မင်းဖြူမှန်မှန်ပြော

ရေးသူ - မိတေဖိုး


`မင်းဖြူမှန်မှန်ပြော´ ဆိုတာ မြန်မာ့ ရှေးဟောင်း အမွေအနှစ် ကမ္ဘာ့ ဒုတိယ အကြီးဆုံး မင်းကွန်း ခေါင်းလောင်းကြီးမှာ ရေးထိုးထားတဲ့ စာဆိုတာ အားလုံး နီးပါး သိမှာပါ။ ဒါပေမဲ့ လူတွေ တော်တော်များများက မှားယွင်းပြီး `မမင်းဖြူမှန်မှန်ပြော´ လို့ ပြောတတ်ကြပါတယ်။ (ဆရာ မင်းသိင်္ခ ရေးခဲ့တဲ့ ၀တ္ထု ခေါင်းစဉ်နဲ့ မှားယွင်း ရောထွေး သွားတာလည်း ဖြစ်နိုင်ပါတယ်) ဒါပေမဲ့ အဲသည်အမှားဟာ တော်တော် ဆိုးရွားပါတယ်။




သည်နှစ် ၂၀၀၈ ခု သြဂုတ်လ(၃)ရက်နေ့ ညနေ(၃) နာရီမှာ မင်းကွန်း ခေါင်းလောင်း ကြီးဟာ ချိတ်ဆွဲထားတဲ့ မျက်နှာကျက် ကနေ အောက်ကို ပြုတ်ကျ သွားပါတယ်။ လူတွေလည်း နမိတ် အမျိုးမျိုး ကောက်ကြပါတယ်။ သည် သတင်းကို ထုတ်လွှင့်တဲ့ သတင်းဌာန တချို့က မင်းကွန်း ခေါင်းလောင်းကြီးမှာ ရေးထိုးထားတဲ့စာကို မမင်းဖြူမှန်မှန်ပြော လို့ ဖတ်သွားတာ ကြား လိုက်တော့ ကျမ သည်စာကို ရေးချင်စိတ် ဖြစ်မိပါတယ်။ သိပြီးသားတွေ ဆရာလုပ်တယ်လို့ ထင်ချင်ရင်လည်း ထင်ခွင့်ရှိပါတယ်။
ကျမတို့ ရှေးမြန်မာ ပညာရှင်ကြီးတွေဟာ ကိန်းဂဏန်း အက္ခရာတွေနဲ့ မြန်မာဗျည်း အက္ခရာ တွေကို နေ့ တွေနဲ့ ကြားခံပြီး ဆက်စပ်မှု ပြုတဲ့နည်းကို တည်ထွင် ခဲ့ပါတယ်။ အထင်ကရ ကိန်းဂဏန်းတွေ ခုနှစ်သက္ကရာဇ်တွေကို မှတ်သားရာမှာ သည်နည်းကိုသုံးပြီး ရွတ်ဆိုလို့ ကောင်းတဲ့ စာချိုးလေးတွေနဲ့ လက်ဆင့်ကမ်း ထားခဲ့ပါတယ်။ ကွန်ပြူတာ နည်းပညာတွေ မထွန်းကားစဉ်က လူတွေရဲ့အတတ်ပညာနဲ့ အသိဥာဏ် အားသာခဲ့တဲ့ အချက်လို့ ကောက်ချက်ချရင် ရမယ် ထင်ပါတယ်။ ဖတ်မိတဲ့ သူတွေထဲမှာ သည်နည်းကို မသိတဲ့သူ တစ်ယောက် တစ်လေများ ပါခဲ့ရင် သိအောင်လို့ ဗဟုသုတလေးမျှပါရစေ။ နှစ်သက်စရာ ထိန်းသိမ်း ထားသင့်တဲ့ အတတ်ပညာ တစ်ခုလည်း ဖြစ်တယ်ထင်လို့ပါ။

မြန်မာဗျည်း အက္ခရာ (၃၃) လုံးကို ရေးထုံးစည်းကမ်းအရ (၅) လုံးစီ တစ်တန်း ရေးရပါတယ်။ အဲသည်မှာ ဗျည်းနဲ့ နံပါတ်ကို နေ့ ကြားခံပြီးဆက်စပ်ထားတာက သည်လိုပါ...




မှတ်ချက်။ ။ ဠ(လကြီး)သည် အသံထွက်အရ ဗုဒ္ဓဟူး - နံပတ် ၄ ဖြစ်ပါသည်။

မြန်မာပြည်ရဲ့ ယဉ်ကျေးမှုအမွေ ပုဂံ ဘုရား ပုထိုးစေတီတွေဟာ အဆူပေါင်း လေးသန်း ကျော်ရှိပါသတဲ့။ ဘယ်လောက်များသလဲဆိုရင် တနေရာမှာ ရပ်ပြီး ကြိုက်တဲ့ဘက်ကို လက်ညှိုး ထိုးလိုက် ဘုရားစေတီ တွေနဲ့ မလွတ်ဘူးတဲ့။ အဲလောက်များတဲ့ ဘုရားပုထိုးစေတီ အရေအတွက်ကို မှတ်မိလွယ်အောင် `လှည်းဝင်ရိုးသံ တညံညံ၊ ပုဂံဘုရားပေါင်း´ လို့ စာချိုးခဲ့ပါတယ်။ အပေါ်က တွက်နည်း အတိုင်း ကြည့်ရင် `လှည်းဝင်ရိုးသံ တညံညံ´ဆိုတာ ဂဏန်း အရေအတွက်နဲ့ (၄၄၄၆၇၃၃) ပါ။ အဓိပ္ပါယ်ကလည်း ဘုရားဖူးလာတဲ့ လှည်းတွေ မပြတ်ဘူးဆိုတဲ့ သဘောပါ။ နောက်တခါ ငလျင် အကြီးအကျယ် လှုပ်လို့ ပုဂံဘုရားတွေ ပြိုကျခဲ့ရတဲ့ အရေအတွက် ကိုလည်း `ရွှေလသာ ၀ါဝါ၀င်း ၊ဘုရားရေသောက်ဆင်း´ လို့ မှတ်သားထားခဲ့ပါတယ်။ `ရွှေလသာဝါ၀ါဝင်း´ ဆိုတော့ (၄၄၆၄၄၄)ဆူပေါ့။ ဘုရားတွေ မြေခ ..တချို့ ဧရာဝတီမြစ်ထဲ ပြိုကျကုန်တာကို တင်စားပြီး ဘုရား ရေသောက်ဆင်း တယ်လို့ စပ်ခဲ့ပါတယ်။ အဓိပ္ပါယ်လည်းရှိ မှတ်လည်း မှတ်မိစေတဲ့ စာတွေပါ။ မန္တလေးမြို့ တည်ခဲ့တဲ့ ခုနှစ်ကိုလည်း `အုတ်ကျစ်ကျော်အေး၊ မန္တလေး´ လို့မှတ်သားခဲ့ပါတယ်။ `အုတ်ကျစ်ကျော်အေး´ ဆိုတော့ (၁၂၂၁) ခုနှစ်ပေါ့။ မန္တလေး မြို့တည်ရာမှာ အုတ်လုပ်တဲ့သူက ဦးကျော်အေးမို့ အဲလို စပ်ခဲ့ တာလားတော့ မသိပါ။ (သိတဲ့သူများ ရှိရင် ပြောပြ ပေးပါလား) ဒါပေမဲ့ မှတ်မိ နေစေတာတော့ အမှန်ပါ။

ဥပမာတွေတော့ အများကြီး ရှိပါသေးတယ်။ ဒါပေမဲ့ မင်းကွန်း ခေါင်းလောင်းကြီးမှာ ရေးထွင်းထားတဲ့စာကို ပြောချင်တာမို့ တခြား စာတွေကို မပြောပြတော့ပါဘူး။ `မင်းဖြူမှန်မှန်ပြော´ ဆိုတာ မင်းကွန်း ခေါင်းလောင်းကြီးမှာ အသုံးပြုထားတဲ့ ကြေးပိသာချိန်ကို မှတ်သားထားတာပါ။ အလေးချိန် (၅၅ ၅၅၅) ပိသာ ရှိပါတယ်တဲ့။ အဓိပ္ပါယ် ကလည်း မင်းကောင်းမင်းမြတ် ဖြူစင်တဲ့ မင်းတွေဟာ စကားကိုမှန်ကန်စွာ ပြောရမယ်ဆို တဲ့ အဓိပ္ပါယ် ဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။ ခေါင်းလောင်းကြီးမှာ ဖျက်လို့ မရတဲ့ စာအနေနဲ့ အသေအချာကို ထွင်းပြီး သတိပေးထားတာပါ။ ရှေးမြန်မာ လူကြီးတွေ ဘာလုပ်လုပ် အဓိပ္ပါယ်မဲ့ စာဖြစ်ပြီးရော ရေးသွားတာမျိုး မဟုတ်လောက်ဘူး လို့ ထင်ပါတယ်။ အဲဒါကို `မမင်းဖြူမှန်မှန်ပြော´ လို့ မှားယွင်း ပြောဆိုနေကြမယ် ဆိုရင်တော့ အလေးချိန် အရေအတွက်လည်း မှားယွင်း သွားမှာဖြစ်သလို မမင်းဖြူကို အမှုစစ်နေတဲ့ အဓိပ္ပါယ်မျိုး ရောက်သွား ပါလိမ့်မယ်။ ဒါကြောင့် ကျေးဇူးပြုပြီး အသေးအမွှားမို့ ဆိုကာ အလေးမထားပဲ မမှားကြပါနဲ့ လို့ တောင်းပန်ပါရစေ။


အကြောင်း တိုက်ဆိုင်လို့ ဟိုအရင်တုန်း ကတည်းက အပျင်းပြေ ဆွဲထားတဲ့ ကာတွန်းလေးကို ပါ တင်ပေးလိုက်ပါတယ်။



Photobucket


Share/Bookmark

9 Comments:

စူး said...

ဒီပို့စ်လေးအတွက်ကျေးဇူးပါပဲအမရေ.
တကယ်ပဲ ခေါင်းလောင်းကြီးပြိုကျခဲ့သတဲ့လား။
ဒါဆိုရင်.... ဘာတဲ့လဲဟင် အမ..အဲဒါကျတော့ ပြောပြဘူး။

အဲနေရာလေးက အမှတ်ရစရာတွေရှိတယ်..။ သတိရလာပီ..ဟီး..

Myo Win Zaw said...

ကျွန်တော်ကြားတာက မျက်နှာကျက် ပြိုတာလို့ကြားတယ် ခေါင်းလောင်းကို ပင့်ထားတဲ့ ကျွန်းတိုင်ကြီးတွေတော့ ဘာမဖြစ်ဖူးလို့ထင်တယ် ထားပါ ဟုတ်တယ် သတင်းဌာနတွေကြေငြာတာလဲ ကြားတယ် မမင်းဖြူတဲ့ အမှန်ကိုထောက်ပြတော့ မသိတဲ့သူတွေသိတာပေါ့ ပုဂံဘုးရားတွေကို တချို့က လှည်းဝင်ရိုးသံ အထိသာ ယူတဲ့သူတွေရှိတယ် ၄၄၄၆ ဆူပေါ့ အုတ်ကျစ်ကျော်အေး ဆိုတာ ရှင်းပြရခက် ပါတယ် ဗမာလူမျိုးတွေရဲ့ ဂဏန်းကိ အက်ခရာနဲ့ မှတ်တမ်းတင်တဲ့ ဧလေ့မို့ ပါးစပ်ထဲ စွဲစေမဲ့ ဒေသိယစကားတွေကို သုံးထားတာထင်ပါ တယ်

Moe Cho Thinn said...

တန်ဖိုးရှိတဲ့ ဆောင်းပါးလေးပါ။ မင်းဖြူမှန်မှန်ပြော ဆိုတဲ့ အဓိပ္ပါယ်ကို အလေးအနက်မထားလို့များ ခေါင်းလောင်းကြီး ပြိုသွားလေသလား။

Dr. Yi Yi Win said...

မှန်မှန်မပြောလို့ စိတ်နာပြီး ပြိုကျသွားတာလားမသိဘူးနော်။ ဘာပဲဖြစ်ဖြစ် ပစ္စည်းသင်္ခါရ
ပါပဲ မကေရေ။

ကိုပေါ said...

ပို့စ်ကလေးက ကောင်းလိုက်တာ….ပြောစရာရှိဘူး…။

Anonymous said...

ရေတွက်လျင်..ရွှေလက်ပင်ညောင်း...လှည်းဝင်ရိုးသံ..တညံညံ..ပုဂံဘုရားပေါင်း.....စာဆိုရှိသည်..အဓိပါယ်လှယ်ယူမည်....လေးသန်း..လေးသိန်း..လေးသောင်း...ခြောက်ထောင့်တရာ..လေးဆယ့်လေးဆူ...တည်ထား..စည်ကားခဲ့ပါသည်
အဲဒါနွဲ့ယဉ်ဝင်းဆိုထားတဲ့သီချင်းလေးတစ်ပုဒ်ပါ။ရေးတဲ့သူတော့မသိဘူး။မြန်မာ့အသံရေဒီယိုက ခဏခဏကြားဖူးတယ်

Anonymous said...

ရေတွက်လျင်..ရွှေလက်ပင်ညောင်း...လှည်းဝင်ရိုးသံတညံညံ..ပုဂံဘုရားပေါင်း...
စာဆိုရှိသည်..အဓိပါယ်လှယ်ယူမည်...လေးသန်း..လေးသိန်း..လေးသောင်း..ခြောက်ထောင့်တစ်ရာ..လေးဆယ့်လေးဆူ..တည်ထားစည်ကားခဲ့ပါသည်။
တဲ့..အဲဒါ မြန်မာ့အသံရေဒီယိုကခဏခဏကြားဖူးနေတဲ့နွဲ့ယဉ်ဝင်းသီချင်းပါ။စပ်တဲ့သူတော့ မသိဘူး။

Mi Tay 4 said...

ရေတွက်လျင်..ရွှေလက်ပင်ညောင်း...
လှည်းဝင်ရိုးသံတညံညံ..ပုဂံဘုရားပေါင်း...
စာဆိုရှိသည်..အဓိပါယ်လှယ်ယူမည်..
လေးသန်း..လေးသိန်း..လေးသောင်း..
ခြောက်ထောင့်တစ်ရာ..လေးဆယ့်လေးဆူ..
တည်ထား..စည်ကား..ခဲ့ပါသည်။

လို့တော့အဆိုတော်ျွဲ့ယဉ်ဝင်းဆိုထားတာ ရေဒီယိုကခဏခဏကြားဖူးတာပဲ..စပ်တဲ့သူတော့မသိဘူး။

Unknown said...

ခေါင်းလောင်းတော့ ကျွန်တော် မပြောတော့ပါ။ အဲဒီနေ့ ကလေးမတစ်ယောက် ခေါင်းလောင်းအောက် ထိုင်နေတာ ပြုတ်ကျတဲ့ မျက်နှာကြက်ကြောင် အရိုးကြေ စတီချောင်းထည့်ရမှာ ဘယ်သူမှ မကြည့်လို့ ကျွန်တော်မှ ဦးဆောင်ပြီး ကူညီပေးခဲ့ရပါသည်။

ခိုတွေကများပြီး နှစ်ကြာတော့ ခိုချီးရဲ့ဝတ်ကို မခံနိုင်လို့ ဖြစ်ရတယ်လို့ ထင်ပါသည်။