ဗမာစာ သည် ဒို့စာ

ကိုယောဟန်အောင်၏ ဖခင်တယောက် ဒုက္ခ နှင့် ကိုအောင်သာငယ်၏ ဖခင်တိုင်းရဲ့ဒုက္ခ စာ များ ကို ဖတ်ပြီး သကာလ ..ပြီးခဲ့သော၂နှစ်ခန့်က သံလွင် အိမ်မက် မှာ ရေးခဲ့သော စာစီစာကုံး လေး တခု အား ပြန်လည် ဝေမျှ ပါသည်။

ဗမာစာ သည် ဒို့စာ


တနင်္ဂနွေ နေ့ကလေး တနေ့သည် တောက်ပတဲ့ နေရောင် ခြည်တွေ တပွေ့တပိုက်နှင့် သွက်သွက် လက်လက် ရှိနေသည်။ တိုက်တိုက် ဆိုင်ဆိုင် သီတင်းကျွှတ် လပြည့်နေ့ကလည်း ဖြစ်လို့နေပြန်။

ဗုဒ္ဓဘာသာ မြန်မာ လူမျိုး တို့ရဲ့ ထုံးစံအတိုင်း နေ့ကြီး ရက်ကြီးမှာ ဘုန်းကြီး ကျောင်းဝင်းထဲ.. ဥပုပ် သီတင်း ဆောက်တဲ့ သူတွေ ဆွမ်းပန်း ရေချမ်း ကပ်ကြ သူတွေနှင့် အတော်လေး စည်ကား နေသည်မှာ ပုံမှန် အားဖြင့်တော့ ဘာမှ မထူးခြားပါ။
သို့သော် အမိ မြန်မာပြည်နှင့် အတော်လေး ဝေးကွာ လှသော လေယဉ် နှစ်ဆင့် စီး၍ ပင် လာရသော ၀င်ရောက် ခွင့်ရရန် လည်း သိပ် မလွယ်ကူ လှသော သြစတြေလျ နိုင်ငံ၏ မြို့တော် ဆစ်ဒနီ ဖြစ်နေ ခြင်းသည် စဉ်းစားစရာ တွေနှင့် ပြည့်နှက် နေစေ တော့သည်။


--------------------------------

လိုအင် ဆန္ဒ အမျိုးမျိုး အတွက် အဓိဠန် ဆုတောင်းဖို့သော်လည်းကောင်း မိတ်ဆွေ အပေါင်းအသင်း များနှင့် တွေ့ဆုံရန် သော်လည်းကောင်း ရိုးရာ ဘာသာ ယဉ်ကျေးမူနှင့် အစဉ် မပျက်ရန် အလို့ငှာ လည်းကောင်း ကားကြီး ကားငယ် ကားစုတ် ကားလတ် အသွယ်သွယ် နှင့် ၀င်ထွက် နေကြသော မြန်မာ လူမျိုးများ ထဲတွင် ကျွန်မ ကတော့ ဘယ်အထဲမှ မပါပဲ သူငယ်ချင်းက ဆစ်ဒနီ ရောက်တုံး ရောက်ခိုက် လိုက်ခဲ့ပါ ဆိုလို့သာ ယောင်ချာချာနဲ့ပါလာခဲ့တာ...။ သူငယ်ချင်း လုပ်သူက မပြီးနိုင် မစီးနိုင် ၀တ်ပြု ဆုတောင်း တုံးမို့ ဟိုနား သည်နား အသိ မိတ်ဆွေ လေးများ မတော်တဆ တွေ့မလားလို့ လျှောက်ကြည့် နေမိသည်။

ဟောဟို ခြံထောင့်က သစ်ပင် အောက်မှာ ကလေး တအုပ် ရယ်မော ဆော့လှောင် နေလိုက် ကြတာ....

သြော်... မြန်မာ လူမျိုး တွေလဲနော် တပြည် တရွာ ရွှေ့ပြောင်း လာလိုက် ကြတာ မျိုးဆက်သစ် အမြစ် အညောင့် လေးတွေ နှင့် တော်တော်ပင် အခြေကျ အမြစ်တွယ် လာပါ ပကောလား....

ခံစားချက် တခုက ရှည်လက်စ အတွေးနဲ့ ရောထွေး သွားကာ ကလေးတွေ နားကို ကပ် သွားမိသည်။ ဘယ်လို နူတ်ဆက်ရင် ကောင်းမလဲ ... ဗမာလို ပြောရင် သူတို့ နားလည် ပါ့မလား...

ဟယ်လို...လို့ပဲ သိမ်းကျူံး ရောနှော လိုက်ရင်း ပြုံးပြုံးလေး ကြည့်နေတဲ့ နှစ်လိုဘွယ်ရာ လေး ငါး ခြောက် နှစ်ခန့်အရွယ် ကလေးမလေး တယောက်ကို လက်ကမ်းလိုက်သည်။

“မင်္ဂလာပါ ရှင့်”
အလဲ့...ပီပီ သသ ထွက်လာသော ဗမာ သံလေးက မျက်ခုံး အစုံကို မြင့်တက် သွားစေသည်။
“သမီး နံမယ်ဘယ်လိုခေါ်လဲ...”
“မပန်းစုအောင်”

ပြောနေရင်း ဆိုနေရင်း ကလေးမလေး ရဲ့ အကြည့်တွေ တနေရာဆီ ရောက် သွားကာ ဖေဖေ လို့ အော်ခေါ် လိုက်တော့...

“ဟယ် ကိုစိုးအောင် ကြည့်စမ်း ဒါ သမီးလေး လား စကားတတ် လိုက်တာဟယ် ...ကိုစိုးအောင်တို့ ဒီ ရောက်နေတယ် ဆိုတာတော့ ကြားတယ်... အေးလေဟယ် ဘာမှ သိပ် မပြောင်းလဲဘူးနော်”

“အေးလေ နင်လဲ ရုပ် သိပ်မပြောင်းသွားပါဘူး ...ဒါလေးက ငါ့ရဲ့ ရှားရှားပါးပါး တယောက်ထဲ သမီးလေး.... ဒီမှာပဲ မွေးတာ... ဟောဒါ ငါ့အမျိုးသမီး”
သူ့အမျိုးသမီးက နောက်နား မလှမ်းမကမ်းမှာ ပြုံးရင်း နှုတ်ဆက်သည်။

“ငါတို့မတွေ့တာ.. ၁၀နှစ် လောက် တောင်ရှိပီပဲ ... နင် ထွက်လာတာလဲ ငါကြားတယ် .. အေးလေ ...စကား အေးအေး ဆေးဆေး ပြောချင် တယ်ဟာ.. ခု သွားစရာ ရှိနေလို့....ဒီလိုလုပ် မနက်ဖြန် ငါ အလုပ်နားတယ် ငါတို့အိမ်လိုက်လည်.. ငါ လာခေါ်မယ်”


----------------------

ကိုစိုးအောင်တို့ အိမ်ရှေ့ ခန်းမှာ မုန့်ဟင်းခါးနံ့ သင်းပျံ့နေသည်။ တခြား မြန်မာမိသားစု တစု လည်းပါသည်။
ဓါတ်တူ နံတူတွေ ဆုံတဲ့ ၀ိုင်းမို့ ထုံးစံ အတိုင်း .. မရိုးနိုင်တဲ့ ခေါင်းစဉ် အောက်မှာ။ ရောက်တတ်ရာရာ ဗမာသီတင်း အတိုအထွာ တွေအပြည့်နှင့် ...။ ကောလဟာရ လေးတွေ ကလည်း မပါလို့ မဖြစ်ပေ။
ခပ်တိုးတိုး ဖွင့်ထားတဲ့ သီချင်းသံက စကားသံတွေ ကြားထဲမှာ... ကြားတချက် မကြားတချက်..။ ခိုင်ထူး သီချင်းတွေ မီမီဝင်းဖေ ပြန်ဆို ထားတာ ထင်သည်။

“ ဒီ ပြန်ဆို တေးမျိုး ကျတော့လဲ ကောင်းသားပဲ...ယောက်ကျားစတိုင် တမျိုး မိန်းမ စတိုင် တမျိုး...ဒါပေမဲ့တော့လေ တချို့ ခုခောတ်သီချင်း တွေက တော့လဲ ဘယ်လိုမှ အားနာပါးနာ ချီးကျူးလို့ကို မရတာ--´´

ကိုစိုးအောင်ကပြုံးလိုက်ရင်း---
“ အေး... အဲတာ ခေတ်ရဲ့ ကွာဟချက်ပေါ့ ဟာ... ငါတို့ခေတ်ရဲ့ ရင်ခုန်သံနဲ့.. သူတို့ခေတ် ရင်ခုန်သံ ဘယ်တူတော့မလဲ ”

“ မဟုတ်ဘူးနော်.. တချို့သီချင်းတွေက တကယ်ကို ခြေခြေ မြစ်မြစ် မရှိတာ သူငယ်ချင်း အချင်းချင်း နံမယ်တွေကို သီချင်း လုပ်ဆို သူတို့ တနေ့နေ့ ဘာလုပ်တယ်ဆိုတာမျိုး သီချင်းထဲမှာဆို... တချို့ဟာလေး တွေတော့ ကောင်းပါတယ်.. ခေတ်ရဲ့ ပေါက်ကွဲစရာ ခံစားချက် ကလေးတွေ...ဟို ..အခု အင်တာနက်မှာ နံမယ်ကြီး နေတဲ့ MFG အဖွဲ့လို ခေတ်ရဲ့ လိုအပ် ချက်ကို ထင်ဟပ်တဲ့ ဟာမျိုးလေး တွေဆို တကယ်ချီူးကျူးပါတယ်...။ ခုတော့ ABCD ကိုသီချင်းလုပ်ဆိုတဲ့သူနဲ့.... ကကြီး ခခွေး ဂငယ် ဂကြီး င ...ဆိုပီး သီချင်းစပ်တဲ့သူနဲ့ ဟုတ်နေတာပဲ ”

“ ဆင်ဆာ ဥပဒေ ကလဲ ဆိုးလွန်းတော့ အနုပညာ အနှစ်သာရ ကင်းမဲ့မူတွေ ဖောင်းပွ နေတာ ပေါ့ဟာ..အမယ်... နင် ကကြီး ခခွေး သီချင်းကို အပြစ်မတင်နဲ့နော်... ဒီ သီချင်းမျိုး ကမှ တကယ့် ခောတ်ရဲ့ လိုအပ်ချက် --တေးရေးဆရာက ရည်ရွယ် ချက်ရှိရှိ နဲ့ ရေးထား တာနေမှာ... ခု နောက်ပိုင်း ရန်ကုန်က အထက်တန်းလွှာ လို့ခေါ်နေတဲ့ ပိုက်ဆံရှိ လူတန်း စားတွေ က သားသမီး တွေကို ငယ်ငယ်လေးထဲက International School တို့ Diplomatic Schoool တို့ YIEC တို့လို သူဌေး ကျောင်းတွေမှာပို့ပြီး အင်္ဂလိပ်စကား ကို နိုင်ငံခြားသားနဲ့အပြိုင် ပြောနိုင်အောင် ဘိုဆန်ဆန် လေးတွေ မဖြစ်ဖြစ် အောင် ကြိုးစားနေတဲ့ ခေတ်ကြီးမှာ ဗမာပြည် ပေါ် တဲ့တဲ့မှာ ထိုင်ပီး ဗမာစာ မတတ်တဲ့ ကကြီး ခခွေး မရေးနိုင်တဲ့ လူတန်းစား အသစ်တမျိုး ရှိလာနေပီနော်...”

စကားဝိုင်းသည် နိုင်ငံရေး-- အဲဒီကနေ ဂီတအနုပညာ-- ဟော မြန်မာစာအကြောင်း ရောက်လာပြန်သည်။

“ ဟောဒီမှာ... ငါ့သမီးလေးကိုကြည့်-- သမီး ဆိုပြလိုက်စမ်း ကကြီးခခွေး-- အဲဒီ အန်တီ တွေတောင် မရတော့ဘူး”

သူ့အဖေရဲ့ ဗိုက်ပေါ်မှာ အကျသား ခွထိုင်နေတဲ့ သမီးလေး ပန်းစုအောင် တယောက် ရှက်ကိုး ရှက်ကန်းလေး နှင့် သူ့အဖေရဲ့ ရင်ဘတ်ပေါ် လက်ချောင်း ကလေး ထောက်ရင်း--

“ ကကြီး --- ခခွေး ---”

အော်ဟော-- သူ့အဖေ ၀တ်ထားတဲ့ တီရှပ်မှာက.. ကကြီးခခွေး သင်ပုန်းကြီးကွက် ဒီဇိုင်းနဲ့ကိုး...။
ရင်ဘတ်ကို ကျောက်သင်ပုန်း လုပ် စာသင်နေတဲ့ ကိုစိုးအောင်ရဲ့ မြန်မာစာ သင်တန်း ကို အားလုံး သဘောကျ ကာပြုံးမိ ကြသည်။


“ငါတို့လို အပြင် ရောက်နေ ကြတဲ့ ဗမာတွေ အနေနဲ့ ကိုယ့် ကလေးကို ဗမာစာ တတ်အောင်သင်ဖို့ဆိုတာ လွယ်တော့ မလွယ်ဘူးဟ-- ဒါပေမဲ့လဲ ကို့စာ ကို့စကားလေး တွေကို မျိုးဆက် ပျက်မသွားအောင် တတ်နိုင် သလောက်တော့ လက်ဆင့် ကမ်းတာပဲဟာ--တောင်ပြိုတာ ကို လက်နဲ့ကာတာတော့ မဟုတ်ပါဘူး ...ဒါပေမဲ့... ငါ့ကလေးက ဗမာစကား မတတ်ဘူး ဆိုရင်တော့ ငါဝမ်းနည်းမိမှာ.. ဒါအရိုးအရှင်းဆုံးငါ့ဆန္ဒ--”

ကိုစိုးအောင် အမျိုးသမီး ကတော့ ...ထောက်ခံတာလား မကျေနပ် တာလား မသိ--

“ ကလေး နံမယ် မှည့်တုံး ကလဲ သူပဲလေ... ငါ့ကလေး ကို ဗမာ နံမည် စစ်စစ်ပဲ မှည့်မယ်တဲ့.. တနေ့.. ငါ့သမီးလေး ထူးထူး ချွန်ချွန် ဖြစ်လာခဲ့ရင် ဗမာနံမယ်နဲ့ဗမာမလေး ဖြစ်ရမယ် တဲ့လေ.. အဖေ ကတော့ ခပ် ကဲကဲပဲ”

“ဟုတ်တယ် လေကွာ-- နိုင်ငံခြား သား ခေါ်ရတာ ခက်မှာစိုးလို့ ဆိုတဲ့ အကြောင်း ပြချက် လောက်နဲ့တော့ လုံလောက် မလား-- သူတို့ဘိုနံမယ် တွေလဲ ငါတို့ပီအောင် ခေါ်တာပဲ ငါတို့နံမယ်လဲ ပီသလောက် ခေါ်ကြ ပေါ့ကွာ.. အခု..ဒေါ်စုကို ခေါ် တယ် အောင်ဆန်စူးချီ တဲ့ ဘာဖြစ်လဲ ရတာပဲ ”

သူ့ရဲ့ အယူအဆ တွေကို ရဲရဲတင်းတင်း ပြောနေတဲ့ ကိုစိုးအောင်ကို ကြည့်ရင်း-- ပြည်ပရောက် မြန်မာ လူမျိုး တယောက် ဖြစ်နေတဲ့ ကျွန်မ ကိုယ်တိုင်ရဲ့ ခေါင်းထဲကို တွေးစရာတွေ ထပ်ကာ ထပ်ကာ သာ ၀င်လာခဲ့တာ စကားဝိုင်းပီး လို့ တည်းခို အိမ်ကို ပြန်ရာ လမ်းတလျှေက် လုံးထိ။
အင်း... အခုအထိပါပဲ။



--------------------------


ဆစ်ဒနီ က ထွက်လာတုံး ကတော့ မနက်လင်းအားကြီးမို့ အိပ်မှုံ စုံမွှား။ လေဆိပ် ရောက်အောင် လိုက်ပို့သော သူငယ်ချင်း ကိုပင် အားနာ နေမိသည်။
ခုတော့ လေယဉ် ပေါ်မှာ တရေး ရပီးပီမို့ကြည်ကြည်လင်လင် နှင့်ပင် တောက်ပ နေသော မနက်ခင်း ရင့်ရင့် တခုကို လေယဉ် ပြတင်းမှ တဆင့် ခံစား နေမိသည်။ ပါ့သ်ကို ရောက်ကာ နီးပီပဲ-- မြေပြင်ကို မြင် နေရပီ။

အပေါ်စီးမှ မြင်နေ ရသော သြစတြေလျ တိုက် အနောက် ခြမ်းသည် နီရောင်သန်းကာ ညိုတကွက် ၀ါတကွက် နှင့်မို့ အပူရောင် ဆန်သလိုလို--ရန်ကုန် လေဆိပ် ဆင်းကာ နီးတိုင်း တမျှော် တခေါ် မြင်ရလေ့ ရှိတဲ့ မိုးရေ ဗြုတ်စပ်နဲ့ လယ် ကွင်း စိမ်းစိမ်း တွေကို လွမ်းမိ လိုက်သည်။


ဘယ်အရာ ကိုမဆို မြန်မာပြည် နဲ့ယှဉ် ပြီး မြင်တတ် ကြည့်တတ် တာ တကယ်ပင် အကျင့်တခု ဖြစ်လို့နေသည်။ ယုတ်စွ အဆုံး သူများ နိုင်ငံ သူများ လူမျိုးတွေ လူ့အခွင့်အရေး တွေကို ပြည့်ပြည့် ၀၀ ခံစားရင်း လူချင်း တူတူ သူချင်းမျှမျှ နေထိုင် သွားလာ လှုပ်ရှား နေကြတာကို မြင်နေ ကြားနေ ခံစား နေရင်းကကို မုဒိတာ တရား မပွါးများ နိုင်အောင် ဖြစ်ရတာက “အော် ငါတို့တိုင်းပြည် ငါတို့လူမျိုးမတော့--” ဆိုတဲ့ စိတ်ဆန္ဒ တနင့် တပိုး ကြီး ပါပဲ...။

ဘယ် အချိန် ဘယ်နေရာ ပဲ ရောက်ရောက်.... လွမ်း လိုက်ရတဲ့ ကိုယ့် နိုင်ငံ---
နီယွန် မီးရောင် မြူးမြူး သွက်သွက်နဲ့ နိုင်ငံစုံစုံ ည အလှ စုံစုံတို့ ဘယ်လောက်ပင် ယဉ်ပါးလှပီ ဖြစ်ပေမင့် ငယ်စဉ် ဘ၀ တွေက တခမ်း တနား ဖြစ်ခဲ့ရတဲ့ သီတင်းကျွတ် ဖယောင်းတိုင် မီးထွန်းပွဲ ကလေးများ ကိုသာ မြင်ယောင် မိသည်။

တနှစ်တခါ ဧပြီလ ရောက်တိုင်း သင်္ကြန် သီချင်းလေး တွေကို ကွန်ပြူတာ အင်တာနက် က မရအရ ရှာဖွေ နားဆင် ရတဲ့နှစ် တွေ.... ကြုံ ကြိုက်လို့များ မြန်မာ လူမျိုး တွေ စုပြီး ကျင်းပတဲ့ သင်္ကြန်ရိုးရာ ပွဲလေး တွေများ ရောက်ရင် တူးပို့တူးပို့ဆိုတဲ့ သင်္ကြန် ဒိုးသံ လေးဟာ ခန္ဓာကိုယ်ထဲ က အကြောမျှင် လေး တခုစီ တိုင်းထိ တိုးဝင်မြူးကြွ လာ လိုက်တာ—-ပြီးတော့လဲ... ဘာကို လွမ်းရမှန်း မသိ ရင်ထဲမှာ ဟာတာတာ....။

အေးလေ... တကယ်တော့ ကျွန်မတို့လို ကိုစိုးအောင်တို့လို တခြား တခြား သော မြောက်များ လှစွာသော မြန်မာ လူမျိုး များလို ကိုယ့် တိုင်းပြည် ကိုယ့် ဘာသာ စကားနဲ့ ကိုယ့်လူမျိုး သားချင်း တွေကို မမေ့နိုင် မဖျက်နိုင် ဖြစ်နေ ကြရတာ ကလည်း-- ဒီမိုး ဒီရေ ဒီလူ တွေကို ချစ်လျက်နဲ့ ခွဲခွာခဲ့ ကြတဲ့ သူတွေ .. ဒါမှမဟုတ် ကွဲကွာ နေကြတဲ့ သူတွေ မို့ပဲပေါ့..။

ဘာကြောင့် ခွဲခွာ ခဲ့တယ် ... ဘယ်လို ကွဲကွာ ခဲ့တယ် ဆိုတဲ့ အကြောင်း ပြချက် အမျိုးမျူိး ကို အသာ ထားလို့... ဘာပဲ ဖြစ်ဖြစ် ကျွန်မတို့ အားလုံး ၂၁ ရာစုရဲ့ နယ်ခြားမဲ့ကမ္ဘာ ကြီး ပေါ်မှာ... ကမ္ဘာ လုံး ဆိုင်ရာ ဘာသာ စကား ကိုအသုံးပြုပြီး..ကမ္ဘာလုံး ဆိုင်ရာ သဘော တရား တွေကို လေ့လာ ဆွေးနွေး အဖြေရှာ နေနိုင်ကြပီ ဆိုရင်တော့ မဆိုးလှပါ။

တကယ့် တကယ်မှာ ကြတော့လည်း Globalization ကြီးက ဘယ်လောက်ပဲ ကမ္ဘာကြီး ကို ရွာလေး တခုလို ပေါင်းစည်း ပြစ်လိုက် နိုင်ပါစေ-- လူ့အခွင့်ရေး.. သာတူညီမျှ နေနိုင်ရေး.. အသား အရောင် မခွဲခြားရေး ... ဘာသာ ကိုးကွယ် ယုံကြည်မူခြင်း အပြန် အလှန် လေးစားရေး-- ဟိုအရေး ဒီအရေး ..များပြား လှတဲ့ အရေး တွေထဲ မှာပဲ...
သဘာဝ နိယာမ အတိုင်း ပင်လယ်သမုဒ္ဒရာ ကြီးထဲက ငါးလေး တွေ အုပ်စု ဖွဲ့ နေကြသလို မျိုး ကျွန်မတို့ လူသား တွေလဲ ကိုယ့်အစု အဖွဲ့ ကိုယ့် လူမျိုး နဲ့ကို ၀ိုင်းကြ ၀န်းကြ ရိုင်းကြ ပင်းကြ ရှိနေ သေးတာပင် ၀မ်းသာစရာ။

ဖြစ်နိုင်မယ် ဆိုရင်တော့ ကိုယ်မွေးဖွား ကြီးပြင်းရာ နေရာ ဒေသမှာ ကိုယ့် လူမျိုး ကိုယ့် ဆွေမျိုး သားချင်း တွေကြားထဲမှာ ကိုယ့်ဘာသာ စကားကို အားရ ပါးရ ပြောပီး လူလူ သူသူ ပိုင်ပိုင် နိုင်နိုင် နေနိုင်ကြမည် ဆိုရင်ဖြင့် အဘယ်သူမကြိုက် ရှိပါ မလဲလေ...။

ကျွန်မတို့ ကသာ ခြေတဖက် က မြန်မာပြည် ပေါ်မှာ ကျန်နေ ရစ်ပေမဲ့ ကျွန်မတို့က မွေးဖွား ဆင်းသက် လာမဲ့ ဒုတိယ မျိုးဆက် မိတ်အင် နိုင်ငံခြား လေး တွေ ကကော---
သူတို့လေး တွေ အတွက်တော့ ... ဗမာပြည် ဗမာစကားနဲ့ ဗမာ့ ယဉ်ကျေးမူ ဆိုတာတွေကို ဓါတ်ပုံ တွေထဲမှာပဲ သိမ်းထား နိုင်တော့ မယ်ထင်ပါရဲ့..။

ကိုစိုးအောင် တယောက် ကော.... သမီးလေးကို ဗမာဆန်ဆန် ဗမာမလေး ဖြစ်အောင် ဘယ်အချိန်ထိ ပြုစု သွန်သင် နိုင်မလဲ... အချိန်တန် အရွယ် ရောက်လာ ရင်ကော ကျယ်ပြော လှတဲ့ လူမူ အဆောက်အအုံ ကြီးထဲမှာ ဗမာ့သွေးကို ဆက်လက် ထိန်းသိမ်း နိုင်ပါ့ မလား-- ကျွန်မ ကိုယ်တိုင်ရော--ကျွန်မရဲ့ ဒုတိယ မျိုးဆက် ရှိလာခဲ့ရင် ကိုစိုးအောင် လောက်မှ... ဗမာစာ ဗမာ စကားတွေ သင်ပေး နိုင်ပါ့မလား... ဗမာ့ ယဉ်ကျေးမူ တွေအကြောင်း သွန်သင် နိုင်ပါ့မလား....

ကျွန်မ အသေအချာ မဖြေနိုင်ပါ..။

ကလေးတို့ရေ .... ဘာပဲဖြစ်ဖြစ် .. ဗမာပြည်ဟာ တို့ပြည်ပါ...။ ဗမာစာဟာ တို့စာပါ ။ ဗမာစကားက တို့စကားပါ။
အဲဒါကြောင့်.....
တို့ပြည်ကို ချစ်ပါ ....တို့စာကို ချီးမြှင့်ပါ ...တို့စကား ကိုလည်း လေးစား ကြပါလို့.....။


(ဆန်ဒနီမြို့၌ တွေ့ဆုံ သိကျွမ်းခဲ့ သည့် ကိုစိုးလွင် နှင့် သမီးလေး အယ်မွီး အား ရည်ရွယ်လျက်..ပြည်ပရောက် ဗမာ ဖခင် များသို့...)



Share/Bookmark

11 Comments:

PeTi said...

အင်း ဟုတ်တယ်.. ကျွန်တော်လည်း အဲ့ဒါကိုပဲ စိုးရိမ်နေတာ.. အဟဲ

Andy Myint said...

ဗမာစာကတော့ သင်ကို သင်ပေးရမယ်။ ငယ်ငယ် ကတည်းက အချိန်ယူ သင်ရင် ရမယ်လို့ မျှော်လင့်ရတာပဲ။ နောက်တစ်ခါ ဆစ်ဒနီ ရောက်ရင် သံချောင်းခေါက်လိုက်လေ... ထမင်း ဖိတ်ကျွေးရအောင်။

ကေကေ said...

ပီတိရေ..မစိုးရိမ်ပါနဲ့..
ကိုအန်ဒီ..ကျေးဇူးပဲ..ရောက်ရင်တော့..သေချာပေါက်..ထမင်းလာစားမယ်။။ ဘလော့မှာတင်..ဟင်းတွေကောင်းမှန်းသိနေပီ။ နိုးနိုး လေးရော..နိုးနိုးမောင်လေး ပါ လာကြည့်မယ်။
ဟုတ်တယ်..ကျမအထင်တော့.. bilingual ဖြစ်တာကောင်းမယ်..ဒါပေမဲ့..မိဘက..အချိန်မပေးနိုင်တာ..ပြသာနာနော်။

lwinmoe said...

I always like my Burmese name. When I was a student in the US, they called me "Lwin." I feel unique. I am glad that my parents didn't give me Christian names. Most of my American friends still remember my name even though they couldn't pronounce it at first. Anyways, I feel unique among many standard Western names.

thamudayanwe said...

မိဘပေါ်ပဲ မူတည်တာပါ။ အချိန်ဆိုတာ ပေးရင်ရပါတယ်။
ဘာပဲ ဖြစ်ဖြစ် ဒီစာစုက်ု နိုင်ငံခြားရောက် မြန်မာတိုင်း ဖတ်ရှူသင့်ပါတယ်။

ဂျစ်တူး - gyit_tu said...

မကေရေ .. ဒီကိစ္စကတော့ တွေးစရာပဲ ။ တခါတလေကျတော့ မြန်မာပြည်နဲ့ လုံးဝမထိတွေ့ ဖူးတဲ့ ကလေးတွေအတွက် ၊ မြန်မာစကား မြန်မာဓလေ့ မြန်မာဘာသာကို တွယ်ငြိဖို့ဆိုတာ ခဲယဉ်းသား ။

အသက် ၈နှစ်လောက်မှာ မြန်မာပြည်ကထွက်ခဲ့တဲ့ ဂျစ်မောင်လေးဆို အိမ်က ဘယ်လောက်ကြိုးစားသင်ပေးပေမယ့် မြန်မာစာကို တလုံးစ နှစ်လုံးစပဲ ဖတ်တတ်တော့တယ် ။ ဂျစ်ကတော့ အရင်တည်းက စာပေကို ၀ါသနာပါတဲ့အတွက် ၊ အိမ်က တိုက်တွန်းတာမဟုတ်ဘဲတောင် ကိုယ့်ဘာသာ လေ့လာခဲ့တယ် ။ နောက်ပြီး ဂျစ်က မြန်မာပြည်မှာ အသက် ၁၂ နှစ်လောက်ထိ နေခဲ့သေးတာကိုး ။ မောင်လေးထက် မြန်မာပြည်နဲ့ လေးနှစ်လောက် ပိုအကျွမ်းဝင်ခဲ့တယ်လေ ။ ဒါတောင် ဂျစ် ကြီးပြင်းခဲ့ရတဲ့အချိန်တချို့ မှာ မြန်မာစကား မြန်မာဘာသာ မြန်မာဓလေ့တွေနဲ့ ဝေးကွာခဲ့တဲ့အချိန်တွေရှိခဲ့ဖူးတယ် ။

ဒီလိုဖြစ်ပျက်နေတာ မြန်မာလူမျိုးတွေမှ မဟုတ်ပါဘူး ။ အနောက်နိုင်ငံကိုပြောင်းနေထိုင်တဲ့ တခြားအာရှနိင်ငံသားတွေလည်း အဲလိုဖြစ်နေကြတာ ဒုနဲ့ဒေးပေါ့ ။

ဒီလိုအဖြစ်အပျက်တွေမှာ ဘယ်ဟာက မှားတယ် မှန်တယ်လို့ ခွဲခြားဖို့ အတော်လေးခက်တယ် ။

မြန်မာစာကိုကြိုက်သူတယောက်အနေနဲ့ မြန်မာဓလေ့ ဘာသာစကား စရိုက်တွေကို ထိန်းသိမ်းနေသေးတဲ့ ကလေးတွေကိုမြင်ရရင် ၊ ပီတိဖြစ်မိပေမယ့် ၊ အဲလိုမဖြစ်တဲ့ကလေးတွေကိုမြင်ရရင်လည်း သူတို့မိဘတွေ မှားတယ်လို့ မဆိုလိုနိုင်သေးဘူး (တခုတော့ ရှိတာပေါ့ .. အဲဒီမိဘတွေက သူတို့သားသမီး မြန်မာစကားမတတ်တာကိုပဲ ဂုဏ်ယူဝင့်ကြွားစွာ ပြောမနေရင် ပြီးတာပါပဲ) ။

တခြားနိုင်ငံတခုမှာ မြန်မာမိဘတွေကမွေးဖွားခဲ့တဲ့ ကလေးတဦးဟာ ၊ နောင်တချိန် မင်းက ဘာလူမျိုးလဲလို့ မေးခံရတဲ့အခါ ၊ သူ မွေးဖွားခဲ့တဲ့နိုင်ငံရဲ့ လူမျိုးအနေနဲ့ပဲ ပြောမယ်ဆိုရင်လည်း မှားတဲ့အချက်တော့ မဟုတ်ပါဘူး ။ လူဆိုတာ ကိုယ်ဖြစ်တည်လာတဲ့ ကျင်လည်ရတဲ့ နေရာဒေသ တွေကိုသာ ၊ စိတ်ထဲမှာ သံယောဇဉ်ရှိ တွယ်တာတတ်တာ လူ့ ဓမ္မတာပေပဲကိုး ။

မကေရဲ့ သူငယ်ချင်း ကိုစိုးလွင်ရဲ့ သမီးလေးလိုတွေပိုများခဲ့ရင် ၊ မြန်မာတွေအတွက် ပိုပီတိဖြစ်စရာဖြစ်ပေမယ့် ၊ အဲလိုမဖြစ်ခဲ့ရင်လည်း အပြစ်တင်စရာတော့ မဟုတ်ပါဘူးလို့ပဲ ဂျစ် အမြင်ကို ပြောလိုက်ပါတယ် ။ ကွန်မန့်ရှည်သွားတာ ဆောရီးပါး)

Yaw Han Aung said...

မကေသွယ်ခင်ဗျား

ဒီလိုမိသားစုကလေးက ကြည်နူးစရာပါ။ သို့ပေမယ့်လည်း ကျနော် ကလည်း မိသားစုနဲ့ အချိန်ပေးနိုင်တာ နည်းလှတယ်။ ခရီးထွက် နေရတာ များတယ်။ ခက်သားလား။

အိမ်ကိုလွမ်းတဲ့ ရွှေဂျမ်း said...

ဒီပို့စ်လေး ရေးပေးတာ ကျေးဇူးပါ အစ်မရေ။ အစ်မရေးတဲ့ထဲက ကိုစိုးအောင်လို မိဘတွေရှိတာ ၀မ်းသာစရာပါ။ မြန်မာပြည်နဲ့ ဝေးရာမှာ မွေးလာရ ကြီးပြင်းရ လို့ မြန်မာစာ မြန်မာစကား မတတ်တာတဲ့ မြန်မာပြည်မှာ မွေး မြန်မာပြည်မှာကြီးပြီး မြန်မာစာကို စာလုံးပေါင်း ဖတ်နေရတဲ့ ကလေးတွေရှိလာတာ တွေ့ရတော့ စိတ်မကောင်းဖြစ်မိတာ အမှန်ပါ။ ဒီအကြောင်းကို ရွှေဂျမ်းလည်း ပို့စ်ရေးဖူးတာ အစ်မသိမှာပါ။ ကလေးတွေ အပြစ်မဟုတ်တော့ ပုံသွင်းပေးနေတဲ့ မိဘတွေကိုယ်တိုင် ကိုစိုးအောင်လို အသိစိတ် ရှိကြဖို့လိုတယ် ထင်တာပဲ။

Anonymous said...

When language gone, culture will follow and faded away, next to go is the national pride based on culture, history and language. If there is no nationalistic pride then no patriotism anymore and it will be a loss for the children and parents.

အောင်သာငယ် said...

အခုမှ ကွန်မန့်ပြန်ပေးရတာ။ မတူတဲ့အခြေအနေတွေကို နားလည်ပေးပါလား။ အရာအားလုံးကို အမိမြေကို ချစ်ခြင်းများနဲ့ ဆောင်ရွက်ခဲ့ပါတယ်။

ရွာသားလေး said...

မကေ ကျနော်နေ့လည်က ဖတ်ပြီး စာရေးချင်လို့ရေးထားတယ်ဗျာ ခေါင်းစဉ်လေးပါ ကော်ပီကူးထားလို့ဗျာ။ ခွင့်မတောင်းမိလို့ပါ ရေးချင်စိတ်များနေလို့။ အစ်မ အဆင်ပြေရင်လာဖတ်ပေးပါဗျာ...