မင်းကိုနိုင် ကို ရှက်ပါ



သူက တကယ့် သားကောင်း ဖြစ်တယ်

မိသားစု ရဲ့ လည်ဆွဲ တန်ဆာ။

သူက တကယ့် ယောက်ျားကောင်း ဖြစ်တယ်

နိုင်ငံ အတွက် မျက်ရွဲ ရတနာ။

သူက တကယ့် ခေါင်းဆောင်ကောင်း ဖြစ်တယ်

ပြည်သူတွေ နဲ့ မခွဲ မခွါ။

သူက တကယ့် သူငယ်ချင်းကောင်း ဖြစ်တယ်

ရဲဘော် တွေ နဲ့ သေအတူ ရှင်မကွာ။

သူက တကယ့် လူသား ကောင်း ဖြစ်တယ်

ကျင့်ဝတ်တွေ ထဲ အမြဲ လိုက်နာ။

++

သူ့မှာ သီလ ရှိတယ်

စောင့်ထိန်းတယ်..မှန်ကန်တယ်။

သူ့မှာ သိက္ခာ ရှိတယ်

တည်ကြည် တယ်..ဖြောင့်မတ်တယ်။

သူ့မှာ သစ္စာ ရှိတယ်

မြဲမြံ တယ်..စောင့်သိတယ်။

သူ့မှာ မေတ္တာ ရှိတယ်

သန့်စင်တယ်.. လေးနက်တယ်။

သူ့မှာ အနုပညာ ရှိတယ်

ဖွဲ့နွဲ့ တယ် .. ထိမိတယ်။

++

သူ့ စာကဗျာ တွေ က -

နင်-ငါ သက်သက် ကလီကမာ မဖက်ဘူး

အလင်္ကာ မြောက် ယုံ ရသထုံ တယ်။

သူ့ စကားလုံး တွေ က -

မြှားတစင်း လို မပစ်ခွင်းဘူး

နေတစင်း လို အမြဲ လင်း တယ်။

သူ့သမာဓိ က-

ခေတ်တခေတ် ရဲ့ သာယာ မူးယစ် မူ တွေ အောက် မသက်ရောက်ဘူး

ထောင်နံရံ တွေ ကို ဖောက် ၊ မှတ်ကျောက် တင် ခဲ့ တယ်။

သူ့ပုံရိပ်က-

မျက်နှာ တွေ ပြည့်သိပ် .. ငါ-တံဆိပ် ခပ်နှိပ် ထား တဲ့

ခါတော်မီ စာမျက်နှာ ထိပ် မှာ မရှိဘူး

ဝိညဉ် တွေ ခြင်း တွဲ ချိတ်

တို့တွေ အားလုံး ရဲ့ နှလုံး စိတ် မှာ သာ

အရိပ်ထင် စွဲ မြဲ နေ တော့ တယ်။


ကေ




၁၈ ရက် အောက်တိုဘာ မှာ ကျရောက်မဲ့ မင်းကိုနိုင် ရဲ့ ၄၉ နှစ်မြောက် မွေးနေ့ အတွက်-
နိုင်ငံရေး အကျဉ်းသား အားလုံး နဲ့ အတူ အမြန်ဆုံး လွတ်မြောက် စေ ကြောင်း.. ဆန္ဒ လောင်း လျက်...
 
ဝန်ခံချက် - ကဗျာ ခေါင်းစဉ် ကို.. မိုးမိုး(အင်းလျား) ၏  ငြိမ်းကိုရှက်ပါ ၀တ္တုခေါင်းစဉ် မှ နှစ်သက်လေးမြတ်စွာ စကားလှယ် သုံးစွဲ ထား ပါသည်။

++++++++++++
 
ကိုမင်းကိုနိုင် ရေးခဲ့တဲ့.. နောက်ကြည့်မှန် ၀တ္တု ကလေး အကြောင်း.. ရေးခဲ့ တာ လေး လည်း အမှတ် တရ  ပြန် တင် လိုက် ပါတယ်။
 
မင်းကိုနိုင် ကို.. တော်လှန်ရေး သမားမို့လို့..နိုင်ငံရေး သမား ပီသဖို့…ဆိုပြီး.. အချစ် ဇတ်လမ်း တခု က နေ.. ဝေးဝေး ခွာကြည့် ချင်တယ် ဆိုရင်တော့.. သဘာဝ တရား တခု ကို အတိအကျ လွဲချော် ခြင်းသာ ဖြစ်ပေလိမ့်မည်။ (more)


Share/Bookmark

11 Comments:

မမသီရိ said...

သူက တကယ့်လူကောင်းလူတော်တစ်ယောက်ပါ
အမြန်ဆုံးလွတ်လပ်ဖို့ ဆုတောင်းပါတယ်..
(စကား မစပ် ကေ. ရေ.. မမ နည်းနည်းပါးပါးနားလည်တဲ့ဂဏန်းတွေအကြောင်းနဲ့ ကြည့်လိုက်တော့ ၂၀၁၁ မှာ.. ကိုမင်းကိုနိုင်ကံကကြမ္မာ က ဇာတာ ကောင်းနေတဲ့ အတွက်.. နှစ်မကုန်မီ လွတ်ဖို့ ရှိမယ်ထင်ပါတယ်.. ၂၀၁၁ မှာ ဒီဇင်ဘာ ဒါမှ မဟုတ်.. ၂၀၁၂ မှာဆို.. ဖေဖေါ်ဝါရီ လို့..တွက်ကိန်းထဲ မှာ.. တွေ့ပါတယ်..) ဗေဒင်တွေ ဘာတွေ အသာထား သူ.လွတ်ဖို့က ပိုလို့ အရေးကြီးတာမို့ .. Free Minn Ko Naing လို့ပဲ ထပ်ပြီး ပြောခဲ့ချင်ပါတယ်..
ခင်မင်စွာနဲ့ .. မမသီရိ

Cho Wunna said...

ကေရေ
အင်မတန် ကောင်းတဲ့ ကဗျာလေး တပုဒ်ပါ။
သူဟာ..
တို့တွေအားလုံးရဲ့ နှလုံးစိတ်မှာ သံမှိုနှက်သလို စွဲမြဲနေတော့တာပါ။
ကိုမင်းကိုနိုင်နဲ့တကွ နိုင်ငံရေးအကျဉ်းသားများ ချွင်းချက်မရှိ အမြန်ဆုံး လွတ်စေ..။

Moe Cho Thinn said...

အပေါ်က ကွန်မန့်က အမ ရေးတာနော်။
သေချာအောင် ဒီတခါ ဆိုင်းထိုးလိုက်မယ်။
ချစ်တဲ့
မိုးချိုသင်း

Nanda said...

He is a political saint.
My respect for him is not less than that for General Aung San and Daw Aung San Su Kyi.
If the president is really committed to genuine reform, I believe he will have his freedom soon.

mks said...

ကျနော် ရှက်တယ် ..

စုချစ် said...

မကေရေ... အရမ်း လှတဲ့ ကဗျာလေး တစ်ပုဒ်ပါ... ။

ဂုဏ်သိက္ခာကို သူ့အသက်ထက် တန်ဖိုးထားတဲ့ မြန်မာပြည်ရဲ့ ရှားမှရှားတဲ့ သားကောင်းရတနာ အစ်ကိုကြီးမင်းကိုနိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိပါစေ။ မိသားစု မောင်နှမ သူငယ်ချင်းများနဲ့ အမြန်ဆုံး လွတ်လွတ်လပ်လပ် တွေ့ဆုံ ပေါင်းစည်းနိုင်ပါစေ။

kmh said...

သူရဲကောင်းအတွက် လှပတဲ့ကဗျာလေးပါ...။
( အကို ) မင်းကိုနိုင်နဲ့သူငယ်ချင်းအားလုံး အမြန်ဆုံးလွတ်မြောက်ပါစေ.......။

အမ်တီအန် said...

ကဗျာလေးက ကောင်းလိုက်တာ..။
မင်းကိုနိုင်အမြန်ဆုံးလွတ်စေချင်ပါတယ်။
သူ့ရဲ့ နောက်ကြည့်မှန်ကိုဖတ်ပြီး သူ့ရဲ့ စာပေအနုပညာအား မသေးတာ ဂရုပြုမိပါတယ်။

Angelhlaing(May everybody be happy and healthy! said...

မျှော်လင့်နေကြသူတွေရဲ့ စိတ်ဆန္ဒ ပြင်းပြမှုကြောင့် အမြန်ဆုံး ပြန်လွတ်လာပါစေလို့...ဆန္ဒပြုရင်း...

pheasant said...

အပေါ်ဆုံးက comment ရှင် က ဗေဒင်တော်လှတယ် ဒက်ထိမှန်သကိုး ၊ တစ်ခါတစ်လေ ဒါတွေက မယုံနိုင်စရာကောင်းအောင် ယုံချင်စရာပဲ ။

Unknown said...

လေးစားထိုက်သူမို့တကယ်ကိုလေးစားပါတယ်