အနှစ် နှစ်ဆယ်သို့ ဂီတ မိတ်ဆုံ

…… ကိုယ်တို့ ငယ်ငယ် ဟိုအခါတုန်းက..ပြောမရ ဆိုမရ မိုက်ကြတဲ့ အခါတွေ... ချစ်သောဖေဖေ.... ချစ်သော မေမေ….. ဂရုဏာ ဒေါသော နဲ့ ရိုက်နှက်ဆုံးမတဲ့ အခါ..ကျတဲ့ မျက်ရည်.. မျက်ရည်..မျက်ရည်..အသဲ
ဘ၀င်မှာ ...မနာတတ်သော အရွယ်ပေ…
-
မီးပူ ခလုပ်လေးကို cool အထိ တွန်းပို့လိုက်ရင်း..အ၀တ် နောက်တတည်ကို ဆွဲယူ ပြီး အ၀တ်လျှော်စက်က ကပ်ပါလာတဲ့ အမှုန် လေးတွေကို ကပ်ခွာဖိလုံးလေး နဲ့ အသာ ကပ်လိုက်သည်။ ပါးစပ်ကတော့..VCD Player ထဲက ထွက်ပေါ်နေတဲ့..မာမာအေး ရဲ့ သီချင်းသံ ကို အမှီလိုက်ဆိုရင်း.. စိတ်တွေက..ကြည်ကြည်နူးနူး နွဲ့နွဲ့ပျောင်းပျောင်း။ ဂီတ က..လူ့စိတ်ကို နူးညွတ်စေတယ် ဆိုတာ.. အကြိမ်ကြိမ် အထပ်ထပ် ထောက်ခံ နေမိတယ်။ နူးညွတ်တယ် ဆိုတဲ့ အဓိပ္ပါယ်ထဲမှာ..၀မ်းနည်းတာတွေ..သတိရတာတွေ..ကြည်နူးတာတွေ..အားလုံးပါဝင်နေ သလိုပါပဲလေ..။ အခုပဲ.. သီချင်းလေးထဲမှာ..ငယ်ဘ၀ တွေ.. ပြီးတော့..လက်တွေ့ဘ၀တွေ..
-
....ခုတော့မှလေ..သူနဲ့တွေ့ရင်..မငြိုငြင်ပါဘူး..မငူစူပါဘူး..သို့သော်လဲလေ..
အလိုလိုဝမ်းနည်းတတ်တယ်လေ..သူ့ကိုတွေးနေ..သတိရနေတိုင်း.. မြမျက်ရည်..ပုလဲ မျက်ရည်..စိမ့်စမ်းသွယ်မျက်ရည်..သို့သော် အစဉ်ပူနွေးနေ..
-
သီချင်းတပုဒ်ကို အဲဒီလို လွတ်လွတ်လပ်လပ် တယောက်တည်း လိုက်ဆို ရတာလောက်..အရသာ ရှိတာ .. စိတ်ကိုပြေလျော့ စေတာ..ဘယ်မှာ ရှိတော့မလဲ..။ ခုတလော..ခရီးက ပြန်လာတည်းက..လန်ဒန်က ဇီဇ၀ါ နဲ့ ဘိုဘို ပေးလိုက်တဲ့.. မြန်မာသီချင်း ဟောင်းတွေကို..အရမ်းကို အရသာ တွေ့နေမိတာ။ သူတို့ နှစ်ယောက်ကလည်း..သူ.. ဒီလို သီချင်းမျိုးတွေ ကြိုက်တတ်တာ..သိများ သိလို့လား.. အကြိုက်တွေပဲ..တိုက်တိုက်ဆိုင်ဆိုင် တူနေကြသလား..မသိ..။ ထမင်းဟင်းချက်လည်း..ဒီသီချင်းတွေနဲ့.. မီးပူတိုက်လည်း ဒီအခွေဖွင့်..။ အိမ်က တယောက်က အတော် နားအူနေပုံ ရပြီ။

“ ဘာသီချင်း ဖြစ်ဖြစ် ..အကုန်ရနေ..လိုက်ဆို နေတော့တာပဲ..” တဲ့။
-
ဒါကတော့.. “ ကိုယ်တို့ငယ်ငယ် ဟို အခါ တုန်းက…” လို့ပဲ ပြန်ကျော့ရတော့မယ်။ ရေဒီယို သီချင်းတွေ နဲ့ပဲ ကြီးပြင်းခဲ့ရတာလေ..။ တအုပ်တည်းသော သီချင်းစာအုပ်ဖြစ်တဲ့.. ဖေ တို့ မေတို့ရဲ့..အနှစ် ၂၀ တေးပေါင်းချုပ်ကြီးကို ဖွင့်..လူကြီးတွေ ဆိုသလို..လိုက်တု ဆို ခဲ့ တာလေ..။
-
မိုးရွာပြီ ဆို ပျော်ပြီပေါ့..။ မိုးသံတွေ နဲ့ရောပြီး..သီချင်းကို အကျယ်ကြီး ဆို..အသံနေ အသံထားနဲ့ စိတ်ကြိုက်ဆို..ဘယ်သူ့မှ သိပ်အနှောင့်အယှက် မဖြစ်တော့ ဘူး။ နောက်မို့ဆို.. လေး ငါး ခြောက်တန်း ခုနစ် တန်းအရွယ် နဲ့..သီချင်းဆိုချင်တာပဲ သိပြီး..သီချင်း စာသားတွေမရ..ဆိုချင်သလိုဆို.. ရပြန်တော့လည်း.. အတိုင်းအနက်ကို နားမလည် ..အိစက် ညက်ညောတဲ့..ဖဲမွေ့ယာ ဆိုတာမျိုးတွေ..အော်အော်ဆိုရင်..ခဏခဏ အဆူခံရတတ်တာ..။
-
ခုတော့..ဆိုလိုက်စမ်း ကြိုက်သလောက်.. စာသားတွေ လည်းမိ အဓိပ္ပါယ်တွေလည်း ထိရှ လို့… သီချင်းတပိုဒ် တိုင်းက..အဖြစ်အပျက် တခု စီတိုင်း ဆီကို တွန်းပို့ နိုင်တဲ့ အထိ..။ ဒသာနတွေ..တွေးထုတ်ယူ နိုင်တဲ့ အထိ..။
-
....ဆွေးပူရင်လည်း ကျတဲ့ မျက်ရည်..ပြုံးပျော်ရင်လည်း ကျတဲ့ မျက်ရည်..၀မ်းနည်းပွေသမျှ..သောက အထွေထွေ မျက်ရည်သွယ်မှ..ပေါ့ပါးရွှင်လာ…အစဉ်သာ..ရင်မှာ..ပြေ..ပြေကာလျော့တယ်လေ..မြမျက်ရည်..ပုလဲမျက်ရည်..စိမ့်စမ်းသွယ်မျက်ရေ..သို့သော် အစဉ်ပူနွေးနေ..
….ချစ်ရသူတိုင်း ကျရသော မျက်ရည်
-
ဟုတ်တယ်..နှလုံးသား ရှိတဲ့လူတိုင်း မျက်ရည် နဲ့ကင်းနိုင်လို့လား။ လူတွေအတွက်..မရှိမဖြစ်..လိုအပ်လို့..ဘုရားသခင်က..ဖန်တီးပေးထားတဲ့ မျက်ရည်..။ မျက်ရည် ဆိုတာ..အပူရည် သက်သက်မှ မဟုတ်တာ။ သီချင်း စာသားလေး တွေက.. ချစ်စရာ ကောင်းလိုက်တာ။
-
++++++++
-
ဒီလောက် သီချင်း တွေ ဆိုဆိုနေတာ..လာ..အပျော် အသံသွင်းပေးမယ်..” လို့ ဆိုလာတော့..အတော် ပျော်သွားတယ်။ မယ်ဆိုချင် နဲ့..အသံသွင်းအင်ဂျင်နီယာရူး နှစ်ယောက် ပေါင်းပြီး.. အိမ်မှာ..ဂွီးဂွီးဂေါ်ဂေါ်..လုပ်ဖို့ကြိုးစားကြည့်တယ် ။ ဇီဇ၀ါ ပေးလိုက်တဲ့ အခွေတွေ ထဲက.. တီးလုံးတွေ ချည်း ပါတဲ့ အခွေကို ဖွင့် ကြည့်လိုက်တော့..။
-
မေရှင်….
-
...စိတ်ချ လက်ချ..ကြည်ဖြူချင်..မြေပေါ်တွင်..သူပဲ စွဲလို့သာပင်.. သစ္စာတော်ပန်း ..မသွေတမ်းပင်..တူ နှစ်ကိုယ် အသဲရွှေဆိုင် မြဲခိုင်ခိုင်..ပေါင်းဖက်ဖို့ စိတ်မှာ မြော်မြင်..
-
မရတော့ဘူး..ချက်ချင်းကို လိုက်ဆို ပြစ်လိုက် ပြီ။ အိုး…တီးထားတာတွေက လည်း..ကောင်းလိုက်တာ..ကွယ်။ အဲဒီ မြန်မာ့ စန္ဒယား လက်သံက..တခြားဘာနဲ့မှ မတူ..။ စန္ဒယား တီးတတ်တဲ့ သူငယ်ချင်း က ပြောပြဘူးတယ်။ Richard Clayderman တီးလုံးတွေကမှ..တီးရတာ လွယ်သေးတယ်။ စန္ဒယားချစ် ဆွေ တို့..စန္ဒယားလှထွတ် တို့ သီချင်းတွေ ဆို..တအားခက်တယ်..သူ အလွတ် မရဘူးတဲ့။ ဟုတ်မှာပါပဲ။ ဂီတမိတ်က.. Kite Young ကတောင်..အနောက်တိုင်း တူရိယာ သံကို မြန်မာမူ ပြုထားတာ..ပညာပါလွန်းလို့.. ဂီတလုလင်ဦးကိုကို ဆီမှာ သပ်သပ် ပြန် သင်ယူတယ်တဲ့။ စန္ဒယား ချစ်ဆွေ ထက်..ဦးလှထွတ် ဟာတွေကို ပိုကြိုက်သည်။ ခေတ်လည်း ပိုမှီတာကိုး။ ရုပ်ရှင် သီချင်းတွေ များတော့..ပိုပြီးတော့လည်း.. နောက်ခံရသ ပီပြင် နေတတ် သည်။ ဟော..နောက်တပုဒ်က.. ဦးလှထွတ် ရဲ့ “ မှည့်တပေါက်” ..ဒါလည်း ရတာပဲ..။

….ချစ်တဲ့သူ တဦးပေါ်တွင်..ခြောက်ပြစ်ကင်း သဲလဲစင် ဖြစ်ကြချင်တာ..သူသူငါ တိုင်းပင်.. သူသာလျှင်..ဇမ္ဗူကမ္ဘာတခွင်.. မတူပါချင်..စံနမူနာတင်..
-
ဘာကြောင့်မှန်းလည်း မသိ..ဘာကိုမှန်းလည်း မသိ...လွမ်းသလို ဆွေးသလို။ နေပါအုံး.. ဂီတက..လူ့စိတ်ကို နူးညွတ်စေတာလား.. အားနည်းစေ တာလား..။ သွေးဆောင်တာကော မဖြစ်နိုင်ဘူးလား..။
-
….တိမ်မှောင်ဝေကင်း..မြူခြေတွေရှင်း..ညသန်းခေါင်ခါတွင်..လရောင်ဖြာလွင်..ရှင်းသန့်ဖြူစင် ကြည်အေး တဖွေးဖွေး နဲ့ ၀င်းပသလိုပင်..အပြစ်ဆိုက..မြူမှုန်မျှ မတင်..မှဲ့တပေါက်စွန်း..အစွန်းမခံနိုင်ချင် ကိုယ်ချစ်တဲ့သူတွင်..
-
အဲဒီ နူးညွတ်မူတွေကို..ဘယ်လိုလူက..လွန်ဆန်ပြစ်လိုက် နိုင် မှာလည်းလေ ..။ ပြီးအောင် ဆက်ဆိုပါရစေ အုံး။

မှည့်တပေါက်

++++++
-
မြန်မာ့ ခေတ်ဟောင်း သီချင်းတွေထဲမှာ..ပျော်ဝင် နေမိချိန်မို့.. ဟိုးတလောက ၀ယ်လာခဲ့တဲ့ စာအုပ်ပုံထဲက..ကိုစောညိန်း အမှတ်တရ စာအုပ်လေးကို ဆွဲထုပ်ပြီး ဖတ်နေ မိသည်။

ဂီတ…ဆိုသည်မှာ..အတီးအမှုတ် ပညာဟု သာမန်အားဖြင့် လူတိုင်း နားလည်ကြပေသည်။
သို့ရာတွင်..အနုပညာမြောက် ဂီတပညာ ဆိုသည်ကား..အတီးအမှုတ် တခုတည်း..အထီးကျန်
သပ်သပ်
ကင်းလွတ်နေသော အရာမဟုတ်။ စာပေပညာ..လူတို့၏ ကိုယ်အင်္ဂါ
အစိတ်အပိုင်းဆိုင်ရာ ပညာ..
လူတို့၏ ဖြစ်စဉ် သမိုင်း နှင့် စပ်ဆိုင်သော
အဘိဓမ္မာပညာ စသည်တို့ဖြင့် အကျုံးဝင်
ဆက်သွယ်လျက် ရှိသည်ကို မူ..သဘောပေါက်
ကောင်းမှ ပေါက်ပေလိမ့်မည်။
-
ကိုစောညိန်း ရေးခဲ့တဲ့..“ ဂီတ- အနုပညာ” ဆိုတဲ့ ဆောင်းပါးလေး ရဲ့ နိဒါန်း ပိုဒ်ကို အထပ်ထပ် ပြန်ဖတ်ကြည့် နေ မိတယ်။
-
ဟုတ်တာပဲ.. ။ ခေတ်ပေါ် ရယ်..ခေတ်ဟောင်းရယ်လို့ ခွဲခြားလို့ရယ် မဟုတ်.. အနုပညာ မမြောက်တဲ့..ဖျော်ဖြေမူတွေ.. ခေတ်တိုင်းမှာ.. ရှိနေခဲ့တာပဲ။ ဒီခေတ်မှာတော့..ပိုများ ဆိုးနေလေသလား။ မိန်းကလေး တယောက် လူစိတ်ဝင်စားအောင် ၀တ်စားပြီး..သီချင်းတပုဒ်ဆိုရင်း..လှုပ်ခါပြနေတာ.. အနုပညာ မှ မဟုတ်တာ။ ယောက်ကျားလေးတယောက်.. အတုမြင် အတတ်သင်..ပုံစံ ၀တ်စား ကားယားပြီး.. ပေါ်ပင်ဂီတ တခုကို ရွတ်ဖတ်နေတာ.. အနုပညာ ဟုတ်ရဲ့လား။
-
နိုင်ငံတကာ ဂီတ တွေမှာ.. ရက်ပ်တွေ..ဟစ်ပ်ဟော့ပ် တွေ.. အသစ် အသစ် ဖြစ်ထွန်းလာပေမဲ့.. ဂျပ်ဇ်တွေ..ဘလူးစ် တွေ.. ကန်းထရီး တွေ လည်း..သူ့ဖာသူ သပ်သပ် ဆက်တည်ရှိ ခိုင်မြဲ နေတာ.. စိတ်ချမ်းသာစရာ ဘယ်လောက်ကောင်းသလဲ ။ ကိုယ်တိုင်တောင် ဘယ်လိုမှ နားထောင်လို့ မရတဲ့.. အော်ပရာ ဂီတ တောင်..သူ့ပရိသတ်နဲ့သူ..လူကြိုက်များနေသေးတာပဲ။
-
သူဆိုရင်လည်း .. ဟန်ထွန်းကို အားပေးသလို..လေးဖြူလည်း တချို့ကြိုက်တာပဲ။ ဖြူဖြူကျော်သိန်းကို.. မဆိုးဘူးလို့ လက်ခံ မိတဲ့ အချိန်မှာ..မိုးဟေကို ဆိုတာ..အဆိုတော် မဟုတ်မှန်း သိနေတာပဲ။ ကိုင်ဇာ သီချင်းတွေ ပြန်ဆိုတော့ ပျော်သလို.. ခင်မောင်တိုးကြီး..ကို ဘီယာဆိုင်မှာပဲ ဆိုတာလို့ ပြောရင်..စိတ်နာချင်သည်။ ကိုမောင်မောင်တို့ ကိုနေ၀င်းတို့ သီချင်းတွေ နှမြောလှသည်။ သေချာတာတော့..စိုင်းထီးဆိုင် နဲ့ ထူးအိမ်သင်ကို..လူ့ပြည်ကို ပြန်ခေါ်ထားချင်လှသည်။ ခင်ဝမ်းကြီးရဲ့ ပန်းချီဆန်တဲ့ သီချင်းတွေ ကိုလည်း..ခမ်းခမ်းနားနား ချိတ်ဆွဲထားတာမျိုး မြင်ချင်သည်။ မောင်ကိုကို..ဦးချစ်ဆွေ နဲ့ ဦးလှထွတ် ရဲ့ စန္ဒယားလက်သံတွေကို ကွဲကွဲပြားပြား မဆန်းစစ်တတ်ပေမဲ့.. ကိုစောညိန်း ရဲ့ တယောသံ နွဲ့နွဲ့ ကိုတော့..သီးသီးသန့်သန့် နားစွဲလှ သည်။ သန်းသန်းဆင့် ရဲ့ ရေဒီယို သီချင်းလေးတွေကို ဘယ်မှာ ပြန်ရှာ ရမှန်း မသိနေတဲ့ အချိန်မှာ.. မာမာအေးအတွက်လည်း..ဂုဏ်ယူကျေနပ် လှသည်။ မစိမ်းစိမ်း ရဲ့..“ ရွှေမန်းဆီ သို့..” ကိုလည်း.. တခါတခေါက်တော့..ရောက်ချင်မိအောင်..စွဲလန်း ရတာပင်..။ မေရှင်တို့.. ဒိုရာသန်းအေး တို့ ရဲ့ တချို့သီချင်းတွေက ရွှေတိုင်ညွန့် ရဲ့ ကော်ပီ လက်ရာတွေ မှန်း သိပေမဲ့.. တန်ဖိုးထား မြဲ ထားသည်။ မကြည်အောင်ရဲ့ အသံလေးလေး ကြီးကို ကြိုက်သမို့..ဥသြဘသောင် ရဲ့ အသံသြ ကြီးကိုလည်း နှစ်လို လှသည်။
-
ဘာပဲပြောပြော..ဂီတက..အပြောကျယ်ပါတယ်လေ.. မပြောပါနဲ့တော့။
-
+++++++
-
ဆိုတာကတော့..ဆိုအုံးမယ်လေ..။ အသံကောင်း တဲ့သူမှ..အဆိုတော် ဖြစ်တတ်တာပေမဲ့..အသံမကောင်းတဲ့သူ.. အပျော် သီချင်း မဆိုရဘူးလို့တော့ မရှိဘူး မဟုတ်လား..။ ပတ်ဝန်းကျင်ကိုတော့..စိတ်ညစ်အောင် မလုပ်ပါဘူး။ ဖြစ်နိုင်ရင်..စန္ဒယားတလုံး နဲ့ မြန်မာသီချင်းတွေ တော့..တက်ချင်သေးသည်။ အင်းလျားဆောင် ညစာစားပွဲ တွေ နီးလာတိုင်း..ညဖက် ညဖက်..စာကျက်ချိန် ဖျက်ပြီး..အော်ဂန်န် တလုံးနဲ့ သီချင်း တိုက်ခဲ့ ကြတာ..မနေ့ တနေ့ကလိုပါပဲ..။ ဟိုး လွန်ခဲ့တဲ့ ၁၃ နှစ်လောက်က..မိုးကုတ် ချမ်းသာကြီးဘုရား ခြေရင်းက..တန်ဆောင်းကြီးထဲမှာ..မြို့ခံတွေ နဲ့ သူတို့ ကွင်းဆင်းအုပ်စု တွေ စန္ဒယားကြီး နဲ့ သီချင်းတွေ ဆိုခဲ့ကြတဲ့..ညလေး တည ကိုလည်း..အမြဲ သတိရနေသေးသည်။ နောက်တခါ သူအမြဲ အမှတ်ရ နေမိတဲ့..စန္ဒယားကြီးကတော့.. ဂီတ မိတ်ဆုံ စားပွဲလေးတခု ရဲ့ အလယ်မှာ…။
-
အဲဒီညက..ရှမ်းကန် မှာ သူတို့ မောင်နှမ တွေ.. သွားစားကြတော့.. စားပွဲတွေ လူတွေ အတော် ကြပ်နေတော့..ဘယ်လိုဖြစ်ပါလိမ့် ပေါ့… ။ ကြည့်လိုက်တော့မှ.. အလယ်ခေါင် စားပွဲ တွေကို ..နေရာယူ ပြီး မိတ်ဆုံစားပွဲ ကျင်းပ နေတဲ့ ရန်ကုန် တက္ကသိုလ် စိတ်ပညာ ဌါန က.. ဆရာ-ဆရာမ ကြီးတွေ ကို.. တွေ့လိုက်ရသည်။ ခဏ နေတော့..စန္ဒယား ဆရာက..သီချင်းတွေ စတီးလေပြီ..။ ဆရာမကြီးတွေက.. ချစ်စရာကောင်းလှတဲ့ အသံ လေးလေးကြီးတွေ နဲ့..တယောက်ပြီး တယောက် ဆိုကြ.. သံပြိုင် အားပေးကြ..။
-
“ တက္ကသိုလ် ကျောင်းက ငွေလမင်း ” “ ချစ်ရက်ရှည်ရှည် အင်းလျားမြေ” “ တက္ကသိုလ်ကျောင်းသူ တဦး” အိုး..သူ ကြိုက်တဲ့ သီချင်းတွေ ချည်းပဲ။ ကိုယ့် အစာတောင် ကိုယ် မစားနိုင်..သူတို့ စားပွဲကို ငေးပြီး ပျော်နေရတာ။ သူတို့ကို ကြည့်ရတာ..ပင်စင်စားတွေ..ပင်စင်နီးတွေပေမဲ့ ..လူငယ်လေးတွေလို..နုရွယ် ပျိုမြစ်နေအောင်..ဂီတက..ဖမ်းစားထားတာများ .. ဟိုး-လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က..ကျူတာ ပေါက်စ လေးတွေ လိုပဲ..။ ခပ်သာသာ တောင်းဆိုသံ တချို့ နောက်မှာ တော့..ဟိုးဖက်ထိပ် စားပွဲက..လူကြီးတယောက် ထွက်လာပြီး..ဒီဖက်နား စားပွဲအစွန်က..ခပ်၀၀ ဆရာမကြီး တယောက် ဆီ..လျှောက်လာတယ်။ ပြီးတော့..ဆရာမကြီး ဘေးက..ပြုံးနေတဲ့..လူကြီးကို ခွင့်ပန်ဟန်ပြု ပြီး.. စန္ဒယားကြီး ဆီကို ဦးဆောင် ခေါ် သွားတယ်။ အားလုံး တိတ်ဆိတ်နေတဲ့ တခဏ.. စန္ဒယား သံစဉ် ချိုနွဲ့ နွဲ့ နဲ့အတူ..
-
....မူယာပုံနှုံး ချိုပြုံးတဲ့ သူရယ်.. စိတ်နှလုံး တော်ကြည်လှတယ်..ပင်ကိုယ်ချော..သဘောမူရာကြွယ်..ဇမ္ဗူဒီပါ ၀ယ် ရှားလောက်ပေတယ်..အသားတော် ညိုပြာညက်ရယ်.. ရွှေနန်းထက်ဝယ်…သူဇာနွယ်..သက်လယ်..
-
လက်ခုပ်သံ တွေ အတောမသတ်.. ဆူညံ သွားတဲ့ အချိန်မှာတော့ ..ဆရာမ ၀၀ ကြီးက..သူ့ရင်ဘတ်ပေါ်က..
ပုဝါ အဖြူလေးကို.. လက်ကလေးနဲ့ ခပ်တင်းတင်း ဆုပ်ရင်း..ရှက်သွေးတွေ ဖြာသွားတာ ကို.. သူတို့ စားပွဲ တွေ ဆီကတောင်..မြင်လိုက် ရသလို..။

.....ချစ်ရေးကို မြူတယ်..ကြိုက်ဖို့ဖြင့် သူဆွယ်..ယုံလောက်အောင် ပဲတကယ်.တွေ့လိုက်ရင်..ချွဲတယ်…
ဆရာမကြီး နဲ့ အတူ..သူပါ လိုက်ဆို နေမိခဲ့တာ.. အဲဒီတုန်းက..။

++++++

နောင် အနှစ် ၂၀ လောက်ကျလို့များ .. သူတို့ မိတ်ဆွေ သူငယ်ချင်းတွေ.. ဘလော့ဂ် ရေးဖော်ရေးဖက်တွေ.. အသက်တွေကြီး .. ဘ၀ တွေ အနည်ထိုင်.. ကိုယ်ခန္ဓါတွေ လေးလံ လာတဲ့ အချိန်မှာ.. စိတ်တွေ ပေါ့ပေါ့ပါးပါး နဲ့.. အဲဒီလိုမျိုး.. မိတ်ဆုံစားပွဲကြီးတခုကို.. သီချင်းတွေ နဲ့ တည်ခင်း ဖြစ်ကြမယ် ဆိုရင်……

( ရွာသားလေး ရေးခိုင်းထားတာ ကြာပြီဖြစ်တဲ့..နောင်လာမဲ့အနှစ်နှစ်ဆယ် အတွက်..ပေါင်းရေးလိုက်ပါတယ်)း) RSVP


Share/Bookmark

28 Comments:

Anonymous said...

တယ်လည်း ဟုတ်ကဲ့ကြီးဒေါ်ကေ

ကြက်သီးမွေးညှင်းထမိတယ်။

သီချင်းခွေလေးသွင်းပြီးရင် ပို့ပေးပါ။

အဲ့ပွဲကျ အသဲပြဲပြဲနဲ့ဆိုနိုင်ဖို့ သီချင်းတွေကျက်လိုက်ဦးမယ်ဗျာ

တကယ့် တခုတ်တရလေး ရေးပေးတာ ကျေးဇူးအထူးပါခင်ဗျာ

ကိုပေါ said...

“သောက်မှ မူးမှ မောင်ပျော်ရွှင်… လူပျိုစင် ဒါပဲ စွဲလို့သာခင်… သောက်တော်ရေချမ်း မသွေတမ်းဆင်”

မေရှင်သီချင်းကို ဆရာသော်တာဆွေ ဖျက်ဆိုထားတာလေ။

ကျနော်တော့ သီချင်းတွေကို နှစ်သက်ပေမယ့် စည်းဝါးကျကျ မဆိုတတ်ဘူးခင်ဗျ။ အသံလေးကတော့ ကောင်းပါတယ် ။ အရပ်ကပြောတာမဟုတ်ပါဘူး။ ကိုယ့်ဟာကိုယ် ထင်တာပြောပါတယ်။

မယ်ဒလင်အတီးသင်တုန်းကဆိုရင် ကြိုးတွေ၊ ဘွဲ့တွေ၊ ပတ်ပျိုးတွေ ချပေးတဲ့အခါ လက်ကွက်ကတော့ ကိုယ်အရင်ဆုံး ကျွမ်းတယ်။ ဒါပေမယ့် စည်းကျဝါးကျ မတီးတတ်တော့ အ၀င်အထွက်တွေမှား၊ ရှေ့ရောက်လိုရောက်၊ နောက်မှာ ကျန်ခဲ့လိုကျန်ခဲ့။ ၀ရုန်းသုံးကားပေါ့။

တချို့ကျတော့လည်း ပါရမီရှိတယ် ထင်ရဲ့။ ဘယ်သူမှ အထွေအထူးသင်ပေးစရာမလိုပဲ နရီစည်းဝါးနဲ့ အသံနေအသံထား အကျအန ဆိုနိုင်၊ တီးနိုင်သူတွေကိုလည်း တွေ့ရပါရဲ့။

မမသီရိ said...

ကေရေ.. တေးတွေ နှစ်သက်တာ တူနေပြန်ပြီ
မမ ဆီ မှာ အဲဒီ နှစ်၂၀ ခေတ်ဟောင်းတေး စာအုပ်ကြီး ခုထိရှိနေဆဲ ပ..း)..။

ကေ ငြီးနေတဲ့ သီချင်းတွေ ဒီပို့ စ် ဖတ်နေရင်း လိုက်ငြီး မိနေမိပါပေါ့..း)

တေးဂီတအနုပညာဟာ ခေတ်နဲ့ လိုက်လျောညီထွေ ပြောင်းလဲ စီးဆင်း လာတာ မှန်ပေမဲ့.. တကဲ့ ဂီတ အနုပညာ စစ် မ စစ် ဆို တာကိုတော့.. အနုပညာ ခံစား သူတွေ နဲ့ အချိန် ကပဲ ဆုံးဖြတ်ပေးသွား တာမျိုးပါ ကေ.. ရေ..

မမသီရိ said...

နေအုံး.. တို့တွေ သီချင်း တူတူဆို လို့ ရမဲ့ နေ့
တကယ်များ ရှိနေမလား နော်.. ကေ့ ဆော်လမွန်ငါးတို့ အပြန် နေ့ ထဲ ကလို လေ..
အသံ ကောင်းသူ တယောက် မဟုတ်ပေမဲ့
အားလုံးနဲ့ ဆုံ ဖြစ်တယ် ဆိုရင် သီချင်းတပုဒ် တော့ ဆိုပြ ချင်ပါသေးတယ်..း)

Lwin Moe said...

>> ကိုယ်တိုင်တောင် ဘယ်လိုမှ နားထောင်လို့ မရတဲ့.. အော်ပရာ ဂီတ တောင်..သူ့ပရိသတ်နဲ့သူ..လူကြိုက်များနေသေးတာပဲ။
Hey, I like classical music. :)

Anonymous said...

တို့ဆီမှာလည်း အနှစ်နှယ်ဆယ် သီချင်းပေါင်းချုပ် စာအုပ်ရှိတာ အိမ်ကလွှတ်ပစ်လိုက်တဲ့ထဲများ ပါသွားပြီလား မသိ...ကေ့ ပို့စ်ကိုဖတ်မိတော့မှ ဗမာပြည်လှမ်းမေးဖို့ သတိရသွားလို့ ကျေးဇူးပါ....ကေ

အိမ်အလုပ်လုပ်ရင်း သီချင်းဖွင့်ဖြစ်ပြီဆိုရင် လိုက်ဆိုရမှ
ကျေနပ်တဲ့အကျင့်က တို့ဆီမှာရှိတယ်လေ...သီချင်းလိုက်ဆိုပြီဆိုရင် အိမ်ကအမျိုးသားနဲ့ တို့သမီးက
အားပေးရှာပါတယ်...အသံလည်း မကောင်းဘဲနဲ့ ဘာလို့
လိုက်ဆိုတာလဲတဲ့... တို့ကလည်းဖြေလိုက်ပါတယ် ...
အဆိုတော်လုပ်စားဖို့မှ မဟုတ်တာ မဆိုရ မနေနိုင် ကြိုက်လို့လိုက်ဆိုတာလို့...ခုတော့ အနှစ်နှယ်ဆယ်တေးတွေလည်း နားမထောင်ဖြစ်တာကြာပါပြီ...

mie nge

mgphonemyint said...

ခောတ်ဟောင်းတေးများနှင့် ဒေါ်ဆိုချင် မကေပေါ့လေ.....း) ။

မေဓာဝီ said...

မကေရေ ... ကျမလဲ ခေတ်ဟောင်း ခေတ်သစ် ဂီတအားလုံးကို နှစ်သက်တယ်။
ကိုယ့်ခံစားချက်ပေါ်မူတည်ပြီး နားထောင်ဖြစ် ဆိုဖြစ်တာပဲ။
တခါတခါ လေးဖြူ မျိုးကြီး သီချင်းတွေအော်လိုက် တခါတခါ မေလှမြိုင်တို့ ဒေါ်လှရွှေတို့ သီချင်းတွေ ဆိုလိုက် လွမ်းလိုက်ပေါ့။
မကေလို အိမ်အလုပ်လုပ်ရင်း သီချင်းညည်းတဲ့အပြင် ရေချိုးခန်းအဆိုတော်လဲ လုပ်သေး။

ကိုစောညိန်းရဲ့ ဂီတအကြောင်း ကောက်နုတ်ချက်ကလေးလဲ သဘောကျလိုက်တာ။
ကိုစောညိန်းသီချင်းတွေ အကုန်ကြိုက်တယ်။ အဖေဆိုဆိုပြလို့ ... ။

တီးလုံးချည်းသက်သက်လဲ နားထောင်ဖြစ်တာပဲ။ စန္ဒယား၊ ပတ္တလား၊ စောင်းလက်သံတွေပေါ့။ မြန်မာကလပ်စစ်သီချင်းတွေ ရသလောက်စုဆောင်း သိမ်းထားတယ်။

tin min htet said...

ကျွန်တော့်အမေ ဆိုနေကြ သီချင်းတွေပဲ :P
ကျွန်တော့်မှာ ကိုစောညိန်း သီချင်းတချို့ မောင်မောင်ညွန့် အသံနဲ့ ရှိတယ်။ ပို့ပေးရမလား ..

မီယာ said...

ဒီတခေါက်ပြန်တော့ မြန်မာသံစဉ် တီးလုံးအခွေတွေ ၀ယ်လာသေးတယ်။ မကေလိုတော့ သီချင်းတွေ မရပါဘူး။ နားထောင်ရတာ ကြိုက်လို့ပါ။

ATN said...

တကယ်တော့ အဲသည် ဗမာသီချင်းတွေကို စန္ဒယားလေးနဲ့ တီးပြီးဆိုချင်တာဗျ...
ကိုယ်က မတီးတတ်တော့လည်း သူများတီးတာတွေပဲ နားထောင်နေရတော့တာ...

rose of sharon said...

ဒီသီချင်းတွေအကုန်ရတာတကယ်တော်တာဘဲ... သွင်းပြီးသားသီချင်းတပုဒ်လောက်နားထောင်ကြည့်ချင်တယ်....

မေ့သမီး said...

ဟိုရက်ကပဲ ဆရာဦးသုခရဲ့သည်ဆောင်းဟေမာန်ဖတ် ရင်းနဲ့မြန်မာသီချင်းတွေရဲ့အနှစ်သာရရှိပုံ၊ ရှေးကရေးခဲ့တဲ့ ဆရာတွေရဲ့ပညာဥာဏ်ကြီးပုံတွေကို သဘောကျမိသေးတယ်။ အခုများတော့ ဂီတာတလက်နဲ့ လူခဏတဖြုတ်နားစွဲတဲ့သီချင်းတွေပဲ ထွက်နေတော့ ခက်တယ်နော်။ ဘာပဲပြောပြောညီမလည်း ဒေါ်မြင့်မြင့်ခင်ရဲ့ နားပန်းဆံတို့၊ ဟေမာနေ၀င်းတို့ စိုးစန္ဒာထွန်းပြန်ဆိုတဲ့ မေရှင်သီချင်းတွေ၊ အန်တီမာမာအေး သီချင်းတွေ အရမ်းကြိုက်တာပဲ။

နှင်းနဲ့မာယာ said...

မကေရေ
သီချင်းကြီးတွေ ကြိုက်တာချင်းလဲတူနေတယ်...
ထူးအိမ်သင်နဲ့ စိုင်းထီးဆိုင်နဲ့ကို လူ့ပြည်ပြန်ခေါ်ထားချင်တာလဲ တူနေတယ်...
ဒါပေမယ့် ညီမက သီချင်းကို ခံစားမှုအပြည့်နဲ့ ခံစားလို့ပဲရတယ်...
တခါမှ ဆိုကြည့်လို့မရခဲ့ဘူး... ပါရမီမပါဘူးးး သီချင်းဆိုဖို့လေ...
မကေဆိုတာပဲ လာနားထောင်တော့မယ်...
မေရှင်ဆိုထားတဲ့ သီချင်းလေးတွေရယ်...
ပြည်လှဖေကြီးရဲ့ နတ်သျှင်နောင်ရယ်..
ပြီးတော့ စိန်ခြူးကြာညောင် သီချင်းလေးတွေကိုလဲ လွမ်းနေတယ်...

နှင်း

mirror said...

အစ်မကေရဲ့ တက်ဂ်ပိုစ့်တွေကိုပြန်ဖြေတဲ့ပုံစံကို သတိထားမိနေတာ ကြာပြီ..။
ခုလဲ အဲ့လိုမျိုးလေးပါပဲလား..။

ခုတလော ကလေးသိပ်ရင်း ပျိုလေးမိရွှေဘ၀င်တသိမ့်သိမ့်ရှက်လို့တုန်....မြန်လှချည်ရဲ့
ချစ်မိတဲ့ ချစ်အာရုံ...(ဟုတ်လားတော့ မသိဘူးနော်၊ညီမသီချင်းတွေကောင်းကောင်းမရဘူးလေ)
အဲ့ဒါရယ်...
ကောက်စိုက်သမလေး...သံပြိုင်အတူသီဆို...ထမိန်စိုစို
ရွှဲလို့စို၊ရွှဲလို့စို အင်္ကျီအပိုကိုလဲဖို့ လဲဖို့ကို..နဲနဲလေးမှတောင် ယောင်ကာမတွေးပါဘူး ..
ဆိုတာရယ်...။
ဒါတွေက ကိုယ်ဆိုမိတာလေးတွေပါ..။

ဆယ်လမွန်ငါးတို့ရေ...ပြန်လာခဲ့ကြဗျာ။M3 သွားကြမယ်..
:)

ဒူကဘာ said...

အနုပညာ ဂီတကိုခုံမင်တာ လောကီသားတွေရဲ့ အဆင့်အတန်းကို ညွှန်းပြ ဆိုတာပါပဲ။

ခင်မင်းဇော် said...

အမလဲ လိုက်ဆိုရတာ ၀ါသနာပါတယ်။ ဒါပေမယ့် ကီးလွဲနေတယ်ချည်း အပြောခံရတယ် ဟိ ဒါလဲ ၀ါသနာက တားမရပါဘူးရှင်ပဲ နည်းနည်းပါးပါးလွဲတာ မသိချင်ယောင်ဆောင် နားထောင် လို့ ပြန်ဟောက်ထားလိုက်တယ်။ ကေ တူတူဆိုရအောင်....
ခုရက် ဒီမှာ မိုးတွေ အရမ်းရွာတော့ စိုင်းထီးဆိုင် ပေါင်းချုပ်နဲ့ တကယ်ဟုတ်နေတာ ကေ့အမ ကိုယ်ပေါ့ သိလားးးးး

kay said...

ရွာသား- အသံပြဲ ရင်လည်း ကိစ္စမရှိ.. ဒီဂျေ တွေ မွှေ့ပေးလိမ့်မယ်။း)
ကိုပေါ- ဒါဆိုလည်း ပွဲမှာ..လက်ခုပ်တီး..လို့ရပါတယ်။း)
မမသီ၇ိရေ- နားထောင်ချင်ပါသေးတယ်။
Lwin Moe- can you sing like that. Intersting. :)
မမီးငယ်- တူတူပဲ။
ကိုဖုန်းမြင့်ကရော..ဖိုးဆိုချင်များလား..
မမေ- ကျမတို့က..ခေတ်ပြိုင် ခံစားချက်အပြိုင်တွေပဲနော်။ မိုးဒေ၀ါဒေါ်လှရွှေ လည်း ကြိုက်တာပဲ..မမေက..ဂစ်တာတောင် ခေါက်တက်သေးတော့..အများကြီး ဂီတနဲ့ပိုနီးစပ်တယ်။

ကိုတင်မင်းထက် ပြောမှ.. ငိုတောင်ငိုချင်သွားပြီ။း) မောင်မောင်ညွှန့်က..ကျမ အမေ အသဲစွဲ။

မီယာ- ဒါဆို..ကာရာအိုအေ ဆိုလို့ရပီ။

ကိုအောင်သာငယ်- ဒါဆိုလည်း..မိတ်ဆုံပွဲကျ.. Acoustic လေးပဲ တကိုယ်တော် တီးပြပေါ့။း)

နော်ဖော- ပို့လိုက်မယ်။း)
မေ့သမီး ပြောတဲ့ ဘဘဦးသုခ စာအုပ်လေးတောင် ဖတ်ချင်သွားပြီ။
နှင်း- စောင့်သာနေ.. အဲ့ပွဲကျ ဆိုပြမယ်။း)

မကြေးမုံ- ( နုထွားပျိုမေလုံ...သူ့အသဲမှာ စွဲနေပါသတဲ့..ကဲလိုက်တဲ့ ဖြစ်ပုံ..ကြုံရင် ဆုံရင်..လိုက်ခဲ့ပါလား..ကျမတို့ ရွာမြစ်ဆုံ.. ) အဟဲ..ဒီလောက်ပါပဲ..
အော..နောက်တပုဒ်ကျန်သေးတယ်..
(ချမ်း..လို့တုန်ကာ..အလွန်ပင်အေးသကို..အသူရိန်မင်းက..ပုန်းကွယ်ကာဆို..လွမ်းမိသလိုလို.. လယ်ကန်သင်းမှာ.. +++ ကောက်စိုက်မ တွေ သီချင်းသံ ပြိုင်လို့ဆို.. )
ကလေးသိပ်ရင်..အာယားမ ဆိုသိပ်လေ..း))
ဒူကဘာ ရဲ့ မှတ်ချက်ကို ထောက်ခံ လိုက်ပြီ..

အမရဲ့..ကီးချော်လည်း..အရေးမကြီးဘူး။ စက်နဲ့ မွှေပေးမယ်။း)

Moe Cho Thinn said...

တို့လဲ တိုးတိုးလေး ဆိုသွားပြီ။ သူများကြားရင် ဟား မစိုးလို့။
တနေ့.........။
ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် အားလုံး တူတူ ဆိုနိုင်တဲ့ တနေ့။ အဆိုတင် မကဘူး၊ ဦးရွှေရိုး ရှာထား၊ ဒေါ်မိုး က မယ်။ :))

Moe Cho Thinn said...

တို့လဲ တိုးတိုးလေး ဆိုသွားပြီ။ သူများကြားရင် ဟား မစိုးလို့။
တနေ့.......
အားလုံး ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် အတူတူ ပျော်ရတဲ့ နေ့။ အဆို တင် မကဘူး။ ဦးရွှေရိုး ရှာထား၊ ဒေါ်မိုး က မယ်။ :)

Sonata Cantata said...

ဂီတ မိတ်ဆုံကို တိုးတိုးတိတ်တိတ်တော့ မလုပ်လိုက်ကြပါနဲ့နော်...မနွှဲလိုက်ရပဲ လွဲများသွားရင် ကြိတ်ငိုနေရမှာ စိုးလို့ပါ

MANORHARY said...

ကေ့ အသံကို တိတ်တိတ်ကလေး လာနားထောင်သွားတယ်။ ဂီတမိတ်ဆုံပွဲကျ လာနားထောင်မယ်လေ နော် ...ကိုယ်ကတော့
အမေ့သမီးမပီသစွာ...သီချင်းကိုမဆိုတတ်ပါ
ကေပြောတဲ့သီချင်းတွေအကုန်တော့အော်တတ်ပါတယ်
(ဆိုတတ်သည်ဟု မပြောပါ)

သက်ဝေ said...

ဂီတ မိတ်ဆုံတဲ့... နာမည်လေးက ချစ်စရာ။

ဂီတဆိုတာ လူတွေရဲ့စိတ်နှလုံးကို ကြည်လင် ညွတ်နူးစေသလို တခါတခါမှာတော့ ပျော့ညံ့အောင် သွေးဆောင် ဖြားယောင်းတတ်တယ်လို့ ခံစားရတာပဲ။ ကိုယ်ထင်တာ မှားချင်လဲ မှားနေပါလိမ့်မယ်...။

ဘယ်လိုပဲဖြစ်ဖြစ်...
မိတ်ဆွေ သူငယ်ချင်းတွေ..
ဘလော့ဂ် ရေးဖော်ရေးဖက်တွေ..
အသက်တွေကြီး.. ဘ၀တွေ အနည်ထိုင်..
ကိုယ်ခန္ဓာတွေ လေးလံလာတဲ့အချိန်မှာ..
စိတ်တွေ ပေါ့ပေါ့ပါးပါးနဲ့ အဲဒီလိုမျိုး မိတ်ဆုံစားပွဲကြီးတခုကို သီချင်းတွေနဲ့ တည်ခင်းဖြစ်ကြမယ်ဆိုရင် သိပ်ပျော်စရာကောင်းမှာ အမှန်ပါပဲ။

စူးနွယ်လေး said...
This comment has been removed by the author.
phyu said...

Hi Kay,

whatever song you have, pls post it. So we all can listen.

Thanks & Rgds
Nang Myint

kay said...

Thank you Phyu.. :)

kay said...

ကျွန်တော့်မှာ ကိုစောညိန်း သီချင်းတချို့ မောင်မောင်ညွန့် အသံနဲ့ ရှိတယ်။ ပို့ပေးရမလား . ဆိုတဲ့ ရည်ညွန်းချက် အရ အောက်ပါ email သို့ သီချင်းပို့ပေးစေလိုပါတယ်
thanks in advance

E-mail : latt.winzaw@gmail.com

( the comment from my wordpress version .. Hello..Ko Tin Min Hett :)

နှောင်းအတိတ်ဂန္တ၀င် said...

အဲဒီအကြောင်းတွေကို အခုလို တ၀ကြီးထိုင်ပြောချင်လို့လိုက်ရှာနေတာ တွေ့မဲ့တွေ့တော့ အချိန်တောင် တော်တော်နောက်ကျသွားတယ်

စကားလက်ဆုံပင်ပြောရုံနဲ့ပင်အရသာ ထူး --- ရူးတယ်လို့ဆိုချင်ဆို ------