အပူရှပ်ခြင်း

ပူလောင်တယ်..


နေရောင်က စူးစူးရဲရဲ။ လေတွေပါ.. ပူ မနေတာကိုပဲ ကျေးဇူးတင်မိတယ်။

အပင် ရိပ်တွေ အောက်မှာ တော့..အေးမြနေပုံပါပဲ။ ခံနိုင်ရည် ကောင်းလွန်းတဲ့ အပင်ကြီး တွေက..မရှိမဲ့ ရှိမဲ့ အင်အားနဲ့.. ဒီ မိုးအမှီ အတွက်.. အကိုင်း အခက် အသစ်တွေ.. ဖြစ်ညှစ် ဆန့်ထုတ်ပေး ထားကြတယ်။ သူတို့လည်း တတ်နိုင် သလောက် တော့.. လူတွေကို ကာကွယ် ပေးချင်ကြမယ်ပေါ့..။



ရုန်းကန်ကြ တယ်


အကာအကွယ် မဲ့ တဲ့ လူတချို့သာ..နေပူကျဲကျဲ အောက်မှာ.. ဟို- ဒီ ဖြတ်ကူးဖို့..၀ဲ ယာ အပေါ် အောက် ..ကျီးကန်း တောင်းမှောက်..။ အမည်မသိ..နံပတ် မသိ အမျိုးအစားမသိ တဲ့ ကားတွေကို ရှောင်ရှား ရင်း.. ဓါတ်ငွေ့ကား ကြီးတွေ နောက်.. ပြေးလိုက်သွားကြတယ်။ သူ့တို့ကို..နားသ ပေးမယ်လို့.. အချော့ အလိမ် ခံခဲ့ ရတဲ့..လမ်းမကြီးတွေက တော့.. နားထင်ပေါ်က..စီးကျလာတဲ့..ရေဆိုး ရေပုတ်..စက်ဆီ တွေ နဲ့ အတူ.. ကတ္တရာပူ တွေ ကို..မျက်ရည်လုပ် ကြတယ်။ အဆင်းသား လဲလျောင်းပေးထားတဲ့ သူ့တို့ ကိုယ်ပေါ်ကို ကျကျလာတဲ့.. နီပြစ်ပြစ် ညစ်ထေးထေး..မွှေးတေးတေး အရေအစက်တွေ ကို..မသထီ ပေမဲ့..စိတ်ပျက် လက်ပျက် ၀ဋ် ခံလို့။ စတိုးဆိုင် က မိန်းကလေးငယ်က..သူ ၀ယ်မသုံး နိုင် တဲ့ အလှကုန် ပစ္စည်းတွေ ကို ရောင်း နေတဲ့ အချိန်မှာ...စားသောက်ဆိုင်က.. စားပွဲထိုး လေး တယောက်က.. သူ့မိဘတွေ မစားနိုင်တဲ့..စားဖွယ်ဟင်းလျာ အကျန် တပွဲကို ဘယ်လို ရှင်းလင်း သိမ်းဆည်းမလဲ။



သာယာပါတယ်


ဒါပေမဲ့..မဟော်ဂနီရောင် တောက်နေတဲ့..သစ်သား အခင်း..သစ်သားအကာ..သစ်သား စားပွဲ..သစ်သားထိုင်ခုံ တွေနဲ့ ဆိုင်ထဲမှာ လူတွေ က လဲ မဟော်ဂနီရောက် တောက်လို့။ လိုချင်တယ်ဆိုရင်..ပန်းကနုတ်နဲ့ ကတ္တီပါဖုံတောင် ထိုင် နိုင်သေးတယ်။ ဂဏန်းတွေလဲ..လတ်လတ်ဆတ်ဆတ် ပင်လယ်ထဲက..ပြေးတက်လာကြတယ်။ အဲဒီလောက် မြိန်ယှက် ချိုင့်ဝှမ်း တဲ့ စားသောက်ဆိုင်လေးလဲ..ဒီမှာ ရှိနေတယ် ဆိုတာ..ဘုရားသခင် သိပါတယ်။ လတ်ဆတ်တဲ့ ဂဏန်း အတွက် လွယ်ကူ တဲ့ ပိုက်ဆံ ဂဏန်း ဘယ်နှယ်လုံး ပေးရတယ် ဆိုတာလဲ.. သူ သိ မှာပါ လေ...။



နားထောင်ရတယ်


မနက်စောစောမှာ..ကျိုးကျိုးကျီကျီ ငှက်သံ ကလေးတွေ ကို ကြားရ တက်ပေမဲ့...အချက်ပြ အလင်း ဘတ်သီးလေး ငြိမ်းသွားတာနဲ့... ဈေးဝယ်တယောက်ကို တွေ့လို့..ဈေးအပြိုင်ခေါ်တဲ့ ဘုရားဈေးသည် တွေ ရဲ့ အသံတွေလို.. အလုအယက် စွမ်းအင်တွေ..ခုတ်မောင်းကြတာများ.. စက်မူဗေဒ..စွမ်းအင်ဗေဒ..အသံဗေဒ..တွေ ထွန်းကား နေပုံ ။ ညဖက် ကျ ပြန် တော့... ဟိုဟို ဒီဒီ ..ကျလိ ကျလိ နဲ့.. လေလှိုင်းတွေထဲ.. မျှော်လင့်ချက်တွေ.. ဖမ်းကြ ။ တချို့က..ရုပ်ရှင် ကြည့် ကြမယ်..တချို့က..ဘောလုံးပွဲ စောင့် အားပေးမယ်။ ဖျော်ဖြေရေးတွေ များတဲ့ ခေတ်ကြီး ထဲမှာ.. ဖြေဖျော်ရေး ကိုသာ..တွေ့ အောင် ရှာကြပါလေ။



ဖတ်ရှု ကြတယ်


ဖတ်စရာ တွေ.. တနေ့ကို အစောင် ၂၀၀ ထွက်ရင်..အနဲဆုံး ၂ စောင်လောက်တော့..ဖတ် လိုက်ရ မှပေါ့။ ဖွံဖြိုးရေးလုပ်ငန်းတွေကို အန်ဂျီအိုတွေ..လုပ်နေကြတယ် ဆိုပဲ.. ။ အဆင့်မြင့် ဟိုတည်ကြီးပေါ်မှာလည်း..မျက်နှာချေ တွေ အကြီးအကျယ် ရောင်းကြတယ် ကော။ မင်းသမီး တွေ စာရွက်ထူ ကြီးတွေပေါ်မှာ.. အကျီ င်္ တွေ ၀တ်ပြတာ.. ပစ္စည်းတွေ သုံးပြထားတာ.. ဖတ်ကြည့်စရာ တောင် မလို.. မြင်တာနဲ့တင်..စိတ်ချမ်းသာ စရာ ကောင်းလှ တယ်။



ကိုင်းရှိုင်းကြတယ်


အမြဲတမ်း လူတွေ ပြည့်နေ တတ်တဲ့ ရင်ပြင်တော်ကြီး ပေါ်မှာ.. ခုလည်း ပြည့် နေတာပါပဲလား။ ဘာဖြစ်လို့..ဟောဟိုက..အကွက်လေးမှာပဲ လူတွေ စုပြုံ ရှိခိုးနေကြပါလိမ့်။ ယတြာပွဲတွေ အားလုံးမှာ လည်း.. အထမြောက် ခြင်းတွေ ရှိနေ ရ မှာပေါ့ နော်..။ အင်း ဖရောင်းတိုင် တွေ.. မငြိမ်းမချင်း..အဓိဌါန် တွေက.. အပြန်ပြန် အလှန်လှန် ။ ရေကုသိုလ်..မီးကုသိုလ်..ပန်းကုသိုလ်..ငွေကုသိုလ်.. ဘာနဲ့ ကုသိုလ် လုပ်ရင် ကောင်းမလဲ။





သူတို့တွေ ဘာလုပ်နေကြတာ ပါလိမ့် .. ရွှေပြား ကပ်တာလား..ရွှေပြား ခွါတာလား.. တခုခု တော့ ကိစ္စ ရှိမှာပေါ့လေ။ ဒီနေရာကို ရောက်အောင် လာကြတယ်.. မြင်အောင် ဖူးကြတယ်.. နီးအောင် ကပ်ကြတယ်.. ။ ဒါဆို..အဲဒီ လူတွေကို.. မပြည့် နိုင် တဲ့ ဆုတောင်းတွေ အတွက်.. ဒီကနေ.. လှမ်းဆုတောင်းခိုင်းလိုက်ရင်.. ပိုများ ပြည့်လေ မလား။



မိတ်ဆွေဖြစ်ကြတယ်


ခင်ရာဆွေမျိုးတဲ့။ ဆွေမျိုးချင်း မခင် တဲ့ မိသားစု တွေ လည်း ရှိတယ်လေ..။ တချို့ဆို ဆွေမျိုးမတော်ပေမဲ့....ကလေး ကျောင်းပို့ရင်း.. မိတ်ဆွေ ဖြစ် ကြတယ်။ တချို့ကတော့.. ငွေတွေနဲ့ မိတ်ဆွေ ၀ယ်လို့ရတယ်လို့ ပြောမယ်။ တချို့က.. စားရင်းသောက်ရင်း..တ၀ိုင်းစာ ရှင်းတော့.. အကူအညီ လိုတိုင်း မိတ်ဆွေ ဖြစ်တယ်။ သွားရင်း လာရင်း.. နံပတ် အကြောင်း ပြောလိုက်ရင်..ဘာမှ သိဖို့မလို..ဆွေမျိုးချက်ချင်း ဖြစ်သတဲ့။ တချို့ကတော့..ရုန်းကန်ခြင်းတွေ အပြန်အလှန် ဖောက်သည်ချ ရင်း..ကျောချင်းကပ်မိ ကြတယ်။ ချို့တဲ့ခြင်းတွေ..အပေးအယူ လုပ် မိလို့..မိတ်ပျက်သူတွေ လည်း..ဒု နဲ့ ဒေး။



လွမ်းတယ်


တနေရာကို လာပြီး..တနေရာကို ပြန်သွားရင်..သွားတဲ့သူ နဲ့ ကျန်ခဲ့တဲ့သူ..ဘယ်သူက..ပိုလွမ်းရ မလဲ။ ဘယ်သူကပဲ ပိုလွမ်းလွမ်း.. တချိန်ချိန်မှာတော့.. နေရာတခုကနေ .. ထွက်သွား ရမှာပါပဲလေ။ ဒါပေမဲ့..ဒီ နေရာ..ဒီဒေသမှာမှ..ဘာလို့များ လွမ်းခိုးတွေက..ပိုပြီး မှိုင်းမှုံနေရ တာလဲ။





အလွမ်းငွေ့တွေ..သောက အပူတွေ နဲ့ လေထု ညစ်ညမ်းနေ တဲ့ ကောင်းကင် ကြီးက.. အိုဇုန်းလွှာ မပေါက်ခင်တော့.. ဖန်လုံအိမ် အာနိသင် မသက်ရောက်ခင် တော့.. ၀င်းပ ကြည်လင် တဲ့.. နေ့တနေ့ကို..တောင့်တ ရှာ မပေါ့။ ၀မ်းမြောက်မူ တွေ..လွတ်လပ်ပျော်ရွှင်မူ တွေက သာ..အစားထိုး လောင်စာ ဖြစ်လာခဲ့ ရင်..ဒီ ကောင်းကင် ကြီးလဲ..ဘယ် ညစ်ညမ်း ပါတော့ မလဲ။



အပူရှပ်တယ်


ခန္ဖာကိုယ်မှာ ပူလိုက် အေးလိုက် ဖြစ်ရင် အပူရှပ် တတ်တယ်။ ဒါဟာ ဖျားနာခြင်း တမျိုးပါပဲ။ ခံစားချက်တွေ ပူလိုက် အေးလိုက် ဖြစ်တော့လည်း နှလုံးသားက..အပူရှပ် တော့မပေါ့။ အထိ အတွေ့ တွေ ကလည်း နီးလိုက်

ဝေးလိုက်..။ အကြား အသိ တွေ ကလည်း.. တိုးလိုက် ကျယ်လိုက်။ စိန်ပန်းတွေ ရဲရဲ နီ နေတဲ့..လမ်း ကလေးတွေ ကို မြင်ယောင် ရင်း..၀က်သစ်ချ ရွက်တွေ ကြွေ နေတာကို ဘယ်လို ခံစားပေးရ မလဲ မသိနိုင် အောင် ဖြစ်နေတယ်။ သေချာပါတယ်.. ဒါ.. အပူရှပ်နေ တာ။ ရောက်ချင် တဲ့ နေရာကို ရောက်ခဲ့ တာလဲ မပျော်လာ သေးဘူးလား..တဲ့။ ပျော်တယ် ဆိုတာ..အဲလောက် လွယ် လို့လား..။ မပျော်တတ်တဲ့ သူ တယောက်ကို ခွင့်လွှတ် ပါ ကွယ်။




Share/Bookmark

12 Comments:

မေငြိမ်း said...

အဲဒီ ပျော်စရာမကောင်းတာတွေကလည်း ရိုးပဲ ရိုးမသွားနိုင်သေးတာရော.. ဘယ်သူ့အပြစ်များလဲ...။
နောက်ဆို လွမ်းတာတောင် စိုးရိမ်ကြောင့်ကြနဲ့ .. ဒါမှမဟုတ်.. ကြောက်ကြောက်နဲ့ပဲ လွမ်းရတော့မှာ ထင်ပါရဲ့နော်..။

JulyDream said...

ဒီမှာက အအေးမိနေတယ်။ မကေက အပူရှပ်နေတယ်။ အဟား...

ရွာသားလေးဝိုင်တီယူ said...

မရောက်ခင်ကလည်း မရောက်တာကြာလို့လွမ်း
ရောက်ပြန်တော့လည်း အတိတ်ကိုတွေးပြီးလွမ်း
မြင်ကွင်းတွေကမလှမပ
ရင်တွင်းမှာ မချိတာမို့ မပျော်သည့်အကြောင်းကို
တစ်ယောက်တည်းမဟုတ်ပါကြောင်း
ထပ်လောင်းပြောပါရစေခင်ဗျာ

နွေးနွေးသဲမွန် said...

ဘယ်သူကပဲ ပိုလွမ်းလွမ်း.. တနေရာရာကတော့..တချိန်ချိန်မှာ.. ထွက်သွားရမှာပါပဲလေ။ ဒါပေမဲ့..ဒီ နေရာ..ဒီဒေသမှာမှ..ဘာလို့များ လွမ်းခိုးတွေက..ပိုပြီး မှိုင်းမှုံနေရ တာလဲ။ <--- မ ရယ် ညီမလေးလဲ လွမ်းတယ်... :-(

အောင်သာငယ် said...

အပူငွေ့တွေ ပျံ့လွင့်နေတဲ့ ကဗျာတပုဒ်ပါပဲ...
အပူတွေ ဟပ်သွားတယ်...

တန်ခူး said...

ဒီကလဲ ဒီအတွေး၊ ဒီအရေးတွေနဲ့  ဝေးနေရလို့  လွမ်းနေတာ…
ကေ့နှလုံးသားက အပူငွေ့ ၊ အအေးငွေ့ တွေက တို့ နှလုံးသားက အပူငွေ့ ၊ အအေးငွေ့ တွေနဲ့  ထပ်တူကျနေတော့ ကိုယ့်ကိုယ်ကို ဘာရောဂါမှန်းမသိ ခံစားနေရတာ ခုမှ ရောဂါအမည်သိသွားတယ်… ဟုတ်တယ်ကေ… နှလုံးသားအပူရှပ်ရောဂါနဲ့  အကျွမ်းဝင်ခဲ့တာ ကြာလှပေါ့လေ…

Anonymous said...

Hey...

The way of your writing, expression is too good to read...

among all these myanmar bloggers...

Appreciate your thought and words...!

Good day..!

MANORHARY said...

ကေ ရေ
ကူလွမ်းသွားတယ်
ကူခံစားသွားတယ်
အားလုံးကိုထင်းကနဲမြင်တယ်
အဖျားဒီဂရီလည်းပြန်မြင့်တက်လာခဲ့ပေါ့....
.............
အဲဒီအပူတွေကို နည်းနည်းစီ ပြန်လွှင့်တင်ပေးစမ်းပါ
နှစ်နှစ်လိုလိုကို လိုချင်လို့ပါ..
ချစ်သော
မနော်

တောကျောင်း said...

အင်းစိန်ထောင်ကြီးကိုတော့ ပါအောင်ရိုက်သွားသကိုး.. :)

Moe Cho Thinn said...

လွမ်းရတဲ့ညတွေ လွန်ပါစေ..

သက်ဝေ said...

အပူငွေ့တွေ ကိုယ့်ဆီ ကူးစက်...
အတူတူ အပူရှပ်သွားတယ်...
ဘာဆေးသောက်မှ ပျောက်မှာလဲ...

sonata-cantata said...

အပူရှပ်ခြင်းမှာ မန့်တောင် မန့်ရက်ဖူး (ကေ ရေးတတ်လွန်းလို့)။
အပူဟပ်လို့ နှလုံးမရပ်သေးသရွေ့ပေါ့လေ...