နှစ်လ နာရီ ခါရာသီရွေ့ပေမဲ့--

(ရေးသားသူ- နီဇူလိုင်)

ဇူလိုင် မိုးတွေ တဖွဲဖွဲ စွေနေတဲ့ ကလေး ဘ၀ တနံနက်မှာ ဖေဖေ့ စက်ဘီး ဘားတန်း လေးပေါ်မှာ ထိုင်ရင်း မြို့ကလေးရဲ့ အာဇာနည်နေ့ အခမ်းအနား တခုကို စတင် မြင်ဖူးခဲ့ ပါတယ်။ မြို့လည် ဈေးရှေ့ က အာဇာနည် ကျောက်တိုင်မှာ ပန်းခွေ ရောင်စုံလှိုင်း ထလို့။ ကျောင်းသူ ကျောင်းသားတွေ၊ ၀န်ထမ်းတွေ၊ ဈေးသူ ဈေးသားတွေ က အလှည့်ကျ ဦးညွှတ် ဂုဏ်ပြုကြ။ ဘင်ခရာတီးဝိုင်းရဲ့ ခရာ မှုတ်သံက လွမ်းလွမ်း ဆွတ်ဆွတ် ကြေကြေ ကွဲကွဲ။ ဟိုး- တိုင်ထိပ်က ၀မ်းပမ်းတနဲ လျောဆင်း လာတဲ့ နိုင်ငံတော် အလံက တဖျပ်ဖျပ် တုန်ခါ နေတာကို ကြည့်ရင်း ဘာမှန်းမသိ ဆို့နစ် ရှိုက်ငင်မိ။ အာဇာနည်နေ့ အခမ်းအနားကို လိုက်ပြတဲ့ ဖေဖေက ဗိုလ်ချုပ် အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီး တွေ အကြောင်း ပြောပြတော့ နှမျော တသ စိတ်တွေ တဖွားဖွား။

နံနက် ၁၀နာရီ ၃၇မိနစ် မှာ တမြို့လုံး မှာရှိတဲ့ ဆန်စက်ကြီးတွေ၊ အထည် စက်ကြီးတွေရဲ့ ဘွိုင်လာ ဥသြ မှုတ်သံကြီး တွေက ရုတ်တရက် ပြိုင်တူ ဆွဲဆွဲ ငင်ငင် ရှိုက်ငို လိုက်ကြ သလို။ လမ်းမ ပေါ်မှာ ရှိတဲ့ ကားတွေ အားလုံး ဟွန်းတွေ သံရှည် ဆွဲရင်း ရပ်တန့်ကြ။ လမ်းသွား လမ်းလာ အားလုံး ခေတ္တ ခဏ ရပ်တန့်ကြ။

ညဘက်မှာတော့ မြို့လေးရဲ့ အာဇာနည် ကျောက်တိုင်မှာ မီးရောင်စုံ ထွန်းညှိလို့ ။ ဗိုလ်ချုပ် အောင်ဆန်းရဲ့
တိုတို ပြတ်ပြတ် အသံနဲ့ မိန့်ခွန်း တွေကို ဖွင့်လို့။ တမြို့လုံး ကြေကြေ ကွဲကွဲ။ တနိုင်ငံလုံး ကြေကြေ ကွဲကွဲ။ ည-၈နာရီ သတင်းအပြီးမှာ မြန်မာ့ အသံ ရေဒီယိုက လွှင့်တဲ့ ဗိုလ်ချုပ် အောင်ဆန်း မိန့်ခွန်း တွေကို မောင်နှမ တတွေ နားထောင်ရင်း မျက်ရည် မဆည် နိုင်တာတွေ၊ အဆိုတော်ကြီး ဒေါ်မေလှမြိုင်ရဲ့ အာဇာနည်နေ့ သီချင်းသံကို နားဆင်ရင်း ရှိုက်ငင် ကြေကွဲခဲ့ တာတွေ။
အို--မနေ့တနေ့ ကလို ပါဘဲ လား။

ဒီနေ့တော့ ရာဇ၀င် ရိုင်းခဲ့ ပြီကော။
-
၁၉၈၉-ခု ဇူလိုင်လ (၂၀ )ရက်နေ့


ဒီညမှာ.. ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ် အကျယ်ချုပ် တားဆီးမိန့် ထုတ် ခဲ့ပြီကော။ ပြစ်မှုက (၄၂) နှစ်မြောက် အာဇာနည်နေ့ မှာ မတရား ချုပ်ချယ် ကန့်သတ်ချက် တွေကို ဖီဆန်ပြီး၊ ပြည်သူလူထုနဲ့ အတူ အာဇာနည် ဗိမာန်ကို ချီတက် အလေးပြုဘို့ ဆုံးဖြတ်ချက် ချခဲ့လို့ပါဘဲ။ ဗမာ တပြည်လုံးနဲ့ ရန်ကုန်မြို့ရဲ့ အာဇာနည်နေ့ အကြို တင်းမာမှု တွေဟာ ကျမတို့ မြို့ကလေးကိုလည်း ဂယက် ထခဲ့ ပါတယ်။

-
အာဇာနည်နေ့မှာ ပါတီ အဖွဲ့အစည်းတွေ တဖွဲ့ကို လူ(၂၀)ဘဲ ချီတက် ရမယ်လို့ ကန့်သတ် ထားပေမဲ့ ကိုယ့် ခေါင်းဆောင်ရဲ့ လမ်းစဉ် အတိုင်း မြို့ကလေးရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ဝင်တွေဟာ မတရားတဲ့ အမိန့် အာဏာ ဟူသမျှကို တာဝန်အရ ဖီဆန် ကြပါပြီ။ လူ(၂၀၀)ကျော် ပါဝင်တဲ့ အဖွဲ့ဝင် တွေဟာ ပန်းနီနီ တွေနဲ့ အဖွဲ့ချုပ် အလံ ပုံစံဖော်ကျူးထားတဲ့ ပန်းအလံကြီးကို ကိုင်ဆောင်လို့ မြို့လေးရဲ့ အာဇာနည် ကျောက်တိုင် ရှိရာ ချီတက် လာကြပါပြီ။ လမ်းဘေး ၀ဲယာ တလျှောက်က အားပေး နေတဲ့ ပရိသတ်ရဲ့ လက်ခုပ်သံ တဖြောင်းဖြောင်း ကြားထဲမှာ ကျမဟာ နေမကောင်းတဲ့ ကြားထဲက စီးမျော ပါဝင် သွားမိ ပါပြီ။

မြို့လေးရဲ့ အာဇာနည် ကျောက်တိုင် သွားရာ လမ်းမှာ မီးရထား သံလမ်းဂိတ် တခုကို ဖြတ်ရတယ်။ အိုး-ရထား တံခါး ပိတ်ထား ပါလား။ဥသြသံ မြည်ပြီး မီးရထားကြီး ၀င်လာ ပါတယ်။ အဖွဲ့ဝင် တွေ ချီတက် လာတဲ့ လမ်းရှေ့မှာ မီးရထားကြီးက ကန့်လန့်ဖြတ် အနေအထားနဲ့ ရပ်လိုက် ပါရော။ ဒါပေမဲ့ ရထား စက်ခေါင်း မောင်း သမားကြီးက ချီတက်လာတဲ့ လူတန်းကြီးနဲ့ အဖွဲ့ချုပ်ရဲ့ ပန်းအလံကြီးကိုမြင်လိုက်တဲ့အခါမှာ-ဥသြ တချက် ထပ်ဆွဲပြီး ရထားကြီးကို နောက်ပြန် ဆုတ် သွားပါတယ်။ အဖွဲ့ချုပ် ခေါင်းဆောင်က လူအုပ်ထဲက ထွက်လာပြီး ရထားလမ်း တံခါးထိန်းဆီ သွားပြီး တံခါး ဖွင့်ပေးပါလို့ ပြောတော့ သူက ရထား ရှိနေတယ်လို့ ပြန်ပြော ပါတယ်။ ဒီအချိန်မှာ စက်ခေါင်း မောင်း သမားကြီးက ခေါင်းတွဲထဲက ပြေးဆင်းလာပြီး ``ဟေ့- ဖွင့်ပေးလိုက်..မောင်းတဲ့ ငါမရှိဘဲ ရထား မထွက်ဖူးကွ´´ဆိုတော့မှ ရထား တံခါး ပွင့်သွား ပါတယ်။ အဲဒီတော့မှ လူတန်းကြီးက အရှိန်မပျက် ဆက်လက် ချီတက် သွားချိန်မှာ လမ်းဘေး တလျှောက်က ပရိသတ်ရဲ့ လက်ခုပ်သံ တဖြောင်းဖြောင်း ညံသွားပါတော့တယ်။

အာဇာနည် ကျောက်တိုင် ရှေ့မှာတော့ တခြား အဖွဲ့တွေရဲ့ ပန်းခွေတွေ ချထားနှင့် ပါပြီ။ မဝေးသေးတဲ့ လှုပ်ရှားမူ အရှိန်အဟုန်တွေ နဲ့..ပြည်သူလူထု ရဲ့ အားပေးမူ.. အဖွဲ့ချုပ် ရဲ့ အင်အား တွေကြောင့် တဖက် အာဏာပိုင် တွေက လေးစားမှု ရှိတော့ ဘာမှ ကန့်ကွက်မှု မရှိဘဲ အေးအေး ဆေးဆေး ပန်းခွေ ချခဲ့ ရပါတယ်။
++++++++

(၁၉၉၀) (၄၃) နှစ်မြောက် အာဇာနည်နေ့-

အဲဒီနှစ်က စလို့.. မြို့ကလေးရဲ့ အာဇာနည် ကျောက်တိုင် လေးဟာ အချုပ်ကျ တော့ တာပါဘဲ။ အာဇာနည် ကျောက်တိုင် နားကို ဘယ်သူမှ ပန်းခွေချလို့ မရအောင် (၁၈)ရက်နေ့ ညကတည်းက ပီနံကြိုး ကြီးတွေနဲ့ လမ်းကို ဖြတ်ချည်ပြီး အကျည်းတန်စွာ လမ်းပိတ်ခံ ရပါတယ်။ လမ်းသွား လမ်းလာ တောင်ဖြတ်ခွင့် မပြုပါဘူး။ မြို.လေးရဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားတဲ့ ကျောင်းသားထုက နည်းမျိုးစုံနဲ့ ပန်းခွေချဖို့ ကြိုးစားကြလို့ အတားအဆီး ခံကြ ရပါတယ်။

အဲ့ဒီ မနက်က အိမ်က ညီမတွေ အကုန်လုံး အာဇာနည်နေ့ ကျောင်းသား အခမ်းအနား တခုမှာ ပါဝင်ဖို့ အိမ်က ထွက်သွား ကြတော့ အိမ်မှာ ဖေဖေနဲ့ ကျမ နှစ်ယောက်ထဲ ကျန်ခဲ့ပါတယ်။ မြို့ထဲက အာဇာနည်နေ့ အခမ်းအနား ကျင်းပမဲ့ သူတွေကို စိတ်ပူရင်း၊ ဖေဖေက ``ကဲ-ဒီနေ့တော့ တို့အိမ်မှာဘဲ ဗိုလ်ချုပ်တို့ကို အလေးပြု ကြမယ်´´တဲ့။

-
သားအဖ နှစ်ယောက်သား မြန်မာ့အသံ ရေဒီယိုကို ဖွင့်ပြီး (၁၀)နာရီ (၃၇)မိနစ်မှာ ဥသြ ဆွဲမဲ့ အသံကို စောင့်နေ ပါတယ်။ ဘာ ဥသြ ဆွဲသံမှ ထွက်မလာ ပါလား။ ခါတိုင်းဆို ရေဒီယိုက ဥသြဆွဲသံ အပြီးမှာ မေလှမြိုင်ရဲ့ ``နှစ်လ ကြာရှည် ခါရာသီ ရွေ့ပေမဲ့......အာဇာနည်နေ့ ကိုတော့ မမေ့သင့်ပါပြီ´´ ဆိုတဲ့ သီချင်း သံလေးကို လွမ်းဆွတ် နာကျင်စွာ ကြားနေကြပါ..။ ခုတော့ အာဇာနည်နေ့နဲ့ ဘာမှ မဆိုင်တဲ့ ရေဒီယို အစီအစဉ် တွေဘဲ လာနေ ပါလား။ မြို့ထဲက ခါတိုင်းလို ဥသြဆွဲသံ တွေလဲ တိတ်လို့။ သားအဖ နှစ်ယောက် သား ရင်ထဲမှာ ကြေကွဲစွာ။ ခံပြင်းစွာ။ ၀မ်းနည်းခြင်း ကြီးစွာနဲ့ ကိုယ့် အထိမ်းအမှတ်နဲ့ ကိုပဲ မိနစ် အနဲငယ် ငြိမ်သက် အလေးပြု ခဲ့ကြရ ပါတယ်။
-
++++++

-
အဲဒီ နှစ်က စလို့ နှစ်စဉ် နှစ်တိုင်း အာဇာနည်နေ့ ရောက်ရင် အိမ်ရှေ့ ဧည့်ခန်းက ဗိုလ်ချုပ် အောင်ဆန်း ဓါတ်ပုံကြီးရှေ့ မှာ ရပ်ပြီး ၁၀နာရီ ၃၇မိနစ် တိတိမှာ ကျမတို့ သားအဖ နှစ်ယောက် အလေးပြု ဖြစ်ပါတယ်။ ဖေဖေက `သတိ..ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော..အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြု´´လို့ အမိန့် ပေးပြီး အာဇာနည်နေ့ အခမ်းအနားကို ကျင်းပမြဲ။ ဖေဖေရဲ့ အမိန့်ပေးသံ ထဲမှာ လှိုက်လှဲ ဆွတ်ကျင်တဲ့ ခံစားချက်တွေ ပါနေတော့ အလိုလို နေရင်း မျက်ရည်တွေ
ဝဲလာတယ်။


ခုတော့- မြို့လေးရဲ့ အာဇာနည် ကျောက်တိုင်ဟာ အဝေးပြေး ကားလမ်းမကြီး ဘေးမှာ ခြုံနွယ် ပိတ်ပေါင်းတွေ ဖုံးလွှမ်းလို့ မြို့လေးရဲ့ သမိုင်း ဂုဏ်သိက္ခာ တွေကို နင်းခြေ ဖျက်ဆီး ခံနေရသလို။


Share/Bookmark

18 Comments:

မေဓာဝီ said...

ဖတ်ပြီး သက်ပြင်းရှည်ကြီးသာ ချလိုက်မိပါတယ် မကေ...
မြို့ကလေးရဲ့ အာဇာနည်ကျောက်တိုက်ဟာ ခြုံနွယ်တွေ ဖုံးလွှမ်းနေပေမဲ့ သမိုင်းဆိုတာ ဘာနဲ့မှ ဖုံးလွှမ်း ဖျောက်ဖျက် ပစ်လို့ မရတဲ့ အရာမို့ အားလုံးရင်ထဲမှာ အာဇာနည်တွေ ဘယ်တော့မှ ပျောက်ကွယ် မသွားပါဘူး။

Anonymous said...

စိတ်မကောင်းစရာ မြင်ကွင်းပါ...
ဒေါ်မေလှမြိုင်ရဲ့  သီချင်းကတော့ ကျမတို့၇င်ထဲမှာ စွဲထင်နေဆဲပါ.......

mie nge

မမေ said...

ဥသြသံတွေ တိတ်တဲ့နေ့မှာ ကိုယ်.ခြံရှေ့ အလံတိုင်ဝက်လွှင့်ရင်တောင် ပေစောင်း ပေစောင်း နဲ. လာကြည့်တာခံရတဲ့နေ့တွေ ကုန်ချင်ပြီ ....

ဒီအမှတ်တရဆောင်ပါးလေးအတွက် မမနီကို ကျေးဇူးတင်ပါတယ်...

အောင်သာငယ် said...

သမိုင်းတခုကို ဖျောက်ဖျက်ဖို ကြိုးစားနေတဲ့ အာဏာရူးတွေရဲ့ လုပ်ရပ်ပါပဲ...
သမိုင်းဆိုတာ ဖျောက်ဖျက်လို့ ရတဲ့ အရာ မဟုတ်ဘူး ဆိုတာကိုလည်း သိပုံမရပါဘူး...

CONTACT said...

ရာဇ၀င်တွေ ရိုင်းပြီးရင်းရိုင်း နေပါရော့လား။ သူတို့ တွေ သေပြီးရင် မြို့ တိုင်းရွာတိုင်းမှာ အထိမ်းအမှတ် ကျောက်တိုင် ထူပေးရမယ်။ လမ်းသွားလမ်းလာတွေ
နေ့ စဉ် တံတွေးနဲ့ ထွေးနိုင်အောင်၊ ရှူရှူးနဲ့  ကော့ပန်း နိုင်အောင်လေ။ KM

မေ့သမီး said...

အမရေ စာတပုဒ်လုံးဖတ်ပြီးတော့ ရင်နာရပါတယ်။ အခုထိ မေလှမြိုင်သီချင်းနားထောင်ရတိုင်း ရင်နာရပါတယ်။ အာဇာနည်တွေနေတဲ့တိုင်းပြည်မှာ အာဇာနည်တွေကို မထီမဲ့မြင်လုပ်နေတာတွေက ရင်ကွဲစရာပါ။

လင်းဒီပ said...

အာဇာနည်ဆိုတာ သမိုင်းမသေပါဘူးလေ..

Moe Cho Thinn said...

မမနီ ရေးတာဖတ်ပြီး အာဇာနည်ကျောက်တိုင် ပုံကို မြင်ရတော့ တကယ် ရင်ဆို့သွားမိတယ်။
သူတို့တွေ ဘယ်လိုပဲ သမိုင်းကို ဖျောက်ဖျောက်၊ လူတိုင်း ရင်ထဲမှာတော့ ဗိုလ်ချုပ် နဲ့ အာဇာနည်တွေဟာ ထာဝရရှင်သန်နေမှာပါပဲ။
“နှစ်လကြာရှည် ခါရာသီ ရွေ့ပေမဲ့ အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါပေ..”

ဧရာ said...

အာဇာနည် ကျောက်တိုင်လေးရဲ့ ပုံကိုတွေ့ရတာ စိတ်မကောင်းစရာ...။

တန်ခူး said...

ကြေကွဲဝမ်းနည်းမိပါတယ် ကေရေ…
အမကတော့ သားကို ခုကတည်းက အာဇာနည်နေ့ ဆိုတာကို သူနားလည်နိုင်မယ့် စကားနဲ့ ရှင်းပြနေမိတယ်… ဇူလိုင်လ ၁၉ရက်က ဘာနေ့ လဲမေမေလို့  မေးတာကို မကြားနိုင်လို့ ပါ….

ရွာသားလေးဝိုင်တီယူ said...

ဟင့်အင်း ဖျောက်ဖျက်လို့မရဘူး
စွဲမြဲနေတဲ့ ရင်ဘတ်ထဲကို ဘယ်သူမှ ဖျက်လို့မရပါဘူး

Yu Wa Yi said...

ကမ္ဘာတောင် တစ်နေကျရင်ပျက်ရမှာပါပဲ။ ဘယ်အရာမှမမြဲတဲ့လောကမှာ ကျောက်တိုင်တစ်ခုအနေနဲ့ ပျက်စီးရတာသဘာဝတော့ကျပါတယ်။ ကျောက်တိုင်နေရာက ၀င်ခံစားကြည့်မိတော့ ကျောက်တိုင်ကတော့ အာဇာနည်ပီပီ ဘာမထီပါပဲ။ ဒါပေမဲ့ အဲဒီကျောက်တိုင်ကို သနားတဲ့အကြည့်တွေ စိတ်မကောင်းတဲံအကြည့်တွေနဲ့ လာပြီးသနားပြနေတဲ့လူတွေကိုမြင်ရမှ ကျောက်တိုင်က အကယ်စိတ်မကောင်းဖြစ်သွားတာတဲ့။
“လူနေခြုံကြား စိတ်နေ ဘုံဖျား” ဆိုသလို အာဇာနည်တို့ ရဲ့ အရိုးတွေက ခြုံကြားမှာ လဲလျောင်းနေပေမယ့်လဲ သူတို့ ရဲ့ ဝိဥာဏ်တွေကတော့ နတ်ပြည်မှာရောက်နေကြမှာပါ။
နောက်တော့ ကျောက်တိုင်ကို မြင်ပြီး ပါးစပ်နဲ့ သနားပြနေတဲ့လူတွေရှိသလို အာဇာနည်တွေကို အကယ်ချစ်လို့ သူတို့ ဖြစ်စေချင်တာတွေ ဖြစ်လာအောင်လက်တွေ့ လုပ်ပြနေသူတွေကို မြင်ရတဲ့အခါ သွေးတွေအသက်တွေပေးဆပ်ခဲ့ရကျိုးနပ်လေစွလို့ ....ကျောက်တိုင်အိုက ပြောပြနေသလိုပါပဲ။ အကူးတက ခံစားနားလည်ဖေါ်ပြပေးတဲ့ ကေတို့ လိုလူတွေရှိနေလို့ နောင်လာနောက်သားတွေလည်း မမေ့နိုင်ကြပါဘူးတဲ့။

Anonymous said...

ဟာ...အာဇာနည်ကျောက်တိုင်က အဲလို နွယ်တွေပတ်တွယ်ဝါးမြို နေရောလား။ ခံစားရခက်တယ်။

Anonymous said...

ဟာ...အာဇာနည်ကျောက်တိုင်က အဲလို နွယ်တွေပတ်တွယ်ဝါးမြို နေရောလား။ ခံစားရခက်တယ်။

Nge Naing said...

အာဇာနည်နေ့မှာ ဥသြမဆွဲတော့တာ ၁၉၈၉ က စခဲ့ပါတယ်။ အဲးဒီနေ့က ကျွန်မတို့ ABSDF တပ်ရင်း ၂၀၁ မှာ တနိုင်ငံလုံးမှာရှိတဲ့ မြန်မာပြည်သူတွေနဲ့ အတူ အာဇာနည်တွေကို အလေးပြုလို့ရအောင်ဆိုပြီး မြန်မာ့အသံကို ဖွင့်ပြီး ဥသြဆွဲတဲ့အချိန်ကို ရဲဘော်ရဲမေတွေအားလုံး ယူနီဖေါင်းအပြည့်အစုံ ၀တ်ပြီး သတိအနေအထားနဲ့ အသင့် စောင့်နေခဲ့တာ နာရီသာကျော်သွားတယ် ဥသြဆွဲသံတာ မလာလို့ အစပိုင်းမှာ နာရီတိုက်တာများ မှားနေသလား ထင်ခဲ့တယ်။ ဒါပေမယ့် နာရီသာ ပြန်စစ်ကြည့်တော့ မမှားဘူး။ ဘာဥသြဆွဲသံ မကြားရတာနဲ့ အချိန်လွန်မှ ကိုယ့်အစီစဉ်နဲ့ကိုယ် အလေးပြုခဲ့ရတယ်။

rose of sharon said...

အာဇာနည်နေ့ကိုမျိုးချစ်စိတ်ရှိသူတိုင်းသတိရနေမှာပါ

ကိုလူထွေး said...

ရထားမောင်းသမားကြီးရဲ့ စိတ်ဓာတ်က လေးစားအားကျဖို့ကောင်းတယ်နော်...

ဧရာဝတီသား said...

အာဇာနည်တွေဟာ ပြည်သူတွေရဲ့နှလုံးသားထဲမှာ အမြဲရှိနေမှာပါဗျာ။ နောက်ကလေး တွေလေးစားနားလည် တတ်အောင်လို့တော့ လက်ဆင့်ကမ်းပေးရမှာ ကျွန်တော်တို့တာဝန်ပဲ။

လေးစားစွာအလေးပြုသွားပါတယ်။