နှလုံးသားယိုစီးမူ ( သို့) အမျိုးသားရေး အရည်ပျော်မှတ်

ပြီးခဲ့တဲ့ တပတ်လောက်က.. ညီမ ဇီဇ၀ါ ရဲ့ God save the Queen ဆိုတဲ့ အင်္ဂလန် အတွေ့အကြုံ ထင်ဟပ်ချက် လေး တခု ကို ဖတ်ပြီး..လက်အငြိမ် မနေ.. ရှည်ရှည်ဝေးဝေး မှတ်ချက်ပြု ခဲ့မိတယ်။ ရှည်ရှည်
ဝေးဝေး ဆိုတာလည်း..တလောက ဖတ်ထားတဲ့ ဒေါက်တာ အောင်ထွန်းသက် အင်တာဗျူး ထဲက..ဆရာ ပြောတဲ့..စကားလေးတွေ ကို..တကူးတက ပြန်ရှာ ပြီး ရေးမိတာပါ။
+++++

သူ ပြောတဲ့..Nationalism ပေါ့နော်..


“ ဆင်းရဲ တဲ့ နိုင်ငံ မှာပဲ ဖြစ်ဖြစ်..ချမ်းသာတဲ့
နိုင်ငံမှာဖြစ်ဖြစ်.. တိုးတက်တဲ့ နိုင်ငံမှာ ဖြစ်ဖြစ်..မတိုးတက်တဲ့ နိုင်ငံမှာ
ဖြစ်ဖြစ်.. တကယ်တော့.. Nationalism ဆိုတာမျိုးထက်.. Identity လိုတယ်။ လူတိုင်းမှာ
Identity လိုတယ်..။ မြန်မာ ဆိုရင်..မြန်မာရဲ့ Identity ကို ဆုပ်ကိုင် ထားဖို့
လိုတယ်။
စိတ်ဝင်စားဖို့ ကောင်းတာက..ချမ်းသာတယ် ဆိုတဲ့ နိုင်ငံ အင်္ဂလန်မှာ တောင်..
What is Britishness? ..လို့ မေးယူရလောက်အောင် …British Identity ဟာ ဘာလဲ ဆိုတာ
ရှိတယ်။ Identity Crisis ကို နိုင်ငံတိုင်းလိုလို မှာ စဉ်းစားနေကြရတယ်။



National Identity ကိုတော့..နိုင်ငံတိုင်းမှာ
ထိမ်းသိမ်းသင့်တယ်။ ဆရာက..Nationalism ဆိုတဲ့ စကားကို မသုံးဘူးနော်။ National
Identity ပဲ။ အဲဒါ ရှိသင့်တယ်။ ကိုယ့် မြန်မာလူမျိုးဆိုရင်လည်း ကိုယ့် National
Identity ရှိတယ်။ ကိုယ်ဝတ်တာ..စားတာ.. အတွေးအခေါ် စတဲ့ သူများနဲ့ မတူ တာတွေ ရှိတယ်။
ဥပမာ..လူမျိုးတိုင်းမှာ ရှာလို့ မရ တဲ့ အားနာမူ။ အားနာမူ ဆိုရင်.. ဘာသာပြန်ဖို့..
စကားလုံး တောင် ရှာလို့ မရဘူး။



.....ဆိုတာက..နိုင်ငံ ချစ်စိတ်.. ဒါ ရှိ ရမယ်။ ကိုယ့်အမျိုးကို
ကိုချစ်တာ။ သူတို့လည်း သူတို့ အမျိုး ချစ်နေမှာပဲ။ အဲဒါကိုလည်း ကိုယ်က လက်ခံ ဖို့
ရှိတယ်။ အစွန်းမဖြစ်ဖို့။ ”


သူကတော့..အဲလို ပြောသွား တာပဲ ။ တို့ကတော့.. Nationalism ဆိုတာကို..အဓိပ္ပါယ် ဖွင့်ဆိုချက် တခု ထက်.. နက်နဲတဲ့..ခံစားမူ တခု အဖြစ်နဲ့ပဲ..နားလည်လို့ ရတယ်။ လက်တွေ့ကျကျ..ပညာရပ်ပိုင်း ဆိုင်ရာ စိတ်ဝင်စားစရာ ကောင်းတာ တခုကလည်း .. မျိုးဆက် ဝေးကွာ သွားမူ /သွေးနှောသွားမူ နဲ့ Nationalism ဟာလည်း ပြောင်းပြန် တိုက်ရိုက် အချိုးကျ နေပြန်တယ် နော်။

++++

အဲဒါ နဲ့ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်..ဘလော့ မရေးခင်က.. Weekly Eleven မှာ ပါခဲ့ဖူးတဲ့.. ဆောင်းပါးလေး ကို ပြန်ဖော်ပြ ချင် လာပါတယ်။ ဂျာနယ်မှာ ဖော်ပြတုန်းကတော့..ဖောင်းပွနေတဲ့ အပိုဒ် တချို့ တည်းဖြတ်ပြီး ဖော်ပြခဲ့တာပါ။ အခုက..အပြည့်အစုံပါ။ ဒီဘလော့ပေါ်မှာလည်း တခါ တင်ပြီးသားပါ။ မဖတ်ရသေးတဲ့ သူတွေ အတွက် ရည်ရွယ်တာပါ..။ အဲဒီတုန်းက..မှတ်ချက်လေး တွေပါ ဖတ်ချင်တယ် ဆိုရင်တော့.. ဒီမှာ ပြန်ဖတ် လို့ရပါတယ်။ အဲဒီ စာလေးကို ဘယ်အချိန် ပြန်ဖတ်ဖတ်..ကြိုက်နှစ်သက်နေမိ လို့လည်း..ပေါ့လေ။

+++++

နှလုံးသားယိုစီးမူ ( သို့) အမျိုးသားရေး အရည်ပျော်မှတ်

မျက်ကန်းမျိုးချစ်

လေးတန်းကျောင်းသူ တူမ ကလေးက ဘ၀တွက်တာ (ဘာသာရပ်အသစ်)မှတ်စု စာအုပ်ကို ကိုင်ရင်း ...“မျက်ကန်း မျိုးချစ် ဆိုတာဘာလဲဟင်...” လို့ စိတ်ရှုပ်ထွေးဟန် မေးခွန်း ထုတ်လာသည်။
-
ချက်ချင်း ဆိုတော့လည်း ရှစ်နှစ် အရွယ် ကလေးငယ် တယောက် နားလည်အောင် ရှင်းမပြ နိုင်ခဲ့ပေ။နောက်တပတ် ကျောင်းပိတ်ရက် ကျတော့...ဘာရယ် မဟုတ်...ငါ့တူမလေးကို နိုင်ငံခြားမှာ ကျောင်းခေါ် ထားရမယ်လို့ ပြောမိလေရာ…
-
“မလိုက်ဘူး….မလိုက်ဘူး…..အဲဒီ နိုင်ငံခြားကြီး ကို မုန်းတယ်…”

ဟု ကက်ကကလန်အောင် ရန်တွေ့ လေသည်။ကလေးငယ် တယောက်ရဲ့ အတွေးထဲမှာ ဘာတွေ ရှိနေ ပါလိမ့်လို့.. စိတ်ဝင်စား သွားရင်း ချော့မော့ မေးမိတော့မှ..

“ အဲဒီ နိုင်ငံခြားကြီးက သမီးတို့ မြန်မာပြည်ကို လာတိုက်တယ်..”
“ဘယ်တုံးကလဲ .. သမီးရဲ့..”
“မသိဘူး… ဟိုတုန်းက ...”
-
ကဲ…ကျောင်းသုံး ပြဌန်းစာ တွေပဲ ပြောင်မြောက် လွန်းသလား… ဆရာမပဲ ၀ါဒဖြန့် ကောင်းလေ သလား...
ပြုံးချင်နေသော မျက်နှာကို အပိုးသပ်ရင်း....

-“ ဒါဆို..သမီး အရင်အပတ်က မေးတဲ့ မေးခွန်းကို ဖြေဖို့ ဥပမာ ရပီ ”..လို့ ပြောပီးကာမှ...သြော်..ကလေးရဲ့ မျိုးချစ်စိတ် ကလေးတွေ လွတ်လွတ် လပ်လပ် ရှင်သန် ပါစေလေ…လို့....လျောချလိုက်မိတော့သည်။
-
တိုင်းချစ် ပြည်ချစ်စိတ် မျိုးချစ်စိတ် ဆိုတာ...ဒီမြေမှာ မွေးလို့ ဒီရေကို ချစ်တာပါလို့ ရိုးရှင်းစွာ အဓိပ္ပါယ် ဖွင့်လိုက် ယုံပါပဲ။ စာသင်ခန်းတွေထဲမှာ..မိသားစု စကားဝိုင်းတွေမှာ..ရှင်သန် ကြီးထွား ခဲ့ကြသည်။ အပေါင်း လက္ခဏာ ဆောင်လား...အနုတ် လက္ခဏာ ဆောင်သလား...နားမလည်ခဲ့။ ခွဲခြား ရန်လည်း မလိုအပ်ခဲ့။

အနုတ်အပေါင်းလား ......အပေါင်းအနုတ်လား

-အလယ်ခေတ် သမိုင်းတွေကို အခု အချိန်မှာ ခွဲခွဲ ခြားခြား နားလည် လာတော့ အစဦး ပထမ အမျိုးသားရေးဝါဒ(Nationalism) အခြေခံသည် လူမျိုးနွယ်စု တခုခြင်းရဲ့ မကျေနပ်မူ ..ဆင်းရဲ ကြပ်တည်းမူ... မလုံခြုံမူများ… ပြီးတော့ လူအုပ်စု တစုခြင်းရဲ့ ငါ- တကောကောမူ... စိတ်ကူးယဉ်မူ ...နယ်မြေလုမူ တွေပေါ်မှာ အခြေခံကာ လူမျိုးနွယ်စု (Ethnicity)အသွင်ဖြင့်သာ ပုံပေါ်နေသည်။ အနုတ် လက္ခဏာကို ဆောင်ကာ လူမျိုးစု တိုက်ပွဲများ...အုပ်စုဗိုလ်လုပွဲများ...ဘာသာရေးစစ်ပွဲများ သောသော ညံနေသည်။
-
ဒုတိယ ကမ္ဘာစစ်ကြီး ပြီးသွားတော့..သွေးသစ် လောင်းထားသောအမျိုးသားရေးဝါဒ သည် လှလှပပ စနစ်တကျ ရှိလာကာ ပြည်သူ့နီတိ အသွင်ဖြင့် နိုင်ငံ တော်တော် များများမှာ အပေါင်း လက္ခဏာ ဖြစ်လာပြန်သည်။ဟော-အခု -ဂလိုဘယ်လိုက်ဇေးရှင်း-လို့ အော်ကာ တကမ္ဘာလုံးကို ဇာတ်ခုံ တခုတည်း ဖြစ်အောင် လုပ်လာကြတော့...ဘယ်သူက ဇာတ်လိုက် လုပ်မလဲ...ဘယ်သူ ဇာတ်ရံလဲ...လူကြမ်းက ဘယ်သူဖြစ်မလဲ.. ဘယ်သူ ရှုံးလို့ ဘယ်သူ နိုင်မလဲ- ကိုယ်ပိုင် သီးသန့် အမျိုးသားရေး စိတ်ဓါတ်တို့ နေရာမကျ နိုင်အောင် ခေါင်းရှုပ်စရာ ဖြစ်လာပြန်ပီ။ ဒွေးရောယှက်တင် လွန်းတော့လည်း ကိုယ်ပိုင် အတ္တခြင်းတွေ ပွတ်တိုက်မိရာက ပွင့်လာတဲ့ လူမျိုးရေး ခွဲခြားမူ မီးပွားတွေက ကမ္ဘာကြီးကို ပြန်လည် ကူးစက် လောင်မြိုက် လာပြန်ပြီ။
-
ဖွံ့ဖြိုးပြီး ကမ္ဘာ့နိုင်ငံကြီး တွေမှာဆိုလျှင်.. နိုင်ငံစုံမှ လူမျိုးစုံ ရွှေ့ပြောင်း အခြေချမူတွေ..တိုးပွားလာ သလောက်...ပုံသဏ္ဌန် စုံလှသော..အမျိုးသားရေး လက္ခဏာများက.. ထိုနိုင်ငံကြီးများရဲ့ တလုံးတစည်းဖြစ်မူ နှင့် တပြေးညီဖြစ်မူ တို့ကို စိမ်ခေါ်နေလေပြီ။

ဦးဏှောက် နှင့် နှလုံးသား ယိုစီးမူ

ကမ္ဘာဦး စတည်းကတော့ လူတွေ အုပ်စုဖွဲ့ ရွှေ့ပြောင်း သွားလာ နေထိုင် ကြတာပါပဲ။ အစာရေစာ ပေါများရာ..ရေကြည်ရာ မျက်နုရာ နယ်သစ်ပယ်သစ်တို့...ရှာပီးရင်း ရှာကြတာပဲ.. ရွှေ့ပီးရင်း ရွေ့ကြတာပဲ။ ပြတ်ပြတ်ထင်ထင်...မြင်နေရသော ယနေ့ခေတ် လူ့သမိုင်းမှာ ကျတော့ ..အကြောင်းရင်းခံတွေက..တဖြည်းဖြည်း ထွေပြား လာသည်။..နယ်သစ် ပယ်သစ် ရှာစရာ အကြောင်းကလည်း မရှိသလောက်မို့ အရင်ဦးဆုံး ရောက်နှင့်သူ ထံမှာ တိုက်ယူချင်ယူ။ မဟုတ်ရင် သစ္စာခံဖို့ သာရှိသည်။

ရွှေ့ပြောင်းအခြေချခြင်း (Migration) ဖြစ်စဉ်သည် ယနေ့ လက်ရှိ အခြေအနေမှာ မခန်မှန်းနိုင် လောက်အောင် တိုးတက် များပြား လာနေသည်။ ဆင်းရဲ ခက်ခဲသော နိုင်ငံသားတို့ ချမ်းသာ ကြွယ်ဝသော နိုင်ငံများဆီ..တရွေ့ရွေ့ တိုးဝင်နေရင်း..ကမ္ဘာကြီးသည်.တဖက်စောင်းနင်း ဖြစ်သထက် ဖြစ်လာသည်။ အတူ ပါလာသော...အမျိုးသားရေး စိတ်ဓါတ် လက္ခဏာ တို့သည်လည်း..စီးမျောတ၀က်...အရည်ပျော်တ၀က်..ပုံသဏ္ဌန် ပျက်ယွင်း လာကြတော့သည်။

-ဒါပေမဲ့လည်း ဂျူးလူမျိုးတွေ တကမ္ဘာလုံး ပြန့်ကျဲသွားခဲ့တဲ့ ကြားထဲက နှစ်ပေါင်း ထောင်နဲ့ချီပီး ဂျူးအစဉ်အလာ(Judaism) ကို ထိန်းသိမ်း နိုင်ခဲ့ကြတာ ကတော့ ချီးကျူးစရာ။ ဘယ်နေရာ ရောက်ရောက် သူတို့တွေ..ဂျူးသာဖြစ်သည်။..တရုတ် လူမျိုးများ အတွက်လည်း..တရုတ် ပြည်ကြီးကို ရောက်ဘူးစရာ မလို နေရာတိုင်းမှာ China Town များရှိသည်၊ အမျိုးသားရေး သွင်ပြင် လက္ခဏာများကို နည်းအမျိုးအမျိုးနှင့် လက်ဆင့်ကမ်း ခဲ့ကြသည်။

-တနှစ်ဆီက ဖလော်ရီဒါ ကမ်းခြေမှာ ရှိတဲ့ မြန်မာ မိတ်ဆွေ တယောက်ရဲ့ ကျောက်ဖြူသား ဧည့်ခန်းမှာ တခမ်းတနား..ချိတ်ဆွဲထားတဲ့..သားဖြစ်သူ..ရဲရင့်ဆုတံဆိပ် ယူနေသော အမေရိကန် ရေတပ်

ဝတ်စုံနှင့်ဓါတ်ပုံကို မြင်ခဲ့ရစဉ်က အတွေးတွေ တပုံတပင် ဖြစ်ခဲ့ရဘူးသည်။စင်ကာပူ အမျိုးသားနေ့ တနေ့မှာ..အနီရောင်နဲ့ အဖြူရောင်..စင်ကာပူ အလံတော် စတစ်ကာလေးတွေ ပါးနဲ့နဖူးမှာ အပြည့် ကပ်ထားတဲ့ မြန်မာလူမျိုး သူငယ်ချင်းရဲ့ သမီးလေးက စင်ကာပူ နိုင်ငံတော် သီချင်းကို ဌါန်ကရိုင်း ကျကျ ဆိုပြတော့လည်း ဘာရယ်မသိ ဆုံးရှုံးခြင်းတခုလို ၀မ်းနည်း မိခဲ့သည်။

ဆုံးရှုံးခြင်းအမွေ

Inheritance of Loss (ဆုံးရှုံးခြင်းအမွေ) ခေါင်းစဉ်နဲ့ ၀တ္တုတပုဒ် အင်္ဂလန်နိုင်ငံရဲ့ ထိပ်တန်းဝင် စာပေဆုကြီး တခုဖြစ်တဲ့ Man Booker Prize ကို ၂၀၀၆ အတွက် ဆွတ်ခူးသွားတယ် ဆိုတဲ့ သတင်း ကိုတွေ့လိုက်သည်။ စာရေးသူက အသက် ၃၅ နှစ်အရွယ် လက်ရှိ အမေရိကနိုင်ငံမှာ ပြောင်းရွှေ့အခြေချနေထိုင်သူ အိန္ဒိယ အမျိုးးသမီး ကီရန်ဒေဆိုင်း ဆိုသော နောက်ဆက်တွဲကို ပိုလို့ စိတ်ဝင်စား သွားမိသည်။

ဆယ်ကျော်သက် အရွယ်က..သူကျောခိုင်းခဲ့သော အိန္ဒိယ ပြည်ကြီးရဲ့ မြို့လေးတမြို့မှာ ဇာတ်အိမ်ကို တည်ထားသည်။ကိုလိုနီခေတ် နှောင်းပိုင်းက အင်္ဂလန် နိုင်ငံမှာ ပညာသင်ခဲ့ပီး...သူအထင်ြကီး အတုယူထားတဲ့ အနောက်တိုင်း ထုံးဓလေ့များနဲ့...စာသင်ခန်း ထဲမှာ ကြုံတွေ့ခဲ့ရတဲ့..ခါးသီး စက်ဆုပ်ဘွယ် အထင်သေး မျက်လုံးများကြားမှာ....၀ိရောဒိဖြစ်ကာ...အရာရာကို အလိုမကျနိုင် ဖြစ်နေသော..အိန္ဒိယ လူမျိုး ပင်စင်စား တရားသူကြီး အဘိုး…။ အနောက်တိုင်း သာသနာပြုတွေ ရဲ့ လက်ထဲမှာ ကြီးပြင်းရင်း ဆက်ကျော်သက်အရွယ်မှာ အဘိုးနဲ့ နေထိုင်ရအောင် ရောက်လာတဲ့..ဒုက္ခိတမြေးမလေး..။သူမနဲ့ ချစ်ကြိုးသွယ်နေတဲ့..နီပေါ တိုင်းရင်းသား သင်္ချာဆရာလေးရဲ့...တိုင်းရင်းသား လွတ်မြောက်ရေး လှုပ်ရှားမူ။ ဒါတွေကို ဇာတ်လမ်းလေး အဖြစ် ယက်ခြယ် ထားသည်။ တပြိုင်ထဲမှာပဲ ဇာတ်လမ်းကို ပိုပြီး သွက်လက် ရွင်မြူးစေတာက....မြေးအဘိုးအိမ်က...ထမင်းချက်ကြီးရဲ့ သားဖြစ်သူအပေါ် အထင်ကြီး မျှော်လင့်ခြင်းများ.....။ ရှုပ်ထွေး စည်ကားလှတဲ့...နယူးယောက် မြို့ကြီးရဲ့ မြေအောက်ခန်း လေးထဲမှာ ဘ၀ ရပ်တည်ချက် ရှာမတွေ့နိုင် ဖြစ်နေတဲ့ ထမင်းချက်ကြီးရဲ့သား တရားမ၀င် အလုပ်သမားလေးရဲ့ နာကျင် ရီမောဘွယ် ဇတ်ဝင်ခန်းများ ။

-ဆုံးရှုံးမူ အသီးသီးကို လက်ဆင့်ကမ်း ခံခဲ့ရတဲ့....သူ့ရဲ့ ဇာတ်ကောင်တွေ အားလုံးမှာ တွေ့ရတာက ...ဘာမှ မတတ်နိုင်ခြင်း အနှိမ်ခံ အရှက်ရခြင်း များသာမို့ အဆိုးမြင် ဆန်လေသလားတော့ မသိ။ အကဲဖြတ် သုံးသပ်သူ များကတော့....ကိုလိုနီဆိုးမွေ...ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ မပီပြင်မူ...အခြေခံဝါဒီများနဲ့ အကြမ်းဖက်လမ်းစဉ်.. စတဲ့ ၂၁ရာစုရဲ့ ခေတ်အစားဆုံး ခေါင်းစဉ်များကို တလုံးတစည်းထဲ ကွက်ကွက် ကွင်းကွင်း မီးမောင်း ထိုးပြလိုက်သော အကောင်းဆုံး ၀တ္တုပါပဲလို့ တပြိုင်တည်း မှတ်ချက်ပေးကြသည်။

-ဒေသခံ အိန္ဒိယ လူမျိုးတို့ရဲ့ ဝေဖန်မူ တွေကိုတော့- စာရေးဆရာမ ဒေဆိုင်း က....

“ကျမ အသေအချာ မထိတွေ့နိုင်တဲ့ အိန္ဒိယနိုင်ငံကို အတတ်နိုင်ဆုံးတော့ ထိန်းထိန်း သိမ်းသိမ်းနဲ့ သရုပ်ဖော် ထားပါတယ်။ အိန္ဒိယ လူမျိုးတယောက် ဖြစ်ပီး..အိန္ဒိယဟာ ကျမရဲ့ နိုင်ငံ မဟုတ်တော့တာ တကယ့် ဆုံးရှုံးမူ တခုပါပဲ..”
လို့ ဖွင့်ဟခဲ့သည်။သူကတော့...နှလုံးသား ဆုံးရှုံးခြင်း ဖြစ်လိမ့်မည်။..ဒါ့ထက်မက..ကိုယ် ဘယ်အုပ်စုထဲကလည်း ဆိုတာပင် မခွဲခြား နိုင်တော့သော Loss of Identity ကိုယ်ပိုင် လက္ခဏာ ဆုံးရှုံးသူတွေရော… ။

မိတ်ဆွေ တယောက်ကို သတိရမိသည်...။ သူက သြစတြေလျ နိုင်ငံသား... လူမျိုးက မြန်မာ-ကရင် နဲ့ အိန္ဒိယကပြား...သူ့နဲ့ အတူနေတဲ့ အမျိုးသမီးက..ဗီယက်နမ် နဲ့ ကိုရီးယား ကပြား...သူတို့ နှစ်ယောက်က မွေးတဲ့...ပေါက်ကာစ ကလေးလေးကို ငုံ့ကြည့်ရင်း...ခေါင်းကိုက် ရောဂါ တခုလို စွဲနေသော- ငါ့တိုင်းပြည် ငါ့လူမျိုး - ဆိုတဲ့ အတွေးတို့ လန့်ဖြန့် ထွက်ပြေး သွားဘူးသည်။

ကမ္ဘာ့ နိုင်ငံကြီးများက ဖော်တဲ့ မျိုးချစ်စိတ် ဖြတ်ဆေး

တကယ်တော့....ရွှေ့ပြောင်း အခြေချ သူတွေအတွက်..ကိုယ်ရောက်ရှိနေထိုင်ရာ....ပတ်ဝန်းကျင်ယဉ်ကျေးမူ တွေနဲ့ တသားတည်း ဖြစ်အောင် ကြိုးစား နေထိုင်ရင်း....တချိန်တည်းမှာပဲ အလွယ်တကူ ဖြတ်ပစ်လိုက်လို့ မရတဲ့ မျိုးချစ်စိတ်တွေ ဇာတိရပ်မြေ သံယောဇဉ်တွေ က နာတာရှည် ခေါင်းကိုက်ရောဂါ တွေဖြစ်လာကြသည်။

တလောက လက်ဘနွန် နိုင်ငံထဲက ဟစ်ဇဘိုလာ လက်နက်ကိုင်တွေကို အစ္စရေးက ၂ပတ်ကြာအောင် လေဆိပ်တွေ ပါမကျန် ၀င်ရောက် ဗုံးကြဲတော့ သြစတြေလျ အစိုးရက သူ့ နိုင်ငံသား ခံယူထားတဲ့ လက်ဘနွန်လူမျိုး နှစ်သောင်းကျော်ကို သင်္ဘောကြီးတွေနဲ့ နှစ်စီးတိုက်လောက် သွားရောက် ကယ်တင်ခဲ့ရသည်။ အဲလောက် အများကြီး တချိန်ထဲမှာ ဘာ ပြန်လုပ်နေကြသလဲ။..တကယ်တော့..အဲဒီ လက်ဘနိစ် တွေသည်..သြစတြေလျ နိုင်ငံသား ခံယူထားသော်လည်း ကိုယ့်ဇာတိမြေမှာသာ ပြန်နေထိုင် နေကြခြင်း ဖြစ်သည်။ အဲနောက် မကြာခင်ဘဲ ၾသစေၾတလ် အစိုးရက..ၾသစေၾတလ် နိုင္ငံသား ခံယူမူ စည်းမျဉ်းတွေကို တိုးမြှင့် သတ်မှတ်လိုက်သည်။ Australian Value ဆိုတဲ့ ခေါင်းစဉ် အောက်မှာ သြစတြေလျ နိုင်ငံအပေါ် ဘယ်လောက် သစ္စာခံနိုင်မည်လဲ ဆိုတာကို မှတ်ကျောက် တိုက်ကာ စစ်ဆေး ဖြေဆို ခိုင်းတော့မည်။

အမေရိကန်ကလည်း အခု နောက်ပိုင်း သူ့ရဲ့ ကမ္ဘာကျော် ထီဖွင့်ပွဲကြီးနဲ့ နိုင်ငံသား သတ်မှတ်မူတို့ကို Democracy Value ဘယ်လောက် နားလည်- မလည် ဆိုတာပေါ်မှာ စဉ်းစား ဆုံးဖြတ်တော့မည်တဲ့။ အဲဒီ Value ဆိုတဲ့ ဝေါဟာရ အတော် အသုံးဝင် လာသော်လည်း ခက်တာက ဘာတွေလဲ ဆိုတာ အဓိပ္ပါယ် အတိအကျ ဘောင်ခတ်လို့ မရ။ ပုံသဏ္ဌန် လည်း မပီပြင်။ ဒါတွေ အားလုံးရဲ့ နောက်ကွယ်မှာ (Reaffirmation of Western Identity) အနောက်ဟန် သွတ်သွင်းခြင်းများ ရှိနေတယ်လို့လည်း မကျေမနပ် ပြောဆိုနေကြသည်။

သေချာတာကတော့ တကမ္ဘာလုံး လိုလို...အနောက် ဘာသာစကား...အင်္ဂလိပ် စကားကို...မဖြစ်မနေ တန်ဖိုးထား အသုံးပြု လာကြရတာပါပဲ။ အံ့သြစရာ ကောင်းတာက အမေရိကန်ရဲ့ လူဦးရေ သန်း ၃၀၀ နီးပါး မှာ ၃၂သန်းကျော်ဟာ အင်္ဂလိပ် စကား ကောင်းကောင်း မပြောနိုင်ဘူး ဆိုတဲ့အချက်ဖြစ်သည်။ စပိန် စကား ပြောတဲ့ ရေခံမြေခံ မက္ကဆီကန် မျိုးနွယ်စုတွေနဲ့ တောင်အမေရိက တိုက်ကနေ စီးဝင်နေတဲ့ လူစီးကြောင်းကြီးကြောင့်...စပိန်စကားဟာ...အမေရိကန်ရဲ့ ဒုတိယ အသုံးအများဆုံး ဘာသာစကား ဖြစ်လာနေသည်။ အရင်တုံး ကတော့ အင်္ဂလိပ်စကားကို နားလည်မူနဲ့ပဲ သတ်မှတ်သုံးစွဲ နေခဲ့ကြပေမဲ့ အခုတော့ တရားဝင် နိုင်ငံတော် ဘာသာစကား ဖြစ်ဖို့ ကဗျာကယာ စိုင်းပြင်းနေကြပီ။

အရောင်စုံ အရသာစုံ သကြားအုပ်ထားသော မျိုးချစ်စိတ် ဖြတ်ဆေးတွေ ဖော်စပ် ကုန်ကြပီ။

အာရှတိုက်ရဲ့ Cosmopolitan လို့ နံမည်ကြီးတဲ့ လူမျိုးစုံလှတဲ့ စင်ကာပူ နိုင်ငံမှာတော့.. လူများစု ဖြစ်တဲ့...တရုတ်နဲ့...အိန္ဒိယနွယ်..သွေးနှောထားတဲ့..ကော့ကေးရှန်း ရုပ်ဆန်ဆန် လူငယ်လေးတွေရဲ့ မျက်နှာပြည့် ပုံကြီးတွေကို (Changing Faces ) “ပြောင်းလဲလာသောမျက်နှာများ” လို့ စာတမ်းထိုးပီး လမ်းဆုံ လမ်းခွ နေရာတွေမှာ အသေအချာ ချိတ်ဆွဲ ပြထားတာတွေ့ရသည်။ ဘာ အဓိပ္ပါယ် လည်းတော့မရှင်း....။ လူမျိုးရေးစွဲ နဲပါးနိုင်သော နိုင်ငံသား ပုံစံအသစ် တခုကို ပရိုမိုးရှင်း လုပ်ခြင်းသာ ဖြစ်လိမ့်မည်။

နေရှင်နယ်လစ်ဇင်နဲ့ ဂလိုဘယ်လစ်ဇင် ဘာကိုရွေးမလည်း...

အဲဒီတော့ ခေါင်းကိုက်ခြင်း ကင်းသော ခေတ်မှီဟန် အမြင်ကျယ်ဟန် ရှိသော ဂလိုဘယ် နိုင်ငံသားအသစ်ဆီကို သွားမလား။ အမြင် ကျဉ်းမြောင်းတယ်ပဲ ဆိုဆို ခေတ်နောက်ပြန် ဆွဲတယ်ပဲပြောပြော အမျိုးသားရေး အသွင် လက္ခဏာများကို ကြံ့ကြံ့ခံကာ ထိန်းသိမ်း စောင့်ရှောက်မလား။
အရေးကြီးတာက နှလုံးသားရဲ့အသံကို နားထောင်ဖို့ မမေ့ရန်သာ ဖြစ်သည်။

ဂလိုဘယ်လစ်ဇင် ဆိုတာကလည်း အခုမှသာ ဂျေဒိုးနတ်မုန့်လို အသစ်အဆန်း ဖြစ်နေပေမဲ့ ၁၉၆၀-၇၀ နှစ်တွေ လောက်တည်းက စခဲ့တဲ့...ကမ္ဘာ့ကုလသမဂ္ဂ လို....ကမ္ဘာ့ဘဏ် လို..ဘိုးအေ ဂလိုဘယ်လစ်ကြီးတွေပင် ခြေကုန် လက်ပန်း ကျတဲ့ အချိန်ရောက်နေပီ။ တကယ်တော့လည်း ကမ္ဘာ့အင်အားကြီး..ချမ်းသာ ကြွယ်ဝသော နိုင်ငံတွေက...ဂလိုဘယ်လစ်ဇင်ကို..အပြတ်ပေး လက်ငင်းငွေချေကာ
ဝယ်ထားလိုက်ပြီးသားလို ဖြစ်နေသည်ပင်။

ဘယ်သူမဆို..Internationalလို့ ခေါင်းစဉ်တပ်ပြီး တွေးနိုင် ပြောနိုင်ကြပေမဲ့ Nationalဆိုတဲ့ ဘောင်လေး ထဲမှာပဲ နေချင် ပျော်ချင်ကြတဲ့ လူတွေချည်းပါပဲ။ အခုတော့လည်း ကုန်သွယ်ရေး မညီမျှမူ … လူမျိုးရေး ဘက်လိုက်မူ.. ဘာသာရေး ကန့်သတ်မူ တွေအောက်မှာ Nationalism ဆိုတဲ့ ကြက်သရေ ရှိလှတဲ့

ဝေါဟာရအစား Unilateralism, Racism, Extremism ဆိုတဲ့....ကြမ်းရှရှ နံမည်တွေ တပ်ကာ အပြန်အလှန် လက်ညှိုးထိုး နေကြပြန်လေပြီ။
အဲဒီ နေရှင်နယ်လစ်ဇင် နဲ့ ဂလိုဘယ်လစ်ဇင် အစွန်း နှစ်ဖက် ဆက်သွယ်ထားတဲ့ ကြိုးကိုတော့ တင်းအောင် မဆွဲမိဖို့ အရေးကြီးသည်။

ဒီနေရာမှာ ဆရာကြီး ရွှေဥဒေါင်း ပြောခဲ့တဲ့ ....“ကျနော့်ရဲ့ အမျိုးသားရေး စိတ်ဓါတ် ဆိုတာ...ဘောလုံးပွဲမှာ..ဗမာနိုင်ရင် ပြီးရော ဆိုတဲ့..စိတ်ဓါတ်မျိုး မဟုတ်ပါဘူး။..ဒါပေမဲ့..ဗမာ နိုင်ခဲ့ရင်တော့ဝမ်းသာ ကျေနပ် ဂုဏ်ယူတတ်တဲ့ စိတ်ဓါတ်မျိုးပါ..” ဆိုတဲ့ မှတ်တမ်းဝင်စကားလေးကို နက်နက် ရှိုင်းရှိုင်း သတိရ ဆင်ခြင်မိလိုက်သည်။



ဇန်န၀ါရီလ ၂၀၀၇



ညွှန်း-"Collapse of Globalism "by John Ralston, 2006



Share/Bookmark

14 Comments:

Anonymous said...

ကေရေ...တို့ရဲ့  မျိုးဆက်ကို မျိုးချစ်စိတ်နဲ့ ပတ်သက်ပြီး ဘယ်လိုပြောရပါ့....သူ့ကျောင်းမှာ အမေရိကန် နိုင်ငံတော်သီချင်းကျောင်းတက်တဲ့ နေ့တွေမှာဆိုရတယ်...ပြီးခဲ့တဲ့ စာသင်နှစ်ကစပြီး စပန်းနစ်ရှ်ဘာသာစကားကို အပြောသက်သက် စသင်နေရပြီ( ကျောင်းတွေအကုန်တော့ မဟုတ်ပါ..ခလေးက gift and talented class ကို မနှစ်ကစ တက်ရတယ်...ကျောင်းတိုင်းလည်း မရှိသလို အတန်းတိုင်းလည်းမရှိပါ..) နောက်စာသင်နှစ်ကစပြီး စပန်းနစ်ရှ်ဘာသာကို အရေးပါ စသင်ရတော့မယ်...မသင်မနေရပေါ့...ခလေးက မြန်မာစကားတော့ ပြောတတ်တယ် မြန်မာစာတော့ မတတ်ပါ.. မြန်မာပြည်သွားလည်မယ်ပြောရင်တောင် တခါမှ မရောက်ဖူးဘဲနဲ့ မသွားချင်ဘူးလို့ ငြင်းဆိုနေဆဲ...
သူ့စိတ်ထဲမှာ မြန်မာပြည်ကို ချစ်ဖို့တော့ ပြောဖို့ရာ မိခင်တယောက်အနေနဲ့ ခက်ခဲနေဆဲပါ ကေ....

mie nge

Ko Paw said...

နိုင်ငံခြားသားတွေက “နေပါစေဗျာ။ ကျနော့်အတွက် ဒုက္ခမရှာပါနဲ့ ”…. ပြောတာမျိုးတွေ ဒေါက်တာအောင်ထွန်းသက်လည်း မကြုံဖူးဘဲ နေမှာ မဟုတ်ဘူး။ ဒုက္ခ၊ ဒုက္ခ… မြန်မာလူမျိုးပဲ အားနာတတ်တယ် ထင်နေကြတာလည်း ရောဂါပဲ ထင်ပါရဲ့။ အားနာခြင်းဟာ လူမျိုးနဲ့မဆိုင်ပါဘူး။ လူတဦးချင်းနဲ့ပဲ ဆိုင်ပါတယ်။

မြန်မာလူမျိုးဆိုရင် ရိုးသားတယ်၊ ဖော်ရွေတယ်၊ ကူညီတတ်တယ်၊ အားနာတတ်တယ်…. အဲသည်လိုကြီး (Stereotyping) တရားလွန်သတ်မှတ်နေတာကတော့ မဟုတ်သေးဘူး ထင်တာပဲ။ အဲသည်အတိုင်းသာမှန်ရင်တော့ နအဖ ဆိုတဲ့ ဟာကြီးတောင် မြန်မာပြည်မှာ ပေါ်လာတော့မှာ မဟုတ်ဘူးထင်တယ်။ လာဘ်ပေးလာဘ်ယူဆိုတာလည်း ရှိမှာမဟုတ်တော့ဘူး။ ရုံးပြင်ကန္နားသွားရင်လည်း သူ့ထက်ငါ အလုအယက် ကူညီကုန်ကြတော့မှာပေါ့။

ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ မျိုးချစ်စိတ် ချိန်ထိုးရေးပြသွားတာကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။

မမသီရိ said...
This comment has been removed by the author.
မမသီရိ said...

ဂလိုဘယ်လိုက်ဇေးရှင်းကိုလဲ လက်ခံတယ်
အမျိုးသားရေးစိတ်ဓါတ်ကိုလဲ မပြစ်ပယ်သင့်ဘူး

ဆရာကြီး ရွှေဥဒေါင်း ပြောခဲ့တဲ့ ....“ကျနော့်ရဲ့ အမျိုးသားရေး စိတ်ဓါတ် ဆိုတာ...ဘောလုံးပွဲမှာ..ဗမာနိုင်ရင် ပြီးရော ဆိုတဲ့..စိတ်ဓါတ်မျိုး မဟုတ်ပါဘူး။..ဒါပေမဲ့..ဗမာ နိုင်ခဲ့ရင်တော့ဝမ်းသာ ကျေနပ် ဂုဏ်ယူတတ်တဲ့ စိတ်ဓါတ်မျိုးပါ..” ဆိုတာကိုတော့ အတိအကျ ထောက်ခံတယ် မကေ ရေ..

အဲဒါဟာ လူသားအဆန်ဆုံး ခံစားချက်ပါပဲ
ဘယ်သူပဲ ဘယ်လောက် အမြင်ကျယ်တယ်ပြောပြော
ခံယူချက် ကျယ်တယ်ပြောပြော
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်အသိုင်း အ၀ိုင်း လို့
သတ်သတ်မှတ်မှတ် ရှိချင်တဲ့သူတွေ ချည်းပါပဲ

အမ အတွေ့ အကြုံလေး တခု ပြောပြ ချင်တယ်
မြန်မာပြည်ရဲ့ နယ်စပ်တနေရာမှာ ရှိတဲံ လူမျိုးစု တခုကို
အကြောင်းကိစ္စ တခုနဲ့အင်တာဗျူးလေး လုပ်ခဲ့ဖူးတယ်

သူတို့ ရုပ်ရည်က မြန်မာရုပ် မဟုတ်သလို
မြန်မာစကား မြန်မာစာ လုံးဝ မတတ်ကြဘူး
ဓလေ့ထုံးတမ်း ကိုးကွယ်တာက အစ
ဟိုဖက် က အတိုင်း
ဆက်ဆံရတာလဲပဲ သူတို့နဲ့ ကပ်ရက် နိုင်ငံဆီ
ဒါပေမဲ့ ဘိုးစဉ်ဘောင်ဆက် ဒီပြည်ထဲမှာပဲ နေလာခဲ့ကြတယ်လို့ ယူဆကြတယ်
သူတို့ကို မြန်မာပြည်နဲ့ တဖက်နိုင်ငံ ဘောလုံးကန်ရင်
ဘယ်ဖက်ကို အားပေးမလဲ အားပေးသလဲ မေးတော့

မြန်မာ ကို ပဲ အားပေးတယ် အားပေးမယ် တဲ့

အဲဒီလို လူမျိုးစုတွေမှာတောင် ဒီလို စိတ်ဓါတ်မျိုးလေးတွေ ရှိနေတာဆိုတော့

နှလုံးသား ခံစားချက် အရေးအကြီးဆုံးပါ ကေ ရေ

ဧရာ said...

အမျိုးသားရေးစိတ်ဆိုတာ “လူမျိုး, ဘာသာစကား, စာပေ, ယဉ်ကျေးမှု” တွေကို ချစ်တဲ့စိတ် (ချစ်မှလည်း ထိန်းသိမ်းချင်မှာကိုး…) လို့ ဆိုနိုင်မယ်ထင်တယ်။ ဒီတော့ (ရှာကျန်ပြီးပဲ ဖြစ်ဖြစ်) ချစ်စရာ National Identity တွေလည်း ရှိရမှာ, ဖန်တီးရမှာပေါ့။ ဒါပေမယ့် Gobalization ကြီးက လူကပြားတွေ၊ ယဉ်ကျေးမှုကပြားတွေ၊ အတွေးအခေါ်ကပြားတွေ မွေးထုတ်ပေးနေတော့… အထိတ်တလန့်နဲ့ အမေရိကန်ဆန့်ကျင်ရေး၊ anti-globalization တွေ ထ, အော်ကုန်ကြတယ်။ Nationalism နဲ့ Globalizationက တကယ်ပဲ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပြီလား။

တစ်ကိုယ်ကောင်းစိတ်ထက် အမျိုးသားရေးစိတ်က ကောင်းပါတယ်။ ဒီထက် “ငါ့ လူမျိုးမှ ငါ့လူမျိုး” ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အမြင်ထဲမှာ ပုန်းအောင်းမနေပဲ၊ ကမ္ဘာသားအားလုံးကို တန်းတူထားပြီး ချစ်တတ်တဲ့စိတ်က ပိုကောင်းပါတယ်။ ဒါပေမယ့် လူဆိုတာကတော့ အနီးကို ပိုချစ်တတ် ကြတာကလား။ နာဂစ်နဲ့ စီချွမ်ငလျှင် အချိန်အတူတူ နီးနီးလောက်မှာ မွှေသွားတော့၊ ကိုယ့်ဆီက နာဂစ်ဒုက္ခသည်ကိုမှ ပိုပြီး စုတ်သပ်ချင်ကြတယ်။ “မွေးဌာနီ အညာရပ်ဆီသို့ ရော်ရည်မျှော်မှန်း စိတ်ဝယ်တမ်းတ လွမ်းရပါသည်…” ဆိုတဲ့ သီချင်းသံမျိုးကြားရင် ကိုယ့်အညာကို ပြေးလွမ်းတတ်တဲ့ ကိုယ်က စင်္ကာပူမှာမွေး, စင်္ကာပူမှာကြီးပြင်းလာမယ့် သားတွေကို နားလည်ပေးဖို့ ကြိုပြီး အားမွေးထားရမှာပေါ့။ ကေပြောတဲ့ “အဲဒီ နေရှင်နယ်လစ်ဇင် နဲ့ ဂလိုဘယ်လစ်ဇင် အစွန်း နှစ်ဖက် ဆက်သွယ်ထားတဲ့ ကြိုးကိုတော့ တင်းအောင် မဆွဲမိဖို့” … ။

Aung Phyoe said...

တွေးစရာပဲ .. မကေ .. အနာဂတ်အတွက်ရင်လေးရမလား ဖြစ်သမျှ အကောင်းပဲရယ်လို့ ဘဘောထားလိုက်ရမလား ။ ဘယ်လောက်ပဲ ခေတ်မှီမှီ ကိုယ့်အမျိုးကို ချစ်တဲ့မျိုးချစ်စိတ်ကတော့ လူတိုင်းမှာရှိကြစမြဲပါ ။ ကိုယ့်နောက်မျိုးဆက်တွေမှာလည်း ဒါလေးကိုတော့ ပျောက်မသွားစေချင်ဘူး ။ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ မျိုးချစ်စိတ် ကို ယှဉ်ရေးပြသွားတာကို သေချာဖတ်လိုက်ရတယ် ။ ဂလိုဘယ်လိုက်ဇေးရှင်းထဲမှာ ကြီးပြင်းရင်း မျိုးချစ်စိတ် ကို ရှင်သန်နိုင်စေရင်တော့ အကောင်းဆုံးပေါ့ ။

tune said...

ကွန်မန့် သေသေချာချာ ရေးချင်စိတ် ပေါက်သွားတဲ့ ပို့စ်လေးလို့ ပြောရမယ် ထင်တယ်။
အများကြီးတွေးဖြစ်ပါတယ်။

ဒါပေမယ့် အများကြီး မမျှော်လင့်ပါဘူး။
နိုင်ငံရပ်ခြားကို ဘယ်လို အကြောင်းနဲ့ပဲ ရောက်နေကျတဲ့ သူတွေ ဖြစ်ပါစေ ခဏပဲ ဖြစ်ဖြစ် ၊ အမြဲနေဖို့ ပဲ ဖြစ်ဖြစ်ပေါ့လေ .. ထပ်ပြီး ပိုမိုနစ်နာအောင် မလုပ်ကြရင်ဘဲ ကျေးဇူးတင်ပါတယ်လို့။

မြန်မာ့ သတ္တိသိသွားအောင် အခန်းဖော်တွေကို အရက်မူးပြီး အော်ဆဲပြလိုက်တယ် ဆိုတာမျိုးလေးတွေ ..
မြန်မာပဲ လည်တာပေါ့ .. အလုပ်ကို ဘယ် အပြည့်လုပ်မှာလဲ .. ခိုလို့ ရသလောက် ခိုတာပေါ့ ဆိုတာမျိုးလေးတွေ ..
ကျွန်တော်၊ ကျွန်မပဲ တော်တာပါ .. မြန်မာ လူမျိုးတွေ တစ်ယောက်မှ အသုံးမကျဘူး ဆိုတာမျိုးလေးတွေ ..

ကိုယ့်အချင်းချင်း အနိုင်ကျင့်နေကြတာလေးတွေ .. အဲဒါလေးတွေ မလုပ်ကြရင် ကျေးဇူးတင်လှပါပြီလို့ပဲ ...

ကိုယ် တစ်ယောက် ကောင်းအောင် နေပြလို့ မြန်မာလူမျိုးတွေ ကောင်းတယ်လို့ ကိုယ့် ပတ်ဝန်းကျင်က လူတွေ ထင်မြင်ယူဆသွားမယ်ဆိုရင် အရမ်းကို ကျေးဇူးတင်ဖို့ ကောင်းမှာပါ။

Yu Wa Yi said...

ဆိုင်မလားတော့မသိဘူးပေါ့။ အဖေက အညာသားမို့ အညာကိုချစ်ပေမယ့် ရန်ကုန်မှာမွေးတဲ့တို့ တော့ အညာကို မချစ်လှပါဘူး။ အမေကတော့ အညာသားကိုချစ်လို့ အညာကို ချစ်သွားပြီလေ။

အများရဲ့ အလယ်မှာရောက်ရင် ကိုယ့်ယဉ်ကျေးမှုသတ်သတ်မှတ်မှတ်ရှိတဲ့လူက လူရိုသေရှင်ရိုသေ ပိုခံခဲ့ရတဲ့ အစဉ်အလာရှိခဲ့နိုင်တယ်။ Identity ကတော့ ဥပဒေရေးရာနဲ့ ပိုပတ်သတ်မလားပဲ။ Identityပျောက်တဲ့လူတွေ အခွင့်အရေးတွေဆုံးရှုံးကြပုံတွေ ကြားဖူးနေတယ်လေ။

ဆောင်းယွန်းလ said...

တန်ဘိုးရှိလှတဲ့ပို့စ်တခုဖြစ်တာကြောင့် လေးလေးနက်နက်ဖတ်သွားပါတယ်မကေရေ
ပို့စ်အတွက်ကျေးဇူးပါ

Anonymous said...

အမ
ညီမက မကြာသေးခင်ကမှ သြဇီကိုပြောင်းလာတဲ့ သူပါ။
မြန်မာပြည်ကို ဖုန်းဆက်ချင်လို့ ဘယ်ဖုန်းကတ် သုံးရမလဲ ဆိုတာ သိရင်ပြောပြပါလား။ ဘယ်မှာ ၀ယ်ရင်ရမလဲ သိရင်ပြောပြပါလား။ကျေးဇူး တင်ပါတယ်နော်။

မိုးမိုး

ပုံရိပ် said...

မကေရေ စိတ်ဝင်တစား ဖတ်သွားပါတယ်။ အစ်မရေးထားတဲ့ ၀တ္ထုအကြောင်းကို စိတ်ဝင်စားမိပါတယ်။

Nge Naing said...

ဒီပို့စ်ကို မှတ်ချက်ရေးဖို့ ကြိုးစားတာ ၃ ကြိမ်ရှိပြီ သားနဲ့ ကွန်ပြူတာ လုနေရလို့ မရေးဖြစ်ပဲ ပြန်ပြန်ထွက်သွားရတယ်။ ကျွန်မကတော့ နေရာတိုင်းမှာ အမျိုးသားရေး လုပ်လို့မရသလို နေရာတိုင်းမှာလည်း Globalisation လုပ်လို့မရဘူး မြင်တယ်။ အမျိုးသားရေးလုပ်လို့ မဖြစ်နိုင်တာက ဘယ်မျိုးရိုးကပဲ ဆင်းသက်လာပါစေ။ လူတယောက်ဟာ သူဖြတ်သန်းတဲ့ ပတ်ဝန်းကျင်ရဲ့ ပုံသွင်းမှုအများဆုံး သက်ရောက်ပါတယ်။ ဆေးပညာအရလည်း မျိုးရိုးဗီဇလိုက်တဲ့ ရောဂါအတော်များများ ရဲ့ ဖြစ်နိုင်ခြေက Gene နဲ့ Enviromental factors မှာ Enviromental factors က ပိုပြီးလွှမ်းမိုးပါတယ်။ ဒါကြောင့် ကလေးတွေ ဗမာသွေးပေမယ့် သူကြီးပြင်းတဲ့ ပတ်ဝန်းကျင်ရဲ့ အကျင့်စရိုက် လွမ်းမိုးတာ သဘာဝဖြစ်တယ်ဆိုတာ ကျွန်မတို့ နားလည်ပေးဖို့ လိုလိမ့်မယ်။ ကလေးတွေကို မြန်မာလို နေအောင် မြန်မာကို ချစ်တတ်အောင် အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးတာကလွဲပြီး အတင်း ကိုယ်ဖြစ်ချင်တိုင်း ပေးဖြစ်လို့ မရနိုင်တာကတော့ သေချာပါတယ်။
Globalisation လုပ်တာလည်း အခြေခံကျတဲ့ အချက်တွေမှာပဲ လုပ်လို့ ရနိုင်ပါတယ်။ ဒေသတခုနဲ့ တခုမတူတဲ့ အတွက်ကြောင့် တချို့ Local လိုအပ်ချက်တွေက Global နဲ့ အကျုံးမ၀င်သလို Global ကြောင့် Local မှာ အကျိုးမရှိနိုင်တာ၊ အကျိုးပျက် စီးသွားနိုင်စရာတွေ အများကြီး ရှိပါတယ်။ ဥပမာ ပြည်ထောင်စု နိုင်ငံတွေမှာ ပြည်နယ်တခုနဲ့တခု လူတွေရဲ့ ပါရမီအရ၊ အရည်အချင်းအရ၊ ဒေသန္တာရ အခြေအနေအရ မတူညီကြလို့ ပညာရေးတို့ ကျန်းမာရေးတို့ကို ဖက်ဒရယ် အစိုးရက မကိုင်ပဲ ပြည်နယ်အစိုးရကပဲ ကိုင်ကြတာတွေ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီလိုမဟုတ်ပဲ Burmanisation လုပ်လို့ အခုထိ တိုင်းရင်းသားတွေနဲ့ ပြဿနာတွေ ဖြစ်နေတယ်။ ကောင်းမွန်တဲ့ မြန်မာ့ယဉ်ကျေးမှုတွေ (မိန်းမတွေက ယောက်ျားတွေထက် ယုတ်ညံ့တယ်ဆိုတာ မပါ) ကို Globalisation ကြောင့် ပျက်စီးသွားတာကို လက်မခံနိုင်သလို သူများလူမျိုးရဲ့ ကောင်းကွက်တွေကို မျက်ကမ်းမျိုးချစ်ကြောင့် အကောင်းမမြင် နိုင်တာမျိုးလည်း မဖြစ်သင့်ဘူးလို့ ယူဆတယ်။

Dr.Nay Oo (Burma) said...

ကိုပေါရေ

ပြောတာကို ယေဘူယျ သဘော အနေနဲ့ သဘောတူပါတယ်။ နိုင်ငံခြားသားထဲမှာလဲ ခင်ဗျားပြောတဲ့ လူမျိုးတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ရှားတယ်ဗျ။
မြန်မာလူမျိုးထဲမှာလဲ ခင်ဗျားပြောသလို အားမနာတတ်တော့တဲ့ မြန်မာတွေ များလာတာ အမှန်ပါ။
အဲဒါဟာ ဆရာ အောင်ထွန်းသက် ပြောချင်တဲ့ national Identity ထိန်းသိမ်းဖို့ လိုလာတဲ့ သဘောပါပဲ။
ဆရာပြောတာက “ လူမျိုးတိုင်း ” မှာ အားနာတတ်တာ ကိုရှာမတွေ့နိုင်ဘူးလို့ပြောတာပါ။ လူတချို့မှာတော့ အားနာတတ်တဲ့ သဘောတွေ ရှိပါတယ်။
မြန်မာလူမျိုး အများစု( မြန်မာမပီသတော့တဲ့သူတွေနဲ့ နအဖ မပါ) ရဲ့ထူးခြားတဲ့ လက္ခဏာ prominent characteristic ကတော့ အလွန်အမင်း အားနာတတ်ခြင်း လို့ထင်ပါတယ်။
အခါများစွာမှာ အားနာတတ်တာကြောင့်“ အ” သလို “ န “ သလိုတောင် ထင်စရာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အပြင်မှာရောက်နေတဲ့ မြန်မာ ကလေးတွေ ကို “ အ” သလို “ န ”သလို ထင်ခံရနိုင်တဲ့ အားနာမှုမျိုး မထားကြဖို့ သင်ပေးရဖူးပါတယ်။ ဥပမာဗျာ - မြန်မာကလေးမလေး တယောက်ရဲ့ ထမင်းဘူးကို စားပါဦးလားလို့ ဖိတ်ခေါ်လိုက်မိတာ နောက်ကို အမြဲတမ်း မဆင်မခြင် အကုန်ယူတီးနေတဲ့ နိုင်ငံခြားသူ ကို အောင့်အီးသည်းခံ နေတာ ၊ နောင် ခွင့်မပြုဖို့၊ ပြောဖြစ်အောင်ပြောထွက်ဖို့ မြန်မာမကလေး တယောက်ကို သင်ပေးရသေးတယ်။ ကြောက်လို့မဟုတ်ဖူး။ ကိုယ်ပြောလိုက်ရင် သူများရှက်သွားမလား။ အလိုက်မသိဘူးလို့ စွပ်စွဲရာ ရောက်မလားလို့ အလွန်တရာ ကိုယ်ချင်းစာ အားနာ တတ်တဲ့ သဘောလေးပါ။ နိုင်ငံခြား ရောက်တာကြာလို့ အသားကျနေတဲ့သူကတော့ ကိုယ့်အခွင့်အရေးပဲ မပြောတာ “အ” လို့ပေါ့ လို့များပြောမလားပဲ။
“ အားနာမှုနဲ့ ရိုးသားမှု ” ဟာ ရှေး ကျတဲ့၊ အခုလည်း ကျေးလက် တ၀ှမ်းမှာ တည်ရှိနေသေးတဲ့ တကယ့် အစစ်အမှန် မြန်မာ့ စရိုက် လက္ခဏာ ဆိုတာကို လက်ခံစေချင်ပါတယ်ဗျား။ ခေတ်ပျက်၊ခေတ်ဖျက် မြန်မာတွေတော့ မပါဘူးပေါ့နော်။
တွေ့သမျှ ကြုံသမျှ နိုင်ငံခြားသားတွေကတော့ မြန်မာလောက် ကိုယ်ချင်းစာနာ အားနာတတ်တဲ့ သဘော သကာယ နည်းကြပါတယ်ဗျာ။

ကျန်းမာ ချမ်းသာပါစေနော်

ကေ said...

ကျမလည်း ပို့စ် အသစ်တင်မှပဲ..အကြောင်းပြန်ဖြစ်တော့တယ်။ တကယ်တော့..ဒီခေါင်းစဉ် ကိုက.. ဘာမှ အထွေအထူး သိပ်ငြင်းခုံ လို့မရ နေခဲ့တာပဲ။ ကိုယ်ပိုင်ခံစားမူ..အတွေ့အကြုံ.. နဲ့ ပိုဆိုင်တာမို့.. အခုလိုကို..ကိုယ်ပိုင် အမြင် ကိုယ်ပိုင် အတွေးနဲ့..လေးလေး နက်နက် မှတ်ချက်ပေးသွားသူများ အားလုံးကို အလေးအနက် ကျေးဇူးတင်ပါတယ်။

အားနာခြင်း နဲ့ပတ်သတ်လို့တော့- ကိုပေါ ပြောသလိုရော..ဒေါက်တာနေဦး ပြောသလိုရော..တွေးကြည့်မိတယ်။ တခါတလေတော့လည်း..တခြားလူမျိုးတွေမှာလည်း..အားနာခြင်း ပုံစံ တမျိုး ရှိကောင်း ရှိနိုင်ပါလိမ့်မယ်။ ဒါပေမဲ့.. ဆွံ့ခြင်း ( hesitation) မျိုးမဟုတ်ပဲ.. အလိုက်သိတတ်ခြင်း ဆိုတဲ့သဘောဖက်ကို ပိုရောက်မယ်ထင်တယ်။

ကြုံတာနဲ့..ဂျူးဝတ္တုတပုဒ်ထဲက..ဇတ်ကောင် ၂ ယောက်..ဗမာအကျင့် နဲ့ နိုင်ငံခြားသားတွေ အကျင့် ငြင်းခုံတဲ့..စကားလေးကို ကူးယူပြလိုက်ပါတယ်။

“ခက်တာက..သူတို့က..ကျနော်တို့မြန်မာရဲ့ သဘောကောင်းတဲ့ ဖော်ရွေတဲ့ သူများကို ဦးစားပေးတတ်တဲ့ အလေ့အထကို နားမလည်ဘူး..တန်ဖိုးမထားတတ်ဘူး..ဒါကိုမြင့်မြတ်တဲ့ စိတ်လို့ မထင်ဘူး..ရိုကျိုးတဲ့ စိတ်လို့ထင်တယ်..”

တွေးစရာပါပဲနော်။။။