Germs in your hands

လက်ထဲက ရောဂါပိုး စိုက်ခင်းများ
ရေးသူ - မိတေဖိုး


`တို့နိုင်ငံမှာလေ တန်ဘိုးရှိပြီး ရွံစရာအကောင်းဆုံးကဘာလဲ ... သိလား´

တူမလေးနှစ်ယောက် ပဟေဠိဖွက်တမ်းကစားနေတာကို ကြားရပြီး စိတ်ဝင်စားသွားမိတယ်။ အဲဒါနဲ့ အဖြေကိုစောင့်နားထောင်မိတော့....

`တို့သုံးနေရတဲ့ ငွေစက္ကူ တွေပေါ့´ တဲ့။

ဟုတ်ပါတယ်။ ကျမတို့ မြန်မာပြည်မှာ လူများစု နေ့စဉ် အသုံးပြုနေရတဲ့ ပိုက်ဆံတွေဟာ သတိပြုမိလောက်အောင်ကို ရွံစရာကောင်းစွာပဲ စုတ်ပြတ်နေပါတယ်။ လူပေါင်းစုံရဲ့ လက်ပေါင်း များစွာမှ တဆင့်တဆင့်ဖြတ်လာတဲ့ သည်ပိုက်ဆံတွေဟာ ကိုယ့်လက်ထဲရောက်တဲ့ အချိန်မှာ မြင်နိုင်တဲ့ ချီးအထပ်ထပ်နဲ့အတူ မမြင်နိုင်လောက်တဲ့ ရောဂါပိုးမွှား ပေါင်းများစွာ ရှိနေမှာပါပဲ။ အဲသည်လို အမှိုက်ပုံးထဲကို လွှင့်ပစ်ဖို့သာကောင်းတဲ့ စက္ကူ တစ်ရွက်ကိုပဲ အိတ်ထဲကို တရိုတသေ ရွရွကိုင်ပြီး ထည့်သိမ်း နေရပါတယ်။ ဘတ်စ်ကားစီးတဲ့အခါများမှာ ပိုလို့ သိသာ လှပါတယ်။ ကိုယ့်ဆီက အစုတ်ဆုံးကိုမှရွေးပြီး ကားခပေးထားတဲ့ (လူတိုင်းသည်လိုပဲလေ)ပိုက်ဆံတွေဟာ စပါယ်ယာရဲ့ လက်ထဲမှာ ခေါက်ချိုးကျိုးကြေပြီး ချွေးစီးတွေ ချေးတွေနဲ့အတူ ခရီးသည်ပြည်သူ တွေဆီပဲ ပြန်လှည့်လို့လာပါတယ်။



ကျမမြန်မာပြည် ပြင်ပက နိုင်ငံနှစ်ခုကို ရောက်ဘူးပါတယ်။ ထိုင်း နိုင်ငံနဲ့ စင်ကာပူ နိုင်ငံပါ။ စင်ကာပူနိုင်ငံမှာတော့ e-system တွေ ဖွံ့ဖြိုးတိုးတက်လွန်းလို့ လူတွေဟာ ပိုက်ဆံကိုင်သုံးတာ တောင် သိပ်မတွေ့ရတော့ပါဘူး။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကတ်ပြားတွေ ဒစ်ဂျစ်တယ် ဂဏန်းတွေ နဲ့ပဲ အလုပ်ဖြစ်နေတာပါ။ ခရီးသွားရင်လည်း ကတ်ပြားလေး ၀ယ်ထားပြီး ရထား၊ ကားစီးရာမှာ သည်ကတ်ပြားလေးကို လက်မှတ်ဖြတ်တဲ့စက်မှုာ သွားထိလိုက်ရင် ကိုယ်သွားမဲ့ ခရီးအတွက် ကျသင့်ငွေကို ဖြတ်ပြီးသားပဲ၊ ဈေးဝယ်ရင်လည်း သည်လိုပဲလေ၊ ကတ်ပြားထဲ ပိုက်ဆံထည့် အဲသည်ကတ်ပြားကိုပဲ ငွေရှင်းကောင်တာမှာ စက်ထဲထည့်တွက်၊ ကျသင့်ငွေကို ကိုယ့်ကတ်ပြား ထဲကနေ စက်က နူတ်ယူသွားတာပဲ။ အဲသည်ကတ်ပြားတွေထဲ ပိုက်ဆံထည့်တော့လည်း ကိုယ့် ဘဏ်စာအုပ်ထဲက ပိုက်ဆံအရေအတွက်ကနေ၊ စက်တွေကနေတဆင့် ကိုယ့်ရဲ့ ခရီးသွား ကတ်ပြား၊ ဈေးဝယ်ကတ်ပြားတွေထဲကို ပေါင်းထည့်ပေးတာပဲ။ ဘဏ်စာအုပ်ထဲကို ပိုက်ဆံတွေ ရောက်လာတာကလည်း လစာရတဲ့သူဆို သူ့အလုပ်ကနေ သူ့ဘဏ်စာရင်းထဲကို လခထုတ်ရက်မှာ တခါတည်း ထည့်ပေးလိုက်တာပဲ။ ကိုယ့်စာအုပ်ကို လမ်းဘေးမှာရှိတဲ့စက်တွေမှာ သွားစစ် လိုက်ရင် ကိုယ့်မှာ ပိုက်ဆံဘယ်လောက်ရှိလဲ၊ လစာအသစ် ၀င်ပြီလားဆိုတာ သိရတာပဲ။ လုပ်ထားတဲ့ စနစ်က တော်ရုံတန်ရုံဆို ပိုက်ဆံ စက္ကူ ကြီးတွေကို နေရာတကာမှာ သုံးစရာမလိုတော့ ဘူး။


နောက်တနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာဆို စင်ကာပူလောက်တော့ e-system မဖွံ့ဖြိုးသေးပေမဲ့ သူတို့က ပိုက်ဆံကိုင်တဲ့နေရာမှာ စနစ်တကျကိုင်ကြတယ်။ ကားစပါယ်ယာတွေကလည်း မြန်မာ ပြည်မှာလိုချွေးတွေရွှဲပြီး လူကြားထဲမှာလိုက်တိုးပြီး ပိုက်ဆံတောင်းနေရတာမဟုတ်ဘူး။ ယူနီဖောင်း နဲ့ဘာနဲ့ကျကျနန။ မိန်းမစပါယ်ယာတွေဆို မိတ်ကပ်တွေလိမ်းပြီး စတိုင်အပြည့်ပဲ။ ပိုက်ဆံကိုင် ရင်လည်း စပါယ်ယာကိုင်လို့ အဆင်ပြေအောင် ဒီဇိုင်းထုတ်ထားတဲ့ စလင်ဒါပုံ သံဖြူဗူး လုံးလုံး ရှည်ရှည်လေးထဲမှာ ပိုက်ဆံတွေကို သူ့အမျိုးအစားအလိုက် အကန့်လေးတွေနဲ့ ထည့်ထားတာ။ သာမန်ပြည်သူတွေကလည်း ပိုက်ဆံကိုင်ရင် အကြွေစေ့ဆိုရင်လည်း အကြွေစေ့ အိတ်ကလေး တွေနဲ့ ငွေစက်ကူဆိုရင်လည်း အိတ်ထဲမှာ ဖြန့်ပြီးထည့်ကြတယ်။ စတိုးဆိုင်တွေမှာ ပိုက်ဆံထည့်တဲ့ သေတ္တာကိုမြင်ဘူးတယ်။ ငွေစက္ကူ ထည့်တဲ့အကန့်မှာဆို စက္ကူ ပြန့်အောင်ဖိတဲ့ မောင်းတံလေး တွေတောင်ပါသေးတယ်။ နောက်ပြီး အစိုးရကလည်း ပိုက်ဆံအစုတ်တွေကို တာဝန်ယူပြီး အသစ်နဲ့ လဲပေးတယ်။ ပိုက်ဆံမှာပါတဲ့ ပုံကလည်း သူတို့ပြည်သူတွေ ချစ်တဲ့ ဘုရင်ကြီးပုံ ဆိုတော့ တရိုတသေ ကိုင်ကြတာလည်း ဖြစ်လိမ့်မယ်။

အင်း-ရောက်ဘူးတဲ့ တိုင်းပြည်နှစ်ပြည်က ပြည်သူလူထုငွေသုံးစွဲပုံတွေကို တင်ပြပြီးတော့ ကျမတို့ရဲ့ ဘူမိနက်သန်မိခင်မြေက ပြည်သူလူထုတွေ ငွေသုံးစွဲပုံဘက် ပြန်လှည့်ရအောင်။ လူတွေ ကလည်း ပိုက်ဆံကို အိတ်နဲ့ကိုင်နိုင်တဲ့ စီးပွားရေးအဆင့် မရှိတော့ဘူး ထင်ပါရဲ့။ အခြေခံ လူတန်းစား တော်တော်များများကို လေ့လာကြည့်မိတယ်။ သူတို့မှာ ပိုက်ဆံအိတ်ဆိုတာ မရှိတာ တကယ်ပါ။ လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုတ်ထားမယ်၊ ဒါမှမဟုတ် ခါးကြား(ပုဆိုးစ၊လုံချည်စ) ထဲမှာ လိမ်ကျစ်ထားမယ်။ ဒါမှမဟုတ် ပလပ်စတစ်အိတ် ကလေးတွေထဲမှာ သည်အတိုင်း အလိပ်လိုက် အခေါက်လိုက် ထည့်ထားကြတာအများစုပါ။

ကျမ တနိုင်တပိုင်လုပ်ထားတဲ့ သုတေသနစစ်တမ်းအရ မြန်မာပြည်ကငွေစက္ကူ တွေထဲမှာ အစုတ်ဆုံးအမျိုးအစားကတော့ ၁၀၀ ကျပ်တန်နဲ့ ၂၀၀ ကျပ်တန်ပါပဲ။ မြန်မာပြည်မှာ တရားဝင် သုံးစွဲခွင့်ရတဲ့ ငွေစက္ကူ အမျိုးအစားက (အကြွေစေ့တွေ့ မထည့်တော့ပါဘူး) ငယ်စဉ်ကြီးလိုက် ပြောရရင် -
  • ၁ ကျပ်တန်
  • ၅ ကျပ်တန်
  • ၁၀ ကျပ် တန်
  • ၂၀ ကျပ် တန်

  • ၄၅ ကျပ် တန် (မသိမသာ ပြန်သိမ်း)
  • ၅၀ ကျပ်တန်

  • ၉၀ ကျပ် တန် ( မသိမသာ ပြန်သိမ်း)
  • ၁၀၀ ကျပ် တန်
  • ၂၀၀ ကျပ် တန်
  • ၅၀၀ ကျပ်တန်
  • ၁၀၀၀ ကျပ် တန် ( အရွယ် ၂ မျိုး ) တို့ပဲဖြစ်ပါတယ်။


စိတ်ဝင်စားစရာကောင်းတာက ပိုက်ဆံတွေမှာတန်ဘိုးအငယ်ဆုံးအရွက်ဟာ အသုံး အများ ဆုံးမို့ အစုတ်ဆုံးဖြစ်မယ်လို့ထင်ရပေမဲ့ အစုတ်ဆုံးဟာ ၁၀၀ တန်ဖြစ်နေတာ တွေ့ရပါတယ်။ ဒါဟာ ဘာကိုပြနေလည်းဆိုရင် မြန်မာပြည်ရဲ့ အခြေခံစားကုန်တန်ဘိုးဟာ အနိမ့်ဆုံး ၁၀၀ ကျပ် ပတ်ဝန်းကျင်မှာ ရှိလိမ့်မယ်ဆိုတာ ပြတာပါပဲ။ ခုဆို တဖြည်းဖြည်းနဲ့ ၅၀၀ ကျပ်တန်တွေလည်း တော်တော်စုတ်လိုက် လာပါပြီ။(နောက်ပိုင်း အစုတ်ဆုံးက ၁၀၀၀ တန်ဖြစ်မှာ စိုးရပါသည်။)


ကျမအဖို့တော့ သည်ပြသနာဟာ ပြည်သူလူထု ကျန်းမာရေး နဲ့ပတ်သက်ပြီးအတော်လေး အရေးကြီးတဲ့ ကိစတစ်ရပ်လို့ ထင်ပါတယ်။ သည်ငွေစက္ကူ တွေကနေ ရောဂါပိုးတွေ အများကြီး ပြန့်ပွားနိုင်ပါတယ်။ ကျန်းမာရေးအဖွဲ့အစည်း တစ်ခုခုကနေ တာဝန်ယူပြီး သုတေသန လုပ်ဖို့ လိုပါတယ်။

ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့၊ တာဝန်ကို အတင်းလုယူထားပြီး ကျေပွန်အောင် ဆောင်ရွက်မပေးတဲ့ သူတွေကို ထောက်ပြ ပြောဆို တိုက်တွန်းသင့်ပါတယ်။နောက်ပြီး ငွေစက္ကူ ကို စနစ်တကျ ကိုင်တွယ်တတ်ဖို့ ပြည်သူလူထုကို ပညာပေးဖို့ လိုပါ တယ်။ ကျောင်းသင်ခန်းစာတွေမှာ ထည့်ပြီးတော့လည်း ကလေးငယ် အရွယ် တည်းက နားလည် အောင် လေ့ကျင့်ပေးထားသင့်ပါတယ်။ အဓိကတာဝန်အရှိဆုံးကတော့ တိုင်းပြည်ရဲ့ ဘဏ္ဏာရေး ၀န်ကြီးဌာနက ငွေတန်ဘိုး အာမခံမရှိတဲ့ ၁၀၀၀ တန်အသစ်တွေချည်း လှိမ့်ရိုက်မနေပဲ လူထု အများစု နေ့စဉ်သုံးစွဲနေရတဲ့ အန္တရာယ်ကြီးလှတဲ့ ပိုက်ဆံအစုတ်တွေကို တာဝန်ယူ လဲလှယ် ပေးဖို့ပါပဲ။ (ဘဏ်ထုပ်လို့ ဆိုတဲ့ ၅၀၀ တန် အစည်း တွေ ထဲမှာ တောင် အစုတ် အပြတ် အပဲ့အရွဲ့တွေ အများကြီး ပါနေပါတယ်။ ဒါဟာ တာဝန် ရှိသူတွေ ရဲ့ တာဝန် မဲ့မူကိုပြ နေ ပါတယ်။)

အောက်မှာ ကျမ စစ်တမ်း ကောက် စဉ်က အသုံးပြု ထား တဲ့ မေးခွန်း လေး တွေကို ဖော်ပြပေး ထားပါတယ်။ စိတ်ဝင် စားရင် မိမိ ကိုယ်တိုင် ပါဝင် ဖြေဆိုနိုင် သလို ပါဝင် စစ်တမ်း ကောက်ယူ နိုင်ပါတယ်။ ထပ်မံ အကြံပြု ဖြည့်စွက် နိုင်ပါတယ်။

၁။ ဖြေဆိုသူ၏ အလုပ်အကိုင်

  • ကျောင်းသား
  • ၀န်ထမ်း ( လစာရသူ)
  • ဈေးသည်
  • ကျဘမ်း အလုပ်သမား

၂။ သင်၏ တနေ့သုံးစွဲငွေ ပျမ်းမျှ ပမာဏကို ပြောပြပါ။


၃။ နေ့စဉ် သင်အသုံးအများဆုံးငွေစက္ကူ ကျပ်တန်အမျိုးအစားကိုဖော်ပြပါ။


၎။ သင်သုံးစွဲရသော ငွေစက္ကူ များတွင် မည်သည့် အမျိုးအစားကို အစုတ်ဆုံး တွေ့ရ ပါသနည်း။


၅။ ငွေစက္ကူ အ စုတ်များကို အများဆုံးဘယ်နေရာမှ ရလေ့ရှိပါသနည်း။

  • ဈေးဝယ်ရာမှ
  • အများပြည်သူသုံး ကား၊ ရထား စီးရာမှ
  • လစာ ထုတ်ရာမှ ( ဘဏ်မှ..)
  • မည်သည့် နေရာ မှ မဆိုရသည်


၅။ သင်လက်ထဲသို့ရောက်ရှိလာသော ငွေစက္ကူ အစုတ်များ(၁၀၀ ကျပ်နှင့်အထက်)ကို သင်မည်သို့ပြန်လည် အသုံးပြုပါသနည်း။

  • ဖာထေးပြုပြင်ပြီးပြန်လည်အသုံးပြုပါသည်။
  • လွှင့်ပစ်ပါသည်။
  • အလှုခံထည့်ပါသည်
  • ဘဏ်တွင်သွားလဲပါသည်

၆။ ပိုက်ဆံကို အိတ်နှင့်ကိုင်သောအလေ့အထရှိပါသလား...

  • တခါတရံကိုင်ပါသည်
  • ဘယ်တော့မှ မကိုင်ပါ
  • အမြဲအိတ်နှင့်ကိုင်ပါသည်

၇။ အိတ်နှင့်ကိုင်လေ့ရှိလျှင် အိတ်တွင် စနစ်တကျ စီစီရီရီ ထည့်လေ့ရှိပါသလား။

(နံပတ် ၆ တွင် ဘယ်တော့မှမကိုင်ပါဆိုလျှင် ဖြေရန်မလိုပါ)

  • ရှိပါသည်
  • မရှိပါ
  • အတန်ကြီးများကိုသာစီလေ့ရှိပါသည်


ငွေစက္ကူ များ သုံးစွဲခြင်းနှင့် ပတ်သက်ပြီး သင်၏ခံစားချက် အကြံပြုချက်များကို ပြောလိုလျှင် ပြောပြပါ။


Share/Bookmark

7 Comments:

Anonymous said...

၁။ ဟုတ်တယ်။ မြန်မာပြည်က အပူပိုင်းဒေသမို့ ချွေးထွက်ကဲတယ်ဗျာ။ မိတေဖိုး ရေးသလိုပဲ ပိုက်ဆံအိတ်လည်း လူတိုင်းဝယ်နိုင်တာမဟုတ်။ ပိုက်ဆံကို ခေါက်မယ်၊ လိပ်မယ်၊ ချွေးစိုနေတဲ့လက်ထဲ အတွင်းအားအပြင်အားတွေနဲ့ ဆုပ်ထားမယ်ဗျာ။ ဒီပိုက်ဆံတွေ ဘယ်ခံနိုင်ပါ့မလဲ ပျက်စီးလွယ်မှာပေါ့။ တခြားနိုင်ငံတွေမှာလည်း အနည်းနဲ့ အများတော့ ပျက်ကြမှာပါပဲ။ နို့ပေမယ့် ဘုရင်ချင်းကွာတယ်လေ။ ကျနော်တို့တိုင်းပြည်ရဲ့ ကျေးဇူးရှင်အဆင့်ဆင့်က ဘုန်းတန်ခိုးကြီးထွားဖို့ပဲ အာရုံကျကြတာ။ အခုတော့ နေကြာစိုက်နေတယ်ဆိုလား။ သဘောတူပါတယ်။ ကျနော်လည်း နေကြာစေ့ ကြိုက်တယ်။
၂။ ပိုက်ဆံတွေလည်း ရောဂါပိုးစိုက်ခင်းဖြစ်နေပြီဆိုတာ ဆောင်းပါးဖတ်ပြီးမှ သတိထားမိ။
၃။ နောင်တက်လာမယ့် အုပ်ချုပ်သူများ လူစိတ်ရှိမယ်၊ ဘဏ်ကဒ်သုံးတဲ့ဓလေ့ မြို့ငယ်လေးတွေအထိ ရောက်သွားမယ် ဆိုရင်တော့ ဒီပိုက်ဆံတွေအတွက် သက်ပြင်းချနိုင်မှာပါ။ နောက် ဆယ်နှစ် အနှစ် ၂၀ မှ သက်ပြင်းချရမယ်ထင်ပါရဲ့။ ဒါက ကျနော်တို့နိုင်ငံအကြောင်း။
၎။ ဘန်ကောက်က စပယ်ယာအမျိုးသမီးတယောက် ဓာတ်ပုံ ဟောဒီမှာ http://zarnywin.blogspot.com/ ကြည့်ပါ။ သူကတော့ ပိုက်ဆံတွေကို ရန်ကုန်စတိုင် ကိုင်ထားတာပဲ။ အကြွေစေ့တွေကိုတော့ ဆလင်ဒါပုံ ဗူးထဲ အကန့်ခွဲထည့်တယ်။
၅။ ထိုင်းမှာ ပိုက်ဆံအစုတ်အနွမ်းတွေ အတွေ့နည်းရခြင်းက ဘဏ်စနစ်အားကောင်းပြီး လူတွေလည်း ပိုက်ဆံအိတ်အသုံးများလို့ဖြစ်မယ်လို့ ထင်ပါတယ်၊ အစိုးရကလည်း ရုပ်ဆိုးတဲ့ပိုက်ဆံအစုတ်အနွမ်းတွေကို ပုံမှန်ဖျက်ဆီးအစားထိုးမယ်လို့ ယူဆရတယ်။ ထိုင်းမှာတော့ ၂၀ တန်အနွမ်း ပိုတွေ့ရ။
၆။ ကျနော်တို့ အထင်ကြီးကြတဲ့ အမေရိကန်မှာလည်း အစုတ်အနွမ်းတွေ ရှိတာပဲ။ ကျနော် အမေရိကန်မှာ စားပွဲထိုးသွားလုပ်တုန်းက ပိုက်ဆံအစုတ်တွေ ရံဖန်ရံခါ ရဖူး။ စားသုံးသူများ မုန့်ဖိုး(တစ်ပ်မန်းနီး)ပေးတဲ့ထဲကပေါ့။ ကျနော်ကတော့ ဘဏ်သွားသွင်းလိုက်တာပဲ။ နို့ပေမယ့် ဘဏ်ကလက်မခံတဲ့ ၁ဒေါ်လာတန် အပြဲ၂ ရွက် ရှိတယ်။ (ဟိုမှာ သိမ်းထားခဲ့လို့ စကင်ဖတ်မပြနိုင်တော့ဘူး။) ပြဲထွက် ပြုတ်ထွက်တဲ့ထဲမှာ ပိုက်ဆံပေါ်က ဂဏန်း ၁ လုံး ၂လုံး ပါသွားလို့ လက်မခံဘူးတဲ့။ ဘယ်လောက်ပြဲထွက်ပြုတ်ထွက်နေပါစေ၊ ဂဏန်းပြည့်စုံရင် လက်ခံပါ့မယ်လို့ ဘဏ်စာရေးမက ဆိုတယ်။ ဂဏန်းက ဆယ်လုံးရှိသဗျာ။ ကိုးလုံးပဲ ရှိတဲ့ ပိုက်ဆံအပြဲအပဲ့ဆိုရင်တော့ စားပွဲထိုးတွေကိုသာ ခေါက်ပြီးလိပ်ပြီး ပေးလိုက်ပေတော့။

Anonymous said...

ဒီဆောင်းပါးလေးကိုတော့ ကြိုက်သွားပြီ ။ ပိုက်ဆံတွေကို အားလုံး စုစည်းတင်ပြပေးတာရယ် ၊ ကာတွန်းလေးက သရုပ်ပါတာရယ် ၊ စကားထာဝှက်ကြတာလေးကို သဘောကျတာရယ်ကြောင့်း)

ထွန်း said...

၁၉၈၈မှာ ကျောင်းသားနဲ့  လက်လုပ်လက်စား ပြည်သူတွေ ဒုက်ခရောက်ခဲ့ရတဲ့ အဓိက ငွေစကူမရေးထားပါလား

၁၅ ကျပ်တန်
၃၅ ကျပ်တန်
၇၅ ကျပ်တန် တရားဝင်ဖျက်ပြီး ငွေပြန်မလဲလို့  စားစရာမရှိဘဲ နောက်ဆုံး ၁၉၈၈ အရေးတော်ပုံ ဖြစ်လာခဲ့တာလေ.. ကေသွယ်မြန်မာပြည်မှာ ရှိသေးရဲ့လား ဒါမှမဟုတ်မသိလို့ လားလို့ ထင်မိပါရဲ့

kay said...

ကိုဂျေ (ခုမှ.. gender သိတာ)း) --- လိုနေတဲ့ ပိုက်ဆံတွေ..ထပ်ပြော ပေးလို့..ကျေးဇူးပဲ။ စာရေး တဲ့သူကို အကြောင်း ပြော ပြ လိုက်မယ်။ အင်းနော်..ဘယ်လို ဖြစ်လို့..ကျန်သွားလဲမသိ

kay said...

ကိုဇာနည် ၀င်းရေ.. ကျေးဇူးပဲ။
ပြော တဲ့ပုံလေး သွား ကြည့်တယ်။ ဟုတ်သားပဲ။ သူတို့လည်း။။ အဲလို ကိုင် တဲ့နေရာ တွေ ကိုင် ကြသေးတာပဲ။ ဘာပဲ ပြော ပြော.. စက္ကူ တွေကတော့..ခပ် လတ် လတ် ဆိုတော့.. ရွံစရာ တော့ ကောင်း မယ် မထင် ဘူး။ ကိုဇာနည် ၀င်း ဘလော့လဲ..ဘယ်နေရာမှာ.. စကား ထားခဲ့ ရမှန်း ရှာ မတွေ့လို့.. ပီးမှပဲ..မိုးမခ မှာ လာအော်တော့မယ်။

kay said...

(copy from chat box)
22 Dec 07, 12:20
မိတေဖိုး:

ဂျေဂျေရဲ့ လက်ထဲကရောဂါပိုးစိုက်ခင်းများကိုဖတ်ပြီး ၁၅ ကျပ်တန် ၃၅ ကျပ်တန်နဲ့ ရ၅ ကျပ်တန်တွေကျန်ခဲ့တယ်လို့ေ၇းပြပေးတာ ကျေးဇူးတင်ပါတယ် ၈၈ အေ၇းအခင်းနဲ့ ငွေစက္ကူတွေဆက်စပ်နေတာလဲသိခဲ့ပါတယ် ကျမသုတေသနလုပ်ပြီးရေးတဲ့ အချိန်မှာ သည်ငွေစက္ကူတွေက တရား
ဝင်မဟုတ်တော့လို့ထည့်မရေးတာပါ
အခုမှ အင်တာနက်ပြန်သုံးရတာမို့ နောက်ကျပြီးမှ ဖြေရှင်ရတာခွင့်လွှတ်ပါနော် .

mks said...

ဒီ Post က ၂၀၀၇ ဒီဇင်ဘာ ကတင်ထားတာ ခုထိ ငွေစက္ကူ တွေ ဒီတိုင်းဘဲ .. ပြီးတဲ့လ က ပြန်သွားတော့ စုတ်ပြတ်သတ်နေဆဲဘဲ မကေ... ၃နှစ်စာ ပိုစုတ်သွားတာပေါ့။

တိပ်တွေ အထပ်ထပ် ကပ်ထားတော့ .. ကာတွန်းထဲ ကလို နည်းနည်း ပိုသစ်တာ နဲ့ လဲ ခိုင်းတာ မဟုတ်တော့ဘဲ .. နည်းနည်း ပိုပေါ့တာ ( တိပ်ကပ်ထားတာ ပိုနည်းတဲ့) နဲ့ လဲ ခိုင်းတာ ကြုံခဲ့ သေးတယ်.. စံပြပါဘဲ