သူက သာမာန် ဆာဒင်း တကောင်ပါပဲ..။ တခြား အကောင် တွေ အတိုင်း ..တကယ့်ကို အတိအကျပဲ။ တခြား အကောင်တွေ ကူးခတ် တဲ့ အတိုင်း ပဲ..သူ လည်း ကူးခတ်တယ်။ ပြီးတော့..တခြား အကောင် တွေ ပြုမူ သလိုပဲ..သူလည်း မြူးတူး ပျော်ပါး ကစား နေတာပါပဲ..။ ဒါပေမဲ့..သေသေ ချာချာ စောင့် ကြည့်လို့..တမိနစ်လောက် ပြည့်ရင်တော့.. သတိ ထားမိမှာပဲ..။ သူ့မျက် နှာ ပေါ်မှာ..တချက် တချက်..စိတ်ညစ် လာပုံ ပေါက် နေတယ်။
တနေ့ပေါ့..
ဒီဇတ်လမ်း စတဲ့ နေ့မှာပဲ..သူ့အမေ က..သူ့ရဲ့ စိတ်ညစ် နေတဲ့ မျက်နှာ ထား ကို သတိထား မိသွားတယ်။ အဲဒီတော့..
` ဟေ့- ဒီကို လာပါအုံးကွဲ့.. မင်းဟာ ..ငါ့ရဲ့ သား ၆၀၀ ထဲက တကောင်ပဲ.. မင်းဘာဖြစ် နေတာလဲ ကွဲ့..´ လို့ မေးလိုက်တယ်။
` ကျွန်တော် အထီးကျန် ဖြစ်နေ ပါတယ် ဗျာ..´ လို့ ငါးလေးက..ဖြေတယ်။

` မင်း ကို .. ငါ - နံမယ် ဘယ်လို ပေးထား မိပါလိမ့်...´
` စပက် ပါ ခင်ဗျာ..´
` အေး ..ဟုတ်ပြီ.. စပက်.. မင်းရဲ့ အကို အမ တွေ ရော..ဘယ်မှာလည်း..´
` ကျွန်တော် ထင်တယ်.. ဒီနား မှာပဲ.. လှည့်ပတ် ဆော့ကစား နေကြမှာပေါ့..´
` ဒါဆိုရင်.. မင်း လည်း ..မင်း အကိုအမ တွေ နဲ့..သွားဆော့ ပေါ့ကွယ်..အထီးမကျန် တော့ဘူးပေါ့..´ လို့ အမေကြီး က ပြောတယ်..။
` သူတို့နဲ့ ကစား နေရင်လည်း..ကျွန်တော်ကတော့..အထီးကျန် နေတာပါပဲဗျာ..´
` ကောင်း ပြီလေ..ဒီမှာ..ငါဟာ မင်းရဲ့အမေ..ငါ့ရဲ့သားသမီး ၆၀၀ - ၇၀၀ လောက် ရှိတဲ့ အထဲက..မင်းတယောက်တည်း အတွက်.. တလေးတစား လုပ်နေဖို့..အချိန် မရဘူး..ဒါပေမဲ့..မင်းမှာ..ဒုက္ခ ရောက်နေရင် ..ပြောသာ ပြောပါ..မင်း စိတ်သက်သာရာ ရချင် ရသွား နိုင် မှာပေါ့..။ ကဲ- ပြော..ဘယ်လို ဒုက္ခ မျိုးလည်း..´
` ကျွန်တော်..ဆာဒင်း မဖြစ် ချင်ဘူးဗျာ..´ လို့ ..စပက် က ပြောလိုက်တယ်။
အဲဒီ တော့-
` မင်း ရဲ့ အမေကို..ရိုရိုသေသေ ပြောစမ်း..´ လို့ စပက်ရဲ့ အဖေကြီးက ၀င်ကြိမ်းတာပေါ့..။

` ကျွန်တော်..မလေးမစား လုပ်တဲ့ သဘော မဟုတ်ပါဘူးဗျာ..´
` မင်း ပြောတဲ့ စကားက..မလေးမစား လုပ်နေတာ..မဟုတ်ဘူးလား...´
` ကျွန်တော်..ဆာဒင်း မဖြစ်ချင် ဘူး လို့..ပြောရုံလေး တင်ပါ ဗျာ..´
` ဒါဆို..မင်းက..ဘာဖြစ်ချင် တာလည်း..´
` တခြား တခုခုပေါ့..´
အဖေကြီး က.. အမေကြီး ကို ဖျတ်ကနဲ..လှမ်း ကြည့် လိုက်တယ်..။ အဖေကြီး ကို ကြည့်ရတာ..စိတ်ဆိုး နေတဲ့ပုံပဲ..။ အမေကြီး ကတော့..စိုးရိမ် နေတာပေါ့..။
` ဘာတွေလည်း ကွာ..ဘယ်လို ကလေးမျိုးကို များ မွေးထားတာလည်း..´

အမေကြီး ကတော့..ပြောရှာပါတယ်...။ ` ကျွန်မ ပြောရဲပါတယ်.. ဒါ-ဘာမှ စိတ်ပျက် ဖို့ မလို ပါဘူး ရှင်..´
` ဘာ- စိတ်ပျက် ဖို့ မလိုဘူး..ဟုတ်လား.. ဟိုကောင်လေး က..သူ-ဆာဒင်း မဖြစ်ချင်ပါဘူး..တခြားဟာ..တခုခု ဖြစ်ချင် တယ် လို့ ပြောတယ်..။ ဒါကို..မင်းက စိတ်ပျက် ဖို့မလိုပါဘူး လို့ပြောတယ်..။ တခါတလေများကွာ..ငါ- တကယ်..ဘာလို့များ..မင်းကို တွေ့တွေ့ချင်း လက်ထပ် ခဲ့မိ တာလည်း မသိပါဘူး.. ကျေးဇူးပြု လို့..ဒီကောင်လေး ကို ..ဒီနေရာက..ခေါ်သွားစမ်း ကွာ..။ ငါ ပြော နေတာ..ကြားလား..´
` ဟုတ်ကဲ့ပါရှင်..´ အမေကြီး ခမျာ..မြန်မြန် ပြော လိုက်ရတယ်။ အဖေကြီး ကတော့.. စိတ်ပျက် ပြီး..ဟိုဖက်ကို လှည့်သွားတယ်။ အမေကြီးက စပက်ဆီကို လာ ပြီး..တိုးတိုးလေး ပြောတယ်။
` အခု- မင်းလည်း ကောင်းသွားပြီ။ ဒီလို အဓိပ္ပါယ် မရှိတာ တွေကိုလည်း..ရပ်တန်းက ရပ်လိုက်တော့.. မင်းဖာသာ မင်း ဖြောင့်ဖြောင့်သွား..မင်းအကိုတွေနဲ့..သွားဆော့တော့ပေါ့..´
သူ့အဖေ နဲ့အမေ..သူ့ကြောင့် ၇န်ဖြစ်ရတာကို မြင်ရတော့..စပက်တကောင် စိတ်တော့ မကောင်းဘူးပေါ့..။ ဒါပေမဲ့ အဲဒီ အချိန်မှာ..သူ - တယောက် ယောက်ကို စကားပြောချင်နေတယ်..။ ဘာလို့များ..သူတို့တွေဟာ..သူ့ကို စကား မပြောကြတာပါလိမ့်နော်..
သူ့ညီ အကို တွေ ကစားနေတဲ့..ခြေထောက်နဲ့ ကန်တဲ့ ဘောလုံးလို မျိုး..နှာခေါင်း နဲ့ ဆော့တဲ့.. နှာခေါင်း ဘောလုံးပွဲ ရှိရာ ကို..ကူးခပ်လာတယ်..။ ကစားပွဲ ထဲ ကို ၀င်ပြီး..ဘောလုံးကို နှာခေါင်း နဲ့ ၀င်တွန်းတယ်။ ( အဲဒီ ဘောလုံး ဆိုတာ..စားလို့ရတဲ့..ရေထဲက..အမှုန် တခုခုပေါ့..) အနိုင်ဂိုး တခုကို သွင်းနိုင် တော့မယ့် အခြေအနေ မှာပဲ.. ရုတ်တရက် ဆိုသလို..မတွန်းပဲ ရပ်နေမိတယ်။
အဲဒီ အချိန်မှာပဲ..တဖက် အသင်းက..၀င်ပြီး ဂိုးသွင်း တော့တာပေါ့..။ သူ့အသင်းဖက် မှာ ရှိနေတဲ့ ညီအကိုတွေ အကုန်လုံး..သူ့ဆီကို အားကုန်ပြေးလာကြပြီး..
` သိပ်ကောင်းပါလား..ညဏ်ကြီးရှင် ရေ.. မင်း-ဘာလို့..မကစားပဲ ရပ်လိုက်တာလည်း..ဟေ့ကောင်- မင်း..ဘာဖြစ်နေတာလဲကွ..´ လို့ ၀ိုင်း အပြစ်တင်ကြတယ်။
` ငါ---ငါ-- ဆာဒင်း မဖြစ်ချင်ဘူးကွာ..´

` ဟေ့-- မင်းပါးစပ် ပိတ်ထားစမ်း..´ လို့ သူ့အကို တွေက ပြောပြီး..ထွက်သွား ကြတယ်..။
သွားကြပေါ့..။ စပက် စိတ်ထဲမှာ တော့..သူတို့ထွက်သွားတာကို..ဘယ်လိုမှ မနေတော့ဘူး..။ သူတို့အများကြီး ကို ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ်..သူ-မြင်နေရသေးတာပဲ..။ သူတို့နဲ့ ပတ်သတ်လို့တော့.. ဘယ်တော့မှ..အထီး မကျန် မိဘူး..။ အဲ- သူ အထီးကျန်နေတာက.. တခြားတခုခု နဲ့ပေါ့..။ ဘာမှန်း ကို မသိတဲ့ ဟာပဲ။ ခုတော့..ပိုလို့တောင်..အထီးကျန် လာတယ်..´
ခဏကြာတော့..သူ့အဖေ စိတ်ဆိုး နေတုန်း ပဲ ဆိုတာ..စပက် တွေ့ရတယ်။ သူ့အမေ လည်း..သူ့အတွက်..စိတ်လှုပ် ရှားနေတုန်းပဲ..။ စိတ်လည်း နဲနဲ တော့ ဆိုးတုံး ပေါ့။ သူ့ညီအကို တွေ ကတော့..နှာခေါင်း ဘောလုံးကို ဆက်ကစားနေကြတာ..သူမြင်ရတယ်။ သူ့နှမ တွေကတော့..အိမ်တွင်းမူ သင်ခန်းစာ တွေကို သင်ယူ နေကြတယ်။
အကုန်လုံး သူ့အလုပ်နဲ့ သူ ရှုပ်နေကြတာက..သူ့ကို ပိုပြီး..စိတ်ပျက် ဖို့ ကောင်း လာစေတယ်။ သူ ဘာလုပ် ရမယ် ဆိုတာ..သေသေချာချာ မစဉ်စားတော့ဘူး..။ ရုတ်တရက် ဆိုသလို..လှည့်ထွက် လိုက်ပြီး.. ဒီကျောင်း နဲ့ ဝေးရာ ကို သူပြေးတော့ တာပဲ..။ သူ့အမေ ရဲ့ အော်ခေါ်သံ ကို ကြားရသလို ထင်လာတဲ့ အခါတော့..သူဟာ..အရမ်း မြန် မြန် ကို ကူးတော့တယ်။ ဒါပေမဲ့..သေတော့ မသေချာဘူး..။ အဲဒီနောက်တော့.. သူ့အမေ ဟာ..သူ့ကို ကူညီဖို့ အတွက် ဘာမှ မတတ်နိုင် တော့ဘူးပေါ့..။ သူက..ဆာဒင်း မဖြစ်ချင်ဘူး..။ သူ့အမေကတော့..သူ့ကို ဆာဒင်းပဲ ဖြစ်စေချင်တယ်။ အဲဒီတော့.. ဖြစ်သင့်တာက..သူ - အဝေးကို ထွက်သွားဖို့ပဲပေါ့..။
၃ မိနစ် လောက် မပြည့်ခင် မှာပဲ.. စပက် တကောင် ရေတိမ် ပိုင်း ကို ရောက်လာတယ်..။ (သူတို့ရဲ့ ကျောင်းက..ကမ်းခြေနား မှာပဲ ရှိတာကိုး) ခဏတော့..အဲဒီ ရေတိမ်မှာ..သူ-လှည့်ပတ် ကူးနေသေးတယ်..။ နောက်တော့..ဘာမှ ထပ်ပြီး..မစဉ်းစားတော့ဘူး..။ ရုတ်တရက် ဆိုသလိုပဲ.. ရေ ထဲကနေ..ခုန်ထွက်ပြီး..သဲစိုစို ပေါ် ကို တက်လိုက်တော့တယ်။ အဲဒီ နေရာ ဟာ..အရမ်းကို ထူးဆန်း တာပါပဲ..။ စိတ်ပျက်စရာ အခက်အခဲ တွေ ရှိနေတာ တောင်မှ..သူကတော့..သဘောကျ နေမိတယ်။
သူဟာ..လေတို့ အလင်းရောင် တို့..ပူနွေးမူ တို့နဲ့အတူ..သဲတွေကိုပါ..အချိန်တော်တော်ကြာ ရင်ဆိုင်နေရတယ်။ အဲဒီနောက်တော့..ဘာအန္တရယ် မှ ထပ်ပြီး ရင်မဆိုင် ရတော့ဘူး..။
သူ-ကမ်းခြေ ပေါ်မှာ မတ်တပ်ရပ် လိုက်ပြီးတော့..ပင်လယ်ဖက် ကို ပြန်ပြီး..လှမ်းမျှော် ကြည့်လိုက်တယ်..။ သူ ထွက်ခဲ့တဲ့ ဆာဒင်းကျောင်း ကြီးကတော့..တကယ့်ကို..ဟိုး..အဝေးကြီး မှာ ကျန်ရစ် ခဲ့ပြီ။ သူ အကျယ်ကြီး အော်လိုက် မိတယ်။
`ဟေ့..ငါ- မင်းတို့ဆီက.ထွက်လာရတာ ၀မ်းသာတယ်.. ပင်လယ်ကြီး ကို ထားခဲ့ရတာ..၀မ်းသာတယ်...ခု- ငါ..ကုန်းမြေကို ရောက်လာ ရတာလည်း..၀မ်းသာတယ်ဟေ့..´
ပြီးတဲ့အခါ မှာ..စပက်ဟာ..ဘာတွေ မြင်ရမလည်း လို့ ပတ်ဝန်းကျင် ကို လှည့်ပတ် ကြည့်လိုက်တယ်..။ သူ တွေ့ရတာက..မြို့ကြီး တမြို့ပဲ...။ သူ ဆုံးဖြတ် လိုက် တယ်။ အဲဒီမြို့ထဲ မှာ..သူတို့ မြို့နဲ့ တူတာ..ဘာတွေ ရှိမလည်း ဆိုတာ..ရှာ ရမယ်လေ...။
ဒီနေရာက..ပင်လယ် ထဲက..သူတို့မြို့လို..သစ်ပင် တွေနဲ့ တည်ဆောက်ထားတဲ့ မြို့တမြို့ တော့ မဟုတ်ဘူး..။ မရွေ့လျားနိုင်တဲ့..ကျောက်တုံးကြီး တွေ..စတီးလ် တွေ..မှန်တွေ..ပြီးတော့..တခြား ပစ္စည်း မျိုးစုံ နဲ့လုပ်ထားတဲ့..မြို့ကြီးတခု ဖြစ်နေတာပါပဲ..။
အဲဒီမြို့ကြီး ဆီကို..သူ လျှောက်သွားတယ်။ နဲနဲ တော့..ကြောက်ရွံ့မိတာပေါ့..။ မြို့ထဲမှာ ရှိနေတဲ့..လူတွေကို..သူ- ဘယ်လို ဆက်ဆံ ရမလည်း ဆိုတာကိုလေ..။ ဒါပေမဲ့လည်း..ဒါဟာ..သိပ်တော့ လိုလှတာ မဟုတ်ပါဘူး..။ သူတို့ကြားထဲ ကို..ရောက်သွား ပြီး..မကြာခင်မှာပဲ.. သူတို့လုပ်တဲ့ အတိုင်း..အတိအကျ..သူ-လုပ်နိုင် လာ တာပါပဲ..။
အဲဒီ နေ့က ဖြစ်ခဲ့တာ တွေကတော့..တကယ့် အစပါပဲ..။ ကျန်တာတွေ ကတော့..လူတိုင်းလိုလို..သိကြတာမျိုးပါ။ ဒါပေမဲ့.. ဖြစ်တဲ့ အတိုင်း ပြောပါမယ်..။ ဒါတွေဟာ..တနည်းမဟုတ်..တနည်း ..နေ့တိုင်း လိုလို ဖြစ်လေ့ ရှိ တာမျိုးတွေလေ..။ သူလည်း အဲဒီ အတိုင်း ပဲပေါ့..။
စပက် အလုပ် ရတယ်..။ ကြိုးကြိုးစားစား လုပ်တယ်။ ပိုကောင်းတဲ့ အလုပ် ရလာတယ်။ သူ သဘောကျတဲ့ ကောင်မလေး ကိုလည်း တွေ့တယ်ပေါ့..။ အဲဒီတော့..ပို ပို ပြီး ကြိုးစား လုပ်တယ်..။ ပိုပြီးတော့ ကောင်းတဲ့ အလုပ် ထပ်ရ ပြန်တယ်..။ ဒီတခါ တော့..သူ့ကောင်မလေး နဲ့ လက်ထပ် လိုက်တယ်။ သူတို့ အိမ် အသစ်မှာ နေကြတယ်။ သားတယောက်..ရလာတယ်။ ပြီးတော့..သမီးတယောက်..။ နောက်ထပ် ..သားတယောက်.. ။ နောက်- သမီး တယောက်..။ အဲ..နောက်ဆုံး သား တယောက် ထပ်မွေး ပြန်ရော..။
သူတို့တွေဟာ..အရင်ကထက် ပိုပြီး အသာယာဆုံး အိမ်ထောင်စု တခု ဖြစ်လာတယ်..။ ဒါပေမဲ့..တနေ့ကျတော့..စပက် တယောက်..(၆၇) နှစ် ပြည့်တဲ့ အချိန်မှာပေါ့။ သတိပြု မိ လာတာက.. (၁၇) နှစ် ရှိပြီ ဖြစ်တဲ့ သူ့သား အငယ်ဆုံးလေးပဲ။ သူ့ကို ကြည့်ရတာ..တခုခု ကို စိတ်ညစ် နေသလိုပဲ လို့ ထင်လာတယ်..။ ဒါကြောင့် စပက်က..ခေါ်ပြီး မေးတယ်။
` မင်း- ဘာဖြစ် နေတာလည်း..လူလေး..´
` ကျွန်တော်..အထီးကျန် ဖြစ်နေ ပါတယ် ဗျာ... ´ လို့ - ကောင်လေး က ဖြေတယ်။
အဲဒီတော့..စပက်က-
` မမိုက် ချင် စမ်းပါနဲ့ကွာ..ဒါဟာ မင့် အိမ်ပဲ.. ဒီမှာ..မင်းအဖေ လည်း ရှိတယ်..အမေ လည်း ရှိတယ်..မင်းရဲ့ညီအကို မောင်နှမ တွေလည်း အကုန် ရှိတာပဲ...´
စပက် ရဲ့သားလေး ကတော့..အလျှော့မပေးဘူး။
` ကျွန်တော် ကတော့..အဲဒီ အတိုင်း ကို..အထီးကျန် နေတာပါပဲ..´

` ဘာဖြစ် လို့ လဲကွ..´
` ကျွန်တော် လည်း မသိဘူး..ကျွန်တော် ထင်တာ ကတော့..ကျွန်တော်..လူ မဖြစ်ချင် ဘူး ဗျာ..ဒါပဲ ဖြစ်ရမယ်..´
` ကောင်းပြီလေ..ဒါဟာ..သိပ်ပြီး ကောင်းလှ တာတော့..မဟုတ်ဘူး..။ မင်း- ဒါကို ကြိုက်သည် ဖြစ်စေ.. မကြိုက်သည် ဖြစ်စေ..မင်းဟာ..လူတယောက်ပဲ..။ မင်- တခြား ဘာများ ဖြစ် နိုင်သေးလို့ လည်း.. ဒီ့ ထက် ပို ကောင်းတာလည်း ဘာမှ မရှိဘူး.. ကဲ- ကဲ- ငါ အခုဒီမှာ စိတ်အနှောင့်အယှက် ဖြစ် ရပြီ..ဒါကို တော့..မင်း နဲနဲ လောက် သဘော ပေါက်တဲ့ ပုံ ပြသင့်တယ်..´
စပက် ရဲ့ သားလေးက.. သူ့အဖေ မှန်တယ် ဆိုတာ..သူသိတယ်..။ ဒါပေမဲ့..သူ-ဘာမှ မတတ်နိုင် ဘူးလေ။ သူ အထီးကျန် နေတာပဲ။ သူ- လူတယောက် မဖြစ်ချင် တာက..မဖြစ်ချင်တာပဲ..။ သူ- အဲဒီ ဘာမှန်း မသိ တဲ့..ဒီ့ထက် ပို ကောင်းတဲ့ တခုခု ကိုပဲ..ဖြစ်ချင် နေတယ်..။ ဒါပေမဲ့..အဲဒါ ကို ပြုလုပ် ဖို့..ဘယ်ကို သွားရမလည်း ဆိုတာကိုလည်း.. သူ မသိဘူး..။
တနှစ်လောက် တော့..သူ အိမ် မှာ နေ လိုက် သေးတယ်။ တနေ့ မှာ တော့..သူဟာ - ကောက်ကာ ငင်ကာ ပဲ ထွက်သွားတော့တယ်။ သူ့အဖေ နဲ့ အမေ အတွက်..စာလေး တစောင် တော့..ရေးပေးခဲ့တယ်။ စာထဲမှာ ကောင်းကောင်း မွန် မွန် ငြင်ငြင်သာသာ ရေးထားတာပါပဲ..။ သူ့အဖေ နဲ့အမေဟာ.. သူ့အပေါ် မှာ..အရမ်း စိတ်ပျက် နေကြပြီလို့..သူထင်တယ်ပေါ့..။ ဒါပေမဲ့.. လူသားထက် ပိုကောင်းတဲ့..အရာတခုခု မရှိဘူး ဆိုရင်တောင်.. သူ့ကိုယ်သူ ရှာဖွေ ဖို့ အတွက်..သူ့စိတ်နဲ့သူ့ကိုယ် ထွက်သွားတာ ..သက်သက် ပါပဲ လို့ ရေးခဲ့သတဲ့..။
အဲဒီလို နဲ့..စပက် ရဲ့သားလေး ဟာ..ကမ္ဘာကြီးကို လှည့်ပတ် ပြီး သွားနေ တာပေါ့..။
တနေ့မှာတော့.. သူပြန်ရောက် လာ ခဲ့တယ်။ ရောက်ရောက်ချင်း.. သူ့အဖေဟာ..အိမ်ရှေ့ မျက်နှာစာ မှာ ထိုင်နေတာ ကို သူ တွေ့လိုက်ရတယ်။
` မင်း- ဆန်ဒီ မဟုတ်လား...´ လို့ အဖေကြီး က မေးတယ်။

` ဟုတ်ကဲ့ ပါ ခင်ဗျာ..´
` အေး..မင်း ဘယ်တွေ ရောက်ခဲ့ သလည်း ကွ...´
` ကမ္ဘာ အနှံ့ ပါ ပဲဗျာ.. ကျွန်တော် သဘောင်္ တွေ ပေါ်မှာ အလုပ် လုပ် ပြီး ကမ္ဘာကို ပတ်တာပဲ..´
` ဒါနဲ့..မင်း ဘတွေ မြင်ခဲ့ ရလည်း ကွ..´
` ရေ တွေပေါ့ဗျာ..ကျွန်တော် ပင်လယ် ကြီး ကို မြင်ရတာပေါ့..´ လို့ -စန်ဒီ က ပြောတယ်.. ။
` ဘယ်လို နေ လည်းကွ..´
` အိမ်လို ပါပဲ ဗျာ..ကျွန်တော် ကတော့..ပင်လယ်ထဲ မှာ နေရပါစေ လို့ တောင် ဆုတောင်းမိ မလောက်ပဲ..´
ဒီတခါတော့..အဖေကြီး စပက် ..စိတ်မရှည်ချင်တော့...
` အဲဒါ..ဘာလဲကွ..ထူးဆန်း တဲ့ အတွေးပါလား..´
ခုအခါ မှာ..စပက်ဟာ..တချိန်တုန်းက..သူကိုယ်တိုင် ပင်လယ်ထဲက..လာခဲ့တယ် ဆိုတာကို မေ့လျော့ နေပြီလေ..
` အေး - အေး..ထားပါတော့ကွာ..အထဲကို သွားပြီး ထိုင်ကြရ အောင်..မင်းအမေ လည်း..မင်းကိုမြင်ရင် ၀မ်းသာ မှာပဲ..ပြီးတော့..သူ့ကို..အစားအသောက် ကောင်းကောင်း လေး လုပ်ခိုင်း ရမယ်ဟေ့...´
စပက် နဲ့ စန်ဒီ တို့ သားအဖ ဟာ..အိမ်ထဲကို ၀င်လာတယ်..။
မစ္စက် စပက်ကတော့.. သူ့သားလေး ကို မြင်ရတော့..၀မ်းသာလွန်း ပြီး..ငိုတာပေါ့..။ ပြီးတော့..သူတို့အတွက်.. နေ့လည်စာ အပျံစား တွေ ပြင်ဆင် တော့တာပဲ..။
အဲဒီ နေ့လည်စာ ကတော့..အိမ်မှာ ဖုတ်တဲ့ ပေါင်မုန့်ရယ်..လက်ဖက် ရည်ရယ်...ပြီးတော့..ခရမ်းချဉ်သီး နဲ့ချက်ထားတဲ့..ဆာဒင်း ငါးဟင်းရယ်..တဲ့..။

၀၉-၀၅-၉၅ တွင် ဘာသာပြန်ခဲ့။
( original- "Speck, the special Sardine" by William Saroyan)
12 Comments:
တော်သေးတာပေါ့ မြန်မြန်လေး အဆုံးပါ ဆက်ရိုက်ပေးလိုက်လို့။
တခါတည်း အပြီးဖတ်သွားတယ်။
အမကေ ၉၅ က ဘာသာပြန်ထားတာလေးကို အကြာကြီး ပြန်ဖတ်သွားပါတယ်
အတွေးလေးတော့ ရသွားတယ် ဒါပေမယ့် မှားမှာစိုးလို့ မပြောတော့ဘူးနော်
မကေရေ...
ဖတ်သွားတယ်..
နိလေးပြောသလို..အတွေးလေးရသွားတယ်
ဒါမဲ့..မပြောရဲပါဘူး
မကေရေ ကော်မန့်ကို ခပ်လန့်လန့်နဲ့ ရေးခဲ့ပါတယ်။
အမ ဇာတ်လမ်းက နောက်ဆုံးတော့ ဘ၀မေ့ပြီး ဇာတ်တူသား စားရတဲ့ ဇာတ်သဘောဖြစ်နေတယ်။ ပထမပိုင်းမှာတုန်းက အမျိုးတူ ဇာတ်တူ အုပ်စုဖွဲ့ နေပြီး သေချင်းတရား တနေ့ရောက်မှာကို မသိချင်ယောင် ဆောင်နေတာကို မုန်းတယ်လို့ ဆိုလို ထားပါတယ်။ ဒုတိယပိုင်းရောက်တော့ ယော်နသန်ဇင်ယော် လို အမှန်တရား ရှာသလိုလိုနဲ့ တိုးတက်မှုနောက်ကို အတ္တရှေ့တန်းတင်ပြီး လိုက်ခဲ့တာ တစ်မျိုးလုံး ပျက်စီးမှ နောင်တ ရတဲ့ သဘောလို နားလည်းမိပါတယ်။ ဒါပင်မဲ့ အမ က ဒီဇာတ်လမ်းကို ၉၅ ပတ်ဝန်းကျင်မှာ ဘာသာပြန်ခဲ့တာ ဆိုတော့ အဲဒီအချိန် အန္တရယ် သဘောကြောင့် မြုပ်ကွပ် တချို့လည်း ရှိနိုင်ပါတယ်။ ကျနော် ထင်မြင်ချက် မှားသွားရင် စိတ်မရှိနဲ့နော် မကေ။
၉၁ နဲ့ ၉၅ မှားသွားလို့ အမ။
ပေါင်မုန့်ရယ်၊ လက်ဖက်ရည်ရယ် ၊ ခရမ်းချဉ်သီးနဲ့ ချက်တဲ့
ဆာဒင်းငါးဆိုတာကို စိတ်အ၀င်စားဆုံးပဲ။
၁။ တို.ကတော. ကြွက် အမေ ကြီး ကြွက် သားလေး အတွက် သတို.သမီး အရှာ ထွက် သလားလို.။
၂။ ဒါ မဟုတ် လူတွေ ဟာ ကိုယ် ရှိ တဲ. နေ ရာ ကို မပျော်ပိုက်ဘဲ နဲ့ ပို များ ကြီပွါး မလား တိုးတက် မလားလု.ိ. စွန်းစား ထွက်ခွာ ရှာဖွေ စား သောက်..
၃။ ဒါမှ မဟုတ်. K ရယ် တို.တွေ လဲ တွေးတော. တွေးတာဘဲ. ဒါပေ မဲ့ မှန် မှာ မဟုတ်ပါဘူး. K ပြော ချင် တဲ. အနက် ကို မရ သွားလို့လဲ စိတ် မပျက် ပါနဲ့.။
၎။ ပန်းချီကား တချပ် ကို အမျိုး မှိုးခံစား ကြ ရလို့ ရပါတယ။် သူ့ level နဲ့ သူ ပေါ့..။
၅။ တနေ့ ခံစားချက်ချင်း တူတဲ့ သူ ပေါ်လာ ပါလိမ်မယ်။
ဒီ ၀တ္ထုက ကြာလှပြီ ဆိုတော့ ၁၉၅၁ ကလား မသိ။
ဝတ္ထုကို အဓိပ္ပါယ်ဖွင့်ရရင်တော့ -
အဲ နေဦး --- နေဦး ----
William Saroyan ၁၉၈၁ မှာသေတော့
သူ မြို့သားဖြစ်ခဲ့တဲ့ California ပြည်နယ်
Fresno မြို့မှာ အရိုးပြာ တ၀က် မြှုပ်တယ်။
သူ့မိဘတွေရဲ့ ဇာတိ Armenia မှာ ကျန်တဲ့ အရှိုးပြာတ၀က်ကို မြှုပ်ခဲ့တယ်----ဆိုတော့
Speck ဟာ ဆာဒင်းတွေ ဖြစ်တဲ့ သူ့မိဘတွေ Armenia ကနေ California ကို Migrate လုပ်လာလို့
Fresno မှာ သာမန် ဆာဒင်း တကောင် ဖြစ်လာတယ်။ သူက သာမန်ဆာဒင်းတကောင် မဖြစ်ချင်ဘူး။ (အမှန်ကတော့ သူဟာ သူ့အဖေသေလို့ မိဘမဲ့ဂေဟာမှာ ၄ နှစ်တောင် နေခဲ့ရဖူးတဲ့ ဆာဒင်းတကောင်ကိုး)
သူက လူတယောက်ဖြစ် ချင်နေခဲ့တာ။
ဒီလိုနဲ့ သူလူဖြစ်သွားတယ်။
သို့သော်လည်း သူ့ သား တယောက်ကလည်း
သူ့လိုပဲ ဖြစ်နေပြန်တယ်။
ဒါမဲ့ သူ့သားကတော့ ဆာဒင်းတကောင် ဖြစ်ချင်နေတာပါပဲ။
Speck သေတော့ ၇၂ နှစ် ရှိနေပြီနော ----
ဖတ်တဲ့သူတွေ.. တွေးတဲ့သူတွေ..မှတ်ချက်ပေးတဲ့သူ တွေ.. ကြိုက်သလို ထင်မြင်လို့ ရတာပဲ။ စာရေးသူကလည်း..အဖြေမှ ပေးမထားတာ။
ကျမ တွေးမိတာကတော့-
လူသား သဘာဝ ငြီးငြွေ့တတ်ခြင်း.. စူးစမ်းလိုခြင်း..ကြီးပွားတိုးတက်လိုခြင်း ဆိုတဲ့..အတ္တအပေါ် အခြေခံ တဲ့ စိတ်ဆန္ဒ တွေနောက် လိုက်ပါ ရင်း- တခါ တရံမှာ..ဘ၀ မေ့တတ်တာမျိုး.. သူတပါးရဲ့ ဘ၀ တွေ( ဘ၀တူ လူမျိုးတူ..တွေ) ကို မသိလိုက်မသိဖာသာ နင်းဖြတ် သွားတတ် တာမျိုးတွေကို- တို့ထိ ထားတာများလား။
ကိုအောင် ပြောတဲ့..အမှန်တရား ရှာဖွေခြင်း ဆိုတာ လည်း..ကိုယ့်ကို ကိုယ် ရှာဖွေခြင်း ..အတ္တ ကိုရှာဖွေနေခြင်း ပဲ မဟုတ်လား။
အဲဒီ အခြေခံ ထဲမှာမှ- ရွှေ့ပြောင်းနေထိုင်ခြင်း- မျိုးချစ်စိတ်- သာတူညီမျှဆက်ဆံရေး- စတဲ့ ဖြစ်စဉ်တွေ ကို ကြိုက်သလို လှည့်ပတ် ခံစားသွားလို့ ရမယ် ထင်ပါတယ်။ အဲဒါကြောင့်..မခင်ဦးမေ ပြောတဲ့..ကြွက်သတို့သားရှာတဲ့..သဘော လည်း မမှားဘူး လို့ထင်တယ်လေ။
ကိုအောင်သာငယ် ပြောပြ လို့..စာရေးသူ ရဲ့ ဘ၀ နောက်ခံ ကို သိလိုက်တော့မှ- ဒါဟာ..ရွှေ့ပြောင်းအခြေခြမူ က..ပေါက်ဖွားလာတဲ့..လူမူရေး ခံစားချက် တခု ကို အခြေခံ ထားတယ် ဆိုတာ..ပိုပြီး ပုံပေါ်သွားတာပေါ့။ ကျေးဇူးပါပဲ..။
သိတယ်။ သိတယ်။ ဘာပြောတာမှတ်လား:)
ဆာဒင်းလေး ... က ကျမကို အများကြီး အတွေးပွားစေပါတယ်။ ကျေးဇူးပါ။ ခင်မင်လျှက်-
ကေရေ… ဆိုင်မဆိုင်တော့ မသိဘူး… လက်ရှိခံစားချက်ဓါတ်ခံနဲ့  ခံစားကြည့်တာ… သားလေးက Speckလို ဆာဒင်းမဖြစ်ချင်ဘူးလို့  မငြီးညူခင် မငြီးငွေ့ ခင် ဘာတွေ ပြင်ဆင်ထားသင့်သလဲ ဆိုတာကိုပေါ့… တို့ ကတော့ ဆာဒင်းဖြစ်နေချင်သေးတာကို…
Post a Comment