ရသအတွေး အတွေးရသ (ပေါ်သစ်)

တစ်

လူမှာ တခြားသတ္တ၀ါတွေထက် ထူးတာ တခုပဲ ရှိတယ်။ တွေးတတ် ကြံတတ်တာပဲ။ တွေးတတ် ကြံ တတ်လို့ လူရယ်လို့ ဖြစ်လာတာပဲ။ အဲဒီတော့ လူပီသချင်တဲ့ သူတွေ ၊ လူဖြစ်ကျိုးနပ်ချင်တဲ့သူတွေ ဟာ၊ တွေးတော ကြံတတ်တဲ့ ဂုဏ်ရည် နဲ့ စွမ်းအင်ကို အစွမ်းကုန် မြှင့်တင်ကြတယ်။

ဒါပေမယ့်၊ တွေးရ ကြံရတာကလည်း သိပ်တော့ မလွယ်လှချင်ဘူး ဆိုတာလည်း အမှန်ပဲ ။ တွေးတော ကြံတာကို ချိုးနှိမ်ချင်သူတွေ ၊ မြင်ပြင်းကတ်သူတွေ ၊ သရော်ပြက်ချော်ချင်သူတွေ ကလည်း ဒု နဲ့ ဒေး ရှိနေသေးတာကိုး။

“အတွေးကို လျှာတပ်မပေးနဲ့ ” တဲ့ ။ “ အတွေးကို လက်တပ်မပေးနဲ့ ” တဲ့။
တွေးတောကြံတာကို ချိုးနှိမ်လိုသူတွေကတော့ ပြောလေ့ပြောထ ရှိကြတယ်။ 

လူ့လောကမှာ လုပ်စရာ ကိုင်စရာတွေ တပုံတခေါင်းကြီး ရှိနေတာတဲ့။ ဒီကြားထဲက ၊ တွေးနေရဦးမှာလားတဲ့ ။ တွေးတောကြံတာကို မြင်ပြင်းကတ်သူတွေက မေးငေါ့လေ့ ရှိကြတယ်။ 

ယေက္ခမ အိမ်ဦးခန်းမှာ ထိုင်ပြီး၊ မုတ်ဆိတ်မွေး နဲ့ နှုတ်ခမ်းမွေး ဘယ်လို ဆက်သလဲ ဆိုတာ တနေရုန် တွေးလုံးထုတ်တယ်ဆိုတဲ့ သမက် ပုံပြင်မျိုးကို ၊ ကြားဖူးကြမှာပေါ့ ။ တွေးတော ကြံတာကို သရော် ပြက်ချော်လုပ်ချင်သူတွေက ၊ အဲဒီလို လှောင်လေ့ ထေ့လေ့ ရှိကြတယ်။

တွေးတော ကြံတာကို ၊ ရန်ထောင် ရန်ရှာ လုပ်တဲ့ သူတွေကတော့ “ဆီဇာ” ပေါက် ချိုးကြတယ်။  ရှိတ်စပီးယား ရဲ့ “ဂျူးလိယပ် ဆီဇာ” ပြဇာတ် ထဲက  ဟို ပိန်ညောင်ညောင်နဲ့ အငတ်ရုပ် ပေါက်နေတဲ့ ကပ်စိယပ် ဆိုတဲ့ ကောင်လေ ။ အဲဒီကောင်က သိပ်တွေးတဲ့ကောင် ။ အဲဒီကောင်မျိုး အန္တရယ်ကြီးတယ် ” ဆိုတဲ့  လျှာရာနင်းပြီး မာန်လည်း မဲလား လုပ်တတ်ကြတယ်။ 

နေအောက်မှာ ရှိသော အမူများကို စစ်၍ မကုန်နိုင်။ ကြိုးစား၍ စစ်သော်လည်း အကုန်အစင် မသိနိုင် ။ ထိုမျှမက  ပညာရှိသောသူသည်  ငါသိမည်ဟု ကြံသော်လည်း ၊ အကြံမအောင်နိုင် ” ( သမ္မာကျမ်း ၊ ဒေသနာ ကျမ်းစာ) ဆိုတဲ့ ၊ တွေးတောကြံတာကို ဟန့်တဲ့ စကားမျိုးတွေကလည်း အနမတဂ္ဂ ရှိသေး။ 


နှစ်

တွေးတောကြံတာ ၊ မြော်တာ မြင်တာကို လူသားဂုဏ်ရည် အဖြစ် ၊ ခံယူသူတွေကတော့ ၊ အတွေးမတွန့်ဘူး ။ မတွေးပဲ မနေဘူး။ တွေးတာပဲ။ 

လူဆိုတာ နာရီ ၊ ရက် ၊ လ သတ်မှတ်ချက် ကိန်းဂဏန်းတွေ နဲ့သာ အသက်ရှင် နေကြတာမှ မဟုတ်တာ။ ခြေလက် လှုပ်ဟန်တွေ (လုပ်ရပ်တွေ) နှလုံးခုန်သံတွေ(ခံစားချက်တွေ) ၊ “ငါသိမည်ဟု ကြံတာတွေ ( အတွေးတွေ)  နဲ့ ရှင်သန် လှုပ်ရှား နေကြတာကိုး။ 

ဒါကြောင့်လည်း ၊ ဒသာန ပညာရှင် ဒေးကားလို ပုဂ္ဂိုလ်မျိုးက “ ငါတွေးသည် ။ ထို့ကြောင့် ငါရှိသည်” လို့ တောင်  စွဲစွဲ ရဲရဲကြီး ပြောခဲ့တာပေါ့။ 

ဒါပေမယ့် ၊ တွေးတောကြံတယ် ဆိုတာဟာ၊ လူသားတိုင်း ရဲ့ မွေးရာပါ ပိုင်ခွင့် ၊ ဘယ်သူ့ဆီကမှ တောင်းဆိုနေစရာ မလိုတဲ့ အခွင့်အရေး ၊ ဘယ်သူ ဘယ်ဝါကမှ အာမခံချက် ပေးနေစရာ မလိုတဲ့ ၊ လွတ်လပ်ခွင့် ဖြစ်တယ် ဆိုတာကို ၊ လူများစုက မေ့ထားကြသလို လုပ်နေကြတယ်။ 

လူသတ္တ၀ါ တော်တော်များများ သည် ၊ စဉ်းစားဖို့ အတော်ပျင်းရိကြသည် လို့ ဆရာကြီး ရွှေဥဒေါင်း က ကောက်ချက် ချခဲ့တာဟာ ဒါကြောင့်ပဲ ။ 

ဒသာနပညာရှင် ကဲကီဂတ် က ၊ “ လူတွေဟာ လွတ်လပ်စွာ ပြောခွင့် ၊ ရေးခွင့် ၊ စည်းရုံးခွင့် တွေကို ၊ တောင်းဆိုရကောင်းမှန်းသာ သိကြတယ်။ တောင်းစရာမလိုပဲ ၊ အလိုလို ရနေတဲ့ ၊ လွတ်လပ်စွာ တွေးခွင့်ကို၊ သုံးရကောင်းမှန်းကျတော့ ၊ မသိသလို ဖြစ်နေကြတယ် ” လို့ ရေးဖူးတာဟာ ဒါကြောင့်ပဲ။ 

“ စာအုပ်တွေက တွေးပေးလိမ့်မယ် ” ဆိုတဲ့ စကား ခုတလော ခေတ်စားလာနေတာဟာလည်း ဒါကြောင့်ပဲ ။
ဒီအယူအဆွဲ အမှားကို ဖယ်ရှားနိုင်ကြမှပဲ ၊ အတွေးခေတ်ဆန်းချိန် ရောက်ပေတော့မှာပဲ ။  အတွေးတခေတ် ဆန်းနိုင် ဖို့ ၊ လူတိုင်း တွေးတော ကြံတာကို မွေးရာပါ ပိုင်ခွင့် လို၊ ကျင့်သုံးကြဖို့ အချိန်တန်ပြီ။


သုံး


တွေးကြစို့ ဆိုတာတော့ ဟုတ်ပါပြီ။ 
ဘာကို ဘယ်လို တွေးကြမှာလဲ ။ 
မေးစရာပဲ။ 

လူတိုင်းဟာ ဒသာန ပညာရှင်တွေလိုတော့ ဘယ်မှာ တွေးနိုင် တွေးဖြစ် တွေးတတ်ကြပါ့မလဲ ။ 

ကိစ္စမရှိဘူး။ လူလို နေဖို့ လူလို တွေးတာပဲ ။ ဒသာနပညာရှင် ဖြစ်ဖို့ တွေးတာ မှ မဟုတ်တာပဲ ။ 

ဒသာန ပညာရှင်တွေ တွေးခေါ်သလို ဘ၀တရား၊ အလှတရား ၊ ကိုယ်သိတရား၊ စိတ်သိတရား ၊ စရဏတရား ၊ မရဏ တရား အစရှိတာတွေကို တွေးတတ်ချင်မှ တွေးတတ်ပေလိမ့်မပေါ့။ 

ဒါပေမယ့် ၊ အဲဒီလို ဂမ္ဘီရ သဘောဆောင်တဲ့ အရေးကြီးကြီး တွေ ကို လည်း တွေးရမှာပဲ ။ အရေးကြီးကြီးတွေကို တွေးရင် အတွေးကြီးကြီး တွေးရမှာပေါ့။  အတွေးကြီးကြီးကို တွေးရမှာ ကြောက်တယ်ဆိုပြီး  မတွေးလို့ မရဘူး။  အတွေးကြီးကြီး ကြောက်တာကို ယိုးမယ်ဖွဲ့ ပြီး အတွေးသေးသေး တွေးရမှာကိုပါ ကြောက်လာတတ်တော့မှာကိုး။ 

ဒီလို အတွေးကြောက်စိတ် ၀င်လာရင်၊ အတွေးကြီးကြီးကိုရော အတွေးသေးသေးကိုပါ၊ မတွေးချင် ၊ မတောချင် ၊ မငေးချင် မမောချင်တဲ့ ရောဂါဆိုး စွဲကပ် လာနိုင်တယ်။ ဒီလိုနဲ့ တွေးတတ်တဲ့ ကြံတတ်တဲ့ လူသားဂုဏ်ရည် လူသားစွမ်းအင် လူသားပီတိ တွေကို လက်လွှတ် ဆုံးရှုံးကုန်နိုင်တယ်။ 

ဒါကြောင့် တွေးကြရမှာပဲ ။ အရာရာကို အတွေးနဲ့ ယှဉ်ပြီး မြင်ကြရမှာပဲ။ 


လေး


အတွေးကြီးကြီးတို့  ၊ အတွေးသေးသေး တို့ ဆိုတာက ၊ စကားအဖြစ်သာ ပြောတာပါ။ အတွေးတခုမှာ ကြီးတာတို့ သေးတာတို့ ရယ်လို့ မရှိဘူး။  စကြဝဠာ အကြောင်း အတွေးက ကြီးတယ်၊ ကျောက်စရစ်ခဲ အကြောင်း အတွေးက သေးတယ်လို့ ၊ မဆိုနိုင်သလို  နေစွယ်ကျိုးမှာ ညှိုးသွားတဲ့ ကန်စွန်းနွယ်ကလေး အကြောင်း အတွေးက သေးတယ်။ မမြဲမြံ မခိုင်ခံ့ တဲ့ သင်္ခါရ ဓမ္မအကြောင်း အတွေးက ကြီးတယ်လို့ မဆိုနိင်ဘူး။

သဘာဝ လောကကြီးထဲမှာ အရာရာဟာ  အဆက်အစပ် တရားတွေ ၊ ယှဉ်ဖော် ယှဉ်ဖက် တရားတွေ ၊ အကြောင်းအကျိုးတရားတွေ ဖြစ်လို့ ၊ ဘယ်ဟာက ကြီးတယ် ဘယ်ဟာက သေးတယ်  ဆိုတာ မရှိဘူး။ ကြီးတယ် သေးတယ် ဆိုတာ ပညတ်သဘောတွေသာ ဖြစ်တယ်။ 

ဒီတော့ တွေးသာတာ အရင်းခံ ဖြစ်ပါတယ်။ တွေးတတ်တာသာ အဓိက ဖြစ်ပါတယ်။ အတွေးရသကို ခံစားတတ်တာသာ ပဓါန ဖြစ်ပါတယ်။ 

တွေးကြစတမ်းဆိုရင် ရေမြေတောတောင် တွေ ၊ သက်ရှိ သတ္တ၀ါတွေ၊ စိတ်စေတသိတ် ရုပ်တရားစုံတွေ  ၊ အားလုံးဟာ တွေးမြင် ဆင်ခြင်စရာတွေချည်းပဲ ။ တွေးချင် တွေးရဲ တွေးတတ်မယ်ဆိုရင် လူတိုင်းအဖို့ အရာရာဟာ တွေးစရာ အထည်ဝတ္တုချည်းပဲ။ 

မြင်ရိုးမြင်စဉ် ၊ သိရိုးသိစဉ် စိတ်အထည်ဝတ္တု ၊ ရုပ်အထည်ဝတ္တု အားလုံးဟာ အတွေးနဲ့သာ မွှမ်းထုံ ခြုံလွှမ်း လိုက်ရင် သဘောသွင်ဟန် တွေ ထိန်လွင်လာတယ်။ ထင်လင်းလာတယ်။ သစ်ဆန်းလာတယ်။ တင့်တယ်လာတယ် ။ သာယာလာတယ်။ ဆေးတောင်ဝှေး နဲ့ တို့ လိုက်သလို ဆိုတာမျိုး။ နတ်ရေကန်ထဲ ချလိုက်သလို ဆိုတာမျိုး။ 

ကြယ်ကလေး တပွင့် ၊ ရေကလေး တစက် ၊ ငှက်ကလေး တကောင်၊ သစ်ရွက်ကလေး တရွက်၊ ကဗျာလေး တပုဒ် ၊ ပန်းချီကားလေး တချပ်က တောင် ၊ စကြဝဠာ
 ရဲ့ အတ္တုပ္ဗတ္တိ နဲ့  အနာဂတ္တိ ကို လှစ်ပြ နိုင်တာကို တွေ့လာရမယ်။  လူသားရဲ့ ဖြစ်ပေါ် တိုးတက် ပြောင်းလဲမူ နဲ့  ရုပ်နာမ် သဘာဝ သင်္ခါရ ဓမ္မဖြစ်စဉ် ကို ဖွင့်ဆို နိုင်မယ် ဆိုတာကို တွေ့လာရမယ်။ လူသားရဲ့ လူမူသမိုင်း ဖြစ်စဉ် နဲ့ ညဏ်စဉ် ဖန်စဉ် ကြီးကို ဇာတ်ကြောင်းပြန် နိုင်တာကို တွေ့လာရမယ်။ 

တကယ် ကြည်နူး နှစ်သက်စရာကောင်းတဲ့ ၊ အတွေးရသ ကို ခံစားလာရမယ်။



ငါး

မိမိ နေ့စဉ် ထိတွေ့ ခံစား နေရတဲ့ မိမိ ပတ်ဝန်းကျင် မှာ ရှိနေတဲ့ အရာဝတ္တု အခြင်းကိစ္စ ၊ အရေးအရာတွေကို တနိုင် တပိုင် အိုးတန် ဆန်ခတ် အတွေးနဲ့ ယှဉ်ကြည့်တဲ့ အလေ့ဟာ  ဒသာန “ရူး” တာ မဟုတ်ဘူး။ ဒသာ “မြီး” တာတောင် မဟုတ်သေးဘူး။ မိမိ ဦးနှောက် ရယ် ၊ မိမိ နှလုံးသားရယ်၊ မိမိရယ်  ကိုယ်ပိုင် စကားဝိုင်း ဖွဲ တာသာ ဖြစ်တယ်။ 

တွေးကျင့်စွဲ လို့ ဘာဆိုးကျိုးမှ ပေါ်လာစရာ အကြောင်း မရှိဘူး။  ကောင်းကျိုးသာ ရှိဖို့ ရှိတယ်။ 

အောက်မှာ ဖော်ပြမဲ့ အတွေး ဥဒါဟရုဏ်တွေကို ထပ်ဆင့် တွေးကြည့်ပါ။ အတွေးကြီးလည်း မဟုတ်ဘူး။ အတွေးသေးလည်း မဟုတ်ဘူး။ ဒသာန ပညာကြီး ပညာကျယ်တွေ မနှောင့် မစွက်တဲ့ အဖြူထည် သက်သက် ရသ အတွေးတွေပါ။ 

မိမိ ခံစားရတဲ့ အတွေးရသ နဲ့ နှိုင်းယှဉ်ပြီး ထပ်ဆင့် တွေးလို့ ရတဲ့ အတွေးရသ ကို လည်း မှန်းချင်ကြည့်ပါ။ 


ခြောက်(က)


လွတ်လပ်ရေး ရပြီးစ လောက်က ၊ လွတ်လပ်ရေး ဆိုတဲ့ ဝေါဟာရ ကို ဆရာဇေယျက ၊ အတွေးနဲ့ ယှဉ်ကြည့်ခဲ့တယ် ။ ဗေဒင် ဆရာကြီး ဦးအောင်ယော နဲ့ လူရွယ် နှစ်ယောက် ဆွေးနွေးခန်း အဖြစ်နဲ့ တွေးခဲ့တာ။ 

“သူ့ကျွန်မခံ ” ဆိုတဲ့ ဆောင်းပါးမှာ ရေးခဲ့တာ။ 
အဲဒီ ဆောင်းပါးထဲက ကောက်နုတ်ချက်ကလေးကို ဖတ်ကြည့်စမ်းပါ။ 

…… တို့ မြန်မာတွေ ဟာ၊ လွတ်လပ်ရေး ဆိုတဲ့ စကားကို မသုံးခဲ့ ဘူး။ သူ့ကျွန်မခံ ဆိုတဲ့ စကားကိုသာ သုံးခဲ့တယ်။ လွတ်လပ်ရေးကို အကြိမ်ကြိမ် ဆုံးခဲ့ဖူးပေမဲ့ ၊ တို့ဗမာက လွတ်လပ်ရေး ဆုံးတယ်လို့ ဘယ်တော့မှ အသိ အမှတ် မပြု ခဲ့ဘူး။ ခဏ ခေတ္တ အခိုက် အလှည့် မသင့် လို့ တပါးသူ လက်အောက် ကျခဲ့ရတယ်လို့ သာ ယူဆခဲ့တယ်။ 

တတိုင်းပြည်လုံး ထီးရော နန်းပါ ဆုံးချင်တိုင်းသာ ဆုံးရော့ ဘယ်တော့မှ သူ့ကျွန်မခံဘူး ဆိုတဲ့ စိတ်ဓါတ်က  ရှိနေတယ်ကွ။ … အဲဒါ  ဘာလဲ ဆိုတော့ သူ့ကျွန်မခံဘူး ဆိုတဲ့  တို့ဗမာ စိတ်ဓါတ်ပဲကွ။ 

“သူ့ကျွန်မခံ ဘူး ဆိုတာနဲ့ လွတ်လပ်ရေး ဆိုတာက အခေါ်သာ လွဲတယ်။ အနှစ်သာရချင်းကတော့ အတူတူတပါပဲ။ အကြောင်းကေတော့ လွတ်လပ်ရေး ဆိုတာ တခြား မဟုတ်ဘူးကွ ။ တို့ဗမာ စကားအရ သူ့ကျွန်မခံ ဘူး ဆိုတာ ပဲ ။ သူ့ကျွန်မခံဘူး ဆိုတာနဲ့ တပြိုင်နက် လွတ်လပ်ရေး ပျောက်သွားတော့တာပေါ့ကွာ ”

ဒါက လူမူ ကိစ္စ နဲ့ ပတ်သတ်တဲ့ အတွေး ။


ခြောက် (ခ)


၁၉ ၇၉  လောက်က ဂျပန် ဟိုက္ကူ ကဗျာတွေကို ဆရာမင်းသုဝဏ် မြန်မာဟန် ဖွဲ့ ခဲ့တယ်။ ဆရာ့ မြန်မာ ဟိုက္ကူ ကဗျာတပုဒ်က . . . 

အိုင်အိုကြီးပါလား
အလို ရွှေဖား ခုန်ဆင်းသွား
ပလုံ ရေသံကြား 

မူရင်း ဂျပန် ဟိုက္ကူက ပိုပြီး တို- ရှင်းသေးတယ်။ “ အိုသော ရေအိုင် ဖားခုန်ဆင်း ရေသံ ” ဒါပဲ ။
အဲဒီ ကဗျာနဲ့ ပတ်သတ်ပြီး ဆရာ မင်းသုဝဏ် တွေးထား ပုံ ကို ဖတ်ကြည့်စမ်းပါ ။

“ .. . . . ဤကဗျာကို အကြိမ်ကြိမ် ဖတ်ကြည့်ကြပါ။ ကဗျာထဲက ဆန်းကြယ် ထွေပြပား ခက်ခဲ နက်နဲသော အဓိပ္ဗါယ် တို့သည် ကိုယ်ယောင်ပြ လာကြပါလိမ့်မည်။ 

“ အိုသော ရေအိုင် တခု ကို စိတ်တွင် စဉ်းစားကြည့်ပါ ။ ကြာဖြူ ကြာညို ကြာနီပင် ၊ ကတောင်ပင် ၊ ရေညှိပင် ၊ အဟောင်းအသစ် အညှိုးအလန်း တို့ ဖြင့် ရှုပ်ထွေး အိုမင်းနေသော ထိုရေအိုင် အတွင်းရှိ ကြာဖတ်ပေါ်မှ ဖားတကောင် ခုန်ဆင်းသွားသည် ။ ခုန်ဆင်းသံကို ကြားလိုက်ရသည်။ 

“ ဖားခုန်ဆင်းသံကို ကြားရအောင် အလွန် ဆိတ်ငြိမ် ရပေမည်။ အလွန် ဆိတ်ငြိမ်ရအောင် လူသူ လေးပါး နှင့် ဝေးကွာရပေမည်။  လူသူ လေးပါး နှင့် ဝေးကွာရအောင် တောနက်ထဲတွင် ဖြစ်ရပေမည်။ တောနက်ထဲတွင် ရောက်နေရအောင် ၊ ထိုပုဂ္ဂိုလ် သည် ၊ တိတ်ဆိတ်မူ ကို ကြိုက်နှစ်သက်သော သူ ဖြစ်ရပေမည်။ 

“ထို ပုဂ္ဂိုလ်သည် တိတ်ဆိတ်ခြင်း ရေကြောတွင် မျောနေခိုက် ဖားခုန်သံ ကို ကျယ်ကျယ်လောင်လောင် ကြားလိုက်ရသော အခါ လန့် နို်းသွားသည်။ လောက၏  တိတ်ဆိတ် ငြိမ်သက်ခြင်း ကိုလည်း ဤသို့ သော ဖားခုန်သံများက  ဖောက်ထွင်း ဖျက်ဆီးတတ်ပါကလား ဟု  သူ တွေးမိပေလိမ့်မည်” 

ဒါက လူဖန်တီး တဲ့ အနုပညာ နဲ့ ပတ်သတ်တဲ့ အတွေး ။


ခြောက်(ဂ)


၁၉ ၇၁ခုနှစ်ဆန်းပိုင်းက ဟံသာဝတီ သတင်းစာမှာ ဆရာတော် ရွှေကိုင်းသား ခွာညိုပန်း အတွေးစာတပုဒ် ရေးခဲ့တယ်။

အဲဒီ အချိန်လောက်က သစ်ပင် ပန်းမန် နဲ့ ပတ်သတ်တဲ့ စာတွေ  ဆရာတော် အများကြီး ရေးနေတယ်။
ဆရာတော် ရဲ့ ခွာညို အတွေးစာ ကို ဖတ်ကြည့်စမ်းပါ ။

ယခုနှစ် အဖို့ ကျွန်းဖိုပင် အပွင့်စောသော နိမိတ်ဖြင့် မိုးဦးကျလည်း စောသည်။ မိုးအကြိမ်လည်း များသည်။ ရေလည်း ပါသည်။ ထို့ကြောင့် သေပြီ ဟု ပစ်ထားသော ခွာညိုပင် နှစ်ပင် လည်း ၊ အငုတ်မှ အတက် ထွက်ပြီး ပြန်လည် စည်ပင် လာပြန်သည်။ 

ထိုအခါ ရေမိုးကို မပြတ်ရအောင် ဂရုစိုက်ပေးရသည်။ လူက ဂရု စိုက်တော့လည်း အပင်က အားရှိ ပါးရှိ ကြီးထွားလာသည်။ အနွယ်ပင် ဖြစ်၍လည်း ၊ နှမောင်းတွေ ခင်းပြီး ၊ စင်တခုလုံး ကို ဖုံးလုခမန်း နေရာ ယူလာသည်။ 

တခါ တခါ ၊ နှာမောင်းခင်းပုံ ၊ ရှေးရှုပုံ နေရာ မကျ တတ်၍ လူက ပြုပြင်ပေးသည်ကို အပင်က မခံ ။ တော်လှန်ချင်သည်။ သည်တော့ လူက အလျှော့ပေးလိုက် ရသည်။ မလျှော့ ၍ လည်း မဖြစ် ။ ဇွတ်လုပ် လျှင့် လည်လိမ်ချိုးသလို နှာမောင်းဖျားတွေ ကျိုးကုန်တော့သည်။

တကယ်တော့ အပင်က သဘာဝ အသိဖြင့် နေရောင် အလင်းရောင် ရှိရာကို ထိုးထွက်ခြင်း ဖြစ်၍ ၊ လူက ဓါတ်ပုံရိုက်ကွက် ကောင်းအောင် ပုံဆင်လို၍ ပြုပြင်ပေးခြင်း ဖြစ်သည်။ ဆန္ဒ နှင့် သဘာဝ မဟပ်မိတော့ ခွာညိုပင်က ကြားဝင်ပြီး ဓားစာခံ လိုက်ရခြင်း ဖြစ်သည်။ 

ဒါက သဘာဝ ဓမ္မ နဲ့ ပတ်သတ်တဲ့ အတွေး ။ 



ခြောက်  (ဃ)


၁၉ ၈၀ နှစ်လယ်ပိုင်းက မိုးဝေ မဂ္ဂဇင်းမှာ ဒဂုန်တာရာ မွေးနေ့ အတွေးစာ တပုဒ် ရေးခဲ့သည်။

အဲဒီ အတွေးတွေကို ၁၉၆၉  ကတည်းက ရှုမ၀ မဂ္ဂဇင်းမှာ ကဗျာရေးခဲ့ဖူးတယ် ။ “ နွေရက်၏ တညနေ၌  မိမိကိုယ်ကို ဝေဖန်ခြင်း ”။

ဒဂုန်တာရာ ရဲ့  ဘ၀ အတွေးစာကို ဖတ်ကြည့်စမ်းပါ။

“ရွက်ဝါ ရွက်ညိုများကြွေကျနေကြသည်။ ဆည်းဆာရောင်  ၌၊  ရွက်ကော့ကလေးများမှာ ဖျပ်ဖျပ်ဖျပ်ဖျပ် နှင့် လွင့်နေကြသည်မှာ ဖန်အစအန ရွှေအစအန များ လွင့်ကျနေသည်ကိုကြည့်ရသလိုပင်။ တရိပ်ရိပ် လှုပ်ရှားနေပုံကို ၊ ဘ၀ များလော ဟု ထင်နေမိသည်။

“ကျွန်တော့်မှာ မွေးနေ့အတွေးများ ၀င်နေသည်။ သက်မဲ့ ဖြစ်သော သစ်ပင် ပန်းပင်များ  ၌ ကော ၊ ဘ၀ မရှိပေသလော ။သူတို့သည် ဖူးကြ ပွင့်ကြသည်။ နွမ်းကြ ကြွေကြသည် မဟုတ်လော။

“ . . . ညသည် မြရောင်ရွှန်းမြလာသည်။ သစ်ပင် ထူထပ်တို့ တွင် အမှောင်ရိပ် သန်းလျက် ။ ပိုးစုန်းကြူးတကောင် ၊ နှစ်ကောင်သည် ၀ါးရုံကြားများမှ ပျံသန်းလာသည်။

“ ကောင်းကင်ပြာမှိုင်းတွင် ၊ စိန်ကြယ်ပွင့် တို့သည် တဖိတ်ဖိတ် လက်နေကြသည်။ တချို့ကြွေသွားကြလေသလော ။ သူတို့က အရောင် တလက်လက် တောက်ပ သူများ ဖြစ်၍ ကြွေကျပျောက်ကွယ် သွားသည် ကို သိကြသည်။ သစ်ရွက်များ ကြွေကျသည်ကိုတော့ ဘယ်သူမှ မသိကြ ။
ထင်ရှားသူ သာ သိကြသည်။မထင်ရှားသူ ကို မသိလိုက်ကြ ။ ကြွေကျသည့် နောက်တော့၊ ဘာများ ခြားနား မည်လဲ ။ ပိုးစုန်းကြူး၊ ကြယ် ၊ သစ်ရွက် တို့သည် လူ့ဘ၀ နှင့် ဘာခြားနားမည်လဲ ။

ဒါက လူ့ဘ၀ နဲ့ပတ်သတ်တဲ့ အတွေး ။


ခုနစ်


လူတိုင်း ဒီ ရသ အတွေးတွေ လိုမျိုးကို  မတွေးနိုင်စရာ ဘာမှ အကြောင်းမရှိဘူး။ ဒီ အတွေးတွေကို ထက်မြက် စူးရှမူ ရှိတယ်၊ မရှိဘူး ဆိုတာသာ ပြောစရာ ရှိမယ်။ ဒါက တကိစ္စ။ 

လူတိုင်းဟာ ၊ မိမိ နဲ့ ထိတွေ့ ကြုံဆုံလာသမျှ စာပေ ဂီတ ပန်းချီ ၊ လူမူရေး ၊ စီးပွားရေး ၊ နိုင်ငံရေး ၊ သံသရာရေး အစ ၊ ပန်းကလေး တပွင့်  ၊ ငှက်ကလေး တကောင် ၊ ရေကလေး တစက် ၊ နှင်းကလေး တမှုန် ၊ အရုဏ်နီ ဆည်းဆာမှိုင်း အဆုံး ၊ သိမြင်ရာရာ အားလုံးကို  သိ-သိကာမတ္တ ၊ မြင်- မြင်ကာမတ္တ ၊ ခုသိ ခုမေ့ ၊ ခုမြင် ခုပျောက်  မဖြစ်စေဘဲ အတွေးနဲ့ စရနယ်ပြီး သိမြင်မယ် ဆိုရင် ၊ အရာရာ ဟာ၊ အဆန်းတကြယ် အသိသစ် ၊ အတင့်အတယ် အမြင်သစ် တွေ နဲ့ ၊ ကိုယ်ယောင်ပြ  လာကြမှာ ဖြစ်ပါတယ်။ 

ဒါဟာ ရသ အတွေးရဲ့ စွမ်းရည် ဂုဏ်ရည်ပဲ ။ 
ရသ အတွေးဟာ အတွေးရသ ကို ပေါက်ဖွားစေလိမ့်မယ်။ 
အတွေးရသ ဟာ ၊ လောကအလှ ၊ ဘ၀ အလှ ၊ ရုပ်အလှ ၊ စိတ်အလှ တွေကို အမြင်ပိုကြည်စေ ၊ ပိုပီစေတဲ့ ဒိဗ္ဗစက္ခု အသစ်လည်း ဖြစ်ပေတယ်။ 


ပေါ်သစ် 

အတွေးအမြင် စာစဉ် (၄)
ဧပြီ ၁၉ ၈၅





Share/Bookmark

ငါသည် လမ်းခရီးဖြစ်၏



ပန်းတွေ အမျိုးစုံ အရောင်စုံစွာ ၀န်းရံ နေတဲ့ အပြာရောင် ဓါတ်ပုံကြီး တပုံ ရဲ့ ၊ အပေါ်မှာ ၊ အင်္ဂလိပ်လို ရေးထိုးထားတဲ့ အဖြူရောင် စာတန်းကြီးတခုက ထင်ထင်ရှားရှား ရှိလွန်းနေသည်။ ဓါတ်ပုံထဲမှာတော့ ၊ အပြာရောင် အဖိုးကြီး တယောက်က မေးရိုးတွေ ကားနေအောင် နှုတ်ခမ်းကို တင်းတင်းစေ့လို့ ။ သူ့ ရဲ့ အဘယ သဏ္ဍန် ဖြန့်ကားထားတဲ့ လက်ဝါးပြင်ပေါ်မှာတော့ အနက်ရောင် စာလုံး တချို့ ။ 

အပြာရောင် အဖိုးကြီး ဟံသာဝတီ ဦးဝင်းတင် ရဲ့ ၊ ၀မ်းနည်းအောက်မေ့ဘွယ် အခမ်းအနားကို လာတဲ့ တခြားလူတွေ က တော့ ၊ အဲဒီ အပေါ်က စာတန်းကြီးကို သတိမူမိချင်မှ မူမိ ကြလိမ့်မည်။ နေရာ အခင်းအကျင်း အဆင်ပြေလို့ သာ ၊ ယုဒသာန် ခန်းမ ထဲမှာ လုပ်ခြင်းဖြစ်ပေမဲ့ ၊ ဦးဝင်းတင် ဟာ ၊ ခရစ်ယာန် ဘာသာဝင် မဟုတ်လေတော့ ၊ ဒီစင်မြင့်ရဲ့ နဖူးမှာ နဂို တည်းက ရှိနေတဲ့ ၊ ဒီ ကျမ်းစာ တကြောင်းကို ၊ လူတွေ သိပ်ပြီး ဥပဒ်မိ ကြမည် မထင်။ 

စာကြောင်း အပြည့်အစုံက 

I AM THE WAY, THE TRUTH, AND THE LIFE. (John 14:6) 

ကျမကတော့ ထူးခြား တိုက်ဆိုင် လိုက်ဖက် လွန်းလှစွာ ယှဉ်တွဲမြင်နေရတဲ့ ဘဘရဲ့ ကြည်ညို စရာကောင်းလှတဲ့ ပုံရိပ် နဲ့ အဲဒီစာတန်းကို ကိုယ့်ဖာသာ ဆက်စပ်ပြီး၊ ကိုယ့်စိတ်ကြိုက် နိမိတ်ပုံ ယူကြည့် နေမိတော့သည်။ 

ဆရာကြီး ယုဒသာန် မြန်မာလို ပြန်ထားတာကတော့ ၊ ငါသည် လမ်းခရီး ဖြစ်၏ ။ သမ္မာတရား လည်း ဖြစ်၏။ အသက် လည်း ဖြစ်၏ - တဲ့။ အရှင်ယေရှု က၊ သူ သေ ရတော့မယ် ဆိုတာ သိတဲ့အချိန်မှာ ၊ သူ့ရဲ့ တပည့် သာဝက တွေကို ၊ အားမငယ်ဖို့ ၊ ကြိုတင်ပြီးတော့ မှာခဲ့တဲ့ စကား တခု ပါ။ ဘ၀ ကို ဘယ်လိုယုံကြည်ချက်နဲ့ ဆက်လျှောက်ရမလဲ ကောင်းမြတ်တဲ့ အကျင့်အလုပ်တွေကို ဘယ်လို ဆက်လုပ်ရမလဲ ဆိုတာနဲ့ သေခြင်းတရားကို မကြေက်ရွံ့ ဖို့ ဆိုတဲ့ ဒေသနာ သုံးပါး ကို ထင်ဟပ်ထားတယ်လို့ ၊ ကျမကတော့ ၊ နားလည်မိတာပါပဲ ။ တကယ်တော့ ဘယ်ဘာသာ ယုံကြည်မူ မှာ မဆို ၊ လူသားရဲ့ ၀ိညဉ်ရေးရာ အခြေခံ လိုအပ်ချက် တွေကို ၊ သူ့နည်း သူ့ဟန် နဲ့ ဆုံးမသွန်သင် ထားတာ ချည်းပါပဲ ။ ဘယ် ဘာသာကိုးကွယ်မူ ကိုမှ မယူဆောင်ထားတဲ့ သူတွေမှာလည်း ၊ ကောင်းမြတ်တဲ့ ၀ိညဉ်စိတ်နှလုံးကို ကိုယ်တိုင် တည်ဆောက်နိုင်ကြပါ တယ်။ 

အခု ပြောချင်တာက ဘာသာရေး ယုံကြည်မူ အကြောင်း မဟုတ်ပါဘူး။ ဘဘဦးဝင်းတင် က လည်း ၊ သူ့ကို ဘယ်လို အယူဝါဒတွေ ကိုးကွယ်ယုံကြည်မူတွေနဲ့ မှ တံဆိပ်အကပ်ခံ လိုပုံ လည်း မရပါဘူး။ ကိုယ့်ဘ၀ အတွက် မတွေးပဲ ၊ သူများတွေအတွက် တွေးဖို့ မွေးလာတဲ့ အရိယာ ပုဂ္ဂိုလ်ကြီးမှာ ၊ ဗြဟ္မစိုရ် တရား က လွဲလို့ ဘာကိုမှ ကိုးကွယ်ယုံကြည်စရာ လည်း မလိုပါဘူး။ အနေရဲ သလို အသေရဲ တဲ့ ကျားရဲ ကြီးမှာ ၊ တမလွန်ကို လည်း ပူပင် ဖို့ မရှိပါဘူး။ ဘယ်လောက်ပဲ ချုပ်နှောင်ထားထား ၊ လွတ်လပ် မြင့်မားနေတဲ့ သူရဲကောင်း ၀ိညဉ်ဟာ ၊ ခန္ဓာကိုယ်ကြီး ချုပ်ညိမ်းသွားစေအုံးတော့ ၊ တတိုင်းပြည်လုံးက လူတွေရဲ့ အသက်ဝိညဉ်တွေ ထဲမှာ ၊ ပြန်ပြီး ရှင်သန် နေမှာပါ ။ တကယ်တော့ ဘဘဦးဝင်းတင် မသေပါဘူး။ 

အခု ပြောချင်တာက ၊ ဘဘဦးဝင်းတင် လူ့လောကထဲက မထွက်ခင် မှာ ၊ တတိုင်းပြည်လုံးကို ထပ်ကာတလဲလဲ ပြောသွားတဲ့ ၊ သူ့ ရဲ့ လမ်းခရီး အကြောင်းပါ။ သူကိုယ်တိုင် ပြတ်ပြတ်သားသား ရပ်ပြခဲ့တဲ့ လမ်းခရီး ။ သူကိုယ်တိုင် ခိုင်ခိုင်မာမာ လျှာက်နေခဲ့တဲ့ လမ်းခရီး ။ လူအုပ်ကြီးရဲ့ ကြားထဲမှာ၊ တယောက်ထီးတည်း လက်ကို အမြင့်ဆုံး ရောက်အောင် ထောင်ပြီး ၊ အားလုံး မြင်အောင်ပြခဲ့တဲ့ လမ်းခရီး အကြောင်းပါ။ သူက ပြောခဲ့ ပါ သေးတယ်။ လမ်းခုလတ် မဟုတ်ဘူး။ လမ်းဆုံ လမ်းခွ တဲ့ ။ ဒီမိုကရေစီကို သွားနေတဲ့ ခရီး လမ်းခုလတ် မဟုတ်ဘူး။ စစ်အာဏာရှင် အရေခြုံစနစ်ကို လမ်းခွဲ ရမဲ့ လမ်းဆုံ လမ်းခွ တဲ့ ။ ငါသည် လမ်းခရီး ဖြစ်၏ - လို့ ၊ ဘဘ က ပြောနေသလိုပါပဲ ။

ကျမတို့ နှမြောတသ ရပါတယ်။ ဒါပေမဲ့ ၊ လူ့ဘ၀ ကြီးမှာ မြင့်မြင့်မြတ်မြတ် ရှင်သန်ပြသွားပြီး ၊ လူဖြစ်ရကျိုးနပ်လွန်းလှစွာ ၊ မေတ္တာတွေ အထောင်သောင်းနဲ့ လူ့လောကကြီးကို အနိုင်ပိုင်း သွားခဲ့တဲ့ ၊ ဘဘ ဦးဝင်းတင် အတွက် ၊ ကျမတို့ ၀မ်းမြောက်ရပါတယ်။ ငါသည် သမ္မာတရားလည်း ဖြစ်၏- လို့ ဘဘ က ပြောနေသလိုပါပဲ ။

ကျမတို့ ၀မ်းနည်းမိ ပါတယ်။ ဒါပေမဲ့ ၊ သေမင်းကိုတောင် ပြုံးပြ သွားခဲ့တဲ့ ၊ ဘဘဦးဝင်းတင် ရဲ့ ဘာမထီ အပြုံးမြမြ နဲ့ စစ်အာဏာရှင် တွေကို လှောင်ရယ်နေတဲ့ တဟားဟားရီသံ တွေက ၊ ကျမတို့ကို နှစ်သိမ့် ပါ တယ်။ ငါသည် အသက် လည်း ဖြစ်၏ - လို့ ၊ ဘဘ က ပြောနေသလိုပါပဲ ။ 

စင်မြင့်ပေါ်က ပန်းတွေ နွမ်းမသွားခင် ၊ စင်မြင့်အောက်က ဖယောင်းတိုင်မီးတွေ ငြိမ်းမသွားခင် ၊ ဘဘ ရဲ့ အပြာရောင် ပုံရိပ်ကြီးကို အသေ အချာ ထပ်ကြည့် မိ တယ်။ ဒီတခါတော့ ဘဘ က မပြုံးပဲ ၊ စူးရှလေးနက်လွန်းတဲ့ အကြည့်တွေနဲ့ ၊ သူ့လက်ဝါးကြီး ကို ထပ်ပြီး ဖြန့်ကားလိုက်တယ်။ အောင်- ဆန်း - စု- ကြည် ဆိုတဲ့ စာလုံးလေးတွေ က၊ ထင်ရှား ပြီး ပီသ လာတယ်။ ဘာပဲပြောပြော ဗမာပြည်ရဲ့ အနာဂါတ်အတွက် ၊ နိုင်ငံရေး သူတော်စင်ကြီး က ၊ ဗိတ္တဇံ ပေး ထားခဲ့ပြီးပါပြီ။ သူ ပြောတဲ့ လမ်းခရီး အတိုင်း ဆက်လျှောက်နိုင် ကြ ဖို့ သာ ပါ ပဲ ။ 

ကေသွယ်
၂၃ ဧပြီ ၂၀၁၄ 
( ဘဘ ဦးဝင်းတင် အား ၊ ဤ စာစု ဖြင့် ပူဇော်ပါ၏ )

မိုးမခ အွန်လိုင်း မီဒီယာ


Share/Bookmark

ဦးဝင်းတင် သို့ -- မြင်းထိန်းတယောက်

ပန်းချီ-  မိတေဖိုး


လူ့ငရဲကနေ ရှင်ပြန်ထမြောက်လာခဲ့တဲ့ ဦးဝင်းတင်ကို သူ့ရဲ့လူ့ငရဲအတွေ့အကြုံစာအုပ်ကတဆင့် ပို၍ ရင်းနှီးရသည်။ ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်း - ရေဒီယိုအစီအစဉ်ကတဆင့် ပို၍ သိရှိ နားလည်ရသည်။ ရှင်းလင်းပြတ်သားတဲ့ မီဒီယာအမေးအဖြေတွေကတဆင့် ပို၍ လေးစားရသည်။ ဒီလှိုင်း အာဘော်တွေကတဆင့် ပို၍ပြုံးထေ့ သဘောကျရသည်။ 

ပို၍ လို့ ၀ိဂြိုဟ်ပြုရသည်က၊ ဦးဝင်းတင်ဆိုတဲ့ နာမယ်ကို မနေ့တနေ့ကမှ … ဒီမိုကရေစီမိုးလင်းကာနီးမှ သိဖူးကြားဖူးခြင်း မဟုတ်နေလို့ပါ။ လူ့ငရဲထဲမှာ သူဆီပူထိုးခံနေခဲ့ရတဲ့ ဆယ့်ကိုးနှစ်တာကာလ တလျှောက်လုံးမှာကတည်းက ရင်းနှီးသိရှိလေးစားနေခဲ့ကြတဲ့ မျိုးဆက်တွေထဲက တယောက်မို့ပါ။ 

ဟိုး…၁၈၈၉၀န်းကျင်ကာလတွေဆီက ဘဘဦးဝင်းတင် လူ့ငရဲထဲကိုရောက်သွားရတဲ့ အမူတွဲစွပ်စွဲပုဒ်မ လုပ်ကြံဇာတ်တပုဒ်ပါတဲ့ ကြေးမုံသတင်းစာဖြတ်ပိုင်းသတင်းလေးကစလို့၊ ကြိုကြားကြိုကြား ထွက်လာတဲ့ ထောင်တွင်းသတင်း နားစွန်နားဖျားလေးတွေနဲ့ ၊ သံတိုင်ကိုဆုပ်ကိုင်ထားတဲ့ ဘာမထီ အပြုံးပုံရိပ်တခုရဲ့ နောက်က၊ ပလက်စတစ်အပိုင်းအစ အထပ်ထပ်တည်း နှောင်ထားတဲ့ ထောင်တွင်း စာကြည့်မျက်မှန်ကိုင်းအကျိုးလေးတွေကို ကြည့်ပြီး အံတကြိတ်ကြိတ် မျက်ရည်ဝဲခဲ့ဖူးလို့ပါ။

ဘဘကို သူ့ရဲ့ဧည့်ခန်းငယ်လေးထဲမှာ လူကိုယ်တိုင်တွေ့ခွင့် စကားပြောခွင့်ရဖူးလိုက်တဲ့နောက်တော့၊ ပို၍ဆိုတဲ့ပထမ၀ိဂြိုဟ်ရဲ့နောက်မှာ နောက်ထပ် “ပို၍” တလုံး ထပ်တိုးမိတော့သည်။

တိုက်ပုံတွေတောင့်နေအောင်ဝတ်ပြီး ဆံပင်တွေ ပိနေအောင်ဖီးထားတဲ့ ပုံမှန်မြင်နေကျ အမျိုးသားကြီးတွေနဲ့တူချင်ပုံမရတဲ့၊ တူလည်းမတူတဲ့ အသက်၈၀ကျော်ဒေါင်ဒေါင်မြည် အဘိုးကြီးတယောက်က၊ လက်ရှိနိုင်ငံရေးကိစ္စတွေကို အားရပါးရ မနားတမ်းပြောပြနေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သက်တော်ရှည်နာယကကြီးက၊ အဖွဲ့ချုပ်ရဲ့ ချက်ချာတာတွေရော၊ ပြဿနာတွေကိုရော လက်ကာမထားပဲ ခပ်ရှင်းရှင်း ပြောသည်။ တကယ့်တကယ် သိချင်၊ စိတ်ဝင်စားနေမိတာက ဆယ်စုနှစ်တချို့ နောက်ပြန်ရစ်ထားတဲ့ စာရေးဆရာ၊ သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့စာအုပ်တွေအကြောင်း။ စာပေတွေအကြောင်း။ အနုပညာခံစားမှုတွေအကြောင်း။ မဖတ်ဖူးခဲ့ပေ။ မမြည်စမ်းဖူးခဲ့လေ..။

ဘဘစာအုပ်တွေ ပြန်ထုတ်ခွင့်ရတာ သိပ်ဝမ်းသာတာပဲ … လို့ စကားစတော့မှ၊ ဘဘက အိမ်မကြီးဆီက ကလေးငယ်တယောက်ကို လှမ်းခေါ်ပြီး စာအုပ်တွေယူလာခိုင်းလိုက်သည်။ တအုပ်ချင်းစီကို လက်မှတ်ထိုးပေးနေတဲ့ ဘဘကိုကြည့်ရင်း… စိတ်လှုပ်ရှား ပျော်ရွှင်နေမိသည်။ “ဘဘကလောင်ကတော့ ခုထိကိုထက်နေတာပဲ”… လို့ပြောတော့၊ ဘဘက ခေါင်းကိုအသာရမ်းရင်း “ကွာတော့ကွာသွားပြီဗျ.. ခုဆို တပုဒ်တပုဒ်ရေးဖို့ တရက်ကနေ ၂ရက် ကူးတယ်.. အရင်ကဆို၁၅မိနစ်လောက်နဲ့စာတပုဒ်ဖြစ်တာ” တဲ့လေ ။ အေးလေ.. အဲ့ဒါကြောင့်ပဲ ဟံသာဝတီဦးဝင်းတင်ဆိုတာ ဖြစ်ခဲ့တာပေါ့။

အဲဒီလိုနဲ့ ဘဘဦးဝင်းတင်ရဲ့စာအုပ်တွေကို တအုပ်ခြင်းစဖတ်လေပြီ။ ဟိုရိုရှီးမား(လူ့ငရဲ)၊ ဥတ္တရအလင်း( ဘာသာပြန်) ခရီးသွားစာပေ .. နိုင်ငံရေးဒဏ္ဍာရီ… စာတရွက်ခြင်းစီတိုင်း… စာတအုပ်ခြင်းစီတိုင်းမှာ ဟံသာဝတီဦးဝင်းတင်ကို မြင်ရသည်။ အထူးသဖြင့် အတွေးအမြင်စာစဉ်များကို စုစည်းထားသော နိုင်ငံရေးဒဏ္ဍာရီသည် ခေါင်းစဉ်ပုံသဏ္ဌန်နဲ့ လိုက်အောင်ပင် အနှစ်၆၀စာလောက် စုစည်းဖွဲ့တည်လာတဲ့ နိုင်ငံရေးအယူအဆ၊ အတွေးအမြင်ဗဟုသုတတွေမို့ မလိုင်တက်ပြီး ပြစ်နှစ်နေတဲ့ နို့တခွက်လို တငုံခြင်းဖတ်ပြီး တစိမ့်စိမ့်တွေးယူ ဆင်ခြင်နိုင်မှသာ။

ကျွန်တော်ဟာ အဲဒီလိုဆောင်းပါးတွေကို ပြန်ဖတ်ရင်း နှစ်ပေါင်းသုံးလေးငါးဆယ်က ကိုယ်ရေးခဲ့တဲ့ ဆောင်းပါးတွေလို့မထင်၊ ဒီနေ့ဒီအချိန်မှာရေးခဲ့တဲ့ဆောင်းပါးတွေလို့ ထင်နေမိပါတယ် .. လို့ အမှာစာမှာ ဖတ်ရသည်။

တကယ်ကိုပဲ ၁၉၈၈မတိုင်ခင် နှစ်များက ရေးခဲ့တဲ့ ဆောင်းပါးတွေက၊ အခုလက်ရှိ အချိန်မှာရေးထားသလို
ဖြစ်နေတာဟာ.. ဆောင်းပါးရေးသူရဲ့အသိအမြင်တွေက ရှေ့ကို ကြိုရောက်နေခဲ့လို့လား.. မြန်မာပြည်သူ လူထုရဲ့ လူမူရေး၊ နိုင်ငံရေး၊ စီးပွားရေးတွေကိုက ရှေ့ကိုမတိုးလာလို့လား။

၁၉၉၆ နောက်ပိုင်းမှာမှ ဗမာစာဖတ်သူတွေကြားထဲ ရေပန်းစားလာတဲ့ အနာဂတ္တိဆရာတော်ဖလာကို ဦးဝင်းတင်က ၁၉၈၆ခုနှစ်ကတည်းက မိတ်ဆက်ပေးထားပြီး ဖြစ်နေသည်။

“အကျော်အမော်­”လို “ဖြစ်ရပ်ယောင်” လို ဆောင်းပါးမျိုးနဲ့၊ ယနေ့ခေတ် အင်တာနက် ဖေ့စ်ဘွတ်ခ် အဖျားရောဂါမျိုးတွေကို မှန်းဆထားပြီး ဖြစ်နေသည်။

“ ပဉ္စမမဏ္ဍိုင်လို ”ဆောင်းပါးမျိုးနဲ့ ၂၁ရာစုမီဒီယာပုံစံသစ်ကို တွေးကြည့်ထားပြီးဖြစ်သည်။        "အသံထွက်စာပေ ” ဆိုပြီး Audio book အကြောင်းကို မြန်မာမှုပြုပြီး ဖြစ်သည်။̔ ကမ္ဘာကျော် အာခိလိ ဖနောင့်ဗျူဟာတိုက်ကွက်ကြီးကို နမူနာထားလို့၊ မျက်မြင်အသိ၊ အတွေးတွေနဲ့မူပိုင်ပြုလိုက်တဲ့ “ဂဏန်းမျက်စိ ” ဆောင်းပါးက၊ ၁၉၈၈ အရေးတော်ပုံကြီးအတွက် သမိုင်းဝင်တွန်းအားတခု ဖြစ်ခဲ့သည်။

“အမွဲဘုံမှထွက်ရပ်လမ်း”တို့ “၀င်ငွေနဲ့စရိတ်”တို့က အခြေခံလူတန်းစား အမွဲဘုံသားတွေအတွက် စာနာအဖြေရှာဖို့ဖြစ်သည်။ “ဘုံစနစ်ဖြင့်စိုးမိုးခြင်း” ဆိုပြီးတော့လည်း နိဗ္ဗန်ဘုံသားအရင်းရှင်တွေရဲ့ စနစ်တကျသိမ်းသွင်းတတ်ခြင်း အကြောင်းကိုထောက်ပြခဲ့သည်။ အစုရှယ်ယာများ ထုတ်ရောင်း၍ အများပိုင်ကုမ္ဗဏီများပြုလုပ်ခြင်း သဘောကို၊ ကိုယ်တိုင်ပင် အခုမှအမြင်သစ်တခုဖြင့် စတင် ကြည့်မြင်မိရသည်။ လူမျိုးတစုခြင်းဆီမှာ လူမျိုးစရိုက်( stereotype) ရဲ့ အကျိုးအပြစ်တွေရှိတယ် လို့ လက်ခံထားတဲ့ သူတယောက်အနေနဲ့… “ငပျင်းမျိုးဒဏ္ဍာရီ” ဆောင်းပါးကြောင့် အတွေးအယူတွေကို နေရာတကျ ပြန်စီရပြန်သည်။

ဘုံစနစ်သဘာဝကို သက်ဝင်လေးနက်ပုံရတဲ့ ဘဘဦးဝင်းတင်ဟာ.. ဘုံဆိုတဲ့ စကားလုံးကို သူ့ရဲ့စာတော်တော်များများမှာ သုံးတတ်သလို၊ စကားပြောတဲ့အခါမှာလည်း မကြာခဏထဲ့ပြောလေ့ ရှိတာကို သတိထားမိသည်။

နိုင်ငံရေးဒဏ္ဍာရီပေါင်းချုပ်ကြီး ဖတ်ပြီးသွားလို့၊ သုတမုတ ခရီးသွား မှတ်တမ်းရှည်ကြီးဖြစ်တဲ့ “ကမ္ဘာနီတွင်တဒင်္ဂ” ကို ဖတ်လိုက်ရတော့မှ ၊ ဘဘဦးဝင်းတင်တယောက် ဘယ်လောက်တောင် ဘုံစနစ်ကို နှစ်ခြိုက်အားကျခဲ့မှန်း သိရတော့သည်။ ဆိုရှယ်လစ်နိုင်ငံတွေဖြစ်တဲ့… ဆိုဗီယက် နဲ့ အရှေ့ ဥရောပကို လေ့လာရေးခရီး လည်ပတ်ခဲ့တဲ့ အတွေ့အကြုံ အမြင်အထင်တွေက ၊ အဲဒီခေတ်အချိန်ကာလ အားဖြင့် ၊ နှစ်ထောင်းအားရ .. အားကျအတုယူဘွယ် ဖြစ်ကောင်းဖြစ်ခဲ့ပေမဲ့ ၊ မအောင်မမြင် တ၀က်တပျက် ဆိုရှယ်လစ်စနစ်ကြီးထဲမှာ တ၀က်တပျက်လူဖြစ်လာခဲ့တဲ့ မျိုးဆက်တယောက် မှာတော့ ၊ ဇာတ်သိမ်းခန်း ကို သိနေတဲ့ ၀တ္တုကြီးတပုဒ်ကို ဖတ်ရသလိုဖြစ်နေလေသည်။ ဘာပဲပြောပြော သင်ခန်းစာတွေ … တွေးချင်စရာတွေ အများအပြားနဲ့ အကျိုးများလှတဲ့ စာတအုပ် ဖြစ်လျက်ပင်။

ခေတ်စနစ်တွေဆိုတာကလည်း ဘုရားဟောတဲ့ သစ္စာတရားတော်တွေမှ မဟုတ်လေပဲ။ လူတွေကပဲ ဖန်တီးကြံဆကြ။ လူတွေကြောင့်ပဲ အားနည်းပျက်စီးပြန်ရ။ သံကို သံဖျက် သံချေးတက်တယ် လို့ ဆိုရိုးရှိတယ် မဟုတ်လေလား။ ကမ္ဘာ့စီးပွားရေးသမိုင်းမှာ သင်ခန်းစာ အသစ်တက်ပေးသွားတဲ့ … ဂရိ စီးပွားပျက်ကပ်နဲ့ ပတ်သတ်တဲ့ လူမူသရုပ်ဖော်မှတ်တမ်းတီဗွီအစီအစဉ်တခု မှာ - “ ကျနော်တို့ကို ပျင်းလို့ ဖျင်းလို့လို့ ထင်နေကြတယ် .. တကယ်က လူတစု ရဲ့ အကျင့်ပျက် ခြစားမူတွေ ကြောင့်ပါ… တကယ်ဆို ကျနော်တို့နိုင်ငံဟာ ကမ္ဘာမှာ ဒီမိုကရေစီ စနစ်ကို စထွင်ခဲ့တဲ့ နိုင်ငံကြီးပါဗျာ .. ခုတော့ ပြောရမှာတောင် ရှက်ပါရဲ့ …ကျနော်တော့ အာဏာရှင် စနစ်ကိုသာ တောင့်တမိတော့တာပဲ..” လို့ ဂရိနိုင်ငံသား လူရွယ်တယောက်က မချိတင်ကဲ မျက်ရည်ရွဲ အံခဲ ပြောနတာမြင်ရတော့ … ငပျင်းမျိုး ဒဏ္ဍာရီတပုဒ် ဖြစ်ပြန်ပေါ့လို့ တွေးမိရင်း လူက အရေးကြီးသလား၊ မူက အရေးကြီးသလား ကိုယ်တိုင်လည်း မသဲကွဲတော့ချေ။

သံကန့်လန့်ကာကြီးတွေ၊ သံမဏိစည်းမျဉ်းတွေနဲ့ တည်ဆောက်ထားခဲ့တဲ့ ကမ္ဘာနီကြီးမှာလည်း ခုဆို လူတွေရော၊ မူတွေရော ကွဲပြားခြားနားခဲ့ပြီဆိုတော့… ဘဘဦးဝင်းတင်အနေနဲ့ လက်ရှိအမြင်မှာ ဘယ်လို သုံးသပ်လိမ့်မလဲ ဆိုတာကိုလည်း သိချင်နေမိသည်။ တကယ်တော့လည်း ဘဘဦးဝင်းတင်ဟာ အဲဒီစာအုပ်ကို ပုဂ္ဂလခံယူချက်သက်သက်ထက် သတင်းသမားအမြင်နဲ့ ရေးသားတင်ပြထားခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် သူဟာ သူ့ရဲ့ဘာသာပြန် ဇာတ်ကောင်တွေဖြစ်တဲ့ “ကွိ” လို၊ ဥတ္တရ အလင်းထဲက “ ဟင်နရီပေ့ခ်ျ” လို .. ယုံကြည်ရပ်တည်ချက်နဲ့အလုပ် ထပ်တူကျတဲ့ သတင်းသမားမျိုးတယောက် ဆိုတာကိုလည်း အခု အသက်၈၀ ကျော်ချိန်မှာ သက်သေထူ မှတ်ကျောက်တင်ခဲ့ပြီးပြီပဲ။ အခုခေတ် သတင်းဂျာနယ်တွေ ပလူပျံနေတဲ့အထဲက ပလူမွေးပလူတောင် သတင်းတွေကိုမြင်တိုင်း “ဥတ္တရအလင်း” သတင်းစာရဲ့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်ခဲ့ပုံက ခေါင်းထဲရောက်ရောက်လာတတ်သည်။

နာမယ်ကျော် “ကွိ” စာအုပ်ကိုလည်း ဘယ်လောက် အားကြိုးမာန်တက် ဘာသာပြန်ခဲ့သလဲ ဆိုတာကို ၊ ၁၉၇၅ ခုနှစ် ပထမအကြိမ်ထုတ် “ကွိ” စာအုပ်အဟောင်းမူလေးအတိုင်း ဖတ်မိရတော့မှ ပို၍ပေါ်လွင် လှသည်။ သာမာန်ဘာသာပြန်သွားယုံနဲ့ မလုံလောက်ဘဲ ၊ သီးခြားအနက်အဓိပ္ဗါယ်ဆောင်တဲ့ စကားလုံး ဝေါဟာရတွေ အများကြီးကို တလုံးခြင်းကောက်ပြီး အောက်ခြေမှတ်စုတွေ ထုတ်ပြီး စိတ်ရှည်လက်ရှည် ရှင်းလင်းခဲ့နိုင်ဖို့၊ ဘယ်လောက်တောင် အားထုတ်ခဲ့ရမလဲ။ အခုခေတ်လို ကွန်ပြူတာရှေ့ထိုင်၊ အင်တာနက်ချိတ်ပြီး၊ ဂူးဂဲလ်လုပ်ကြည့်လို့ တန်းစီပြီးထွက်လာတဲ့ ခေတ်မျိုးမဟုတ်…။ ၀ီကီတချက်ခေါက်ကြည့်လို့ အကြောင်းအရာတခုကို ခြုံငုံကြည့်နိုင်တဲ့ အခြေအနေမျိုးမဟုတ်။

ပြောတော့… ဘဘဦးဝင်းတင်ရဲ့ စာအသွားအလာ အရေးအသားတွေက ၊ ဘာသာပြန်ယုံသက်သက် မဟုတ်။ သတင်းတင်ပြပုံ သက်သက်မဟုတ်။ ကိုယ်ပိုင်ဟန်ပါသည်။ အနုပညာမာန် မာသည်။ ရသဆန်ဆန် ထယ်ဝါသည်။ ကာရံနဘေ ထပ်တတ်ပုံက ကဗျာတပုဒ်ထက် မလျော့။ ဝေါဟာရကြွယ်ဝပုံက အဘိဓါန် တအုပ်ထက် မပေါ့။ စကားလုံးအသစ်ထွင်ပုံက သူများတကာလို မဆတ်ဆော့။ အင်္ဂလိပ်စာလုံးတလုံးကို မြန်မာလို လှပဆန်းသစ်နေအောင် ဖလှယ်သုံးတတ်သလို ၊ သာမန် မြန်မာစာပုဒ်တခုကို ခန့်ထည်တဲ့ ပါဠိပုဒ်တခုနဲ့ ဂုဏ်တင်ပေးတတ်သည်။ အလင်္ကာမြောက်အောင် တင်စားတတ်ပုံကလည်း “မေတ္တာသုတ်တပုဒ်လုံး ပုဒ်မပါကျုံးပြီး စေတနာပိုသည်” ဆိုတဲ့ အရေးမျိုး ။

မကြာခင်လတွေထဲမှာပဲ “အလှရှာတော်ပုံ” ပြန်ထွက်လာခဲ့ပြန်သည်။ ပြီးတဲ့အခေါက် ဘဘဆီ ရောက်ခဲ့စဉ်က စာအုပ်တွေပေးရင်း၊ “ကျနော် ပန်းချီကားတွေအကြောင်း ရေးထားတဲ့ စာအုပ်တအုပ်လည်း ပြန်ထွက်ဖို့ရှိသေးတယ် ” လို့ ပြောတော့၊ “ သိတယ်ဘဘ.. အလှရှာပုံတော် မဟုတ်လား ” လို့ အမောတကော ငါသိ၊ ငါတတ်လုပ်ပြီး ပြန်ပြောခဲ့မိတာကို ၊ အခုတွေးရင်း ရှက်မိသည်။ စာအုပ်ဆိုင်ကနေ ၀ယ်ချလာပြီး လက်ထဲရောက်လာတော့မှ - စာအုပ်ခေါင်းစဉ်က “အလှရှာပုံတော်” မဟုတ်။  “ အလှရှာတော်ပုံ ”။

----- စင်စစ် မျက်မှောက်ကာလတွင် ၊ ကျွန်တော်တို့ ရှာဖွေရမည့် အလှသစ္စာသည် အပူလုံးကြွ ယူကျုံးမရဖြင့် ငိုကြီးချက်မ ဖြစ်ရမည့်လင်ပျောက် မဟုတ်ပါ။ ပြည်သူတို့ဘက်မှ ရပ်တည်ဆင်နွှဲရမည့် တိုက်ပွဲ ဖြစ်ပါသည်။ အရေးတော်ပုံ ဖြစ်ပါသည်။ ထို့ကြောင့် “ရှာပုံတော်” မဟုတ်ပါ။ အရေးတော် သဘောနွယ်သော “ ရှာတော်ပုံ” ဖြစ်ပါသည်။ ………….  လို့ - အနုပညာသည် ပြည်သူအတွက်ဆိုတဲ့ မူကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ခဲ့တဲ့ ဘဘဦးဝင်းတင်ရဲ့ ပန်းချီအနုပညာရသ ခံစားမူစာတမ်းတစောင်။

အနောက်တိုင်းလက်ရာ ၊ အရှေ့တိုင်းလက်ရာ ၊ အရှေ့အနောက် ပေါင်းဆုံလက်ရာ၊ ဘာသာရေး အနုပညာ စသည်ဖြင့် ဒေါင့်စုံနေရာစုံသလို ၊ ရှေးပဝေဏီ ခေတ် ၊ ညဏ်သစ်ပွင့်ချိန်ခေတ် ၊ အမျိုးသားခေတ်၊ ခေတ်ပေါ် - ဆိုပြီး အချိန်ကာလ အဖုံဖုံကိုလည်း လွှမ်းခြုံ ကြည့်ထားသည်။ ဒီနေရာမှာ ဦးဝင်းတင်ရဲ့ စကားလုံး တီထွင် ရွေးချယ်အသုံးပြုပုံကို နမူနာ ကြည့်ဦးတော့။ Renaissance ကို ညဏ်သစ်ပွင့်ချိန် တဲ့။ လူပြိန်းပြော ရောခေါ်နေကြတဲ့ မော်ဒန်ခေတ်ပေါ် အနုပညာဆိုတာတွေကို လှလှပပ ခေါင်းစဉ် တပ်လိုက်ပုံက  “ အစဉ်အလာမှ ခွဲခွာခြင်း” တဲ့လေ။ ပညာရပ်ဆိုင်ရာ အခြေခံသဘောတရားတွေနဲ့ ပန်းချီ ပန်းပု တခုခြင်းစီကို ခွဲခြမ်းစိတ်ဖြာမှတ်ချက်ပြုထားချက်တွေက တန်ဖိုးရှိလှသည်။ သူ့ခေတ်သူ့အခါက ပန်းချီပြပွဲတွေတိုင်းကို မပျက်မကွက် စေ့စေ့စပ်စပ် ခံစားရေးမှတ်ထားတဲ့ လေ့လာသုံးသပ်ချက်တွေက လည်း အကျိုးများလှသည်။ သတင်းစာဆရာကြီးတယောက်ရဲ့ အနုပညာကိုယ်ခံအားက၊ အံ့သြစရာ  ကောင်းလောက်အောင် ထောင်မောင်း သန်စွမ်းလှသည်။

အဲဒီလို ဆိုတော့ ၊ လူထုစိန်ဝင်းရေးခဲ့ဘူးတဲ့ “ ခေါင်းမာသူတိုင်း လူရိုင်းမဟုတ်” ဆိုတဲ့ ဆောင်းပါးလေးကို သတိရမိသည်။ အဲဒီထဲမှာ ဥပမာပေးထားတဲ့ ကဗျာဆရာကြီးတွေတဖြစ်လဲ မော်စီတုန်းတို့ ဟိုချီမင်း တို့ ရဲ့ အလှအယဉ်တွေကိုပါ ပြန်မြင်ကြည့်မိရသည်။ တကယ်တော့လည်း အရင် ဆောင်းပါးပေါင်းချုပ်မှာ ပါတဲ့ “အတွေးရသ - ရသအတွေး” လို ဆောင်းပါးမျိုးကို ဖတ်ခဲ့ပြီးမှတော့၊ ဒီ သတင်းစာဆရာကြီး ဦးဝင်းတင် ရဲ့ အတွေးရသ အလှတွေကို “အလှရှာတော်ပုံ” ထဲမှာ အထူးတလည်ထပ်ပြီး ရှာဖွေနေဖို့ မလိုတော့ပါလေ။ နောက်တကြိမ် ထပ်တွေ့ခွင့်ရခဲ့ရင်သာ၊ “လူ့ငရဲ” ထဲမှာ တစွန်းတစမြင်လိုက်ရတဲ့ ၀ိညဉ်ရေးဆိုင်ရာ ဘ၀ဒဿနတွေကို မေးခွင့်ရရင် မေးကြည့်ချင်မိနေတော့သည်။

နေပါဦး… ရှာဖွေချင်နေရအောင်.  မေးခွန်းထုတ်ချင်နေရအောင်…ချီးမွမ်းခန်းဖွင့်နေရအောင်…မင်းက ဘာမို့လဲလို့ မေးလာခဲ့ရင်တော့… မြင်းထိန်းငတာကို ပျက်ရယ်မပြု အလေးဂရုထား တဲ့ ၊ သာမန်ညောင်ည အလားတူ မြင်းထိန်း နောက်တယောက်သာ ဖြစ်ပါတယ် လို့ ဖြေပါရစေ။ ဘဘဦးဝင်းတင်ကလည်း သူ့ကို ချစ်ခင်လေးစားတဲ့ မြင်းထိန်းလူတန်းစားတွေရဲ့ ချီးမွမ်းသံတွေ၊ စကားသံတွေကို မျက်ကွယ်ပြုမယ် မဟုတ်ပေဘူးလေ။...

ကေသွယ်
၉ ရက် ဒီဇင်ဘာ ၂၀၁၂



မျက်ရှု  ၂ နှစ်ပတ်လည် အတွက် ရေးပေးခြင်းဖြစ်သည်။ 


Share/Bookmark

ဟီရိုရှီးမား ( ဘာသာပြန်- ၀င်းတင်)



ကျွန်တော်တို့ သွားရောက်ချိန် ( ၁၉၇၇ ဇူလိုင် ၁၅ ) တွင်၊ ဟီရိုရှီးမားမြို့သည် ကမ္ဘာ့ ပထမဆုံး အဏုမြူ ဗုံးဒဏ် ခံခဲ့ရသည့် မြို့ကြီး ဟု ပြောနိုင်စရာ မရှိတော့လောက်အောင် အပြောင်းလဲကြီး ပြောင်းလဲ နေပေပြီ။

ကျွန်တော်တို့ တည်းခိုကြသည့်၊ ဟိုတယ်ကြီး ပေါ်မှ လှမ်းမျှော်ကြည့်လိုက်သည်။ ကြည့်လေရာတိုင်း တွင်၊ အပြို အပျက် ဆို၍ တကွက်တလေ မျှပင် မမြင်ရ။ အဏုမြုဗုံးဒဏ်ကြောင့် ကုန်းကောက်စရာ မကျန်လောက်အောင် ပြာပုံ ဖြစ်ခဲ့ရသည့် မြို့ကြီး။ လူ နှစ်သိန်း ကျော် အသက်နှင့် ကိုယ် အိုးစားကွဲခဲ့ကြရသည့် မြို့ကြီး ။ လွန်ခဲ့သည့် ၁၀ နှစ် ခန့်က အထိ ပြန်လည် ထူထောင် တည်ဆောက်နေရ သေးသည့် မြို့ကြီး။ ယခုတော့မူ ကမ္ဘာ့ ပထမဆုံး အဏုမြုဗုံး သားကောင် မြို့ကြီး တမြို့ပါ ဟူ၍ ပြောလျှင်ပင် ယုံနိုင်စရာ မရှိတော့ပါပေ။ ခေတ်မီမြို့ကြီး ၊ သစ်လွင် မြို့ကြီး။

ဟီရိုရှီမား ကို ၁၉၆၈ အထိ ပြန်လည် တည်ဆောက် နေခဲ့ ရသေးသည်။ ထိုအချိန်အထိ အိုတာမြစ်ရိုး တွင် ကွက်သစ်များ ရှိနေခဲ့ ရသေးသည်။ ကျွန်တော် တို့ ရောက်သွားချိန် တွင်မူ  ထိုကွက်သစ်  နေရာ များ မှာ ကမ္ဘာကျော် ဂျပန် ဗိသုကာ ကြီး မာဆာတို အိုတာကာ ၏ ပုံစံ ဖြင့် ကျပ်ကုဋေ ၃၀ ကုန်ဆောက်ခဲ့သည့် တိုက်တန်းကြီး များဖြင့် အစားထိုး ပြီး နေလေပြီ။

အဏုမြူဗုံး ဒုက္ခ သည် ကွက်သစ် နေရာတွင်ပင်၊ ခေတ်မီ တိုက်တာကြီး များ ထည်ထည်ဝါ၀ါ ပေါ်လာပြီ ဆိုမှတော့ တမြို့လုံး ရှိ တခြားနေရာများကား ဆိုဖွယ်ရာ ရှိပါဦးတော့မလား။

ဇူလိုင် ၁၆ ရက်တွင် ကျွှန်တော် တို့အဏုမြူ ဗုံးကြဲချခဲ့သည့် အီနိုလာဂေး ခေါ် အမေ၇ိကန် ဘီ ၂၉ လေယဉ်ပျံကြီး ၏ ပုံ၊ “ချာတိတ်” ခေါ် အဏုမြူ ဗုံး ကြီး ၏ ပုံ၊ အဏုမြူ ဗုံး မချမီ က တွေ့ခဲ့ရသည့်  ဟီရိုရှီးမား မြို့ပုံ၊ အဏုမြူဗုံး ချပြီးနောက် တွေ့ခဲ့ရသည့် မြို့ကွက်ပုံ၊ အဏုမြူဗုံး ချပြီးစ အချိန်ပိုင်း ကလေး အတွင်း ဂျပန် သတင်းထောက် ယိုရှီတိုမာစုရှီဂေ ရိုက်ကူးခဲ့သည့် အဏုမြူ ဗုံး ဒုက္ခ ည်များ မမြင်ရက်စရာ ဒဏ်ရာကိုယ်စီ ဖြင့် သွားလာ လှုပ်ရှားနေကြပုံ ၊ အဏုမြူဗုံး ကြောင့် ကျောက်သားပေါ်တွင်ပင် လူရိပ်ထင်ခဲ့ပုံ၊  တမြို့လုံး မယုံနိုင် လောက်အောင် ကြီးမားလှစွာ ပျက်စီးနေပုံ များကို ၊ ရင်နင့်စဖွယ် ပြထားသည်။ စုံစေ့အောင် ပင် မကြည့်နိုင်ခဲ့။ ကြည့်လျှင်လည်း မျက်ရည်ထိန်းနိုင်အံ့မထင်။

ငြိမ်းချမ်းရေးပန်းခြံ ထဲရှိ အထိမ်းအမှတ် ဂူကလေး တွင် ကျွန်တော်တို့ လွမ်းသူ့ပန်းခွေ ချကြသည်။ ဂူကလေးမှာ ရှေးပဝေသဏီ က၊ ဂျပန်ပြည် တွင် ဆောက်လုပ်လေ့ရှိခဲ့သည့်၊ ဟာနီဝါ အိမ်ပုံစံ ။ လှည်းပေါင်းမိုးလေး သဏ္ဍန်၊ ဘေးနှစ်ဖက် ပွင့် အခုံးလေး အောက်တွင် ကျော်သေတ္တာရှိသည်။ ထိုကျောက် သေတ္တာ ထဲတွင် အဏုမြူဗုံး ဒဏ်ကြောင့် အသက်ဆုံးရှုံးရသူ အထောင်အသောင်း များစွာ တို့၏၊ အမည်နာမ များစွာတို့ကို ရေးမှတ်ထားသည့် အတိတ်ကာလ ပုရပိုက်ကြီး ရှိသည်။

ကျောက်သေတ္တာပေါ်တွင်....

“ငြိမ်းချမ်း ငြိမ်သက်
လျောင်းမွေ့စက်လော့
နောက်ဆက်အမှား
တို့များတဖန်
မကျူးလွန်တော့..”

ဟူသော စာတမ်းကလေး ရေးထားသည်။

ဟီရိုရှီးမားတွင် ရောက်ခိုက် ဟီရိုရှီးမား အနီးရှိ ဘိဝါ အင်းကြီး၏ အနားယူ စခန်းများ သို့ ကျွန်တော်တို့ ရောက်ခဲကြသည်။ ပျော်စရာကောင်းသည်။ စိတ်ချမ်းမြေ့စရာ ကောင်းသည်။ သို့သော် ကျွန်တော်တို့ မပျော်ခဲ့။ စိတ်မချမ်းမြေ့ခဲ့။ ဟီရိုရှီးမား အရိပ်သည် ကျွန်တော်တို့၏ စိတ်ဓါတ်အာရုံ အပေါ်တွင် တချိန်လုံး ဖိဖိစီးစီး လွှမ်းမိုး ထိုးကျနေခဲ့သည် မဟုတ်လား။

ကိုယ့်နိုင်သို့ ပြန်ေ၇ာက်တော့လည်း ဟီရိုရှီးမား အကြောင်း ကို ဟုတ်ဟုတ်ညားညား မရေးဖြစ်ခဲ့တော့။ မိုးစင်စင်လင်းမှ တော့  ညက အိပ်မက်ဆိုးု အရှည်အဝေး ပြန်ပြောပြ မနေချင်တော့သလို ခံစားမိသည်။ ထို့ကြောင့် ဟီရိုရှီးမား အကြောင်းကို ဆောင်းပါး တစောင် တဖွဲ့ တသီးတခြား ရေးမနေတော့ခြင်း ဖြစ်သည်။

သို့သော် ကျွန်တော် အချင့်အတွက် မှားပါသည်။ အိပ်မက်ဆိုး ဟူသည် တညတာ နှင့် မေ့နိုင်သည့် အရာမျိုး မဟုတ်။ နောက်နေ့ နောက်ရက်များ အထိ တစိမ့်စိမ့်တွေး တရေးရေးမြင် တငင်ငင် အမှတ်ရကာ ကြက်သီး ဖြန်းဖြန်းထပြီး ပြောမဆုံးပေါင် တောသုံးထောင် နားထောင်မ၀ တသသ ဖြစ်တတ်သော အရာမျိုး ပင် မဟုတ်လား။

ထို့ကြောင့် ဟီရိုရှီးမား အကြောင်း တခုခုတော့ ရေးဦးမှဟု ကျွန်တော် စဉ်းစားမိသည်။ သို့သော် စာဖတ်သူ တို့ သိချင်ကြသည့် ဟီရိုရှီးမား သည် အခြားအခြားသော ကမ္ဘာ့မြို့ကြီးပြကြီး များ နှင့် မခြား စည်ကား ထည်ဝါနေသည့် ယနေ့ ဟီရိုရှီးမား မဟုတ်။ အဏုမြူ စွမ်းအင် ၏ ပထမဆုံး သားကောင် ဖြစ်ခဲ့ရချိန်က ဟီရိုရှီးမား သာ ဖြစ်ကြောင်း စဉ်းစားမိသည်။

ဟီရိုရှီးမား အကြောင်း စာအုပ်ပေါင်းများစွာ ရေးသား ထုတ်ဝေ ခဲ့သည်။ မီချီဟီတို ဟာချီယာ ၏ “ ဟီရိုရှီးမား ဒိုင်ယာရီ” ရောဘတ်ယွန်ခ် ၏ “ ပြာပုံ၏ ရင်သွေးများ”  ဟီရိုရှီးမား ကို သွားေ၇ာက်ဗုံးကြဲ ပုံ ကို ရေးသားထား သည့် ဖလက်ချာနေဗယ် နှင့် ချားလ်စ်ဘေလီ ၏ “ ပြေးစရာ မြေမရှိ” စသော စာအုပ်များ သည် ကမ္ဘာကျော် စာအုပ် များ ဖြစ်သည်။ ထိုစာအုပ် များ အနက် ယနေ့ထက်တိုင် ထပ်ပြန်တလဲလဲ ထုတ်ဝေ နေရသည့် စာအုပ်မှာ ဤစာအုပ်။ အမေရိကန် စာရေးဆရာ သတင်းစာ ဆရာ ဂျွန်ဟာဆေ ၏ “ ဟီရိုရှီးမား”။

ဂျွန်ဟာဆေ ၏ သမိုင်းဝင် “ဟီရိုရှီးမား” စာအုပ်ကို ယခု ကျွန်တော် မြန်မာပြန်ပါသည်။

ဟီရိုရှီးမား သည် စာပေရှထောင့်မှ ကြည့်လျှင်၊ ဂန္ဒ၀င်မြောက်လက်ရာ ဖြစ်သကဲ့သို့၊ သတင်းစာ ရှုထောင့်မှ ကြည့်လျှင်လည်း သမိုင်းဝင်လက်ရာ အနုပညာ မြောက်လက်ရာ ဖြစ်၏။

သတင်းစာသညိ သမိုင်းနေ့စဉ် မှတ်တမ်းဖြစ်သည်။ ယနေ့ သတင်းစာ သည် မနက်ဖြန် သမိုင်း ဖြစ်သည်။ သတင်းစာ သမား သည် ထိုမှတ်တမ်း ကို စိမ်ပြေ နပြေ ဒူးနှံပေါင်နှံ ရေးရသည် မဟုတ်။ ရတတ်သမျှသော အချိန်ကလေး ကို လုကာ ဖုတ်ပူ မီးတိုက် ရေးရသည်။  လူတိုင်း အတွက် ရေးသည့် စာ ဖြစ်၍ လူတိုင်း နားလည်သော စကားလုံးဖြင့် လူတိုင်း နားလည်အောင် လိုရင်းကို တိုတို နှင့် ရှင်းရှင်း ရေး ရသည်။

ဤ စာအုပ်သည် လူ့သမိုင်းစဉ် ၌ တင်ကျန်ရစ်မည့် သမိုင်း မှတ်တမ်းကို လို-တို-ရှင်း ရေးနည်းဖြင့် ဖုတ်ပူမီးတိုက် ရေးသားထားသည့်ဂန္ဒ၀င် မြောက် စာပေ တခု ဖြစ်သည်။ 

၁၉၄၅ သြဂုတ် ၆ ရက် တနင်လာ နေ့၊ နံနက် ၈ နာရီ ၃၅ မိနစ် တင် အမေရိကန် အစိုးရ က ၊ ဟီရိုရှီးမား  မြို့ကို ဗုံးစာ ကျွေးသည်။ လူပေါင်း နှစ်သိန်း အသက် ဆုံးရှုံး သည်။ ဧရာမ မြို့ကြီး တမြို့လုံး ပြာပုံ ဖြစ်သည်။

“ပြာပုံ၏ ရင်သွေး” စာအုပ်တွင် သတင်းစာဆရာ ရောဘတ်ယွန့်ခ် ရေးသားခဲ့သည့် အတိုင်း အဏုမြု ဗုံး ချလိုက်ခြင်းဖြင့် လူပေါင်း သောင်းသိန်း သေကျေပြီး မြို့ကြီး တမြို့လုံး ပြာပုံ ဖြစ်သွားသော်လည်း ဟီရိုရှီးမား မြို့ကြီး သည့် နှလုံးရောဂါ ဖြင့် ဘုံးကနဲ လဲကျ သေဆုံး သွားသလိုမျိုး သေဆုံး ခဲ့ရသည် မဟုတ်..မဆုံးနိုင်သော ဒုက္ခ သုက္ခ သောက ဗျာပါဒ သံသရာ ၀ဲဂယက် ကြီးတွင် ကြာရှည်လေးမြင့်စွာ လည်နေခဲ့ရပေ သေးသည်။

ဤ ဒုက္ခသံသရာကြီး ကို ကမ္ဘာက နားစွန် နားဖျား သာ ကြားရသည်။ ခရေစေ့တွင်းကျ မသိခဲ့ရ။ ထို့ကြောင့်၊ ၁၉၄၆ မေလ တွင် ကမ္ဘာကျော် အမေရိကန် မဂ္ဂဇင်း ဖြစ်သော နယူးယော့ကာ က၊ ဂျွန်ဟာဆော ကို ဟီရိုရှီးမား သို့ စေလွှတ်ခဲ့သည်။

ဂျွန်ဟာဆေ က၊ ထို ဒုက္ခ သံသရာ၏ ရုပ်ပုံလွှာ ကို အဏုမြူဗုံး ဒဏ်ခံ လူခြောက်ယောက်၏ အတွေ့အကြုံ ပေါ်တွင် ပန္နက်ရိုက်၍ ရေးဖွဲ့သည်။ ဂျာမန်လူမျိုး ခရစ်ယန် ဘုန်းကြီး တပါး နှင့် ဂျပန် လူမျိုး ငါးဦး ၊။ ဂျပန် ငါးဦးမှာ ခရစ်ယာန် သင်းအုပ် ဆရာတဦး ကြက်ခြေနီ ဆေးရုံ မှ ဆရာဝန်တဦး ၊ အလွတ်ဆရာဝန် တဦး၊ စက်ချုပ်သမ မုဆိုးမ တဦး၊ စက်ရုံ စာရေးမလေး တဦး။

ဂျွန်ဟာဆေ သည် “ တိုင်း” သတင်းမဂ္ဂဇင်း၊ “လိုက်ဖ်” သတင်း ဓါတ်ပုံ မဂ္ဂဇင်း တို့တွင်၊ သတင်းထောက် အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သည့် သတင်းစာ ဆရာ တဦး ဖြစ်သည်။ နယူးယော့ကာ နှင့် တခြား မဂ္ဂဇင်း များ တွင် ပင်တိုင်ရေးသားခဲ့သည့်၊ စာရေးဆရာ တဦး လည်း ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက စစ် သတင်းထောက် အဖြစ် ကမ္ဘာအနှံ့ ရောက်ခဲ့သည်။ ၁၉၄၄ တွင် အဒါနိုခေါင်းလောင်း ၀တ္တု ဖြင့် ပူလစ်ဇာ ဆုရ ခဲ့သည်။ ( ချစ်ညို ဘာသာပြန်)

ဂျွန်ဟာဆေ သည် အဏုမြူ ဒုက္ခဘုံကြီး ၏ တဒင်္ဂ နှင့် အနမတဂ္ဂ ဖြစ်စဉ်များကို သာမန် လူ သား ၆ ဦး တို့၏ ဘ၀ နှင့် ဖြစ်ရပ်တွင် ထင်ဟပ် ကာ၊ အစာမသွပ် အဖွဲ့လွတ် အနွဲ့လွတ် ရေး သည်။ အဏုမြူ ဗုံး ဒဏ် ဆိုတာ ဒါပဲ ဟု ကုပ်ဆွဲပြ လိုက်သလို ရေးထား သည့်  ဂျွန်ဟာဆေ ၏ လိုတိုရှင်း ရေးဟန် သည် တချို့ နေရာများ၌  စိမ်းကားလွန်း သယောင်ယောင် အသည်းမာလွန်း သယောင်ယောင် ပင် ဖြစ်နေပေသေးတော့သည်။

ကနဦးတွင် “နယူးယော့ကာ” မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့ က၊ အခန်းဆက် ဖော်ပြသွားရန် အစီအစဉ် လုပ်ထားသည်။ သို့ရာတွင် ထို အစီအစဉ် ကို ဖျက်ကာ ဟီရိုရှီးမား တပုဒ်တည်းကို မဂ္ဂဇင်း တစောင်လုံး အပြည့် ထဲ့ရန် ဆုံးဖြတ်လိုက်သည်။ ဂျွန်ဟာဆေ က.. ဆယ်ရက် အတွင်း အပြီးရေးပေးသည်။

သြဂုတ် ၃၁ ရက်တွင်း ကမ္ဘာ့စာနယ်ဇင်း သမိုင်း၌ မော်ကွန်းထိုးရမည့် “နယူးယော့ကာ” အထူးထုတ် မဂ္ဂဇင်း ထွက်လာသည်။ လပေါင်းများစွား ကြိုတင် ရိုက်နှိပ်ထား သည့် အတိုင်း ပျော်ပွဲစားပုံ ပန်းချီ လက်ရာ မျက်နှာဖုံး၊ သို့သော် အတွင်းတွင်မူ ပါဝင်နေကျ ကဏ္ဍအားလုံး ကို ဖြုတ်လိုက်သည်။ ၀တ္တုမပါ။ ကဗျာမပါ၊ ကာတွန်းမပါ။ စာလုံးရေ  သုံးသောင်းရှိသော ဂျွန်ဟာဆေ ၏ ဟီ၇ိုရှီးမား ကိုယ်တွေ့ သတင်း ဆောင်းပါးရှည်ကြီး သာ၊ အပြည့်ပါသည်။ မဂ္ဂဇင်း တစောင်လုံးကို လုံးချင်း စာအုပ်တအုပ် လို ထုတ်ဝေခြင်း။

ထိုသမိုင်းဝင် မဂ္ဂဇင်း သည်၊ ထွက်ထွက်ခြင်း ပြိုက်ကနဲ ကုန်သွားသည်။ ကမ္ဘာကျော် ရူပှေဗဒ ပညာရှင်ကြီး အိုင်စတိုင်း တဦတည်းက စောင်ရေ တထောင် ၀ယ်သည်။  တခြား ထိပ်တန်း သတင်းစာကြီး များက အခန်းဆက် ဖော်ပြခွင့် ရရန် အလုအယက် ချဉ်းကပ်ကြသည်။ အမေရိကန် သတင်းစာ ပေါင်း ၅၀ ကျော် အခန်းဆက် ဖော်ပြခွင့် ရခဲ့သည်။ ဂျွန်ဟာဆေက စာမူခ ရငွေ များကို ကြက်ခြေနီ အသင်းသို့ လှူဒါန်းသည်။

အမေရိကန် အသံလွှင့်ကုမဏီက လေးပိုင်းခွဲ ပြီး အသံလွှင့်သည်။ လန်ဒန် ဘီဘီစီ အသံလွှင့်ဌါန က လေးပိုင်းခွဲပြီး လွှင့်သည်။ ပြဇာတ်ရေး ပြီး စင်တင်ခွင့် တောင်းသူက တောင်းသည်။ သို့သော် ဂျွန်ဟာဆေ က ခွင့်မပြု။

နောက်ပိုင်းတွင် ကမ္ဘာ့ဘာသာ စကားမျိုးစုံ ဖြင့် ဘာသာပြန်ကာ အုပ်ရေ သန်းပေါင်းများစွာ ထုတ်ဝေခဲ့သည်။

+++++

ထိုစာအုပ်ကို ယခု မြန်မာဘာသာ သို့ ပြန်ဆိုပါသည်။ နှစ်ပေါင်း ၃၀ ကျော်က စာအုပ်ကို ပြန်ဆိုရသည်မှာ အကြောင်းရှိပါသည်။ တကြောင်းမှာ ကျွန်တော် ဂျပန်ပြည်မှ ပြန်ရောက်ချိန်က စ၍ ဟီရိုရှီးမား အကြောင်း တမေးတည်း မေးနေကြသည့် စာဖတ်သူများ၏ ဆန္ဒ ကို ဖြည့်စွမ်းရန် ဖြစ်ပါသည်။ တကြောင်းမှာ ၊ ယနေ့ထက်တိုင် အဏုမြူ စစ်မက် အန္တရယ် သည် လျော့နည်း သွားသည် ဟူ၍ မရှိ။ တနေ့တခြားသာ ပို၍ ကြီးထား လာနေခြင်း ကို သတိရကြစေရန် ဖြစ်ပါသည်။

ဟီရိုရှီးမား တွင် ကြဲချခဲ့သည့် အဏုမြူဗုံး သည် လူနှစ်သိန်း ကို ဗုံးတလုံးတည်းဖြင့် ဇီဝိန် ခြွေခဲ့သည်။ ယမ်းဘီလူးတန်ချိန် နှစ်သောင်း နှင့် ညီမျှသည်။ စစ်အတွင်းက မြန်မာပြည်၌ ကြဲချခဲ့ဖူး သည့်၊ တန်ဗုံး ဆိုသော ဗုံးမျိုး နှစ်သောင်း နှင့် ညီမျှသည်။ ယနေ့ ကမ္ဘာ့ အဏုမြူလက်နက် များ၏ စွမ်းအားကား အတိုင်းမသိ ကြီးမားချင်တိုင်း ကြီးမားနေလေပြီ။ ယမ်းဘီလူး တန်ချိန် သန်း ၅၀ အင်အား အထက်သို့ ရောက်နေလေပြီ။ ဟီရိုရှီးမား တွင် ကြချခဲ့သော ဗုံးထက် အဆ နှစ်ထောင် ကျော် ပိုမို ပြင်းထန်သော စွမ်းအား ရှိနေလေပြီ။  ဗုံးတလုံးတည်းဖြင့် လူပေါင်း လေးသန်းကျော်ကို ဇီဝိန်ချွေ နိုင်စွမ်း ရှိနေလေပြီ။ ကိန်းဂဏန်းများကို နှိုင်းယှဉ်ပြောလျှင် ဆုံးနိုင်ဖွယ် မရှိပါ။

ပထမ ကမ္ဘာစစ် အတွင်းက ရိုင်ဖယ် ကျည်ဆံ တသောင်း ( သို့) အမြောက်ကျည်ဆံ ဆယ်တောင့် ပြစ်မှ လူတယောက် သေသည်။ အဓိပ္ပယ် မှာ လူ့ပယောဂ ဆယ်ကြိမ်မှ အကြိမ် တသောင်းထိပါမှ လူ့အသက်တချောင်း ကို သတ်နိုင်သည်။ ယခုမူ လူ့ပယောဂ တကြိမ်မျှဖြင့် လူပေါင်း လေးသန်းမက ကို သတ်နိုင်ပေပြီ။ နူကလီးယား လက်နက်များ အနက် ရှေးအကျဆုံး ဖြစ်သော ဘီကီနီ ဟိုက်ဒရိုဂျင် ဗုံး (၁၉၅၄ မတ်လ ၁ရက် စမ်းသပ်) သည် ယမ်းဘီလူး တန်ချိန် ၁၅ သန်း နှင့် ညီမျှသည်။ ထို ဗုံးကြီး၏ စနက်တံ အင်အား သည်ပင်၊ ဟီရိုရှီးမား အဏုမြု ဗုံး အင်အားထက် ပိုမိုကြီးမား နေပေသည်။

ဘီကီနီ ဗုံးကြီး တလုံးတည်း၏ စွမ်းအားသည် ဟီရိုရှီးမား နှင့် နာဂါဆကီ မြို့ကြီးများ တွင် ကြဲချခဲ့သည့် အဏုမြူ ဗုံးများ အပါအ၀င် ဒုတိယ ကမ္ဘာစစ် အတွင်း အသုံးပြု ခဲ့ သည့်၊ ဗုံး အမြောက် လက်နက် မျိုးစုံ၏ စွမ်းအား စုစုပေါင်းထက် ပိုမိုကြီးမားနေလေသည်။

ထိုဘီကီနီ ဗုံးကြီးသည် ယနေ့ စံချိန်ဖြင့် ဆိုလျှင်  ပေမမီ ဒေါက်မမီ တော့၊ စံမမီ အားမမီတော့.ခေတ်မမီတော့။ ဒုံးပျံ နှင့် အုန်းလက်နွား ကွာခြားသလောက် ကွာခြားနေပေပြီ။ 

အဏုမြူ စစ်မက်အန္တရယ်ကြီးသည် နိုင်ငံ ကြီးငယ် မရွေး ကမ္ဘာ့နိုင်ငံ တိုင်းရှိ လူသားတိုင်းအား ယနေ့တိုင် အတင့်ရဲရဲ ခြိမ်းခြောက်နေဆဲ ဖြစ်သည်။ 
အဏုမြူ စစ်မက် အန္တရယ်ကြီးသည် ဟီရိုရှီးမားတွင် လူ နှစ်သိန်းကို ဇီဝိန်ချွေခဲ့သည့် ထိုစဉ်က အဖျက် စွမ်းအားထက် အဆ ရာထောင် ပိုမို ကြီးမား ဆိုးရွားသော ရန်စွယ် မာန်စွယ်ဖြင့် ယနေ့တဖန် ခြိမ်းခြောက်နေပြန်လေပြီ။

ဤ စာအုပ် သည်၊ ယနေ့ မျက်မှောက် ကမ္ဘာတွင် လူသား တရပ်လုံး မရှောင်သာ မလွှဲသာ ရင်ဆိုင်နေရသေးသည့် နူကလီယာ အဏုမြူ စစ်မက် အန္တရယ် ကြီး၏ အတိုင်းအဆ ကို တစုံတရာ သော အတိုင်းအတာ အထိ၊ ခန့်မှန်း သိမြင် ဆင်ခြင် နားလည်ရေး တွင် အတန်သင့်မျှ အကူအပံ့ ပြုနိုင်ပေလိမ့်မည်ဟု  မျှော်လင့်ပါကြောင်း။

ဝင်းတင်
၁၉၈၇၊ သြဂုတ်၊ ၆

(ဟီရိုရှီးမား ၆၇ နှစ်မြောက် အထိမ်းအမှတ် အဖြစ် ဦးဝင်းတင် ၏ စာအုပ်မှ အမှာစာ အား ဖော်ပြ ခြင်းဖြစ်သည်။အဲဒီစာအုပ် ကို ဖတ်ပြီး..သိတယ်လို့ ထင်ခဲ့တဲ့ ဟီရိုရှီးမား ဟာ အသစ်ပြန်ဖြစ်သွားတယ်။ ဒုတိယကမ္ဘာစစ် ကြီးဟာ လူ့ငရဲ အစစ်ကြီးပါပဲ...။ ဟစ်တလာကို အပြစ်တင်ရမလား..ဂျပန်လား..အမေရိကန်လား.. ဘယ်သူ့ ဘယ်သူမှ  လက်ညှိုးထိုး လို့မရ နိုင်တော့လောက်အောင် ဖြစ်ခဲ့တဲ့..မကောင်းဆိုးဝါး အခိုးအငွေ့တွေ ဖုံးလွှမ်းခဲ့တဲ့ ...  Miasma - အ ကာလ ကြီး ..)


Share/Bookmark

လူ့ငရဲ မှ ရှင်ပြန်ထမြောက်သူ



ဘဘ ဦးဝင်းတင် ရဲ့ “ဘာလဲဟဲ့..လူ့ငရဲ” ကို.. စာအုပ် တအုပ် အဖြစ်.. အသေအချာ အကျအန တရွက်ခြင်း လှန်ပြီး..တခန်းခြင်း..တပိုဒ်ခြင်း ဖတ်လိုက် ရ ပါ ပြီ။

အတော်စောစော ကတည်းက.. ပီဒီအက်ဖ် ဖိုင် ရခဲ့ပေမဲ့.. စာအုပ်ကိုပဲ ဖတ်မယ် လို့.. စိတ်ရှည် လက်ရှည် တောင့်ခံပြီး..စောင့်နေခဲ့ မိတယ်.။ ကြောင်တာတော့ မဟုတ်ပါဘူး..။ ထိုက်ထိုက် တန်တန် ဖတ်ချင် လို့ ပဲ ဆိုပါတော့..။ ဒါတောင်.. မနေနိုင် မထိုင်နိုင်.. ပီဒီအက်ဖ် ဖိုင် က..အမှာစာလေး သွား မြည်း မိတာ.. ရပ်မရ ပဲ..အခန်း ၁ ကိုတောင် ကျော် တော့ မလို့..။ ဟိုမှာ..ဒီမှာ..သူများတွေ ညွှန်း ကြ ..ရေးကြ တဲ့..အပိုင်း အစ လေးတွေ ကလည်း.. အတော့်ကို စိတ်ဝင်စား စရာ ကောင်း နေခဲ့ တယ်ပေါ့..။ တကယ် ကိုယ်တိုင် ဖတ်ကြည့် လိုက်တော့ လည်း.. စိတ်ဝင်စားစရာ တွေ ပြည့်နှက်.. တွေးစရာ တွေ.. အမျှင်မပြတ်.. ကွင်းဆက် ကလေး တွေ..လိုက်ဆက် ရင်း...စာအုပ် ကလေး ကို.. ခဏ ခဏ ပြန် လှန် နေမိ ပြန်တယ်။

လူ့ငရဲ ဆိုတဲ့ အတိုင်း.. ငရဲကြီး ရှစ်ထပ် မှာ နောက်တထပ် ထပ် တိုးရမဲ့.. လူ့ တစု ရဲ့ လက်အောက် ..အရှင်လတ်လတ် ငရဲ ကျ ခဲ့တဲ့.. နေ့ရက် တွေ ...။ တွေးကြည့် လို့တောင် မရနိုင်တဲ့..အနှစ် ၂၀ ဆိုတဲ့..အကျဉ်းထောင် တွင်း ကာလရှည် ကြီးကို.. ဘဘ ဦးဝင်းတင် တယောက် ဘယ်လို ဖြတ်သန်းခဲ့တယ် ဆိုတာတွေ.. ကတော့.. ဘာမှ ထွေထူး ထပ်ပြီး ပြောပြ ရေးပြ နေဖို့ မလို တော့ပါဘူး..

တချက် တချက်..ကျ လာတဲ့ မျက်ရည် တွေ ကို သိမ်းဆည်း ရင်း..အံသွား ကြိတ်ခဲ နေ ခဲ့မိတာ ကလွဲလို့... တထိုင်တည်း တည တည်း..ဖတ်ဖြစ် လိုက်တဲ့..အဲဒီ စာအုပ် လေးကို ပြန် လှန် ကြည့် နေ မိတာက..စာအုပ် ရဲ့ အဆုံးပိုင်း မှာ ဘဘ ကိုးကား ခဲ့ တဲ့.. တမန်တော်ကြီး ရှင်ပေါလု ရဲ့.. စကား လေး တွေ ကြောင့်ပါ။

အဲဒါ နဲ့.. ဒီစာအုပ်လေး နဲ့... ခရစ်ယာန်သမ္မာ ကျမ်း ကြား..ဟို -ဒီ လှန်လျော..ခေါက်တုံ့ ကူးရင်း.... ရှင်ပေါလု ရဲ့ ဆုံးမစာ တွေ ကို.. ပြန်ဖတ် မိသွားပြန်တယ်။

ရောမ သြ၀ါဒ စာ..ကောရိနသု သြ၀ါဒ ...ဂလာတိသြ၀ါဒ..ဧဖက် သြ၀ါဒ.. ဖိလိပ္ဗိ သြ၀ါဒ.. ကောလောသဲ..သက်သာလောနိတ်.. စတဲ့.. ရောက်လေရာ ရာ..အရပ် .. ကျလေရာ ရာ..အကျဉ်းထောင်တွေ က နေပြီး..သူ့ နောက်လိုက် ခရစ်ယန် မိတ်ဆွေ တွေ ဆီကို.. ရေးပို့ လေ့ ရှိတဲ့.. ရှင်ပေါလု ရဲ့ စာတွေ ပါ..။

ရှင်ပေါလု ဆိုတဲ့.. ရောမ နိုင်ငံသား..ယုဒ ( ဂျူး) ..ကျမ်းတက် စာတတ် ပုဂ္ဂိုလ် တယောက်ဟာ..သူ ပြုခဲ့တဲ့.. ခရစ်ယန် နှိပ်ကွပ်ရေး တွေ ကြောင့်ပဲ.. ကမ္ဘာ့ အအောင်မြင်ဆုံး ခရစ်ယန် တရားဟော ဆရာ..တမန်တော် ကြီး တယောက် အဖြစ်.. အသွင်ပြောင်းခဲ့ရ ပြီး.. ခရစ်ယန် သမိုင်း ကို လည်း.. အကြီးအကျယ် ပြောင်းလဲ ပေး သွား ခဲ့တယ်။ နောက်ဆုံး..သူ ကိုယ်တိုင်.. သြဇာ တိက္ကမ အရှိဆုံး ခရစ်ယန် ကြီး တယောက် အဖြစ် နဲ့.. ရောမ အာဏာပိုင် တွေရဲ့.. မတရား အကျဉ်းချ ခြင်းတွေ ကို အကြိမ်ကြိမ် ခံခဲ့ ရတယ်။ ခရစ်တော် လိုပဲ သူလည်းပဲ ကားစင်တင်ခံ ခဲ့ရတဲ့  နောက်ဆုံး အချိန် ထိ..သူ့ ယုံကြည်ချက် ကို.. အမြင့်ဆုံး ထိ လွှင့်တင်ပြ သွား နိုင် ခဲ့တယ်။

အနှစ် နှစ်ဆယ် စာ..ခါးသက် အထီးကျန် မူ တွေ ကို.. ဗုဒ္ဓရဲ့ ဗြဟ္မစိုရ် တရား တွေ နဲ့ တကွ...ခရစ်ယန်..၀မ်းမြောက်ခြင်း တရား တွေ က... တနည်းတဖုံ.. ကုစား ဖြေဖျောက် စေခဲ့ တယ် လို့.. စာအုပ် ထဲမှာ..ဘဘ က.. ဖွင့်ဟ ထား ပါတယ်။ အဲဒါကြောင့်ပဲ ထင်ပါရဲ့... ဘဘ ရဲ့ ရဲရင့် ပြတ်သားမူ တွေ... အားမာန် သတ္တိ တွေက...ရှင်ပေါလု ရဲ့ စာ တွေ ထဲမှာ.. ရောင်ပြန် ထင်ဟပ် နေခဲ့တယ်။ ပြီးတော့..ဘ၀ ရဲ့ လေးပုံတပုံ ကို.. ပေးဆပ် ရင်းနှီး ခဲ့ရတဲ့.. အကျဉ်းသား ဘ၀ နဲ့.. ဘ၀တူ အကျဉ်းသား တွေ အတွက်...ပြင်းပြ တဲ့ သူ့ ဆန္ဒ....

ထောင်တွေမှာ ရောက်နေကြတဲ့ ဒီအင်အား သစ်တွေ ကလည်း သူတို့ ရဲ့ လွတ်မြောက်ရေး အတွက် ကျွန်တော် တို့ အားလုံး ရဲ့ ၀ါယမ စိုက်ထုတ်မူ ကို ငံ့လင့် နေကြတယ်။ ခရစ်ယာန် သမ္မာကျမ်းစာ ရှင်ပေါလု ရဲ့ စကား ကို သူတို့ ရေရွှတ်ကြတယ်။ သူတို့ ပဲ့တင် ထပ်နေကြတယ်။
“ ငါခံရသော ချုပ်နှောင် ခြင်း ကို အောက်မေ့ ကြလော့..” လို့ ရှင်ပေါလု က ဆိုတယ်။

ခရစ်တော် ကားစင် တင် ခဲ့ရပြီး တဲ့နောက်..ခရစ်ယာန် ဘာသာဝင်တွေ ဖိနှိပ် ချုပ်နှောင် ညှဉ်းပမ်း နှိပ်စက် ခံ ရတယ်။ တခြား ခရစ်ယာန် ဘာသာဝင်တွေက ကယ်ကြဖို့ အားထုတ်ကြတယ်။ ကယ်ကြတယ်။ ခရစ်ယာန်ဘာသာဝင် တယောက် ရဲ့ စကားကို နားထောင် ကြည့်ပါ။

“ ငါဉ် ကြိုးချည်နှောင်လျက် ရှိသော်လည်း သူသည် ရှက်ကြောက်ခြင်း မရှိဘဲ......ငါ့ကို ရှာ၍ တွေ့၏။ ” တဲ့။ ခရစ်ယာန် တယောက် အချုပ်အနှောင် ခံနေရတယ်။ တခြား တယောက်က သူ့ကို တွေ့အောင် ရှာတယ်။ တွေ့တယ်။ ကယ်တယ်။ ဘာအကြောက်တရား မှ မရှိဘဲ ရှာတာ။ ဒါ့ကြောင့် တွေ့တာ။ ဒါကြောင့် ကယ်နိုင်တာ..။

မကြောက်တရားရယ်...မရွံ့တရားရယ်..မဆုတ်တရားရယ် ကို ရင်မှာ မြဲမြဲ ခိုင်ခိုင် စွဲကိုင် ပြီး နိုင်ငံရေး အကျဉ်းသား တွေ လွတ်မြောက်ရေး ကို ကျွန်တော် တို့ အားထုတ်ကြရမယ်။ နိုင်ငံရေး အကျဉ်းသား တွေ..ထောင်ထဲမှာ ဒုက္ခရောက် တိုင်ငး ကျွန်တော်တို့ ကိုယ်တိုင်လည်း ဒုက္ခရောက်ကြရသလို ခံစားကြရမယ်။

ဟုတ်တယ်.....
ဘဘ ရဲ့ ရင်ထဲက စကားလုံး တွေ ဟာ..နိုင်ငံရေး အကျဉ်းသား တွေ ကို.. မမေ့လျော့ ဖို့.. တဖွဖွ တိုက်တွန်း ကိုယ်စား ပြုပေး နေ တာပါ..။ ဖြစ် နိုင် ရင်..မိုးကြိုးသံ ထက်တောင်.. ကျယ်လောင် ထစ်ချုန်း မြည်ဟိန်း ပြစ် လိုက် ချင် နေမဲ့..ကျားရဲ တကောင် ရဲ့ အသံ ကို.. ဒီ စာအုပ် ထဲမှာ.. အပေါ်လွင် ဆုံး ဖော်ပြ ခဲ့ ပြီး ပြီ ပဲလေ..။ လူ့ငရဲ က ရှင်ပြန် ထမြောက်လာတဲ့.. တမန်တော်ကြီး တ ယောက် ရဲ့ နိုင်ငံရေး သစ်က.. လူတိုင်း အတွက်.. အားသစ် အင်သစ် တွေ ဖြစ် ပါစေ...။ အာမင်....


ဧပြီ ၅ ရက် - ၂၀၁၀


စာအုပ် လက်ဆောင် ပို့ပေးသော.. အမ ကို ကျေးဇူးတင်လျက်-

face book မှာ ပြောပေးသွားတဲ့.. အတိုင်း.. စာအုပ် ၀ယ်နိုင်တဲ့ စင်ကာပူ က.. လိပ်စာ တချို့ပါ...
lpk.singapore@gmail.com
Nyi Nyi Myo 91882852
Ko Moe Zaw 81132008

စာအုပ်ကို ပျံ့ နှံ့ ပါစေ တော့ ဆိုတဲ့ စေတနာ နဲ့ သာ.. အင်တာနက်မှာ..အခမဲ့.. မျှဝေ လက်ဆင့်ကမ်း ဖတ်ခဲ့ ကြပေမဲ့.. ဘဘဦးဝင်းတင် ရဲ့ အနှစ် နှစ်ဆယ်စာ လူ့ငရဲ အတွေ့အကြုံ တွေ ကို.. စာအုပ်လေး တအုပ် အဖြစ် နဲ့....နောင်လာ နောင်သား တွေ အတွက်ပါ.. ဆက်ဆက် ၀ယ်သိမ်း ထား ရမဲ့ စာအုပ် တအုပ်ပါ။


Share/Bookmark