စာစီစာကုံး (သို့) သွေဖယ်တတ်သည့် ခေါင်းစဉ်များ



တလုံး နှစ်လုံး စာစီကုံး xxxx ကျောင်းသားတွေ တပြုံးပြုံး xxxx ပြုံးပျော် ရွှင်မြူးကြလို့သာ… ကျောင်းသင်ခန်းစာမှာ xxxx

မြန်မာ့အသံက နံနက်ချိန်ခါ တေးသံ မှာ ၊ အဲဒီသီချင်းလေး လာတဲ့ အချိန်လောက်ဆိုရင် ၊ ကျမ တို့ ညီအမ တွေ ၊ မနက်စာ ထမင်းကြမ်း စားတဲ့ ပန်းကန်တွေကို သိမ်းသူက သိမ်း ။ စာအုပ်တွေကို ပြန်စီပြီး လွယ်အိတ်ထဲ ထဲ့တဲ့သူက ထဲ့ ။ ကျောင်းစိမ်းလုံခြည် နဲ့ အကျီ င်္အဖြူ တထည်ကို အ၀တ်ပုံထဲမှာ ရှာဖွေ မွှေနှောက်တဲ့ သူက နှောက် နဲ့  ကျောင်းသွားဖို့ ဒရောသောပါး ဖြစ်နေကြပြီ။

ဖွင့်ထားတဲ့ ရေဒီယိုကနေ  (တုန်...တုန်း .. တုန့် .. တုန် )၂  ဆိုတဲ့ စံတော်ချိန် တီးလုံး သံ ထွက်လာပြီး ၊ အခုချိန်က စပြီး သတင်းများကို ကြေငြာပါတော့မည် ဆိုရင်တော့ ၈ နာရီ ထိုးပြီမို့ ၊ သနပ်ခါးလည်း ခြောက် ၊ ခေါင်းကို အမြန်ဖီးလိုက်ပြီး  ကျောင်းသွားဖို့ အသင့် ဖြစ် နေရပြီ ။ နံဘေးအိမ်က အမ တ၀မ်းကွဲ လည်း ၊ ခြံရှေ့ကို ရောက်နေပြီ။ ပြီးရင် ကျမ တို့ ညီအမ တသိုက် ၊ မြို့ပြင် ရန်ကုန်-ပြည် ကားလမ်းမကြီးပေါ် မှာ ရှိတဲ့ အထက်တန်းကျောင်းကြီးကို ၊ ဖြတ်လမ်း ဖြစ်တဲ့ ရန်ကုန်-ပြည် မီးရထားလမ်းကြီး ဘေးကနေ လမ်းလျှောက် သွားကြသည်။ ကိုးတန်း ရောက်ပြီဖြစ်တဲ့ အမ နဲ့  ဟိုဖက်အိမ်က ရှစ်တန်း ကျောင်းသူ အမ ၀မ်းကွဲက ၊ စကားတပြောပြောနဲ့ လျှောက်ကြသည်။ ခြောက် တန်းကျောင်းသူ နို့ ညှာ အမ နဲ့  ငါး တန်းကျောင်းသူ ကျမက တော့ ၊ မီးရထားလမ်းပေါ်တက်ပြီး ဇလီဖားတုံးများကို ရေတွက်ရင်း ခြေလှမ်းခြင်း ပြိုင်လျှောက်ကြသည်။  နောက်မှာ ပြတ်ကျန်ခဲ့တဲ့ အမ နှစ်ယောက်ကို လှည့်ကြည့်လိုက် လို့ ၊ မီးရထားလမ်း တလျှောက်လုံး အဖြူ နဲ့ အစိမ်းလေးတွေ ဖွေးနေတာကို မြင်ရရင် ကျောင်းကို အချိန်မီ ရောက်မည် ဆိုတာ အလိုလို နားလည်ရသည်။ တခါတလေ အိမ်က ထွက်တာ နောက်ကျသွားရင် ၊ မီးရထားလမ်းဘေးမှာ လူ တယောက်မှ မရှိတော့ပဲ ၊ ၈ နာရီ ခွဲ မှာ ဖြတ်သွားတတ်တဲ့ စာပို့ ရထား ကြီး ကိုတောင် ၊ သတိထားပြီး လမ်းလျှောက်ရ တော့ပြီ ။ ပြီးခဲ့တဲ့ အပတ်က ၊ မြန်မာစာ ဆရာမ ပေးလိုက်တဲ့ အိမ်စာကြောင့် ၊ တနင်္လာနေ့ ကျောင်းဖွင့်ရက် မှာ စိတ်လှုပ်ရှားနေလေသည်။

ငါးတန်း အတန်းပိုင် မြန်မာစာ ဆရာမ က၊ စာစီစာကုံး တပုဒ်စီ ရေးခဲ့ရမည် လို့ ဆိုသည်။ စာစီစာကုံး တပုဒ်ဖြစ်ဖို့ ၊ နိဒါန်းရယ် စာကိုယ်ရယ် နိဂုံးရယ် သုံးမျိုး ပါရမည် လို့  အသေအချာ ရှင်းပြသည်။ ခေါင်းစဉ်က “ပျော်ပျော်ရွှင်ရွှင် ကျောင်းသားဘ၀”  ဖြစ်သည်။ စနေ တနင်္ဂနွေ နှစ်ရက်လုံး ၊ သူများတွေ ဆော့ဖို့ ခေါ်တာတောင် မလိုက်ဖြစ် ပဲ ၊ အိမ်နောက်ဖေးက လှေခါးလေးပေါ်မှာ စာအုပ် နဲ့ ဘောပင် အသစ်ကလေးကို ကိုင်ပြီး ၊ စာစီစာကုံး ဘယ်က စ ရေးရမည်လဲ လို့ ၊ စဉ်းစားခန်း ၀င်နေသည် မှာ ၊ နှစ်ရက်တောင် ရှိပြီ။ မနက်ဖန် တနင်္လာနေ့ ကျောင်းတက်ရင် စာအုပ်ထပ်ရတော့မှာ ။ နိဒါန်း နှင့် စရမည် ဆိုတော့ နိဒါန်းကို ဘယ်လို စရေးရမည်မလဲ လို့ တွေးရင်း ခေါင်းရှုပ်လာသည်။   နိဒါန်းဆိုတာ ကရော ဘာလဲ ။

မလှမ်းမကမ်းမှာ ၀တ္တုထိုင်ဖတ်နေတဲ့ အမကြီးကို လှမ်းမေးတော့ ၊ နိဒါန်းဆိုတာ နိဒါန်း အစပေါ့ ဟဲ့ . . . တဲ့ ဆိုပြီး သူ့ကို မျက်မှောင်ကျုံ့ ကြည့်တာ ခံ ရသည်။

အစ ။ ဟုတ်သည်။ အစ ကနေ စ ရေးရမည် ပေါ့ ။ ပျော်ပျော်ရွှင်ရွှင် ကျောင်းသားဘ၀ ရဲ့ အစ ဆုံး အရာ က ဘာလဲ လို့ ၊ ဘောပင်အပြာလေးကို တချောက်ချောက် နှိပ်ရင်း စဉ်းစားလိုက်တော့ ၊ မနက် စောစော ရေဒီယိုက လာတဲ့ သီချင်းလေး က၊ ပါးစပ်ဖျားမှာ ရောက်လာသည်။


တလုံး နှစ်လုံး စာစီကုံး ကျောင်းသားတွေ တပြုံးပြုံး xxxxx ပြုံးပျော် ရွှင်မြူးကြလို့သာ ၊ ကျောင်းသင်ခန်းစာ မှာ xxxxxx

အခုတော့ ၊ ပထမဆုံး စာစီစာကုံး တပုဒ်ရေး ဖို့ အခက်အခဲ ဖြစ်နေတဲ့ ၊ ငါးတန်းကျောင်းသူ ဘ၀ ကနေ၊ လွန်မြောက်ခဲ့သည်မှာ ၊ အတော်ပင် ကြာခဲ့ချေပြီ။ အက်ဆေး လို့ အသံထွက်ပြီး ၊ အင်္ဂလိပ်စာ သဒ္ဒါ အထားအသို မှန်အောင် အဓိက ထား ရေးကျင့်ရတဲ့ အထက်တန်းကျောင်းသူ ဘ၀ သည်လည်း ၊ အတိတ်မှာ ကျန်ရစ်ခဲ့ပြီ။

အခုအချိန်မှာ ၊ အက်ဆေး တပုဒ်လောက် စာမူ ရေးပေးပါ လို့ ၊ ပြောလာတဲ့ အခါ ၊ ကျမ စာစီစာကုံး လို့သာ ကိုယ့်ဖာသာကိုယ် ဘာသာပြန် ပြစ်လိုက်သည်။ စာမူ ဆိုတာ ၊ စာရေးဆရာ တွေကိုသာ တောင်းခြင်းဖြစ်သည် လို့  လောဂျစ် သဘောအရ ကျမတွက်ချက် ကြည့်မိသည်။ ကျမ မှာ လောလောဆယ်ဆယ် စာမူ မရှိပေ။

ဘယ်ဆရာမ ကမှ အိမ်စာပေးလိုက်တာ မဟုတ်ပဲ ၊ ကျမ ဖာသာ ပျော်ရွှင် လွတ်လပ်စွာ ရေးထားခဲ့တဲ့ စာစီစာကုံးတွေ တော့ အပုဒ်ပေါင်း လေးရာကျော် လောက်၊ ကျမ ကိုယ်ပိုင် ဖွင့်လို့ ပိတ်လို့  ရ တဲ့ ၊ စာမျက်နှာလေး တခု ပေါ်မှာ ရှိပြီး နေခဲ့ပြီ။

တခုပဲ ရှိသည်။ ငယ်ငယ်တုန်းက စာစီစာကုံးတွေ သည်၊ ခေါင်းစဉ် သတ်မှတ် ပေးပြီးသား ဖြစ်သည်။ ပေးထားတဲ့ ခေါင်းစဉ် ထဲမှာ မ၀င် ၀င်အောင် ရေးရသည်။ ခေါင်းစဉ် အောက်က လွတ်သွားလျှင် ၊ အမှတ်ကောင်း မရ နိုင် သလို ၊ ဆု နဲ့လည်း လွဲချော်နိုင်သည်။ အခုတော့ ကျမ အတွက် သတ်မှတ်ထားတဲ့ ခေါင်းစဉ် မလိုပေ ။ သိမိ နားလည် ခံစားရ တာတွေကို ၊ စိတ်အလျဉ် အတိုင်း စီးမျောရင်း ၊ တစုံတရာက ခေါ်သွားတဲ့ အတိုင်း လိုက်ရေးသည်။ နိဂုံး ချုပ်ပြီး သွားတဲ့ အချိန်မှာ ခေါင်းစဉ် တခု အလိုအလျောက် ရလာတတ်မြဲ ဖြစ်သည်။ တခါတလေ လည်း ၊ ခေါင်းစဉ် တခု တပ်ပြီး ရေးလာခဲ့ပေမဲ့ ၊ အဆုံးသပ် နား ရောက်တဲ့ အခါ ၊ တခြား ခေါင်းစဉ် တခု ဖြစ်ချင် ဖြစ်သွားတတ် ပြန်သည်  ။ သြော်. . . နိဂုံး နဲ့  အဆုံးသတ် က အတူတူပဲ လို့ ပြောရင်  ငါးတန်းကျောင်းသူလေး တယောက်ယောက်များ   စိတ်ရှုပ်ထွေးနေလေ ဦး မလား ။ 

တကယ်တော့ ဘ၀ ရဲ့ စာမျက်နှာ တွေ ဆိုတာလည်း ရေးရင်း ရေးရင်း ခေါင်းစဉ်ကနေ သွေဖယ် သွားတတ်တာ မျိုး ပဲ မဟုတ်လား ။ ဘယ်လိုပဲဖြစ်ဖြစ် ၊ နိဂုံး ချုပ် အဆုံးသတ်ပြီးရင်တော့ ခေါင်းစဉ် တခု သေချာပေါက် ရ လာ ပါလိမ့်မည် ။

ဒါဆိုရင် ဒီ “စာစီစာကုံး”  လို့ ခေါင်းစဉ် တပ်ခဲ့တဲ့ စာစီစာကုံးလေး ကို သွေဖယ်တတ်သည့် ခေါင်းစဉ်များ လို့ ကျမ ပြောင်းချင်သည် ။


ကေသွယ်
( ၈ နာရီ ၂၀ မိနစ်  -  ၁၀ နာရီ ၃၀ မိနစ်)
သြဂုတ် ၃၁ ၊ ၂၀၁၄

( dedicated for  bloggers and blog writers)


Share/Bookmark

5 Comments:

Aunty Tint said...

ဘ၀ရဲ့စာမျက်နှာတွေဟာ ရေးရင်းသွေဖီလေ့ရှိတာ အမှန်ပဲ ကေသွယ်ရေ။ ကိုယ်တိုင်ပြုစု ပျိုးထောင်ခဲ့တဲ့ ‘သွေဖယ်တတ်တဲ့ခေါင်းစဉ်’ အပုဒ်လေးရာကျော်အတွက် အားကျမိပါရဲ့။ မဆုံတာကြာပေါ့ သတိရတယ်။ ♥♥♥

တန်ခူး said...

ကေ့စာလေးဖတ်ပြီး ငယ်ငယ်က စာစီစာကုံးလေးတွေ ရေးတာ လွမ်းသွားတယ်... ငယ်တုန်းက တို့ ကျောင်းသားမှာ အရွေးခံရတဲ့ စာစီစာကုံးလေးတွေဆို သဘောကျလွန်းလို့  အပြန်ပြန်အလှန်လှန်ဖတ်ရတာ... ၀ါကျတိုလေးတွေ အနက်တူပြီး ဖွဲ့ ပုံကွဲအောင် ဖွဲ့ တတ်တာလေး အားကျလွန်းလို့  အသဲအသန်ကျင့်ခဲ့ဖူးတယ်... ကေ့စာစီစာကုံးလေးရာကျော်ရေးအားကိုတော့ အရမ်းလေးစားမိတယ်... Happy Blog Day Kay!

ပုံရိပ် / Pon Yate said...

ဆက်လက်ပြီး သွေဖယ်နိုင်ပါစေ မကေ။

myo nyunt said...

Dear Thamee K Thwel, good blog. For me its a window, that I can look into. Especially what others "take" on art, literature and political problematics of the Burmese people and a country called Burma. With Metta. Ba Ba U Myo Nyunt. Perth. Off to Myanmar again in October- 29th till Novem 24th.

Cameron said...

ငယ်တုန်းက စာစီစာကုံးရေးတာ သိပ်ဝါသနာပါခဲ့တာကို ပြန်သတိရသွားတယ်...း)