လွမ်းရက်ရှည်ရှည်

ကျောင်း....ဖွင့်ချိန်..
စိန်ပန်းတွေလည်း..မြေမှာကြဲပြန့်နေ...
ကံ့ကော်ပန်းတွေနဲ့အတူ..

သူနဲ့တွေ့ရာ မြေ...
တက္ကသိုလ် ....သို့မဟုတ်... မြကျွန်းသာ

အင်းယားကန်နယ်မြေ...
+++++


၁၉၅၂ ခုနှစ်ရဲ့ ဇွန်လလယ် တရက်ဆီမှာ... မိုးဦးလေပြေ နဲ့အတူ.. စိန်ပန်းတွေ..ကြွေကျနေတာ..တလောကလုံး..နီလိမ္မော် စွေးလို့။

` ဒါ- အဓိပတိလမ်းပေါ့ကွ---´
--
`ဟိုမှာ..တွေ့လား..သစ်ပုတ်ပင် ဆိုတာကြီး.. ´
----
` ဟောဟိုက..၀ိဇ္ဖါခန်းမ လို့ခေါ်တယ်.. ဟိုးဖက်က..ကွန်ဗိုကေးရှင်း´


အကိုဖြစ်သူက.. တစ်ခုချင်း..ပြောပြ နေပေမဲ့..သူကတော့..ဘာစကားမှကို ပြန်မပြောမိ..ပြန်မမေးမိတော့..။ မှင်သက် ငေးမောရင်း..တရှိုက် မက်မက် ရင်တွေသာ ခုန်နေမိတော့သည် ။ ရန်ကုန်တက္ကသိုလ်ကြီးဆိုတာ.. ဒီလောက် လှပခမ်းနား..မှော်ဆန် လှမယ်လို့..သူ- ထင်မထားခဲ့မိတာ..။ ဟိုမှာ.. ဒီမှာ မြင်နေရတဲ့..နီစွေးစွေး ထူထူထဲထဲ အဆောက်အဦကြီး တွေကလည်း..အိနြေ္ဒ ကြီးလိုက်တာ.. ခမ်းနားလိုက်တာ.. ။


လူတွေကရော..ကြည့်ပါဦး..၀တ်ကောင်း...စားလှနဲ့လူတွေ..တစ်နေရာထဲမှာ..ဥဒဟို သွားလာနေကြတာ.. ပြဇာတ်တခု မဟုတ်ရင်တောင်..ပြဇာတ်ဆန်လှသော.. နေရာဝန်းကျင် တစ်ခုသာ ဖြစ်ပေလိမ့်မည်..။


ရှေ့ခပ်လှမ်းလှမ်းမှာ..အနက်ရောင် အော်စတင်ကားတစ်စီး ရပ်ပြီး..ဖွံ့ဖွံ့ထွားထွား အမျိုးသမီးတယောက်နဲ့..ဘန်ကောက်ပုဆိုးဝတ် လူငယ်တယောက် ဆင်းလာသည်။ လက်ထဲမှာ..စာအုပ်လေးတွေ..ဟန်ပါပါ ပိုက်ရင်း ပြုံးရီ ရွှင်ပလို့။ ဒီလို.. တောက်ပ..လင်းလက် ခေတ်မှီတင့်ကယ်လှတဲ့ ဝတ်စား..ဆင်ယင်မူမျိုးကို..ရုပ်ရှင် တွေထဲမှာပဲ ဖြင်ဖူးခဲ့တာ။ ခုတော့.. သူတို့ရှေ့ကကို..ဖြတ်လို့.. ကျောင်းဆောင် တခုဆီ လှမ်းဝင်သွားသည်။ သူ့ကိုယ်ပေါ်က..ပေါ်ပလင် ရှပ်လက်ရှည် အဖြူကို အသာ ငုံ့ကြည့်လိုက်ရင်း..သက်ပြင်းမျှင်းမျှင်းတခု.. လေထဲမှာ..။

-
` ကဲ- ရောက်ပီကွ.. ဒါ ငါတို့နေရမဲ့..ဒဂုန်ဆောင် ဆိုတာ.. ဆရာ ဦးလှရွှေကို..အခန်းကိစ္စ တခါတည်း ပြောခဲ့လိုက်မယ်..နက်ဖန်တော့မှ.. တည်းတဲ့အိမ်က..ပစ္စည်းတွေ ရွှေ့တာပေါ့..´

ကိုယ့်ရပ်ကိုယ့်ရွာသားမို့လားတော့မသိ....ဆရာ့ကို..ကြည့်ရတာ..အဆောင်မှူးသာ..ဆိုတယ်..သက်သောင့် သက်သာ အေးဆေးညင်သာ လှသည်။ နီစွေးစွေး..မှိုင်းညို့ညို့..ဒဂုန်ဆောင် ကြီးရဲ့ မျက်နှာကျက် မြင့်မြင့်ကြီးကို တချက် မော့ကြည့်လိုက် ရင်း.. ထူးဆန်းလှတဲ့ အနံ့တခုကိုလည်း .. ရှုရှိုက် သတိထားမိနေသည်။..မိုးနံ့လိုလို..သစ်ရွက်နံ့လိုလို.. ထမင်းအိုး ကျက်ကာစ အနံ့လိုလို.. သရက်သီးမှည့်နံ့လိုလို..။ သူကတော့..ရန်ကုန်နံ့ လို့နံမယ်တပ်ပြစ်လိုက်သည်။..။


ရန်ကုန် တက္ကသိုလ် ကျောင်းသားကြီး တကယ်ဖြစ်ပြီပေါ့။

+++++++

ရန်ကုန်မိုးရဲ့ ရနံ့က..ပိုပြီး သင်းမြ လာသလို.. အရောင်အသွေး တွေကလည်း.. တဖြည်းဖြည်း..စိုရာကနေ..စိမ်းလာလိုက်တာ.. အဓိပတိလမ်းမကြီး တလျှောက်လုံး... လောကအသစ်ကြီးကို ဖြစ်လို့။ တကယ်လည်း..သူ့အတွက်က..လောကအသစ်ပေပဲလေ။




မန္တလေးဆောင်ရှေ့နား မှာ..ရပ်ပြီး..ယူနီယံ သမဂ္ဂ အဆောက်အဦကြီးကို..တချက်လှမ်းကြည့်တော့..လူတချို့.. ၀င်ထွက်နေတာပါပဲ... ဘာမှမဖြစ်ပါဘူးလေ..။ ဒါ-ကျောင်းသားတိုင်းနဲ့ဆိုင်တဲ့..နေရာ ဌါနကြီးပဲ..။ မြေပိုင်ရှင်သားပဲ ဖြစ်ဖြစ်..တောသားပဲဖြစ်ဖြစ်.. စော်ဘွားသားပဲ ဖြစ်ဖြစ်..တက္ကသိုလ်လာတက်တာ တက္ကသိုလ် ကျောင်းသားပေါ့ကွာ...။ အားတချက် တင်းလိုက်ရင်း.. သမဂ္ဂ ခြံဝင်း ထဲကို ကွေ့ဝင်လိုက်သည်။

ဒါပေမဲ့..မြန်မာကျောင်းထွက် နဲ့..အင်္ဂလိပ်ကျောင်းထွက် ကတော့..သေချာပေါက် ကွာတယ်ဆိုတာ..သူ သိနေပြီလေ ။ သင်ရိုးညွှန်းတန်းတွေ အားလုံး..အင်္ဂလိပ်လိုဖြစ်ပြီး.. အိန္ဒိယက ငှားထားတဲ့.. ဆရာတွေပဲ အများဆုံး စာသင်တာ ဆိုတော့.. သူတို့အတွက်..ကျောင်းတက်စရက်တွေဟာ..ပင်လယ်ထဲ..လက်ပြစ်ကူးနေသလိုတောင် ခံစားရတယ်။ တမြို့လုံး..အထက်တန်းတစ်ကျောင်းပဲရှိပြီး..မြန်မာလို ၁၀ တန်းအောင်တာလည်း.. တယောက်တည်းပဲ ရှိတဲ့.. နယ်မြို့လေးတခုက..တောသား- တက္ကသိုလ် ကျောင်းသား အသစ်တယောက်အတွက်.. ယူနီယံထဲက.. ဘိုကပြားမကြီး ရောင်းတဲ့ စာအုပ်ဆိုင်မှာ.. ကျောင်းသုံး ဖတ်စာအုပ် လာရှာရတာက အစ..မ၀ံ့မရဲ ဖြစ်စရာတွေ ချည်း။

ယူနီယံကြီးကလည်း..အထဲမှာ..တကယ့်ကို ခမ်းနားလှသည်။ ဆင်ဝင်ကို ကျော်လိုက်တော့ ..ကော်ရစ်ဒါ ကြီးက..အရှည်ကြီး...။ အားကစားခန်းမက..လက်ဝဲဖက်။ University Book Stall ဆိုတဲ့..ဆိုင်းဘုဒ်ကို တွေ့ပြီ။ ဘွဲ့နှင်းသဘင်ရုံးက..ထုတ်လာတဲ့.. syllabus စာရွက်ကလေးကို အသာ ဖြန့်လိုက်ရင်း..ဆိုင်ရှင် ဘိုမကြီးကို.. This book လို့.. လက်နဲ့ထောက်ပြလိုက်တယ်။ သူမ ကလည်း... Oh..yes ဆိုပြီး.. စင်ပေါ်က..တအုပ် ကမ်းပေးတယ်။

နောက်တခု...
`This book ´

ဘိုမကြီးက..စာရွက်ကို သေချာ လှမ်းကြည့်လိုက်ရင်း..

" to be announced later"

" Yes..this book.. to be announced later.."

အူကြောင်ကြောင်နှင့်..ဘိုမကြီးပြောတာ..သံယောင်လိုက်ပြီး..ထပ်ပြောလိုက်သည်။ လက်ညိုးနဲ့တောင်..သေသေချာချာ ထပ်ထောက် ပြလိုက်သေးတယ်။ အဲဒီတော့မှ..ဘိုမကြီးက..ပြုံးပြုံးကြီးနဲ့..

` ဟုတ်တယ်လေ..ဒီစာအုပ်အတွက်..နောက်မှ ကြေငြာမှာ..´ တဲ့။

သွားပါပီ...။ ဘိုမကြီး..ဗမာလို ပြောချမှပဲ..ကိစ္စ ပြတ်ပါလေရော။ သူ့မျက်နှာ..ဘယ်သွားထားရမှန်းကို မသိတော့။ ပိုက်ဆံရှင်းပြီး..တချိုးထဲ..ထွက်လာလိုက်တာ..ဘယ်ကနေ..ဘယ်လို..အဆောင်ပြန်ရောက်
လာမှန်းတောင်..မသိတော့။


++++++

နောက်တော့လည်း..စိမ်းစို..မှိုင်းညို့နေတဲ့..မြကျွန်းသာဟာ..သူ့အတွက်..လားလားမှ...မစိမ်းတော့။ စိန်ပန်းကြွေတွေပေါ်မှာ..ရဲရဲ နင်းလျှောက်ရင်း.. သစ်ရွက် ချွန်ချွန်လေးတွေ ကြားထဲက.. ကံ့ကော်ဖြူဖြူလေးတွေကို.. အသေအချာကို..မော့ကြည့် မြင်တတ်လာခဲ့ပြီ။ သထုံလမ်း ဘောလုံးကွင်းက..ပြန်တိုင်း..အင်းလျားကန်ထိ တပတ်ပတ်ပြီး..ဆံမြိတ်လှလှလေးတွေကို..မသိမသာ ကြည့်တတ်လာခဲ့ပြီ။

`ဟေ့ကောင်---မင်းက..အရပ်ကလည်း...ကလန်ကလား..လူကြားထဲ..နေရာတကာပါ..အားကစားလည်း..ဟိုစပ်စပ်..ဒီစပ်စပ်.. လာ..အမူဆောင်ထဲ ထည့်လိုက်ပြီ..´

ဆရာဦးလှရွှေကတော့..လူနိုင် ဆိုပြီး.. ခိုင်းတာလား.. လူဝင်ဆန့်အောင်..လေ့ကျင့်..ပျိုးထောင်ပေးလေသလား ။ ဆရာ--အမြဲပြောတတ်တဲ့..ဆုံးမစကား တခု ရှိတယ်။ လူ့လွယ်အိတ်တော့..မဖြစ်စေနဲ့တဲ့..။ ရှေ့က ..သွားချင်လည်းသွား..နောက်က..လိုက်ချင်လည်း..လိုက်..။ ဘေးကနေ..ကပ်တီး ကပ်ဖဲ့ တော့..မလုပ်ကြနဲ့တဲ့။ အဲဒီ..လူသုံးမျိုးထဲ..ဘယ်အထဲ ပါလည်း တော့ မသိ။ ၁၉၅၃ သမဂ္ဂ ရွေးကောက်ပွဲ မှာ.. DSO ကျောင်းသားတွေ မဲခိုးတယ်ဆိုပြီး.. သူတို့ တပ်ဦးတွေ..မဲဗုံးကြီး တက်လုပြီး.. သမဂ္ဂ အပေါ်ထပ်ကနေ..ပစ်ချ ခွဲလိုက်တဲ့ အထဲမှာ..သူလည်းပါခဲ့သည်။

တကယ့်တကယ်..ဒီတာဝန် ဒီကိစ္စတွေနဲ့..သူ့ဗီဇ စိတ်ဓါတ် ...အံဝင်ခွင်ကျ..ကွက်တိ ဖြစ်လာလွန်းတော့..ဆရာ ကိုယ်တိုင်တောင်.. ကျောင်းစာတွေ..မလွတ်ဖို့..ပြန်သတိပေးနေရတဲ့ အထိ.. ။ အဲလိုနဲ့...ဒဂုန်ဆောင် သဟာယ နဲ့စာဖတ်အသင်း ဥက္ကဌ ဖြစ်လာတဲ့ ဒုတိယနှစ်မှာတော့.. အတိအကျကို..စာမေးပွဲ ကျပါလေရော။ မကျခံနိုင်ရိုးလား...။ ၅၃ မှာ..အောက်တိုဘာ ကျောင်းတစ်လပိတ်ရေး..လှုပ်ရှားမူ ဖြစ်တော့.. သူတို့အုပ်စုတွေ..စာသင်ခန်း ဘက်တောင်.. ခြေဦး မလှည့်နိုင်တော့ ။ ဟိုစပ်စပ်.. ဒီစပ်စပ် အရည်အချင်း ကြောင့်..လှုံ့ဆော် စည်းရုံးရေးမှာ..ဒိုးပတ်မင်းသားလည်း ဖြစ်လိုက်သေးသည်။ တခန်းထဲနေ..အကိုကတော့..သူ-ကိုယ်တိုင်တောင်..ရှေ့က..၅ နှစ်လောက် စောရောက်နေတာ..အလုပ်..ထွက်လုပ်လိုက်..ကျောင်းပြန်တက်လိုက်နဲ့..ခုထက်ထိ ဘွဲ့မရသေးတော့.. ဘာမှ မပြော။ ဒါပေမဲ့..အစ်မကိုတော့..အားနာ လှသည်။ အစ်မမှာ..မုဆိုးမ ဘ၀နဲ့..သား၂ယောက်..တက္ကသိုလ် ပို့နိုင်ဖို့..အတော် ရုန်းကန်ရတာ..သူမသိ မဟုတ်။

ဒါပေမဲ့လည်း..ကျောင်းပိတ်ရက်တွေ..ခဏပဲ အိမ်မှာ နေဖြစ်ပြီး.. ကျတဲ့ ဘာသာပြန်ဖြေ ဖို့..စာပြန်ကျက်မယ် ဆိုပြီး.. အဆောင်ပေါ် ပြန်ရောက် လာပြန်သည်။ ဒုတိယနှစ် အောင်သွားတော့.. ဘာသာရပ်တွေ တွဲရင်း.. Double Math နဲ့ Psychology အတွဲ ယူဖြစ်သည် ။ ဆရာကြီး ဒေါက်တာသာလှ ကို သဘောကျလွန်းလို့..ဘူမိဗေဒ လည်း..သွားတက်ကြည့်သေးသည်။ ....မဖြစ်ပါ.... အတော် စာလုပ်ရတဲ့..ဘာသာဖြစ်သည်။ နောက်ပြီး..ဟို- ပိန်ပိန်ရှည်ရှည် အိန္ဒိယ ဆရာကလည်း..တော်တော် ကြီးကျယ် သည်။ စကားပြောတာလည်း မြန်လိုက်တာ.. ကုလားရေလွှတ် တတွတ်တွတ် လို့တောင်..အချင်းချင်း နောက်ယူရတဲ့ ဆရာ။ သူ့လို..ဟိုအမူဆောင်ထဲပါ..ဒီအမူဆောင်ထဲပါ.. ခရိုင်အသင်းလည်း မကျန် .. ပါလရာစပ်ချေး တယောက် အတွက်.. စာဂျပိုး လုပ်ဖို့ဆိုတာ.. ခေါင်းထဲမှာကို မရှိ။ ကိုယ်ကြိုက်တဲ့ လိုင်း -ဘာသာတွဲကို ယူနိုင်ပေမဲ့...အင်ဂျင်နီယာတို့..၀န်ထောက်တို့ ဖြစ်ဖို့ဆိုတဲ့..အိမ်မက်တွေထက်.. ပါလီမန် ဒီမိုကရေစီ ခေတ်ကြီး ရဲ့.. လွတ်လပ်ပြီး..စိတ်လှုပ်ရှား စရာကောင်းလှတဲ့.. တက္ကသိုလ်ကျောင်းသားဘ၀ ကို.. သမဂ္ဂယူနီယံ အဆောက်အဦ ကြီးနားမှာသာ.. ရစ်ဝဲ နေဖြစ် တော့သည်။


+++++++


ချိန်ရီ ညနေချမ်း နေခြည်သန်းရင်လေ..
မြေနီလမ်းကလေး မှာ..( အပန်းဖြေ )၂
ချစ်စရာ အလှအပ စကားများ..ပြောကြတာတွေ...
ချစ်သော..မိမိငယ်ရေ..
အင်းယားကန်က.. ( ကိုယ်တို့..) ၂ မေတ္တာမြေ...

+++++


အချစ်က.. အရောင်တွေကို ပြောင်း စေတယ် ဆိုတာ..တကယ်ပဲလား။


၁၉၅၇ နှောင်းပိုင်း ရဲ့ ညနေချမ်းတွေဟာ..သူ့ဘ၀ အတွက်.. အသာယာဆုံး အရောင်အစုံဆုံး အချိန်တွေ ဖြစ်လာခဲ့သည်။ ကွန်ဗိုကေးရှင်းကြီးနောက်က.. ကုက္ကိုပင်ကြီး တွေရဲ့ စိမ်းညို့နက်မှောင်မူက.. ထူထဲလှသည်။ အဲဒီက ဖြတ်လို့..အင်းလျားလမ်းပေါ် ကူးရင်း.. တက္ကသိုလ်လှေလှော် အသင်းထဲ ချိုးကွေ့ဝင်လိုက် ပြီ ဆိုတာနဲ့.. ပြာလဲ့ကြည်စင်နေတဲ့..အင်းလျားကန်ရေပြင် ရယ်.. အဲဒီ အပြာရောင်ဆီ မျှားလေးတစင်းလို..ဦးတည် ငိုက်ဆင်း သွားတဲ့..မြေနီလမ်းကလေးရယ်.. အဲဒီ အနီရောင် တန်းကလေးကို စေတနာ ဗရပွ နဲ့ ခပ်ထူထူ ဘောင်ခတ်ပေး ထားတဲ့.. သစ်ပင်စိမ်းစိမ်းလေး တွေရယ်..။ ဆန့်ကျင်ဖက် အရောင်တွေ ရဲ့ ထူးဆန်းလှပစွာ လိုက်ဖက်မူ... ။ဆန့်ကျင်ဖက် လူသား ၂ ယောက်ရဲ့.. ညီညွတ်မျှတမူ..။ သဘာဝ တရားကြီးက.. ဒီလောက်တောင်..စနစ်တကျ..လှပနေမယ်လို့.. သူ မထင်ခဲ့ မိပါလား။

-
တကယ်တော့..မြနဲ့ စတင်သိကျွမ်းခဲ့ရတာ.. မနှစ်က ခရိုင်အသင်း ပျော်ပွဲစား တခုမှာ တကည်းက ။ မြက..ပေါ်ပေါ်လွင်လွင် လှသည်တော့မဟုတ်။ ကြည့်မြင်မိတဲ့..သူ့ အတွက်ပဲ သီးသန့်ဆန်စွာ.. ရှင်းသန့်နေသည်။ ပြီးတော့..မြ-အပြုံးက..ရိုးသားသည်။ သူငယ်ချင်း အောင်မြင့်က.. သူတို့မြို့က..မိန်းကလေး တယောက် -ရတနာဟောက ဆိုပြီး..မိတ်ဆက်ပေးလာတော့.. ဒီလိုပဲ..လက်ဆွဲ နှုတ်ဆက်လိုက် မိသည်။

-
` သြော်- ရှင့်ကို မနှစ်က တကသ ငွေရတု ပွဲ မှာ တည်းက.. မြင်ဘူးနေတာ.. ကိုထွန်းဖေ တို့အုပ်စုကလေ.. ရှင်တို့ ဒဂုန်ဆောင်အုပ်တွေလေ ..IUS ပွဲမှာလည်း..ရှင် ပါတယ်နော်.. ´

သူကပင်..စမြင်ဘူး နေပါတယ် သိနေပါတယ် လို့..ပွင့်ပွင့်လင်းလင်း ပြောလာတဲ့..မိန်းကလေး တယောက် ရဲ့.. စကားတခွန်းကြောင့်..သူ့နှလုံးသားတွေ..စတင် လှုပ်ရှား သွားခဲ့တယ် ဆိုတာတော့.. မြကို ဘယ်တော့မှ သူ မသိစေခဲ့ပါ။


+++++

၁၉၅၆ ခုနှစ် မှာ..တ.က.သ စတင် ဖွဲ့စည်း တည်ထောင်ခဲ့တာ.. ၂၅ နှစ် မြောက် ငွေရတု။


အဲဒီ တုန်းက.. အဓိပတိလမ်းမ တလျှောက် နဲ့ ၀ိဇ္ဇါခန်းမ ရှေ့ မျက်ခင်းပြင် ကြီး တခုလုံး က..ပွဲခင်းကြီး။ အဲဒီ ပွဲ အတွက် ..တ.က.သ အပေါ်ထပ်က..စာကြည့်ခန်းထဲမှာ..စန္ဒယားကြီး ချပြီး ..ဇာတ်တိုက်ကြတော့.. လူတွေ တရုန်းရုန်း နဲ့ ပျော်စရာ ကောင်းလှသည် ။

-
+++ရွှင်မြူး+++ရွှင်မြူး++++ကြည်နူး ပျော်ရွှင်စေရာ++သာယာ.++သာယာ+++အေး++အေးမြကာ++ပွဲ+++ပွဲတော်မှာ++နွှဲ++နွှဲပျော်စရာ+++ဒို့သမဂ္ဂရဲ့ ငွေရတု သဘင်မှာ+++

-
သမဂ္ဂရဲ့..ကြောင်လိမ်လှေခါး မှာ လည်း..လူတွေ..တက်လိုက် ဆင်းလိုက်.. ။ လက်ဖက်ရည် ဆိုင် ထဲက..ခုံမြင့်ကြီးတွေ မှာလည်း.. ကျောင်းသား..ကျောင်းသူတွေ အပြည့်။ သူတို့..ထွန်းဖေ တို့.. ငွေရတု သဘင် စာစောင်ထုတ်ဖို့.. တကုပ်ကုပ် အလုပ်ရှုပ်နေတဲ့.. မောင်မောင်ညွန့် နားမှာ.. အချိန်ပြည့်လို..ကူညီလုပ်ကိုင်ပေးရင်း..ရှိ နေခဲ့တာကို .. မြ သတိထားမိ နေခဲ့တာ ဖြစ်မည်..။ မြကလည်း..ခေသူမှ မဟုတ်တာ..။ ရတနာဟော ရဲ့ ကိုယ်စားလှယ် တယောက်။ တပ်ဦးမယ် တယောက်။

-
နောက် သိပ်မကြာလှပဲ..အဲဒီ နှစ်ထဲမှာပဲ..ကျင်းပတဲ့..နိုင်ငံတကာကျောင်းသားနေ့ (IUS) မှာတော့.. အရှိန်တက်နေတဲ့..သူတို့တွေ..စင်ပေါ် တက်တော့တာပါ ပဲ။ ဒီတခါ တော့..သထုံလမ်းဖက်ကို လှည့်နေတဲ့.. အားကစားရုံကြီး နဲ့.. အဓိပတိလမ်းပေါ် မျက်နှာမူထားတဲ့.. တ.က.သ အဆောက်အဦ ကြီး ကြားထဲက..မျက်ခင်းပြင်မှာ..စင်မြင့်ကြီး ထိုးပြီး..ပြဇတ်တွေ..ကကြပြန်သည်။ သူတို့ ဒဂုန်ဆောင် အုပ်က.. စန္ဒယားချစ်ဆွေ နဲ့..ဒါရိုက်တာ မင်းသား မြတ်လေး တို့..စီစဉ်တဲ့..၁၃၀၀ ပြည့် အရေးတော်ပုံ ဘဲလေး မှာ ပါကြ သည်။

-
ဒို့အခွင့်အရေး+++ဒို့သာ တိုက်မည်+++ မုချ..အောင်ပွဲ သိမ်းခံမည်+++++

အဲဒီ သီချင်း အဆုံးပိုဒ် မှာ.. လက်သီး လက်မောင်းတွေ တန်းတော့..အတိတ်သမိုင်းက..အောင်ပွဲတွေ အတွက်..လူငယ်သဘာဝ သွေးတွေ ဆူပွက်လို့..။ ရှေ့မှာ..ဘယ်လို တိုက်ပွဲ တွေ ရင်ဆိုင် ရဦး မလည်းဆိုတာ..မမြင်နိုင်သေးပေမဲ့..ဘာတွေပဲ လာလာ..သူတို့ ကျောင်းသားလူငယ်တွေ..ရင်ဆိုင် ပစ်လိုက်ချင်သည်။

-
++++ရွှေပြည်တော် ငြိမ်းချမ်းရေးရဲ့ ဘက်တော် သူကြီးရေ..ကျမလေ.+++၀င့်ဝင့်လျှမ်းတဲ့..သိပ္ပံ ပျိုဖြူမေ..ဘ၀အခြေ အဆင့်ဆင့် လှမ်းခဲ့ သလေ++++စခမ်းသစ်ကို မျှော်တာ ကြာပြီလေ..အနာဂါတ် ဗမာပြည်..ပန်းတိုင်း ပွင့်ကြပါစေလေ++++

-
ကျောင်းသူတွေ ကိုယ်တိုင် လူပြက် လုပ်ပြီး တင်ဆက်တဲ့..ရတနာဟောက. ..အငြိမ့်ခန်းကလည်း..လူကြိုက်များလှသည်။ အဲဒီထဲမှာ..တယောက်က..မြ ဖြစ်ခဲ့တယ်ဆိုတာ..သူက မသိ။ မြကတော့..သူ့ကို သိနေခဲ့သည်တဲ့။


+++++++


သိုသိပ်ဝှက်ကွယ် ထားတဲ့..
မေတ္တာတရားတွေ..
ရင်ထဲမှာ..ကိုယ်စီ ကိုယ်ငှနေ..
ချစ်စရာ နှုတ်ခမ်းများမှ..စကားလည်း..မပွင့်လင်းကြပေ..
သဇင်တွေ ဖူးပါတဲ့.. ဆောင်းဦးကိုလည်း..ကျော်ခဲ့ပြီလေ..

+++++


၁၉၅၈ ခုနှစ် ရဲ့..ဆောင်းနှောင်း ရင့်ရင့် ကာလ တခုမှာ.. မန္တလေးတက္ကသိုလ် ရဲ့..သီးခြားတက္ကသိုလ် ဖွင့်ပွဲ အခမ်းအနားအတွက်.. အရင်နှစ်တွေက.. ကဖူးထား..ဇာတ်တိုက်ထားပြီးသား..အဖွဲ့တွေ.. မန္တလေးကို သွားဆင်နွှဲကြ ရမည် တဲ့။

-
အဲဒီ ရက်တွေဟာ..သူတို့ နှစ်ယောက် အတွက်..မမေ့နိုင်တဲ့..ရက်တွေဖြစ်လာမယ် ဆိုတာ.. နှစ်ယောက်လုံး..တွေးထင် မထားခဲ့ကြ။ မန္တလေးတက္ကသိုလ် ရဲ့..မျက်နှာစာ လှေခါးထစ် အမြင့်ကြီးတွေက..သူ့အတွက်..နိမ့်လွန်းနေသည်။ မန္တလေးတောင်ပေါ် တက်ကြတော့.. အပေါ်ကို ဘယ်လို ရောက်သွားမှန်းတောင် သူ မသိခဲ့တော့...။


ရာသီတွေ ပြောင်းပေမဲ့..
ကိုယ်တို့ နှစ်ဦး ရဲ့.
မထူး မထူးတဲ့ အခြေအနေ..
ချစ်စိတ်တွေ ရင်မှာ..

အစဉ်သာ သိမ်းကာ ထားခဲ့ပေ...
++++


အဲဒီ နှစ်က..သူရော မြရော..နောက်ဆုံးနှစ် ဖြစ်ပြီဆိုတော့ လည်း .. ဘ၀ ဆိုတာကို..လေးလေးနက်နက် တွေးကြရပြီ။ အလုပ်ခွင် ရွေးချယ်ဖို့.. ဘ၀ ထူထောင်ဖို့ ဆိုတာတွေ..မကြာခဏ ပြောဖြစ်ကြသည်။ မြ စိတ်တိုင်းကျ..သစ်တောဝန်ထောက်..သွားဖြေသည်။ အောင်သည်။ ဒါပေမဲ့..သူ တချိန်လုံး..မမေ့ပါပဲနဲ့..မေ့ချင်ယောင်ဆောင်ထားခဲ့တဲ့.. အစ်မက.. ကျန်းမာရေး ချို့တဲ့လာသည်။ သူ့အရင် ဘွဲ့ရသွားတဲ့..အကိုကတော့.. စိတ်လွတ်ကိုယ်လွတ်..တနယ်တကျေး မှာ..အိမ်ယာထူထောင် သွားခဲ့ပြီ ကော။ သူရော..စိတ်လွတ် ကိုယ်လွတ်.. ဆုံးဖြတ် သင့်ပါရဲ့လား။


` သားရယ်..အစ်မ နဲ့ နီးနီးနားနား..မြို့မှာပဲ..ကျောင်းဆရာ လုပ်ပါလား..´


အစ်မရဲ့ ရိုးရှင်းတဲ့ ဆန္ဒ ကို..သူ ဘယ်လို စကားလုံးတွေ..ဘယ်လို အင်အားတွေ နဲ့..ငြင်းနိုင် မလည်း။
ဒီရက် တွေမှာ..မြ လည်း မျက်နှာ မကောင်း။ အရင်က..ကြည်ကြည်လင်လင် အမြဲ တွေးတတ်တဲ့..မြက.. မျက်မှောင်တွေ ကျုံ့တတ်လာသည်။ ခေါင်းကို အသာ ရမ်း တတ်လာသည်။ မြဖေဖေက..ခရိုင် ပညာဝန်ထောက် ပေမဲ့.. သားသမီးတွေ..များလှသည်။ အကြီးဆုံးသမီး ကို..ပထမဆုံး..တက္ကသိုလ် ပို့ကျောင်းထားသလို..မြအောက်က..မောင်ငယ်ညီမငယ်တွေ လည်း.. တက္ကသိုလ် လာကြ ဦးမည်။ မြ မှာလည်း..သူ့မိဘရဲ့ ဆန္ဒတွေ.. ငဲ့ညှာစရာတွေ..ရှိမယ်ဆိုတာ.. နားမလည် ချင်ပေမဲ့..သူ နားလည်ပေးရ တော့မည်။


++++++

နွေအကူး..လေရူးတွေ လည်း မြူးပြီလေ..
ကံ့ကော်တွေလည်း..ဖူးလို့နေ
သစ်ရွက်တွေ မြေမှာ လူးကာ..

ဥသြငှက်တွေ တွေ့တော့..ချစ်ရက်တွေရှည်...
ဒီအခါ..ဒီသမယ..ခွဲကြရမယ့် အခြေ...
အချိန်တန်..အိမ်ပြန်ရပေမယ့်..
ကိုယ့်လိပ်ပြာက..မင်းရဲ့ထံမှာနေ...

အင်းလျားကိုလည်း..မမေ့နိုင်ပေ...
++++++



နောက်ဆုံးနှစ် ရဲ့..စာမေးပွဲ ရက်တွေက..အင်မတန်..လွမ်းစရာကောင်းလှသည်။ ပူနွေးနေတဲ့..လေရူးတွေက..သူကိုယ်တိုင်..လွင့်ချင်ရာလွင့်..တိုက်ချင်ရာကို တိုက်နေသလို.. လူတွေကိုလည်း..ရူးအောင် ဖန်နေတော့သည်။

ဒဂုန်ဆောင်ဘေး..ကံ့ကောာ်ပင်အုပ်ကြီးပေါ်က..ဥသြတကောင်..လွမ်းလွမ်း ဆွတ်ဆွတ် အော်နေတာကို.. ၀ရံတာ ၃ထပ်ကနေ..ငေးကြည့်နေမိသည်။ နောက်ဖက်က..ရွှေဘိုဆောင်မှာလည်း.. အိပ်ယာလိပ်တွေ နဲ့..ကျောင်းပိတ်လို့ ပြန်တဲ့သူတွေ ပြန်ကုန်ကြပြီ။ သူ ဒီတခါ ပြန်ရင်တော့..၆ နှစ်လုံးလုံး.. နေခဲ့တဲ့..ဒီအဆောင်ကြီးကို..အပြီးတိုင် ခွဲ ခဲ့ရတော့မှာ...။

မြ ကိုရော...
ပြီးတော့..မြနဲ့သူနဲ့..အတူ လမ်းလျှေက်ခဲ့တဲ့..အင်းလျား ညနေ တွေကိုရော..။

သူ မလွမ်းချင်ပါ.. အလွမ်းက..အားနည်းစေတတ်တယ် ဆိုတဲ့..စကားကို..သူက..အကြွင်းမဲ့ ယုံကြည်သူပါ။ ဒါပေမဲ့..အခု..သူ့ရင်ထဲမှာ လှိုက်ဟာနေတာ.. အလွမ်းကလွဲလို့..တခြားဘာများ ဖြစ်နိုင် ဦးမှာလည်း။

++++++


` ဟကောင်ရ.. ဗိုလ်ချုပ် အောင်ဆန်းက.. ပညာတတ်တွေ..နယ်ဆင်း ကြပါဆိုလို့..ဆင်းလာလိုက်တာ..ဘာမှလည်းဟုတ်ဘူးကွာ..´

အရွှန်းတ၀က်..အတည် တ၀က်နဲ့ ပြောနေတဲ့..ကိုနီ့ ပခုံးကို..အသာ ပုတ်လိုက်ရင်း..

` ခင်ဗျားကလည်းဗျာ.. ကျုပ်တို့ကျောင်းဆရာ အလုပ် ဆိုတာ.. ဒီမြို့ ဒီနယ်တွေ က..လူ့အဖွဲ့အစည်းတစ်ခု လုံးကိုတောင်.. အနာဂါတ်အတွက်..ပုံဖော်နိုင်တဲ့ အလုပ်ပါ..ဂုဏ်ယူစမ်းပါဗျာ...´

တကယ်လည်း..ဒီလမ်းကြောင်းကို ရွေးလိုက်မိလို့..သူ နောင်တ မရခဲ့ပါ။ တကယ်ကို သူပျော်ပါသည်။ အထက်တန်းကျောင်းကြီးတခု လုံးမှာ..ကျောင်းအုပ်ကြီး နဲ့..သူသာ..ဘွဲ့ရ မို့..ဆရာကြီးကလည်း..အားကိုးလှသည်။ တပည့်တွေကလည်း..အထင်ကြီး..လေးစားကြသည်။ လူငယ် ဆိုတော့လည်း.. မေ့လွယ်..ပျောက်လွယ်..သာယာလွယ် တတ်တာ.. ဒီနေရာမှာတော့..ကောင်းနေတာပင်။

ဒါပေမဲ့.. သူ- မေ့မေ့ ပျောက်ပျောက် ထားခဲ့တဲ့.. ခြေရာတွေ နဲ့..ရန်ကုန်တက္ကသိုလ် ကြီး ထဲမှာ ..နောက်တကျော့ ကျင်လည် ဖို့..အကြောင်း ဖန်လာပြန်တော့.. လွန်ခဲ့တဲ့..၁၀ နှစ်က.. မိုးဦးကျ..စိန်ပန်းကြွေ တွေ ကြားထဲက...ပထမဆုံး တက္ကသိုလ် ရက် တရက်လို..ရင်ခုန် နေမိပြန်တော့သည်။


+++++++


ကျောင်းဖွင့်ချိန်..
စိန်ပန်းတွေလည်း..မြေမှာကျဲပြန့်နေ..
ကံကော်ပန်းတွေနဲ့အတူ....သူနဲ့တွေ့ရာမြေ...
++++

၁၉၆၂ ခုနှစ်..ရဲ့ ကျောင်းဖွင့်ချိန် မှာလည်း..စိန်ပန်းတွေက.. အရင်အတိုင်း.. သူ့အချိန်ရာသီ အတိုင်း.. ပွင့်ဆဲ..ကြွေဆဲ။

ခေတ်တွေနဲ့..လူတွေ.. ပြောင်းလဲ ရွေ့လျား နေသလောက်.. တက္ကသိုလ်ကြီးနဲ့..သူ့အပေါင်းအပါ..ကံ့ကော်ပင်တန်း ကြီးတွေကတော့....စိန်ပန်းပြာ..စိန်ပန်းနီ တွေ ကတော့..ဘယ်သူ့ကိုမှ..စိတ်မှတ်ထဲ..ရှိပုံမပေါ်..။

၎ နှစ်လောက်..ခွဲခွါ ခဲ့ရပေမဲ့.. တက္ကသိုလ်မြေက..သူ့အတွက်..နဲနဲမှ..မစိမ်းသေး...။ မဝေးသေး.. ။ အခု..ဘီအီးဒီ ..ပြန် တက်ခွင့်ရတော့လည်း.. တက္ကသိုလ်ကျောင်းသား နောက်တခါ.. ဖြစ်ရပြန်တာပေါ့ ။ ဒီတခါ..ပညာရေးတက္ကသိုလ်ဝန်း ထဲက.. တကောင်းဆောင်မှာ.. နေရပေမဲ့..သူ့ခြေလှမ်းတွေက..အတန်းပြီးတာနဲ့.. ပင်မတက္ကသိုလ်ဝန်း ထဲ က.. ယူနီယံကြီးထဲက..တ.က.သ ဆီကိုသာ..။ သူတို့နှစ်တွေထဲက..လူဟောင်းတယောက် ဖြစ်တဲ့..ဗဆွေလေးက..ဥက္ကဌ.. ကိုလှရွှေ တို့..ကိုထွန်းကြည်တို့က.. အမူဆောင် တွေဆိုတော့လည်း..ဟောင်ဖွာ..ဟောင်ဖွာလုပ်လို့..ရနေသေးသည်။ ကိုဘကောင်း နဲ့ ကိုခင်အောင်ကြီး တို့ပင်..ကျောင်းဆွေးဆွေး..လူဆွေးဆွေး..မန္တလေးဆောင်မှာ..နေတုန်း။ သူတို့ မိတ်ဆက်ပေးလို့..ခရမ်း ကိုတင်မောင်ဝင်းတို့..ရှမ်းအောင်ဝင်း တို့.. မန္တလေးက ပြောင်းလာတဲ့..ကိုစိုးဝင်း တို့..နဲ့လည်း..သိရ ပြန်သေးသည်။

` ဟေ့ - မောင်.. မင့်မြဆီ သွားမနှုတ်ဆက်ဘူးလား.. သမိုင်းဌါန မှာ..ကျူတာလုပ်နေတယ်ကွ.. အိမ်ထောင်ကျ သွား ပြီ ဆိုလား..´

ကိုဘကောင်း..အသံ မဆုံးခင် ..သူ့ရင်ထဲ..လှိုက်ကနဲ ဖြစ်သွား မိသည်။ သူမေ့ထားခဲ့ ပြီလေ။

`--- မင့်ကွာ.. ၄ နှစ်လုံး..အဆက်အသွယ်မှ မလုပ်တာ..မင့်ကို မျှော်နေတာကွ.. ခုတော့..အလာကောင်းပေမဲ့..အခါနှောင်း ပြီပေါ့ကွာ....´

ကိုဘကောင်းက..အတည်ပြောနေရင်း..အရွှန်းဖောက်လိုက်ပေမဲ့..သူ မပြုံးနိုင်ပါ။ မြ တခါက..အပြစ်တင် ဝေဖန် ခဲ့ဖူး သလို.. သူက..ကိုယ့်အတွက်ကို..မစဉ်းစားပဲ .. ဘယ်သူကမှလည်း..မတောင်းဆိုရပါပဲနဲ့.. အနစ်နာသိပ်ခံ ချင်သူ..ပြီးတော့..နောက်ပြန် လှည့်မကြည့် တတ်သူ ..ဆိုတာ.. တကယ်ပဲလား။ ဒီကြားထဲမှာ..သူ ဘာလို့..မြကို မဆက်သွယ် ဖြစ်ခဲ့တာလည်း..။ အသက် ၃၀ တန်းထဲကို ၀င်လာနေပေမဲ့..ခုထိ..သူ အိမ်ထောင် မပြုဖြစ်သေးတာလည်း..ဘယ်သူ့ကြောင့် ရယ်..ဘယ်ဝါ့ ကြောင့်ရယ် မှ..မဟုတ်ဘူး ဆိုတာ..မြသိရင်..စိတ် အနာကြီး..နာလေမလား ။ တော်ပါပြီလေ...မြ ကိုလည်း..အဟောင်း တွေ..အသစ် မဖြစ်စေချင်တော့ပါ။

+++++++

ဒီနှစ် တက္ကသိုလ် သင်တန်းတွေက.. အရင်ကလို..မဟုတ်တော့ပေ။

မကြာသေးခင်..မတ်လကမှ..စစ်အာဏာသိမ်းထားတာ မို့.. လွတ်လွတ် လပ်လပ် မရှိလှတော့။ အဆောင်စည်းကမ်း တွေလည်း..အသစ်ပြင်ဆင် တင်းကြပ် ထားသည်။

ကျောင်းဖွင့်လို့..လူတွေ ပြန်စုံကြတာနဲ့..တ.က.သ ထဲမှာ...လှုပ်လှုပ်ရှားရှား ဖြစ်လာကြ ပြန် သည် ။ မတ်လတုန်းက..စာမေးပွဲရက်မို့.. ပြီးတော့လည်း..ကျောင်းတွေဆက်ပိတ် လိုက်တော့..ကြေငြာချက် ထုတ်တာကလွဲလို့.. ဘာမှ မထူးခြားခဲ့။ ပြည်သူလူထုက..ရွေးကောက် တင်မြှောက်တဲ့..ဒီမိုကရေစီ အစိုးရ ကို ဖြုတ်ချပြီး..စစ်တပ်က..ဦးဆောင်မည်ဆိုတော့.. ဘယ်သူတွေက..ထောက်ခံကြမလဲ..ဘယ်သူတွေက..ကန့်ကွက် ကြမလဲ။ တ.က.သ ထဲမှာ လည်း.. စောင့်ကြည့်ချင်သူ..ကန့်ကွက်ချင်သူ..ထောက်ခံချင်သူ တွေ နှင့်..ကြွက်စီ ကြွက်စီ ဖြစ် နေပြီ။

ကိုယ်တွေ ကသာ..စောင့်ကြည့်တုန်း..ဘာလုပ်ရမှန်း မသိတုန်း ဖြစ်နေပေမဲ့..သူတို့ဖက်ကတော့..လက်ဦးမူ ယူသည့်နေရာမှာ..လျင်မြန်လှသည်။ မေလ ထဲမှာ ပဲ.. တော်လှန်ရေး ကောင်စီ သစ်က.. ဥပဒေ အမှတ် (၃) နဲ့ အမှတ် (၄) ကို..ထုတ်ပြန်လိုက်သည်။ အမှတ် (၃) က..ရန်ကုန် တက္ကသိုလ် အက်ဥပဒေ ကို ဖျက်သိမ်းခြင်း။ အမှတ် (၄) က..မန္တလေး တက္ကသိုလ် အက်ဥပဒေ ကို ဖျက်သိမ်းခြင်း။ နံမည်သာ ကွာ ပြီး..အားလုံး အတူတူ။ ၁၉၂၀ ပထမ ကျောင်းသားသပိတ် ကာလ တည်းက..အခြေတည် ခဲ့တဲ့.. တက္ကသိုလ်.. အစိုးရ နဲ့..ကုန်ထုတ်လုပ်ငန်း- သုံးဦး သုံးပါတီ..ညီညီမျှမျှ..မောင်းနှင်လာခဲ့တဲ့.. လွတ်လပ်ပွင့်လင်းတဲ့..တက္ကသိုလ် အုပ်ချုပ်ရေး စနစ် ကြီးကို.. စစ်တပ်ကပဲ..မောင်ပိုင်စီး..ချုပ်ကိုင်တော့မည် လို့ အမိန့်ပေးလိုက်ခြင်း ပါပေ။

ဇွန်လ တစ်လလုံး..စောင့်ကြည့် ငြိမ်သက်နေတဲ့.. ကျောင်းသားတွေရဲ့ အသံဟာ.. ဇူလိုင်လ..ကျောင်းဆောင် အသီးသီးက..သဟာယ နဲ့ စာဖတ် အသင်းတွေ..ဖွဲ့စည်းပြီးလို့..ကိုယ်စားလှယ်တွေ..တ.က.သ ထဲ တက်လာတဲ့ အချိန်မှာတော့..ဒီ ဥပဒေ တွေကို..ဆန့်ကျင်ကြောင်း..တညီတညွတ် တည်း..ကြေငြာနိုင်ခဲ့ပြီ။

ဇူလိုင်လ(၆)ရက်နေ့ည..ရွှေဘိုဆောင်..အစည်းအဝေးက..ဆုံးဖြတ်ချက်..ကြွေးကြော်သံတွေ.. ။ ဒဂုန်..တောင်ငူ..ရာမည..အမရ..မန္တလေး..သထုံ..ပဲခူး..စစ်ကိုင်း..ပင်းယ..အင်းဝ..အဆောင် တွေရဲ့..ညတွင်းချင်း ပူးပေါင်းပါဝင်မူ။

ဇူလိုင်လ (၇) ရက်နေ့..နေ့လည် တစ်နာရီ ..ယူနီယံကြီးထဲက.. အရေးပေါ်..ကျောင်းသားများ အစည်းအဝေး။ အစည်းအဝေးအပြီး..တခဲနက်..ဆန့်ကျင်လိုက်တဲ့..ကြေငြာချက်..။ တက္ကသိုလ် ၀န်းထဲ က..ချီတက်ပွဲ။

အဖြစ်အပျက် တခု စီတိုင်းက.. လျင်လျင်မြန်မြန်..ဆက်တိုက် ဖြစ်လာ နေသည်။ အဲဒီ နောက်တော့.. အဓိပတိလမ်းပေါ်က..ညနေစောင်း လူသတ်ပွဲ။ ဇူလိုင် (၈) ရက် မနက်လင်းအားကြီးက..ပေါက်ကွဲသံ။ နာရီပိုင်းအတွင်း ပျောက်ဆုံးသွားတဲ့.. သမဂ္ဂ အဆောက်အဦကြီး။ အော်ဟစ်သံတွေ..ငိုညည်းသံတွေ.. တောက်ခေါက်သံတွေ..စုတ်သပ်သံတွေ။

ရန်ကုန် တက္ကသိုလ် ကြီးကတော့..သူ့ရင်ခွင်ထဲကို..၀င်ရောက်..ထိုးမွှေသွားတဲ့..ဒဏ်ရာ ဒဏ်ချက်တွေ..သွေးစိမ်းရှင်ရှင်တွေကို..ဘယ်လိုလုပ်ရမလည်း ဆိုတာ..သိရှိ ယဉ်ပါးနေဘိအလား.. ငြိမ်သက်စွာ..လဲလျောင်းလို့။


+++++++



ခုဆိုရင်..ဟောဒီ..ဓါတ်ပုံလေးထဲက..လူတွေ..ဘယ်သူတွေ..အသက်ရှင်နေကြဦးမလည်း။
ဝါးရုံတွေကြားထဲမှာ..ဘ၀ကို စိမ်ခေါ်ခဲ့သူ တွေ။ သံတိုင်တွေ ကြားထဲမှာ..နောက်ဆုံးထွက်သက် အထိ.. အမြင့်ဆုံး အလံကို လွှင့်သွားနိုင်သူတွေ။

---- သူတွေ။
----- သူတွေ ။

သူတို့တွေရဲ့..ရင်မှာ..အတွင်းကြေ ဒဏ်ရာတွေ ကို သယ်ပိုးလို့။ အိပ်မပျော်တဲ့..ညတွေကို.. နည်းအမျိုးမျိုးနဲ့..ကျော်လွှားဖြတ်သန်းလို့..။ သမိုင်းပေးတာဝန်တွေကို..တာဝန်ကျေစွာ..ကမ်းယူသယ်ပိုးရင်း..ပျော်ပျော်ရွှင်ရွှင် သိက္ခာရှိရှိ.. အိမ်ပြန်လာမဲ့..သားသမီး မြေးမြစ် တွေ ကို.. စောင့်မျှော်လို့...။

သူမလွမ်းချင်ပါဘူး။ လွမ်းတယ်ဆိုတာ..လူကို အားနည်းစေတယ် လို့..အခုချိန်ထိ..လက်ခံ ထားဆဲပါပဲ။ ဒါပေမဲ့..သူ မျက်ရည်တွေ ကျနေတယ်။ မျက်ရည်ကျ တာဟာ..လွမ်းတာဆိုရင်လည်း.. အခု ခဏလေး တော့..သူ ..လွမ်းပါရစေ။


၇၅ နှစ်အရွယ်...အဖိုးကြီးတယောက်..မျက်ရည်ကျနေတာကို..နားလည်ခံစားပေးနိုင်ကြမဲ့-မိတ်ဆွေ... အပေါင်း အသင်းတွေကို..လွမ်းပါရစေ...

ကြည်နူးသာယာခဲ့ဘူးတဲ့.. ချစ်မေတ္တာတွေကို လွမ်းပါရစေ...

နုပျို တက်ကြွခဲ့တဲ့.. တက္ကသိုလ်နေ့ရက်တွေကို..လွမ်းပါရစေ..

အမျိုးသားနိုင်ငံရေး..ပြည်သူ့ဒီမိုကရေစီရေး..လှုပ်ရှားမူတွေ....မုန်တိုင်းထန်ခဲ့တဲ့..ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို လွမ်းပါရစေ...

တိုင်းကျိုးပြည်ကျိုး ထမ်းရွက်ခဲ့တဲ့..နေ့ရက်တွေကို..လွမ်းပါရစေ...

ဟောဒီ..သူချစ်တဲ့.. ပြည်ထောင်စု မြန်မာ နိုင်ငံတော်ကြီး အတွက်..လွမ်းပါရစေ...။

++++++++++++++++++

( နိုဝင်ဘာ ၂၆ ရက်နေ့မှာ .. ၇၅ နှစ်ပြည့်သွားတဲ့..ဖေဖေ့ အတွက်..)

ဆက်စပ်ဖတ်ရန်- ကမ္ဘာပြားပေါ်ကမှတ်ချက်စာ


Share/Bookmark

18 Comments:

MANORHARY said...

တကယ့်ကိုလွမ်းရက်ရှည်ရှည်ပါပဲ..
ကေ့ဖေဖေ မွေးနေ့တစ်ရာမကတိုင်ပါစေ...

မေငြိမ်း said...

အမ်မလေးးး
ကောင်းလိုက်တာ ဒေါ်ကေ.. တကယ်ပဲ သူကိုယ်တိုင် ကြုံခဲ့သလို.... အမ မျောပါ လွမ်းသွားတယ်။
(တော်သေးတာပေါ့.. မြက အင်းလျားဆောင်မှူး မဟုတ်တာ.. ခိခိ)

လင်း said...

အရမ်းကို ဖတ်လို့ ကောင်းတယ် မကေရေ။ လွမ်းလဲ လွမ်းစရာကြီး။ အမဖေဖေ ပြောပြတဲ့ အကြောင်းတွေ ခုလို ဘဲ ထပ်ရေးပါအုန်း။

မကေ ဖေဖေ မွေးနေ့ တရာတိုင်ပါစေလို့ လဲ ဆုတောင်းပေးပါတယ်။

pandora said...

လက်စသတ်တော့ မကေရဲ့ဖေဖေက ဒဂုန်သားကို။ ဖေဖေကတော့ ပင်းယသားတဲ့။
မကေရဲ့ ဖေဖေ ပိုပြီး သက်ရှည်ကျန်းမာပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။

ဘာလို့ဒီလောက်တောင် ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးရတာလဲ။
လွမ်းစရာတွေ.. လွမ်းလိုက်တာ..။ :(

ဆောင်းယွန်းလ said...

မကေရဲ့ဖေဖေ ရ၅နှစ်မြောက်မွေးနေ့မှနှစ်တစ်ရာမကတိုင်ပါစေလို့ဆုတောင်းပေးပါတယ်။
ဖြစ်ရပ်မှန်ကိုအရေးအသားကောင်းကောင်းနဲ့ရောထားတဲ့
အတွက်ဖတ်လို့အရမ်းကောင်းပါတယ်...

ခင်မင်လျက်...

ATN said...

သူရဲကောင်းတွေ အသက်ရာကျော် ရှည်ကြပါစေဗျာ...

စာဖတ်ပြီးတော့ သူတို့ အားလုံးကို လွမ်းမိတယ်...

လွမ်းတယ်ဗျာ...

Moe Cho Thinn said...

ကေရေ
အဖေတို့ခေတ်ကို လှလှပပလေး တို့ထိသွားတာ သိပ်ဖတ်လို့ကောင်းတာပဲ။ ကေ့ဖေဖေနဲ့ တို့ဖေဖေလဲ သိမှာပဲ။ ဦးဘကောင်းတို့ ဦးလှရွှေတို့က အဖေ့ မိတ်ဆွေ အရင်းကြီးတွေ..။ ကေ့ဖေဖေ ကျန်းမာရွှင်လန်းစေဖို့၊ အသက်ရာကျော်ရှည်စေဖို့ ဆုတောင်းပါတယ်။

အဖေတို့ခေတ်ကလဲ တခေတ်တည်းအတူတူ ရပ်တည်ချက်မှန်ခဲ့ကြတယ်။ တို့တွေခေတ်ကျတော့လဲ သူငယ်ချင်းတွေအဖြစ် တဖက်တည်း ရပ်မိကြပြန်တယ်။ ဒီစာလေးဖတ်ပြီး ကြည်နူးမိတယ်။

Anonymous said...

အော် ... မြ က ဘိုးတော်ရဲ့အချစ်ဦးပဲ ။
ဒါပေမယ့် အဲဒီအဘွားမြ က ငါ့ ဆရာမလောက်တော့ ချောမယ်မထင်ပါဘူး။ နင့်ဆီ ဘာမှ မပွတ် ဘူးလို့ ဆုံးဖြတ်ထားပေမယ့် တို့ အဘိုးကြီးအကြောင်းရေးတော့
သူတော့မသိဘူး ငါတော့ရင်ထဲ ဆို့သွားတယ်။
နင်သူ့ ဒိုင်ယာရီတွေ ကို အပိုင်စီးလာတာတော့မဟုတ်လောက်ပါဘူးနော်။

ကိုအောင် said...

မကေရယ့် ဖေဖေ အသက်ရာကျော်မက ရှည်ပါစေလို့
ဆုတောင်းပါတယ် အမရေ။ အမ အရေးအသားတွေ
က အရမ်းကောင်းပြီး စာဖတ်သူကို ကွက်ကွက်ကွင်း
ကွင်း မြင်စေပါတယ်။ DSO မဲခိုးတဲ့လို့ ပါနေလို့
ဒီကိစ္စကို အမနဲ့ သဘောခြင်းမတူနိုင်တာကို ခွင့်
လွှတ်ပါ အမရေ။

Anonymous said...

အစ်မရေ
သိပ်ကောင်းတာပဲလို့ပဲပြောတတ်တော့တယ်။ ရင်ထဲကဘာဖြစ်ကျန်ခဲ့မှန်းကိုမသိဘူး။ အဲဒီအချိန်တုန်းက လူဖြစ်ချင်လိုက်တာနော်။

ခင်မင်းဇော် said...

ကေ..
ခုမှ ပြန်ရောက်ရောက်ချင်း ဖတ်နေတာ.. ဒါ့ကြောင့် ဒီဝတ္ထုကို ဒီလောက်သည်းကြီးမည်းကြီးရေးတာကိုး..
ကောင်းတယ်လို့ပြောတာထက် ကောင်းတာရှိရင် ပြောချင်ပါသေးတယ်။
ကေ့ဖေဖေ ကျန်းမာပြီးအသက်ရာကျော်ရှည်ပါစေ..

သက်ဝေ said...

မကေရေ...
ကေရဲ့  ပြောင်မြောက်လှတဲ့ ကလောင်စွမ်းရယ်၊ ငယ်ငယ်တုန်းက ဖေဖေ မေမေတို့ ဆီက ကြားခဲ့ရဖူးတဲ့ စကားသံတွေနဲ့  ပေါင်းစပ်ပြီးဖတ်လိုက်တော့ အဲဒီအချိန်တွေကို ကိုယ်တိုင် ရောက်သွားသလို ခံစားရပါတယ်...။ အရမ်းလဲ ဖတ်လို့ ကောင်းပါတယ်။
ကေ့ ဖေဖေ ကျန်းမာချမ်းသာစွာနဲ့  အသက်ရာကျော်ရှည်ပြီး လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးကို ကောင်းမွန်စွာ သယ်ပိုးနိုင်စေကြောင်း ဆုတောင်းပါတယ်...

Anonymous said...

မနော်ရေ- ကျေးဇူးပါ။ လွမ်းရက်ရှည်တွေ ကျော်ချင်ပြီ။

အမမေငြိမ်း- အင်းလျားဆောင်မှူး မြ ဆိုရင်တော့..ကျမ..အင်းလျားမှာ.. နေ့တိုင်းအသားဟင်းစားရမှာ။း)

လင်း- ဖတ်ကောင်းတယ်ဆိုလို့..ရေးရကျိုးနပ်တယ်ညီမလေး။

ပန်ပန်- ပင်းယသားအကြောင်းလည်း..ကြုံရင်ဖတ်ချင်သေးတယ်။ သူတို့ခံစားချက်လေးတွေကို ရောင်ပြန်ဟပ်ကြည့်တာပေါ့။

ကိုဆောင်းယွန်းလ- ပေးတဲ့ဆုနဲ့ပြည့်ပါစေ။

ကိုအောင်သာငယ်- လွမ်းသာ လွမ်းလိုက်ပါရှင်။ လွမ်းတယ်ဆိုတာ.. အမုန်းလည်း မဟုတ်..အချစ်လည်းမဟုတ်။ ဘယ်သူ့အတွက်မှ..အန္တရယ်မဖြစ်ပါဘူး။

မချိုသင်း- ကျမလည်း..တကယ်ကြည်နူးမိတယ်။ လမ်းတူ လို့..လူချင်းတွေ့ကြတာကိုလည်း.. ကျေနပ်မိတယ်။ တနေ့မှာ..တကယ်ကို တွေ့ချင်ပါသေးတယ်။

ငါသိသော်လည်း..နင်မသိစေချင်သော အနော်နိမတ်ရေ-
ဟုတ်တယ်- ဒိုင်ယာရီတွေ..ခိုးလာတာ။း)

ကိုအောင်- စာတွေအမြဲ ဂရုတစိုက်ဖတ်ပေးတာ..သိပ်ဝမ်းသာတယ်။ မဲခိုးတယ်ဆိုတဲ့..အသုံးအနှုံးအတွက်တော့..ဒီလိုပဲ..သူ့ဖက်..ကိုယ့်ဖက် အမြင်လေးတွေ..ကွဲကြမှာပါ..။ဟုတ်ပါတယ်။ ကျမ သင့်တင့်အောင်တော့.. ၀ါကျလေးကို နဲနဲ ပြင်ဆင်လိုက်ပါတယ်။

မေ့သမီး- အဲဒီလို ရင်ထဲ တမျိုးဖြစ်နေခဲ့လို့..သမိုင်းကို..တစိတ်တပိုင်း လှစ်ကြည့်တာပါ။

မခင်မင်းဇော်- ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။

မသက်ဝေ- ခေတ်ပြိုင်မိဘတွေက..မွေးဖွားလာတဲ့..ခေတ်ပြိုင် ခံစားနိုင်သူတွေ မို့.. မသက်ဝေ မှတ်ချက်ထက်ပိုတဲ့.. စကားလုံးတွေကို..ခံစားရမိပါတယ်။

Nyo Htet Nyo said...

အစ်မရေ....သုတကော ရသပါ ပါတဲ့အက်ဆေးကောင်းလေးပါပဲ…စာများများရေးနိုင်ပါစေ

Thet Oo said...

ကျောင်းနံရံမှာ ဒေါင်းအလံ ပြန်စိုက်နိုင်ဖို့ ကြိုးစားနေသူတွေကို မမေ့သင့်တဲ့အကြောင်းလည်း ရေးပါအုံး ကေ...

rosary said...

very nice ! hope next stories..All the best...

Moe Cho Thinn said...

နောက်တခေါက် ပြန်လာဖတ်သွားပြီ ကေ..

သက်ဝေ said...

လွမ်းစရာ...း(