၂၁ ရာစု နှင့် ဒိဗျာ များ


၂၁ ရာစု မှာ..မိန်းမ တွေ အလုပ် သိပ် ရှုပ် နေ ကြ သည်။ အိမ် ရဲ့ ဝေယျာဝစ္စ တွေ။ မိသားစု ရဲ့ တာဝန် ၀တ္တရားတွေ။ သားသမီး တွေ ပွားစီး ပြန်တော့.. မော ဦး တမျိုး ။ အသက်မွေးဝမ်း ကြောင်း ၀င်ငွေ ရှာ တဲ့ နေရာ လည်း..အချောင်ခို လို့ မဖြစ်။ ဒီကြား ထဲမှာ.. ကိုယ် ၀ါသနာ ပါရာ..စိတ် ပျော်ရာ လေး တွေ လုပ် နိုင် ဖို့.. လူတိုင်း အချိန် ရ ကြ ပါ့ မလား။

အခု ဆို.. ၂၁ ရာစု နဲ့အတူ အင်တာနက် ကြီး ကပါ.. အချိန်တွေ ကို တောင်းဆို နေပြန် ပြီ။ ကိုယ် တွေ ကလည်း..သိပ် ကို အချိန်ပေး ချင် နေတာပါ။ ခက် တာပဲ။ ဇနီး မောင် နှံ..နှစ် ယောက် တည်း ရှိ တဲ့ အိမ် မှာ တောင်..မီးပူ တိုက်ဖို့ တွေ..တပုံတပင်။ ဘလော့ ပါ ရေး လိုက် မိ တော့..ပိုဆိုး ရော။ ဘလော့ ရေး တော့..ဘလော့ လည်း လည်ရ သေးတယ် လေ။ အမှန် အကန် ဖတ် ချင် တာ တွေ ကလည်း..အင်တာနက် မှာ..ကုန်ကို..မကုန်နိုင်။ google reader လည်း မကယ် နိုင် တော့ ။ ဒါ တောင် လူချင်း သိတဲ့..မိတ်ဆွေ ရင်း တွေ .. အမျိုးတွေ က လွဲ လို့..ချက်တင်း အသိ မ ထား လို့ တော်သေး။

အရင် တုန်း က..ဒီအချိန် တွေ..ဘာလုပ် နေ ခဲ့ ပါလိမ့်။ လေ့လာ စရာ စာအုပ် တအုပ် ဖြစ် ဖြစ်.. အပန်းဖြေရာ မဂ္ဂဇင်းတခု ဖြစ် ဖြစ်..ဖတ် နေ ခဲ့တာ ပဲ..။ ဟုတ် တယ်.. ညနေ ဖက် ဆို.. သတင်း လေး တွေ..တီဗီမှာ ကြည့် .. ညစာ စားသောက် ပြီး.. ရုပ်ရှင် တကား လောက် ကြည့် ချင် ကြည့်။ ဗုဒ္ဓဟူး ည ၈ နာရီ ခွဲ မှာ လာတတ်တဲ့.. Documentary ကောင်းကောင်း လေး တွေ ကို ..စောင့်ကြည့် တာမျိုး.. ခု ဘယ်ရောက် သွား ပါ လိမ့်။ စနေ တနင်္ဂနွေ ပိတ် ရက် ဆို.. မိသားစု နဲ့.. မုန့်လေးဘာ လေး ချက် စား ချင်စိတ်..အချိန်ပေး ပြီး..ပြင်ဆင် ချင်စိတ် ကော ရှိသေးလား။ ခြံ ထဲ မှာ စိုက် ထားတဲ့..ငရုတ်ပင် လေး တွေ.. စပါးလင် ပင်လေး တွေ များ.. သွေ့ခြောက် လို့။ အရင် တုန်း ကလို..တယုယု တယယ မလုပ် ဖြစ်တော့တာ..ဘာ ဖြစ် သွား တာပါ လိမ့်။ ဒါ တောင်..ငယ်ငယ် တုန်း က..တတ်ထား သင် ထား တဲ့..စက်ချုပ် ဇာထိုး ဆို တာ တွေ ကို..အတိ အလင်း ချောင် ထိုး ခဲ့ ပြီး တာ..ကြာလှ ပေါ့ ။ အရင် က..တမေ့ တမော သွား တတ်တဲ့ .. shopping ကိစ္စ တွေ လည်း..ခုတော့.. သွားသုတ် သုတ်..ပြန် သုတ် သုတ်။ နေ့ တနေ့ မှာ ၂၄ နာရီ ပဲ ရှိ တာ..ပိုတိုး မလာ ပေမဲ့.. လုပ်စရာ နဲ့..လုပ်ချင် တာတွေ က.. တော့..တနေ့ပြီး တနေ့..တိုးတိုး လာ နေ တော့ တာပဲ....။

တကယ်တော့.. ၂၄ နာရီ ဝေစု က တော့..အားလုံး အတွက်..အတူ တူပါပဲ..။ ဒါဆို..ဟိုး တုန်း ခေတ် တွေ က.. မိန်း မတွေရော.. သူတို့ ၂၄ နာရီ ကို..ဘယ်လို တွေ များ အသုံးချ နေခဲ့ ကြ သ လည်း ။ အမျိုးသား တွေ အမဲ လိုက် လို့ ရ လာတဲ့.. ဟင်းစား ကို.. ခုတ်.. ဖြတ်..ကြပ်တင်.. တဲ့.. ကျောက် ခေတ် က စလို့.. ခန်းဆောင်နီ အိမ် မက် ထဲက.. တရုတ် နန်းတွင်း သူ တွေ ရဲ့.. ခရာတာတာ နေ့ရက် တွေ ..အလယ်..၊ ရုံးခန်း အလုပ်စားပွဲ ပေါ်..ကွန်ပြူတာ က တဆင့်.. အလုပ် လုပ် ရင်း..ကမ္ဘာကြီး နဲ့..ဆက်သွယ် ဖော်ပြု နေ ကြတဲ့.. ယနေ့ခေတ် career women တွေ အဆုံး... ၊သူ့ခေတ် သူ့အခါ ကို လိုက် ပြီး တော့..လုပ်စရာ တွေက..ပြောင်း လဲ နေ တာပါ ပဲ။ ပုံစံ တွေ..ဘ၀ တွေ ကလည်း..အမျိုးမျိုး။ မိဘုရား ဖွားစော လို.. ကျေးတောသူ ကနေ..ဘုရင် လေး ဆက် တိုင် ချယ်လှယ် နိုင် အောင်..ညဏ်နီ ညဏ်နက် တွေ ထုတ် နေ တဲ့..ဘုရင်မ ကြီး က စလို့.. ဆင်းရဲ ပင်ပန်းမူ ဒဏ်ကို ခါးစီး ခံ နေ တဲ့.. အခု- နာဂစ် မုဆိုးမ တွေ အ ထိ ပေါ့။

ကဲ- ခုတော့ လည်း..ဒီ လောက် အလုပ် ရှုပ် နေ ရတာ.. အင်တာနက် ကြီး ကို အပြစ် ဆို စရာ လား ဆို တော့လည်း... တကယ် ပြန် စဉ်းစား ကြည့်တော့.. ၂၁ ရာစု မှာ ခေတ်ရဲ့..လှိုင်းကို မစီး တတ် ရင်.. မစီး နိုင် ရင်.. အားလုံး နဲ့ အဆက် ပြတ် ကျန် ခဲ့ ဖို့သာရှိ မယ်လေ။ ကျောက်ခေတ် မှာ လည်း.. ကျောက် လက်နက် တွေ..တနေ့လုံး..ထွင်းထု နေဖို့ပဲ..လုပ်စရာ ရှိ ခဲ့ တာပဲ..။ အတွေးအ ခေါ် တွေ ထွန်းကားခဲ့တဲ့.. ဘီစီ ခေတ် တွေ ကလည်း..လူ တွေ..တနေ့လုံး..လုပ်စရာ မရှိ ..ထိုင် တွေး ကြ..ငြင်းကြ..စစ်ကြော ကြ .. အသိအမှတ် ပြု ကြ နဲ့..ဒီလို ကြောင့်ပဲ..အယူအဆ တွေ..၀ါဒ တွေ ထွန်းကား ခဲ့ တာပဲ မဟုတ်လား။ အမှောင် ခေတ် ဆို တဲ့.. အလယ်ခေတ် တုန်း ကရော.. ရောမ အင်ပါယာ ကြီး ကျဆုံး ပြီး စ.. ဂေါသစ် အနုပညာ လက် ရာ တွေ ထွန်း ကား လာ လိုက်တာ..။ ကျောက် လက်ရာ..ဘုရားကျောင်းကြီး တွေ.. ရောမ က..ရုပ်တု ကြီး တွေ.. ထုလိုက် ကြ..ဖန်တီး လိုက် ကြတာ.. အဲဒီ ခေတ် က..လူ တွေ အကုန် လုံး..မိုးလင်း တာနဲ့..အရုပ် ထိုင် ထု ကြ ရော လား တောင် အောင့်မေ့ရတယ်..။ ဒီလောက် မာကျောတဲ့..ကျောက်တုံး ကျောက်လွှာ ကြီး တွေ ကို များ ၊ ထွင်း ထား လိုက်တာ.. ဗီးနပ်စ် မဖုရား ရဲ့..ပိုးသား ၀တ် ရုံလေးက.. တွဲရရွဲ နဲ့ ကပိုကရို ။

အဲ တော့ လည်း.. အလှည့် ကျ ..မနွဲ့စတမ်း ပေါ့.. ။သူများ တွေ ရေး ထားတဲ့.. software တွေ programming တွေ Html တွေ Css တွေ .. ဘာတွေ လည်း တော့မသိ..။ လိုက်သုံး ပေါ့။ gadgets တဲ့..widgets တဲ့။ ချ သာ ချ။ ရေးတဲ့..ထွင်တဲ့လူ တွေ ကလည်း.. လုပ် ပဲ လုပ် နိုင် ကြ လွန်း..။ နောက် ဆို.. အင်တာနက် ကနေ.. အနံ့တွေ.. ခံစားမူ တွေ ..မရ နိုင် ဘူး လို့..ဘယ်သူ ပြောနိင် မလည်း။

ဘယ်လို အတွေး ဆက် သွား တယ် မသိ ..။ ဖတ် ခဲ့ဖူး တဲ့.. ဒိဗျာ ဆိုတဲ့.. ၁ ရာစု ခေတ်က..အမျိုးသမီး တယောက် အကြောင်း ခေါင်း ထဲ ရောက် လာတယ်။ မူလ ရေးသားသူ ကို မသိ ပေမဲ့.. ဗမာ စာပေ လောက ထဲ မှာ..ဆရာ ကြီး ပါရဂူ ..ဘာသာ ပြန် ခဲ့တဲ့..နံမယ်ကြီး..ဟိန္ဒူ ၀တ္တု တပုဒ်ပါ။ ၀တ္တု ခေါင်းစဉ် ကလည်း..`ဒိဗျာ´ ပါပဲ။ အမျိုးသမီး တယောက် ရဲ့.. အယူ အဆ ရေး ရာ..ဘ၀ ရပ်တည် မူ..လွတ်လပ် မူ ကို..သရုပ် ချယ် ထား တဲ့..အဲဒီ စာ အုပ် ကလေး ကို..ဟိုး..တက္ကသိုလ် ရောက်စ က.. စာအုပ် အဟောင်း တန်း က..နေ..၀ယ် ဖတ် ဖြစ် ခဲ့ တာ ။
သြော်.. အတွေး ဆက် ရ တာက.. ချမ်းသာ ပြည့်စုံလှ တဲ့..ဒိဗျာ ဘ၀ က..ည တိုင် ဆို.. ၀တ်ကောင်းစား လှ တွေ ၀တ်... ဆီမီး အမွှေး နံ့သာတွေ ထွန်း.. အစား အသောက် တွေ မြိုင်မြိုင် နဲ့.. သူ့ဖခင် ဆီ လာ တဲ့.. ဧည့် ကောင်း သောင် ကောင်း..ပညာရှိ တွေ နဲ့.. အယူ ၀ါဒ တွေ.. အခြေ အတင် ဆွေး နွေး ကျ.. ကဗျာ တွေ ရွတ် ကျ လုပ် တာ ကို.. အားကျ ခဲ့ တာလေ.. သူတို့မှာ..တခြား..ဘာ မှ လုပ်စရာ မရှိ ဘူး ပေါ့..။ မဒရပ် တိုင်း ရဲ့..အုပ်ချုပ်သူ လူတန်းစား..ကြေးရေ တက် က..မွေးဖွားလာတဲ့..ဒိဗျာ ။ ဖြစ်ရိုး ဖြစ် စဉ် ပဲ.. ချစ်သူ တယောက် တွေ့တယ်။ ဇတ်ခွဲတဲ့..ယဉ်ကျေးမူ လူနေမူ တွေ ထဲမှာ..မိဘ ..သဘော မတူ လို့.. မပေါင်း ဖက် ဖြစ် ကြ ပေမဲ့.. ရင်သွေး လေး တယောက် ရ ခဲ့တယ်။ အချွေအရံ တွေ ၀ိုင်း နေတဲ့ ..ခမ်းနား လှ တဲ့..အိမ်ကြီး ပေါ် က..နေ...ဒိဗျာ.. ထွက်ခွါ ခဲ့ ရတယ်..။ ကချေသည် တယောက် အဖြစ်..ဘ၀ ကို..ပြန်စ ရင်း..ကိုယ့်ခြေ ထောက် ပေါ် မှာ ရပ် တည် ခဲ့တယ်။ မဒရပ် တိုင်း မှာ နံမယ် ကြီး လာ တဲ့..ကချေသည် ဒိဗျာ ကို.. ချမ်းသာ ကြွယ်ဝ တဲ့..မင်းစိုး ရာ ဇာ တပါး က.. လက်ထပ် ခွင့် တောင်း ပြန် တယ်။ ဒိဗျာက တော့..ဘယ်သူ့ကိုမှ..လက်မခံ ခဲ့ တော့ ဘူး.. ။ ဇတ်ကြောင်း အသေးစိတ် တွေ တော့..သိပ် မမှတ် မိ တော့။ ဒီ ၀တ္တုလေး က.. ရှေး အကျ ဆုံး အမျိုးသမီး အခွင့်အရေး လှုပ်ရှားမူ စာပေ လို့...ပြော နိုင်သည် ။ မိန်းမ တွေကို.. ဖိနှိပ် ချုပ်ချုပ် တဲ့..အဲဒီ ခေတ် အခါ က..မိန်း မ တယောက် ရဲ့..ကျရာ အခန်းကနေ..ဘ၀ ကို ဖြတ်သန်း ခဲ့ ပုံ နဲ့.. အမှီ အခို ကင်းမူ ရဲ့ သဘောသဘာဝ ကို... လှစ် ပြ ဖော်ကျူး ထား တာပါ။

မဆီ မဆိုင်..ဒိဗျာသာ..၂၁ ရာစု မှာ.. ရှိခဲ့ ရင်.. ဘလော့ ရေး ခွင့် ရ ရင်..အင်တာနက် သုံးခွင့် ရ ရင်.. ဘာတွေ ရေး မလည်း.. ဘာတွေ လုပ် မလည်း မသိ လို့.. စဉ်းစား မိ ရင်း..တပြိုင်တည်း ပဲ.. အင်း..ငါ သာ.. ၁ ရာစု တုန်းက.. လူဖြစ် ခဲ့ ရင်.. ဒိဗျာ ကြုံခဲ့ တဲ့ ဘ၀ ပုစ္ဆာ မျိုးတွေ ကို ၊ ရင်ဆိုင်နိုင် ပါ့ မလား လို့.. တွေး နေ မိတယ်။ အဲဒီ.. စာအုပ် ကလေး ... ဗမာပြည်က.. ကိုယ့် ရဲ့..စာအုပ် သေတ္တာ လေး ထဲမှာ.. ရှိ နေ လောက် ဦး မယ် ။ မှတ်မိ နေ တယ်.. စာအုပ် အဖုံး လေး က လေ.. အမဲ ရောင် အခံ ပေါ် မှာ..ဗဂျီ အောင်စိုး ရဲ့ လက် ရာ..အ၀ါရောင် ကောက်ကြောင်း ပျော့ လေး တွေ နဲ့..နွဲ့နွဲ့ နောင်း နောင်း..မိန်းမ တယောက်..။ အဲဒီ စာအုပ် ကလေး ကို ..အခု နေ ..ပြန် ဖတ် ရ ရင်.. မိန်း မ တယောက် ရဲ့..ဘ၀ ကို..ဘယ်လို များ .. အဓိပ္ပါယ် အသစ် တွေ.. ဖွင့် မိ အုံး မလည်း မသိ။

ကေ-


Share/Bookmark

9 Comments:

myatnoe said...

ဖတ်ရတာ အရသာရှိလိုက်တာ

အောင်သာငယ် said...

အင်း ...
၂၁ ရာစုကတော့
ဒိဗျာတယောက်
ကောက်ရသွားပါပေါ့

ရွာသားလေးဝိုင်တီယူ said...

အမရေ ဖတ်ရတာကောင်းလိုက်တာဗျာ

Moe Cho Thinn said...

၂၁ရာစု ဒီဗျာရေ
အတွေးလေးက လှပါတယ်။

ဖုန်း မြင်. said...

ဟတ်ဟတ်..အမရေ..
ကျနော်တို့ဆို မီးပူတိုက်ရမှာစိုးလို့
တီရှပ်ပဲဝတ်တော့တယ်...
အင်း..ဒိဗျာကို
မသိမသာ ..ကြည့်နေလိုက်ပါ အမရယ်..။

ပျူနိုင်ငံ said...

ဆရာပါရဂူ ရေးတဲ့ စာအုပ် တော်တော် များများကို
ကျနော်ဖတ် ဘူးတယ်။ ဒါပင်မဲ့ ဒီစာအုပ်လေးကို
ကျနော် အမှတ်မထား ခဲ့ဘူးဗျာ၊ တကယ်လို
မကေ လက်ထဲ အဲဒီစာအုပ် ပြန်ရလို့ အီးဘွတ်
လုပ်ဖြစ်ခဲ့ရင် ပြန်မျှပါဗျာ။

တန်ခူး said...

မကေရေ… အတွေးထက်ထက်လေးနဲ့  အရေးညက်ညက်လေးက လိုက်ပါပေ့…

Thet Oo said...

ဒိဗျာကို မဖတ်ဖူးဘူး။ ဟိုအရင် အင်တာနက်တို့ ကွန်ပြူတာတို့ ဘာမှန်းမသိခင်တုံးက လက်ဘက်ရည်ဆိုင်ထိုင်ရင်း မဂ္ဂဇင်းဖတ်ခဲ့တာ အမှတ်ရတယ်။

ကေ said...

မြတ်နိုးနဲ့..ရွာသားလေး နဲ့..မတန်ခူးရေ- ဖတ်လို့ကောင်းတယ် ဆိုလို့.. ပျော်တာပေါ့နော်-

ကိုအောင်သာငယ် နဲ့ မချိုသင်း ရယ်-
ကျမက..ဒိဗျာကို နှိုင်းတာ မဟုတ်ရပါ နော်။ မိန်းမ တွေရဲ့..အတွေး..အနေ..တွေကို..ခေတ်ခြင်းယှဉ် ပြီး.. အလုပ်မရှိ..ကြောင်ရေချိုးသလို..တွေးကြည့်တာပါ။း)

ဖုန်းမြင့်ရေ- မီးပူ- အမ လည်း..တိုက်မ၀တ်တော့ဘူး။
ကိုအောင်နဲ့ကိုသက်ဦး..အဲဒီ ပို့စ်ထဲမှာ တင်ထားတဲ့..ဒိဗျာ စာအုပ် အဖုံးလေး က..၄ ကြိမ်မြောက်ပုံနှိပ် တာ ထင်တယ်.. ၆ ဒေါ်လာ ဆိုလား။ အွန်လိုင်း မှာ တော့..ရောင်းနေတာပဲ။ စာအုပ်ကလည်း..အဟောင်းလေး တွေမှ.. ပိုတန်ဖိုး ရှိ သလိုပဲ နော်။

အားလုံးပဲ..ခင်မင်လျက်-