ယူနီ…တူညီ .. မူအတည်ဖြစ်ဖို့…

ရေးသားသူ- မိတေဖိုး


ဘလော့ဂါ ညီမလေး တစ်ယောက်က ပြောဖူးတယ်။ ငါတို့ မြန်မာတွေကလည်း စာလုံးဖွန့်လေးတောင် ညီညွတ်အောင် မသုံးနိုင်ကြ ဘူးနော် တဲ့။ အင်း… လို့ပဲ သံရှည်ဆွဲပြီး ထောက်ခံသလိုလို စဉ်းစားသလိုလို လုပ်လိုက်ပါတယ်။ တကယ်က ဘာကြောင့်ဆိုတဲ့ အဖြေကို မသိလို့ပါ။

ပြန်စဉ်းစားမိတော့ အားလုံးနီးပါး ဇော်ဂျီ ဖွန့် (စာလုံးပုံစံ) ကို သုံးနေကြသားပဲ။ ညီညွတ်သားပဲလို့ … အခု ရေးတဲ့ စာကိုတောင် ဇော်ဂျီဖွန့်နဲ့ပဲ ရိုက်လိုက်တာပဲလေ။ ဒါပေမဲ့ အိုင်တီပညာရှင် အများစုက တညီတညွတ်တည်း ပြောကြတာ ကတော့ ဇော်ဂျီဖွန့်ဟာ ယူနီကုဒ် ကို အပြည့်အ၀ အသုံးချထားတာ မဟုတ်ဘူးတဲ့။ ဒါကြောင့် မသုံးသင့်ဘူးတဲ့။ ယူနီကုဒ် ကိုပဲ အပြည့်အ၀ အသုံးချတဲ့ မြန်မာဖွန့်ကိုပဲ သုံးသင့်သတဲ့။ ဒါနဲ့ သူတို့ ညွှန်းတဲ့ ယူနီကုဒ် ဆိုတဲ့ ဖွန့် တွေကို ကွန်ပျူတာမှာ သွင်းပြီး သုံးဖို့ ကြိုးစားကြည့်တဲ့ အခါမှာ အရင်က အဆင်ပြေပြေ ဖတ်လို့ရနေတဲ့ စာတွေလည်း ဖတ်လို့ မရတော့ပါဘူး။

နောက်တခါ အိုင်တီသမားတွေက ပြောပါသေးတယ်။ မြန်မာ ယူနီကုဒ် ကို တညီတညွတ်တည်း သုံးနိုင်ဖို့က ၉၀ ရာနှုန်း အောင်မြင်နေပြီတဲ့။ ဒါဆိုလည်း ကျန်တဲ့ ၁၀ ရာခိုင်နှုန်က ဘာလိုနေသေးတာလဲ…။ အဲဒီ ၁၀ ရာခိုင်နှုန်းလောက် လိုနေသေးလို့ ယူနီကုဒ် ဆိုတာကို သုံးတဲ့အခါမှာ ခုနလို အဆင်မပြေတာတွေ ပေါ်လာတာလား။ ဒါဆိုရင် ကျမတို့လို သာမန် အသုံးပြုသူတွေ အနေနဲ့ ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှပဲ ယူနီကုဒ်ကို သုံးလို့ရမှာလား။ ခုလက်ရှိမှာ အဆင်အပြေဆုံး ယူနီမကုဒ်တဲ့ ဖွန့်ကိုပဲ သုံးလို့ မရဘူးလားလို့ မေးချင်ပါတယ်။ ကျမတို့လို အိုင်တီပညာကို ထဲထဲဝင်ဝင် မသိတဲ့ သာမန် အသုံးပြုသူတွေ နားလည်ဖို့ အိုင်တီပညာရှင်တွေဘက်က လုံလောက်တဲ့ ရှင်းလင်းချက်တွေ ပေးထားတာ များများစားစား ရှာမတွေ့ ပါဘူး။

ကျမအမြင် ပြောရရင် သည်နေ့လို အင်တာနက် တွင်ကျယ်လာတဲ့ ကာလမှာ ကမ္ဘာ့ စံနှုန်းနဲ့ညီတဲ့ မြန်မာ စာလုံးပုံစံကို တညီတညွတ်တည်း အသုံးပြုနိုင်ဖို့ဆိုတဲ့ အရေးဟာ မြန်မာ ကို အင်္ဂလိပ်လို ဘားမားလို့ ပေါင်းမလား မြန်မာလို့ ပေါင်းမလားဆိုတဲ့ ကိစ္စထက်တောင် အရေးကြီးဦးမယ်လို့ ထင်ပါတယ်။





အဲသည်တော့ ကျမအနေနဲ့ နားလည်တတ်ကျွမ်းသူ မဟုတ်ပေမဲ့ ကမ္ဘာ့စံနှုန်းနဲ့ညီတဲ့ ယူနီကုဒ်ဆိုတာ ဘာလဲ ဆိုတာကို ပညာရပ် စကားလုံးတွေ မသုံးပဲ သာမန် နားလည်အောင် ကြိုးစား ကြည့်ပါတယ်။ ယူနီကုဒ်ဆိုတာ အက္ခရာ စာလုံး တစ်ခုတိုင်းမှာ ကိုယ်ပိုင် သီးသန့် နေရာ တစ်ခု ကို ပိုင်ဆိုင်ခြင်း ပါပဲတဲ့။

အက္ခရာ တစ်လုံး ရိုက်တိုင်း သူ့အတွက် သီးခြား သတ်မှတ် ပေးထားတဲ့ နံပတ်ကို ခေါ်ပြီး ဖော်ပြခိုင်းတာ ဖြစ်ပါတယ်။ ကွန်ပျူတာစက်ကလည်း အဲဒီ သက်ဆိုင်ရာ နံပတ်ကို ကြည့်ပြီး ဘာ အက္ခရာ ဆိုတာကို နားလည် ပါတယ်တဲ့။ အဲဒီလို နားလည် မှသာ မြန်မာစာနဲ့ သတ်ပုံစစ်တာတို့၊ စက်နဲ့ ဘာသာပြန်တာ၊ အက္ခရာစဉ် စီတာ၊ စာလုံးပေါင်း၊ သဒ္ဒါအထား အသို စစ်ပေးတာ၊ စာရိုက်လိုက်တာနဲ့ ပုဒ်ဖြတ်၊ ပုဒ်ရပ်တွေ ခွဲထားတွေ စနစ်တကျ လုပ်ဆောင် ပေးနိုင်ပါလိမ့်မယ်တဲ့။ ကွန်ပျူတာမှာ ဖော်ပြတဲ့ ခလုတ်တွေ၊ သတ်မှတ်ချက်တွေကို ကိုယ့်စာနဲ့ကို ဖတ်နိုင် ဆောင်ရွက်နိုင်မယ်။ ဒါထက်ပိုရရင် ဒစ်ဂျစ်တယ် စနစ် အသုံးပြုတဲ့ မိုဘိုင်ဖုန်းတွေ၊ လျှပ်စစ်ပစ္စည်းတွေမှာ ကိုယ့်ဘာသာ စကားနဲ့ ဖော်ပြပေးနိုင်လာပါမယ်။ လက်ရှိ ကျမတို့ သုံးနေရတဲ့ မြန်မာစာ၊ တိုင်းရင်းသား စာတွေက ကွန်ပျူတာမှာ သာမန် စာစီစာရိုက်တဲ့ အဆင့် လောက်ပဲ ရှိနေပါတယ်။ ယူနီကုဒ် ဆိုတာကြီး ဖြစ်လာရင်တော့ ကိုယ့်ဘာသာ စကားနဲ့ ခက်ခဲ ရှုပ်ထွေးတဲ့ လုပ်ငန်းရပ်တွေ လုပ်ဆောင် ခိုင်းစေနိုင်ပါလိမ့်မယ်တဲ့။

ယူနီကုဒ် နံပတ်တွေရဖို့ ကိုတော့ ယူနီကုဒ် ကွန်ဆိုတီယံလို့ ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ယူနီကုဒ် စံ သတ်မှတ် တဲ့ အဖွဲ့ကြီးမှာ လျှောက်ထားရပါတယ်။ လျှောက်ထားတဲ့ နိုင်ငံအလိုက်၊ ဘာသာစကား အလိုက် တင်ပြ လာတဲ့ ဘာသာ စကားတွေကို သက်ဆိုင်ရာ နိုင်ငံက စာပေပညာရှင်များ၊ ကွန်ပျူတာ ပညာရှင်များ ပူးပေါင်း ညှိနှိုင်း ပြီး၊ ယူနီကုတ်စံသက်မှတ်တဲ့ အဖွဲ့ကနေပြီး ကုဒ် နံပတ်တွေ သတ်မှတ် ပေးပါတယ်။မြန်မာ ယူနီ ကုဒ် စနစ်ဟာ မြန်မာစာ တစ်ခုတည်း အတွက် မဟုတ်ပဲ အခြား တိုင်းရင်းသား ဘာသာစကား တွေပါ ထည့်သွင်း သတ်မှတ်ပေးရ မှာပါ။ နိုင်ငံ တနိုင်ငံ အတွက် စနစ် တစ်ခုသာ သတ်မှတ်ပေးတဲ့ သတ်မှတ်ချက် ကြောင့်ပါ။ မြန်မာ နိုင်ငံ အတွက် လျှောက်ထားခဲ့လို့ မြန်မာစာ အတွက် အတော်ပြည့်စုံ နေတဲ့ အခြေအနေ ရောက်နေပြီး၊ တိုင်းရင်းသား ဘာသာစကားတွေ အတွက်ပါ ဆက်လက် လုပ်ဆောင် သတ်မှတ်နေတဲ့ အဆင့်မှာ ရောက်နေပြီ လို့ ဆိုပါတယ်။

အဲဒီလို သတ်မှတ်ချက် ရရုံနဲ့ မပြီးသေးပါဘူး၊ ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ ဆော့ဖ်ဝဲလ်တွေက သတ်မှတ် ထားတဲ့ ကုဒ်နံပတ်တွေကို နားလည် လက်ခံဖို့ နဲ့ ပုံစံတကျ မြန်မာစာလုံးတွေ ပေါ်လာဖို့ လိုပါ သေးတယ်။ အဲဒီအဆင့်မှာ မြန်မာစာ စနစ်ကို ကွန်ပျူတာမှာ မှန်မှန်ကန်ကန် ပေါ်လာအောင် အလုပ် လုပ်နိုင်ဖို့ လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာကို ကြားခံလုပ်ဆောင် ပေးမဲ့ ဆော့ဖ်ဝဲလ် တစ်ခု ရှိရပါမယ်။ လက်ရှိ မြန်မာစာ သုံးနိုင်တဲ့ ဖီဒိုရာ - လင်းနက်စနစ် (Fedora – Linux OS)၊ အခု နောက်ဆုံးထွက် ပန်းသီး မက်စ်အိုအက်စ် အိတ် (Mac OS X Lion) မှာ မြန်မာ ယူနီကုတ် ပါရှိ ပါသတဲ့။ အခု ပြောခဲ့တဲ့ စနစ်တွေကို ကျမတို့ မသုံးနိုင်တာရယ်၊ မသုံးတတ် တာရယ်ကြောင့် အများပြည်သူ အတွက် မကျယ်ပြန့်နိုင်ပါဘူး။

အကယ်၍များ မိုက္ကရိုဆော့ဖ်လို ကုမ္ပဏီက မြန်မာစာစံ သတ်မှတ်ချက် စနစ်ကို လက်ခံပြီး အဲသည် ဆော့ဖ်ဝဲလ် ကို လုပ်ဆောင်ပေးမယ် ဆိုရင်တော့ မြန်မာနိုင်ငံသား အားလုံး အတွက် ဖြစ်လာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ကမ္ဘာမှာရော မြန်မာမှာပါ အသုံးပြုသူ အများဆုံး ဖြစ်တဲ့ ၀င်းဒိုးစနစ် (Windows OS) ကို သူတို့ ကုမ္ပဏီက ထုတ်လုပ်နေလို့ပါ။ မိုက္ကရိုဆော့ဖ်က လက်ခံပြီ ဆိုရင်တော့ ကျန်တဲ့ ဆော့ဖ်ဝဲလ် ကုမ္ပဏီ တွေကလည်း လက်ခံလာကြပါလိမ့်မယ်။ ဒါဆိုရင် ဘယ်ဆော့ဖ်ဝဲလ် ကို အသုံးပြုပြီး ကွန်ပျူတာ စာမျက်နှာတွေကို ဖန်တီးထားသည်ဖြစ်စေ မြန်မာစာကို သတ်မှတ်ထားတဲ့ လက်ကွက် ပုံစံနဲ့ရိုက်ပြီး တညီတည်း ပေါ်လာ ခိုင်းတော့ မှာ ဖြစ်ပါတယ်။ ကိုယ်ဘယ်နေရာ ရောက်ရောက်၊ ဘယ်ကွန်ပျူတာ သုံးသုံး မြန်မာစာကို ဖတ်ဖို့ ဘာမှ အလုပ်ရှုပ် နေစရာ မလိုတော့ပါဘူး။ စာရိုက်တဲ့ အခါမှာလည်း မြန်မာစာ လက်ကွက် ပုံစံသိရင် ဘယ်ဆော့ဖ်ဝဲလ် ကနေ ဖြစ်ဖြစ် အလုပ်လုပ်လာနိုင်ပါမယ်။ စာဖတ်တဲ့အခါမှာလည်း ခုလို ဇော်ဂျီဖွန့် နဲ့ ရိုက်ထားတာတွေကို တချို့နေရာတွေမှာ ဖတ်လို့မရပဲ လေးထောင့် အတုံးလေးတွေပဲ ပေါ်နေတာမျိုးတွေ မဖြစ်တော့ပါဘူး။

လက်ရှိအခြေအနေမှာတော့ မြန်မာစာကို ကွန်ပျူတာမှာ ရိုက်တော့မယ် ဆိုတာနဲ့ အဆင့်တွေ အများကြီး လုပ်ဆောင်ရပါပြီ။ ကိုယ်သုံးမဲ့ကွန်ပျူတာမှာ မြန်မာဖွန့် သွင်းထားမှ ရိုက်လို့ရမယ်။ ဖတ်မဲ့စက်မှာလည်း မြန်မာဖွန့်ရှိမှ ဖတ်လို့ရမယ်။ ရှိလို့ ရိုက်တော့မယ်ဆိုရင်တောင် မြန်မာဖွန့်ပုံစံကိုရွေးရတယ် ပြောင်းရတယ်။ သည်ဘက်ကွန်ပျူတာကနေ ဟိုဘက်ကွန်ပျူတာကိုရွေ့လိုက်ရင် ကိုယ်ရိုက်ထားတာတွေ ကို ပြန်ဖတ်လို့ မရတော့ပါဘူး။ ကွန်ပျူတာ တစ်လုံးထဲမှာတောင် နဂိုရှိပြီးသားစာရိုက်ထားတဲ့ဖိုင်တစ်ခုကို ပြန်ဖွင့်ရင် နဂိုအတိုင်းပြန်မပေါ်တတ်ပါဘူး။ ဖွန့်ကို ပြန်ပြန် ရွေးနေရပါတယ်။ သူငယ်ချင်း ဒီဇိုင်းနာ တစ်ယောက် ကတော့ မြန်မာစာနဲ့ လုပ်ရတာ သိပ်လက်ပေါက်ကပ် တယ်၊ ဒီဇိုင်းပုံစံ တခု ပြောင်းတာနဲ့ အစ၊ အဆုံး ပြန်ပြန် စီနေရတဲ့ ဘ၀ ဘယ်တော့ ကျွတ်မလဲလို့ ငြီးလေ့ ရှိပါတယ်။ ယူနီကုဒ်ကို တညီတည်း အသုံးပြု လာနိုင်ရင် အင်တာနက် စာမျက်နှာတွေ မှာလည်း သိချင်တဲ့ အချက်အလက်ကို မြန်မာလိုရိုက်ပြီး မှန်မှန်ကန်ကန် ရှာနိုင်ပါ လိမ့်မယ်။ အခုတော့ ဇော်ဂျီ ဖွန့် နဲ့ ရှာရင်၊ မြန်မာ၃ ဖွန့် က မသိ၊ ဧရာနဲ့ ရှာရင် ဇော်ဂျီက မသိဆိုတော့ အလုပ်မဖြစ်ပါဘူး။

ဒါဆို အခု အရေးကြီးတာက မိုက်ကရိုဆောဖ့် ကုမ္ပဏီက မထည့်သွင်း ပေးသေးလို့ မြန်မာစာ ယူနီကုဒ်တွေ အလုပ်မဖြစ် သေးတာပေါ့။ သူတို့ က လိုအပ်တဲ့ ဆော့ဖ်ဝဲလ် ရေးပေးအောင် ဘာလုပ် ပေး ဖို့ လိုမလဲ လို့ မေးမြန်းကြည့်မိတဲ့အခါ…. သည်လို ကိစ္စမျိုးမှာ အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိသူတွေက ကုမ္ပဏီကို တောင်းဆိုမှ ဖြစ်နိုင်လိမ့်မယ်တဲ့။ တနိုင်ငံလုံး သုံးဖို့စနစ် တစ်ခု ဖြစ်တဲ့အတွက် ငွေကြေးရင်းနှီးမှု အများအပြား သုံးရမှာပါ။ အစိုးရတွေ ကိုယ်တိုင်က ဦးဆောင် လုပ်ရတဲ့ စီမံကိန်းမျိုး ဖြစ်ပါတယ်။ အဲတော့ သာမန် သုံးစွဲသူတွေ အနေနဲ့ တတ်နိုင်တာကတော့ သက်ဆိုင်ရာ ကုမ္ပဏီနဲ့ စကားပြောဖို့ အစိုးရပိုင်းကို ဒါမှမဟုတ် သည် ကုမ္ပဏီ အပေါ်မှာ သြဇာ ရှိမဲ့သူ ပုဂ္ဂိုလ်ကို အကူအညီတောင်းဖို့၊ လိုပါလိမ့်မယ်။

မစ္စတာ ဘီလ်ဂိတ်နဲ့ မစ္စတာ ဘော်မာ သို့ ဦးတည်ပြီး မိုက္ကရိုဆော့ဖ် စနစ်မှာ မြန်မာစာ စနစ် လက်ခံ ထည့်သွင်းဖို့ တိုက်တွန်းတဲ့ လက်မှတ်ထိုး တောင်းဆိုတဲ့ စာမျက်နှာ တစ်ခု ရှိပါတယ်။ (  http://petition.myanmarlanguage.org/ ) ဒီနေရာ မှာ လက်မှတ်ထိုး တောင်းဆိုထားသူ ပေါင်းဟာ သည် စာရေးချိန် အထိ စုစုပေါင်း တစ်သောင်း သုံးထောင်ကျော်ပဲ ရှိပါသေးတယ်။ လက်မှတ်ရေးထိုးသူ ၅ သိန်း (မြန်မာနိုင်ငံမှာ ကွန်ပျူတာ အသုံးပြုသူ ၅ သိန်း ရှိရင်) မိုက္ကရိုဆော့ဖ်က မြန်မာစာ စနစ်ကို လက်ခံ နိုင်ပါတယ်။ ဒါကလည်း တနည်းတလမ်းဖြစ်တဲ့အတွက် ပါဝင် တောင်းဆို လက်မှတ်ထိုး သင့်ကြ ပါတယ်။

စီးပွားရေး ပိတ်ဆို့တဲ့ အချက်ကြောင့် မိုက္ကရိုဆော့ဖ်က မလုပ်တာ ဆိုခဲ့ရင်တော့၊ လူသားချင်း စာနာမှု အမြင်က ကြည့်ဖို့ လိုအပ်ပါမယ်။ သန်း ၆၀ လူဦးရေ ရှိတဲ့ နိုင်ငံမှာ နည်းပညာ အဆင့်မြင့်ဖို့ အကူအညီ ပေးခြင်းအားဖြင့် သာမန် လူတန်းစားနဲ့ နည်းပညာ နီးစပ်ဖို့ လုပ်ဆောင်ပေးတာပါ။ လူထုကို တိုက်ရိုက် အကျိုးရှိစေပါတယ်။

အဓိက တာဝန်အရှိဆုံးကတော့ အစိုးရပါပဲ။ ဒါပေမဲ့ လောလောဆယ် အစိုးရကတော့ အာဆီယံ ဥက္ကဌ ဖြစ်ဖို့က ပိုအရေးကြီးနေတယ် ထင်ပါတယ်။ မြန်မာ အချင်းချင်း တစ်ယောက်ရေးတာ တစ်ယောက် အလွယ်တကူ ဖတ်မရရင် ပိုတောင် ကောင်းသေးတယ်လို့ ထင်နေလားတော့မသိပါ။ ဒါမှမဟုတ် နည်းပညာ တိုးတက်မှုဟာ အစိုးရ အုပ်ချုပ်ရေးအတွက် အနှောင့်အယှက် ဖြစ်စေတာကြောင့် အစိုးရက ငွေကြေး မစိုက်ထုတ်တာလား၊ သူတို့ အိပ်ထဲမရောက်မဲ့ စီမံကိန်းဖြစ်တဲ့ အတွက် မသိချင်ယောင် ဆောင် နေကြ တာလား ဆိုတာတော့ မြန်မာအစိုးရ ကိုယ်တိုင်ပဲ သိပါမယ်။

နောက်တချက်က တိုင်းရင်းသား ဘာသာစကားတွေကို နည်းအမျိုးမျိုးနဲ့ ကန့်သတ်တဲ့ အစိုးရ တစ်ရပ် အနေနဲ့ ယူနီကုဒ် စနစ် မရှိနေတာကို ပိုကြိုက်ပါလိမ့်မယ်။ ယူနီကုဒ် စနစ် အလုပ်လုပ်လာရင် တိုင်းရင်းသား ဘာသာ စကားတွေ ကို အရင်ကလို ကန့်သတ် ပိတ်ပင်နိုင်တော့မယ် မဟုတ်ပါ။ ကိုယ့် မိခင်ဘာသာ စကားကို အဆင့်မြင့် နည်းပညာနဲ့ တွဲဖက် သုံးနိုင်လာရင် လူတွေ နည်းပညာနဲ့ ပိုမိုရင်းနှီးလာစေမှာ ဖြစ်သလို၊ စာပေ ဖွံ့ဖြိုးမှုလည်း တိုးတက်လာနိုင်ပါတယ်။ အိုင်တီနည်းပညာ အပြောင်းအလဲဆိုတာ လူမှု တော်လှန်ရေး တစ်ရပ်ဖြစ်သလို ဒီမိုကရေစီရေးအတွက်လည်း များစွာ အထောက်အပံ့ ဖြစ်စေမဲ့ အရေးကြီး ကိစ္စတစ်ရပ်ပါ။

ယူနီကုဒ် စနစ် ထူထူထောင်ထောင် ဖြစ်လာတဲ့ တနေ့ ၊ ရွာက လယ်သမားကြီးတွေလည်း သူတို့အိမ်က ရုပ်မြင်သံကြားစက် မှာ လုပ်ဆောင်ချက် တွေ မြန်မာစာ နဲ့ ဖတ်ရှု အသုံးပြုလာနိုင်မှာပါ။ ဒီ မျှော်လင့် ချက်တွေ လက်တွေ့ဖြစ်လာဖို့ကိုတော့ ဘာသာဗေဒကျွမ်းကျင်သူ မြန်မာ ပညာရှင်၊ တိုင်းရင်းသား ပညာရှင်တွေနဲ့၊ နည်း ပညာ ကျွမ်းကျင်သူတွေ၊ အစိုးရ နဲ့ မီဒီယာတွေကပါ ၀ိုင်းဝန်း ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ် နေပါတယ်။ မြန်မာစာ ယူနီကုဒ်စနစ် အသုံးပြုနိုင်ရေးဟာ အရေးကြီးကြောင်း ကွန်ပျူတာ အသုံးပြုသူ သာမန် လူတွေကိုလည်း နားလည်အောင် ပညာပေးဖို့ လိုသလို သက်ဆိုင်ရာ မိုက္ကရိုဆော့ဖ် ကုမ္ပဏီက လက်ခံဆောင်ရွက်ပေးလာအောင် တိုက်တွန်း နိုင်ဖို့ လိုပါတယ်။

ကိုယ်နဲ့နီးစပ်တဲ့ အိမ်နီးချင်းနိုင်ငံတွေကို လေ့လာကြည့်မိတဲ့အခါ ထိုင်းနိုင်ငံမှာဆိုရင်လည်း သူ့ဘာသာ စကားကို ယူနီကုဒ်နဲ့ သုံးနေတာ ဆယ်စုနှစ် တစ်ခု ကျော်သွားပါပြီ။ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို စတဲ့ နိုင်ငံတွေမှာလည်း ယူနီကုဒ်ကို အသုံးပြုနိုင်နေပါပြီ။ သူတို့ဘာသာ စကားတွေနဲ့ စက်ပစ္စည်းတွေ သုံးနိုင်ကြပါပြီ။

တကယ်လို့သာ မိုက္ကရိုဆော့ဖ်လို ကုမ္ပဏီကြီးမျိုးက မြန်မာ ယူနီကုဒ်စံ ကို သူ့ရဲ့နောင်ထွက်လာမဲ့ ၀င်ဒိုးမှာ ထည့်သွင်းပေး လိုက်ရင် ခုလို တကွဲတပြားဖြစ်နေတဲ့ မြန်မာဖွန့်တွေလည်း ယူနီကုဒ် စနစ်အောက်မှာ မညီညွတ်စရာ အကြောင်းမရှိတော့ဘူးလို့ ထင်ပါတယ်။ ယူနီကုဒ် စံညွှန်းအတိုင်း လက်ကွက်ဆင်ထားတဲ့ ဒီဇိုင်းအမျိုးမျိုးနဲ့ စာလုံးပုံစံ အမျိုးမျိုးကတော့ တီထွင် ဖန်တီး မှုအလိုက် ပေါ်လာမှာပေါ့လေ။ ဒါကတော့ ပြသနာမဟုတ်ပါဘူး။ ဒါကို မညီညွတ်တာလို့လည်း သတ်မှတ်လို့ မရတော့ပါဘူး။ ဒါမျိုးကတော့ မတူကွဲပြားခြင်းရဲ့ အလှတပါးပဲ ဖြစ်လာမှာပါ။


မိတေဖိုး
ဇူလိုင်လ ၃၁ ရက် ၂၀၁၁ ခုနှစ်


Share/Bookmark

ကာတွန်းတွေ နဲ့ တွန်းကာ တိုက်ကာ

တလောက.. face book မှာ.. ကလေးသူငယ် အကြမ်းဖက်မူ ပပျောက်ရေး လှုပ်ရှားမူ အဖြစ်.. လူမျက်နှာ ပုံတွေ အစား.. ငယ်ဘ၀ ကာတွန်းလေး တွေ အသုံးပြု ကြဖို့  ဆိုပြီး အော် ကြ သည် ။

တော်တော် များများ ကတော့.. နိုင်ငံခြား ကာတွန်းရုပ်ရှင် ဇတ်ကောင်လေး တွေ နဲ့ ထွက်လာ ကြသည် ။ တချို့ လည်း..သမိန်ပေါသွပ်.. လေးလေးဇာ.. တွတ်ပီ.. စုံ နေ တော့ တာပဲ။  အဲဒါနဲ့  ကိုယ်လည်း ငယ်ဘ၀ က.. အကြိုက်ဆုံး နဲ့ အမှတ်ထင်ထင် အရှိ ဆုံး ကာတွန်း ဆို တာတွေ ထဲက  ပြန် စဉ်းစား ကြည့် တယ်။

ကာတွန်း တွေ ကတော့..စုံနေ အောင် ဖတ် ခဲ့တာပဲ။ ကလေး တွေ သီးသန့် ဖတ်ဖို့.. တေဇ ရုပ်စုံ ထဲက.. ဦးဘကြည်  ကာတွန်း လေး တွေ က..အစ..လူကြီး တွေ ဖတ်တဲ့..မြ၀တီ..ငွေတာရီ ထဲက.. မောင်စိန် ရဲ့.. တကြောင်း ဆွဲ လက်ရာ လေး တွေ ထိ.. မှတ်မိ နေ သည် ။ ဒါပေမဲ့..ဇတ်ကောင် လေး တွေ နဲ့ တွဲပြီး အခု ထက် တိုင် ..စွဲထင် မှတ်မိ နေ တာ လေး တွေက တော့.. သိပ် မ များ လှ..။

တေဇ ရုပ်စုံ ထဲ က ဆိုရင် ..ဦးဘကြည် ဆွဲ တဲ့.. တေဇ သု နေ မ ဘူ စန် ဒါ ၀ိ ဝေ .. ဇတ်ထုပ် ။ ၀ါးဆစ် စုဗူးကြီး ထဲက..ပိုက်ဆံ တွေ ထုတ်ရေ တဲ့..သူဌေးကြီး ဦးဘောဂ..။  အပျင်းကြီး တဲ့ မနှင်းလေး... ဆိုရင် ...ထပ်ကာ ထပ်ကာ ဖတ်ရင်း....သူ့နေရာ  ကို  ကိုယ် တိုင်ပဲ.. ရောက် နေ သလို လို..။ ဘာအလုပ်မှ မလုပ်ချင်..အချိန် ရွှေ့ တတ် တဲ့..မနှင်း လေး တယောက်.. မနက် ကျောင်းသွားဖို့.. အကျီ င်္ ကြီး က..သူ့ဖာသူ ခေါင်းပေါ်က..စွပ်ကျ လာ.. လုံချည်ကြီးက..လာပတ်.. ထမင်းကြော် ပူပူ တွေ..ပါးစပ် ထဲ အတင်း ၀င်လာ တော့ မှ.. အိပ်မက် က လန့်နိုးပြီး.. သူ့တာဝန် တွေကို ပုံမှန် လုပ် တတ် လာ တဲ့..ကာတွန်း လေး ကို..ခုထိ မမေ့ နိုင် ပါ။ ကလေး တွေ အတွက်..ချက်ခြင်း ကြီး လိမ္မာ လာအောင် လုပ်ပေး တာ မျိုး မဟုတ်ပေမဲ့ လို့.. စာအုပ် စာပေ နဲ့ ယဉ်ပါး ရင်း..မသိမသာ.. ပြုပြင် သွန်သင် သွားတဲ့.. တေဇ ရုပ်စုံ ကာတွန်း လေး တွေကို..အခု ထိ လွမ်းတမ်းတ နေ မိ ရ တော့ သည်။

တမ်းတ မိ တယ် ဆိုတာက .. အခု ခေတ် ကလေး တွေ မှာ ရော..ဘယ်လို..ကလေး စာပေ တွေ ရဲ့ သွန်သင် မူ တွေ ရှိ နေ သလည်း ဆိုတဲ့.. စိတ်ဝင်စား မူ ကြောင့်ပါ။ တူတွေ..တူမ တွေ ခေတ်မှာ.. .. တတိုင်းမွှေး ကာတွန်း ရုပ်စုံ ဆိုတာလေး တွေ တွေ့ တော့..ကောက်လှန် ကြည့် မိ သည်။ တော်တော် များများက.. Walt Disney ကာတွန်း တွေ ကို.. ဗမာ မူ ပြု ပြီး ပြန်ဆွဲ ထား တာတွေ တွေ့ ရတော့.. ဘ၀င် က..မကျ ချင်။ နိုင်ငံ ခြား ကာတွန်းလေး တွေကို လည်း.. .နှစ်သက် တာ က..တပိုင်း ပေ မဲ့.. ကိုယ်ပိုင် တီထွင် ဖန်တီး တဲ့..ဗမာ ကာတွန်း လေး တွေ .. ဒီ့ထက် များ စေ ချင် သေး သည်။

ခေတ်တွေ မတူ တာ က တော့.. လက်ခံ ပါ သည်။ အခုခေတ် ကလေး တွေ မှာ..ဖျော်ဖြေစရာ ပစ္စည်း ကိရိယာ.. အသုံးခံ တွေ..များလွန်း လှ သည်။  အဲဒီ တော့ လည်း..ဘ၀င် မကျ တာတွေ..အသာ ထား ပြီး.. ကိုယ် ကြီးပြင်းလာရာ လမ်း တလျှောက် က.. ကာတွန်း လေး တွေ အကြောင်း သာ..စိတ်ချမ်းချမ်း သာသာ နဲ့.. ဆက်တွေး ပြစ် လိုက် သည်။

ကိုယ် တို့ တွေ.. နည်း နည်း ကြီး လာတော့..“တေဇ”  တို့ “ ရွှင်ပြုံး”  တို့ အပြင်...“ မိုးသောက်ပန်း”  ဆိုတာ လေး ပေါ်လာ သည်။  “ ကလင်.. ကလင်..ကလင် ” ဆိုတဲ့.. စာအုပ်ကိုယ်စားလှယ် အိမ်က.. အမ ကြီး ရဲ့ ...စက်ဘီး ဘဲလ် သံ လေး  ..အိမ်ရှေ့က ကြားတာနဲ့..   စာအုပ် ကလေး တွေ ..ပြေးထွက် ယူ ရင်း .. ရင်ခုန် ပျော်ရွှင် ခဲ့ ရတဲ့.. ရိုးရိုး ရှင်းရှင်း ငယ်ဘ၀ တွေ က .. တကယ့်ကို လွမ်း စရာ..။

အဲဒီ တုန်းက.. မိုးသောက်ပန်း ထဲ မှာ.. ကာတွန်း ပိုးဇာ ရဲ့.... လေးလေး မောင်မောင်ဇာ တူအရီး စီးရီးတွေ  မတိုင် ခင် .. ကလေး ကြီး အရွယ်တွေ ဖတ်ဖို့.. ဇာတ်ကောင်လေး တွေ ရှိဖူး သေး သည်။“ ငြိမ်းသွဲ့ ကို”  နဲ့...ညီအမ တွေ အကြောင်း..။ ကျန်တဲ့ ညီမ တွေ က တော့.. ဘာ “ကို” တွေ လည်း... သိပ် မမှတ်မိ တော့..။ လေးမွန် ထွေးမွန် လောက်.. လျှာမစွဲ.. လူကြိုက် မများ တာ တော့..သေချာ သည်။ ကိုယ်တွေ ကလည်း.. မောင်နှမ ၀မ်းကွဲ တွေ လေးငါး ဆယ်ယောက် ..တခြံ တည်း တစု တဝေး နေ ကြ တော့.. စာအုပ် အသစ် ရောက်ပြီ ဆိုတာ နဲ့.. သူ့ထက် ငါ ဦး .. လုယက် ဖတ် ကြ ရ တဲ့..ဘ၀ ကလေး က.. ခု နေ ပြန် တွေး တော့..ရီချင်..ပြုံးချင်..လွမ်းချင်စရာ ရယ်..။  ပြီးရင် တော့ .. အဲဒီ စာအုပ် တွေကို.. လစဉ်.. မျိုးတူ ရာ.. စုပြီး တွဲချုပ် အဖုံး ဖုံး.. ခေါင်းစည်း ထိုး..အမှတ်စဉ် ထိုး ရ တဲ့ အလုပ်ကို.. ရေးကြီး ခွင်ကျယ် မဟာ တာဝန် ကြီး လို ထင် ပြီး.. အိမ်က..စာအုပ်စင် ပုပု လေး ကို..ဥစ္စာခြောက် သူက.. ဘယ်သူ ရှိ မတုန်း..။

တလ မှ.. တအုပ် စ  နှစ်အုပ်စ စောင့်ဖတ် ရ တဲ့...ကလေး စာစဉ် တွေ နဲ့ တင် .. သူတို့.. မောင်နှမ  တွေ.. မလုံ လောက် ပါချေ။ ဒီလို နဲ့ ..နွေရာသီ ကျောင်းပိတ် ရက် တွေ မှာ.. လမ်းထိပ်က..စာအုပ်ဆိုင် ကို သွားပြီး.. တရက်.. တမတ် တန်.. ကာတွန်း ရုပ်ပြ အဟောင်း လေး တွေ.. ငှါးဖတ် တတ်လာ ပြန် သည်။ ရုပ်ပြ ကာတွန်း လုံးချင်း တွေ ထဲ မှာ..သူတို့ အသဲစွဲ  ကြ တာ တွေက.. ကာတွန်း- သန်းကြွယ် ရဲ့.. “မာတလိ”  တို့.. “ ဖိုးဝ” တို့...။ နောက်.. ကာတွန်း - အောင်ရှိန် ရဲ့.. “ခင်မောင်သိန်းထွန်းဝင်း..ဦးကပ်စီး.” တူအရီး..နဲ့  ဦး ရှံစား..။  “ဦးစိတ်တို”  နဲ့..“မျောက်ညို” .။  တီထွင်ပါရဂူ ဖိုးဆိတ်ဖြူ... အင်း..ပြန်စဉ်းစား ရင်း ထွက်လာလိုက် တာ..မနည်း မနော ပါလား..။

တရက် မှာတော့.. သူတို့ မောင်နှမ တွေ.. စာအုပ်ဆိုင် က..အပြန်မှာ..ခေါင်းချင်းဆိုင်ပြီး.. အကြီးအကျယ် ဆွေးနွေး ဖို့ ကိစ္စ တခု ပါလာ ခဲ့ သည် ။ အဲဒီ ည က..စ ပြီး.. စာအုပ် ဆိုင် ရဲ့.. ခပ်မြင့်မြင့် တန်းပေါ် မှာ.. ချိတ်ထားတဲ့..ကာတွန်း သန်းကြွယ် ရဲ့.. “ အသေ အလဲ ရွှေမဲ တိုက်ပွဲ ” ဆိုတဲ့..တလက်မ ကျော် လောက် ထူတဲ့.. လုံးချင်း ကာတွန်း စာအုပ် ကြီး ကို.. တရက် ၂ ကျပ် နဲ့..ဘယ်လို ငှားဖတ် ကြ မလည်း ဆိုတာ က..သူတို့ ရဲ့.. အရေးကြီးတဲ့..အာဂျန်ဒါ တခု ဖြစ် သွား တော့ တယ် ။ သိပ် အကြာ ကြီး တော့..မစောင့် လိုက်ရ ပါဘူး...။ တယောက် တမတ်.. သူတို့ လက် နဲ့ ပဲ.. အာရပ်စော်ဘွားကြီး တွေ ဇတ်ရံလုပ် ထားတဲ့... သဲထိတ် ရင်ဖို စွန့်စားခန်း ကာတွန်းစာအုပ် ကြီး..သူတို့ လက်ထဲ ပါလာ ခဲ့....အဲ့....အဲ့... အဲ့....

သန်းကြွယ် ရဲ့ စွန့်စားခန်း ကာတွန်း တွေ မှာ.. ဇတ်ကောင် တွေ  ဖြစ် လေ့ ရှိ သလိုမျိုး .. စကားမဆုံးခင်...  အဲ့.. အဲ့.. ဖြစ်သွား ရတာ ကတော့.. သူတို့ မောင်နှမ တွေ..လု ဖတ်ရင်း.. ရှေ့ဆုံး စာရွက် တရွက် ပြဲ သွားလို့... အိမ်က လူကြီးတွေ က စိုက်ပြီး.. ၅ ကျပ် အလျော် ပေး လိုက် ရ တာ ပါပဲ..  အဲ.. အဲ..း))

အတွေး တွေ နဲ့ ..ပြန်ပြီး ပြုံးပျော် သွားရင်း.. ကဲ.. အခု ဖဘ က.. ပရိုဖိုင်းလ် အတွက်..သန်းကြွယ် ကာတွန်း လေး တင်မယ် ဆို.. ရှာကြည့် တော့..ဘယ်မှာမှ မတွေ့ တော့ဘူး..။ အဲဒါ နဲ့.. သန်းကြွယ် ထက် တဆင့်တက် ပြီး..လူကြီး ဆန်ဆန် ဟာသ တွေ..ဒိုင်တွေ နားလည် တတ်စ ပြု ချိန် မှာ.. အသဲစွဲ ကြိုက် ခဲ့ တဲ့.. ကာတွန်း- တင်အောင်နီ ရဲ့.. ပြာဂလောင်..ပြာလချောင် ဆီ ကို.. ရောက် သွား ပြန် တယ်။ တင်အောင် နီ ရဲ့ ကာတွန်း တွေ က.. အတွေးအခေါ် အားကောင်း မှ.. ရီ နိုင် တာ မျိုးပါ..။ တံတွေး စင် လို့.. ထီးလေး မိုးပြီး.. ဖြတ်သွားတဲ့..ပုရွက်ဆိတ် ကလေး လို မျိုး.. အားဖြည့် ဇာတ်ရံ တွေ တပုံတပင် ကြားမှာ .. မူလ ဇတ်ကောင် ပြာလောင် ထက် ပို ပြီး ..နှစ်သက် မိ တာက.. ကိုထူးဆန်း..ခင်ချောဆွိ တို့  ရဲ့ ရင်နှစ် သည်းခြာ..အမြွာ ညီအကို..ပြာဂလောင် ပြာလချောင် ကို ပေါ့..။ အိမ်မှာ လူကြီး တွေ မရှိ တုန်း..အဆော့လွန်ပြီး.. အောက်ကို ပြုတ်ကျ သွားတဲ့.. ဗီးနပ်စ် ရုပ်တု ကို .. လက် တဖက် ပြုတ် သွားတယ် ထင်ပြီး.. လူကြီး တွေ ပြန်မလာခင်.. ဂျုံမုန့် တွေ  ရေနဲ့ ဖျော် ပြီး ..လက်တဖက် ပြန်တပ် ထား ကြ တဲ့.. ညဏ်ကြီးရှင်  အမြွှာညီနောင် နဲ့..အပေါင်းအပါ.. သံခဲ..အကောက်..ရာမ တို့ သူငယ်ချင်း .. တအုပ်.. ။
ချစ်စရာ ကောင်းတာက..ကာတွန်း ဆရာက.. မြန်မာ့ ယဉ်ကျေးမူ လူ့အသိုင်းအ၀ိုင်း ပုံစံ လေး ကို ကိုယ်စား ပြု ထား ပုံလေး ။ ကုလားလေး က.. ရာမ.. ။ တရုတ်ကလေး က.. အကောက်.. ။ ယောင်ပေစူး နဲ့ တောသားလေး က..သံခဲ..။ ဘယ်လောက် multi-cultured ဖြစ် သလည်း နော်..။





အဲဒီ လို ပါပဲ..။  ကလေး ကာတွန်း ကနေ.. ရုပ်ပြ ကာတွန်း တွေ တဆင့် ဖတ် တတ်လာ တော့ လည်း.. တိုင်းရင်း သား တွေ ဆိုတာ..စုံလိုက် သမှ..။ မဆလ ခေတ်ကြီး ရဲ့.. “ အကျိုးပြု” ဆို တဲ့..အနုပညာ စာပေ သတ်မှတ်ချက် တခု ကို...လိုက်နာ ခြင်း ပေ ပဲ လား..။ တမင် များ.. အရွဲ့ တိုက် လေ သလား မဆို နိုင်..။ ရခိုင် လေး...စံရွှေမြင့်.. ကရင်မလေး..နော်ကူးမ.. ။ ကာတွန်း သိုက်ထွန်း ရဲ့.. တောပုန်း ..လူဆိုး ဇာတ်လိုက်..စောဂျင်မီ နဲ့.. ရဲစုံထောက်မလေး..နီနီမာ  ဆိုရင်..ခုနေ ပြန်စဉ်းစား ကြည့် တော့.. KNU လိုလို ဘာလိုလို..။ အဲဒီ တုန်းက.. ဖတ်လေ့ ရှိ တဲ့..တခြား ရုပ်ပြ တွေ ဆို.. မိုက်မိုက်( ပြည်)..သူ့ပန်းချီ  တွေ က..ကိုယ်ပိုင် ဟန် ရှိ သည်။ ပန်းချီ တောင် ပိုဆန် သလို..။ နောက်.. အရုပ်လေး တွေ လှလွန်း လို့.. လိုက် တုပြီး..ကူးဆွဲ လေ့ ရှိတာ က..ပန်းချီ- စောနန်း ရဲ့... လက်ရာ လေး တွေ..။ ရုပ်ရှင် ပိတ်ကား ပေါ် ထိ ရောက်သွား တာ ကတော့.. နေကျောက်ခဲ ပေါ့..။ ဘယ်လောက် တောင် ပေါက်သလည်း ဆို.. ရပ်ကွက် ထဲက.. နာမယ်ကြီး အရူး ကြီး တယောက် နာမယ် ဟာ ..နေကျောက်ခဲ လို့ .. တွင်ခဲ့ တဲ့ အထိ..။ နန်းဦး တို့..မင်းသိုက် တို့ ဆို တဲ့.. ရုပ်ပြ တွေ ကျ တော့..ရောင်းတမ်း သိပ်ဆန် သွား လို့ . မဖတ် ဖြစ် တော့..။ ရောင်းတမ်း ကာတွန်း ဆို တာ... အဲဒီ တုန်းက တော့.. သေချာ မသိဘူး ပေါ့။ နောက် ပိုင်း.. ပန်းချီ ဆရာ အသိ တယောက်.. ရန်ကုန် တက်သွားပြီး..ကာတွန်း ရုပ်ပြ တွေ မှာ လိုက်ဆွဲ နေ တယ် ဆို တော့ မှ.. သဘော ပေါက် တော့တယ်။ သူ တို့ တွေ က ... နာမယ် ရ ပြီးသား ရုပ်ပြ ဆရာ တွေ အတွက်.. ပန်းခြံ  တို့.. လမ်းပေါ် က.ဖြတ်သွား တဲ့ ကားတို့.. ဘာတို့..အဲဒီ လို..နောက်ခံ ရှုခင်း တွေ ကို.. အုပ်စလိုက်..အခ ယူ ပြီး ဆွဲ ကြ တာ တဲ့ ..။

ကဲ .. Face book က  childhood favorite  ဆိုလို့..ငယ်ကြိုက် ငယ်ချစ် တွေ လျှောက်ဖွ လိုက်တာ.. ကာတွန်း ရော..ရုပ်ပြ ရော..စုံ တကာ စိ သွားတော့ တာပဲ..။
-
ဒါတောင်.. ကာတွန်း- အော်ပီကျယ် တို့.. ဟန်လေး တို့ လို.. ကြီးကြိုက်.. သရော် ကာတွန်း လေး တွေ မပါသေးဘူး။ အခု ကြီး မှ သဘောကျ တာ က..  နိုင်ငံခြား မဂ္ဂဇင်း ..ဆောင်းပါး တွေ မှာ သုံးလေ့ ရှိတဲ့ .. သရုပ်ဖော်.. ကာတွန်း လေး တွေ ..။နိုင်ငံရေး သရော် ကာတွန်း လေး တွေ ဆို... များသော အားဖြင့်.. Caricature လေးတွေ နဲ့ လေ..။ ခုတလော ဆို .. အတိုက်အခံ အင်တာနက် စာမျက်နှာ တွေ မှာ အဲဒီလို.. သရော်စာ လေး တွေ နဲ့  တွဲ လို့.. သရော် ကာတွန်းတွေ လည်း .. ခပ်စိပ်စိပ် တွေ့လာရ တယ်။ ဟန်လေး အပြင်.. မိုးမခ မှာ ဆို..မောင်ရစ်..စောငို..ဘိရုမာ..  စသဖြင့် ...

တခါ တော့..အားကျ မခံ.. Weekly Eleven မှာ ရေးဖြစ်တဲ့..ဆောင်းပါး လေး တပုဒ် ကို.. အဲဒီလို ကာတွန်းလေး သုံးမယ် ဆိုပြီး.... တကယ့် ကော်မာရှယ် ကာတွန်းဆရာ တယောက် ရှာလိုက်တာ..ကိုယ့် အိမ် ထဲ တင် သွားတွေ့ တော့တာပဲ..။း)  အဲဒါနဲ့... ကိုယ့် အမ .. ကလျာမိတေ  ကို..ကာတွန်း တခန်း အပ်လိုက်ပြီး...Eleven  ကိုလည်း.. ကြိုပြောလိုက်တယ်။ ကျမ ဆောင်းပါး အတွက်..သရုပ်ဖော် ပုံပါ.. ပေးပါ့မယ် လို့...။ သူ တို့ ကလည်း.. ထဲ့ပေးရှာ ပါတယ်။ 




ဧပြီ ၂၀၀၇ .. Weekly Eleven ပါ.. ဆောင်းပါးလေး.. 



ကာတွန်း တွေ နဲ့.. ကာတွန်း ဆရာ တွေ ရဲ့.. စွမ်းအား နဲ့.. သက်ရောက် လွှမ်းမိုးမူ တွေ က.. တကယ်တော့.. မသေး လှ ပါဘူး။ ၀ယ် ဖတ်မယ်လို့  တေးမှတ် ထား ပြီး.. မဖတ် ဖြစ် သေးတဲ့.. စိတ်ဝင်စား စရာ ကာတွန်းလေး တအုပ် ရှိသေးတယ်။ အဲဒါက.. လွန်ခဲ့တဲ့..နှစ် ပိုင်း က .. ပုံနှိပ်ဖြန့်ချီ သွားတဲ့.. Guy Delisle  ဆိုတဲ့..ဗမာပြည်ရောက် သံတမန် မိသားစု ၀င် ကာတွန်း ပညာရှင် တယောက် ရဲ့..  Burma Chronicles ဆိုတဲ့..ကာတွန်း စာအုပ် ကလေး ပါ။ သူ့ အမျိုးသမီး တာဝန် ထမ်း တဲ့..ဗမာပြည်မှာ လိုက် နေရင်း.. အိမ်ရှင်ထီး ဘ၀ နဲ့.. ဗမာပြည်..ရန်ကုန် တကြော..သူတွေ့ ကြုံ မြင်သိ ခဲ့တာလေး တွေ ကို...ဘယ်လို သရုပ်ဖော် ထား သလည်း ဆိုတာ..သိချင် စိတ်ဝင် စားနေ မိ သည် ။ မျက်နှာဖုံးက.. ကလေး လက်တွန်းလှည်း လေး တွန်း နေတဲ့.. အမျိုးသား က.. ကာတွန်း ဆရာ ကိုယ်တိုင် ပင် ဖြစ်ပေ လိမ့် မည်။


 

မိတ်ဆွေ ကာတွန်း ဆရာ တယောက်က.. အဖော်စပ် လာတယ်။ အခုခေတ် နိုင်ငံခြားမှာ ကြီးပြင်းတဲ့ ကလေး တွေ အပါအ၀င်.. မြန်မာ ကလေး သူရွယ်..မျိုးဆက်သစ် လေး တွေ အတွက်.. ရှစ်လေးလုံး အရေးတော်ပုံ ကာတွန်း ကြီး တခု လောက် လုပ်ချင် တယ်တဲ့..။ သူ့စိတ်ကူး လေး က..ကောင်းပါတယ်။ ဒါပေမဲ့.. အတော်တော့..မလွယ် ဘူး ထင်သည်။ ၀ိုင်းဝန်း စုစည်း ပြီး လုပ်ကြ ရင် တော့.. အကျိုးများ ဖွယ် .. ကာတွန်း တအုပ် ဖြစ်လာ ပေ လိမ့် မည်..။

( လွန်ခဲ့တဲ့..၂ ပတ်ကျော်  ကတည်းက..စ  ထားမိ တဲ့..စာ ကို..  အာရုံများ..စိတ်များ နေ လို့.. ပြစ်ထားမိ ရာက.. လက်စသတ် ပြီး.. အသစ်မတင်တာ ကြာပီ ဖြစ်သော..ဘလော့ဂ် လေး အား... ဆိုင်ပြန်ခင်း လိုက်ပါတယ်.. ။ အပေါင်းအဖော် ဘလော့ဂါ တွေ တော်တော်များများ.. ဘလော့ဂ်မှာ စာမရေး ကြ တော့ပဲ....Face book မှာပဲ... ရေးကျ အော်ကျ ..ရီကျ..မောကျ လုပ် နေ ကြ တော့.. ကိုယ်က နောက် ဖူးတယ်။ ဖဘ ကို သွားရ တာ..ဈေးထဲ သွားသလို ခံစား ရပြီး.. ဖဘ မှာ ရေး ရ တာလည်း..ဈေးထဲ မှာ..ဆိုင်ဖွင့် ရ သလို ပဲ .. ဘလော့ဂ် က တော့..ကိုယ့်အိမ်ရှေ့  ကိုယ် ခင်း ထားတဲ့.. အိမ်ဆိုင် ကလေး နဲ့ ပိုတူ တယ် လို့...။း)  ဒါပေမဲ့..ဖဘ မှာ ဆိုရင် ..မြန်မာပြည် ထဲက..ဖတ်လို့ လွယ်ကူ တာ လေး ကတော့.. အဆင်ပြေလှ သည်။ )



Share/Bookmark

လေငြိမ်ငြိမ်--သစ်ပင်ကြီးငြိမ်

(ရေးသားသူ- ခင်လေးကြည်ကြည်)

“ကဲ သားတို့ သမီးတို့ သည်နေ့ ဆရာမက မင်းတို့ကို သစ်ပင်တွေ အကြောင်းပြောပြချင်တယ်”
ဆရာမက အတန်းတွင်းရှိကလေး များကိုပြောရင်း မေးခွန်းထုတ်လိုက်သည်။

“သစ်ပင်ကြီးတွေ အသက်ရှုသလား”

“ရှုပါတယ်...”

“သေချာလား .... ရှုတယ်ဆိုရင် သူတို့ ဘာနဲ့အသက်ရှုလဲ မင်းတို့ သစ်ပင်မှာ နှာခေါင်းပေါက်များတွေ့ဖူးလို့လား”

“ မတွေ့ပါဘူး ... မရှုပါဘူး ”
“ရှုပါတယ်.. အမြစ်နဲ့ပါ”
“ အကိုင်းနဲ့ရှုပါတယ်”
ဆရာမက အကြောင်ဖမ်းမေးလိုက်၍ ကလေးများ တစ်ယောက်တစ်ပေါက် ဖြစ်ကုန်ကြသည်။

ဆရာမက ပြုံးလိုက်ပြီး သင်ပုန်းပေါ်တွင် မြေကြီးမှာပေါက်နေသော သစ်ပင်ပုံဆွဲလိုက်သည်။ ထို့နောက် ကလေးများဘက် ပြန်လှည့်ကာ.....

“ကဲ မင်းတို့လည်း အသက်ရှုရင် လေကိုရှုတယ်လေ သစ်ပင်လည်း လေကိုရှုမှာပေါ့။ ဒါဆို ဘယ်အပိုင်းနဲ့ ရှုမလဲ ...အမြစ်က မြေကြီးထဲမှာဆိုတော့ အမြစ်နဲ့ရှုလို့ရပါ့မလား..”

“လေပေါ်က အပိုင်းနဲ့ရှု ပါတယ်”

“ဒါပေါ့... သစ်ပင်တွေက အရွက်တွေကနေ အသက်ရှုကြတယ်”

“ သစ်ပင်တွေဟာ လေထဲက ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကို အရွက်တွေမှာရှိတဲ့ လေပေါက်ကလေးတွေကနေ စုပ်ယူကြတယ်။ မြေကြီးထဲက ရေကိုတော့ အမြစ်တွေကနေစုပ်ယူကြတယ်။ နောက် သစ်ပင်ရဲ့ အစိမ်းရောင်အပိုင်းမှာရှိတဲ့ ကလိုရိုဖီးလ်ဆိုတဲ့ ဓာတ်က နေရောင်ခြည်ကို အသုံးပြုပြီး ခုန စုပ်ယူထားတဲ့ ကာဘွန်ဒိုင်အောက်ဆိုက်နဲ့ ရေ ကို ကာဘွန်ဟိုက်ဒြိတ် လို့ခေါ်တဲ့ အစာတွေ ဖြစ်အောင် ချက်ပေးတယ်။ အဲသည်မှာ ဘေးထွက်ပစ္စည်းအနေနဲ့ အောက်စီဂျင်ကို ထုတ်လွှတ်လိုက်တယ်....

အိမ်မှာ မင်းတို့ စားဖို့ အစာကို အမေက ထမင်းအိုးထဲ ဆန်ထည့် ရေထည့် ပြီး ထမင်းချက်ပေးသလိုပေါ့။ ဆန်က ကာဘွန်ဒိုင်အောက်ဆိုက် ဆိုရင် ရေက တော့ ရေပေါ့။ နေရောင်ခြည်က မီးဆိုရင် အမေက ဘာလဲ....”

“ အမေက ထမင်းချက်တဲ့သူပါ”

“ အမေက ကလိုရိုဖီးလ်ပေါ့..။ သစ်ပင်ကြီးကတော့ ထမင်းအိုးကြီးပေါ့...ဟုတ်ဘူးလားကွဲ့ ..”

“ ဟုတ်ပါတယ် ဆရာမ”

“ဒီတော့ ....သစ်ပင်တွေဟာ တို့တွေစားဖို့ အစာတွေကို အဓိက ထုတ်လုပ်ပေးတယ်..။ တို့တွေ ရှုဖို့ လေကောင်းလေသန့် အောက်စီဂျင်တွေကို လည်း ထုတ်ပေးသေးတယ်..တို့လူသားတွေကို အကျိုးမပြုဘူးလားနော်”

“ပြုပါတယ် ဆရာမ”

“ အေး ဒါပေမဲ့ အဲလို လုပ်ပေးတာက နေ့ခင်း နေရောင်ခြည် အလင်းရှိတုန်း သူတို့ အစာချက်တဲ့ လုပ်ငန်းစဉ် မှာပဲကွဲ့။ ညရောက်တဲ့ အခါမှာတော့ သစ်ပင်တွေကလည်း တို့ လူတွေအသက်ရှုသလိုပဲ သူတို့လည်း ရှုကြတယ်တဲ့”

ဆရာမက သင်ပုန်းတွင် ရောင်ခြည်ဖြာနေသော နေလုံးပုံ၊ သစ်ပင်ပုံ ဆွဲပြပြီး ၊ အမြစ်က ရေစုပ်ယူပုံ၊ ပင်စည်အပေါ်ပိုင်းက စုပ်ယူသော ဓာတ်ငွေ့၊ ပြန်ထွက်သော ဓာတ်ငွေ့ စတာတွေကို ကလေးတို့ သဘောပေါက်လွယ်အောင် မျှားလေးတွေဖြင့် ပြရင်း မေးလိုက်သည်။

“လူတွေက လေထဲက ဘာဓာတ်ငွေ့ကိုရှုကြတာလဲ”

“အောက်စီဂျင်ဓာတ်ငွေ့ပါ”

“ ဘာဓာတ်ငွေ့ကို ပြန်ထုတ်သလဲ”

“ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ပါ”

“ ဟုတ်တယ် ကလေးတို့ သိပ်တော်တာပဲ..။ သစ်ပင်ကြီးတွေဟာ နေ့အခါ မှာတော့ နေရောင်ခြည်အသုံးပြုပြီး အစာချက်ရာမှာ လူတွေထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို သူတို့က ယူ... လူတွေအသုံးလိုတဲ့ အောက်စီဂျင်ကို သူတို့က ပြန်ထုတ်ပေးလို့ လူတွေနဲ့ သိပ်အဆင်ပြေ ကြတာပေါ့..”

“ ညဘက်ရောက်လို့ နေရောင် မရှိတော့တဲ့အခါ အစာမချက်နိုင်တော့တဲ့ အချိန်မှာတော့ သူတို့လည်း လူတွေလိုပဲ အောက်စီဂျင်ကို ရှုပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုပဲ ထုတ်ကြသတဲ့ကွယ်...ဒါကြောင့် တခါတလေ ညဘက်ကြီး သစ်ပင်အကြီးကြီးတွေ အောက်မှာတို့ သစ်တောတွေထဲမှာတို့ နေမိ အိပ်မိရင် အသက်ရှုမ၀ဖြစ်ပြီး သတိလစ်တတ် တယ်ဆိုတာ....လူတွေနဲ့ သစ်ပင်တွေ အောက်စီဂျင်ကိုလုရှုကြလို့ပေါ့။ ဒါကို မသိတဲ့ သူတွေကတော့ သရဲဖမ်းတာ နတ်ဖမ်းတာ နဲ့ ကြောက်တတ်ကြတယ်။ အမှန်ကတော့ သစ်ပင်တွေက ညမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်တာကိုး..”။

နေ့အချိန်တွင် လူနှင့်သစ်ပင် သဟဇာတဖြစ်စွာ အောက်စီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ကို အပေးအယူ လုပ်ကြသော်လည်း ညအခါ အောက်စီဂျင်ကိုချည်းရှု၍ ကာဗွန်ဒိုင်အောက်ဆိုဒ် တွေချည်း ထုတ်လွှတ်ကြပုံကိုလည်း ဆရာမက သင်ပုန်းပေါ်တွင် နေ့ညခွဲခြားကာ ပုံကြမ်းဆွဲပြလိုက်သည်။

“ မင်းတို့ စဉ်းစားကြည့်စမ်း သစ်ပင်တွေက သူတို့ မနက်က သုံးထား စားထားတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို ညကျတော့ ပြန်ထုတ် သူတို့မနက်က ထုတ်ထားတဲ့ အောက်စီဂျင်ကို ညကျပြန်ယူ သူ့ဖာသာ လည်ပတ်နေတာပဲနော်.... သူတို့ အစာအတွက် ဈေးသွားဖို့မလိုဘူး.... မင်းတို့လည်း ဈေးသွားဖို့မလိုအောင် မနက်က စားထားတာ ညကျ ပြန်ထုတ် မနက်ကျ ပြန်စား မကောင်းဘူးလား....အမေ ဈေးဖို့ သက်သာတာပေါ့”

“ ဟင့် မကောင်းပါဘူး ဆရာမကလည်း ..”
“ဟား ဟား ဒါတော့ သိသားပဲ”

“ကဲ သစ်ပင်ကြီးတွေ က ဘယ်လောက်ချစ်ဖို့ကောင်းလဲနော် ... သူ့ပတ်ဝန်းကျင်ကို မျှတနေအောင်လုပ်ပေးထားတာ။ တို့လူတွေအတွက်လည်း အစာတွေလည်းပေးတယ် လေရှုဖို့လည်း လုပ်ပေးတယ်။ နေစရာ အရိပ်ခိုစရာ လည်းပေးတာပဲ။ အ၀တ်အထည်တွေလည်းပေးတာပဲ သစ်ပင်တွေကို ချစ်တတ် ထိန်းသိမ်းတတ်ဖို့လိုတယ်။ သစ်ပင်မရှိတဲ့ ကမ္ဘာကြီးဆိုရင် ဘယ်လိုဖြစ်လဲ စဉ်းစားကြည့်ကြစမ်းပါ။”
“ကြောက်စရာကြီးပါ လူတွေ သေကုန်မယ်ထင်တယ် ဆရာမ”

“ အေး မင်းတို့ထင်တာတွေကို သစ်ပင်မရှိတဲ့ ကမ္ဘာဆိုပြီး အိမ်ကနေ စာ ငါးကြောင်း လောက်ရေးခဲ့ကြနော်..”

ဆရာမက သင်ပုန်းပေါ်ရှိ ပုံများကိုဖျက်ကာ ပုံသစ်တစ်ပုံဆွဲရန် အစပြုရင်း မေးခွန်းထုတ်လိုက်သည်။

“ အခု သစ်ပင်တွေ အသက်ရှုတာသိပြီ... သူတို့ လူတွေလို သွားလာလို့ရလား”

“မရပါဘူး ဆရာမ”

“လှုပ်လို့ရောရလား”

“လှုပ်လို့တော့ရပါတယ် လေတိုက်ရင်လေ”

“အေး မှန်တာပေါ့..။ ဟုတ်ပြီ သူတို့ မျိုးပွားလို့ရောရလား။ မင်းတို့ လူအသစ်ကလေးတွေ ထပ်မွေးလာသလို သစ်ပင်အသစ်ကလေးတွေရော ထပ်ပေါက်လာသေးလား”

“ပေါက်ပါတယ်”

“ ဘယ်လိုပေါက်သလဲ”

“ သစ်စေ့လေးတွေကနေ အပင်သစ်ကလေးတွေပေါက်ပါတယ်”

“ သိပ်တော်တာပဲကလေးတို့ သည်မှာကြည့် သစ်စေ့လေးကနေ သည်လိုမျိုး အဆင့်ဆင့် အပင်လေး ပေါက်လာတယ်နော်..ဒါက ပဲစေ့လေးတစ်စေ့ အပင်ပေါက်ပုံပေါ့”

တတိယတန်း သဘာဝ သိပ္ပံ သင်ခန်းစာမှ ပဲစေ့ အပင်ပေါက်ပုံအဆင့် ငါးဆင့်ကို ဆရာမက ဆွဲပြလိုက်သည်။

“ ကဲ ကောင်းပြီ။ အခု မင်းတို့က သစ်စေ့လေးတစ်စေ့ လို့ ကိုယ့်ကိုယ်ကို စိတ်ကူးကြည့်ရအော်နော်... မင်းတို့ ဘာစေ့လေးတွေဖြစ်ချင်လည်း ...ပဲစေ့လေးတွေလား၊ သရက်စေ့လေးတွေလား၊ သင်္ဘောသီးအစေ့လေးလား... ဖြစ်ချင်တဲ့အပင်ကို စိတ်ကူးကြည့်ပါ”

ဆရာမက ကြမ်းပေါ်တွင် ဒူးတုပ်ထိုင်လိုက်ရင်း ကိုယ်ကိုဝပ်လိုက်သည်။

“ဆရာမလုပ်သလို လိုက်လုပ်မယ် ကိုယ်လုံးကလေးကို မြေကြီးပေါ်မှာ သစ်စေ့လေးလို ကပ်ထားပါ ”

ကလေးတို့ အားလုံး ဒူးတုပ်ကလေးတွေထိုင်ပြီး စာသင်ခန်းကြမ်းပြင်တွင် ကုန်းကုန်းလေးတွေ လုပ်နေကြသည်။
“ ကဲ... နေရောင်ခြည်တွေ ရေတွေ လေတွေ ရလို့ သစ်စေ့လေး အပင်ပေါက်လာပြီ”

ဆရာမက တဖြည်းဖြည်း လက်နှစ်ဖက်ကို လက်အုပ်ချီသလို လုပ်ရင်း အပေါ်ကိုမြှောက်ပြသည်။ ကလေးများလိုက်လုပ်ကြသည်။

“ဟော... သစ်ပင်ပေါက်ကလေး ရှည်လာပြီ”

ဆရာမက ဒူးကိုထောက် ခါးကိုဆန့် လိုက်ပြီး လက်ဖ၀ါးနှစ်ခုကိုဘေးဘက်ကားရင်း ခေါင်းပေါ်ကို မြှောက်လိုက်သည်။ ထို့နောက် တဖြည်းဖြည်း မတ်တတ်ထလိုက်သည်။ ကလေးများလည်း တဟိဟိ ရီရင်း လိုက်လုပ်ကြသည်။

“ဟုတ်ပြီဲ ..သစ်ပင်ကြီး ဆက်ကြီးထွားလာပြီ။ နေရောင်ခြည်ရအောင် အစွမ်းကုန် ရှည်လိုက်ကြစမ်းပါ”

ဆရာမက အစွမ်းကုန် ခါးကိုဆန့် လက်ကိုမြှောက် ခြေဖျားကိုထောက်ရင်း ကလေးများကိုပြောလိုက်သည်။ ကလေးများကလည်း တကိုယ်လုံးအစွမ်းကုန် ဆန့်ရင်း အညောင်းတွေပြေကုန်သည်။

“ကဲ လိုက်ဆိုပါ ........လေငြိမ်ငြိမ်...”
“လေငြိမ်ငြိမ်”

“သစ်ပင်ကြီး..ငြိမ်”
“သစ်ပင်ကြီး ...ငြိမ်”

“လေပြင်းတိုက်တော့ဘယ်လိုဖြစ်တယ်”
“လေပြင်းတိုက်တော့ ဘယ်လိုဖြစ်တယ်”

“ဟောဒီလိုဖြစ်တယ်....”
“ဟောဒီလို ဖြစ်တယ်။”

ဆရာမက လက်နှစ်ဘက်ကိုဝှေ့ယမ်းရင်းဆိုတော့ ကလေးများလည်း ပျော်ရွှင်စွာ ဝှေ့ယမ်းကြလေသည်။
“ကလေးတို့ ရေ......အရှေ့ဘက်ကလေတိုက်ရင် ဘယ်ဘက်ကိုယိမ်းမလဲ”
“ အနောက်ဘက်ကို ယိမ်းပါမယ်”

“ဟုတ်ပြီ ဆက်ဆိုမယ်”
“ အရှေ့ကတိုက်တော့ အနောက်ကိုယိမ်းတယ်...”
“ အရှေ့ကတိုက်တော့ အနောက်ကိုယိမ်းတယ်...”

“ အနောက်က တိုက်တော့ အရှေ့ကိုယိမ်းတယ်...”
“ အနောက်က တိုက်တော့ အရှေ့ကိုယိမ်းတယ်...”

စာသားအလိုက် ခါးကို ရှေ့နောက် ယိမ်းကြသည်။
“ညာဘက်ကတိုက်တော့ ဘယ်ဘက်ကိုယိမ်းတယ်..”
“ညာဘက်ကတိုက်တော့ ဘယ်ဘက်ကိုယိမ်းတယ်..”

“ဘယ်ဘက်ကတိုက်တော့ ညာဘက်ကိုယိမ်းတယ်..”
“ဘယ်ဘက်ကတိုက်တော့ ညာဘက်ကိုယိမ်းတယ်..”

အသံကိုဆွဲဆိုကာ ဘယ်ညာ ယိမ်းနွဲ့ကြပြန်သည်။
“လေငြိမ်ငြိမ် သစ်ပင်ကြီးငြိမ်”

ကလေးများ အားလုံး လက် ကလေး တွေ ဘေးကပ် ရပ်လိုက်ရင်း သံပြိုင်အော် ကာ လိုက်ဆို နေကြ သည်။


+++++++++


မနက်ဖြန် သူတို့နဲ့တွေ့ရတော့မည်။ ကျမ ပျော်ရွှင်စွာ စိတ်လှုပ်ရှားနေမိပါသည်။ သူတို့ဆိုတာက သူငယ်တန်းကနေ လေးတန်းအထိရှိသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက ကလေးတွေပါ။ မနေ့က သူငယ်ချင်းက ဖုန်းလှမ်းဆက်သည်။ သဘက်ခါကျရင် ငါတို့တွေ ဒဂုံမြို့သစ်တောင်ပိုင်းက ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ကလေး တစ်ရာလောက်ကို နေ့လည်စာကျွေးရင်း ကလေးတွေအတွက် ပန်းချီဆွဲတာလေးတွေ ကဗျာဆိုတာလေးတွေ လုပ်မယ်။ နင်လည်း စိတ်ဝင်စားရင် နင်သိထားတဲ့ စာသင်နည်းလေးတွေ ကို ပြပေးမလားတဲ့။

အိုး ...သိပ်ရတာပေါ့။ ပြပေးချင်နေတာ အတော်ပါပဲ။ ကျမက စာသင်ရမှာကို သိပ်ပျော်တာ။ စိတ်ကူးထဲမှာ အမြဲ စာသင်ပေးနေတာ။ သူတို့ကို ကဗျာလေးတွေလည်း ဆိုခိုင်းမယ်။ ကိုယ်လက်လှုပ်ရှား ကစားနည်းလေးတွေနဲ့လည်း ကစားပေး အုံး မယ်။

သည်နေ့ တစ်နေ့လုံး သူတို့နဲ့တွေ့ရင် သင်ပြဖို့ သင်ခန်းစာတွေ ပြင်ဆင်နေမိသည်။ တစ်နာရီလောက်ဆိုရင်တော့ ကလေးတွေပျင်းမလားပဲ။ လေးဆယ့်ငါးမိနစ်လောက်တော့ မပျင်းလောက်ပါဘူးလေ။ သူတို့ကို ဘာအကြောင်း သင်ပေးရင်ကောင်းမလဲ...။ သမိုင်း၊ ပထ၀ီ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ။ အင်း ....ဒါတွေက သူတို့က အတန်းစုံ အရွယ်စုံ ဆိုတော့ သင်ရခက်မယ်..။ အဲတော့ ကလေးအားလုံးလည်း နားလည်နိုင်မဲ့ တတိယတန်း သဘာဝ သိပ္ပံထဲက သစ်ပင်အစာချက်တာနဲ့ သစ်စေ့လေး အပင်ပေါက်တဲ့ ပုံကိုယူသင်ပေးမယ်။ ဟုတ်ပြီ။ သားသားတို့ မူကြိုမှာ သင်တဲ့ ကဗျာလေးကို သင်ပေးရမယ်။ ဒါဆို သူတို့ ကိုယ်လက်လှုပ်ရှားပြီးသားလည်းရမယ်။ သင်ခန်းစာနဲ့လည်း ကိုက်ညီတယ်။ ကောင်းတယ် ... ခု ခေတ်စားနေတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ပညာပေးရာလည်း ရောက်တယ်။

ကလေးဗဟိုပြု သင်ကြားရေးမှာ ကလေးတွေရဲ့ သိပြီးသား အသိကို အခြေခံပြီး သင်ကြားပေးမဲ့ သင်ခန်းစာနဲ့ ဆက်စပ်ဆွဲယူ သင်ကြားပေးရတယ် လို့ ဆိုတယ်။ သည်တော့ ကလေးတွေကို သူတို့ သိပြီး နားလည်ပြီး တာတွေကို မေးခွန်းတွေ ထုတ်ပေး မေးပေးရမယ် တဲ့။ သူတို့ စိတ်ကူးဥာဏ်တွေကို အသစ်စဉ်းစားတတ်လာအောင်ဖွင့်ပေးတဲ့ မေးခွန်းတွေမေးရမယ်။ သူတို့ ရဲ့ ကိုယ်ပိုင် စဉ်းစားချက်တွေကို စာကြောင်း အနည်းငယ် ရေးခိုင်းတဲ့နည်း၊ အတန်းသားတွေရှေ့မှာ ပြောခိုင်းတဲ့ နည်းကိုသုံးပြီး ထုတ်ဖော်ပေးရမယ်တဲ့။ ဒါမှ ကလေးတွေဟာ မိမိယူဆချက်ကို ထုတ်ဖော် ပြောဆိုရဲလာမယ်။ စာအရေးအသားစွမ်းရည်၊ အပြောစွမ်းရည်လည်း တက်လာမယ် လို့ ကျမတက်ထားဖူးတဲ့ သင်တန်းတွေ မှာ သိခဲ့ရတယ်။

ကျမ ပြင်ဆင်ထားခဲ့တဲ့ သင်ခန်းစာကို အထပ်ထပ် စဉ်းစား၊ အထပ်ထပ်လေ့ကျင့် နေမိပါတယ်။
ကျမ စိတ်ကူးထဲမှာ တော့ ကလေးတွေနဲ့ အပေးအယူ မျှနေတာပဲ။
ကျမတို့ စာသင်ခန်းလေးက ပျော်စရာ သိပ်ကောင်းနေပါတယ်။


++++++++++


သူငယ်ချင်းကတော့ပြောခဲ့သားပါ။
ကျောင်းက နည်းနည်းဝေးတယ်နော်တဲ့။ ဆင်းရဲလည်း ဆင်းရဲတယ်တဲ့။
သိပါတယ်ဟယ်။ အစိုးရကျောင်း မတက်နိုင်တဲ့ ကလေးတွေအတွက် ဖွင့်တဲ့ကျောင်းဆိုမှတော့ ချမ်းသာပါ့ မလား ပေါ့။


ဒါပေမဲ့ ကျမ စိတ်ကူးထဲမှာတုန်းက သည်လောက်ဆင်းရဲပြီး သည်လောက်ဝေး လိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။ ဝေးတယ်ဆိုတာက လူတွေနဲ့ ဝေးတာကို ပြောတာပါ။ ရန်ကုန်မြို့ထဲ ကနေ ကားစီးရင် တစ်နာရီလောက်ပဲ ကြာတဲ့ခရီးမို့ အမှန်တော့ ဝေးလှတယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမဲ့ လူနေထူထပ်တဲ့ မြို့ပြကနေထွက်လို့ လယ်ကွင်း စိမ်းစိမ်းတွေကြားက မြေနီနီ လမ်းလေး နဘေး ရွှံ့ အိုင်ထဲက ဘုန်းတော်ကြီးကျောင်းကလေးကတော့ ခေါင်လွန်း၊ ဝေးလွန်းလှသလိုပါပဲ။ ဘုန်းကြီးကျောင်းဆိုရင် ကလေးတွေ အတွက် ကစားစရာ မြေကွက်လပ်တော့ ရှိမယ်။ သစ်ပင်ရိပ်အောက်က မြေကွက်လပ် မှာ စာသင်ရရင် စာသင်ခန်းမလိုပါဘူး။ နာမည်ကျော် ဆန်တနိကေတန် ကျောင်းလို သဘာဝ ပတ်ဝန်းကျင်ကို လေ့လာပြီးသားတောင် ရလိမ့်မယ်လို့ ထင်ခဲ့မိတယ်။

ခုတော့ ဘုန်းတော်ကြီးနဲ့ စာသင်သားကိုရင် ငါးပါးလောက် သီတင်းသုံးတဲ့ ဆယ်ပေပတ်လည် ထရံကာ သွပ်မိုး ပျဉ်ခင်း ကျောင်းကလေး နှစ်ဆောင်နဲ့ ကလေးတို့ စုဝေးရာ ပေနှစ်ဆယ်ပတ်လည် ပြတင်းပေါက်မပါတဲ့ မြေစိုက်ထရံကာ စာသင်ကျောင်း အတွက် မြေနေရာကလွဲလို့ ကျန်တာက လယ်ကွင်းပြင်ကြီး ပဲလေ။ သစ်ပင်ကြီး ဆိုလို့ တစ်ပင်တောင် ပေါက်စရာနေရာမရှိတဲ့ ဘုန်းကြီးကျောင်းကို တွေ့လိုက်ရပါတယ်။ အင်း သည်လို ကျောင်းမျိုးကို ရှာဖွေ အလှူ လုပ်နိုင်တဲ့ သူငယ်ချင်းတို့ အုပ်စုကိုပဲ ချီးကျူး မိပါသေးတယ်။

ဆရာတော်ကို ကန်တော့ပြီးတော့ ကလေးတွေရှိတဲ့ စာသင်ခန်းကို လာခဲ့တယ်။ ကလေးတွေကတော့ ချစ်စရာလေးတွေပါ။ တို့နိုင်ငံရဲ့ အနာဂတ်ပန်းကလေးတွေပေါ့။ အားလုံးပဲ အဖြူ အစိမ်းလေးတွေ ၀တ်လို့ တောက်တောက်ပပကြီး မဟုတ်ကြပေမဲ့၊ သိပ်နွမ်းနွမ်းပါးပါးတော့ မတွေ့ရပါဘူး။ သူတို့ကို ကြာဇံကျော်ကျွေးမယ်၊ ပန်းချီတွေလည်းသင်မယ်၊ ကျောင်းကို ဧည့်သည်တွေ လည်း လာတယ်ဆိုတော့ ပျော်ရွှင်တက်ကြွ နေကြတာပေါ့။ ဆရာမလေး နှစ် ယောက်ခမျာ တုတ်တစ်ချောင်းစီ ကိုင်လို့ တဟဲ့ဟဲ့ အော်နေရတာပါပဲ။ အင်း ကျမ တက်ခဲ့တဲ့ သင်တန်းမှာတော့ ကလေးစိတ်ပညာအရ တုတ်မကိုင်ရဘူး ဆိုပဲ။





သည်နေ့က ဧည့်သည်တွေလာလို့ အတန်းဖွဲ့စည်းပုံပြင်ထားသလား။ အရင်ကလည်း သည်လိုပဲလားတော့ မသိဘူး။ တခန်းတည်းသာရှိတဲ့ စာသင်ကျောင်းရဲ့ နံရံ သုံးဘက်မှာ သင်ပုန်း ငါးခုကို ကပ်ထားတယ်။ နံရံတဘက်ကတော့ ၀င်ပေါက်ပေါ့။ အင်း .. သူငယ်တန်းအတွက်က ဟိုသင်ပုန်းဖြစ်မယ်။ သည်ဘက်နံရံက သုံးတန်းနဲ့ လေးတန်းအတွက် ဖြစ်နိုင်တယ်။ သုံးတန်း နဲ့ လေးတန်း အင်္ဂလိပ်စာတွေ သင်ပုန်းပေါ်မှာ ရေးလက်စ တွေ့တယ်။ ဒါဆို ဟိုဘက်နံရံမှာ ပထမတန်းနဲ့ ဒုတိယတန်း ဖြစ်နိုင်တယ်။ ကလေး တစ်ရာကျော် အတန်း ငါးတန်းအတွက် ဆရာမ နှစ်ယောက် ဆိုတော့ အတန်းတွေကို ကြားမှာ ကာမထားတာပဲ အဆင်ပြေမယ် ထင်ပါရဲ့လေ။ ဆရာတော် ရော ကူသင်ပေးသလားမသိဘူး။ သင်မှပဲ ဖြစ်မယ်ထင်တယ်။ ကိုရင်ကြီးတွေ ဦးပဇင်းတွေလည်း ရှိသားပဲ သူတို့လည်း ကူထိန်းပေးမှာပေါ့။

ဟော... ကလေးတွေ ကြာဇံကျော် စားရအောင် တန်းစီပါတဲ့။ ဆရာမက တုတ်တချောင်းကိုင်ရင်း အော်နေတယ်။ တန်းစီ တန်းစီတဲ့။ အင်း အတန်းအလိုက် ကျွေးလိုက်ရင်ကောင်းမယ်။ တန်းစီလို့တင် ပြောနေရင် သူတို့က ဘယ်စီ တတ်မလဲ။

“ကဲ ..ကဲ သူငယ်တန်းတွေအရင် ရှေ့ကိုလာ။ အတန်းကြီးတွေ နောက်မှာနေဦး”
အမလေး... ကျမ ၀င်အော်ပေးမှပဲ ပိုဆိုးသွားပါလား။ ၀ုန်းကနဲဆို သူငယ်တန်းတွေရှေ့ကိုတဲ့ ဆိုပြီး အားလုံးနီးပါး ပြုံတိုးရောက်လာကြတယ်။ နည်းနည်း အသက်ကြီးတဲ့ ကလေးတွေကို ဟဲ့ နင်တို့က သူငယ်တန်းလား ဘာလို့ ရှေ့တိုးနေတာလဲ နောက်မှာ စီလေ လို့ ပြောလိုက်တော့..“ သမီး သူငယ်တန်းပါ။ မယုံရင် ဆရာမကို မေးကြည့်ပါတဲ့”

စိတ်ရှုပ်နေပုံရတဲ့ ဆရာမလေးကလှည့်ကြည့်ရင်း ပြောလိုက်တယ်။
“ဟုတ်တယ် အစ်မရေ သည်ကျောင်းမှာ သူငယ်တန်းကတင် ငါးဆယ်ကျော်တယ်။ အားလုံးနီးပါး သူငယ်တန်းချည်းပဲ” တဲ့လေ။

သြော် ... ဟုတ်မှာပေါ့နော် ။ ဆရာတော် ကျောင်းဖွင့်တယ်ဆိုမှ ကျောင်း စအပ်ရတော့ သူတို့ခမျာ အသက် ၈ နှစ် ၉ နှစ်လည်း သူငယ်တန်းပဲဖြစ်နေတာကိုး။

ဟန်ဆောင်မှု၊ ပြိုင်ဆိုင်မှု ကင်းကင်းနဲ့ စားသောက်နေကြတဲ့ ကလေးတွေကို ငေးကြည့်ရင်း ကျမလည်း ဗိုက်ဆာဆာနဲ့ သူတို့နဲ့အတူ တန်းစီပြီး ကြာဇံကျော်စားလိုက်ပါတယ်။ ပြီးရင် သူတို့လေးတွေကို စာသင်ရင်း ဂိမ်းတွေ ကစားပေးရ ဦးမယ်လေ။


+++++++++++


ပန်းချီဆွဲပြနေတဲ့ ဆရာကြီးနဲ့ အပေးအယူမျှနေတဲ့ ကလေးတွေကို နောက်နားက ကြည့်နေရင်း သဘောကျနေမိပါတယ်။ အရမ်း ထုံထုံ အအ မပြောရဲ မဆိုရဲတဲ့ ကလေးတွေတော့မဟုတ်ပါဘူးနော်။ မေးလိုက်ရင် ဖြေကြတာချည်းပဲ။ ဒါမျိုးမှ ကောင်းတယ်။ အင်း ကိုယ့်အလှည့်မှာတော့ ဘယ်လို လာမလဲမသိဘူး။ အတန်းဘေးနားက တုတ်ကိုင်ရင်း ထိန်းပေးနေတဲ့ ဆရာမလေးကို တိုးတိုးပြောမိတယ်။ အစ်မ သိပ္ပံသင်ခန်းစာ လေး နည်းနည်းသင်ပြပေးချင်တယ်နော် ဆိုတော့ သင်ပါအစ်မ ရပါတယ် တဲ့။

ကဲ ကိုယ့်အလှည့်ရောက်ပါပြီ။ သူငယ်တန်းကနေ လေးတန်းအထိ အားလုံးရောနေတဲ့ သည်ကလေးတွေကို ကြိုတင် ပြင်ဆင်လာခဲ့တဲ့ သင်ခန်းစာ ကို သင်ပြပေးလိုက်ပါတယ်။ ပထမ ငါးမိနစ်လောက်တော့ ဘာ အနှောက်အယှက်မှမရှိ အဆင်ပြေနေသားပင်။ ဟော.. ကလေးတစ်ယောက် ချွေးတွေရွှဲလို့ လိုက်အော်ရလို့ မောပန်းနေတဲ့ မျက်နှာထားလေးနဲ့ လက်ကလေးတစ်ချောင်းထောင်လို့ “ဆရာမ ရေသောက်တဲ့” ။ ကျမ ခေါင်းညိတ်ပြလိုက်ပါသည်။ ကလေးက စာသင်ခန်း အပြင်ဘက်က ရေအိုးစင်ဆီ ထွက်ပြေးသွားသည်။

အရှိန်ရနေတဲ့ စာကိုဆက်သင်မယ်လုပ်တုန်း ....ဟော နောက်တစ်ယောက် လက်ညှိုးလေးထောင်လို့ “ဆရာမ သေးပေါက်” တဲ့ ခေါင်းညိတ်ပြရပြန်တယ်။ မေးခွန်းမေးမယ်လုပ်တုန်း လာပြန်ပြီ လက်တစ်ချောင်းထောင်လို့ “ဆရာမ ရေသောက်”။
ဘုရားရေ ...... လေးငါးယောက်တပြိုင်တည်း စုပြုံပြီး လက်ညှိုးလေးတစ်ချောင်းစီထောင်လို့ ... ။ ကျမ ခေါင်းညိတ် မပြချင်တော့ပါဘူး။ ခေါင်းညိတ်ပြလိုက်မိရင် နောက်ထပ် ထောင်လာဦးမယ့် လက်ညှိုးလေးတွေ အများကြီးကို မြင်နေပါတယ်။ ယောင်နန ငေးရင်း ဘာလုပ်ရမှန်းမသိတဲ့ ကျမအခက်အခဲကို တုတ်ကိုင်ထားတဲ့ ဆရာမလေးက ၀င်ကူလိုက်ပါတယ်။

“ အားလုံး ပြန်ထိုင်ကြ။ တစ်ယောက်မှ မထရဘူး။ ရေလည်းမသောက်ရဘူး။ သေးလည်းမပေါက်ရဘူး။ သွား ပြန်ထိုင်”

အင်း ...တော်ပါသေးရဲ့။ နည်းနည်း ငြိမ်သွားတဲ့ ကလေးတွေကို ကြည့်ရင်း ခုနသင်လက်စ သင်ခန်းစာ ကို ဆက်သင်လိုက် ပါတယ်။ ခဏတော့ အဆင်ပြေသား။ ဟော ... လက်ကလေးထောင်လို့ ချွေးရွှဲနေတဲ့ မျက်နှာနဲ့ ရေသောက်တဲ့.... နောက်တစ်ယောက် ....နောက်နှစ်ယောက်....နောက်သုံးယောက်....လေးယောက်...။

အင်း ခုနလည်း စားသောက် ဆော့ကစားထား၊ စာသင်တော့လည်း အော်ဟစ်ထား၊ ပြတင်းပေါက်မရှိတဲ့ သွပ်မိုးအောက်က စာသင်ခန်းထဲမှာ ချွေးတွေလည်းထွက်ဆိုတော့ ...ရေငတ်မယ်ဆိုလည်း ငတ်မှာပေါ့လေ။ ရေသောက်ချင်နေတဲ့ ကလေးတွေကို ရေမသောက်ခိုင်းပဲ စာသင်ခန်းထဲမှာ ထိုင်ခိုင်းထားတာ တရားပါ့မလား။ လူ့အခွင့်အရေး ချိုးဖောက်ရာ ကျမှာပေါ့နော်။ ဒါပေမဲ့လည်း ဒါ စာသင်ချိန်လေ။ သူတို့ ရေသောက်တိုင်း သေးပေါက်တိုင်းသာ သွားခိုင်းရရင်တော့ တတန်းလုံးအကုန်ထွက်ကြမှာပဲ။ စာသင်ခန်းထဲ ကျောင်းသားတောင် ရှိတော့မယ် မထင်ဘူး။ ကျမကသာ ဘာလုပ်ရမှန်း မသိ စဉ်းစားနေတုန်း သူတို့ ဆရာမက ပြန်ထိုင်ကြစမ်း ဆိုပြီး တုတ်သံ တဗြန်းဗြန်း ပေးပြီး အတန်းထိန်းပေးနေသည်။

ကဲ ..ကဲ... သင်လက်စ သင်ခန်းစာလည်း ဘယ်ရောက်ပြီ မသိ။ စိတ်လည်းမပါတော့။ သူတို့ကို ကဗျာပဲဆိုခိုင်းပြီး သူတို့ ဆရာမ လက်ထဲပဲ အပ်လိုက်တော့မည် စဉ်းစားသည်။ “အားလုံး သစ်စေ့လေးတွေ လုပ်ကြမယ်.... ကိုယ့်နေရာမှာကိုနေပါ။ ဆရာမ လုပ်သလို လိုက်လုပ်ကြပါ။” အင်း သည်လိုတော့လည်း အားလုံးလိုက်လုပ်ကြသည်။ ပျော်ရွှင်စွာ အားရပါးရ အော်ဟစ် သီဆိုကြသည်။ လွတ်လပ်စွာ ကိုယ်ကို လှုပ်ရှား ယိမ်းနွဲ့ကြလေသည်။



++++++++++++


သူငယ်ချင်းကပြောသည်။
“သည်က ဆရာမလေး နှစ်ယောက်ကို နင်တက်ခဲ့တဲ့ သင်တန်းက ကလေးဗဟိုပြု သင်နည်းတို့ ဘာတို့ နည်းနည်း လောက် ပြောပြပေးခဲ့ပါဟာ။ နည်းလေးတွေလည်း ပြပေးခဲ့ပါဦး” တဲ့။

တကယ်တော့ ကျမက အစိုးရ၀န်ထမ်း ဆရာမ မဟုတ်ပါ။ ခေတ်မီ စာသင်ကြားနည်း သင်တန်းတွေကိုတော့ တက်ခဲ့ဖူးသည်။ စာတွေ့လည်း လေ့လာခဲ့သည်။ လက်တွေ့လည်း စနစ်တကျ ပြင်ဆင်ဖွဲ့စည်းထားသည့် စာသင်ခန်းတွေမှာ သင်ထောက်ကူ ပစ္စည်း အစုံအလင်နဲ့ သင်ပြလေ့ကျင့် ခဲ့ဖူးသည်။ ကလေး ၂၅ ယောက် ထက်မပိုတဲ့ စာသင်ခန်းတွေမှာ အုပ်စုဖွဲ့ ကစားနည်း တွေ၊ ကလေးတွေနဲ့ အပြန်အလှန်ဆွေးနွေး ပြောဆို တာတွေ၊ ကလေးတွေရဲ့ ပင်ကိုမူလ စွမ်းရည်တွေ အတွေးအခေါ်တွေကို ပိုမို တောက်ပ လာစေမဲ့ နည်းလမ်း တွေသုံးလို့ သင်ကြားပြသပေးခဲ့ဖူးသည်ပေါ့။ ကလေး စိတ်ပညာ စာအုပ်တွေ၊ ကလေးဖွံ့ဖြိုးမှု စာအုပ် တွေကို လည်း ဖတ်ခဲ့ဖူးသည်ပေါ့။

လက်တွေ့ဘ၀မှာ သူငယ်တန်းကနေ လေးတန်းအထိ ကျောင်းသား တစ်ရာနီးပါးကို ဘာသာစုံ ပြနေရတဲ့ သည်ဆရာမလေး နှစ်ယောက်ကို သုံးလလောက် သင်တန်းတွေတက်ပြီး သိခဲ့တဲ့ ကျမက ဘာတွေများ ပြောပြရမှာပါလိမ့်။ ကလေးတွေကို မရိုက်ပါနဲ့ တုတ်မကိုင်ပါနဲ့လို့ ပြောရမလား။ ဆရာကချည်းသင်မပေးပါနဲ့။ သူတို့ကို ဆွေးနွေးစေပါ။ သူတို့ ပြောတာကို နားထောင်ပေးပါလို့ ပြောရင် ကလေး တစ်ရာရဲ့ ပြောစကားကို နားလေးပေါက်ထဲနဲ့ နားထောင်နိုင်ပါ့မလား။ ကစားနည်းလေးတွေကိုသုံးပြီး ကစားရင်း စာသင်ပါလို့ အကြံပေးရမယ်ဆိုရင်တော့ သင်ထောက်ကူပစ္စည်း သိပ်မလိုတဲ့ ကစားနည်းလေးတွေ ကို စဉ်းစားကြံဆပြီး နည်းပေးခဲ့ရင် ကောင်းမယ် ထင်ပါရဲ့။

“အင်း ဆရာမတို့ရယ် နည်းတွေကတော့ သည်လို သည်လို ရှိပါတယ်။ အဓိက ကတော့ စေတနာ နဲ့ ၀ါသနာ ကို ဗဟိုပြုပြီး ကိုယ့် အခြေအနေနဲ့ ကိုက်ညီတဲ့ သင်နည်းတွေကို ကိုယ်တိုင် စဉ်းစားပြီးတော့ပဲ သင်ကြပါ။ အစိုးရက ပြဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်းကိုလည်း ကုန်အောင်သင်ရမှာဆိုတော့ အမြဲတမ်း ကစားနည်းတွေနဲ့ချည်း မသင်ပေးနိုင်တော့ တစ်ပတ်မှာ တစ်ရက်လောက် တော့ ပျော်စရာ စာသင်ခန်းလေး ဖြစ်အောင် သင်ပေးပေါ့ နော်။”

“ဟုတ်ကဲ့ပါ အစ်မရယ်၊ ကျမတို့ကလည်း ဘုန်းတော်ကြီးသင်ကျောင်းက ခန့်ထားတဲ့ဆရာမတွေဆိုပေမဲ့ ခေတ်မီနည်းတွေ နဲ့လည်း သင်ပေးချင်ပါတယ်။ ခုလောက်ပြောပြတာကိုပဲ ကျေးဇူးတင်ပါတယ်။ နောက်ကြုံရင်လည်း သင်တန်းတွေ ဖွင့်ပေးရင် ကျမတို့ တက်ချင်ပါတယ်။ ကျမတို့လည်း ကိုယ့်အရည်အချင်းကို တိုးတက်ချင်တယ်လေ”
“ဟုတ်တာပေါ့ ဆရာမတို့ရယ်။ ဆရာဆိုတာ ဓားသွေးကျောက်တဲ့။ ကျမတော့လက်မခံနိုင်ပါဘူး။ သူတို့ကိုသင်ရင်း ကိုယ်က ဘာလို့ လုံးပါးပါးရမှာလဲ။ သူတို့လည်း ထက်မြက်၊ ကိုယ်လည်း တိုးတက်ရမှာပေါ့။”

ကျမက ကျမထင်မြင်ချက်တွေကို ဆက်ပြီး ပြောပြန်သည်။

“ နောက်ပြီး ..... ဆရာမတို့ ရဲ့ ကလေးတွေကို ဘွဲ့ရ ပညာတတ်ကြီးတွေ ဖြစ်စေရမယ်လို့ ကြုံးဝါးစရာမလိုပါဘူး။ ဘွဲ့မရလည်း အကောင်းအဆိုးကို ခွဲခြားသိတဲ့ ကလေးတွေ ဖြစ်အောင်၊ လောကကို အကျိုးပြုနိုင်တဲ့ လူတွေ ဖြစ်လာဖို့ပဲ လိုတာပါ။ မိဘတွေက ကိုယ့်သားသမီးကို ဘွဲ့ရအောင် သင်ပေးနိုင်မှ တာဝန်ကျေတယ် ထင်နေကြတာ။ အသက် မွေးဝမ်းကျောင်း ပညာရပ်တွေ သင်ပေးဖို့ လိုတာကို မေ့နေကြတယ်”

“ အစ်မရေ ... သည်ပတ်ဝန်းကျင်က မိဘတွေကတော့ အဲလိုမဟုတ်ပါဘူး။ သူတို့က ဘွဲ့ရပြီးလည်း ထမင်းငတ်တာပဲ။ ဘွဲ့ရတာ အထင်ကြီးဖို့မရှိဘူးတဲ့။ သူတို့ ကျောင်ပို့တာက အိမ်မှာ ထိန်းရသက်သာအောင် ကျောင်းပို့နေတာ အစ်မရေ။ ခိုင်းလို့ရတဲ့ အရွယ်ရောက်ရင် ကျောင်းဆက်မထားတော့ဘူး။ ခုလည်း တချို့ဆို ဆရာတော်က အတင်း ကျောင်းထားခိုင်းလို့ ပိုက်ဆံလည်းမကုန်လို့ ထားနေတာ”

“ ဟုတ်လား။ အင်း ... ဘာပဲဖြစ်ဖြစ်ပေါ့လေ သည်ကလေးတွေ ကျောင်းမှာ ရှိနေသမျှတော့ သူတို့ကို စာတတ်အောင် သင်ပေးနိုင်သေးတာပေါ့။ ဆရာမတို့ စိတ်ဓာတ်မကျပါနဲ့။ စေတနာက အကျိုးပေးမှာပါ။”

သူငယ်ချင်းက ၀င်ပြီး အရွှန်းဖောက်သည်။

“ဆရာမရယ် ကိုယ်က ကလေးတွေသင်ပေးတာပဲ။ လူကြီးတွေကို သင်ပေးတာမှ မဟုတ်တာ။ လူကြီးဆိုတာမျိုးက သင်လို့မရတော့ဘူး လွှတ်ထားလိုက်တော့”

ဆရာမလေးက သဘောကျစွာရယ်မောရင်း ပြောလိုက်သည်။
“ဟင်း ..ဟင်း.... ဟုတ်ပါတယ်။ စိတ်ဓါတ်လည်း မကျပါဘူး။ ကိုယ့်တာဝန်ကျေဖို့ပဲ ဂရုစိုက်ပါတယ်”

ဆရာမလေးကို စိတ်ဓါတ်မကျဖို့ အားပေးသော ကျမကိုယ်တိုင်ကတော့ မရယ်နိုင်ပဲ မောရင်း.....
အင်း .... ငါရော ကိုယ့်တာဝန်ကျေရဲ့လား...

ပြင်ဆင်လာခဲ့တဲ့ သင်ခန်းစာလေးတစ်ခုကိုတောင် ပြီးအောင် မသင်ပေးနိုင်ခဲ့တဲ့ ကျမကရော ....တာဝန်ကျေပါရဲ့လား...
ကျမ နားထဲ မှာတော့.. ကလေး တွေ ရဲ့ အသံလေး တွေ စီညံ နေ ပါသေးသည်။


လေငြိမ်ငြိမ် ...သစ်ပင်ကြီး ငြိမ်
လေပြင်းတိုက်တော့ ဘယ်လိုဖြစ်တယ်...ဟောဒီလိုဖြစ်တယ်
လေပြင်းတိုက်တော့ ဘယ်လိုဖြစ်တယ်...ဟောဒီလိုဖြစ်တယ်
အရှေ့ကတိုက်တော့ အနောက်ကိုယိမ်းတယ်
အနောက်က တိုက်တော့ အရှေ့ကိုယိမ်းတယ်
ညာဘက်ကတိုက်တော့ ဘယ်ဘက်ကိုယိမ်းတယ်
ဘယ်ဘက်ကတိုက်တော့ ညာဘက်ကိုယိမ်းတယ်
လေငြိမ်ငြိမ် သစ်ပင်ကြီးငြိမ်...


Share/Bookmark

ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်းထဲက..အမှတ်တရလေးများ

ရန်ကုန် တက္ကသိုလ် နှစ်လည် မဂ္ဂဇင်း ကို ပြန်လှန် မိရင်း.. တွေ့ တဲ့.. မနော် ရဲ့ ကဗျာလေး ပါ..တင်ပေးလိုက်တယ်။


Photobucket


ဒါကတော့.. ကိုယ့် အမ.. ကာတွန်းဆရာမ.. ကလျာမိတေ ရဲ့.. ကာတွန်းလေး..။ အဲဒီတုန်းက..သူ လည်း ကျောင်းပြီးကာစ.. ပေါ့..။ အဲဒီ အချိန်က လူငယ် တွေ အားလုံး ရဲ့ ပစ္စက္ခ အခြေအနေ ကို.. ရီစရာ လုပ် ပြစ် ခဲ့တဲ့..ကာတွန်း လေးပေါ့...။



Photobucket


Share/Bookmark

ကြယ်



ကြယ်

မရွေ့တဲ့..ကြယ်
မပျောက်တဲ့..ကြယ်
မကွေ့တဲ့..မကြောက်တဲ့..ငါတို့ရဲ့ ကြယ်တွေ…
အမြဲ ထွန်းလင်းပါစေ…
-




Original Blog Source


Share/Bookmark

မင်းဖြူမှန်မှန်ပြော

ရေးသူ - မိတေဖိုး


`မင်းဖြူမှန်မှန်ပြော´ ဆိုတာ မြန်မာ့ ရှေးဟောင်း အမွေအနှစ် ကမ္ဘာ့ ဒုတိယ အကြီးဆုံး မင်းကွန်း ခေါင်းလောင်းကြီးမှာ ရေးထိုးထားတဲ့ စာဆိုတာ အားလုံး နီးပါး သိမှာပါ။ ဒါပေမဲ့ လူတွေ တော်တော်များများက မှားယွင်းပြီး `မမင်းဖြူမှန်မှန်ပြော´ လို့ ပြောတတ်ကြပါတယ်။ (ဆရာ မင်းသိင်္ခ ရေးခဲ့တဲ့ ၀တ္ထု ခေါင်းစဉ်နဲ့ မှားယွင်း ရောထွေး သွားတာလည်း ဖြစ်နိုင်ပါတယ်) ဒါပေမဲ့ အဲသည်အမှားဟာ တော်တော် ဆိုးရွားပါတယ်။




သည်နှစ် ၂၀၀၈ ခု သြဂုတ်လ(၃)ရက်နေ့ ညနေ(၃) နာရီမှာ မင်းကွန်း ခေါင်းလောင်း ကြီးဟာ ချိတ်ဆွဲထားတဲ့ မျက်နှာကျက် ကနေ အောက်ကို ပြုတ်ကျ သွားပါတယ်။ လူတွေလည်း နမိတ် အမျိုးမျိုး ကောက်ကြပါတယ်။ သည် သတင်းကို ထုတ်လွှင့်တဲ့ သတင်းဌာန တချို့က မင်းကွန်း ခေါင်းလောင်းကြီးမှာ ရေးထိုးထားတဲ့စာကို မမင်းဖြူမှန်မှန်ပြော လို့ ဖတ်သွားတာ ကြား လိုက်တော့ ကျမ သည်စာကို ရေးချင်စိတ် ဖြစ်မိပါတယ်။ သိပြီးသားတွေ ဆရာလုပ်တယ်လို့ ထင်ချင်ရင်လည်း ထင်ခွင့်ရှိပါတယ်။
ကျမတို့ ရှေးမြန်မာ ပညာရှင်ကြီးတွေဟာ ကိန်းဂဏန်း အက္ခရာတွေနဲ့ မြန်မာဗျည်း အက္ခရာ တွေကို နေ့ တွေနဲ့ ကြားခံပြီး ဆက်စပ်မှု ပြုတဲ့နည်းကို တည်ထွင် ခဲ့ပါတယ်။ အထင်ကရ ကိန်းဂဏန်းတွေ ခုနှစ်သက္ကရာဇ်တွေကို မှတ်သားရာမှာ သည်နည်းကိုသုံးပြီး ရွတ်ဆိုလို့ ကောင်းတဲ့ စာချိုးလေးတွေနဲ့ လက်ဆင့်ကမ်း ထားခဲ့ပါတယ်။ ကွန်ပြူတာ နည်းပညာတွေ မထွန်းကားစဉ်က လူတွေရဲ့အတတ်ပညာနဲ့ အသိဥာဏ် အားသာခဲ့တဲ့ အချက်လို့ ကောက်ချက်ချရင် ရမယ် ထင်ပါတယ်။ ဖတ်မိတဲ့ သူတွေထဲမှာ သည်နည်းကို မသိတဲ့သူ တစ်ယောက် တစ်လေများ ပါခဲ့ရင် သိအောင်လို့ ဗဟုသုတလေးမျှပါရစေ။ နှစ်သက်စရာ ထိန်းသိမ်း ထားသင့်တဲ့ အတတ်ပညာ တစ်ခုလည်း ဖြစ်တယ်ထင်လို့ပါ။

မြန်မာဗျည်း အက္ခရာ (၃၃) လုံးကို ရေးထုံးစည်းကမ်းအရ (၅) လုံးစီ တစ်တန်း ရေးရပါတယ်။ အဲသည်မှာ ဗျည်းနဲ့ နံပါတ်ကို နေ့ ကြားခံပြီးဆက်စပ်ထားတာက သည်လိုပါ...




မှတ်ချက်။ ။ ဠ(လကြီး)သည် အသံထွက်အရ ဗုဒ္ဓဟူး - နံပတ် ၄ ဖြစ်ပါသည်။

မြန်မာပြည်ရဲ့ ယဉ်ကျေးမှုအမွေ ပုဂံ ဘုရား ပုထိုးစေတီတွေဟာ အဆူပေါင်း လေးသန်း ကျော်ရှိပါသတဲ့။ ဘယ်လောက်များသလဲဆိုရင် တနေရာမှာ ရပ်ပြီး ကြိုက်တဲ့ဘက်ကို လက်ညှိုး ထိုးလိုက် ဘုရားစေတီ တွေနဲ့ မလွတ်ဘူးတဲ့။ အဲလောက်များတဲ့ ဘုရားပုထိုးစေတီ အရေအတွက်ကို မှတ်မိလွယ်အောင် `လှည်းဝင်ရိုးသံ တညံညံ၊ ပုဂံဘုရားပေါင်း´ လို့ စာချိုးခဲ့ပါတယ်။ အပေါ်က တွက်နည်း အတိုင်း ကြည့်ရင် `လှည်းဝင်ရိုးသံ တညံညံ´ဆိုတာ ဂဏန်း အရေအတွက်နဲ့ (၄၄၄၆၇၃၃) ပါ။ အဓိပ္ပါယ်ကလည်း ဘုရားဖူးလာတဲ့ လှည်းတွေ မပြတ်ဘူးဆိုတဲ့ သဘောပါ။ နောက်တခါ ငလျင် အကြီးအကျယ် လှုပ်လို့ ပုဂံဘုရားတွေ ပြိုကျခဲ့ရတဲ့ အရေအတွက် ကိုလည်း `ရွှေလသာ ၀ါဝါ၀င်း ၊ဘုရားရေသောက်ဆင်း´ လို့ မှတ်သားထားခဲ့ပါတယ်။ `ရွှေလသာဝါ၀ါဝင်း´ ဆိုတော့ (၄၄၆၄၄၄)ဆူပေါ့။ ဘုရားတွေ မြေခ ..တချို့ ဧရာဝတီမြစ်ထဲ ပြိုကျကုန်တာကို တင်စားပြီး ဘုရား ရေသောက်ဆင်း တယ်လို့ စပ်ခဲ့ပါတယ်။ အဓိပ္ပါယ်လည်းရှိ မှတ်လည်း မှတ်မိစေတဲ့ စာတွေပါ။ မန္တလေးမြို့ တည်ခဲ့တဲ့ ခုနှစ်ကိုလည်း `အုတ်ကျစ်ကျော်အေး၊ မန္တလေး´ လို့မှတ်သားခဲ့ပါတယ်။ `အုတ်ကျစ်ကျော်အေး´ ဆိုတော့ (၁၂၂၁) ခုနှစ်ပေါ့။ မန္တလေး မြို့တည်ရာမှာ အုတ်လုပ်တဲ့သူက ဦးကျော်အေးမို့ အဲလို စပ်ခဲ့ တာလားတော့ မသိပါ။ (သိတဲ့သူများ ရှိရင် ပြောပြ ပေးပါလား) ဒါပေမဲ့ မှတ်မိ နေစေတာတော့ အမှန်ပါ။

ဥပမာတွေတော့ အများကြီး ရှိပါသေးတယ်။ ဒါပေမဲ့ မင်းကွန်း ခေါင်းလောင်းကြီးမှာ ရေးထွင်းထားတဲ့စာကို ပြောချင်တာမို့ တခြား စာတွေကို မပြောပြတော့ပါဘူး။ `မင်းဖြူမှန်မှန်ပြော´ ဆိုတာ မင်းကွန်း ခေါင်းလောင်းကြီးမှာ အသုံးပြုထားတဲ့ ကြေးပိသာချိန်ကို မှတ်သားထားတာပါ။ အလေးချိန် (၅၅ ၅၅၅) ပိသာ ရှိပါတယ်တဲ့။ အဓိပ္ပါယ် ကလည်း မင်းကောင်းမင်းမြတ် ဖြူစင်တဲ့ မင်းတွေဟာ စကားကိုမှန်ကန်စွာ ပြောရမယ်ဆို တဲ့ အဓိပ္ပါယ် ဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။ ခေါင်းလောင်းကြီးမှာ ဖျက်လို့ မရတဲ့ စာအနေနဲ့ အသေအချာကို ထွင်းပြီး သတိပေးထားတာပါ။ ရှေးမြန်မာ လူကြီးတွေ ဘာလုပ်လုပ် အဓိပ္ပါယ်မဲ့ စာဖြစ်ပြီးရော ရေးသွားတာမျိုး မဟုတ်လောက်ဘူး လို့ ထင်ပါတယ်။ အဲဒါကို `မမင်းဖြူမှန်မှန်ပြော´ လို့ မှားယွင်း ပြောဆိုနေကြမယ် ဆိုရင်တော့ အလေးချိန် အရေအတွက်လည်း မှားယွင်း သွားမှာဖြစ်သလို မမင်းဖြူကို အမှုစစ်နေတဲ့ အဓိပ္ပါယ်မျိုး ရောက်သွား ပါလိမ့်မယ်။ ဒါကြောင့် ကျေးဇူးပြုပြီး အသေးအမွှားမို့ ဆိုကာ အလေးမထားပဲ မမှားကြပါနဲ့ လို့ တောင်းပန်ပါရစေ။


အကြောင်း တိုက်ဆိုင်လို့ ဟိုအရင်တုန်း ကတည်းက အပျင်းပြေ ဆွဲထားတဲ့ ကာတွန်းလေးကို ပါ တင်ပေးလိုက်ပါတယ်။



Photobucket


Share/Bookmark

တောင်ပတ်လမ်း ဖောက်ကြသူများ

တင်ပြီးသား ပို့စ် အဟောင်းလေးပါပဲ။ ပြည်သူချစ် သော..ကဗျာဆရာကြီး မင်းသုဝဏ် နဲ့.. သီချင်းသည် ထူးအိမ်သင် တို့ ၂ ယောက် ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်ခဲ့တဲ့.. နှစ်ပတ် လည် - သတိတရ အဖြစ် နဲ့ပါ။
-
+++++
-
ရေးသူ- မိတေဖိုး
-
ကျမခပ်ငယ်ငယ်ကပေါ့... လူကြီး တစ်ယောက်ယောက်ကများ “တိုင်းပြည်ကြီးကတော့ သွားပါပြီကွာ၊ ပြင်လို့လည်းရမှာ မဟုတ်တော့ဘူး” လို့ စိတ်ပျက်လက်ပျက် ငြီးငြူသံကြားရင်၊ သိပ်စိတ်ဆိုးမိပါတယ်။ ရင်ထဲမှာလည်း စိုးရိမ်မိတယ်။ “သူကတော့ ကြီးပြီကိုး၊ ငါတို့က ဒီတိုင်းပြည်ထဲမှာ ဆက်ပြီးလူလုပ်ရဦးမှာ” လို့လည်း တွေးပူမိပြန် ပါတယ်။
-
တဖြည်းဖြည်းနဲ့၊ ကျမလည်း အရွယ်ရောက်လို့၊ လူလတ်ပိုင်း ဖြစ်လာခဲ့ပြီ။ လူကြီးဘ၀ ချဉ်းကပ်လာနေပြီပေါ့။ ကျမထက် ငယ်ရွယ်တဲ့ လူငယ်တွေ ရှေ့မှာ၊ အဲလို မျှော်လင့်ချက်မဲ့တဲ့ စကားမျိုးတွေ၊ ဘယ်တော့မှမပြောမိဖို့၊ သတိထားတယ်။ တကယ်လည်း ကိုယ့်ရင်ထဲမှာ၊ မျှော်လင့်စိတ်မွေးတယ်။ “ငါတို့ တိုင်းပြည်ကြီး ပြန်ကောင်းလာရဦးမယ်၊ ငါတို့ တိုင်းသူပြည်သားတွေဟာ၊ ကောင်းမွန်တဲ့ စံနစ်အောက်မှာ၊ သာတူညီမျှ အခွင့်အရေးတွေနဲ့ လူတန်းစေ့နေနိုင်မယ့် အချိန်ကို ရောက်ကို လာရဦးမယ် ” လို့ပေါ့။
-
(၁၉၈၈) လူထုအုံကြွမှုကြီးမှာ၊ ကျမလည်း ကျောင်းသားအနေနဲ့ ပါဝင်ခဲ့တယ်။ ကျမအဖြစ်ကို ၀န်ခံရရင် . . . (၈) လေးလုံးနေ့က၊ ကျမထက်ကြီးတဲ့ အစ်ကိုတွေ၊ အစ်မတွေက၊ “ဒီမိုကရေစီရေး”လို့ တိုင်ပေးတာကို၊ ဘယ်လို ဆက်အော်ရမှန်းမသိခဲ့ပါဘူး။ ဒီမိုကရေစီဆိုတဲ့ စကားလုံးဟာ၊ ထောက်ခံရမယ့် အရာလား၊ ရှုံ့ချရမယ့် အရာလား ဆိုတာတောင် မသိခဲ့တာအမှန်ပါ။(၁၉၉၀) မှာ ရွေးကောက်ပွဲလုပ်တော့ ကျမအသက် (၁၈) နှစ် မပြည့်လို့၊ မဲမပေးခဲ့ရပါဘူး။ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို လျစ်လျူရှုနေတဲ့ အာဏာသိမ်းစစ်တပ်အစိုးရအပေါ် မကျေနပ်ကြတဲ့ ကျမတို့တွေဟာ၊ တကယ်တော့ . . ပြည်သူ့ဆန္ဒမဲပေးပွဲဆိုတာမှာ၊ တစ်ခါမှ . . . မပါဝင် မဆင်နွဲဘူးတဲ့သူတွေ အများကြီးပါ။
-
စကားလုံးကြီးကြီးကျယ်ကျယ်တွေ ပြောတတ်တဲ့ ကျမသူငယ်ချင်းကို “ဟင်း . . မွေးကတည်းက တစ်ခါမှဖြင့် မဲမပေးဖူးနဲ့” လို့ ကျီစယ်ရင်၊ သူက “အဲတာကြောင့် ပိုစိတ်တိုရတာပေါ့ဟ” လို့ ပြန်ပြောတတ်ပါတယ်။အချိန်တွေ၊ အတွေ့အကြုံတွေ၊ တော်တော်တန်တန်ရယူ ဖြတ်သန်းပြီးတဲ့ အခုအရွယ်မှာလည်း၊ ကျမရဲ့ မျှော်လင့်ချက်တွေ၊ အယူအဆတွေ အများကြီး ပြောင်းလဲ မသွားခဲ့သေးပါဘူး။ ပိုပြီးခိုင်မာလာသလားလို့ မေးရင်တော့ “ပိုတယ်မပိုဘူးဆိုတာ၊ ဘာနဲ့ နှိုင်းယှဉ်ရမှာလည်း၊ အရင်ကလည်း ဒီလိုပဲမျှော်လင့်တယ်၊ အခုလည်း ဒီလိုပဲမျှော်လင့်တယ်” လို့ ပြန်ဖြေရမှာပါ။တချို့ သူငယ်ချင်းတွေကတော့ ပြောတယ်၊ “အသက်အရွယ်နဲ့ အတွေ့အကြုံအရ၊ မျှော်လင့်ချက်အိပ်မက်တွေဟာ ပြောင်းလဲရမယ် ” တဲ့ “ ဒါ ရင့်ကျက်လာတယ်လို့ ခေါ်တယ် ” တဲ့၊ ဒါဆို ကျမက မရင့်ကျက်သေးဘူးပေါ့။ မရင့်ကျက်ရင်လည်း ရှိပါစေတော့။ လူဆိုတာ မျှော်လင့်ချက်တွေနဲ့ပဲ အသက်ရှင်နိုင်တာမို့၊ ကျမတန်ဘိုးထားတဲ့ ယုံကြည်မျှော်လင့်ချက်တွေကို မပြောင်းလဲပါရစေနဲ့။
-
ကလေးဘ၀တုန်းက၊ ရွှေသွေးဂျာနယ်ထဲမှာ ဖတ်ခဲ့ဖူးတဲ့ ရုပ်ပြပုံပြင်လေး တစ်ခုကို မှတ်မိနေတယ်။ အဖိုးအိုတစ်ယောက်က၊ တောင်အမြင့်ကြီး တစ်ခုကို ကျော်ဖြတ်နိုင်ဖို့၊ တောင်ပတ်လမ်းတစ်ခု ဖေါက်နေတော့၊ သူ့မြေးလေးက ကူညီရင်းမေးတယ်။ ‘အဖိုးရယ် . . အဖိုးမသေခင် ဒီလမ်းက ပြီးပါ့မလား’ တဲ့၊ အဖိုးက ပြန်ဖြေတယ် တို့တွေ ဒီတောင်ကြီးကို ကျော်ချင်တယ် မဟုတ်လား၊ ဒါဆိုရင် အဖိုးလက်ထက်မှာ မပြီးလည်း၊ မြေးလက်ထက်မှာ ဆက်ဖောက်ပေါ့ကွာ၊ မြေးလက်ထက်မှာ မပြီးခဲ့သေးရင်လည်း၊ မြေးရဲ့မြေးတွေ ဆက်ဖေါက်ကြ ပစေပေါ့ ’ တဲ့။
-
(၂၀၀၄) ခုနှစ် သြဂုတ်လ၊ (၁၄) ရက်နဲ့ (၁၅) ရက်နေ့တွေမှာ၊ ကျမတို့ မြန်မာပြည်သားတွေ၊ ဂုဏ်ယူရတဲ့ အဖိုးတန်စာဆိုနှစ်ဦးကို ဆုံးရှုံးခဲ့ရတယ်။ သြဂုတ်လ (၁၄) ရက်၊ စနေနေ့မှာ ပြည်သူချစ်တဲ့ သီချင်းရေးဆရာ၊ ကဗျာဆရာ၊ အဆိုတော်ထူးအိမ်သင် (၄၂) နှစ်ဟာ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားခဲ့သလို၊ သြဂုတ်လ (၁၅) ရက်၊ တနင်္ဂတွေနေ့မှာ ခေတ်အဆက်ဆက် ပြည်သူလေးစားခဲ့တဲ့ ပညာရှင်ကဗျာဆရာကြီး ဆရာမင်းသုဝဏ်၊ အသက် (၉၆) နှစ်ဟာ၊ လူကြီးရောဂါနဲ့ ဘ၀တစ်ပါးပြောင်းသွားခဲ့ပါတယ်
-
ဆရာကြီး မင်းသုဝဏ်နဲ့ အဆိုတော်ထူးအိမ်သင်တို့ အတွက်၊ အမှတ်တရဂုဏ်ပြုမှုတွေ၊ လွမ်းဆွတ်တသမှုတွေနဲ့ သူတို့ရဲ့ အတ္ထုပ္ပတ္တိတွေကို ဖတ်ရကြားရပါတယ်။ သူတို့နှစ်ယောက်အကြောင်း နှိုင်းယှဉ်ခံစားမိတော့ . . .ဆရာကြီးမင်းသုဝဏ်ဟာ၊ အသက်ရှေခဲ့တဲ့ အလျောက်၊ ခေတ်ပေါင်းများစွာကို၊ မပြောင်းလဲတဲ့ ယုံကြည်ချက်တွေနဲ့ ဖြတ်သန်းခဲ့တယ်။ တိုင်းပြည်လွတ်လပ်ရေးကစလို့၊ ဒီမိုကရေစီရေးအထိ ပါဝင် ဆောင်ရွက်ခဲ့တယ်။ သူ့တိုင်းပြည်၊ သူ့လူမျိုးအတွက် နောက်ဆုံးအချိန်အထိ တာဝန်ကျေခဲ့ပါတယ်။ ထူးအိမ်သင်ဟာလည်း၊ သူအသက်ရှင်ခွင့်ရတဲ့ အချိန်လေးထဲမှာပဲ၊ သူဖြတ်သန်းခဲ့ရတဲ့ ခေတ်သမိုင်းရဲ့တာဝန်ကိုကျေခဲ့တယ်။ သူ့ရဲ့ယုံကြည်ချက် အမှန်တရားတွေကို ဘာနဲ့မှ ပြောင်းလဲမပြစ်ခဲ့ပါဘူး။ ‘ကျနော်ဟာ မိုက်မိုက်မဲမဲ ရိုးသားနေဆဲ’ လို့ ဖွင့်ဟ၀န်ခံခဲ့ပါတယ်။
-
သူတို့ နှစ်ယောက်ဟာ၊ တောင်ပတ်လမ်းအတူ ဖေါက်ခဲ့ကြတဲ့ အဖိုးနဲ့ မြေးတို့ပါ။ အဖိုးရော မြေးရော၊ တောင်ရဲ့တဖက်ကို မရောက်သေးခင်၊ သေသွားခဲ့ကြပေမဲ့ ဒီတောင်ကြီးကို ကျော်ချင်တဲ့ စိတ်ရှိသူတွေ ရှိနေသရွေ့ လမ်းဆက်ဖေါက်ကြဦးမှာပါ။ မြေးရဲ့ မြေးတွေက ဆက်ဖေါက်ကြဦးမှာပါ။ မြေးတို့ လက်ထက်မှာ စိတ်တူကိုယ်တူညီညွတ် ကြလို့ တောင်တဖက်ထိ လမ်းပေါက်ခဲ့ရင်လည်း၊ ဟိုဘက်မှာ တောင်ဘယ်နှစ်လုံး ဆက်တွေ့ရဦးမလဲ မသိနိုင်ပါဘူး။ လမ်းဖေါက်ဖို့လိုတဲ့ တောင်တွေလား၊ သဘာဝအရ ထိမ်းသိမ်းထားသင့်တဲ့ တောင်တွေလားဆိုတာလည်း တွေ့မှပဲ ဆုံးဖြတ်နိုင်မှာပါ။အဖိုးသာ ရှိဦးမယ်ဆိုရင်တော့ ‘အေးလေကွာ . . အဖိုးလည်း ဒီနေရာ ရောက်အောင်၊ တခြားတောင်တွေကို ဖြတ်လာခဲ့ရတာပဲ။ အရေးကြီးတာက လမ်းဆက်လျှောက်ချင်စိတ် ရှိနေဖို့နဲ့ လမ်းမမှားကြဖို့ ကြိုးစားကြပေါ့ ’ လို့ ပြောမယ်ထင်ပါရဲ့နော်။

(Burma Post သတင်းစာ၊ ၂၀၀၆ ခုနှစ်/ သြဂုတ်လ တွင် နှစ်နှစ်ပြည့်အတွက် ဖော်ပြခဲ့ပြီးဖြစ်သည်။)

By courtesy of http://mrbalance.blogspot.com/


Share/Bookmark

လက်ယာ အန္တရာယ်


ရေးသူ...မိတေဖိုး

ကိုမိုးသီးဇွန် ရဲ့ဘလော့မှာ ကားလမ်း တွေမကောင်းတဲ့ အကြောင်း ခရီးသွား တွေ လုံခြုံ စိတ် ချမှု မရှိ တဲ့ အကြောင်းနဲ့ ဒီမိုကရေစီ ရရင် ဒါတွေ ချက်ချင်း ပြင်ရမယ် ဆိုတာ ဖတ်ရလို့ ဒီမိုကရေစီရရင် ပြင်ရမဲ့ နောက်အချက်ကလေး တစ်ခုကို တင်ပြ ပေးချင်ပါတယ်။

မြန်မာပြည်မှာ အဝေးပြေး ခရီးလမ်း တွေမှာ လက်ယာ ကပ်မောင်း စနစ်ကြောင့် ယဉ်တိုက်မှု တွေ အသက် ဆုံးရှုံးမှုတွေ ပိုမို ဖြစ်စေရတဲ့ အကြောင်းပါ။

နိုင်ငံတကာ မှာတော့ ယဉ်ကြောမှာ လက်ဝဲ ကပ်မောင်း စနစ်ကိုသာ အများစု ကျင့်သုံး ကြပါတယ်။

ဒါကြောင့် ကားတွေမှာ ဒရိုင်ဘာ ထိုင်တဲ့နေရာ ဟာ ကားရဲ့ လက်ယာ ဘက်မှာ ဖြစ်လေ့ ရှိပါတယ်။ (ရှေ့ကားကို ကျော်တက် လိုတဲ့အခါ လက်ယာ ဘက်က ကျော်ရမှာမို့ ပိုမို အဆင်ပြေ စေပါတယ်)

ခရီးသည် အတက် အဆင်းလုပ်တဲ့ အပေါက်ဟာ ကားရဲ့ လက်ဝဲဘက်မှာ ဖောက် ထားပါတယ်။ (လက်ဝဲ ကပ်မောင်း စနစ်ဖြစ်လို့ ဆင်းတဲ့ ခရီးသည် တွေဟာ ကားလမ်းမပေါ် ဆင်းစရာ မလိုပဲ ကားပေါ်က ဆင်းတာနဲ့ လမ်းဘေးကို လုံခြုံ စိတ်ချစွာ ရောက်စေ ပါတယ်။)

ကျမတို့ မြန်မာပြည်မှာ ၁၉၇၁ ခုနှစ်ကစလို့ ဦးနေ၀င်း ရတြာ ခြေမှုကြောင့် ကားယဉ်ကြောမှာ လက်ျာ ကပ်မောင်းစနစ် ဖြစ်ခဲ့ရပါတယ်။(လက်ဝဲ သမားတွေကို နံနှိမ်တာဆိုလား..ဘာလား)

သည်လို ပြောင်းလဲလိုက်တဲ့ စနစ်အောက်မှာ နိုင်ငံခြားက တင်သွင်း လာတဲ့ ကားတွေ (အထူးသဖြင့် အဝေးပြေးလမ်း သုံး ဘတ်စ်ကား တွေ) မှာ ကားတွေရဲ့ဒီဇိုင်း ကို ပြန်မပြင်ပဲ သုံးတဲ့အခါ အလွန် အန္တရာယ် ကြီးနေပါတော့ တယ်။



ကားမောင်းသူဟာ ရှေ့က ကားကို ကျော်တက် ချင်တဲ့အခါ လမ်းကို ရှင်းလင်းစွာ မမြင်ရတော့ပါဘူး။ စပယ်ယာရဲ့ ညွှန်ကြားတဲ့ အသံကိုသာ နားထောင်ပြီး လမ်းရှင်းပြီ ကျော်ဆိုမှ ကျော်ရပါတော့တယ်။ ရှေ့က ကား ကလည်း အချက်ပြ မီးကိုမှန်မှန် မပြ ..စပယ်ယာ ကလည်း လုပ်ငန်းမှာ မကျွမ်းကျင်သူ၊ ပေါ့ဆ သူဖြစ်ရင်၊ ဒရိုင်ဘာဟာ ဂရုစိုက် မောင်းသော်လည်း မတော်တဆ ယဉ်တိုက်မှု တွေ ဖြစ်စေ ပါတော့တယ်။ သည်စနစ်မှာ စပယ်ယာဟာလည်း ကားပေါ်က ခရီးသည်တွေ အဆင်ပြေဖို့ စီစဉ်ရ၊ ယဉ်ကြောကို အာရုံစိုက်ရနဲ့ အလုပ်ပိုတွေ လုပ်ရပါတယ်။ အဝေးပြေး ကားတစ်စီးမှာ အနည်းဆုံး စပယ်ယာ ၂ ယောက် လောက်ပါမှ အလုပ်ဖြစ် ပါတယ်။(လုပ်အား အပို သုံးရခြင်းပါ)



နောက်တချက်... ခရီးသည်တွေ အတက်အဆင်း လုပ်တဲ့ အခါ အပေါက်ဟာ လမ်းဘက် မှာပဲ ဖြစ်နေတာမို့ လမ်းပေါ် ကိုပဲ ဆင်းကြ ရပါတယ်။ နောက်ဘက်က လာတဲ့ကားတွေ နဲ့ တိုက်မိဖို့ ရာခိုင်နှုန်း ကိုးဆယ် သေချာနေ ပါတော့တယ်။ ကလေး မိခင် တွေများဆို အထုပ်အပိုး တဘက် ကိုယ့်ကလေး လမ်းပေါ် တက်သွားမှာ စိုးရိမ်ရတာ တဘက်နဲ့ တော်တော် ဒုက္ခရောက်ရပါတယ်။ မြန်မာပြည်မှာ အဝေးပြေး ခရီးသွားတဲ့ သူတိုင်း ကြုံဖူးမှာပါ။

သည်လို အမှတ်တမဲ့ အရေးမကြီးဘူးလို့ ထင်ရတဲ့ လက်ဝဲ လက်ယာ ပြောင်းပြန် ဖြစ်နေတဲ့ စနစ် တခုကြောင့်ပဲ တနှစ်တနှစ် အသက် ဆုံးရှုံးမှုတွေ ဘယ်လောက် များနေမလဲ။


(စာကြွင်း။............လက်ယာ ကပ်မောင်း စနစ်မှာ ကြီးပြင်း လေ့ကျင့်ခဲ့ရတဲ့ မိတေဖိုး လည်း နိုင်ငံရပ်ခြား တစ်ခု ရောက်ခါစမှာ လမ်းကူးတော့ ကိုယ့်ဘယ်ဘက် ကိုအရင် ကြည့်ပြီး ကားရှင်းပြီ ထင်ပြီး ကူးလိုက်တာ လက်ဝဲ ကပ်မောင်း စနစ်နဲ့ မောင်းလာတဲ့ ကားရဲ့ ဟွန်းသံရှည်ကြီးနဲ့ ဘရိတ်အုပ်သံ အကျယ်ကြီး ကြားလိုက် ရဖူးပါတယ်။ မြန်မာပြည် မှာ လိုတော့ ဒရိုင်ဘာက ခေါင်းထွက်ပြီး ဆဲသွားတာမျိုး မလုပ်သွားလို့ တော်ပါ သေးရဲ့)

Related from other sources:

clipped from www.news.com.au

Around 25 years ago Burma (Myanmar) actually did this in Rangoon (Yangon). They upgraded the bus service with a fleet of second hand buses from Bangkok, ignoring the fact that Thailand drives on the left and Burma on the right. The conductor on the bus stopped traffic while the passengers got on and off. It actually seemed to work, although it represented a major traffic holdup.
Perhaps the state government is thinking of emulating the military junta in Burma?

Posted by: John Denham 9:23am today
Comment 17 of 29

blog it


Share/Bookmark

Germs in your hands

လက်ထဲက ရောဂါပိုး စိုက်ခင်းများ
ရေးသူ - မိတေဖိုး


`တို့နိုင်ငံမှာလေ တန်ဘိုးရှိပြီး ရွံစရာအကောင်းဆုံးကဘာလဲ ... သိလား´

တူမလေးနှစ်ယောက် ပဟေဠိဖွက်တမ်းကစားနေတာကို ကြားရပြီး စိတ်ဝင်စားသွားမိတယ်။ အဲဒါနဲ့ အဖြေကိုစောင့်နားထောင်မိတော့....

`တို့သုံးနေရတဲ့ ငွေစက္ကူ တွေပေါ့´ တဲ့။

ဟုတ်ပါတယ်။ ကျမတို့ မြန်မာပြည်မှာ လူများစု နေ့စဉ် အသုံးပြုနေရတဲ့ ပိုက်ဆံတွေဟာ သတိပြုမိလောက်အောင်ကို ရွံစရာကောင်းစွာပဲ စုတ်ပြတ်နေပါတယ်။ လူပေါင်းစုံရဲ့ လက်ပေါင်း များစွာမှ တဆင့်တဆင့်ဖြတ်လာတဲ့ သည်ပိုက်ဆံတွေဟာ ကိုယ့်လက်ထဲရောက်တဲ့ အချိန်မှာ မြင်နိုင်တဲ့ ချီးအထပ်ထပ်နဲ့အတူ မမြင်နိုင်လောက်တဲ့ ရောဂါပိုးမွှား ပေါင်းများစွာ ရှိနေမှာပါပဲ။ အဲသည်လို အမှိုက်ပုံးထဲကို လွှင့်ပစ်ဖို့သာကောင်းတဲ့ စက္ကူ တစ်ရွက်ကိုပဲ အိတ်ထဲကို တရိုတသေ ရွရွကိုင်ပြီး ထည့်သိမ်း နေရပါတယ်။ ဘတ်စ်ကားစီးတဲ့အခါများမှာ ပိုလို့ သိသာ လှပါတယ်။ ကိုယ့်ဆီက အစုတ်ဆုံးကိုမှရွေးပြီး ကားခပေးထားတဲ့ (လူတိုင်းသည်လိုပဲလေ)ပိုက်ဆံတွေဟာ စပါယ်ယာရဲ့ လက်ထဲမှာ ခေါက်ချိုးကျိုးကြေပြီး ချွေးစီးတွေ ချေးတွေနဲ့အတူ ခရီးသည်ပြည်သူ တွေဆီပဲ ပြန်လှည့်လို့လာပါတယ်။



ကျမမြန်မာပြည် ပြင်ပက နိုင်ငံနှစ်ခုကို ရောက်ဘူးပါတယ်။ ထိုင်း နိုင်ငံနဲ့ စင်ကာပူ နိုင်ငံပါ။ စင်ကာပူနိုင်ငံမှာတော့ e-system တွေ ဖွံ့ဖြိုးတိုးတက်လွန်းလို့ လူတွေဟာ ပိုက်ဆံကိုင်သုံးတာ တောင် သိပ်မတွေ့ရတော့ပါဘူး။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကတ်ပြားတွေ ဒစ်ဂျစ်တယ် ဂဏန်းတွေ နဲ့ပဲ အလုပ်ဖြစ်နေတာပါ။ ခရီးသွားရင်လည်း ကတ်ပြားလေး ၀ယ်ထားပြီး ရထား၊ ကားစီးရာမှာ သည်ကတ်ပြားလေးကို လက်မှတ်ဖြတ်တဲ့စက်မှုာ သွားထိလိုက်ရင် ကိုယ်သွားမဲ့ ခရီးအတွက် ကျသင့်ငွေကို ဖြတ်ပြီးသားပဲ၊ ဈေးဝယ်ရင်လည်း သည်လိုပဲလေ၊ ကတ်ပြားထဲ ပိုက်ဆံထည့် အဲသည်ကတ်ပြားကိုပဲ ငွေရှင်းကောင်တာမှာ စက်ထဲထည့်တွက်၊ ကျသင့်ငွေကို ကိုယ့်ကတ်ပြား ထဲကနေ စက်က နူတ်ယူသွားတာပဲ။ အဲသည်ကတ်ပြားတွေထဲ ပိုက်ဆံထည့်တော့လည်း ကိုယ့် ဘဏ်စာအုပ်ထဲက ပိုက်ဆံအရေအတွက်ကနေ၊ စက်တွေကနေတဆင့် ကိုယ့်ရဲ့ ခရီးသွား ကတ်ပြား၊ ဈေးဝယ်ကတ်ပြားတွေထဲကို ပေါင်းထည့်ပေးတာပဲ။ ဘဏ်စာအုပ်ထဲကို ပိုက်ဆံတွေ ရောက်လာတာကလည်း လစာရတဲ့သူဆို သူ့အလုပ်ကနေ သူ့ဘဏ်စာရင်းထဲကို လခထုတ်ရက်မှာ တခါတည်း ထည့်ပေးလိုက်တာပဲ။ ကိုယ့်စာအုပ်ကို လမ်းဘေးမှာရှိတဲ့စက်တွေမှာ သွားစစ် လိုက်ရင် ကိုယ့်မှာ ပိုက်ဆံဘယ်လောက်ရှိလဲ၊ လစာအသစ် ၀င်ပြီလားဆိုတာ သိရတာပဲ။ လုပ်ထားတဲ့ စနစ်က တော်ရုံတန်ရုံဆို ပိုက်ဆံ စက္ကူ ကြီးတွေကို နေရာတကာမှာ သုံးစရာမလိုတော့ ဘူး။


နောက်တနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာဆို စင်ကာပူလောက်တော့ e-system မဖွံ့ဖြိုးသေးပေမဲ့ သူတို့က ပိုက်ဆံကိုင်တဲ့နေရာမှာ စနစ်တကျကိုင်ကြတယ်။ ကားစပါယ်ယာတွေကလည်း မြန်မာ ပြည်မှာလိုချွေးတွေရွှဲပြီး လူကြားထဲမှာလိုက်တိုးပြီး ပိုက်ဆံတောင်းနေရတာမဟုတ်ဘူး။ ယူနီဖောင်း နဲ့ဘာနဲ့ကျကျနန။ မိန်းမစပါယ်ယာတွေဆို မိတ်ကပ်တွေလိမ်းပြီး စတိုင်အပြည့်ပဲ။ ပိုက်ဆံကိုင် ရင်လည်း စပါယ်ယာကိုင်လို့ အဆင်ပြေအောင် ဒီဇိုင်းထုတ်ထားတဲ့ စလင်ဒါပုံ သံဖြူဗူး လုံးလုံး ရှည်ရှည်လေးထဲမှာ ပိုက်ဆံတွေကို သူ့အမျိုးအစားအလိုက် အကန့်လေးတွေနဲ့ ထည့်ထားတာ။ သာမန်ပြည်သူတွေကလည်း ပိုက်ဆံကိုင်ရင် အကြွေစေ့ဆိုရင်လည်း အကြွေစေ့ အိတ်ကလေး တွေနဲ့ ငွေစက်ကူဆိုရင်လည်း အိတ်ထဲမှာ ဖြန့်ပြီးထည့်ကြတယ်။ စတိုးဆိုင်တွေမှာ ပိုက်ဆံထည့်တဲ့ သေတ္တာကိုမြင်ဘူးတယ်။ ငွေစက္ကူ ထည့်တဲ့အကန့်မှာဆို စက္ကူ ပြန့်အောင်ဖိတဲ့ မောင်းတံလေး တွေတောင်ပါသေးတယ်။ နောက်ပြီး အစိုးရကလည်း ပိုက်ဆံအစုတ်တွေကို တာဝန်ယူပြီး အသစ်နဲ့ လဲပေးတယ်။ ပိုက်ဆံမှာပါတဲ့ ပုံကလည်း သူတို့ပြည်သူတွေ ချစ်တဲ့ ဘုရင်ကြီးပုံ ဆိုတော့ တရိုတသေ ကိုင်ကြတာလည်း ဖြစ်လိမ့်မယ်။

အင်း-ရောက်ဘူးတဲ့ တိုင်းပြည်နှစ်ပြည်က ပြည်သူလူထုငွေသုံးစွဲပုံတွေကို တင်ပြပြီးတော့ ကျမတို့ရဲ့ ဘူမိနက်သန်မိခင်မြေက ပြည်သူလူထုတွေ ငွေသုံးစွဲပုံဘက် ပြန်လှည့်ရအောင်။ လူတွေ ကလည်း ပိုက်ဆံကို အိတ်နဲ့ကိုင်နိုင်တဲ့ စီးပွားရေးအဆင့် မရှိတော့ဘူး ထင်ပါရဲ့။ အခြေခံ လူတန်းစား တော်တော်များများကို လေ့လာကြည့်မိတယ်။ သူတို့မှာ ပိုက်ဆံအိတ်ဆိုတာ မရှိတာ တကယ်ပါ။ လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုတ်ထားမယ်၊ ဒါမှမဟုတ် ခါးကြား(ပုဆိုးစ၊လုံချည်စ) ထဲမှာ လိမ်ကျစ်ထားမယ်။ ဒါမှမဟုတ် ပလပ်စတစ်အိတ် ကလေးတွေထဲမှာ သည်အတိုင်း အလိပ်လိုက် အခေါက်လိုက် ထည့်ထားကြတာအများစုပါ။

ကျမ တနိုင်တပိုင်လုပ်ထားတဲ့ သုတေသနစစ်တမ်းအရ မြန်မာပြည်ကငွေစက္ကူ တွေထဲမှာ အစုတ်ဆုံးအမျိုးအစားကတော့ ၁၀၀ ကျပ်တန်နဲ့ ၂၀၀ ကျပ်တန်ပါပဲ။ မြန်မာပြည်မှာ တရားဝင် သုံးစွဲခွင့်ရတဲ့ ငွေစက္ကူ အမျိုးအစားက (အကြွေစေ့တွေ့ မထည့်တော့ပါဘူး) ငယ်စဉ်ကြီးလိုက် ပြောရရင် -
  • ၁ ကျပ်တန်
  • ၅ ကျပ်တန်
  • ၁၀ ကျပ် တန်
  • ၂၀ ကျပ် တန်

  • ၄၅ ကျပ် တန် (မသိမသာ ပြန်သိမ်း)
  • ၅၀ ကျပ်တန်

  • ၉၀ ကျပ် တန် ( မသိမသာ ပြန်သိမ်း)
  • ၁၀၀ ကျပ် တန်
  • ၂၀၀ ကျပ် တန်
  • ၅၀၀ ကျပ်တန်
  • ၁၀၀၀ ကျပ် တန် ( အရွယ် ၂ မျိုး ) တို့ပဲဖြစ်ပါတယ်။


စိတ်ဝင်စားစရာကောင်းတာက ပိုက်ဆံတွေမှာတန်ဘိုးအငယ်ဆုံးအရွက်ဟာ အသုံး အများ ဆုံးမို့ အစုတ်ဆုံးဖြစ်မယ်လို့ထင်ရပေမဲ့ အစုတ်ဆုံးဟာ ၁၀၀ တန်ဖြစ်နေတာ တွေ့ရပါတယ်။ ဒါဟာ ဘာကိုပြနေလည်းဆိုရင် မြန်မာပြည်ရဲ့ အခြေခံစားကုန်တန်ဘိုးဟာ အနိမ့်ဆုံး ၁၀၀ ကျပ် ပတ်ဝန်းကျင်မှာ ရှိလိမ့်မယ်ဆိုတာ ပြတာပါပဲ။ ခုဆို တဖြည်းဖြည်းနဲ့ ၅၀၀ ကျပ်တန်တွေလည်း တော်တော်စုတ်လိုက် လာပါပြီ။(နောက်ပိုင်း အစုတ်ဆုံးက ၁၀၀၀ တန်ဖြစ်မှာ စိုးရပါသည်။)


ကျမအဖို့တော့ သည်ပြသနာဟာ ပြည်သူလူထု ကျန်းမာရေး နဲ့ပတ်သက်ပြီးအတော်လေး အရေးကြီးတဲ့ ကိစတစ်ရပ်လို့ ထင်ပါတယ်။ သည်ငွေစက္ကူ တွေကနေ ရောဂါပိုးတွေ အများကြီး ပြန့်ပွားနိုင်ပါတယ်။ ကျန်းမာရေးအဖွဲ့အစည်း တစ်ခုခုကနေ တာဝန်ယူပြီး သုတေသန လုပ်ဖို့ လိုပါတယ်။

ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့၊ တာဝန်ကို အတင်းလုယူထားပြီး ကျေပွန်အောင် ဆောင်ရွက်မပေးတဲ့ သူတွေကို ထောက်ပြ ပြောဆို တိုက်တွန်းသင့်ပါတယ်။နောက်ပြီး ငွေစက္ကူ ကို စနစ်တကျ ကိုင်တွယ်တတ်ဖို့ ပြည်သူလူထုကို ပညာပေးဖို့ လိုပါ တယ်။ ကျောင်းသင်ခန်းစာတွေမှာ ထည့်ပြီးတော့လည်း ကလေးငယ် အရွယ် တည်းက နားလည် အောင် လေ့ကျင့်ပေးထားသင့်ပါတယ်။ အဓိကတာဝန်အရှိဆုံးကတော့ တိုင်းပြည်ရဲ့ ဘဏ္ဏာရေး ၀န်ကြီးဌာနက ငွေတန်ဘိုး အာမခံမရှိတဲ့ ၁၀၀၀ တန်အသစ်တွေချည်း လှိမ့်ရိုက်မနေပဲ လူထု အများစု နေ့စဉ်သုံးစွဲနေရတဲ့ အန္တရာယ်ကြီးလှတဲ့ ပိုက်ဆံအစုတ်တွေကို တာဝန်ယူ လဲလှယ် ပေးဖို့ပါပဲ။ (ဘဏ်ထုပ်လို့ ဆိုတဲ့ ၅၀၀ တန် အစည်း တွေ ထဲမှာ တောင် အစုတ် အပြတ် အပဲ့အရွဲ့တွေ အများကြီး ပါနေပါတယ်။ ဒါဟာ တာဝန် ရှိသူတွေ ရဲ့ တာဝန် မဲ့မူကိုပြ နေ ပါတယ်။)

အောက်မှာ ကျမ စစ်တမ်း ကောက် စဉ်က အသုံးပြု ထား တဲ့ မေးခွန်း လေး တွေကို ဖော်ပြပေး ထားပါတယ်။ စိတ်ဝင် စားရင် မိမိ ကိုယ်တိုင် ပါဝင် ဖြေဆိုနိုင် သလို ပါဝင် စစ်တမ်း ကောက်ယူ နိုင်ပါတယ်။ ထပ်မံ အကြံပြု ဖြည့်စွက် နိုင်ပါတယ်။

၁။ ဖြေဆိုသူ၏ အလုပ်အကိုင်

  • ကျောင်းသား
  • ၀န်ထမ်း ( လစာရသူ)
  • ဈေးသည်
  • ကျဘမ်း အလုပ်သမား

၂။ သင်၏ တနေ့သုံးစွဲငွေ ပျမ်းမျှ ပမာဏကို ပြောပြပါ။


၃။ နေ့စဉ် သင်အသုံးအများဆုံးငွေစက္ကူ ကျပ်တန်အမျိုးအစားကိုဖော်ပြပါ။


၎။ သင်သုံးစွဲရသော ငွေစက္ကူ များတွင် မည်သည့် အမျိုးအစားကို အစုတ်ဆုံး တွေ့ရ ပါသနည်း။


၅။ ငွေစက္ကူ အ စုတ်များကို အများဆုံးဘယ်နေရာမှ ရလေ့ရှိပါသနည်း။

  • ဈေးဝယ်ရာမှ
  • အများပြည်သူသုံး ကား၊ ရထား စီးရာမှ
  • လစာ ထုတ်ရာမှ ( ဘဏ်မှ..)
  • မည်သည့် နေရာ မှ မဆိုရသည်


၅။ သင်လက်ထဲသို့ရောက်ရှိလာသော ငွေစက္ကူ အစုတ်များ(၁၀၀ ကျပ်နှင့်အထက်)ကို သင်မည်သို့ပြန်လည် အသုံးပြုပါသနည်း။

  • ဖာထေးပြုပြင်ပြီးပြန်လည်အသုံးပြုပါသည်။
  • လွှင့်ပစ်ပါသည်။
  • အလှုခံထည့်ပါသည်
  • ဘဏ်တွင်သွားလဲပါသည်

၆။ ပိုက်ဆံကို အိတ်နှင့်ကိုင်သောအလေ့အထရှိပါသလား...

  • တခါတရံကိုင်ပါသည်
  • ဘယ်တော့မှ မကိုင်ပါ
  • အမြဲအိတ်နှင့်ကိုင်ပါသည်

၇။ အိတ်နှင့်ကိုင်လေ့ရှိလျှင် အိတ်တွင် စနစ်တကျ စီစီရီရီ ထည့်လေ့ရှိပါသလား။

(နံပတ် ၆ တွင် ဘယ်တော့မှမကိုင်ပါဆိုလျှင် ဖြေရန်မလိုပါ)

  • ရှိပါသည်
  • မရှိပါ
  • အတန်ကြီးများကိုသာစီလေ့ရှိပါသည်


ငွေစက္ကူ များ သုံးစွဲခြင်းနှင့် ပတ်သက်ပြီး သင်၏ခံစားချက် အကြံပြုချက်များကို ပြောလိုလျှင် ပြောပြပါ။


Share/Bookmark

Free Education and Education Free



ကာတွန်း - ကလျာမိတေ


Share/Bookmark

Who is the Guradian of Righteousness



ကလျာမိတေ ရဲ့...ကာတွန်းကို.. ဒီကနေ ယူလာပါတယ်။


( တရားစောင့်နတ်မင်းကြီးရေ.. ထိုင်စောင့်မနေပါ နဲ့.. သွားပီးလုယူပေးပါတော့။)




Share/Bookmark

Who explore the roads

ခုတလော..ဗမာပြည်က..အခြေအနေတွေနဲ့ပတ်သတ်လို့..လူတွေအတော်များများ..စိတ်ဓါတ်တက်ကြွလိုက်...စိတ်ဓါတ်ကျလိုက်..ကျသွားတဲ့စိတ်တွေပြန်ကောက်တင်လိုက်..ဘာလုပ်လို့..ဘာကိုင်ရမှန်းလည်းမသိ..ဘယ်သူ့ကိုဘာလုပ်ခိုင်းရမှန်းလည်းမသိ..မောတောတောကြီးတွေဖြစ်နေကြပါတယ်။ ကိုယ်တော့...ဒီစာလေးကိုဖတ်ပီး..နဲနဲလေးနေလို့ထိုင်လို့ရသွားသလိုမို့..ထပ်ဆင့်ကူးပီးဖော်ပြပါရစေ။
အဟင်း..စာရေးသူကလည်း..တခြားဟုတ်ပါဘူး..ကာတွန်းဆရာမလုပ်ချင်တဲ့ကိုယ့်အမပါပဲ။ အဲဒါနဲ့...သူတို့
ဘလော့ကနေ..အတင်းသွားယူလာပါတယ်။ ကျေးဇူးပါပဲ..မိတေဖိုးရေ...

တောင်ပတ်လမ်းဖောက်ကြသူများ

ကျမခပ်ငယ်ငယ်ကပေါ့... လူကြီး တစ်ယောက်ယောက်ကများ “တိုင်းပြည်ကြီးကတော့ သွားပါပြီကွာ၊ ပြင်လို့လည်းရမှာ မဟုတ်တော့ဘူး”လို့ စိတ်ပျက်လက်ပျက် ငြီးငြူသံကြားရင်၊ သိပ်စိတ်ဆိုးမိပါတယ်။ ရင်ထဲမှာလည်း စိုးရိမ်မိတယ်။“သူကတော့ ကြီးပြီကိုး၊ ငါတို့က ဒီတိုင်းပြည်ထဲမှာ ဆက်ပြီးလူလုပ်ရဦးမှာ” လို့လည်း တွေးပူမိပြန် ပါတယ်။

တဖြည်းဖြည်းနဲ့၊ ကျမလည်း အရွယ်ရောက်လို့၊ လူလတ်ပိုင်း ဖြစ်လာခဲ့ပြီ။ လူကြီးဘ၀ ချဉ်းကပ်လာနေပြီပေါ့။ ကျမထက် ငယ်ရွယ်တဲ့ လူငယ်တွေ ရှေ့မှာ၊ အဲလို မျှော်လင့်ချက်မဲ့တဲ့ စကားမျိုးတွေ၊ ဘယ်တော့မှမပြောမိဖို့၊ သတိထားတယ်။ တကယ်လည်း ကိုယ့်ရင်ထဲမှာ၊ မျှော်လင့်စိတ်မွေးတယ်။“ငါတို့ တိုင်းပြည်ကြီး ပြန်ကောင်းလာရဦးမယ်၊ ငါတို့ တိုင်းသူပြည်သားတွေဟာ၊ ကောင်းမွန်တဲ့ စံနစ်အောက်မှာ၊ သာတူညီမျှ အခွင့်အရေးတွေနဲ့ လူတန်းစေ့နေနိုင်မယ့် အချိန်ကို ရောက်ကို လာရဦးမယ် ” လို့ပေါ့။

(၁၉၈၈) လူထုအုံကြွမှုကြီးမှာ၊ ကျမလည်း ကျောင်းသားအနေနဲ့ ပါဝင်ခဲ့တယ်။ ကျမအဖြစ်ကို ၀န်ခံရရင် . . . (၈) လေးလုံးနေ့က၊ ကျမထက်ကြီးတဲ့ အစ်ကိုတွေ၊ အစ်မတွေက၊ “ဒီမိုကရေစီရေး”လို့ တိုင်ပေးတာကို၊ ဘယ်လို ဆက်အော်ရမှန်းမသိခဲ့ပါဘူး။ ဒီမိုကရေစီဆိုတဲ့ စကားလုံးဟာ၊ ထောက်ခံရမယ့် အရာလား၊ ရှုံ့ချရမယ့် အရာလား ဆိုတာတောင် မသိခဲ့တာအမှန်ပါ။(၁၉၉၀) မှာ ရွေးကောက်ပွဲလုပ်တော့ ကျမအသက် (၁၈) နှစ် မပြည့်လို့၊ မဲမပေးခဲ့ရပါဘူး။ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို လျစ်လျူရှုနေတဲ့ အာဏာသိမ်းစစ်တပ်အစိုးရအပေါ် မကျေနပ်ကြတဲ့ ကျမတို့တွေဟာ၊ တကယ်တော့ . . ပြည်သူ့ဆန္ဒမဲပေးပွဲဆိုတာမှာ၊ တစ်ခါမှ . . . မပါဝင် မဆင်နွဲဘူးတဲ့သူတွေ အများကြီးပါ။စကားလုံးကြီးကြီးကျယ်ကျယ်တွေ ပြောတတ်တဲ့ ကျမသူငယ်ချင်းကို “ဟင်း . . မွေးကတည်းက တစ်ခါမှဖြင့် မဲမပေးဖူးနဲ့” လို့ ကျီစယ်ရင်၊ သူက “အဲတာကြောင့် ပိုစိတ်တိုရတာပေါ့ဟ” လို့ ပြန်ပြောတတ်ပါတယ်။

အချိန်တွေ၊ အတွေ့အကြုံတွေ၊ တော်တော်တန်တန်ရယူ ဖြတ်သန်းပြီးတဲ့ အခုအရွယ်မှာလည်း၊ ကျမရဲ့ မျှော်လင့်ချက်တွေ၊ အယူအဆတွေ အများကြီး ပြောင်းလဲ မသွားခဲ့သေးပါဘူး။ ပိုပြီးခိုင်မာလာသလားလို့ မေးရင်တော့ “ပိုတယ်မပိုဘူးဆိုတာ၊ ဘာနဲ့ နှိုင်းယှဉ်ရမှာလည်း၊ အရင်ကလည်း ဒီလိုပဲမျှော်လင့်တယ်၊ အခုလည်း ဒီလိုပဲမျှော်လင့်တယ်”လို့ ပြန်ဖြေရမှာပါ။တချို့ သူငယ်ချင်းတွေကတော့ ပြောတယ်၊ “အသက်အရွယ်နဲ့ အတွေ့အကြုံအရ၊ မျှော်လင့်ချက်အိပ်မက်တွေဟာ ပြောင်းလဲရမယ် ” တဲ့ “ ဒါ ရင့်ကျက်လာတယ်လို့ ခေါ်တယ် ”တဲ့၊ ဒါဆို ကျမက မရင့်ကျက်သေးဘူးပေါ့။ မရင့်ကျက်ရင်လည်း ရှိပါစေတော့။ လူဆိုတာ မျှော်လင့်ချက်တွေနဲ့ပဲ အသက်ရှင်နိုင်တာမို့၊ ကျမတန်ဘိုးထားတဲ့ ယုံကြည်မျှော်လင့်ချက်တွေကို မပြောင်းလဲပါရစေနဲ့။

ကလေးဘ၀တုန်းက၊ ရွှေသွေးဂျာနယ်ထဲမှာ ဖတ်ခဲ့ဖူးတဲ့ ရုပ်ပြပုံပြင်လေး တစ်ခုကို မှတ်မိနေတယ်။ အဖိုးအိုတစ်ယောက်က၊ တောင်အမြင့်ကြီး တစ်ခုကို ကျော်ဖြတ်နိုင်ဖို့၊ တောင်ပတ်လမ်းတစ်ခု ဖေါက်နေတော့၊ သူ့မြေးလေးက ကူညီရင်းမေးတယ်။‘အဖိုးရယ် . . အဖိုးမသေခင် ဒီလမ်းက ပြီးပါ့မလား’တဲ့၊ အဖိုးက ပြန်ဖြေတယ် ‘တို့တွေ ဒီတောင်ကြီးကို ကျော်ချင်တယ် မဟုတ်လား၊ ဒါဆိုရင် အဖိုးလက်ထက်မှာ မပြီးလည်း၊ မြေးလက်ထက်မှာ ဆက်ဖောက်ပေါ့ကွာ၊ မြေးလက်ထက်မှာ မပြီးခဲ့သေးရင်လည်း၊ မြေးရဲ့မြေးတွေ ဆက်ဖေါက်ကြ ပစေပေါ့ ’ တဲ့။

(၂၀၀၄) ခုနှစ် သြဂုတ်လ၊ (၁၄) ရက်နဲ့ (၁၅) ရက်နေ့တွေမှာ၊ ကျမတို့ မြန်မာပြည်သားတွေ၊ ဂုဏ်ယူရတဲ့ အဖိုးတန်စာဆိုနှစ်ဦးကို ဆုံးရှုံးခဲ့ရတယ်။ သြဂုတ်လ (၁၄) ရက်၊ စနေနေ့မှာ ပြည်သူချစ်တဲ့ သီချင်းရေးဆရာ၊ ကဗျာဆရာ၊ အဆိုတော်ထူးအိမ်သင် (၄၂) နှစ်ဟာ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားခဲ့သလို၊ သြဂုတ်လ (၁၅) ရက်၊ တနင်္ဂတွေနေ့မှာ ခေတ်အဆက်ဆက် ပြည်သူလေးစားခဲ့တဲ့ ပညာရှင်ကဗျာဆရာကြီး ဆရာမင်းသုဝဏ်၊ အသက် (၉၆) နှစ်ဟာ၊ လူကြီးရောဂါနဲ့ ဘ၀တစ်ပါးပြောင်းသွားခဲ့ပါတယ်။ဆရာကြီး မင်းသု
ဝဏ်နဲ့ အဆိုတော်ထူးအိမ်သင်တို့ အတွက်၊ အမှတ်တရဂုဏ်ပြုမှုတွေ၊ လွမ်းဆွတ်တသမှုတွေနဲ့ သူတို့ရဲ့ အတ္ထုပ္ပတ္တိတွေကို ဖတ်ရကြားရပါတယ်။ သူတို့နှစ်ယောက်အကြောင်း နှိုင်းယှဉ်ခံစားမိတော့ . . .ဆရာကြီးမင်းသုဝဏ်ဟာ၊ အသက်ရှေခဲ့တဲ့ အလျောက်၊ ခေတ်ပေါင်းများစွာကို၊ မပြောင်းလဲတဲ့ ယုံကြည်ချက်တွေနဲ့ ဖြတ်သန်းခဲ့တယ်။ တိုင်းပြည်လွတ်လပ်ရေးကစလို့၊ ဒီမိုကရေစီရေးအထိ ပါဝင် ဆောင်ရွက်ခဲ့တယ်။ သူ့တိုင်းပြည်၊ သူ့လူမျိုးအတွက် နောက်ဆုံးအချိန်အထိ တာဝန်ကျေခဲ့ပါတယ်။ ထူးအိမ်သင်ဟာလည်း၊ သူအသက်ရှင်ခွင့်ရတဲ့ အချိန်လေးထဲမှာပဲ၊ သူဖြတ်သန်းခဲ့ရတဲ့ ခေတ်သမိုင်းရဲ့တာဝန်ကိုကျေခဲ့တယ်။ သူ့ရဲ့ယုံကြည်ချက် အမှန်တရားတွေကို ဘာနဲ့မှ ပြောင်းလဲမပြစ်ခဲ့ပါဘူး။ ‘ကျနော်ဟာ မိုက်မိုက်မဲမဲ ရိုးသားနေဆဲ’လို့ ဖွင့်ဟ၀န်ခံခဲ့ပါတယ်။သူတို့ နှစ်ယောက်ဟာ၊ တောင်ပတ်လမ်းအတူ ဖေါက်ခဲ့ကြတဲ့ အဖိုးနဲ့ မြေးတို့ပါ။

အဖိုးရော မြေးရော၊ တောင်ရဲ့တဖက်ကို မရောက်သေးခင်၊ သေသွားခဲ့ကြပေမဲ့ ဒီတောင်ကြီးကို ကျော်ချင်တဲ့ စိတ်ရှိသူတွေ ရှိနေသရွေ့ လမ်းဆက်ဖေါက်ကြဦးမှာပါ။ မြေးရဲ့ မြေးတွေက ဆက်ဖေါက်ကြဦးမှာပါ။ မြေးတို့ လက်ထက်မှာ စိတ်တူကိုယ်တူညီညွတ် ကြလို့ တောင်တဖက်ထိ လမ်းပေါက်ခဲ့ရင်လည်း၊ ဟိုဘက်မှာ တောင်ဘယ်နှစ်လုံး ဆက်တွေ့ရဦးမလဲ မသိနိုင်ပါဘူး။လမ်းဖေါက်ဖို့လိုတဲ့ တောင်တွေလား၊ သဘာဝအရ ထိမ်းသိမ်းထားသင့်တဲ့ တောင်တွေလားဆိုတာလည်း တွေ့မှပဲ ဆုံးဖြတ်နိုင်မှာပါ။အဖိုးသာ ရှိဦးမယ်ဆိုရင်တော့ ‘အေးလေကွာ . . အဖိုးလည်း ဒီနေရာ ရောက်အောင်၊ တခြားတောင်တွေကို ဖြတ်လာခဲ့ရတာပဲ။ အရေးကြီးတာက လမ်းဆက်လျှောက်ချင်စိတ် ရှိနေဖို့နဲ့ လမ်းမမှားကြဖို့ ကြိုးစားကြပေါ့ ’ လို့ ပြောမယ်ထင်ပါရဲ့နော်။

(Burma Post သတင်းစာ၊ ၂၀၀၆ ခုနှစ်/ သြဂုတ်လ တွင် နှစ်နှစ်ပြည့်အတွက် ဖော်ပြခဲ့ပြီးဖြစ်သည်။)

By courtesy of http://mrbalance.blogspot.com/



Share/Bookmark

Bow Down

အလေး.........ပြု


အာဇာနည်နေ့မှာ..ဘာမှမတင်..ဘာမှမပြောပဲနေကြမည်ဟု..ဘလော့ဂါများ..လက်မောင်းသွေးဖောက်
သစ္စာဆိုထားကြသဖြင့်..အာဇာနည်နေ့အထိမ်းအမှတ်ကလေးကို..ဒီကနေ့မှတင်လိုက်ပါတယ်...

ကိုယ့်လက်ရာတော့မဟုတ်ပါ..ဧည့်သည်တော်ကဏ္ဍအဖြစ်ရှုကြပါကုန်....
တခြားဧည့်သည်မဟုတ်ပါ..ကိုယ့်အမအရင်းခေါက်ခေါက်ဖြစ်ပါသည်...
သူက..ထူးထူးခြားခြား..ဘ၀မှာ..အဖြစ်ချင်ဆုံးက..ကာတွန်းဆရာမတဲ့...
ငယ်ငယ်တည်းက..ကိုယ်နဲ့..ခဲတံလုဖက်..စာအုပ်ဖွက်ဖက်..ပုံဆွဲပြိုင်ဖက်..ရန်ဖြစ်ဖက်..အထက်
အောက်ဖြစ်သမို့..တယောက်အကြောင်းတယောက်အသိဆုံး..။ကိုယ်ငယ်ငယ်တည်းက..စာတွေရေးပီး
ဘယ်ကိုမှမထည့်ရဲရင်..သူကိုယ်တိုင်..မဂ္ဂဇင်းတိုက်ကိုသွားပို့ပေးတတ်သူမို့..သူ့ရဲ့ကာတွန်းဆရာမအိမ်မက်ကိုလည်း..ကိုယ်အမြဲတမ်းအားပေးလျက်ပါပဲ...။
ဒါပေမဲ့..သူဖြစ်ချင်တဲ့..ကာတွန်းလိုင်းက..တမျိုး...
ကိုယ်တို့ငယ်ငယ်က..တေဇရုပ်စုံမှာ..အသဲစွဲခဲ့ရတဲ့..ဦးဘကြည်ရဲ့..ကောက်ကြောင်းပီပီနဲ့..ဆေးရောင်စုံစုံ..ကလေးပညာပေးဇာတ်လမ်းကာတွန်းလေးများကို..သတိတရ..အားကျပါသတဲ့.. ။
မဟော်သဓါဇာတ်တို့..လောဘကြီးတဲ့..သူဌေးကြီးဦးဘောဂတို့..အလုပ်ပျင်းတဲ့မနှင်းလေးကို..သူ့အလိုလိုထမင်းတွေခွံ့လို့..အပူလောင်တာတို့..အိုး..အများကြီးပဲ..အကုန်တော့မမှတ်မိတော့..။ အရမ်းစွဲလမ်းခဲ့ရတဲ့..ကလေး..ကာတွန်းလေးတွေ..။ ဟို..သူငယ်တန်းဖတ်စာအုပ်က..အရုပ်ကလေးတွေလည်း.. ဦးဘကြည်ပဲထင်တယ်..

သူ့ကာတွန်းကတော့..ကယ်ရီကေးချားပိုဆန်တယ်..အရမ်းရုပ်ပြောင်ကြီးမဟုတ်ပေမဲ့..မြင်တာနဲ့..
ဘယ်သူလဲဆိုတာ..တန်းသိနိုင်တဲ့..သူ့လက်ရာက..တမျိုး..။ များသောအားဖြင့်တော့..သူ့ရဲ့ကာတွန်း
ဇာတ်ကောင်တွေက..ကိုယ်တို့ရဲ့..တူ-တူမလေးများပါပဲ.. ။
သူက..ဟိုဟိုဒီဒီလည်းသိပ်မပို့..သူ့ဟာသူဆွဲပီး..သိမ်းထားတာကများများ..(အကြောင်းအရာတွေက
လည်း..ပို့လို့သိပ်မဖြစ်) တလောကတော့..UNICEF ကထုတ်တဲ့..ကျန်းမာရေးပညာပေးကာတွန်း
စာအုပ်ကလေးမှာ..သူဆွဲချင်တဲ့ပုံစံလေးအတိုင်းဆွဲခွင့်ရခဲ့လို့..သဘောတွေကျနေလေရဲ့..

weekly Eleven မှာ..ကိုယ်ရေးတဲ့..နိုင်ငံတကာပညာရေး အကြောင်းလေးမှာလဲ..သူ့ကာတွန်းလေးကို
သုံးဖြစ်ခဲ့တယ်..
ခု..အာဇာနည်နေ့..ကာတွန်းလေးကိုလည်း..ကိုယ့်ရဲ့..New Generation ဆိုတဲ့ ပို့စ်လေးနဲ့..တွဲကြည့်စေချင်ပါတယ်...



( ဇာတ်ကောင်များ..နှင်းပွင့်..ဥာဏ်ကျယ်..နကားလေး..နဲ့..ညိုလုံး..)



























(ကာတွန်း...လေးလေး)


Share/Bookmark