ရထားလေးတစင်းနဲ့အတူ..

သူကတော့ ဒီမြေနီနီ မြို့လေးကနေ အနီးဆုံး ဆိုတဲ့ မြို့ကြီးပြကြီးဆီကို ရောက်အောင် သွားရတော့မယ်ဆိုရင် အရိုးသားဆုံး ရထားလေးကိုပဲ စီးဖို့ရွေးချယ်လေ့ ရှိတယ်။

၇ နာရီ ဆိုတဲ့အချိန်က မဂ္ဂဇင်းတအုပ်ဖတ်ဖို့ရယ်.. ရှုခင်းတွေ ခဏတဖြုတ် ( ဒါမှမဟုတ် တမေ့တမော) ငေးကြည့်ဖို့ရယ်.. အပေါ်မှာ ချိတ်ထားတဲ့ တီဗွီ ဖန်သားပြင်ပေါ်က..ခပ်ညံ့ညံ့ ရုပ်ရှင် ကားဟောင်း တကား လောက် ကြည့်ချင်ရင် ကြည့်ဖို့ရယ်.. အတွက် လုံလောက်တဲ့ အပြင် ပိုတောင် ပိုလွန်းနေ သေးတာ။

လက်ဆွဲအိတ် ကလေးကို အမိုးဘောင်ပေါ်က.. ကေဗင်လေးထဲ ပြစ်သွင်းလိုက်ရင်း..ပြတင်းပေါက်ဘေး ကပ်ရပ်ခုံမှာ ထိုင်ချလိုက်သည်။ သူ့ဘေးခုံက လူမလာသေး..။ ဟိုး အပေါက်ဝက ဒယိမ်းဒယိုင်နဲ့ တက်လာတဲ့ အဘို ( အဘိုးရီးဂျင်း ဒေသခံလူမျိုး) ယောက်ကျားကြီး များ ဖြစ်နေမလာလား လို့ စိုးရွံ နေမိသေး။ တော်ပါသေးရဲ့.. ကျောပိုးအိတ်လေးနဲ့ ကြားဘူတာမှာ ဆင်းမယ်ထင်ရတဲ့ တောသား ကောင်ငယ်လေး တယောက်။ ဒီ အဘို တွေ ကို စိတ်ညစ် ရတာ တခြားမဟုတ်ပါဘူး..ခွဲခြားဆက်ဆံ ဖို့ ထားဦး...သူတို့က..ရေမှ မချိုးတာ။ အင်း..ဒီတခေါက် စိတ်လွတ် ကိုယ်လွတ် အလုပ် အားရင်တော့..ဒီ စိတ်ဝင်စားစရာ ဒေသခံ အဘိုရီးဂျင်းတွေ အကြောင်း ဘလော့မှာ ရေး ဦးမည်။

နေ့လည် ထမင်းစားပီးစ အချိန်မို့ ပြတင်းပေါက်က တဆင့်မြင်နေရတဲ့ အပူရောင် ရှုခင်းတွေကို ကြည့်ရင်း..ခဏတော့ အိပ်ပျော်သွား သလို ထင်မိသည်။ ကော်ဖီလေး ဘာလေး သွားဝယ်သောက် ဦးမှ..။ လျှာထိုးဦးထုပ်ကလေး ဆောင်းပြီး ကာတွန်းစာအုပ်ကလေး ဖတ်နေတဲ့..ဘေးက..ခလေးကို ပြုံးပြ ခြေထောက်ကလေး ခဏ ရွှေ့ခိုင်းလိုက်ရင်း.. ရထားနောက်ဖက်က မုန့်ဆိုင်လေးဖက် ..ထွက်လာတယ်။ ဒီရာသီက.. Pensioner တွေကို လက်မှတ် အလကား ပေးတဲ့လမို့ထင်သည်.. တတွဲလုံး တ၀က်ကျော်လောက်က..အဘိုးအဘွားတွေ။ သိုးမွေးထိုးတဲ့ လူက ထိုး။ စာအုပ်ဖတ်တဲ့ သူကဖတ်။ ဒီမှာက..သူတို့ကို တနှစ်တခါ ကြိုက်တဲ့ခရီး ထွက်နိုင်အောင် လတ်မှတ် အလကားပေးလေ့ ရှိသည်။ အေးချမ်း လှသည့် ဘ၀ ဆည်းဆာများပေ။

ကော်ဖီကို တငုံချင်း သောက်ရင်း..ပြတင်းကို ပြန်ငေးနေမိပြန်သည်။ နီညိုညို ကန္တရ ပင်တွေ ထဲက မထွက်သေး။ ကြည့်စရာမရှိ..။ ဆားအိုင်တွေ နားတော့ ရောက်နေပီပဲ.. ကြည့်စမ်း..ဆားအိုင်တွေ တောင် အရည်တွေ ပျော်လို့..အရိပ်တွေ ဘာတွေတောင် ထင်နေတယ်..အခါတိုင်းဆို..တကယ့် ဖြူပြစ်ပြစ် ဆားအိုင်တွင်းတွေလေ..။

ဘေးက..ကလေး ဆီက..ရီသံ ထွက်လာလို့ လှမ်းကြည့်တော့..အော်- တီဗီ ကြည့်နေတာပဲ။ နားကြပ် ခဏ တပ်ကြည့် သည်။ ပျင်းစရာကြီးပါ..။ သူ့အတွက်တော့.. စိတ်ဝင်စားစရာ မကောင်းလှသော ခပ်ပေါပေါ ရုပ်ရှင် တခု။ နေဦး.. သူ့မှာလုပ်စရာ တန်းလန်း တခု ပါလာသည်ပဲ..။ lap top တပ်ဖို့ ပါဝါ ပေါက် က..ရှေ့ခုံမှာမို့.. ရှေ့က အမျိုးသမီးကြီးကို လှမ်းခွင့်တောင်းတော့.. ကျေးလက်ဆန်တဲ့ ဒေသမို့..နွေးနွေးထွေးထွေး နဲ့ ဒီရုပ်ရှင် မကြိုက်လို့လား တဲ့..။

ညကမှ ခရီးထွက်ဖို့ ပြင်ဆင်နေတုန်း..ဂျီတော့ကနေ.. မိတ်ဆွေကြီး လွင်မိုးက.. သူ့ google reader မှာ share ထားတဲ့ စာလေး တစောင်ကို ဘယ်လိုထင်လည်း.. ဘာသာပြန်ပေးနိုင်ရင် သိပ်ကောင်းမှာပဲ တဲ့။ သူက..ဘိုလိုပဲ ဘလော့ရေးကာ..ဘိုလို ရေးတဲ့ သတင်းဆောင်းပါးတွေကို အဖတ်များသူ။ တခါတလေ သူ ရှဲတာလေး တွေက.. တန်ဖိုး ရှိလှသည်။ မအားတဲ့ ကြားထဲကမှ ပြန်ပေးမယ်လေလို့ လောကွတ် ချော်မိသွားအောင်.. သူကလည်း အပြောကောင်း လေသည်။ ညက..တကယ်စလုပ်ကြည့်တော့.. သိပ်မလွယ်လှ။ တရက် နဲ့မပြီးနိုင်။ စာက အတော်ရှည်သား။ ဒါပေမဲ့.. အုတ်ဂူထဲက လူတယောက်ရဲ့ အဆုံးစွန် ဆန္ဒ နဲ့ စကားတွေကို..လူတွေ ကြားနိုင်သမျှ ကြားအောင်.. ဘာလို့ လုပ်မပေး နိုင်ရမှာလဲ..လုပ်မပေး သင့်ရမှာလဲ..။

lab top ကို ရှေ့က ခုံပေါ် တင်လိုက်တော့..သူ့လက်တွေက.. စာလုံးတွေ ကြားထဲ သူ့အလိုလို ပြေးသွားတော့သည်။ သိရိလင်္ကာ နိုင်ငံက.. သတင်းသမား တယောက်ရဲ့ အဆုံးစွန်သော ပေးဆပ်မူ။ အာဏာ ပါဝါ နောက် မပါပဲ..ပြည်သူတွေကို လွတ်လပ် မျှတတဲ့ အသိအမြင်တွေ ပေးခဲ့ချင်တဲ့..သူ့ရဲ့ စွန့်လွှတ်မူ။

မူရင်းစာသားကို ဖတ်ရင်း.. နားလည် နှစ်ခြိုက်လွန်းလှတဲ့..ခံစားမူက..သူ့လက်တွေပေါ်ကို ..အလိုအလျောက် ခုန်ဆင်းသွားတော့သည်။

ကျနော်တို့ရဲ့ အဓိဋ္ဌာန်က သီရိလင်္ကာနိုင်ငံကို ထင်သာ
မြင်သာရှိတဲ့ ဘာသာအယူဝါဒစွဲ ကင်းတဲ့၊ လွတ်လပ် မျှတတဲ့ ဒီမိုကရေစီနိုင်ငံတခု အဖြစ်
မြင်ချင်တာပါပဲ။ အဲဒီ စကားလုံးတွေကို စဉ်းစားကြည့်ပါ။ စကား တလုံးချင်းမှာ သိပ်ကို
လေးနက်တဲ့ အဓိပ္ပာယ်တွေ ရှိပါတယ်။ ထင်သာမြင်သာ ရှိရပါမယ်။ ဘာအတွက်လဲ ဆိုရင် အစိုးရ
တရပ်ဟာ ပြည်သူလူထု အတွက် ပွင့်ပွင့်လင်းလင်း အသိပေး နေရမှာဖြစ်ပြီး သူတို့ရဲ့
ယုံကြည်မှုကို အလွဲသုံးစား မပြုသင့်လို့ပါ။ ဘာသာအယူဝါဒစွဲ ကင်းရပါမယ်။ ဘာဖြစ်လို့လဲ
ဆိုရင် ကျနော်တို့နိုင်ငံလိုမျိုး လူမျိုးစု ပေါင်းစုံ၊ ယဉ်ကျေးမှု ပေါင်းစုံ
ပါဝင်နေတဲ့ လူ့အဆောက်အဦးတခုမှာ အယူဝါဒစွဲကင်းမှသာ အားလုံး ညီညွှတ် ပါဝင်နိုင်မယ့်
အခြေခံကောင်းတခု ရှိနိုင်မှာမို့ပါ။ လွတ်လပ်မျှတမှု ရှိရပါမယ်။ ဘာကြောင့်လဲ ဆိုရင်
လူသားတိုင်းဟာ မတူညီစွာ ဖန်တီးတည်ရှိ နေကြတာကို ကျနော်တို့ အသိအမှတ်ပြုလို့ပါပဲ။၊
တခြားတပါးသောသူကို သူဖြစ်တဲ့အတိုင်း လက်ခံနိုင်ဖို့ လိုအပ်ပြီး ကိုယ်ဖြစ်စေချင်သလို
ပြုလုပ်လို့ မရပါဘူး။ ပြီးတော့ရင် ဒီမိုကရေစီနည်းလမ်းကျ ရပါမယ်။ ကဲ - ခင်ဗျား
ကျနော့်ကို ဒီမိုကရေစီ ဘာဖြစ်လို့ အရေးကြီးလဲလို့ ရှင်းပြစေချင်ရင်တော့၊
ဒီသတင်းစာကို ဝယ်နေတာသာ ရပ်လိုက်ပါတော့။

Transparent, Secular, Liberal, Democracy ဆိုတဲ့ အသုံး အနှုံးတွေ နောက်ကို သူ့အတွေးတွေ ပြေးလိုက်ပါ သွားပြန်သည်။
ပီးခဲ့တဲ့ အပတ်ကမှ CNN မှာ ကြည့်ခဲ့ရတဲ့.. The challenge in Middle East ဆိုတဲ့ အထူး အစီအစဉ် မှာ.. ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ အစ္စရေး-ပါလက်စတိုင်း ပြသာနာရဲ့ ရင်းမြစ်ကို ရှာဖွေ ဆန်းစစ် ကြည့်ထားတာတွေ.. ခေါင်းထဲ ရောက်လာသည် ။ ဆော်ဒီ အာရေဗျ နိုင်ငံကြီးရဲ့ ဒေသတခုလုံး နဲ့ ဘာသာအယူဝါဒ တခုလုံးအပေါ် ထိုးဖောက် သက်ရောက်နေမူ ကို ရဲရဲဝံ့ဝံ့ သုံးသပ်ပြခဲ့တဲ့.. အာရပ် ပညာရှင်တယောက် ရဲ့ စကားတွေ ။ တခေတ် တချိန်က.. လစ်ဘရယ် ကျခဲ့တဲ့ အာရပ် ခေါင်းဆောင်တချို့ ပြည်ပြေး ဘ၀တွေ ရောက်နေရပုံတွေ..။ ပြီးတော့..ဘာရယ်မဟုတ်.. မြန်မာပြည်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလေ့ ရှိတဲ့..အမျိုး- ဘာသာ- သာသနာ ဆိုတဲ့ စကားကိုတောင် တွေးကြည့်နေမိသည်။ တလောက..ရွက်မွန်မှာ ဖတ်လိုက်ရတဲ့..ဂျမားတို့အဖိုး ဆိုတဲ့ ဇတ်လမ်းလေးကို လည်း.. ဆက်စပ်ပြီး သတိရနေပြန်သေးသည်။

ခွဲထွက်ရေး အကြမ်းဖက်သမားတွေကို အမြစ်ပြတ် ခြေမှုန်းရမယ်
ဆိုတဲ့ အချိန်မှာ အကြမ်းဖက်မှုရဲ့ မူလဇစ်မြစ် အကြောင်းခံကို ပြန်သုံးသပ်ဖို့ဆိုတဲ့
အမြင်ကို တောက်လျှောက် ရေးသား နေပါတယ်။ အစိုးရကိုလည်း သီရိလင်္ကာ လူနည်းစု
လူမျိုးစုတွေရဲ့ နာကျည်းချက် ဒေါသတွေကို အကြမ်းဖက်မှု ဆိုတဲ့ မှန်ပြောင်းကြီးနဲ့
မကြည့်ဘဲ သမိုင်းစာမျက်မှာတွေမှာ ပြန်ရှာကြည့်ဖို့ အမြဲ
တိုက်တွန်းနေတယ်။


အခု ..ဒီသတင်းစာ ဆရာ ပြောသလို..သိရိလင်္ကာ မှာ တမီးလ်ကျားတွေကို အလုံးစုံ ပျက်သုန်းရေးလုပ် လိုက်လို့ ဘာအကျိုးရလဒ် ရလာမှာလဲ..။ ဟားမားစ်တွေကို တယောက်မကျန် ဗုံးခွဲ သတ်ဖြတ်နိုင်တော့ရော..ဘာအောင်မြင်မူ ပန်းတိုင်ကို ရ ကြမှာလဲ..။ human shield ဆိုတဲ့ စကားတလုံးကို အပြစ်တင်စရာ ရေလဲသုံး ပြီး.. သိရိလင်္ကာ အစိုးရကော အစ္စရေးတွေကော.. လုပ်ချင်သလို လုပ်ခဲ့ ကြသည်။ လူတွေထဲက ဖြစ်လာတဲ့.. ဆန့်ကျင်တွန်းလှန်မူ တခု ဟာ..ဘယ်လိုလုပ် ဒီလူတွေနဲ့ ကင်းကွာ နေမလဲ.. ။

တော်ပြီကွာ.. ခေါင်းစားတယ်။ ဆံပင် အမဲ က..သိပ်မကျန်တော့ပါဘူး ဆိုမှ..။ ကမ္ဘာကြီးကိုက..အဖြေမရှိတဲ့ အလုံးကြီးပဲ..။
lap top ကနေ မျက်နှာကို ခွာလိုက်ရင်း.. အေးစက်နေတဲ့ ကော်ဖီ လက်ကျန်ကို တချက်တည်း မော့ပြစ်လိုက်သည်။ သြော.. နေတောင် နဲနဲ စောင်းလာပြီပဲ။ ခရီး တ၀က်ကျိုး ခဲ့ပြီ။ လမ်းဘေးက..ရှုမျှော်ခင်းတွေ လည်း..အရောင်ပြောင်း လာပြီ။ သူချစ် တဲ့ ဂျုံခင်း ၀ါဝါလေးတွေ နဲ့ ယာတော အိမ်ကလေး တွေ မြင်နေရပြီ။ တကယ်တော့..သူချစ်တာ.. လယ်ကွင်း စိမ်းစိမ်း တွေပါ။ စိမ်းတဲ့ မြေကနေ..နီဝါ၀ါမြေ ကို ရောက်လာတော့လည်း.. ကာလံဒေသံ အလျောက်.. သင့်တင့်လျောက်ပတ်စွာ ခံစား နေထိုင်တတ်ပြီကိုး။ ကြည့်စမ်း..တတောင်လုံး ၀င်းထိန်ဝါနေတဲ့.. Canola ပန်းခင်းကြီးတွေ..။ သိုးတွေကတော့.. တကယ့်သိုးသူငယ် တွေ။ လှုပ်ရှား ဆော့မြူတာလဲ မရှိ။ စားကျက် တောင်ကုန်းပေါ်မှာ ငြိမ်ငြိမ်သက်သက် မလှုပ်မရှက် နေနေလိုက်ကြတာ.. တကယ့် ငတုံး တွေလိုပဲ။ အင်းလေ.. အဲလို ဘာမှ မသိတဲ့ ငတုံးတွေလည်း တမျိုးကောင်းတာပဲ။ စိတ်ချမ်းသာတယ်။

ရွာငယ်လေးတွေ ကျော်လာတော့..မြို့သေးသေးလေး တခု ၀င်လာသည်။ ဒီမြို့လေးက..ဂျုံစိုက်ပျိုးရေးနဲ့ပဲ အသက်မွေးပုံ ရသည်။ ရထားလမ်းဘေးမှာ ဂျုံစက်ကြီးတွေ အကြီးကြီး။ ဂိုဒေါင်ကြီးတွေလည်း အကြီးကြီး.. မြို့လေးနဲ့တောင်မလိုက်။ လူ ဆိုလို့.. ဘူတာမှာ လာကြိုတဲ့ ကားလေး ၃စင်း နဲ့ လူ ၄ ယောက်လောက်ရယ်.. ခပ်လှမ်းလှမ်းက.. ဆိုင်ကလေးတခု က ထွက်လာတဲ့..အဘိုးကြီး တယောက်ရယ်.. ခွေးလေး တကောင် ကြိုး နဲ့ဆွဲရင်း လမ်းလျှောက် နေတဲ့ စုံတွဲ တတွဲရယ်ပဲ မြင်လိုက်ရသည်။ ဒီ ဂျုံခင်းတွေ..ဂျုံဂိုဒေါင်တွေ..ဂျုံစက်ရုံတွေကို လူ ဘယ်နှယ်ယောက်ကများ စီမံ လုပ်ကိုင်နေပါလိမ့်..။ အားလုံးကလည်း..စက်နဲ့ပြီးတာ ဆိုတော့ လဲလေ..။ ပျင်းစရာ ကောင်းလိုက်တဲ့ မြို့လေးရယ်....။

ခုလို ညနေစောင်းလေးမျိုးပါပဲ..ဒါပေမဲ့...။
လယ်ကွင်း စိမ်းစိမ်းတွေ .. ညစ်တီးညစ်ပတ် အိမ်နောက်ဖေး ရှုခင်းတွေရယ်ကို ငေးရင်း.. ဆူဆူညံညံ ဘူတာလေးတွေတခု ပြီး တခု ဖြတ်သွားရတဲ့..စိမ်းတဲ့မြေက.. ရထားကြီးကို သတိရမိတယ်။ နေညိုညို ညနေစောင်းလေးမှာ.. ရထားလမ်းဘေးက..ဆန်စက်အိုကြီး တွေ...။ သူတို့လည်း..တချိန်တုန်းကတေ့..အခု ဂျုံစက်ကြီးတွေလို ဖြစ်ခဲ့မှာ သေချာတယ်။ ဆန်စက် မီးခိုးခေါင်းတိုင် အက်ကွဲကြားက..ညောင်ပင် လေး တွေ အညှောင့် ထွက်နေတာ မျိုးတောင်.. သူ့မျက်စိ ထဲက မထွက်။ စက်ဘီးလေး တွေ ကလင်ကလင် နဲ့ ဘူတာကို လာကြတဲ့ မိန်းမပျိုလေးတွေ ရဲ့..လန်းလန်းဆန်းဆန်း သနပ်ခါး မျက်နှာလေးတွေ။ ဘူတာဘေးက ကွင်းမှာ..ခြင်းခတ်..နေတတ်တဲ့..ယောက်ကျားပျိုတွေရဲ့ ဟေးကနဲ ဝေါကနဲ ညာသံတွေ..။ စိမ်းတဲ့ မြေရေ...။

ပြတင်းပေါက်က..အလွမ်းတွေကို ဆွဲခွါရင်း.. ရထားတွဲထဲက..တီဗွီကို လှမ်းကြည့်သည်။ ကြည့်ရတာ နောက်ရုပ်ရှင် တကားလည်း..စိတ်ဝင်စားစရာ သိမ်မကောင်းလှ။ လာခါနီးမှ ဘူတာ စာအုပ်ဆိုင်က..ဆွဲလာတဲ့.. Obama Special Issue Time မဂ္ဂဇင်းကို လှန်လျော ကြည့် မိသည်။ အမေရိကန်မှာ အိုဘားမား အဖျားရောဂါ ဖြစ်နေတယ် ဆိုပီး တကိုယ်လုံး အိုဘားမား အရုပ်တွေ လိုဂို တွေ ကပ်ထားတဲ့ ကာတွန်းပုံ နဲ့ သရော်ထားတဲ့ ဆောင်းပါးလေးကို ဖတ်ပြီး ပြုံးမိသည်။ သြော- ခုန ဘာသာပြန်နေတဲ့..သိရိလင်္ကာ သတင်းစာ ဆရာ အကြောင်း ပဲ..ဆောင်းပါးတပုဒ်ပါလား။ သူက.. Time ရဲ့ သတင်းထောက်လည်း ဖြစ် ဆိုပဲ။ ရှေ့နေ၀တ်စုံ နဲ့ သူ့ပုံကို ကြည့်ရင်း..စိတ်တွေ မကောင်း ဖြစ်နေမိသည်။ အခု- သူ့ကို လုပ်ကြံ အပြီး နဲ့ တိုက်တိုက် ဆိုင်ဆိုင်.. တမီးလ် စခန်းတွေကို အနိုင်သိမ်း လိုက်ကြပြီ။ မျက်ရည်စက်ပုံ ဒီကျွန်းလေးကနေ..ဒီလူတွေ..သူပုန်တွေ ဘယ်ကို ပြေးမလဲ။ ပြေးစရာ မြေမရှိ။ နယ်စပ်မရှိ။

The Pen is powerful, but sometimes it isn't enough. တဲ့။
ဆောင်းပါး ရဲ့ အဆုံးသတ် စာကြောင်းက..ပစ္စခ အခြေအနေကို ထင်ဟပ် နေတာဖြစ်ပေမဲ့..သူ့ရင်ထဲမှာ မတင်မကျ။ ရှင်သန် ကျန်ရစ်နေသူတွေကို ဒီလိုကြီးတော့..အဖြေ ထုတ်မပြသင့်ပေ..အဆုံးမသတ်သင့်ပေ။

တော်ပီကွာ..ပျင်းတယ်။ wi-fi နဲ့ အင်တာနက် သတင်းတွေ လျှောက်ဖတ် ဦးမယ်။ သူများ နိုင်ငံအကြောင်းတွေ ကြည့်ရတာ..စိတ်ညစ်လာပြီ။ စိမ်းတဲ့မြေ အတွက်..ဘာတွေများ ထူးထူးခြားခြား ရှိလေမလဲ။
-
ပင်လယ်ထဲမှာ မျောပါလာလို့ သြစကြေလျ နိုင်ငံက..ဆယ်ယူ ကယ်တင် လိုက်တဲ့..မဟာကံထူးရှင် ရွှေဗမာလေး ၂ယောက် ရယ်... ပင်လယ်ထဲကို ပံ့သကူ ပစ်လိုက်တဲ့.. မဟာ ကံဆိုးရှင် ဗမာ ရိုဟင်ဂျာ ထောင်ကျော်ရယ်..သြော်.. ရေမျောကမ်းတင်..သောင်ပြင်မှာ လွှတ်တဲ့ ဘ၀တွေ ရောက်နေ ကြရပြီကိုး။ ဘုရားရေ- ဒပ်ဗလင် မှာ တယောက်နဲ့ တယောက် ထိုးရ ကြိတ်ရလောက် အောင်တောင်..ဆိုးတဲ့သူက..ဆိုးတယ်တဲ့။ ဖြစ်မှ ဖြစ်ရလေ။ ဒီလောက်တောင် ပြည်သူ့ မျက်နှာ ကြည့် တဲ့ အကျိုးနဲ ပုဂ္ဂိုလ်ထူးတွေ အတွက်..စိမ်းတဲ့မြေရေ.. နင် မငိုနဲ့တော့..။

တော်ပါပြီ..ဘာမှ မသိချင်တော့ဘူး.. ။ အကုန်ပိတ်..။ မျက်စိ မှိတ် ပြန်အိပ်တော့မည်။ အင်း..ခုမှတော့...အိပ်လို့ မဖြစ်ပြီ။ ရှေ့မှာ မီးရောင်ပြပြ နဲ့ သူသွားရမဲ့ မြို့ကြီးကို မြင်နေရပြီ။


( ဘာသာပြန်ထားတဲ့ မိုးမခမှ- အုတ်ဂူထဲက လာတဲ့စာ )

( ၀န်ခံချက်- စိမ်းတဲ့မြေ ဆိုသော အသုံးအနှုံးအား ကိုတာ ၏ စာတပုဒ်မှ နှစ်သက်စွာ ယူသုံးပါသည်။)



Share/Bookmark

25 Comments:

အောင်သာငယ် said...

ကမ္ဘာကြီး လုံးနေလို့သာ တော်တော့တယ်...
နံပြားလိုသာ အပြားကြီးဆိုရင် ပဲ့ပဲ့ကျတာနဲ့ ခုဆို တစတောင် ကျန်တော့မှာ မဟုတ်ဘူး-လို့ တွေးမိပါရဲ့...

မကေ့ စိတ်ကူးတွေနောက် လျှောက်လိုက်ရတာ မောတယ်ဗျာ...

တခါတလေလည်း စမ်းကလေးတွေ ညင်ညင်သာသာ စီးဆင်း... ငှက်ကလေးတွေ တေးသီချင်း ဆိုငြည်းနေတဲ့ ဧဒင် ဥယျာဉ်ထဲမှာပဲ လူတွေ နေနိုင်ခဲ့ရင် ကောင်းမှာပဲလို့ တွေးမိတယ်...

ခုတော့ဗျာ...

Moe Cho Thinn said...

ကေ့ ဆီကို ဒါတွေကြောင့်လာနေမိတာ။
ဖတ်ရင်း ဖတ်ရင်းနဲ့ တော်ပြီကွာ.. ခေါင်းစားတယ်။ ဆံပင် အမဲ က..သိပ်မကျန်တော့ပါဘူး ဆိုမှ.. လို့ ကေ ရွတ်သလို ရွတ်ရမလား။
တို့တော့ သိုးနဲ့တူနေပြီလို့ ထင်မိတာပါပဲ ချစ်တဲ့ ကေ။

Craton said...

မမှီမကမ်းစာတွေကိုဖတ်ရင်းနဲ့ အပေါ်က ဦးငယ်ပြောသလို မောသွားပါတယ်..။ ဒီလိုဖတ်ခွင့်ရတာကိုပဲ ဂုဏ်ယူနေတော့တယ်.. အရေးကောင်းသလို အတွေးလည်း အရမ်းကောင်းတဲ့အန်တီကေပဲ..
သုတတွေအများကြီးပေးသွားတယ်.. ရသလည်းပျောက်မသွားဘူး.. လေးစားပါတယ်

အားပေးလျက်...

ဆောင်းယွန်းလ said...

ဘုရားရေ- ဒပ်ဗလင် မှာ တယောက်နဲ့ တယောက်တောင် ချကြရအောင်တောင်..ဆိုးတဲ့သူက..ဆိုးတယ်တဲ့။ ဖြစ်မှ ဖြစ်ရလေ။ ဒီလောက်တောင် ပြည်သူ့ မျက်နှာ ကြည့် တဲ့ အကျိုးနဲ ပုဂ္ဂိုလ်ထူးတွေ အတွက်..စိမ်းတဲ့မြေရေ.. နင် မငိုနဲ့တော့..။

အားလုံးဖတ်ပြီးမှ ဒီနောက်ဆုံး စာကြောင်းလေးကို ဖတ်
ပြီး သဘောကျသွားပါတယ် မကေရေ
တော်ကြာ စိမ်းတဲ့မြေရဲ့ အငို စကွဲ (နှစ်ထပ်ကွမ်း) တွေ
ဖြစ်လာမှာ စိုးရိမ်ရတယ်ဗျ...
ခင်မင်လျက်...

MANORHARY said...

ဒီစာကိုရေးမယ်ဆိုတာသိထားလို့မျှော်နေတာ။
ကေ့စိတ်ကူးတွေနောက်လိုက်ရတာမောလိုက်တာ။
စဉ်းစားရတာလည်းခေါင်းစားတယ်။တို့ကိုဆံပင်ဖြူ
အောင်လုပ်နေတာလား။း)
နောက်တစ်ခေါက်ဆိုအဲဒီရထားကိုတူတူစီးမယ်လေ
နော်..ခေါ်မလား..း)

Republic said...

မင်္ဂလာပါဗျာ ၊၊ စာလာဖတ်ပါတယ် အစ်မ K.

Thant said...

ဖတ်ပြီးတော့ မောသွားတယ် အစ်မရေ ။
တစ်ခန်းစီပြောင်းနေတဲ့ ဇာတ်ကွက်တွေထဲ ကိုယ့်ကိုကိုယ်တောင် ဇာတ်ကောင်ဖြစ်နေကြမှန်းမသိဘဲ ကပြအသုံးတော်ခံနေကြ ။
လောကကြီးတဲ့လား . . .
ဟင်း . . . ခေါင်းစားတယ် ။

khin oo may said...

လာဖတ်တယ် ကေ.. အရေးလေးတွေ နှစ်သက်တယ်။ လူကိုလဲ နှစ်သက်ပါတယ်။
(ပုံ
သိုးကလေးရဲ့ မမ)

မောင်မျိုး said...

င်္တီကေ့ စိတ်ကူးလေးတွေက နုညံ့တယ် စာဖတ်ရင်း စာရေးသူရဲ့စိတ်ကို မှန်းလို့တယ်နော့် အတွေးလေးတွေနဲ့ ဗဟုသုတရ စရာလေးတွေ ကိုယ်တိုင် ရထားအတူလိုက်စီးလိုက်ရသလို ဘောက်ထဲက စာတစ်ချို့ကိုလည်း သေချာဖတ်မှတ်သွားပါတယ် ။အများကြီးမတွေးသွားဘူးနော် အရွယ်ကျလို့း)

ဖုန်း မြင်. said...

ဒပ်ဗလင် ၊ ဆံပင် အမဲတွေ သိပ်မကျန်တော့ဘူး နှင့် မကေ ရထား စီးသော ညများ...... ဟူး.. မော ..တယ်...ဗျာ.....။

weik.zar said...

ဒပ်ဗလင် ညီလာခံက သိုးတွေရဲ့ conference မဟုတ်ဖူးလေ။ဟား၊ဟား၊ဟား၊

မေ့သမီး said...

အစ်မရေ transparency ဆိုတဲ့အသုံးအနှုန်းကို ကျောင်းက Political Analysis ဘာသာမှာ သင်ရတိုင်း ကိုယ့်အစိုးရကိုပြေးမြင်မိအောင်ကို အစွမ်းကြီးတာ။ အစ်မရဲ့ စိမ်းတဲ့မြေ ဆိုတဲ့အသုံးအနှုန်းလေးကတကယ်ထိတယ်။
ကျွန်မကဗျာတစ်ပုဒ်ရေးခဲ့ဘူးပါတယ်။
“ငါတို့ရဲ့ရေကြည်ရာ မြက်နုရာမှာ
ငါတို့မနေနိုင်ဘူး
ရေနောက်တွေကိုသောက် မြက်ခြောက်တွေသောက်ဖို့
ငါတို့အဝေးရောက်နေရပြီလေ”
စင်္ကာပူမှာ ကလိုရင်းနံ့ပြင်းတဲ့ရေကိုသောက်ရတိုင်း ကိုယ့်ဆီကသဲခံတဲ့ ရေအေးအေးလေးကိုလွမ်းရတာ ကြောင့်ရေးဖြစ်တဲ့ကဗျာလေ။

hana san said...

မကေ...
ဘာပြောရမှန်းတောင် မသိတော့ဘူး။ မကေမှာ မှော် လက် ရှိနေတာ သေချာပြီ။ : )
မကေ ရေးသမျှ ပထမဆုံးစာကြောင်းကနေ စလို့ အဆုံးထိကို ခေါ်သွားလိုက်တာ အမြဲရင်သပ်ရှုမောပဲ။
ဗဟုသုတလည်းရတယ်။ သုတကိုပေးပေမယ့် ရေးတဲ့ စတိုင်လ်က ရသ ဖွဲ့သလိုမျိုးလေး..ဘယ်လိုလေးလဲ မသိဘူး။ တစ်မျိုးလေးပဲ။

သက်ဝေ said...

ကေ့ ဘေးမှာထိုင်ပြီး ကေ နဲ့ အတူတူ ရထား လိုက်စီးသွားပါတယ်...။
၇ နာရီနီးပါး စီးပြီးတော့ မောလို့ အိပ်မယ်ကြံရုံရှိသေး မီးရောင်ပြပြနဲ့  သွားရမယ့်မြို့ကြီးကို မြင်နေရပြီ...။

ဘ၀ခရီးကတော့ ရထားလမ်းကလေး မဆုံးမချင်း ဆက်သွားနေရအုံးမည်သာ...

ကိုရင်နော်ခင်လေးငယ် said...

အစအဆုံးဆွဲခေါ်သွားလိုက်တာ ရထားကြီးနဲ့ လိုက်ပါနေရသလိုပါပဲ..
အတွေးတွေ၊ အရေးတွေ၊ ရင်ထဲက ခံစားချက်တွေအတွက် လေးစားမိပါတယ်..

Kay said...

သြော်- ကဗျာဆရာတွေကတော့..စမ်းကလေးတွေ စီးဆင်းနေတာပဲ မြင်ချင်မှာပေါ့လေ။ မောရင်လည်း လျှောက်မလိုက်နဲ့လေ.. ကိုယ့်ဖာသာ ကဗျာစပ်နေပေါ့။း)
မချိုသင်းကလည်း..ဒီလိုသိုးမဟုတ်ပါဘူး။ မချိုသင်းက..ယုန်ကလေးပါ။ ချစ်စရာ-ယုန်ဝတုတ်လေး။း)

Craton, Republic - ကျေးဇူးး)

ကိုဆောင်းယွန်းလ- အငိုက.. စကွဲ မကတော့ဘူး.. root တွေပါ တင်ရတော့မယ်။

မနော်- ဆံပင်မြန်မြန်ဖြူမှ..ပင်ရှင်နာ လက်မှတ်နဲ့ ရထားတူတူ စီးမယ်လေ။ လာခဲ့-

သန့်- စားတဲ့အခါလည်းစားပေါ့နော်။း)

သိုးကလေးရဲ့မမကြီး ခင်ဦးမေ ရေ- မချိုသင်းလို ယုန်မမကြီးပဲလုပ်ပါ။

မောင်မျိုး- ဖုန်းမြင့်- ဒုတ်ခပါပဲ..တို့စာက..အဲလောက်တောင်.. စိတ်ညစ်စရာကောင်းနေပြီလား။

ဝိဇ္ဖာ- ဘာပြောလိုက်တာလဲ..မကြားလိုက်လို့..း)

မေ့သမီးရဲ့ ကဗျာလေးကို သဘောကျသွားတယ်။ Newater တွေသောက်ပေါ့။း) ဒီနေ့ မေ့သမီးဆီမှာ အရှည်ကြီး မန့်ခဲ့တယ်။

ဟနရေ- မှော်လား..မှိုလားဟင်..လက်သဲမှာ တခါတော့..မှိုကပ်ဖူးတယ်။း)

သက်ဝေလည်း ရထားအတူစီးချင်ရင်..ပင်ရှင်နာ လတ်မှတ်ရမှ လာခဲ့..။ မနော်နဲ့အတူ-း)

မမသီရိ said...

မကေ...ရဲ့ စာတိုင်း ကို သဘော ကျခဲ့ တယ်..
စိတ်ကူးတွေ ကို ပုံ ဖေါ်တဲ့ အတတ်ပညာ..
ကိုယ့် ခံယူချက်တွေ ကို..မျှဝေပေးသွား တဲ့ အနုပညာ...
အဆိပ် အတောက် ကင်းကင်း နဲ့ လှပအောင် ချယ်မှုန်းနီုင်စွမ်းလှ တဲ့..စွမ်း အားတွေ...
အကြောင်း အရာ တစ်ခု ကို ပဲ..လူတစ်ကာ မတွေး တဲ့..မမြင်နိုင် တဲ့ ရှုထောင့် ကနေ....ရှင်းရှင်း လင်းလင်း
တွေးတော..တင်ပြ သွား တတ်တာတွေ...
စာဖတ်သူတွေ အတွက်..စွမ်းအားတွေ..အတွေးသစ်တွေ
ပွားစေ တဲ့ အတဲ့...အတွက်...အရမ်းလဲ အားကျခဲ့ တယ်..တို့တွေ လို သာမန် စာဖတ်သူ တွေ အတွက်..တကယ် တန်ဖိုး ရှိတဲ့ စာတွေ ပါ....
ဒါပေမဲ့....အမှန် အတိုင်း ၀န်ခံ ရရင်...မကေ စာတွေ ဖတ်ပြီးသွားတိုင်း...စာလေး ဘာလေး ရေးကြည့်မလား...လို့ ကူးမိတဲ့ စိတ်တွေ...အားတွေ ကုန်ခမ်း ပျာက် ဆုံး သွား တတ်ပြီး....တကယ်ငယ်ငယ် သွား ပြန်ရော.....ကိုယ့်ကိုကိုယ် သိနေတာ ကိုး...း).....ကိုယ် က ဘယ်အနား မှာ...ဘယ် အဆင့်မှာ..လဲ ဆိုတာ......
အဲဒါ အမှန်အတိုင်း ၀န်ခံ တာ...နော်...း).....

မမသီရိ said...

........................
အပေါ်မှာ..စာလုံးပေါင်း မှား သွားလို့.....
...........................................

ဒါပေမဲ့....အမှန် အတိုင်း ၀န်ခံ ရရင်...မကေ စာတွေ ဖတ်ပြီးသွားတိုင်း...စာလေး ဘာလေး ရေးကြည့်မလား...လို့ ကူးမိတဲ့ စိတ်တွေ...အားတွေ ကုန်ခမ်း ပျာက် ဆုံး သွား တတ်ပြီး....တကယ်အားငယ်မိတယ်.....ကိုယ့်ကိုကိုယ် သိနေတာ ကိုး...း).....ကိုယ် က ဘယ်အနား မှာ...ဘယ် အဆင့်မှာ..လဲ ဆိုတာ......
အဲဒါ အမှန်အတိုင်း ၀န်ခံ တာ...နော်...း).....

ကောင်းကင်ကို said...

ကောင်းတယ်ဗျာ။ လူတွေအကုန်လုံး တစ်ခေါင်းလုံးဖြူချင်ဖြူပါစေတော့။ ဒါမျိုးလေးတွေ ထပ်မျှော်နေမယ်ဗျာ။ လူကိုလူလို့ လူတွေ မြင်နိုင်တဲ့ခေတ် ခုထိ မရောက်သေးဘူး။း-(

ဒူကဘာ said...

ကမ္ဘာတော်လှန်ရေးမှာ ချမ်းသာတဲ့သူတွေ ပညာတတ်တွေ တတ်/သိပညာရှင်တွေက တိုင်းပြည်မျက်နှာ ကြည့်ပြီး လူထုရှိရာ ဆင်းရဲတွင်းထဲ ခုန်ခုန်ချတယ်လို့ ဖတ်မှတ်ဖူးတယ်၊ မြန်မာပြည် လွတ်မြောက်ရေး တိုက်ပွဲမှာ ပြည်ပရောက် အချို့ကတော့ တိုင်းပြည် မျက်နှာမငဲ့တော့ပဲ ဆင်းရဲတွင်းကနေ အိတ်ကြီးဖေါင်းလာပြီး ဒပ်ဗလင်မှာ နေရာအတွက် ပရိုပိုဇယ်အတွက် ...အတွက်တွေ များများတွက်ပြီး သတ်ကုန်ကြတာ ဗိုလ်ချုပ်များသိရင် ရင်၂ခြမ်း ဗြန်းဗြန်းကွဲလေ မလား? မသိ

Kay said...

မမသီရိရေ- အဲဒီလို မဟုတ်ပါဘူး။ ဘလော့ရေးတယ်ဆိုတာ..အားလုံး ဝေမျှ စားသုံး ပျော်ရွှင်ကြတာပဲ။ ဒီနေ့တောင် ကိုငြိမ်းဝေ ဘလော့မှာ မင်းသုဝဏ်ကဗျာလေး တွေ့လိုက်တယ်.. အတွေးအခေါ်ဟူသမျှ ပြိုင်ကြပါစေ..ပန်းဟူသမျှ လှိုင်ကြပါစေ..တဲ့။

ကိုရင်နော်ခင်လေးငယ်လည်း.. လာလည်တာ ၀မ်းသာပါတယ်။

ကောင်းကင်ကို- ကွန်ပြူတာ စကရင်းပေါ်တွင်မျှော်..း)

မနန်ဝါဒူကဘာ- အခုလဲ ရှိတဲ့လူတွေ ရင်ကွဲနေရတာပဲ..

တန်ခူး said...

ကေရေ… အရင်က မနက်ဖက်ဆို အလကားရတဲ့ တူဒေးသတင်းစာလေးနဲ့  ဟိုဒင်းဟိုဟာ လုပ်နေကျ… ဒါပေမယ့် ဖတ်ရတဲ့သတင်းတွေက မနက်ခင်းနဲ့ မလိုက်ဖက်လို့  ခုတော့ ရွှေအမြုတေနဲ့ ပဲ ဟိုဒင်းဟိုဟာလုပ်တော့တယ်… ရထားလေးတစင်းနဲ့ အတူ ကေရဲ့ အတွေးတွေထဲ တို့ ပါလိုက်ပါသွားတယ်… အဲဒါကေပေါ့…

မေငြိမ်း said...

ဘာလို့လဲ မသိဘူးကေ... ဖတ်ရင်းနဲ့ ခဏခဏ မျက်ရည်လည်နေတယ်။ ကေနဲ့အတူ ရထားစီးရင်း စိမ်းတဲ့မြေဆီက ရထားလမ်းတလျှောက်ကို သတိရလာလို့ပဲ ထင်ပါရဲ့..။

မီယာ said...

ရထားစီးရရင်း စာရေးသွားတာ ကောင်းလိုက်တာ... အားကျတယ်။ ခေါင်းစားတာတွေ မတွေးဘဲ ရှုခင်းလေးတွေ ငေး၊ ကော်ဖီသောက်၊ စာအုပ်လေးဖတ် နောက်တခါ လုပ်ပေါ့နော်။ နောက်ပို့စ် အတွက်လေ

Kay said...

မမေငြိမ်းရေ- ခုချိန်ဆို ပိုလွမ်းနေမှာ သိတယ်။
မီယာ- ပေါ့ပေါ့ပါးပါးလေးတွေ ရေးနိုင်ဖို့ မိုးပျံဘူဘောင်း တတွဲလောက် ၀ယ်လိုက်အုံးမယ်..ဟဲ..လာမယ်နော်-