Who explore the roads

ခုတလော..ဗမာပြည်က..အခြေအနေတွေနဲ့ပတ်သတ်လို့..လူတွေအတော်များများ..စိတ်ဓါတ်တက်ကြွလိုက်...စိတ်ဓါတ်ကျလိုက်..ကျသွားတဲ့စိတ်တွေပြန်ကောက်တင်လိုက်..ဘာလုပ်လို့..ဘာကိုင်ရမှန်းလည်းမသိ..ဘယ်သူ့ကိုဘာလုပ်ခိုင်းရမှန်းလည်းမသိ..မောတောတောကြီးတွေဖြစ်နေကြပါတယ်။ ကိုယ်တော့...ဒီစာလေးကိုဖတ်ပီး..နဲနဲလေးနေလို့ထိုင်လို့ရသွားသလိုမို့..ထပ်ဆင့်ကူးပီးဖော်ပြပါရစေ။
အဟင်း..စာရေးသူကလည်း..တခြားဟုတ်ပါဘူး..ကာတွန်းဆရာမလုပ်ချင်တဲ့ကိုယ့်အမပါပဲ။ အဲဒါနဲ့...သူတို့
ဘလော့ကနေ..အတင်းသွားယူလာပါတယ်။ ကျေးဇူးပါပဲ..မိတေဖိုးရေ...

တောင်ပတ်လမ်းဖောက်ကြသူများ

ကျမခပ်ငယ်ငယ်ကပေါ့... လူကြီး တစ်ယောက်ယောက်ကများ “တိုင်းပြည်ကြီးကတော့ သွားပါပြီကွာ၊ ပြင်လို့လည်းရမှာ မဟုတ်တော့ဘူး”လို့ စိတ်ပျက်လက်ပျက် ငြီးငြူသံကြားရင်၊ သိပ်စိတ်ဆိုးမိပါတယ်။ ရင်ထဲမှာလည်း စိုးရိမ်မိတယ်။“သူကတော့ ကြီးပြီကိုး၊ ငါတို့က ဒီတိုင်းပြည်ထဲမှာ ဆက်ပြီးလူလုပ်ရဦးမှာ” လို့လည်း တွေးပူမိပြန် ပါတယ်။

တဖြည်းဖြည်းနဲ့၊ ကျမလည်း အရွယ်ရောက်လို့၊ လူလတ်ပိုင်း ဖြစ်လာခဲ့ပြီ။ လူကြီးဘ၀ ချဉ်းကပ်လာနေပြီပေါ့။ ကျမထက် ငယ်ရွယ်တဲ့ လူငယ်တွေ ရှေ့မှာ၊ အဲလို မျှော်လင့်ချက်မဲ့တဲ့ စကားမျိုးတွေ၊ ဘယ်တော့မှမပြောမိဖို့၊ သတိထားတယ်။ တကယ်လည်း ကိုယ့်ရင်ထဲမှာ၊ မျှော်လင့်စိတ်မွေးတယ်။“ငါတို့ တိုင်းပြည်ကြီး ပြန်ကောင်းလာရဦးမယ်၊ ငါတို့ တိုင်းသူပြည်သားတွေဟာ၊ ကောင်းမွန်တဲ့ စံနစ်အောက်မှာ၊ သာတူညီမျှ အခွင့်အရေးတွေနဲ့ လူတန်းစေ့နေနိုင်မယ့် အချိန်ကို ရောက်ကို လာရဦးမယ် ” လို့ပေါ့။

(၁၉၈၈) လူထုအုံကြွမှုကြီးမှာ၊ ကျမလည်း ကျောင်းသားအနေနဲ့ ပါဝင်ခဲ့တယ်။ ကျမအဖြစ်ကို ၀န်ခံရရင် . . . (၈) လေးလုံးနေ့က၊ ကျမထက်ကြီးတဲ့ အစ်ကိုတွေ၊ အစ်မတွေက၊ “ဒီမိုကရေစီရေး”လို့ တိုင်ပေးတာကို၊ ဘယ်လို ဆက်အော်ရမှန်းမသိခဲ့ပါဘူး။ ဒီမိုကရေစီဆိုတဲ့ စကားလုံးဟာ၊ ထောက်ခံရမယ့် အရာလား၊ ရှုံ့ချရမယ့် အရာလား ဆိုတာတောင် မသိခဲ့တာအမှန်ပါ။(၁၉၉၀) မှာ ရွေးကောက်ပွဲလုပ်တော့ ကျမအသက် (၁၈) နှစ် မပြည့်လို့၊ မဲမပေးခဲ့ရပါဘူး။ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို လျစ်လျူရှုနေတဲ့ အာဏာသိမ်းစစ်တပ်အစိုးရအပေါ် မကျေနပ်ကြတဲ့ ကျမတို့တွေဟာ၊ တကယ်တော့ . . ပြည်သူ့ဆန္ဒမဲပေးပွဲဆိုတာမှာ၊ တစ်ခါမှ . . . မပါဝင် မဆင်နွဲဘူးတဲ့သူတွေ အများကြီးပါ။စကားလုံးကြီးကြီးကျယ်ကျယ်တွေ ပြောတတ်တဲ့ ကျမသူငယ်ချင်းကို “ဟင်း . . မွေးကတည်းက တစ်ခါမှဖြင့် မဲမပေးဖူးနဲ့” လို့ ကျီစယ်ရင်၊ သူက “အဲတာကြောင့် ပိုစိတ်တိုရတာပေါ့ဟ” လို့ ပြန်ပြောတတ်ပါတယ်။

အချိန်တွေ၊ အတွေ့အကြုံတွေ၊ တော်တော်တန်တန်ရယူ ဖြတ်သန်းပြီးတဲ့ အခုအရွယ်မှာလည်း၊ ကျမရဲ့ မျှော်လင့်ချက်တွေ၊ အယူအဆတွေ အများကြီး ပြောင်းလဲ မသွားခဲ့သေးပါဘူး။ ပိုပြီးခိုင်မာလာသလားလို့ မေးရင်တော့ “ပိုတယ်မပိုဘူးဆိုတာ၊ ဘာနဲ့ နှိုင်းယှဉ်ရမှာလည်း၊ အရင်ကလည်း ဒီလိုပဲမျှော်လင့်တယ်၊ အခုလည်း ဒီလိုပဲမျှော်လင့်တယ်”လို့ ပြန်ဖြေရမှာပါ။တချို့ သူငယ်ချင်းတွေကတော့ ပြောတယ်၊ “အသက်အရွယ်နဲ့ အတွေ့အကြုံအရ၊ မျှော်လင့်ချက်အိပ်မက်တွေဟာ ပြောင်းလဲရမယ် ” တဲ့ “ ဒါ ရင့်ကျက်လာတယ်လို့ ခေါ်တယ် ”တဲ့၊ ဒါဆို ကျမက မရင့်ကျက်သေးဘူးပေါ့။ မရင့်ကျက်ရင်လည်း ရှိပါစေတော့။ လူဆိုတာ မျှော်လင့်ချက်တွေနဲ့ပဲ အသက်ရှင်နိုင်တာမို့၊ ကျမတန်ဘိုးထားတဲ့ ယုံကြည်မျှော်လင့်ချက်တွေကို မပြောင်းလဲပါရစေနဲ့။

ကလေးဘ၀တုန်းက၊ ရွှေသွေးဂျာနယ်ထဲမှာ ဖတ်ခဲ့ဖူးတဲ့ ရုပ်ပြပုံပြင်လေး တစ်ခုကို မှတ်မိနေတယ်။ အဖိုးအိုတစ်ယောက်က၊ တောင်အမြင့်ကြီး တစ်ခုကို ကျော်ဖြတ်နိုင်ဖို့၊ တောင်ပတ်လမ်းတစ်ခု ဖေါက်နေတော့၊ သူ့မြေးလေးက ကူညီရင်းမေးတယ်။‘အဖိုးရယ် . . အဖိုးမသေခင် ဒီလမ်းက ပြီးပါ့မလား’တဲ့၊ အဖိုးက ပြန်ဖြေတယ် ‘တို့တွေ ဒီတောင်ကြီးကို ကျော်ချင်တယ် မဟုတ်လား၊ ဒါဆိုရင် အဖိုးလက်ထက်မှာ မပြီးလည်း၊ မြေးလက်ထက်မှာ ဆက်ဖောက်ပေါ့ကွာ၊ မြေးလက်ထက်မှာ မပြီးခဲ့သေးရင်လည်း၊ မြေးရဲ့မြေးတွေ ဆက်ဖေါက်ကြ ပစေပေါ့ ’ တဲ့။

(၂၀၀၄) ခုနှစ် သြဂုတ်လ၊ (၁၄) ရက်နဲ့ (၁၅) ရက်နေ့တွေမှာ၊ ကျမတို့ မြန်မာပြည်သားတွေ၊ ဂုဏ်ယူရတဲ့ အဖိုးတန်စာဆိုနှစ်ဦးကို ဆုံးရှုံးခဲ့ရတယ်။ သြဂုတ်လ (၁၄) ရက်၊ စနေနေ့မှာ ပြည်သူချစ်တဲ့ သီချင်းရေးဆရာ၊ ကဗျာဆရာ၊ အဆိုတော်ထူးအိမ်သင် (၄၂) နှစ်ဟာ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားခဲ့သလို၊ သြဂုတ်လ (၁၅) ရက်၊ တနင်္ဂတွေနေ့မှာ ခေတ်အဆက်ဆက် ပြည်သူလေးစားခဲ့တဲ့ ပညာရှင်ကဗျာဆရာကြီး ဆရာမင်းသုဝဏ်၊ အသက် (၉၆) နှစ်ဟာ၊ လူကြီးရောဂါနဲ့ ဘ၀တစ်ပါးပြောင်းသွားခဲ့ပါတယ်။ဆရာကြီး မင်းသု
ဝဏ်နဲ့ အဆိုတော်ထူးအိမ်သင်တို့ အတွက်၊ အမှတ်တရဂုဏ်ပြုမှုတွေ၊ လွမ်းဆွတ်တသမှုတွေနဲ့ သူတို့ရဲ့ အတ္ထုပ္ပတ္တိတွေကို ဖတ်ရကြားရပါတယ်။ သူတို့နှစ်ယောက်အကြောင်း နှိုင်းယှဉ်ခံစားမိတော့ . . .ဆရာကြီးမင်းသုဝဏ်ဟာ၊ အသက်ရှေခဲ့တဲ့ အလျောက်၊ ခေတ်ပေါင်းများစွာကို၊ မပြောင်းလဲတဲ့ ယုံကြည်ချက်တွေနဲ့ ဖြတ်သန်းခဲ့တယ်။ တိုင်းပြည်လွတ်လပ်ရေးကစလို့၊ ဒီမိုကရေစီရေးအထိ ပါဝင် ဆောင်ရွက်ခဲ့တယ်။ သူ့တိုင်းပြည်၊ သူ့လူမျိုးအတွက် နောက်ဆုံးအချိန်အထိ တာဝန်ကျေခဲ့ပါတယ်။ ထူးအိမ်သင်ဟာလည်း၊ သူအသက်ရှင်ခွင့်ရတဲ့ အချိန်လေးထဲမှာပဲ၊ သူဖြတ်သန်းခဲ့ရတဲ့ ခေတ်သမိုင်းရဲ့တာဝန်ကိုကျေခဲ့တယ်။ သူ့ရဲ့ယုံကြည်ချက် အမှန်တရားတွေကို ဘာနဲ့မှ ပြောင်းလဲမပြစ်ခဲ့ပါဘူး။ ‘ကျနော်ဟာ မိုက်မိုက်မဲမဲ ရိုးသားနေဆဲ’လို့ ဖွင့်ဟ၀န်ခံခဲ့ပါတယ်။သူတို့ နှစ်ယောက်ဟာ၊ တောင်ပတ်လမ်းအတူ ဖေါက်ခဲ့ကြတဲ့ အဖိုးနဲ့ မြေးတို့ပါ။

အဖိုးရော မြေးရော၊ တောင်ရဲ့တဖက်ကို မရောက်သေးခင်၊ သေသွားခဲ့ကြပေမဲ့ ဒီတောင်ကြီးကို ကျော်ချင်တဲ့ စိတ်ရှိသူတွေ ရှိနေသရွေ့ လမ်းဆက်ဖေါက်ကြဦးမှာပါ။ မြေးရဲ့ မြေးတွေက ဆက်ဖေါက်ကြဦးမှာပါ။ မြေးတို့ လက်ထက်မှာ စိတ်တူကိုယ်တူညီညွတ် ကြလို့ တောင်တဖက်ထိ လမ်းပေါက်ခဲ့ရင်လည်း၊ ဟိုဘက်မှာ တောင်ဘယ်နှစ်လုံး ဆက်တွေ့ရဦးမလဲ မသိနိုင်ပါဘူး။လမ်းဖေါက်ဖို့လိုတဲ့ တောင်တွေလား၊ သဘာဝအရ ထိမ်းသိမ်းထားသင့်တဲ့ တောင်တွေလားဆိုတာလည်း တွေ့မှပဲ ဆုံးဖြတ်နိုင်မှာပါ။အဖိုးသာ ရှိဦးမယ်ဆိုရင်တော့ ‘အေးလေကွာ . . အဖိုးလည်း ဒီနေရာ ရောက်အောင်၊ တခြားတောင်တွေကို ဖြတ်လာခဲ့ရတာပဲ။ အရေးကြီးတာက လမ်းဆက်လျှောက်ချင်စိတ် ရှိနေဖို့နဲ့ လမ်းမမှားကြဖို့ ကြိုးစားကြပေါ့ ’ လို့ ပြောမယ်ထင်ပါရဲ့နော်။

(Burma Post သတင်းစာ၊ ၂၀၀၆ ခုနှစ်/ သြဂုတ်လ တွင် နှစ်နှစ်ပြည့်အတွက် ဖော်ပြခဲ့ပြီးဖြစ်သည်။)

By courtesy of http://mrbalance.blogspot.com/



Share/Bookmark

7 Comments:

Ma Yangon Thu said...

မကေ..
ပို့စ်အသစ်တွေ အကုန်ဖတ်သွားတယ် အမရေ.. ဒီပို့စ်ရဲ့ နောက်ဆုံးစာပိုဒ်လေးကို ပိုကြိုက်တယ်။

Thet Oo said...

ကေ့ စာတွေကို အိုင်အီးမှာ သွားပြောင်းဖတ်မှ အဆင်ပြေတယ်။

Unknown said...

မမကေ.
မမကေရဲ့ အစ်မမိတေဖိုးရေးထားတဲ့ ဒီစာလေးကိုဖတ်ပြီး မောင်ပေစိ ဆက်တွေးနေမိတယ်။

‘တို့တွေ ဒီတောင်ကြီးကို ကျော်ချင်တယ် မဟုတ်လား၊

ပုံပြင်လေးထဲက ဒီစာသားအရဆိုရင် အဖိုးဟာ ဒီလမ်းဖေါက်တာဟာ အဖိုးတယောက်ထဲအတွက် အဖိုးမိသားတစုထဲအတွက်သာ မဟုတ်လောက်ဘူးနော်။ အဖိုးတို့မိသားစု အပါအ၀င် နေထိုင်ကြတဲ့ ရွာလေးတရွာက ရွာသူရွာသားတွေ အားလုံးအတွက်ပါ ဖြစ်နိုင်ပါတယ်။ အဲဒီအတိုင်းသာဆိုရင်...

တချို့ရွာသားတွေက ပေါက်တူး ပေါက်ချွန်းကိုင်ပြီး အဖိုးတို့နဲ့အတူ ကိုယ်တိုင်ဝင်ဖေါက်.
တချို့ရွာသားတွေက ထွက်လာတဲ့ မြေကြီးတွေ သယ်ပေး.
တချို့ရွာသားတွေက အဖိုးတို့မောရင် သောက်ဖို့ ရေနွေးတည်.
တချို့ရွာသားတွေက အဖိုးတို့စားဖို့ ထမင်း ဟင်းတည်.
တချို့ရွာသားတွေက ရွာမှာကျန်ခဲ့တဲ့ ကလေးတွေ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်...
ဆိုရင်အဖိုးမျှော်မှန်းတဲ့ တရွာလုံးအတွက် လမ်းလေး မြန်မြန်ပေါက်ပြီပေါ့နော်..အော် အဲဒီရွာလေးက ပုံမှန်အေးချမ်းနေတာ မဟုတ်ဘဲ ရောဂါဘယတွေ ဘေးဒုက္ခတွေအပြည့်နဲ့ ရွာပျက်ခါနီးနေပြီလား မသိ..

လမ်းဖေါက်သူများကို လေးစားနေတဲ့.
မောင်ပေစိ ( Pea Ce )

kay said...

ကိုပေစိရေ.. တူညီသော ခံစားချက်ရှည်ကြီးအတွက် ကျေးဇူးပါ။ ရေမြေရာသီဥတုကြောင့် ရွာပျက်ရင်တော့ ရွာပြောင်းရတာပဲနော်။ သူကြီးကြောင့် ရွာပျက်ရင်တော့ ဘာလုပ်ရင်ကောင်းမလဲ။ သူကြီးအသစ်ပြောင်းရမှာပေါ့။ ရွာသားတွေကိုက ဆိုးတာဆိုရင်တော့ ရွာဦးဘုန်းကြီးကို ပြေးလျှောက်ပီး ဆုံးမခိုင်းရမှာပဲ။ ရွာထိပ်ကျောင်းက ဆရာလေးလဲ ကူညီနိုင်မယ်ထင်ပါရဲ့။ ကျေးရွာစာကြည့်တိုက်ကလေးလဲ အသိဥဏ်ပွင့်လင်းလိမ္မာမဲ့..စာအုပ်ကလေးတွေတင်ရမယ်ပေါ့။ အင်း..ဘာထပ်လုပ်ရဦးမလဲ။ ဟူး...အများကြီးကျန်သေးတယ်..ဆက်လုပ်ကြဦးမယ်။

TharPhyu said...

ဒီပို့စ်ကို အရင်တစ်ခါ မကေညွှန်းတုန်းကရင်း ကော့မက်ပေးချင်နေတာကြာပြီဗျ..။
သိပ်ပြီး စိတ်မပူကြပါနဲ့..။
ခုခေတ်က ခိုင်မာလှပါပြီ ဆိုတဲ့ဟာတွေတောင် တ၀ုန်းဝုန်း ပြိုကျနေတဲ့ခေတ်ပါ..။
နိတ်စများရဲ့ အနိတ်စတဲ့..။
ဘီလ်ဂိတ်တောင် နံပါတ်တစ်နေရာကနေ ကျသွားပြီလေ..။
တောင်ကြီးကို ဘူဒိုဇာတွေ၊ ဒိုင်းနမိုက်တွေ၊ စိန်သွားတွေပါတဲ့ လွန်တွေနဲ့ ဖောက်မှာပေါ့..။
ပင်လယ်အောက်ကနေတောင် လှိုဏ်ခေါင်းဖောက်လို့ရတယ်..။
အဲ... မြေပုပ် မြေသိုးတွေနဲ့ ပွနေရင်တော့.. ဖောက်ရတာ လွယ်လွယ်လေးနော့..။
မကြာတော့ပါဘူး..။ သေချာပါတယ်.. မကြာတော့ဘူးဗျ...။


သားဖြူ (မိုးကုတ်မီဒီယာ)

little brook said...

အမရေ တောင်ပတ်လမ်းကြီးကောင်းကောင်းပေါက်သွားပြီဆိုရင်
မျိုးဆက် ၂ဆက်လောက်ကို ကွန်မြူနစ်တွေဖွင့်တဲ့ ပြန်လည်ပြင်ဆင်ရေးစခန်းလိုနေရာ ပို့ပြီးပြင်ပစ်မှ
နောက်တက်လာမယ့် လူငယ်လေးတွေကို ပညာကောင်းကောင်းသင်ပေးမှ ကျွန်တော့်လို အီးယောင်ဝါးမဖြစ်မှာ အီးယောင်ဝါးတွေ အများကြီး..
း)

Unknown said...

ကျေးဇူးပါ အစ်မ