လှိုင်းမကြောက်သူများ

Jul 7, 2009

“ ညီမလေးက..ဒီ ခွပ်ဒေါင်း ရင်ထိုးလေးကို ဘာလို့ ထိုးထားတာလဲ..”

စူးရှရှ မျက်လုံးတွေ နဲ့ ပြုံးဟဟ မေးလာတဲ့..မေးခွန်းကြောင့်..အကျီ င်္ ကော်လာ လေးကို မသိမသာ ဖိကိုင်ရင်း .. အနည်းငယ် လန့်သွားမိတာတော့..၀န်ခံပါတယ်။

အဲဒီနေ့က.. လှိုင် တက္ကသိုလ် ရဲ့ ကျောင်းဖွင့်စ ရက်တရက်။
အရေးတော်ပုံကြီး ပြီးခါစ..လှိုင်းလုံးကြီးတွေ ငြိမ်သက်ပြီး..လှိုင်းပုတ်သံ သဲ့သဲ့သာ ကျန်ခဲ့တဲ့ ..မုန်တိုင်း ဆဲကာစ ကမ်းခြေ သောင်ပြင် တခုလို.. နေရာမကျသေးတဲ့ ရင် အနာတွေ နဲ့.. တက္ကသိုလ်ကြီးတွေ ပြန်လည် သက်ဝင် လှုပ်ရှား လာတဲ့ ၁၉၉၁ ရဲ့ နွေနှောင်း ရက်တရက်။
-
+++++
-
ကိုယ်တွေ အတွက်တော့.. ပထမဆုံးသော မ၀ံ့မရဲ တက္ကသိုလ် ခြေလှမ်းများ။ မိန်းကလေး အယောက် ၂၀ လောက်သာ ရှိတဲ့ စာသင်ခန်းလေး ထဲက..ကိုယ့်ဘေးက ခုံမှာ လာ ထိုင်တဲ့ မျက်လုံး ၀ိုင်းဝိုင်း နဲ့ ကောင်မလေး ကို ပထမဆုံး မိတ်ဖွဲ့ ဖြစ်ခဲ့တာ။ နယ်ပုံစံ လေးချင်း မို့.. ၂ ယောက်သား ဘေးချင်းကပ် ပြီး ညနေစောင်း အတန်းပြီး တဲ့ အထိ ..ကုပ်ကုပ်လေး အတူ ရှိနေခဲ့ကြတာ။ အခု..သူ့ကို လာကြိုတဲ့..အကို ဖြစ်ဟန်တူတဲ့..လူတယောက်က..ကိုယ့် အကျီင်္ ကော်လာက.. ငွေရောင် ခွပ်ဒေါင်း ရင်ထိုး..တကယ့် သေးသေး မျှင်မျှင်လေးကိုမှ.. ဘယ်လို မြင်လို့..ဘယ်လို သဘော နဲ့ မေးလေ သနည်း။
-
သတ္တိတွေ တချက်လောက် ရှိုက်သွင်းလိုက်ရင်း..
“ ခွပ်ဒေါင်း ရင်ထိုး ထိုးတာ..ခွပ်ဒေါင်းတွေ အတွက် ဂုဏ်ပြုလို့ပေါ့..” လို့..ခပ်မာမာ ပြန်ဖြေလိုက်တယ်။

သူက..ညီညာတဲ့ သွားတွေ ပေါ်အောင် ဟက်ဟက်ပက်ပက် ရီ လိုက်ရင်း..
“ အကိုက.. သဘောကျ လို့..ချီးကျူးမလို့..မေးတာပါကွ..” လို့ ပြောလိုက်တဲ့..သူ့မျက်နှာပေါ်မှာ..အလင်းတခု ကို အသေအချာ တွေ့လိုက်ရ သည်။ အဲဒီ အလင်းမျိုးကိုလည်း.. အဲဒီ အလင်းအကြောင်း ကောင်းကောင်းသိ တဲ့သူ ချင်း မှသာ..နားလည် နိုင်တာမို့..သူ့ရင်ထဲက..သံသယ နဲ့ ကြောက်စိတ် တွေ..ချက်ချင်းပဲ..ကြက်ပျေက် ငှက်ပျေက် လွင့်စင်သွားတော့တယ်။
-
အဲဒီလို နဲ့.. တက္ကသိုလ် ရောက်ခါစ သူ့ညီမလေးကို ညနေ တိုင်း လာလာ ကြိုတတ်တဲ့.. အကိုကြီး..ကိုသိန်းဆွေ နဲ့..သူတို့ တသိုက် ရင်းနှီး သွားကြ တော့ တယ်။သူတို့အားလုံး..သူ့ညီမလေး ခေါ်သလို..
“ အကိုကြီး ” လို့ပဲ ခေါ်ကြတယ်။ သူ ကလည်း..သူ့ညီမ ကို ခေါ်သလို.. “ ညီမကြီး တို့..” လို့ သုံး နှုံး လေ့ ရှိတယ်။

++++
-
အဲဒီတုန်းက.. အကိုကြီးက..တတိယ နှစ်ကျောင်းသား။ မောင်နှမ တသိုက်..ဖျာပုံကနေ..ရန်ကုန်မှာ..တက္ကသိုလ်လာတတ် ကြတာ..။ နောက်တော့.. သူငယ်ချင်း နဲ့..အင်းလျားမှာ..တခန်းတည်းနေ..တစားပွဲတည်းစား.. တကုတင်တည်းအိပ်.. စာတအုပ်ထဲ..အတူ ကျက်ရင်း.. ဘ၀ချင်းတွေပါ.. နားလည် ရင်းနှီးခဲ့ ကြတာ။ သူ့ ညီမလေးလည်း..ကိုယ့် ညီမ..။ ကိုယ့် အစ်မ ကို လည်း..သူက မမ..ခေါ် ။ သူ့ အကိုကြီးလည်း ကိုယ့် အကိုဖြစ်။ မောင်နှမတွေ..ပွားများလာ ခဲ့လိုက်တာ။ လကုန် ရက်တွေ ဆို..ဖျာပုံကနေ..ရန်ကုန်ကို တက်လာတတ်တဲ့.. အရပ် ရှည်ရှည် ..မျက်လုံး ပြူးပြူးနဲ့ သူငယ်ချင်းတို့ အဖေ..အလွတ်သင် ကျောင်းဆရာကြီးက.. ဖျာပုံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အမတ် ဆိုတာ သိ လိုက်ရတော့.. သူငယ်ချင်း ခြင်း ပိုစည်းလုံး မိကြ.. မိသားစုခြင်း ပိုရင်းနှီးခဲ့ကြ။

သားသမီးတွေကို..အရမ်း ဂရုစိုက်ပြီး..အရိပ်တကြည့်ကြည့် နဲ့.. အကုန် လိုက်လုပ် ပေးတတ်တဲ့.. အဖေကြီး..တယောက်..လကုန်လို့..အဆောင်ရှေ့ကို..ငါးပိကြော် ပုလင်းတွေ..ဖျာပုံ ပုဇွန်ခြောက်ကြော် ထုပ်တွေ နဲ့ ရောက်လာပြီ ဆို..သူတို့ တအုပ်လုံး.. အဖေကြီး တို့ အကိုကြီး တို့ နဲ့ တူတူ ပျော်လို့..။ မိသားစု မောင်နှမ သားချင်းကို ချစ်ခင် ဂရုစိုက်တဲ့ နေရာမှာ..အကိုကြီးကလည်း..အဖေတူ သားပါပေ။ ဒါတင် မက..တိုင်းပြည်အရေးမှာလည်း.. မဖင့်နှေးခဲ့ပဲ.. အရေးတော်ပုံ ကာလက..အကိုကြီး ..ထောင် ကျ ခဲ့ သေးတယ် ဆိုတာ သိလိုက်ရ တော့..သူတို့ တသိုက်လုံး..အကိုကြီးကို..သူရဲကောင်းကြီး တယောက်လို..မျက်လုံး
အ၀ိုင်းသား နဲ့ ငေးခဲ့ ကြ ရပြန်ရော။

တကယ်တော့..အဲဒီလို ခြေရာတထပ်တည်း လျှောက်နေကြတဲ့..သားအဖ နှစ်ယောက် ကို စိတ်ဓါတ် ခိုင် ခိုင် နဲ့ ပံ့ပိုးပေးနေခဲ့တဲ့..သူငယ်ချင်းရဲ့ မေမေ ကိုလည်း..သူတို့ စိတ်ဝင်တစား ချစ်ခင် နေခဲ့ ကြတာပါ။ အကိုကြီး.. ဒုတိယ အကြိမ် အဖမ်းခံရပြန်တော့.. ဖျာပုံ ဆိပ်ကမ်းကနေ..သဘောင်္ ကြီးနဲ့ ခေါ်သွားတာကို.. အဖေကြီးက..ကြည့်ပြီး မျက်ရည် ကျနေခဲ့တဲ့ အချိန် မှာ.. အမေ.. က.. အံကို တင်းတင်း ကြိတ်ရင်း..မျက်ရည် တစက် မကျခဲ့ ဘူးတဲ့။


(၀ဲမှယာ) ကိုဂျင်မီ၊ ကိုသိန်းဆွေ၊ ကိုမာကီး၊ ကိုမြအေး၊ ကိုဇေယျ (အားလုံး ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ)
ဓါတ်ပုံကို ဒီနေရာမှ ယူပါသည်။

ကျောင်းတွေလည်း..ဖွင့်လိုက် ပိတ်လိုက်။ သူတို့ခြင်းတွေ လည်း..နီးလိုက် ဝေးလိုက် နဲ့ပဲ.. ဘွဲ့တွေ အသီးသီး ရသွားကြပြန်တယ်။ လုပ်ငန်းခွင် အသီးသီး..ရည်မှန်းချက် အသီးသီးနဲ့ ဘ၀တွေ..အသီးသီး..တည်ဆောက်ကြ ပြန်တယ်။ ၂၀၀၀ ပြည့် နှစ်က..တခါ..သူငယ်ချင်းနဲ့ ပြန်ဆုံ ကြပြန်တော့.. အကိုကြီးက..ပြန်လွတ်လာ ပြီး..အဖေကြီးက.. အထဲကို ပြန်ရောက် နေပြန် တယ် တဲ့..။

အထဲက..ထွက်လာတာ မကြာသေး ပေမဲ့..အကိုကြီး ကတော့..သူလုပ်စရာ ရှိတဲ့.. ပါဝင်စရာ ရှိတဲ့..ကိစ္စတွေ မှာ ပုံမှန် ပါဝင်ရင်း မိသားစု စီးပွားရေးကို ကျားကန် ပေးနေ ရှာ တယ်တဲ့။ နောက်တော့.. လှုပ်ရှားမူ သတင်း ဓါတ်ပုံ တချို့မှာ..အကိုကြီးကို..မထင်မရှား ပြန် တွေ့လာရတတ်တယ်။ နိုင်ငံရေး ဒီလှိုင်း အရှိန်နဲ့အတူ...အကိုကြီး သတင်း အပိုင်းအစ လေးတွေ..အင်တာနက် သတင်းတွေ မှာ.. ဆက်တိုက် ဆိုသလို..ဖတ်လာရ တယ်။ အဲဒီ အချိန်တွေ တလျှောက်လုံး.. သူငယ်ချင်း တို့ မိသားစု.. နိုင်ငံရေး လှိုင်းလုံး တွေ ကို.. နည်းအမျိုးမျိုး နဲ့ ကြံ့ကြံ့ ခံ နေခဲ့တာ..တွေကို လည်း .. ကြားနေ ခဲ့ ရတယ်။

အကိုကြီးတို့ အတွက်ကတော့..လှိုင်းဆိုတာ..ကြောက်စရာ မဟုတ်တော့ ပါ။ ဘယ်လိုလှိုင်းမျိုးပဲ လာပါစေ..လှိုင်းမြင့်လို့လည်း..ဆင့်တက်ပြေးမည်မဟုတ်..လှိုင်းဝေးလို့လည်း..သွေးအေးနေမှာ မဟုတ်..ဟောဒီ လှိုင်းတက် လှိုင်းကြမ်း ပြင်းထန်လှတဲ့..ကမ်းခြေ မှာပဲ.. သူတို့လုပ်စရာ ရှိတဲ့ အလုပ်တွေကို..တည်တည်ငြိမ်ငြိမ် ဆောင်ရွက်နေမည့်..သူများပါပေ။
-

အခု တော့..တခါ.. လှိုင်းတကွေ့ ကို ရဲရဲတိုးရင်း ..နှစ်ရှည် ထောင်ဒဏ် တွေ နဲ့ အကိုကြီးက..စစ်တွေ ထောင်မှာ..။ အဖေ ကြီး နဲ့ ကျန်သူတွေက..မိသားစု စီးပွားရေး ကို ကျားကန် လို့။ သူတို့ လုပ်စရာ ရှိတာတွေကို.. တည်တည်ငြိမ် ငြိမ် ဆက်လက်ဆောင်ရွက် လို့..။ ဘယ်ကိုမှ မရွေ့..။ မုန်တိုင်း တွေ ထန် တတ်တဲ့..ဟောဒီ ကမ်းခြေမှာ ပဲ..မြဲမြဲမြံမြံ။

-
ပြည်သူ ပြည်သားတွေ အားလုံးရဲ့ ဘ၀ တွေ နဲ့ ကျားကန် ထားရတဲ့.. တိုင်းပြည် ကြီးက တော့..သူ့အတွက် ကိုယ်ကျိုးစွန့်..ဆောင်ရွက်နေကြတဲ့..ဆောင်ရွက် ပြီးမြောက် သွားခဲ့ကြတဲ့.. လှိုင်းမကြောက်သူ တွေကို..တနေ့မှာ.. လွတ်မြောက်ခြင်း နဲ့ ရွှင်လန်းခြင်းတွေကို ပြန်လည် ပေးဆပ် ဂုဏ်ပြု ဦးမှာပါ။ အဲဒီ တနေ့ကိုလည်း.. အမြန်ဆုံး ရောက်ပါစေ လို့ သာပဲ။

(သမိုင်းမတင်ရသေးသော .. ၄၇ နှစ်မြောက် .. ဆဲဗင်းဇူလိုင် အား.. ရည်စူး ဂုဏ်ပြုလျက်..ရေးသားပါသည်)



ဆဲဗင်းဇူလိုင် ပို့စ် အဟောင်းများ-

ဇူလိုင်ဝိညဉ်

၀၇-၀၇-၀၇ သို့ သမိုင်းအပိုင်းအစများ

27 Comments:

ဂျူနို said...

လေးစားပါတယ် ကေရေ...
အခုလို ဖော်ပြပေးလို့ သိခွင့်ရတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်

အောင်သာငယ် said...

မှတ်တမ်းတင်ရမယ့် သူရဲကောင်းတယောက်ကို မှတ်တမ်းတင်ပေးတဲ့အတွက် ကျေးဇူးပါ....
သမဂ္ဂစိတ်ဓါတ် အဓွန့်ရှည်ပါစေ...
လွတ်မြောက်ရေးသူရဲကောင်းများ ကိုယ်ရောစိတ်ပါကျန်းမာပါစေ...

Moe Cho Thinn said...

သူတို့အားလုံးဟာ တို့တွေအားလုံးရဲ့ အကိုကြီးတွေပဲပေါ့ ကေ..။

လှိုင်းမြင့်လို့လည်း..ဆင့်တက်ပြေးမည်မဟုတ်..လှိုင်းသေးလို့လည်း..သတိနဲ့ဝေးနေမှာ မဟုတ်..ဟောဒီ လှိုင်းတက် လှိုင်းကြမ်း ပြင်းထန်လှတဲ့..ကမ်းခြေ မှာပဲ.. သူတို့လုပ်စရာ ရှိတဲ့ အလုပ်တွေကို..တည်တည်ငြိမ်ငြိမ် ဆောင်ရွက်နေမည့်..သူများပါပေ..တဲ့။

မှန်လိုက်တာ..။

Nge Naing said...

ကျောင်းသား သူရဲကောင်းတို့ သွေးမြေကျတဲ့နေ့မှာ သူရဲကောင်းတွေအကြာင်းကို မှတ်တမ်းတင် ဂုဏ်ပြုပေးတာ အထူးကျေးဇူးတင်ပါတယ်။

Ko Paw said...

အာဇာနည်မျိုးရိုးတွေပေါ့။ တကယ်ကို လေးစားပါတယ်ဗျာ။ အဲသည်လို ကြံ့ကြံ့ခံနေတဲ့လူတွေအကြောင်း မြင်ရကြားရတော့ အားလည်းရှိတယ်။ သူတို့ရဲ့ စိတ်ဓါတ်၊ သတ္တိတွေကို အားလည်းကျမိပါတယ်။

Anonymous said...

ကေေ၇းထားတဲ့ မှတ်တမ်းတင် ဂုဏ်ပြုဇာတ်လမ်းလေးက တိုပေမယ့်လည်း ဖတ်ပြီးခံစားကြေကွဲရနေရတဲ့ ဝေဒနာတွေကတော့ ရင်နှင့်အမျှပါ....ဝေမျှပေးတဲ့အတွက်ကျေးဇူးပါ ကေ....

mie nge

တောင်ပေါ်သား said...

အမရေ မမီပေမဲ့ လူကြီးတွေ ပြောပြတိုင်း ရင်ထဲမှာ ခံစားနေရဆဲပါ ခုလို ဖော်ပြပေးတာ ကျေးဇူးတင်ပါတယ်

လေးစားလျက်
တောင်ပေါ်သား

Thant said...

လှိုင်းမကြောက်သူ တွေကို ဦးညွှတ်သွားပါတယ်......

P.Ti said...

ကိုယ့်ထက် သတ္တိကောင်းပြီး အနစ်နာခံလုပ်ရဲတဲ့လူတွေအားလုံးကို လေးစားမိပါတယ်။
သူတို့ကို တရားဝင်မှတ်တမ်းတင်နိုင်တဲ့နေ့ မြန်မြန်ရောက်ပါစေ။

ရာခေလ said...

ကျေးဇူးပါ မကေ....
အာဇာနည်တွေကို တရားဝင်မှတ်တမ်းတင်လို့ ရတဲ့ နေ့ 
စွန့် ဝံ့သူတွေ စတေးခဲ့သူတွေကို အားပါးတရ ပြန်လည်ဂုဏ်ပြုရတဲ့ နေ့  ဆိုတာ ရှိအုံးမှာပါ....

မေ့သမီး said...

လှိုင်းမကြောက်သူတယောက်အကြောင်းကို လေးစားဂုဏ်ယူစိတ်နဲ့ဖတ်သွားပါတယ်အမရေ။ ကိုယ်မသိမမှီလိုက်တဲ့အကြောင်းတွေမို့ အိပ်ရာဝင်သူရဲကောင်းပုံပြင်တွေလိုပဲ။ ဒါပေမယ့် တကယ်ရှိနေခဲ့တဲ့သူရဲကောင်းတွေပေါ့။

မမသီရိ said...

တကယ့်လေးစား ဂုဏ်ပြု စံတင်ဖွယ်ရာ
အာဇာနည် မျိုးရိုးတွေ ပါပဲ

Anonymous said...

အနော်တို့က အဲ့သည့်အကိုတွေ(ဦးလေးတွေဆို ပိုမှန်မယ်)အကြောင်းကို ကြားဖူးရုံသာ ကြားဖူးကြတာဗျ။သေသေချာချာ မသိကြဘူး။မသိဘူးဆိုတာကလဲ အနော်တို့ သိတတ်တဲ့အရွယ်ရောက်တော့ အဲ့သည့်အကိုတွေအကြောင်းကို စုန်းစုန်းမြုပ်အောင် လုပ်ပစ်လိုက်ကြတာလေ။ခုတောင် RFAတို့ DVBတို့ အားကိုးလေးနဲ့ သိနေရတာ။ကျေးဇူးဗျာ။ခုလို သေသေချာချာ သိရတဲ့အတွက်။

ရည်မွန်

ခင်မင်းဇော် said...

ထောင်တခါကျပေမယ့်လဲ နောက်မဆုတ်ခဲ့တဲ့ သူရဲကောင်းတွေ နော်...
တို့ပြည်မှာ ဒီလိုသူရဲကောင်းတွေ မဖော်ထုတ်ရသေးတဲ့သူရဲကောင်းတွေ အများကြီးရှိသေးတယ်.. အလေးပြုလျှက်ပါ..

သူပထမတခါထောင်က ထွက်တော့ ခဏရဟန်းဝတ်သေးတယ်.. ရဟန်းဝတ်နဲ့ အမတို့ ပုသိမ်အိမ်ကို လာလည်သွားသေးတယ်...

Maung said...

ကိုသိန်းဆွေအကြောင်းဝမ်းနည်းခြင်းတဝက်..ဂုဏ်ယူခြင်းတဝက်လာရောက်ဖတ်သွားပါတယ်..

သူကခေါင်းဆောင်ဖြစ်ဖို့မွေးဖွားလာသူပါ..

လွန်ခဲ့တဲ့၁၈နှစ်ဆောင်းတွင်းတစ်ည..အင်းစိန်သီးသန့်ထောင်အတွင်းမှာဆုံခဲ့ပြီး..ရက်ပေါင်းများစွာအတူတကွဖြတ်သန်းခဲ့ဖူးပါတယ်..

ကျွန်တော်ကအသက် ၁၉နှစ်..ဒုတိယနှစ်ဘူမိဗေဒကျောင်းသား..ဘဝမှာပထမဆုံးအဖမ်းခံရခြင်း..

စစ်ကြောရေး..ထောင်ထဲရောက်..နှစ်ရှည်ထောင်ချခံရတော့တချို့မာပါတယ်လို့ထင်မိခဲ့သူတွေ..ခေါင်းဆောင်ဆိုပြီး
ယိုင်နှဲ့ကုန်သူတွေကြားမှာ..ကိုသိန်းဆွေဟာ ရက်အနည်းငယ်အတွင်းမှာ..အားလုံးကငါတို့ရဲ့ခေါင်းဆောင်
လို့မတိုင်ပင်ပဲသတ်မှတ်ခံရသူပါ..
နောက်တစ်ယောက် အမှတ်တရရှိနေတာက..Evergreen က ကိုခင်မောင်ရွှေ.အရပ်ရှည်ရှည် ခါးကိုင်းကိုင်းနဲ့..ကျောက်ပန်းတောင်းသား..ခင်ဖို့ကောင်းတဲ့သူ.ဆုံးရှာပြီလို့ကြားတယ်..
ပြောမယ်ဆိုရင်အများကြီးကျန်ပါသေးတယ်..

မှတ်မှတ်ရရ..1/92 လား 2/92လား နဲ့လွတ်ငြိမ်းချမ်းသာခွင့်ဆိုပြီးစလုပ်တဲ့အချိန်..MI က ကျွန်တော်တို့အားလုံးစာရွက်တစ်ရွက်စီဖြည့်ခိုင်းပါတယ်..နိုင်ငံရေးဆက်လုပ်မှာလားတို့..
မေးခွန်းတွေပါပါတယ်..
နောက်တစ်ရက်ကျတော့ MI က ကျွန်တော့်နာမည်..ကိုသိန်းဆွေနဲ့တချို့ကျောင်းသားတွေကိုထပ်ခေါ်ပါတယ်..
အဲဒီမှာဗိုလ်မှုးဆိုသူက ကျွန်တော်တို့ရဲ့အဖြေမကြိုက်လို့ထပ်မေးတာပါ....နိုင်ငံရေးဆက်လုပ်မှာလားဆိုတဲ့အဖြေနေရာမှာ..
ကိုသိန်းဆွေက ကျောင်းသားသမဂ္ဂတရားဝင်ဖြစ်ပေါ်ရေး
အတွက် ဆက်လုပ်မယ်လို့
ရေးထားတာမကြိုက်လို့ပြင်မလားလို့ထပ်မေးတာ..ကိုသိန်းဆွေကခေါင်းခါပါတယ်.
အဲဒါဆိုရင်..မင်းနာမည်လွတ်မဲ့အထဲမှာပါမှာမဟုတ်ဖူးဆိုတော့..လက်ပိုက်ပြီးပြုံးနေပါတယ်..
အခန်းပြန်အပို့လမ်းမှာ..ကျွန်တော့်ကို..မင်းမျက်နှာကြီးဆက်မြင်နေရတာ့မှာပဲဆိုပြီး
နောက်နေသေးတယ်.
သမဂ္ဂစိတ်ဓါတ်ဆိုတာကျောင်းသားတွေရဲ့
ရင်ထဲမှာအမြဲရှင်သန်နေတာပါ..

ကိုသိန်းဆွေရေ..
ဒီကနေလေးစားစွာနဲ့သတိတရနှုတ်ဆက်ပါတယ်..
ကျန်းမာရေးဂရုစိုက်ပါ..

နေလင်း

tg.nwai said...

လှိုင်းမကြောက်သူများကို အလေးပြုသွားပါတယ် ကေရေ.. ဒီလို မှတ်တမ်းတင်ပေးလို့လဲ ကေ့ကို ကျေးဇူးတင်ပါတယ်..။

ကိုလူထွေး said...

မနေ့ကဖတ်ပြီး တခုခုရေးခဲ့ပြီလို့ထင်တာ..
အခုပြန်လာကြည့်မှ မရေးခဲ့ရသေးဘူး

အခုလို မော်ကွန်းထိုးထိုက်သူတွေကို တာဝန်သိသိ ဖော်ထုပ်ပေးတဲ့အတွက် လေးစားပါတယ် ကေရေ...

ye said...

အခုလို ဖော်ပြဂုဏ်ပြုပေးတာ ကျေးဇူးတင်ပါတယ်...
ခွပ်ဒေါင်းသွေးဟာ အမြဲတမ်း နီစွေးနေမှာပါ...ခေတ်အဆက်ဆက်မှာ သမိုင်းကြောင်းဆိုတာ ကျန်ခဲ့တာပါပဲ...
အစ်ကိုကြီးတို့ကတော့ တာဝန်ကျေပွန်စွာ မော်ကွန်းရေးခဲ့ပြီးပြီနော်.....
ကျွန်တော်တို့ကရော...............

Anonymous said...

ကျေးဇူးတင်ပါတယ် မကေ။ နိုင်ငံရေးလောကထဲမှာ အခုလို အမှန်အကန်စွန့်ခဲ့သူတွေ ရှိခဲ့၊ ရှိနေဆဲဆိုတာ အနီးကပ်ဆုံး လူသားတွေက ဖွင့်ပြလို့ သိရတိုင်း ရင်ထဲမှာ ၀မ်းသား ၀မ်းနည်း ခံစားမိတယ်။ နိုင်ငံကို ချစ်တဲ့ စိတ် အပြည့်အ၀ ရှိပေမဲ့ နှစ်ဘက်လုံးက နိုင်ငံရေး လုပ်စား နေကြတယ်လို့ ခံစားရတဲ့အတွက် မြန်မာ့နိုင်ငံရေးကို စိတ်မ၀င်စားတော့တာ ကြာပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပေမဲ့ သူ့ပါတီကို အားမပေးတော့တာ အမှန်ပဲ။ ဒါပေမဲ့ သူတို့ အုပ်စု ကိုတော့ တကယ့်နိုင်ငံရေး သူရဲကောင်းလို့ သတ်မှတ် ထားပါတယ်။ သူတို့ရဲ့ မိန့်ခွန်းတွေဟာ စေတနာပိုပါ တယ်လို့ ခံစားရလို့ပါ။ လူကြီးတွေအတွက် ချကြွေးခံ ခဲ့ရတဲ့ လူငယ်တွေ ဘ၀ကနေ လူကြီးတွေ ဖြစ်လာ တာမို့ သူတို့သာ ဦးဆောင်မယ်ဆိုရင် မြန်မာ နိုင်ငံဟာ ကမ္ဘာအလယ်မှာ ပြန်များ ဦးမော့လာမလားလို့ မျှော်လင့်နေမိဆဲပါ။ မကေကို ကျေးဇူးတင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် မကေတို့ သူငယ်ချင်းတွေရဲ့ ဘ၀ကို ဒီထက် အသေးစိပ် ရေးပေးပါလား။ သူတို့တွေရဲ့ ဘ၀ကို အထူး စိတ်ဝင်စားမိပါတယ်။ သူတို့ရဲ့ ယုံကြည်မှု အပါအ၀င်ပေါ့။

Kay said...

ဂျုနို- ကိုအောင်သာငယ်-မချိုသင်း-မငယ်နိုင်-ကိုပေါ-မီးငယ်- တောင်ပေါ်သား-သန့်-ပီတိ-ရာခေလ-မေ့သမီး-မမသီရိ- ရည်မွန်-မခင်မင်းဇော်-မသိင်္ဂနွယ်-ကိုလူထွေး နဲ့ ရဲ- အားလုံးပဲ.. မှတ်ချက်ပြု သွားတဲ့အတွက် ၀မ်းသာမိတယ်။

ကိုနေလင်း- ရေးလိုက်တဲ့..မှတ်ချက်တခုက.. အကိုကြီး ကိုသိန်းဆွေ အကြောင်းကို ပိုပြီး ပေါ်လွင် ထင်ရှား သွားစေတာမို့.. ကျေးဇူးအထူးတင်ပါတယ်။

အမည်မသိ-စာဖတ်သူ အတွက်တော့..အခုလို စာပိုဒ်လေး အနဲငယ်ကြောင့်..အမြင်မကြည်မူတွေ..အနဲငယ်ပဲဖြစ်ဖြစ် ရှင်းလင်းသွားတယ် ဆိုရင်..ကျမ ၀မ်းသာရမှာပါ။ ထပ်ပြီး ဝေမျှချင်ပြန်တာက..တချိန်က..ဗိုလ်ချုပ်ပြောခဲ့တဲ့..ပဲခူးကလပ်က..ညဖက်ခွေးအိပ်လို့..ခွေးတွေနေတယ်လို့..ပြောလို့မရပါဘူး.. ဆိုတဲ့ စကားလေးပါပဲ။ အများစု- ယေဘုယျ- ချွင်းချက်- ဆိုတဲ့ သတိပြုစရာ ပမာဏတွေ ရှိနေတာရယ် ကိုရော- မျက်မြင်ပစ္စခ ရလဒ် တွေကြောင့်ရယ်ရော.. အခုလို ခံစားမိတယ် ဆိုတာကို နားလည်မိပါတယ်။

Toe said...

ကေ ဆိုတာဘယ်သူလည်း ကျွန်တော် သိချင်ပါတယ်။
ကိုသိမ်းဆွေ အကြောင်းရေးတာ အရမ်းကျေးဇူးတင်တယ်
သူနာမည်က ရှားရှားပါးပါး မ တပ်နဲ့ သိမ်း တာပါ။ န တပ်နဲ့ မဟုတ်ဘူး။ ဘိုဘို Facebook ကနေ ဒီဆောင်း
ပါးကိုရှာတွေ့တာပါ၊ ကျွန်တော် Facebook မှာ သူ့ဓါတ်
ပုံတွေရှိပါတယ်။ သူ့ချစ်သူလည်း ဒီဆောင်းပါး ဖတ်ပြီး
ရင် ပိုဆွေးသွားမှာဘဲ။
လေးစားလျှက်
တိုးလွင်

Anonymous said...

အပေါ်က အမည်မသိ ရေးသွားတဲ့မှတ်ချက်ကို သဘောတူပါတယ် ကေ..နောင်တော်ကြီးတွေရဲ့ အကြောင်း သိသလောက် အသေးစိပ်ရေးမယ်ဆိုရင် သိပ်ကောင်းမှာဘဲလို့...

mie nge

Kay said...

ကိုတိုးလွင်- အသိအမှတ်ပြု တာ ၀မ်းသာပါတယ်။ တနေ့တော့..အကိုကြီး ကိုသိမ်းဆွေ ကိုယ်တိုင် ဖတ်နိုင်လိမ့်မယ်ထင်ပါတယ်။ သူ့ချစ်သူ နဲ့ အမြန် ပြန်လည်တွေ့ဆုံ ရပါစေ လို့လည်း ဆန္ဒပြုပါတယ်။

မီးငယ်ရေ- အဆင်ပြေ အချိန်တန်တဲ့ အခါ..အဲဒီလို စာတွေ အများကြီး ဖတ်ရ ပါလိမ့်မယ်။ သမိုင်းမ၀င်သေးပေမဲ့..သမိုင်းတင်နိုင်တဲ့ ရုပ်ပုံလွှာတွေပေါ့။

Phyo Maw said...

ဆယ်တန်းတုန်းက သူတို့အိမ်မှာ ဘော်ဒါသဘောမျိုး
၁ လနီးပါး သွားနေဖူးတယ်။

Anonymous said...

သမိုင်းတင်နိုင်မယ့် ရုပ်ပုံလွှာတွေကို ခံစားဖို့ သတင်းကြားယုံနဲ့တင် ကျေးဇူးတင်လှပါပြီ...ဘယ်အချိန်ဘဲ ရေးရေး စောင့်ဖတ်ဖို့ အဆင်သင့်ပါကေ...

mie nge

သက်ဝေ said...

သမိုင်းမတင်ရသေးပေမယ့်
သမိုင်းတွင်နေတဲ့ သူတယောက်အကြောင်း မှတ်တမ်းလေး ဖတ်သွားပါတယ်။
မျှဝေပေးတာ ကျေးဇူးတင်ပါတယ် ကေ...

နောင် said...

ကျွန်တော်ယောက်ကျားပါ...
ဒါပေမဲ့ဒီကြောင်းတွေကိုကြား၇၇င်....ဖတ်၇၇င်အမြဲတမ်းမျက်၇ည်ကျမိတယ်ဗျာ.......
ဘာလို့လဲဆိုတာပြောပေးကြပါဦးလားဗျာ....

 
K