ကဗျာမသိတဲ့ ကဗျာ


ကဗျာတွေများ..
သီးလိုက်ကြတာ..
ပွင့်လိုက်ကြတာ..

စာမျက်နှာတွေ .. အလေ့ကျပေါက်တဲ့ကြား ..
ခံစားချက်တွေ.. မိုးကောင်းလွန်းလို့လား..
ပါရမီတွေ..မြေဆီပြည့် ကြတာလား..
အနုပညာတွေ.. ဒီလောက်တောင် မျိုးပွားနေမှတော့..

ကဗျာရှင်တို့ရေ..
ကဗျာဆိုတာ..
အဖြေမရှာတဲ့..
ဝေဒနာ ကြေငြာခြင်း များလား..
ကဗျာရှင် တယောက်ယောက် အချိန်ရရင် ပြောပြပေးပါ။




Share/Bookmark

23 Comments:

rose of sharon said...

ကဗျာလေးဖတ်သွားတယ်... ပြောတော့ပြောမပြတတ်ဘူး... ကဗျာရှင်လဲမဟုတ် အဲလောက်လဲဥာဏ်မမှီလို့(ကြွားတာ)

MANORHARY said...

ကဗျာဆိုတာ...........ဆိုပြီးပြောထားတဲ့ ကဗျာဆရာတွေရဲ့ quote လေးတွေ ပို့စ်အဖြစ် တင်ပေးပါဦးမယ် ။လောလောဆယ်တော့ ကိုယ့်အနေနဲ့က ကဗျာဟာ..ဇီဝကထံကက တိုက်ရိုက် လာသောဆေးဝါး ဖြစ်ပြီး ကိုယ်တိုင်လည်း ကိုယ့်အတွက် အသုံးတည့်ရန်အလို့ငှာ စမ်းသပ်ဖော်စပ် ကြည့်နေသော ဆေးဝါးသက်သက်မျှသာ....
ကမ္ဘာကြီးရဲ့နာမကျန်းမှုတွေကို ကုသဖို့ ကျွန်တော် ကဗျာရေးမှဖြစ်မယ်မေမေ တဲ့ ကဗျာဆရာကြီး တစ်ယောက်ကတောင် အဲလိုဖွဲ့ခဲ့ရဲ့....................................

tin min htet said...

ရေးချင်တာက ခွန်အားရှိတဲ့ ကဗျာမျိုး ..
ရေးချလိုက်တော့ ညည်းချင်းတွေ ..
ကဗျာဆရာမဖြစ်နိုင်ပေမယ့် ..
ကဗျာကောင်း နည်းနည်းရေးဖြစ်ဖို့ ..
ကြိုးစားပါဦးမည် ..

mgphonemyint said...

ပြန်ပြောပြဘို့တော်တော်ခက်တယ် ...း)
(မှတ်ချက် ။ ရုပ်ရှင်ကားနာမည် မဟုတ်ပါ )

ကျနော့်တဦးထဲအနေနဲ့ကတော့ စိတ်ထဲရှိနေတာ
ကို ချချရေးမိနေတာပါပဲ...။

အိန္ဒြာ said...

နာမကျန်းခြင်း..တေးသံ

ကမ္ဘာဦးလေသန့်ကို ရှူရှိုက်ဖို့
သံသရာဆိုတာ ဘယ်လောက်ရှည်ကြာလိမ့်ဦးမလဲ
ပျက်ကို ပျက်ရမှာကတော့ သေချာတယ်။

ရေကြီးလွှမ်းလွှမ်း၊ မီးကြီးလောင်လောင်
ကမ္ဘာတစ်ခုပျက်လို့ နောက် ကမ္ဘာသစ်တည်ကြရင်
အဲဒီ့ကမ္ဘာကို ကဗျာဆရာတွေနဲ့ ပြန်စမယ်။

ကဗျာဆရာဆိုတာ စိတ်က လှမ်းလှမ်းခွပ်သမျှ
အနေအထိုင် မတတ်ပြတာလေးကလွဲလို့ ရိုးသားတယ်
ကဗျာဆရာတွေက ကိုယ့်နှလုံးသားကို ကိုယ်
ရဲရဲဝံ့ဝံ့ ဖွင့်လှစ်ပြ၀ံ့သူတွေလည်းဖြစ်တယ်
ကဗျာဆရာ့ ဥပဇာမှာ ဗြဟ္မစိုရ်တရားတွေထွန်းကားပြီး
ကဗျာရေးတဲ့လက်တွေဟာ ဘယ်တော့မှ စစ်မက်တွေကိုမရေးချယ်တတ်ဘူး
ကဗျာရေးခြင်းအတတ်မှာ High techမလိုသလို
ကဗျာရေးခြင်းစွမ်းရည်အတွက် လောင်စာဆီတွေမလိုဘူး

ကဗျာဆရာတွေက
အလေ့ကျပေါက်ပင်တွေ ဖြစ်ပေမယ့်
ဆေးဖက်တော့ဝင်တယ်
ကဗျာဆိုတာ ကဗျာဆရာတွေရဲ့ သစ္စာဓိဌာန်
အဲဒီ့ သစ္စာဓိဌာန်က ကမ္ဘာဦးတေးသံ ဖြစ်လိမ့်မယ်။

ကဲ... အကုသိုလ်တွေ ခဏအောင့်ရအောင်
ဘ၀ဆိုတာ
တနင်္လာဆန်ဆန် နှစ်ခါ ပြန်ရ ဖို့ မလွယ်ဘူးလေ..။

သင်က
မနေ့က၀င်သွားခဲ့တဲ့ နေမင်းကြီးပဲမဟုတ်လား..
ကျွန်ုပ်တို့ အပူငွေ့တွေလှုံပြီး
ရဲရဲတောက် ကျန်းမာနေတဲ့ပုံ။ ။


အိန္ဒြာ
( ပိတောက်ပွင့်သစ်မဂ္ဂဇင်း)

"ဟဲဟဲ ကဗျာအကြောင်း ကဗျာနဲ့ပြောပြခဲ့တာ"

လင်းဒီပ said...

ကျွန်တော်ကတော့ စိတ်ထဲရှိတာ တသီးပုဂ္ဂလမဆန်တဲ့ ခံစားမှုမျိုး(အားလုံး ခံစားဖတ်ရှု စာနာလို့ရမယ့်)အကြောင်းအရာမျိုးကို ချရေးလိုက်တာပါ ။

ပြောမရတဲ့ စကားတွေအတွက် သိပ်ပြောချင်လွန်းတဲ့အခါ
ကဗျာတွေပဲ အခါခါ အန်ထုတ်ဖြစ်ပါတယ်…
ဇီဝဇိုးငှက် မဟုတ်တော့လည်း ဆေးဖက်တော့ မဝင်ခဲ့ဘူး။


ကိုယ့်ဒဏ်ရာကိုယ် ထုံဆေးပေးလို့ရသလို ဒဏ်ရာတူတဲ့သူတွေအတွက်လည်း ဆေးဖြစ်နိုင်တယ် မျော်လင့်လို့ပေါ့။

Anonymous said...

တို့တော့ ကဗျာတွေကို အခုမှ အချိန်ရှိသလောက် လေး လေ့လာနေဆဲပါ...ကိုယ်က ကဗျာတွေအားလုံးကို
နားလည်ဖို့ အဆင့်မရှိသူတယောက်....ဒီတော့ ကဗျာနဲ့
ပတ်သက်တာ သေချာမသိ...ကဗျာရှင် တယောက်ဖြစ်ဖို့
ဆိုတာတော့ ဝေးရော...ကဗျာရှင် မဖြစ်နိုင်ပေမယ့်
ကဗျာတပုဒ်တော့ ဖြစ်ချင်သေးရဲ့ ...( ဒေးဗစ်ကာရာဒင်းရဲ့  အဆိုအမိန့် ဖတ်ပြီး ခံစားမိတာပါ )
စာတွေကဗျာတွေနဲ့ တော်တော်လေးကို အလှမ်းဝေးနေခဲ့တာ ပြီးခဲ့တဲ့ ၄ ၅ လ လောက်ကမှ ဘလော့တွေလည်ဖြစ်ပြီး ပြန်ခံစားဖြစ်နေတာ....

ကိုယ်တိုင်က အနုပညာနဲ့ပတ်သက်တာ ဖန်တီးဖို့ ပါရမီမပါပေမယ့် အနုပညာ ဖန်တီးသူတွေ အားလုံးကို လေးစားသူတယောက်ပါ...

mie nge

မေဓာဝီ said...

"ကဗျာမသိတဲ့ ကဗျာ" ဆိုတဲ့ ကဗျာလေးကို လာဖတ်သွားပါတယ် မကေ။
ကဗျာဆိုပြီးရေးနေပေမဲ့ ကဗျာအကြောင်း သေချာမသိပါဘူး။ အကုန်သိဖို့ရာလဲ မလွယ်ကူလှဘူး ထင်တာပဲ။

Anonymous said...

ဒီကဗျာက ထောက်ချောက်တစ်ခု လားဗျ ....။

ATN said...

(ကဗျာဆရာရဲ့ပန်းပွင့်တွေ)

ကဗျာဆိုတာ
နာမကျန်းဖြစ်နေတဲ့ ကဗျာဆရာ
သူ့လမ်းတလျှောက်မှာ ကျဲချဖုံးလွှမ်းခဲ့တဲ့
အမြဲစိမ်းလန်းနေမယ့်
ပန်းပွင့်ကလေးတွေပါ...
တခါခါလည်း
ဝေဒနာလို့ ခေါ်နိုင်မယ်...
တခါတခါလည်း
သိင်္ဂါရတွေပါ...
တခါတခါတော့လည်း
ချစ်ခြင်းမေတ္တာတွေသက်သက်...
တခါတခါမှာလည်း
ကြေငြာချက်တွေ ဖြစ်ချင်ဖြစ်မယ်...
တကယ်မှာတော့
ကဗျာဆိုတာ
အနက်ရှိုင်းဆုံးတွင်းနက်ထဲက
ခုန်ထွက်လာတဲ့
ကွဲအက်ကြေမွ
နှလုံးသားရဲ့ အပိုင်းအစလေးတွေသာ ဖြစ်တယ်။

(အောင်သာငယ်)

ကဗျာမသိတဲ့ကဗျာတပုဒ်အတွက်
ကြေငြာချက်တခု ထုတ်သွားပါတယ်...း)

mgphonemyint said...
This comment has been removed by the author.
mgphonemyint said...

တခုတော့ထပ်ပြောပြချင်ပါတယ် ကဗျာနဲ့ပက်သက်ရင် ဗိန်းမောင်းတိုက်ပြီး လက်ဝှေ့ရေးတွေသိပ်ပြစရာမလိုဘူးတော့ မြင်ပါတယ်..။
အဲ့အကြောင်းနဲ့ပက်သက်ပြီးတော့ ကဗျာ တပုဒ်
ရေးပါဦးမယ် ။

Anonymous said...

မကေရဲ့ ဒီကဗျာက ဘလော့ဂါလောကမှာ ကဗျာရေးသူ
တွေကို အကြီးအကျယ် လှုပ်ရှားစေတဲ့ ကဗျာလို
ကျနော်တော့ ထင်တယ်၊ ကျနော်လည်း Anonymous
အနေနဲ့ပဲ ၀င်ရေးရဲတယ်၊ နောက်မို့ဆို ဒါတကယ်ကိုပဲ
ပြန်ဖျက်လို့မရတဲ့ ကျောက်စာ ဖြစ်သွားမှာ ဆိုးလို့ပါ။

Anonymous said...

ကဗျာဆိုတာ
ကဗျာရှင်(ကဗျာဆရာလို့ တချို့သူတို့ကိုယ်သူတို့ တံဆိပ်ကပ်ကြတယ်)တို့
အားအား ယားယား (အားနေ ယားနေလို့)
ကမ္ဘာကြီးကို ဟာသလုပ်နေတာ...

ဟား ဟား
ကဗျာ
ကဗျာ
ကဗျာပါဗျာ
လေးစားပါတယ်

မမသီရိ said...

အိန္ဒြာ ရဲ့ ကဗျာ ရယ်
ကိုအောင်သာငယ် ရဲ့ ကဗျာရယ် ဆိုရင်
မကေ သိချင်နေတာ ပြည့်စုံလောက်ပြီ ထင်ပါရဲ့

ကိုယ်တိုင်က ကဗျာ...(ဆရာ)မဟုတ်တော့
ကဗျာဆရာတွေ ကဗျာဆရာမတွေ ရဲ့ ကဗျာတွေနဲ့ ကိုးကား ပါရစေတော့..း)

မမသီရိ said...

နေအုံး..
ဒါနဲ့ မကေ.. က ဘယ့်နှယ်
ဒီအတွေးလေး ထွက်ကျလာရတာတုန်း
စိတ်ဝင်စား စရာ ပေပဲ..း)

ကဗျာ said...

ကဗျာဆိုတာ နှုတ်ခမ်းတလန် ပန်းတလန် နဲ့ အငြိုးကြီးကြီး ရေးဖွဲဖို့လည်း မဟုတ်ဘူးကွဲ့ မောင်ဖုန်းမြင့်ရဲ့

kay said...

( ၀န်ခံချက်- ကဗျာကောင်းလေးတွေ..ဒီတလော အများကြီး ဖတ်ဖြစ်ရလို့.. ထွက်ပေါ်လာတဲ့..မေးခွန်းမဟုတ်တဲ့..အတွေး တခုပါ)

ကဗျာ တွေနဲ့ ၀တ်မှုံကူးပေးသွားတဲ့.. မနော်..အိန္ဒြာ..ကိုအောင်သာငယ်..တို့ကို ကျေးဇူးတင် မိသလို.. ကိုအောင်သာငယ် ဘလော့မှ..ကိုလွမ်းဏီ အပါအ၀င်.. တခြား ကဗျာရှင် များရဲ့ ဖွင့်ဆိုခံစားချက် များကို..အလေးအနက် ဆင်ခြင် စဉ်းစား မိပါကြောင်း-

P.Ti said...

ကဗျာကိုတာ ကဗျာပေါ့.. အဓိပ္ပာယ်တွေ ထပ်မဖွင့်ပါနဲ့တော့... နော်.. ရှုပ်သွားလိမ့်မယ်

မေ့သမီး said...

ကဗျာတွေကိုဖန်ဆင်းနိုင်တဲ့ ပညာရှင်မဟုတ်ပေမယ့် ကဗျာတွေကိုချစ်တတ်တဲ့ လူတယောက်အနေနဲ့ကြည့်ရင် ကဗျာတွေက ကိုယ့်ခံစားမှုနဲ့ကိုယ်၊ ကိုယ့်အဓိပ္ပါယ်နဲ့ ကိုယ်တော့ နှလုံးသားအတွက်ဖြေဆေးတွေပါ။

တန်ခူး said...

ကဗျာရှင်ထဲ မပါနိုင်သူမို့  ဝေးဝေးကငေးသွားပါတယ်ကေ

mirror said...

ဘာမှ သေချာမသိတော့ ဘာမှမပြောတော့ဘူး။

လာဖတ်ပြီးပြန်သွားတယ်။ :)

အင်ကြင်းသန့် said...

''ကဗျာဆိုတာ..
အဖြေမရှာတဲ့..
ဝေဒနာ ကြေငြာခြင်း များလား....''တဲ့
မှန်လိုက်တာ မကေရယ်..
(ဒါမေမယ့် ညီမလေးကကဗျာဆရာတော့ မဟုတ်ပါဘူး)

ခင်တဲ့
အင်ကြင်း