းရင်တော့ နည်းနည်း ပိုရလို့ ၇ ရက်လုံး ဆင်းကြတယ်။ ပြီးတော့ တစ်လလုံးမှာ တစ်ရက်မှ မပျက်ရင် Bonus ဆိုပြီး ပေးတယ်။ အမျိုးသမီးတွေ ကိုယ်လက်မအီမသာ ဖြစ်နေလို့ အလုပ်မဆင်းဘူးလို့ ဘယ်သူမှ မစဉ်းစားရဲဘူး။ နေ့တိုင်း အလုပ်ဆင်းကြတယ်။ တကယ်တော့ Bonus ရော OT ရော ပေါင်းတာတောင် တစ်လလုံးနေမှ ပုံမှန် လစာလောက်ပဲ ဖြစ်နေတယ်။ သူတို့မှာ နေမကောင်းတာတောင် ခွင့်မယူရဲဘူး ဘောနပ်လေး မရမှာ စိုးလို့။ သဘောကတော့ အလုပ်ရှင်တွေက အတင်းအကြပ် ခိုင်းတာ မဟုတ်ဘဲ အလုပ်သမလေးတွေက ပိုလုပ်တဲ့ ပုံစံ လုပ်ထားတာ။ အားလုံးပေါင်းလိုက်ရင်တော့ တောက လာတဲ့ သူအတွက် မဆိုးပေမယ့် သာမန် လစာ လောက်ပဲ ရှိတယ်။ စက်ရုံကလည်း ပြည့်ကျပ်နေတာပဲ။ ကောင်မလေးတွေ အထည်ချုပ်တဲ့ အောက်ထပ်က တော်သေးတယ်။ မီးပူတိုက် ပါကင်ထုပ်တဲ့ အပေါ်ထပ်မှာဆို ပူလောင်နေတာပဲ။ အဲဒီမှာ လည်း အလုပ်သမားတွေက အပြည့်ပဲ။ ပြီးတော့ အထည်အရေအတွက်နဲ့ ရှင်းတာ ဆိုတော့ ဘယ်သူမှ မနားချင် ..အဲ.. မနားနိုင်ကြဘူး။ အဆက်မပြတ်ကို လုပ်နေရတယ်။ ညဖက် အထည်ချုပ် စက်ရုံမှာ OT မဆင်းဘဲ တခြား အော်ဒါလိုက်တဲ့ သူတွေကတော့ သူတို့ကပဲ ပိုလည်သလို ပိုကံကောင်းသလို တွေးနေရတဲ့ အဖြစ်။ စက်ရုံက အစောင့်လိုမျိုး ယောက်ျားတွေကလည်း ပွဲစားတွေ (ကြားကောင်းအောင် ရေးထားတာ) ဖြစ်နေကြတယ်။ ဒါတောင် အထည်ချုပ် စက်ရုံတွေ ပိတ်သွားတော့ ကောင်မလေးတွေက သူတို့ ဘ၀ပျက်သလို ငိုကြရသေးတယ်။ နောက်ဆုံးတော့လည်း တောပြန်သွားကြတာပေါ့။

ခင်မင်းဇော် said...

ဟုတ်တယ် ကေသွယ်ရေ.. မဲဆောက်က စက်ရုံတွေက အလုပ်သမားတွေလဲ ဒီလိုပဲ .. တလလုံးလုပ်မှ ဘတ် ၁၃၀၀ ပဲရသတဲ့... ဒါပေမယ့်လဲ မငြင်းရဲဘူး။ ကိုယ်ငြင်းလိုက်လဲ ကိုယ့်နေရာ လုပ်မယ့်လူရှိနေတယ်လေ.. အားလုံး ကိုယ်တို့ မြန်မာနိုင်ငံက အလုပ်သမားတွေ ဆိုတော့....
ဟုတ်တယ်...
အားလုံးသော အရာတိုင်းဟာ နိုင်ငံရေး ချည်းပဲ .....
လူတိုင်း နဲ့ ပတ်သက်ဆက်နွယ်နေတာပဲ .....

Myo Win Zaw said...

ဟုတ်တယ်ဗျာ မလေးရှားမှာလည်းဒီအတိုင်းဘဲ ကျွန်တော်တို့မြန်မာနိုင်ငံကလူတွေ မပြောကောင်းမဆိုကောင်းမီးဘေးဖြစ်ရင် အကုန်ဒုက်ခ ရောက်နိုင်တဲ့ နေရာမျိုးတွေမှာ လုပ်နေရတာ ဒါနဲ့ စကားမစပ် မလေးရှား nike လား Adidas စက်ရုံမှာ ဗမာလုပ်သားတွေ လုပ်ခနည်းနည်းနဲ့ ပင်းပန်းဆင်းရဲစွာလုပ်နေရတာကို company ကတာဝန်ရှိ သူတွေ ၀န်ခံသွားတယ်ဆိုဘဲ တခုခု ဖြေရှင်းပေးရင်ကောင်းမယ်ဗျာ ဖိနပ်နိုင်ငံရေးပေါ့

Anonymous said...

ဟင်း ...............

သက်ပြင်းပဲ ချ နိုင်ပါတော့တယ် အမရယ် ။

Moe Cho Thinn said...

ကေရေ
ပို့စ်လေးက ကောင်းလိုက်တာ။ ရင်နင့်စရာပါပဲ။ အဲဒီ documentary လေး ရှာကြည့်အုံးမယ်။ တို့လဲ အဲလို အဖြစ်မှန်တွေ ကြည့်ရတာ သိပ်ကြိုက်တယ်။
ကျေးဇူးပဲ ညီမ။

Thet Oo said...

ရုရှ ကိုပညာတော်သင်လာတဲ့ မြန်မာတွေ ပြန်ရင်ကော ဘာတွေ ၀ယ်သွားကြသလဲ။

TZA said...

အမှန်ပဲမကေ.. တရုတ်တွေ ထွားထွားလာတဲ့နောက်ကွယ်မှာ လူအသိမခံနိုင်တဲ့အကြောင်းတွေ အများကြီးရှိတယ်။ ဆင်းရဲချမ်းသာ ကွာဟချက်လည်း တအားကြီးသွားပြီ။

တန်ခူး said...

အဲဒီလောက်မဆိုးပေမယ့် အဲဒီ့နီးနီးဆိုးတဲ့စက်ရုံတခုမှာ လုပ်ဖူးတယ်… တရုတ်ပြည်မှာတော့ မဟုတ်ပါဘူး… အမှီမပါတဲ့ ထိုင်ခုံမှာ တနေ့ ၁၂နာရီလောက် ကြောတောင့်အောင် လုပ်ကြရတဲ့ မိန်းခလေးတွေ… ရတဲ့လစာနဲ့ ပေးဆပ်ရတဲ့ လုပ်အားခက မမျှ… သူတို့ အခက်အခဲမျိုးစုံကို ကာကွယ်နားလည်ပေးလွန်းလို့  အထက်ပိုင်းက အုပ်ချုပ်သူလူကြီးတွေ နဲနဲမှ ကြည့်မရတဲ့ အင်ဂျင်နီယာအဖြစ်နဲ့ ပေါ့… လူတယောက်လုပ်သင့်တဲ့ limitထက်လွန်လာတဲ့အခါ ကျန်းမာရေး ထိခိုက်တော့ သူတို့ က မလိုချင်တော့ဘူး… လုပ်သာလုပ်ရတယ်… ကြားရရင် အရှုံးချည်းပဲ… မကေရေ… ဂျင်းဘောင်းဘီတွေနဲ့ အတူ အမြဲ အမှတ်ရနေမယ့်postလေးပါ…

kay said...

ဖတ်နေကျ မိတ်ဆွေ များ မို့- အားလုံး..ကျေးဇူးတင်ပါ တယ်။ ကိုအန်ဒီ ကတော့.. ဟစ်တသိန်း နဲ့ အသဲအသန်..အလုပ်ရှုပ်နေတုန်း..ကွန်မန့်သေချာ ရေးပေး သွားလို့.. နဲနဲပို တင်လိုက် တယ်။း)

ကိုမျိုးဝင်းဇော် ကို လည်း..နောင် လည်း ဘလော့ လာ ဖတ် ဖို့..ခင်မင်လျက် ဖိတ်ခေါ်ပါတယ်။

နောက်တခုက.. China Blues လို့.. ၀မ်းနည်းစရာ မို့ သုံးတယ်လို့ ထင်ထားခဲ့တာ။ မိတ်ဆွေ တယောက် သတိပေး မှ- သေချာ ကြည့်မိတော့.. China Blue ပဲ ဖြစ်နေတယ်။ ဒါရိုက်တာ က.. ဂျင်းန် အပြာ ရောင်ကို လည်း..ရည်ညွှန်း ရင်း..ခပ်ရော ရော တမင်သုံးထား တယ် လို့..ယူဆရ တာပဲ။

အဲဒါကိုလည်း..ပြင်ထားပါတယ်။

Anonymous said...

The jean was invented by Levi Strauss from San Francisco for mining workers at California gold rush.
http://www.levistrauss.com/Company/

The sweat shop is not only for jean but also other apparels. We were trying to live without "Made in china" stuff. Honestly, it was hard.

kay said...

Dear Annynomous

Yes.. "Made in China" syndrome is increasingly widespread among the world, especially in Western world where quality and biz ethic is highly prioritized. The fact is that it's not easy to against the world trend and economic order. We can only highlight and aware what we are consuming and how these things come along to us.

Thank you for your comment. :-)

pauksi said...

Thanks a lot for your blog sis,coz you did well. Accept me to your new audience. By the way, Congratulations !!!!

Aung Hein.

Anonymous said...

Dear Aung Hein,
I'm so glad to know that someone appreciates my writings. And ...m glad that I've got one more audience. Warmly welcome from my blog. :-)

Unknown said...

I like china blues.It's really hit all the hearts of ground level.Actually not only in china, all around the world.Rich become richer and poor become poorer.So we let rich to know that must share with poor and poor must be smart to get rich.

kay said...

Dear agn -
yes.. social and economical gap is getting larger.
Global recession now we've been facing is part of this result. Trying to fix and levelling off. Like Bill Gates' creative capitalism.

littlebrook said...

ဟူး........... သက်ပြင်းချမိတယ် အမရေ.
မနိုင်လို့ မှုတ်ထုတ်လိုက်ရတဲ့ အပူ...