သပိတ်မှောက်ကျောင်းသားများ

xxxxxx အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြ ကျောင်းသားများ ပင်မ သပိတ်စစ်ကြောင်း ရွှေတောင်မြို့ မှ ဆက်လက် ထွက်ခွါ xxxxxxx

ရွှေတောင်ပြီးရင် ကျမတို့  မြို့ ၊ ပေါင်းတည် ကို ရောက်ပြီပေါ့။ ဖတ်လက်စ Daily Eleven သတင်းစာ ကို ဘေးချ လိုက်ရင်း ၊ အခု  တောင်းဆိုချက် ဆယ့်တစ်ချက်ကို မူအားဖြင့် လိုက်လျော လိုက်ပြီ ဆိုတော့ ၊ ကျောင်းသားတွေ ရန်ကုန် ရောက်အောင် ဆက်ပြီး ချီတက်ဖို့ ခက်ခဲသွားလိမ့်မယ် ထင်တယ်နော် . . . လို့ ၊ မလှမ်းမကမ်း မှာ စာထိုင်ဖတ် နေတဲ့ ဖခင်ကြီး ကို လှမ်းပြီး မေးခွန်းထုတ် အဖော်စပ် လိုက်မိသည်။ 

ဖခင်ကြီးက ၊ ဘာမှ မပြောပဲ ၊ သူ့ထိုင်ခုံ နောက်က စာအုပ်ဗီရို ကို အသာ ဖွင့် ပြီး ၊ စာအုပ်တအုပ် ကို ဆွဲထုတ်လေသည်။  ရော့ . . ဒီစာအုပ်ကလေးကို အပျင်းလဲ ပြေ နောက်တခေါက် ထပ်ဖတ်ကြည့်ပေါ့ကွာ . . သမီးအတွက် တွေးစရာ အသစ်တွေ . . မတူတဲ့ အဖြေ တွေ ရခြင် ရလာ လိမ့်မယ် . .  လို့ ၊  ကမ်းလိုက်တဲ့ စာအုပ်ကလေး ဟာ ၊ ထောင့်မှာ ပိုးကိုက်ရာတွေ ပြည့်နေတဲ့ ၊ ပန်းချီ ဦးသောင်းဟန် ရဲ့   လက်ရာ မျက်နှာဖုံး နဲ့  သိန်းဖေမြင့် ရဲ့  ဒုတိယ အကြိမ်ထုတ် “သပိတ်မှောက်ကျောင်းသား” ။ ဒီ စာအုပ်ကလေးကို အနှစ် နှစ်ဆယ်လောက် အကြာမှာ ဒုတိယ အကြိမ် ပြန်ဖတ် ကြည့်ရ ပေဦးမည်။ 
+++++




အမှန်ကို ဘွင်းဘွင်းကြီး ရေးသဖြင့် ၊ တစုံ တယောက်ကို ထိခိုက်သွားလျှင် သွားပါစေ ။ ကျွနု်ပ်အား အပြစ်လွှတ်ပါဟု ၊ ကျွနု်ပ်ကား မတောင်းပန် . .  ဆိုတဲ့ သိန်းဖေမြင့် ရဲ့ အမှာစကားက  သမိုင်းကို ချိတ်တွယ်ထားတဲ့ သူ့ ၀တ္တုရဲ့  မြဲမြံ မှန်ကန်မူကို စိတ်ချစေလေသည်။ စာရေးသူ ရဲ့  ကိုယ်ပွား ဇတ်ကောင် ညိုထွန်း ကစလို့ ၊ ကိုန ၊ ကိုမြ ၊ စိုးထွန်း ၊ ကျော်သိန်း ၊ ဖေခင် ၊ ညိုမြ ၊ ဘနားဂျီး ဆိုတဲ့ တကယ့် သမိုင်းဝင် သပိတ်မှောက် ကျောင်းသားကြီးတွေ တင်မက ၊ အမာ၊ မအုန်း ၊ မခင်မြ ဆိုတဲ့  နာမယ်ကျော် သပိတ်မှောက် ကျောင်းသူ တွေကို ပါ ၊ ဇတ်ရုပ်ဆင် ပြီး ရေးသား တင်ပြ ခဲ့ပုံက ၊ သမိုင်းမှတ်တမ်းတခု ထက်ပင် ပို ၍၊ ကွက်ကွက်ကွင်းကွင်း ရှိလှသည်။ 


ရန်ကုန်တက္ကသိုလ်ကြီး ပြန်ဖွင့်လို့ ၊  ကျောင်းပြန်မဲ့ သားကို လိုက်ပို့ ကြတဲ့ ဆွေမျိုးမိဘ တွေ နဲ့  အညာက ၊ ဘူတာရုံလေးရဲ့ မြင်ကွင်း ကနေ စ ပြန်ဖတ်ရင်း ၊  ကျောင်းဖွင့်စ ၊ ကျောင်းဆောင် အသီးအသီး ရဲ့ ၊  အမူဆောင် ရွေးချယ်ပွဲတွေ ၊ အပြောကောင်း အဟောကောင်း ရန်ကုန်တက္ကသိုလ် သမဂ္ဂ ဥက္ကဌ ကိုနု နဲ့ အတူ ၊ ၀ံသာနု အမျိုးသားရေး စိတ်တွေ နိုးကြားနေတဲ့ ၊ သမဂ္ဂ အမူဆောင် ကျောင်းသား တသိုက်ရဲ့  စည်းဝေး လှုံ့ဆော်မူ တွေ  ၊ စတဲ့ အခန်း တခု စီ တိုင်းက ၊ ၀တ္တု ကို ၊ ယုတ္တိအမြင် နဲ့ အသက်ဝင်နေ ပြန်တော့တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၊ ၈၀ လောက်က တက္ကသိုလ်ကျောင်းသား တွေ ရဲ့ ၊ နောက်လုံး ပြောင်လုံး တွေကလည်း ၊ အံ့သြစရာကောင်းအောင် ခေတ်မီ နေသေးသည် ။ ပြင်းထန်တဲ့ သမဂ္ဂ အစည်းအဝေးမိန့်ခွန်းကြောင့်၊  ဥက္ကဌ ကိုန ကျောင်းထုတ်ခံရ ၊ တက္ကသိုလ်ဆရာ တယောက်ကို သရော်ထားတဲ့  စာတပုဒ် ကြောင့် အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ စိုးထွန်း ကျောင်းထုတ်ခံရ ၊ နောက်ဆုံး အလုပ်သမားရေးတွေပါ ပူးတွဲလှုံ့ ဆော်တယ် ဆိုပြီး  ဇတ်လိုက် ညိုထွန်း ကိုယ်တိုင်လည်း ကျောင်းထုတ်ခံ ရ တဲ့ အခါမှာတော့ ဇတ်ရှိန် မြင့်လာပြီး ၊ သမဂ္ဂ အမူဆောင် တွေ အားလုံး ၊ စာမေးပွဲ မဖြေ သပိတ်မှောက်ဖို့ ဆုံးဖြတ်တဲ့ အခန်း နဲ့၊ အင်းလျား ဆောင်က ကျောင်းသူတွေ တင်မက တခြား ကျောင်းသူ တွေ ကိုပါ ၊ သပိတ်မှောက်ဖို့  စွဲဆောင် လှုံ့ ဆော်တဲ့ အခန်း တွေ ဟာ၊ စိတ်အား တက်ကြွစရာ အကောင်းဆုံး နဲ့ ဖတ်လို့ အကောင်းဆုံး အခန်း တွေ ပဲ ။ 


လမ်းလျှောက်လာကြသူ ကျောင်းသူ ရှစ်ယောက်ကား ဘတ်စ်ကား တစီးပေါ် တွင် တက်ကြ၏။  သူတို့ကား အစည်းအဝေးတွင် ဘာပြောသည် ဘာဆွေးနွေးသည်ကို မသိကြရ ။ “သပိတ်မှောက်ပြီ” ဟူသော စကားကိုသာ ကြားကြရ၏။  သူတို့ အတွက် သပိတ်မှောက်ရန် ဘာကြောင့်လိုပါသည် ဘာအကြောင်းတွေကြောင့် သပိတ်မှောက်ကြမည် ဟူသော အချက်များ မလို ။ သူတို့ကား သပိတ်မှောက်ရန် လိုကြောင်း နားလည်ကြပြီး ဖြစ်ခဲ့သည်။  သပိတ်မှောက်ဘို့ အကြောင်းများကို အားလုံး သူတို့ ခံစားပြီး သိပြီး ဖြစ်သည် ။


ဟုတ်သည်။ အထွေထွေ မကျေနပ်မူ များက သပိတ်တွေဆီ ဦးတည် နေတတ်သည်။ ကျောင်းသားသပိတ် သမိုင်းကို ပြန်ကြည့်တော့ ၊  ၁၉ ၂၀  ပထမ ကျောင်းသားသပိတ်က ၊ ရန်ကုန်တက္ကသိုလ်ကြီး စတင် တည်ထောင်တဲ့ အက်ဥပဒေ ကို မကျေနပ် လို့ ဆိုပေမဲ့ ၊ နယ်ချဲ့ စနစ်ကို အံတု ဖီဆန်ခြင်းသာ ။ ၁၉ ၃၆ ဒုတိယ ကျောင်းသားသပိတ် မှာလည်း  -ကျွန်ပညာရေးစနစ် အလိုမရှိ -  လို့ အော်ရင်းပင် ၊ မျိုးချစ်စိတ်တွေ တဆင့်တိုး လို့ လွတ်လပ်ရေး ကြိုးပမ်းမူ ဆီ ရောက်အောင် သွားခဲ့ကြ သည် ။ အဲဒီ နောက်တော့ တတိယ အကြိမ် မက တော့တဲ့ ကျောင်းသား သပိတ်ပေါင်းများစွာ ။ သို့ပေ  သမိုင်းစာသင်ခန်း တွေ ထဲ မှာတော့ ၊ ဒုတိယ ကျောင်းသားသပိတ် မှာ သာ တခန်းရပ် နေ တော့သည်။  နယ်ချဲ့  လူမျိုးခြား ကို ဆန့်ကျင် အုံကြွ ခဲ့တဲ့  ကျောင်းသား သပိတ် နှစ်ခုကို သာ သမိုင်းတင် ကြပေမဲ့ ၊ လူမျိုးတူခြင်း သွေးစုပ်တဲ့ စစ်အာဏာရှင် စနစ်ကို တောက်လျှောက်  ဆန့်ကျင် ဆန္ဒပြ ခဲ့ ကြတဲ့ အခြား ကျောင်းသား သပိတ်တွေ ကတော့ ၊ သမိုင်း မတင်နိုင်သေး ။အနည်မထိုင်နိုင်သေး ။ 


၁၉ ၆၂ ခုနှစ်မှာ ဆဲဗင်းဂျူလိုင် လှုပ်ရှားမူ ကြီးနဲ့ အတူ၊ ကျောင်းသားသပိတ်တွေ ရဲ့ ဘူမိနက်သန် ရန်ကုန်တက္ကသိုလ် သမဂ္ဂ အဆောက်အဦ ကြီး ဖြိုချ ဖျက်စီး ခံလိုက်ရသည် ။ ဒါပေမဲ့ ကျောင်းသား လူငယ်တွေရဲ့  နိုင်ငံ့ အရေးအတွက် မဟုတ်မခံ ထက်သန်မူတွေ ပြိုကျ မသွား။ သမဂ္ဂ စိတ်ဓါတ်တွေ ပျက်စီးမသွား ။ ဒီ မြေကွက်လပ်ကြီး ဆီကို ပဲ ပြန်လာနေကြသည်။ ၂၆ နှစ် အကြာ ရှစ်လေးလုံး အုံကြွမူကြီးမှာ လည်း ၊ ဒီ သမဂ္ဂ ကွက်လပ်ကြီးဆီပဲ ပြန် လာကြသည်။ ဟော နောက်ထပ် ၂၆ နှစ် အကြာ ၂၀၁၅ ခုမှာလည်း သမဂ္ဂကြီး ဆီ ပြန်လာနေကြပြန် ပြီ။ အရောင် အမျိုးမျိုး ပြောင်းခဲ့တဲ့ စစ်အာဏာရှင် စနစ်ကို ၊ သဏ္ဍန် အမျိုးမျိုး ပြောင်းလာတဲ့ ကျောင်းသားတွေက အံတု ကြပြန်ပေပြီ ။ လက်ကိုင်ဖုံးလေးတွေ ကိုယ်စီ ကြည့်လျက်က ၊ လမ်းမကြီးတွေ ကို ဖြန့်ကျက် ချီတက်လာတဲ့ ကျောင်းသားလေးတွေကို  ၊ ပြည်သူ တွေ သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။ အသားညိုညို ဆံပင်တို မသပ်မယပ် နဲ့ ၊ ကျောင်းသားလေးတွေက ပဲ ၊ လူကြီး တွေ နဲ့  တပြေးတည်းထိုင် တ၀ိုင်းတည်း ဆွေးနွေးနေကြပြီ။ 


၁၉ ၃၀ ခုနှစ်တွေ တုန်းကရော ၊ ညိုထွန်း တို့ စိုးထွန်း တို့  ကျော်သိန်း တို့ လို ၊ အညာက လာတဲ့ အမျိုးသား ကျောင်းထွက် ၊ ဘိုသံ မပီ ၊ မသေမသပ်  ညစ်ကပ်ကပ် ကျောင်းသား လေးတွေကို အင်္ဂလိပ်လူမျိုး ကျောင်းအုပ်ကြီးတွေ ၊ ဘယ်မှာလာ အထင်ကြီး ခဲ့ လေမလဲ ။ နောက်တော့လဲ မြန်မာပြည်သစ်ကို တည်ဆောက် တဲ့ ၊ လွတ်လပ်ရေး ရဲ့ ဖခင်ကြီးတွေ သတင်းစာဆရာကြီးတွေ ၊ ၀န်ကြီးတွေ ဖြစ်လာခဲ့ ကြသည်။ ဒီ ခေတ်တွေ ကြားထဲမှာ တော့ ၊ ပညာရေး အခြေခံ တွေ က ၊   အများကြီး ကွာခြား ခဲ့ပြီ ပေါ့ ။ အဲဒါကြောင့်လဲ ၊ ကနေ့ သူတို့ ရဲ့ တောင်းဆိုချက်တွေထဲ မှာ ၊ နှုတ်တိုက်ကျက် ပညာသင်ကြားရေး နဲ့ ၊ ၏-သည် မလွဲ စာမေးပွဲ စနစ်ကြီးကိုပါ ၊ ဖယ်ရှား နိုင် ဖို့ ကြိုးစားနေကြ ခြင်းဖြစ် သည်။ ကျောင်းသားတွေ ရဲ့  သဘောထား မပါတဲ့ ၊ အမျိုးသားပညာရေး ဥပဒေကြမ်းကို ၊ ပယ်ဖျက် ပြင်ဆင်နိုင် ဖို့ ၊ တိုက်ပွဲ ၀င်နေကြ ခြင်း ဖြစ်သည်။


ကျွန်ပညာရေး ၊  သခင် ပညာရေး ၊ အမျိုးသား ပညာရေး ၀ိသေသ တွေ အမျိုးမျိုး တပ်ကြသည်။ ဟိုတုန်းက နယ်ချဲ့ စနစ် အတွက် လိုအပ်နေတဲ့ စာရေး စာချီ အုပ်ချုပ်ရေး အရာရှိ တွေ ကို  မွေးထုပ်ပေး တာမို့ ၊ ကျွန်ပညာရေး ရယ် လို့ ခေါ်ဆို ရှုံ့ ချ ခဲ့ သည်။ ညို ထွန်း တို့ လို သပိတ်မှောက် ကျောင်းသားတွေ က၊ လွတ်လပ်တဲ့ တိုင်းပြည်ကို တည်ဆောက်ဖို့ ၊ စက်မူ လက်မူ အတတ်ပညာ တွေ ကို သင်ကြား တတ်မြောက်နိုင်မဲ့ ၊ သခင်ပညာရေး . . အမျိုးသားပညာရေး ဖြစ်ရမည် လို့ မျှော်မှန်း သည်။ နှစ်ပေါင်း ရှစ်ဆယ် ကျော်လာတဲ့ အခါမှာ ၊ သူတို့ မျှော်မှန်း ခဲ့တဲ့ အမျိုးသား ပညာရေး က ဘယ့်ဂလောက် ခရီးပေါက်ခဲ့ ပြီလဲ ။ ကျောင်းသားသမဂ္ဂ ကြီး ဖျက်စီးခံ ပြီးနောက်ပိုင်း ၊ အစိုးရ က တိုက်ရိုက် ချုပ်ကိုင်လာတဲ့ မြန်မာ့ ပညာရေး စနစ်ဟာ ၊ သပိတ်မှောက် ကျောင်းသူ ထားမြင့် တို့ အမာ တို့  ခေတ်က ကျွန်ပညာရေးထက်တောင် ဘယ်လောက် ဆိုးဝါး နိမ့်ကျ နေခဲ့ ပြီလဲ ။ ဧရာဝတီ တိုင်းက လမ်းလျှောက် ချီတက်လာတဲ့ ကျောင်းသူ ကလေး တယောက်ကတော့ - “ပညာရေးစနစ်မှာ ဘာကို စိတ်အပျက် ဆုံးလဲဆိုတော့ ဘာမှမရေရာတဲ့ အာမခံချက် မရှိတဲ့ ပညာရေးစနစ် ဖြစ်နေတာကို စိတ်အပျက်ဆုံးပါပဲ။ အခု ကျောင်းတက်နေကြတဲ့အချိန် ဘွဲ့ရတဲ့အထိက လူငယ်တွေအတွက် ခွန်အားအရှိဆုံး၊ အလုပ်လုပ်နိုင်ဆုံး၊ ဥာဏ် အကောင်းဆုံး၊ ဖွံ့ဖြိုးမှုအရှိဆုံး အရွယ်တွေမှာ ပညာရေးစနစ်က မကောင်းတော့ သမီးတို့ လူငယ်တွေဘဝက အလကား အချိန်တွေ ပြုန်းတီးကုန်တယ်။ ” -  လို့  ဆိုသည်။ 


ကနေ့ ခေတ် တိုင်းပြည်မှာ လူဦးရေ တိုးပွားလာလို့  တက္ကသိုလ်ကျောင်းသား ဦးရေ တွေလည်း များပြား လာပြီ မို့ ၊ တက္ကသိုလ်တွေကို တိုးချဲ့ ဖွင့်လှစ် လာကြတာ လျော်ကန် သင့်မြတ်ပါရဲ့ ။ သို့ပေမဲ့ မြို့တိုင်း နယ်တိုင်းမှာ ၊ အဆောက်အဦ ဆင်တူ ကြီးတွေ ဆောက်ပေးလိုက်ယုံ နဲ့ တက္ကသိုလ်တခု ဖြစ်သွားသည်မှ မဟုတ်ပဲ ။ အရေးကြီးတာ က၊ ကျောင်းသား တယောက်ဟာ ၊ တက္ကသိုလ် ကို ငွေကုန်ခံ အချိန်ကုန်ခံ တက်ပြီး ၊ တက်ပွန် လိမ္မာ တဲ့ တိုင်းပြည်ရဲ့ အင်အား တကယ် ဖြစ်လာ ရဲ့ လား ဆိုတဲ့ ပြသာနာ ။ စာမေးပွဲ တွေကို ၊ နှုတ်တိုက်ကျက် အမှတ် စနစ် နဲ့ ၊ ၏- သည် မလွဲ ၊ အစက် အပျောက် ၊ အရစ် အသတ် ပါ မကျန် ဖြေဆို အောင်မြင်လာတဲ့ ၊ ထူးချွန် လက်ရွေးစင် ကျောင်းသား တွေ ချည်းပဲ ၊ ကျောင်းသား စစ်စစ် ဧကန် အဖြစ် နဲ့ ၊ တိုင်းပြည် ကို တည်ဆောက် နိုင် မှာ တဲ့ လား ။ သပိတ်မှောက် ကျောင်းသား ညိုထွန်း တောင့်တတဲ့ ၊ စက်မူ လက်မူ အသက်မွေးမူ ပညာရပ် တွေဟာ လည်း ၊ အခုလို တိုင်းပြည် ပြန်လည် တည်ဆောက်ရမဲ့ အချိန်မှာ ၊  အရေးတကြီး လိုအပ်နေ သည် မဟုတ်လား။ သို့ပေမဲ့  မတူညီ တဲ့ လူနေမူ စနစ် အောက်က ၊ မမျှတ တဲ့ ပညာရေး ပေါ်လစီ တွေဟာ ၊ သာမန် ကျောင်းသားတွေ အတွက် ၊ လျှောတိုင် တက် ရသလိုသာ ဖြစ်နေပေလိမ့်မည်။ တကယ်တော့ တိုင်းပြည်မှာ ပညာရေး နဲ့ ပတ်သတ်ရင် ၊ ဟိုး အောက်ခြေ မူလတန်း အဆင့်က စလို့ ၊ ပြုပြင် ပြောင်းလဲ စရာတွေ တပုံတခေါင်းကြီး ဖြစ်နေခဲ့ ပြီ။ ဆိုတော့ အခု ကျောင်းသားသပိတ် နဲ့ အမျိုးသားပညာရေး ကွန်ယက် တို့  တောင်းဆို ညှိနှိုင်းနေတဲ့ အချက် (၁၁) ချက်ဟာ၊ ပညာရေး ပြုပြင်ပြောင်းလဲမူကြီး တခု ဖြစ်လာဖို့ ၊ အများကြီး ခြုံငုံ ပြည့်စုံစေလိမ့်မည် ဟု ၊ ယူဆ မိသည်။


နောက်ဆုံး သတင်းများ အရ တော့၊ တာဝန်ရှိသူများ ဖက်မှ  ဥပဒေပြု လွှတ်တော်မှာ ၊ ပြန်လည် ပြင်ဆင် ဆွေးနွေးမယ်လို့ ၊ သဘောတူညီမူ ရရှိ ပြီ ဆိုလို့  ၀မ်းသာနေမိသည်။ တပြိုင်နက်တည်းမှာပဲ ၊ လွှတ်တော်ကြီးထဲမှာ ဆွေးနွေး ကြန့်ကြာ နေအုံးမဲ့ အချိန်တွေ အတွင်းမှာ ၊ ကျောင်းသား လူငယ်တွေ ရဲ့ စုစည်းမူ နဲ့ စိတ်အားထက်သန်မူ တွေ ၊ ဖြိုခွဲ ခံ ရ မှာ ကိုလည်း စိုးရိမ် မိပြန်သည်။ ကျောင်းသားသပိတ် ပင်မ စစ်ကြောင်းကြီး ကတော့ ၊ ကျမ တို့ မြို့ထဲကို ၀င်ရောက်လာ ခဲ့ပြီ။ ညီညီညာညာ သေသေသပ်သပ် နဲ့  မြို့ကို တပတ် ပတ် ကြသည်။


သပိတ်မှောက် ကျောင်းသား စာအုပ်ထဲက ဇတ်ကောင်တွေကို ၊ လမ်းပေါ် မှာ မျက်မြင်ကိုယ်တွေ့ လက်ဝှေ့ယမ်းပြမိသည်။ ၀တ္တုစာအုပ်လေးကို၊  ဖတ်လို့ အားမရ နိုင်သေးသလို ၊ အရှေ့ကို ပြန်သွားလိုက် ၊ နောက်ကို ပြန်လှန် လိုက်  လုပ်နေရင်းက ၊ ကြားနေရတဲ့ ကျောင်းသားစစ်ကြောင်းတွေ ရဲ့ နောက်ဆုံး သတင်း တွေက ၊ ပိုလို့ ပင် စိုးရိမ်မကင်း စရာ ဖြစ်လာနေသည်။  အစိုးရ ဖက်က ၊ ပြောသသမျှကို လွယ်လွယ်ကူကူပင် လိုက်လျော ဟန်ပြသည်။ ဒါပေမဲ့ ရန်ကုန်မြို့ ထဲ ကိုတော့ မ၀င်ရ လို့ ၊ အမိန့် ထုတ်သည်။ သမဂ္ဂ ကွက်လပ်ကြီး ဆီ ၊ နောက်တဖန် ချီတက်လာကြ ပြန် တဲ့  ကျောင်းသားတွေ ရဲ့ စုစည်းမူ ကို ၊ လိုလားပုံ မရ ။ အထွေထွေ မကျေနပ်မူတွေ များပြားနေတဲ့ တခြားပြည်သူတွေ ဆီ၊ ပျံ့နှံ့ ကူးစက်သွားမှာကို စိုးရိမ်သည် ဟု ၊ ၀န်ခံ လေသည်။ ကျောင်းသား တွေ ဘာဆက်လုပ် မည်လဲ ။ 


အောင်ပွဲခံ ဖို့ ရန်ကုန်မြို့ ကို  ၀င်လာမယ် ဆိုတဲ့ ကျောင်းသားတွေရဲ့  စကားကို ၊ “သပိတ်မှောက်ကျောင်းသား” ၀တ္တုထဲက ၊ သမဂ္ဂ အမူဆောင် ကျောင်းသားကြီးတွေသာ သိခွင့်ရအုံးမယ် ဆိုရင် ၊ ဘယ်လိုများ ပြောလေ မလဲ ။ ကိုနု တို့  စိုးထွန်း တို့ ကျော်သိန်း တို့က ၊ အောင်မြင်မူ အတိုင်းအတာတခု ရနေပြီ မို့ ၊ ဒီလောက် နဲ့ ကျေနပ်ကြဖို့  တိုက်တွန်းလေ မလား ။ ညိုထွန်း တယောက် က တော့ ၊ စာအုပ်ထဲက ခုန်ထွက်လာပြီး ၊ သပိတ် မလှန် စတမ်း ဆုံးခမ်းတိုင် တိုက်ပွဲ ၀င်ဖို့ ၊ အာဘောင် အာရင်းသန်စွာ ပြောပေ ဟောပေ လိမ့်မည် ။ တိုက်ပွဲ ရှိမှ  အောင်ပွဲ ရှိမယ် ဆိုတဲ့ ၊ လူတချို့ ကတော့ ၊ အောင်ပွဲ ဆက်ဆက်ခံရ မည် လို့ ဆိုပေမည်။ သူနိုင် - ကိုယ်နိုင်  ဘယ်သူမှ မရှုံးစေချင် တဲ့ လူတချို့ က လည်း၊ အောင်ပွဲ ဆိုတာ မသုံးစွဲသင့်တဲ့ စကား လို့ နားချ ပေမည်။ 


ကျမ ကတော့ ပေါင်းတည်မြို့ က ထွက်ခွါ သွားတဲ့  ကျောင်းသားလေးတွေ ရဲ့ ကျော ပြင်ကို ငေးကြည့်ရင်း ၊ လက်ကိုင်ဖုန်းလေးတွေ တကြည့်ကြည့် ၊  နဂို ညိုတဲ့ အသားတွေမှာ နေထပ်လောင် ထားတဲ့  ကျောင်းသားလေးတွေ ဆီမှာ တွေ့ရဦးမဲ့ ၊ အံ့သြစရာ ဆုံးဖြတ် လုပ်ဆောင်ချက် တွေကို သာ၊ ယုံယုံ ကြည်ကြည် စောင့်မျှော် နေမိလေသည်။


မကေသွယ်
၁၅ ဖေဖော်ဝါရီ ၂၀၁၅
Daily Eleven တွင် ဖော်ပြ ပါရှိ





Share/Bookmark

0 Comments: