ဆိုးမွေ

ရေးသားသူ- နီဇူလိုင်

``ဟေး… အမေကြီး သိန်း လာပြီ ဟေ့´´
-
ကျမတို့ ညီအမ တတွေ ၀မ်းသာ အားရ ထအော် ကြရင်း၊ အမေကြီးသိန်း လက်ထဲမှ ခြင်းတောင်း လေးကို ဆွဲသူ ဆွဲ။ အမေကြီးသိန်း ထမီစကို ဆွဲပြီး နံဘေးကနေ ခုံဆွ ခုံဆွ လိုက်သူက လိုက်နှင့် တပျော်တပါး ဆီးကြို ကြ စမြဲ။ အမေကြီးသိန်း ဆိုတာ ကျမတို့ ဘဘကြီးရဲ့ အမကြီးပါ။ ကျမတို့ မြို့လေးနဲ့ မလှမ်းမကမ်း ရွာ ကလေးမှာ နေ ပါတယ်။ တခါတခါ သူ့ မောင်လေး ရှိတဲ့ ကျမတို့ အိမ်ကို ခြံထွက် သီးနှံတွေ ပေးရင်း အလည် လာလေ့ ရှိ ပါတယ်။
-
ကျမတို့ ညီအမ တွေ သူလာရင် ပျော်ရ တာ က-ငါးရာ့ ငါးဆယ် နိပါတ် တော်လာ ပုံပြင် တွေက အစ ကြားရခဲတဲ့ ကျေးလက် ပုံပြင်တွေ အဆုံး .. ပုံပြင် မျိုးစုံကို ဟန်ပန် အသံနေ အသံထားနဲ့ ပြောတတ် လွန်းလို့ပါ။ အမေကြီး --- ပုံပြောပြပါ---ဆိုပြီး သူ့အနား မှာ ကျမတို့ ၀ိုင်းနေရင် သဘောတွေ ကျပြီး တမျိုးပြီး တမျိုး ပြောလို့ မဆုံး။ ကလေးတွေ တရုံးရုံး နဲ့ ပျော်မဆုံး။
-
++ ++ ++
-
တနေ့
``အမေကြီး သိန်း ကို အချုပ်ထဲမှာ ဖမ်းချုပ် ထားတယ်´´ဆိုတဲ့ သတင်း တခုက ကျမတို့ ညီအမတွေ ကို အကြီးအကျယ် စိတ်ထိခိုက် တုန်လှုပ် စေ ခဲ့ ပါတယ်။
``ဟင်--- အမေကြီးသိန်း ကို ဘာလို့ ဖမ်းချုပ် ကြ တာ လဲ´´

``အမေကြီးသိန်း က လူဆိုးမှ မဟုတ်တာ…´´
``အမေကြီးသိန်း က ဘယ်သူ့ကို ဒုက္ခ ပေးဖူး လို့လဲ… ´´

ကျမတို့ ကလေးတွေ ရဲ့  နုနယ် လှတဲ့ အသိဥာဏ်၊ နှလုံးသား လေးတွေ ထဲမှာ မခံရပ် နိုင်အောင် နာကျင် ရပါတယ်။
-
အပြစ် မရှိတဲ့ လူ တယောက်ကို ဘာလို့များ ဖမ်းချုပ် ထားရ တာပါလိမ့် လို့ တွေးရင်း အမေ ကြီးသိန်း အတွက် စိတ်မကောင်း ကြ။ အိမ်က လူကြီးတွေ ကတော့ အမေကြီးသိန်း အတွက် ထမင်းပို့ဖို့ စီစဉ်ကြ။ အမေကြီးသိန်း မြန်မြန် ပြန်လွတ် လာဖို့ ကြိုးစား ကြနဲ့ အလုပ်တွေ ရှုတ်လို့။
``အပြစ်မရှိတဲ့ လူတယောက် အတွက် ထောင် ဆိုတာ (၁) နာရီ မပြောနဲ့ (၁)စက္ကန့် တောင် နေ ဖို့ မသင့်တော် ဘူးလေ။´´
-
++ ++ ++
-
``ဟေး--- အမေကြီးသိန်း ပြန်လွတ် လာပြီ ဟေ့´´
-
(၁၄) ရက် အကြာမှာ အမေကြီးသိန်း ပြန်လွတ် လာပါတယ်။ သူ့ ထုံးစံ အတိုင်း မျက်နှာ ကလေးက ပြုံးချို နေပေမဲ့ ပိန်သွား လိုက်တာ။ ကျမတို့ ညီအမတွေ သူ့အနားမှာ ၀ိုင်းပြီး မေးခွန်းတွေ တသီကြီး မေး ကြတာပေါ့။
-
ခဏ နေတော့မှ သူ့``နရသိန်ပုံပြင်´´ကို ထုံးစံ အတိုင်း ပြောပြ ပါတယ်။မဲမှောင် နံစော် နေတဲ့ အမျိုးသမီး အချုပ်ခန်း လေးဟာ အလျား ၁၅ ပေ အနံ ၃ပေ လောက်ဘဲ ရှိတဲ့ အခန်းလေး တဲ့။ သစ်သား ပြားကြီး တွေနဲ့ ကာထားပြီး တဖက်မှာ အိမ်သာ ဇလားကြီး ရှိတဲ့ အချုပ်ခန်းကျယ် တခုရှိပြီး အမျိုး သား အချုပ်သားတွေကို ထားကြောင်း။ အိမ်သာတွေ ဘာတွေ တက်ချင်ရင် အဲဒီ ဇလားကြီး ပေါ်ဘဲ ယောက်ျား မိန်းမ ရောနှောပြီး သွားရကြောင်း ပြောရင်း သူ့ ထုံးစံအတိုင်း အရွှန်း ဖောက်ပါတယ်။ သူတို့ကို ထားတာ ရဲအချုပ်ရဲ့  အပေါ်ထပ် ဖြစ်လေတော့ အောက်ထပ်မှာ ရုံးခန်းတွေ ရှိပြီး ရဲအရာရှိ တွေ နေပါတယ်။
``အမေကြီးကို မတရား ဖမ်းထားတဲ့ ကောင်တွေ အပေါ် ရှုးတွေ အီးတွေ အားရှိ ပါးရှိ ပါပစ် ခဲ့တာပေါ့´´လို့ ဟာသ နှောတော့ ကျမတို့တွေ ရီရင်း မော ခဲ့ရ ပါသေး တယ်။
-
နောက်ရက်မှာ မြို့ကလေးရဲ့ အစွန်မှာ ရှိတဲ့ အကျဉ်းထောင်ကို ပို့လိုက်တော့ သူတို့ကို သစ်သား တထပ်ဆောင် လေးထဲမှာ တခြား ရာဇ၀တ်သား အမျိုးသမီး တွေနဲ့ အတူ ဂန်ဇီ သောက်ရင်း ထောင်ထမင်း နီနီတွေ စားရတဲ့ အကြောင်းတွေ ၊ကြားရတော့ ကျမတို့ အားလုံး ဘယ်လိုမှ လက်မခံ နိုင်ပါ။
-
အမေကြီးသိန်းလို လူကောင်း တယောက်ကို ဘယ်လို အတွေး အခေါ်မျိုးနဲ့ လူတွေက ဒီလို အချုပ်ထောင်ထဲ ပို့ထား နိုင်တာလဲ။ ၅နှစ်အရွယ် ညီမ အငယ်ဆုံးလေး က -

``တို့ အမေကြီးသိန်းကို လူဆိုးလဲ မဟုတ်ဘဲနဲ့ ဘာလို့ ဖမ်းကြတာလဲ´´ လို့ စိတ်ဆိုး မာန်ဆိုး ထအော် ငိုတော့၊ အမေကြီးသိန်းက ခပ်ငေးငေး မျက်နှာလေးနဲ့ -

``တာဝန်ကျေ စပါး မရောင်းလို့ တဲ့လေ´´
သူ့မှာ လယ် ရှိပေမဲ့သားသမီး မရှိတဲ့ မုဆိုးမကြီး ဆိုတော့ လယ်မလုပ်နိုင် ရှာတာနဲ့ တူတယောက် ကို လယ် လုပ်ခိုင်းပြီး အဲဒီက ရတဲ့ လယ်ထောက်ခလေးနဲ့ စား နေ ရတာပါ။ ကံဆိုးတဲ့ အဲဒီနှစ်မှာ မိုးခေါင်တော့ လယ်တွေ ပျက်ပြီး ရနေကျ လယ်ထောက်ခလေးတောင် မရရှာတုံး၊ တာဝန်ကျေ စပါး မရောင်းတဲ့ လယ်သမား တွေကို
မြို့ အာဏာပိုင် တွေက ဖမ်းချုပ်တော့ လယ်ပိုင်ရှင်နံမယ်ပေါက် တဲ့ သူ့ခမျာ အသက် ရ၀ကျော် အရွယ်ကျမှ အဖမ်းအချုပ် ခံရတော့ တာပါဘဲ။
-
++ ++ ++ ++
-
၂၀၀၇ အောက်တိုဘာ (၁၆)ရက် ည သန်းခေါင်ကျော် မှာတော့--
ကျမ ကိုယ်တိုင် လွန်ခဲ့တဲ့ နှစ် (၃၀) လောက်က အမေကြီးသိန်း ရောက်ခဲ့တဲ့ နေရာလေး ကို မမျှော်လင့်ဘဲ ရောက်ခဲ့ရ ပြန်ပါတယ်။ သံဃာတော် တွေရဲ့.. မေတ္တာပို့..ဆန္ဒပြ ပွဲ ဂယက်လှိုင်း တွေ ကြားထဲမှာ..ဆန္ဒတွေပြည့်လျှံ ကြ ရင်း.. မဲမှောင် ကျဉ်းမြောင်း ညစ်ပတ် နံစော် နေတဲ့ အခန်းကျဉ်း လေးထဲမှာ တညလုံး ငုတ်တုတ် ထိုင်ပြီး.. အမေကြီးသိန်း ကို သတိရ နေမိတယ်..။ ကပ်ရက် အခန်းက ခင်ပွန်း ဖြစ်သူကို-
-
``ဟေ့--- တို့တွေ တိရစ္ဆာန်ရုံ ထဲက ကျားကြီးတွေ နဲ့ တူနေပြီ” --- လို့ လှမ်း နောက်ရင်း အိမ်မှာ ကျန် ခဲ့တဲ့ သားနဲ့ ဖေဖေ့ကို မေ့ ချင်ယောင်ဆောင် ထားပါတယ်။
-
မနက်လင်းတော့ ကျမတို ခြေရင်းမှာ အိပ်နေတဲ့ တာဝန်ကျ ရဲလေးတွေ နိုး လာကြပြီ။ ဒီအထဲမှာ ကျမ တပည့်လေး တယောက် ပါနေ တာကိုး။ မေတ္တာသုတ် ရွတ်နေတဲ့ ကျမ အသံ ကြားတော့ လာ ကြည့်ပြီး
-
``ဟင်-- ဆရာမ--- ဘာလို့ ဒီအထဲ ရောက် နေတာ လဲ´´ တဲ့။
-
သူ တကယ်ဘဲ မသိ တာလား။
ကျမ ပြုံးရင်း လက်ပြပြီး ``ကိုယ် လုပ်စရာ ရှိတာ ဆက်လုပ်ပါ´´ လို့ ဘဲ ပြောလိုက်မိပါတယ်။ မျက်ရည်ဝဲ နေတဲ့ သူ့ မျက်လုံး တွေကို သစ်သားတိုင် ကြီး တွေ ကြားက ကျမ မြင် မိအောင် မြင် လိုက်ရတော့... အင်း--- တို့ ငယ်ငယ် တုံးက အမေကြီး အတွက် ခံစား ရသလို နေမှာလို့ ... တွေး မိပါတယ်။
-
နောက်တနေ့ နေ့လည် ၂နာရီ လောက် မှာတော့ တရားရုံး က နေ ကျမ တို့ကို ပုဒ်မ (၅၀၅-ခ) ရယ်၊ (၁၅၃) ရယ် နဲ့ တရား စွဲဆိုပြီး ရမာန်ကြီး ၁ပါတ် ထပ်ချိန်းပြီး မြို့စွန်မှာ ရှိတဲ့ ထောင်ထဲကို ပို့ လိုက် ပါတယ်။
-
ထောင်ဗူးဝ ကနေ ခေါင်းငုံ့ ၀င် ရပေမဲ့ ကျမတို့ စိတ်တွေ ကတော့ ငုံ့လျှိုး မနေခဲ့ပါ။ ကျမကို အမျိုးသမီး ထောင်ဆီ ခေါ်သွားစဉ်မှာ- ကျမ ခင်ပွန်းကို တိုက်ထဲ ပို့ ဆိုတဲ့ အသံကို ကြား လိုက် ရပြီး ဂျိုင်း-ကနဲ တံခါး ပိတ်သံကြီးကို ကြား လိုက်ရ ပါတယ်။ ပိတ်ချင် သလောက် ပိတ် ..အလုံ ပိတ်ထားတဲ့ ထောင်နံရံ တွေ ပေါ်မှာ
လွတ်လပ်တဲ့ ကောင်းကင်ပြာ ရှိတယ်။ ။
-
++ +++ ++++ ++
-
အမျိုးသမီးထောင် သစ်သား တထပ်ဆောင် မဲမဲ လေးထဲမှာ အကျဉ်းကျ အမျိုးသမီး (၂ဂ) ယောက်ဟာ ပုံသဏ္ဍန် အမျိုးမျိုးနဲ့ ကျမကို ၀ိုင်း ကြည့်နေ ပါတယ်။ ဆရာမ အကျင့် ပါနေတဲ့ ကျမက ``မင်္ဂလာပါ´´လို့ နှုတ်ဆက် လိုက်ပြီးမှ ``တွေ့ရတဲ့ နေရာ ကတော့ သိပ် မင်္ဂလာ မရှိ ဘူးနော်´´ဆိုတော့ သူတို့က ရီကြ ပါတယ်။ သူတို့နဲ့ မိတ်ဖွဲ့ မေး ကြည့်တော့ ချဲမှု၊ လိမ်လည်မှု၊ ခိုးမှု၊ မှောင်ရိပ်ခိုမှု စုံလို့ ပါဘဲ။ ကျမနဲ့ ရှေးဆင့် နောက်ဆင့် ရောက် လာတဲ့`စပယ်´ ဆိုတဲ့ ၁၅ နှစ် အရွယ် ကလေးမ လေးကတော့ မှောင် ရိပ်ခိုမှု နဲ့ မကြာ မကြာ ရောက်လာ တတ်တဲ့ `ညငှက်မလေး´ ဆိုဘဲ။ သူက တခါလာ ရင် နံမည် တမျိုးတဲ့။ တခါ တလေ
`ထက်ထက်´ ဖြစ်လိုက်။ တခါတလေ `နှင်းဆီ´ ဖြစ် လိုက် ဆိုဘဲ။
-
သူတို့ အားလုံးက ကျမကို ၀ိုင်း မေးကြတယ်။
-
`ဘာမှု နဲ့ ကျတာ လဲ´တဲ့။
-
နိုင်ငံရေး မူ လို့ပဲ..အလွယ်တကူ ပြုံးပြီး အဖြေ ပေးလိုက်ရင်း.. ကွယ်လွန် သွားပြီ ဖြစ်တဲ့ အမေကြီးသိန်း ကို ဖျတ်ကနဲ မြင်ယောင် မိ ပါတယ်။ အခုတော့.. ကျမ လည်း.. အမေကြီး သိန်းလို.. ဘယ်သူ့ ကိုမှ.. နစ်နာ အောင် မလုပ်မိ ပဲနဲ့.. မသမာ ခြင်း လည်း အစွန်း မထင် ခဲ့ပါပဲ.. နိုင်ငံတော် မကြိုက်တာ လုပ်မိတဲ့.. အကျဉ်းသား ဖြစ်ခဲ့ ပေါ့။
-
တကယ်တော့ ကျမတို့ မြေးအဖွား ဟာ စနစ်ရဲ့  သားကောင်တွေ အဖြစ်နဲ့ ဒီ ထောင်ထဲ ကို ရောက် လာ ကြသူ တွေ ပါလား။
စနစ်ဆိုးရဲ့  ဆိုးမွေတွေ ကို မတန် တဆ ခံစား နေရသူတွေ ကျမတို့ နိုင်ငံထဲမှာ အများကြီး ပါလား။ ဘယ်တော့များ ဒီ ဆိုးမွေတွေ ကို ဖယ်ရှား နိုင်ပါ့ မလဲ နော်။ ။

( မချောအိသိမ်း ဘလော့ မှ.. )

စက်တင်ဘာ နှစ်လည် အမှတ်တရ-


Share/Bookmark

11 Comments:

tg.nwai said...

ဒီပို့စ်လေးကို ဖော်ပြပေးတဲ့အတွက် ကျေးဇူးပါ ကေ။ ဟုတ်တယ်..ဒါတွေဟာ ဆိုးမွေတွေပါလားလို့ နာကျင်စွာ တွေးမိလိုက်ရဲ့။

ဖြူဖွေး said...

မကေ
ကျနော်တို့တွေအားလုံး တော်တော်များများ ပေးဆပ်ခဲ့ပြီးကြပြီ။
ဒါပေမယ့် ကျနော်စိုက်သမျှ ကျနော်တို့ မရိတ်သိမ်းရသေးဘူး။
စစ်အစိုးရနဲ့ သူတို့်အလိုတော်ရိတွေဘဲ အညွန့်ခူးနေကြရုံနဲ့ အားမရ အပင်ပါလှဲ၊ အမြစ်ပါလှန်ကြလို့ တိုင်းပြည် သယံဇာတတွေဆိုတာ ပြောင်သလင်းခါနေပြီ။
ဒါလဲအားမရကြသေးဘူး။
၁၉၆၂ ခုနှစ် ကစပြီး ပေးဆပ်ခဲ့ကြတာ ၁၉၇၄၊ ၁၉၈၈၊ ၂၀၀၇ အထိအောင် မတွန့်မဆုတ် ပေးဆပ်နေကြတုန်းဘဲ၊ ကျနော့် ပါတ်ဝန်းကျင်မှာဘဲ ဆန္ဒပြလို့ ကျောင်းထုတ်ခံရတဲ့သူတွေ၊
ထောင်ကျတဲ့သူတွေ၊ ဒေါ်စုကို ထေါက်ခံလို့ NLD နဲ့ဆက်သွယ်လို့ အလုပ်ပြုတ်သူတွေ၊ အဲဒီ အရေးအခင်းတွေမှာ အသက်ဆုံးပါးသွားသူတွေ၊ ကိုယ်လက်အင်္ဂါံ
ချို့ယွင်းသွားသူတွေ၊ အများကြီးဘဲဗျာ။
ကိုယ်အနာဂါတ် ပညာရေးတွေလက်လွှတ်ဆုံးရှူံးရ၊ စီးပွားရေးတွေဖျက်ဆီးခံရ၊ အိမ်ထောင်ရေးတွေ ပြိုကွဲကြနဲ့ အတော်ကိုပေးဆက်ခဲ့ရတာပါ။ အမျှမဝေရသေးတဲ့ ဝိဥာဉ်တွေ၊ အမေတွေရဲ့ မခမ်းခြောက်သေးတဲ့ မျက်ရည်တွေ၊ ဒုက္ခတွေကို ခါးစည်းခံနေကြရတဲ့ သားသမီး ဆွေမျိုးသားချင်းတွေ အခုချိန်အထိ ရှိနေပါသေးတယ်။ အခုချိန်အထိ ကြံ့ကြံ့ခံတောင့်ထားဆဲပါ။
အဲဒီသူတွေရဲ့ မျက်နှာတွေကိုမှ မထောက်ဘဲ ဖြစ်နိုင်ခြေရှိတာ ရှိတာကိုလုပ်တာ နိုင်ငံရေးဘဲ။ တစ်မတ်သားစစ်တပ် အုပ်ချူပ်ရေးကို ဖြေးဖြေးချင်း ပြောင်းယူမယ် ဆိုပြီး လာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို မျက်နှာပြောင်တိုက် ဝင်မယ်တဲ့၊ ရွံလိုက်တာ။ သူတို့တွေ တစ်ကယ်ယုံကြည်နေကြတာလား၊ အရိုးအရင်းလေး ကိုက်ရလဲ မနည်းဘူးဆိုပြီး အမြီးနှံ့ပြနေကြတာလား မသိဘူး။
အခုလို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရော၊ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့ ကိုကိုကြီးတို့ပါ ထောင်ချခံနေရတဲ့ အချိန်မျိုးမှာ ပိုပြီး အသံမာဘို့ လိုပါတယ်၊ ပိုပြီး အသံညီဘို့ လိုပါတယ်။ ကျနော်တို့ဘက်က မျှော်လင့်ချက်မဲ့နေတာ မဟုတ်ပါဘူး။ သူတို့ဘက်မှာ ပျားတုပ်နေတာပါ။
ကျနော်တို့ ဆက်ပြီးတောင့်ခံမယ်ဆိုရင် ဒီထက်နည်းနည်းလေး ပိုပြီး
အားထုတ်ကြမယ်ဆိုရင် ကျနော်တို့ စိုက်ခဲ့သမျှ အားလုံး ကျနော်တို့ ကိုယ်တိုင် ပြန်လည်ရိတ်သိမ်းနိုင်တော့မှာ ဧကန်မလွဲပါဟု ခိုင်ခိုင်မာမာ ယုံကြည်မိပါတယ်။

tin min htet said...

Thanks Ma K

Anonymous said...

ဒီဆိုးမွေတွေကတော့ ဆိုး ဆိုးနိုင်လွန်းပါတယ်...

mie nge

Nge Naing said...

တော်လှန်ရေးတခုဆိုတာ လူထုမပါဝင်ပဲနဲ့ မရပါဘူး။ ကျွန်မတို့က Revolution တခုကို သွားနေတယ်ဆိုရင်တော့ Revolution ကို လုံလောက်တဲ့ လူဦးရေ ပါဝင်လာအောင် လုပ်ဖို့လိုပါတယ်။ Revolution ကို မလုပ်နိုင်ရင် မဆလခေတ်တုန်းကလို ဒီလောက်ကောင်းတဲ့ ဆိုရှယ်လစ်စနစ်ကို သုံးစားမရအောင် လုပ်သလို အခုလည်း ဒီမိုကရေစီကို လူထုက သုံးစားမရဘူးလို့ ထင်သွားအောင် လုပ်ပစ်တော့မှာ ဖြစ်တယ်။ လူထုကို စည်းကမ်းရှိရှိနဲ့ တော်လှန်ရေးမှာ ပါဝင်လာအောင် ဘယ်လိုစည်းရုံးကြမလဲ ဆိုတာပဲ အဖြေရှာဖို့ လိုနေပါတယ်။ ဒီစနစ်မပြောင်းသရွေ့တော့ ဒီအမွေကို သားစဉ်မြေးဆက ခံနေရဦးမှာပဲ။

မေ့သမီး said...

ဒီဆိုးမွေတွေကို မျိုးဆက်ဘယ်နှစ်ဆက်လောက်များ ဆက်ခံနေရမှာပါလိမ့် အမရယ်။

littlebrook said...

တွေးမိရင် စိတ်ကိုကျသွားတယ် အမရေ ...

ATN said...

မျိုးဆက်တွေ ၃ ဆက် ရှိသွားပြီ...
ဘာထပ်ပြောရဦးမလဲ စဉ်းစားတော့ ဘာပြောရမှန်းကို မသိတော့ပါဘူးလေ...

rose of sharon said...

ဆိုးမွေတဲ့လား... အပြစ်မရှိတဲ့သူတွေ ထောင်ထဲရောက်ရတာ ရင်နာဘို့ကောင်းလိုက်တာ

ခင်မင်းဇော် said...

ကိုယ့်မျိုးဆက်အနေနဲ့ကတော့ မပါးနပ်ဘူးပဲ ပြောပြော ကေရယ်..
လုံးဝကို မြှုပ်နှံဖို့ ဆုံးဖြတ်ထားတယ်... မမနီကို သတိရကြောင်း ပြောပေးပါ ကေ...

မဆုမွန် said...

စိတ်မကောင်းခြင်းများစွာနဲ့ဖတ်သွားပါတယ် မကောင်းတာလုပ်ရင် ထောင်ကျမယ်ဆိုတဲ့ ဆုံးမစကားတွေထက်..ကောင်းတာလုပ်ရင် ထောင်ကျမယ်ဆိုပြီး စာဆိုတွေ အကုန်လုံးဟာ ပြောင်းပြန်ဖြစ်ကုန်ပြီထင်ပါရဲ့