အချိန်-အရွယ်-ဘဝ



ခုတလော အချိန်တွေ အကုန်မြန်လှသည်။ ကြည့်နေရင်းပဲ နေ့က ညထဲကို ၀င်သွားလို့ အိပ်လိုက်ရသည်။ အိပ်နေတုန်း ..ညက နေ့ထဲကို ၀င်သွားပြန်လို့ အမြန်ထရ ပြန်ရော။

အချိန်ကတော့ ဒီအတိုင်းပဲ နေမှာပါ။ တခုခုကို မျှော်လင့် စောင့်စား ရတဲ့အခါ.. အချိန်တွေက သိပ်ရှည်ကြာ နေတတ်သလို... ဆောင်ရွက်စရာ တခုခု မပြီးသေးတဲ့အတွက် လည်း .. သိပ်ကို မြန်ဆန်နေတာပဲ ဖြစ်မည်။

စိတ်ဝင်စားစရာ လေ့လာချက်တခု ဖတ်ဖူးလိုက်သည်။ လူတွေ ဘာဖြစ်လို့ အသက်ကြီးလေ အချိန်ကုန်မြန်လေ ဖြစ်နေရတာလည်း ဆိုတာ.. အသက်နဲ့ အချိန် နဲ့ တိုက်ရိုက် အချိုးကျနေလို့တဲ့။ အသက်ငယ်တော့ အချိန်လေးတွေက ငယ်ပြီး အသက်ကြီးတော့ အချိန်တွေကလည်း ကြီးတယ်ပေါ့။ တကယ်တော့ အရွယ် နဲ့ အထင် ပြောင်းပြန် အချိုးကျနေတာ ဆို ပိုမှန်မည်ထင်သည် ။ အရွယ်ငယ်တုန်းက ကြာမြင့်တယ် ဆိုတဲ့ အထင်က အရွယ်ရင့်တော့ လျင်မြန်သွားတာပဲ ဖြစ်မှာပါ။


ရေအပြည့် ထဲ့ထားတဲ့ ၀ါးကျည်ထောက်ကလေး တခုက ဘ၀ တခု ဆိုပါတော့။ ရေတွေ သွန်းချ တဲ့အခါ အစပိုင်းမှာတော့ ခပ်စောင်းစောင်းကိုင်ထားတဲ့ ကျည်တောက်ထဲကနေ..တစက်ချင်း..တစက်ချင်း။ နဲနဲပိုစောင်းလာတော့.. နဲနဲ ပိုပြီး မြန်မြန် ကျလာတယ်။ စောင်း...ဆက်စောင်း.. များများပို စောင်းလေ..ရေတွေ တဝေါဝေါ နဲ့ ကျလေပေါ့။

ငယ်တုန်းကဆို ကြီးကို မကြီးနိုင်လို့.. ကျောင်းစတက်ဖို့ နားရွက်ကို မှီအောင် လက်ကလေးကို ဆွဲဆန့် ရှည်ပြစ်လိုက်ချင်တာ။ ၁၀ တန်းလည်း မြန်မြန် အောင်ချင်လှ ပြီ။ ခုကျမှ အချိန်တွေက ဘယ်လိုဖြစ်လို့ သိပ်အကုန်မြန်နေတယ် မသိတော့။ ၀ါးကျည်ထောက်က တော်တော် စောင်းနေပြီ ထင်ပါ့။


တခါက အလုပ်ထဲမှာ အချိန်တွေ အကုန်မြန်တဲ့ အကြောင်း တပတ်တပတ် သောကြာနေ့တွေ ဘယ်လို ရောက်ရောက်သွားမှန်းကို မသိဘူးလို့ ပြောမိတော့.. မိတ်ဆွေ တယောက်ကပြောတယ်။ ` ကောင်းတာပေါ့..တပတ်တပတ် မြန်မြန်ကုန်တော့..လစာ မြန်မြန်ရတာပေါ့..´ တဲ့။ အဲဒီလို တွေးတာကို အံ့သြမိပေမဲ့..သေချာပြန်တွေးတော့လည်း.. အင်း..သူ့ချဉ်းကပ်ပုံကလည်း လက်တွေ့ကျသားပဲ..လို့။

တကယ်တော့ အသက်တွေကြီးလာတာ ၀မ်းနည်းစရာမဟုတ်တောင် လွမ်းစရာတော့ ကောင်းတာ အမှန်။ လူ့ဘ၀ ဆိုတာကြီးကိုက အလွမ်းဇတ်ထုပ် တခု ဆိုတာကို သဘောက်ပေါက်စ ပြုလာခဲ့ပြီ။ ပျော်စရာတွေ..ရင်ခုန်စရာတွေ..ကျေနပ်စရာတွေ.. လည်း ရှိနိုင်သေးတယ်လေ တဲ့။ ဟုတ်တယ်လေ..ဒါပေမဲ့..အဲဒီ ဇတ်ကွက်တွေ အားလုံးက..ပြီးသွားတာနဲ့ လွမ်းစရာ ကန့်လန့်ကာ ကြီးထဲ ၀င်သွားတာပဲ မဟုတ်လား။ ပွဲတခု ပြီးသွားလို့ လိုက်ကာကြီး ကျလာတာ မြင်လိုက်ရတဲ့ ခံစားချက် မျိုးပေါ့။

လူတွေကတော့ အချိန်နဲ့ဘ၀ကို နပန်းလုံးရင်း ဒါမှမဟုတ် စီးဝင်မျောပါနေရင်း..အမျိုးမျိုး ချဉ်းကပ်လက်ခံကြည့် နိုင်အောင် ကြိုးစားနေကြတာပါပဲ။ အခုလို အသက်အရွယ်မှာ ဒီလို တွေးခေါ် ရပ်တည်နိုင်အောင် ငယ်ရွယ်နုပျို ခြင်းနဲ့ မသိနားမလည်ခဲ့ခြင်းတွေကို လဲလှယ်ခဲ့ရတယ် ဆိုရင်လည်း ဟုတ်မှာပါပဲ။ ပီးခဲ့တဲ့ တနှစ်ကထက်တော့.. အတွေးအခေါ် အယူအဆက ပြောင်းလဲ နေသင့်တာပေါ့ ။ အဲဒီလို အမြဲ ပြောင်းလဲ ဖြစ်ထွန်းနေတဲ့ အသိ အမြင် အတွေ့အကြုံသစ်တွေ နဲ့ ရင့်ကျက်မူတွေကို လိုလိုလားလား ရှိနေဖို့လိုသလို ရုပ်ပိုင်းဆိုင်ရာ ရင့်ကျက်မူတွေ ကိုလည်း သင့်တင့် လျောက်ပတ်စွာ လက်ခံနိုင်ဖို့ လည်း လိုသေးပြန်တယ် ။

အသက် ၆၀ ထဲကို ချင်းနင်းလာတဲ့ နံမယ်ကြီး ကမ္ဘာကျော် မော်ဒန် စာရေးဆရာမကြီး တယောက်ကို မဂ္ဂဇင်းတခုက.. အင်တာဗျူးတော့.. အသက်ကြီးလာတဲ့အခါ ဘ၀ ကို ဘယ်လို ပြောင်းလဲ မြင်လာပါသလဲ လို့ မေးတယ်တဲ့။
` ကျမ ရင်သားတွေ ချက်ပေါ် ရောက်လာတာ သိပ်စိတ်ဝင်စားစရာ ကောင်းတယ်ရှင်.. ´ ဆိုတဲ့ ဆရာမကြီးရဲ့ အဖြေလေးက..ရီစရာလိုလိုနဲ့ ရှုဒေါင့် အမြင်သစ်ကလေး တခု တကယ်ပေးသွားခဲ့တယ်။

တနေ့မှာ လူငယ်တယောက်က ဘုရားကို ဆုတောင်းရင်း.. လူတွေကို ဖန်ဆင်းပေးခဲ့တဲ့ အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ် ..ဒါပေမဲ့.. ပုံဆိုး ပန်းဆိုး အိုမင်းရင့်ရော် စေတာအတွက် နားမလည် နိုင်ပါဘူး ဘုရားလို့ ငြီးငြူသတဲ့။ ဘုရားသခင် က ဆိုသတဲ့။
မင်းတို့သာ အမြဲတန်း နုပျို ဖြတ်လတ်သန်မာပြီး လှပ တင့်တယ်နေမယ် ဆိုရင် ဘုရားကို ဘယ်တော့မှ မြင်မှာ မဟုတ်တော့ဘူး .. တဲ့။ ဟုတ်မလားပဲ။

ကဲပါလေ..ခု စာရေးနေရင်းနဲ့ကို နေ့က ညထဲကို ၀င်သွားပြန်ပါပြီ။

photo source - http://random-picture.blogspot.com/2008/09/picture-sand-clock.html


Share/Bookmark

18 Comments:

Anonymous said...

င်္တီကေ ရေးထားတဲ့ ညထဲဝင်သွားတဲ့ နေ့စာကိုဖတ်သွားတယ် “ ကောင်းတာပေါ့..တပတ်တပတ် မြန်မြန်ကုန်တော့..လစာ မြန်မြန်ရတာပေါ့..´ အဲ့တာ ကျနော် အမြဲပြောနေကြစကားလေး တိုက်ဆိုင်ပါ့ ဟဟား အများကြီးမတွေးဘူး ဆံပင်ဖြူမှာစိုးလို့း) စာလေးကတော့ တွေးစရာလေးနဲ့ ကျေးဇူးပါ စဥ်းစားသွားတယ် ။

ကိုအောင် said...

ကျနော်ဆိုရင် “မအိုလည်းပဲ ဘုရားသခင်ကို သိပါတယ်” လို့ပြောမိမှာ။ မကေ အတွေးတွေ ကောင်းလှချည်းလား။ အသက်ကြီးလာလိုတော့ ဟုတ်မယ် မထင်ဘူး။ :P

Anonymous said...

ဟယ်..တနေ့ ကပဲအချိန်တွေအရမ်းအကုန်မြန်တဲ့ အကြောင်းပြောနေ မိသေးတယ်။ အသက် 30 ကျော်လာ ကတဲက အချိန်ကုန်တာ သိပ်မြန်လာတာ စိတ်ထင်လို့ ပဲလား မသိ..။

Moe Cho Thinn said...

တို့ကတော့ တပတ်တပတ် သောကြာနေ့ညနေ ရောက်ဖို့ကို ကြာလိုက်တာလို့ အောက်မေ့နေတာ။ အချိန်တွေ ကုန်တာ နှေးသေးတယ်လို့ ထင်နေမိတုန်း..
တို့ ၀ါးကျည်တောက်က တစက်ချင်း ကျတုန်း :D
ဒါဆို တို့က ကေ့ထက် အပုံကြီးငယ်သေးတာပဲ..အဟိ။

MANORHARY said...

ဟုတ်တယ်နော်
တို့လည်းချိုသင်းလိုပဲငယ်တယ်..ဟိ
တစ်နေ့တစ်နေ့မကုန်နိုင်လို့စိတ်ညစ်ရတဲ့ထဲ
စာတွေမရေးဖြစ်တာတော့မပါဘူးနော်...း)

pandora said...

အင်းနော် မမဂျီးတို့ အရွယ်ရောက်ရင် အနော်လည်း ဒီလိုတွေ တွေးမိမလား မသိဝူး..

Anonymous said...

ကျနော့ ကျည်တောက်ကြီးကတော့ အတော်စောင်းနေပုံရတယ်...း(

ဒါနဲ့ K ရဲ့ ပို့စ်မှာ ကေ က ကွန်မန့် နေပါ့လား...
မျက်စေ့ကို လည်နေရောပဲ...း)

ATN

ဆောင်းယွန်းလ said...

တကယ်တော့ အရွယ် နဲ့ အထင် ပြောင်းပြန် အချိုးကျနေတာ ဆို ပိုမှန်မည်ထင်သည် ။ အရွယ်ငယ်တုန်းက ကြာမြင့်တယ် ဆိုတဲ့ အထင်က အရွယ်ရင့်တော့ လျင်မြန်သွားတာပဲ ဖြစ်မှာပါ။

သွေးထွက်အောင်မှန်တဲ့အဆိုဖြစ်သည်ဟုအကြွင်းမဲ့ယုံ
ကြည်မိပါတယ် မကေရေ..ဟုတ်တယ်အသက်ကြီးလာ
လေဒီလိုအတွေးမျိုးတွေပိုတွေးမိလာလေဘဲ.ခံစားချက်
တွေရှိတယ်ဆိုပေမယ့်အရွယ်ကိုလိုက်ပြီးခံစားချက်အမျိုး
အစားပေါ်မှာအခြေခံပြီးအတိမ်အနက်တွေလည်းကွာ
လာတယ်ဗျ....မကေ၏အတွေးကောင်းပါသည်ခင်ဗျာ..

ခင်မင်လျက်...

တန်ခူး said...

ကေရေ… ကေ့လို ခဏခဏ ခံစားရတယ်…
တခါတလေကျပြန်တော့လဲ လက်ရှိခံစားချက်နဲ့ ဆိုင်နေမလား မသိဘူးနော်…
အိမ်ပြန်ဖို့ ရက်တွေ ရည်တွက်ရင်း နီးလာလေလေ အချိန်တွေ အကုန်နှေးလာလေလေလို့  ခံစားရတယ်… အိမ်ပြန်ရောက်တော့ အချိန်တွေ ဆွဲဆန့် ချင်စိတ်နဲ့  အချိန်တွေ အကုန်မြန်နေသလိုပဲ… ဒီပြန်ရောက်တော့ အိမ်လွမ်းတဲ့နေ့ တွေဆို မကုန်နိုင်ဘူး ထင်မိပြန်ရော…

Thant said...

အခုလောလောဆယ်တော့ အချိန်တွေ ကုန်ခဲနေတယ် ။
ရုံးချိန်မို့လို့ ...း)

Sonata Cantata said...

အချိန်က အရွယ်ကို လိုက်ပြီး ပြောင်းလဲတယ် ဆိုတာလက်ခံတယ်ကေ။ တို့ သတိထားမိတာကတော့ နေရာကို လိုက်ပီးလည်း ပြောင်းလဲသေးတယ်။ SG မှာ အချိန်က အရမ်းမြန်တယ်။ တို့ဘယ်တော့မှ လိုက်မမှီဘူး။ ရန်ကုန်ရောက်ရင်တော့ အချိန်နဲ့တို့ တစ်ပြေးညီလောက်ရှိတယ်။ ကိုဧရာတို့ မန္တလေးရောက်ရင်တော့ အေးဆေးပဲ နံနက်စောစော လမ်းလျှောက်၊ ၀တ္တုဖတ်၊ ကာယာအိုကေဆိုပြီးလည်း အချိန်က ရှိသေးတယ်။
အဲ.. ဘ၀..ဘ၀ဟာ function of time, f(t) ဖြစ်ရင် function of place, f(p) လည်း ဖြစ်မယ်။

Anonymous said...

အချိန်ကတော့ သူ့သဘာဝ အတိုင်းပေါ့လေ မြန်တာလည်းမဟုတ် နှေးတာလည်းမဟုတ်။
ဒါပေမဲ့ ကုန်သွားတဲ့အချိန်မှာ လုပ်သင့်တာတွေလုပ်နိုင်ပြီး ဖြစ်သင့်တာတွေဖြစ်ခဲ့ရင် မြန်တာနှေးတာ အရေးမကြီး ပါဘူးနော်။
ဖြစ်သင့်တာတွေ ဖြစ်ချင်တာတွေ မဖြစ်သေးဘူးဆိုတော့လဲ..အင်း နှေးသလား..မြန်သလား...မပြောတတ်တော့ဘူး။

mirror said...

အစ်မရေ့...ညီမအသက် 24 ၀င်ပြီ။ဆံပင်ဖြူတွေ တွေ့တာ ဘယ်နှစ်ခါမှန်းမသိတော့ဘူး..........။အချိန်တွေ သိပ်ကုန်မြန်တာပဲ......။သတိထားပြီးကြည့်လိုက်ရင် အထင်းသားနဲ့.........မြင်နေရတာက...ကုန်ကုန်လာတဲ့ အချိန်တွေ.။လူက ဘာမှမဖြစ်သေးတော့ ခက်တယ်။

(ကိုယ်ထင်ရာ..ကိုယ်ဆွဲတွေးပြီးပြောသွားလိုက်တယ် အစ်မ။ခွင့်ပြုတယ်မလား..)

လေးစားခင်မင်လျက်

hana san said...

အချိန်နဲ့ အသက် အကြောင်း ခုမှ တွေးမိတော့တယ်..မကေ။ အသက်ကတော့ အသက် ၂၅ နှစ်ကတည်းမေ့ထားလိုက်တာ။ နေ့ ရယ် ညရယ်ကို မကေ ရေးထားတဲ့ စတိုင်လ်လေး ဆန်းတယ်။ မိုက်တယ်။
ပထမဆုံး စာကြောင်းကနေကို ခေါ်သွားလိုက်တော့ တာပဲ။အဆုံးထိ လိုက်သွားတာ အဆုံးလည်းကျရော နှမြောနေရော။ ဆက်ဖတ်ချင်နေသေးတာ။ (ကပ်စေးနှဲတယ်...ရှည်ရှည်လည်းမရေးဘူး။) မိုက်တယ်ဗျိုး...:)

mgphonemyint said...

အသက်ကြီးလာတော့...အချိန်စိးလာတော့ပေါ့အမရယ် .း)

(တကယ်တော့ အသက်တွေကြီးလာတာ ၀မ်းနည်းစရာမဟုတ်တောင် လွမ်းစရာတော့ ကောင်းတာ အမှန်။)

အမ လုပ်တာနဲ့ပဲ လူက လွမ်းချင်လာပြီ..နဂိုကမှ မျက်ရည် မခိုင်ပါဘူးဆိုမှ ဒွတ်ခးPီ

kay said...

မောင်မျိုးရေ- အဲဒါကြောင့် တီကေက..ခု ဆံပင်တွေဖြူနေပီလေ။း)
ကိုအောင်- အသက်ငယ်တုန်းကလဲ တမျိုးအူကြောင်ကြောင်တွေးတာပေါ့..း)

ကေ- နံမယ်တူနဲ့ ဆိုတော့..တမျိုးပဲ။ တချက်တချက် လန့်လန့်သွားတယ်။ ဟဲ နောက်တာပါ။ လာလည်ပါ.. အသက် ၃၀ ကျော်တွေ ကလပ် ဖွင့်ထားတယ်..ဘလော့ပေါ်မှာပဲ..

မချိုသင်း နဲ့ မနော်- ကျမလည်း တစက်ချင်းပဲ ကျတုန်းပါနော်.. သူများတွေ ရင့်ကျက်တယ်ထင်အောင် လျှောက်ရေးထားတာ။ ( ရှူး)

အင်း..ဒီ ပန်ဒိုရာ ဆိုတဲ့..ကောင်မလေးက..တော်တော်ငယ်အုံးမယ် ထင်တယ်..စကားတောင် မပီသေးဘူး..

ATN- ကျည်တောက် သိပ်စောင်းနေမှာစိုးရင်..ဒေါက်ကလေး ခံပေးထား။း)

ကိုဆောင်းယွန်းလ- ဟုတ်တယ်..လူနဲ့လည်း ဆိုင်မယ်ထင်ပါရဲ့။

မတန်ခူး နဲ့ မသီတာရေ-.. ဟုတ်တယ်နော်..ကျမလဲ စလုံးမှာတုန်းက..အချိန်တွေ ပိုမြန်တယ်ထင်မိတယ်..အမ တယောက်လဲ လာနေတာ..သူလဲ စလုံးက..အချိန်တွေ ပိုမြန်နေတယ်တဲ့..ထူးတော့ ထူးဆန်းတာပဲ။

သန့်လဲ.. စလုံးကပဲထင်တယ်။း)

မလေးကြီးရေ- နင်ပဲ ပြောတာ စလုံးမှာ အချိန်တွေပိုမြန်တယ်တဲ့..

မကြေးမုံ- ၂၄ နဲ့ ဆံပင်ဖြူတယ်ဆိုရင်တော့..အမ တို့အရွယ်ဆို အတော်ပဲ။ အမက.. ၂၆ မှာ စဖြူတာ။း)

ဟနရေ- အမ သိတယ်လေ.. ဟနက..စိတ်ပျို ကိုယ်နု.. နောက်တခါ ရှည်ရှည်ရေးမယ်နော်။း)

မောင်ဖုန်းမြင့်.. တော်တော်များများတော့..အသက်ကြီးရင် ၀လာတော့..အချိန်စီးလာတာ အမှန်ပဲ..း)

Anonymous said...

ဒီနေ့မှ အားလို့ လာနိုင်တော့တယ်၊ ဒူကဘာတော့ ပိုက်ဆံရမဲ့ သောကြာနေ့ကို ပိုကြိုက်ပြီး အလုပ်စားပွဲမှာ "I hate Monday" ဆိုပြီး ရေးကပ်ထားတာ တွေ့တဲ့ လူက ပြုံးသွား ကြတယ်၊ ဘာလို့လဲ? မေးယင် ငါတို့လဲ မင်းလို ပါပဲတဲ့၊ တကယ်တော့ လူဆိုတာ ဘာတွေ ဘယ်လို ကွဲပြားနေပါစေ ဦးတည်ချက်တခု ဆုံမှတ်တခုဆီကိုပဲ ရှေ့လူတွေလို သွားကြရတာပါပဲ မဟုတ်ပါလား?

Anonymous said...

နာမည်တူနေ တာ မပြောခဲ့ မိတာ ဆောဒီး..ဆောဒီး..။ သူများတွေ ဇဝေဇ၀ါ ဖြစ် ကုန်တာပေါ့နော်။ အင်း ..အသက် ၃၀ ကျော် club ကို တရ၀င်ကြီး ၀င်ရ တော့ မယ် ဆိုတော့ ရင်ထဲမယ် သိပ်တောင် မကောင်းချင် သလို လို..ဘာလို လို...ဟင်း (သက်ပြင်းချသံ)