Havana Blues



ကမ္ဘာ့ နံပတ်တစ် အရင်းရှင် နိုင်ငံကြီး ကို လက်တကမ်း အကွာက နေ ၊ ဘာမထီ စိတ်နဲ့ ရဲရဲကြီး ရန်ဖက်ပြု နေ ခဲ့တဲ့ ၊ ကမ္ဘာ့ နောက်ဆုံးလက်ကျန် ဆိုရှယ်လစ် ကျွန်းနိုင်ငံငယ်လေး ဟာ ၊ နောက်ဆုံးမှာ တော့ ၊ သူ့ လက်သီးတွေကို ဖြေလျော့လိုက်သည် ။ မကြာသေးခင်က ၊ အမေရိကန် ကျူးဘား သံတမာန် ပြန်လည်ဆက်သွယ် လိုက်ပြီ ဆိုတော့ ၊ နှစ်ပေါင်းများစွာ မထိ မတို့ မပြု မပြင် ကိုလိုနီ အမွေအနှစ်တွေ ၊ စိတ်ဝင်စားစရာ လူနေမူ ဘ၀ တွေကို ၊ မပျောက်ပျက်ခင် အပြေး အလွှား သွား ကြည့် တဲ့ ခရီးသွားတွေ အပြင် ၊ရင်းနှီးမြုပ်နှံ ဖို့ လေ့လာ ကြတဲ့ စီးပွားရေး သမားတွေ လည်း ရောက်လာကြသည်။



ကိုယ်တွေကတော့ လက်သီးတွေ ကျစ်ကျစ်ပါအောင် ဆုပ်ထားဆဲ ကျူးဘားကို ၂ နာရီကြာမျှ ရောက်ခဲ့ ဘူးပါ သည်။ Havana Blues ဆိုတဲ့ ရုပ်ရှင်ကားလေး ကို ၊ လက်တီနို မိတ်ဆွေ တယောက်က ညွှန်းပြီး ပေး လာတာ ကြောင့် ၊ ကြုံ ကြုံ ကြိုက်ကြိုက် ကြီးပင် ဟားဗားနား ကို ရောက် သွားခဲ့ ခြင်းဖြစ်သည်။ ကျူးဘား ရဲ့ ရှုခင်း အလှ တွေတင်မက ၊ အတွင်းသား ကိုပါ ထွင်းဖောက် တွေ့ မြင် လိုက်ရတော့သည်။ 


How can I fight to the Sun, Politics and God!

ဆို တာမျိုး ..ခပ်ရဲရဲ ပေါက်ကွဲ နေ တဲ့ စာသား တွေ ကြောင့်..ဒီရုပ်ရှင် ဟာ နိုင်ငံတကာ ဆု တချို့ ရခဲ့တဲ့ အပြင် ၊ စပိန် စကားပြော လက်တီ နို လောက မှာ တင် မက.. အင်္ဂလိပ် စာတမ်း ထိုး ကို ကြည့်တဲ့..တခြား ပရိသတ် တွေ ထဲမှာပါ ၊ အတော် လူကြိုက် များ ခဲ့လေသည် ။ 


တကယ် တော့ ဒီ ရုပ်ရှင်က ဟောလိဝုဒ် ကားကောင်းတွေ လို ခန့်ခန့်ညားညား ကြွားကြွား ထည် ထည် မျိုး တော့ မဟုတ် ။ ကြည့်ဖြစ် အောင် ကြည့်ကြပါ လို့ ထောမနာ ပြု တိုက်တွန်း ရ လောက် အောင် လည်း သိပ် ကြီး တော့ နင့်နင့် နဲနဲ ကောင်းနေ တာမျိုး လည်း မဟုတ်ပါဘူး။ ဒါပေမဲ့လို့ ကမ္ဘာ မှာ စိတ်ဝင်စား ခံ ရတဲ့ ကျူးဘားနိုင်ငံ ရဲ့ လူမူစီးပွား ပြသာနာ တွေ ကို musical ပုံစံ ခပ်ပါး ပါး လေး ရိုက်ပြ ထား တာက ဂီတ ချစ်သူ တွေ အတွက် အထူး အကြိုက်တွေ့စေမဲ့ နိုင်ငံတကာ ရုပ်ရှင် ကောင်းလေး တခုလို့ ပဲ ဆိုပါရစေ ။ 


Ruy နဲ့ Tito က သိပ်ချစ် ကြတဲ့ ၀ါသနာတူ ဂီတကို ရူးသွပ်သူ သူငယ်ချင်း ၂ ယောက်။ ကျူးဘား ဆို တာက လည်း Spanish နဲ့ West Africa ဂီတ ယဉ်ကျေးမူ တွေ ရောပြွန်း စုဆုံ ရာ ဂီတ ပုံစံ မျိုးစုံ ရဲ့ ဘူမိ နက်သန် လို့ ဆို ရ လောက် တဲ့ Salsa တို့ Jazz တို့ရဲ့ မွေးဖွား စတည်ရာ ဒေသ။ ဂီတ ပညာရှင် ၀ါသနာရှင် တွေ ကလည်း သိပ် ပေါ ဆို ပဲ။ ကက်စထရို ရဲ့ လက်ဝဲ ဆိုရှယ် လစ် အစိုးရ က ဂီတ ကျောင်းတွေ ဖွင့်လှစ်ပေး ထား ပြီး ကျောင်းဆင်း ပညာရှင် တွေ ကိုလည်း အစိုးရ ၀န်ထမ်းတွေ အဖြစ် အလုပ်ပေးခန့် ထားသ တဲ့ ။ ထုံးစံ အတိုင်း မစို့မပို့လစာ လေး တွေနဲ့ လွတ်လပ်မူ မရှိ တဲ့ အနုပညာ လောက ကြီးများ ဖြစ်နေ မလား လို့ တော့ …. တွေး ကြည့်မိတယ်။


ဒါပေမဲ့ ကျူဘန်းတွေဟာ အစိုးရ ရဲ့ ခွဲတမ်းချ အစားအသောက် တွေ ၊ တန်းစီ ၀န်ဆောင်မူ တွေ ၊ မှောင်ခို အသုံး အဆောင် တွေ အပေါ် မှာ ၊ အတော်သီးငြီး ခံ နိုင် စွမ်း ရှိ ပြီး ၊ သူတို့ တိုင်းပြည် ကို အတော် ချစ် ကြသလို ဂီတ ကိုလည်း အတော် မြတ်နိုးကြတယ် လို့ ဆိုတယ် ။ မြို့တော် ဟားဗားနား ရဲ့ နေရာ တိုင်း မှာ Jazz တွေ blues တွေ rap တွေ raggae သံ တွေ ပျံ့လွင့် နေတယ်။ မှောင်ရိပ်တွေ ထဲမှာ လည်း မြေအောက် ဂီတ တွေနဲ့ မြူးကြွ ပေါက် ကွဲ လို့။ အဲဒီလို နဲ့ Ruy နဲ့ Tito အပါအ၀င် ဂီတ သမား တွေ ရဲ့ အိမ်မက်က နိုင်ငံတကာ ကို ထွက် ပြီး ၊ ကျူဘားဂီ တ ကို ဆိုပြ ..တီးပြ..ဖျော်ဖြေ ချင် ကြ တဲ့ အန္တိမ စိတ်ကူးယဉ် တွေနဲ့ပေါ့။


၁၉ ၄၀ ၀န်းကျင်လောက်က နာမယ်ကြီးခဲ့တဲ့ Buena Vista Social Club ဆိုတဲ့ ဂီတ အသင်းကြီး ရဲ့ ပဂေး ကြီး တွေကို ၊ ၇၀ ကျော် ၈၀ ကျော် အရွယ် ကြီး တွေ ကျမှ ပြန်လည် အသက်သွင်း ပွဲထုပ် ခဲ့တဲ့ ၊ အမေရိကန် ထုပ်လုပ်သူ တယောက် ရဲ့ Bunea Vista Socail Club (1997) အခွေ ဟာ ၊ နိုင်ငံတကာ မှာ ပေါက်သွား ခဲ့ ဘူးတယ်။ အဘိုးကြီး တွေကို ၊ နယူး ယောက် မှာ ခေါ် ပြီး ဖျော်ဖြေ ပွဲ ကြီးလုပ်တာ ပရိသတ် တွေ ၀က်ဝက်ကွဲ။ သူတို့ ရဲ့ ဇတ် ကြောင်းပြန် မှတ်တမ်း ခွေ ကလည်း ထုတ်လုပ်သူ တွေ အတွက် အပိုအိပ် နဲ့လွယ် ခဲ့ ရ ပြီး ၊ ဥရောပ ရုပ်ရှင်ဆု တောင်ဆွတ် ခူး ခဲ့ တာ ဆိုတော့.. Ruy နဲ့ Tito တို့လည်း စိတ်ကူး ယဉ် တော့ တာပေါ့။


တနေ့မှာ သူတို့ အဖွဲ့ တွေ စပိန် ထုတ်လုပ်သူ အမျိုးသမီး တယောက် နဲ့ ဆက် မိ ကြ တယ်။ သူတို့ အိမ် မက် တွေ ပို ပြီး ကြည်လင် လာသလို ၊ သူတို့ဘ၀ တွေ လည်း ၊ လိုက်ပါ ပြောင်းလဲ ရင်း ၊ Havana Blues ဇတ်လမ်း လေး ဖြစ် လာ ခဲ့ တော့တယ်။

Ruy နဲ့ သူ့ရဲ့ သူငယ်ချင်း ပါရမီ ဖြည့်ဖက် Caridad။ သူတို့ နှစ်ယောက်ရဲ့ သား နဲ့ သမီးလေး တို့ ရဲ့ သာမန် လူနေ မူ ပုံစံလေး တွေကို နောက်ခံ ထား တဲ့ ဇတ်ကွက် တွေ ထဲမှာ ၊ နံဘေး တိုက် ခန်းက တယ်လီဖုန်းကို ၀ိုင်းသုံး ကြ တာလေးတွေ..။ ဖုန်းလာရင် ဖုန်းအိမ်က ကြိုးခြည် ထားတဲ့ ခြင်းလေး ထဲမှာ ဖုန်းကို ထဲ့ပေး ၊ ဆွဲ ယူ ပြော ၊ ပြီးမှ ပိုက်ဆံ ထဲ့ပေး ပြီး ခြင်း လေး ကို ပြန်ပို့ ။ ရန်ကုန် မြို့က တချိန်က လူနေမူ ဘ၀ တွေ ကို အတိ အကျ သတိ ရ စေ တဲ့ အခန်း လေး တွေပဲ ။ 


ကျူးဘား နဲ့ အနီးဆုံး လက်တကမ်း အကွာက ၊ အမေရိကန် မိုင်ယာမီ ကမ်း ခြေ ကို လှေနဲ့ သက်စွန့်ဆံဖြား ခိုး ကူးကြတဲ့ ရွှေ့ပြောင်း အခြေချ မူ နဲ့ လူမှောင်ခိုခြင်း ကို လည်း ဒီရုပ်ရှင် ရဲ့ အရေးပါတဲ့ ဇတ်အိမ် တခု အဖြစ် ထဲ့ ထားတယ်။ Caridad ရဲ့ အမေ က မိုင်ယာမီ မှာ ရောက် နှင့် နေ ပြီး ၊ အရွယ် လွန် မိန်းမ တယောက် အဖြစ် ၊ အမေရိက မှာ ခက်ခက် ခဲ ခဲ အခြေချ လုပ်ကိုင် ရင်း ၊ သမီး ရဲ့ မိသားစု ကို တတ်နိုင် သလောက် လှမ်း ထောက်ပံ့ တာ တွေ ၊ လူကြုံ ပစ္စည်း လေး တွေ ပို့ ပေး တဲ့ အခန်းတွေဟာ ရင်ကို တဲ့တဲ့ မှန် တဲ့ ၊ ဇတ်ဝင် ခန်းလေး တွေပါပဲ။ ပစ္စည်း ရှားပါး တဲ့ ဆိုရှယ်လစ် နိုင်ငံ ထဲက Ruy တီးဖို့ ဂစ်တာ ကြိုး ကို တောင် ၊ သူ့ ယောက်ခမ က အမေရိက ကနေ ပို့ပေး ရှာ တယ်လေ။

Ruy ကလည်း အနုပညာ သမား ပီပီ ၊ စိတ် တွေက လွင့်လွင့်ပါးပါး။ မိသားစု အပေါ် မှာ တာဝန် မကျေ နိင် ပေမဲ့ ၊ သူဘာမှ မတတ်နိုင်။ သူ လုပ်ချင် တာတွေပဲ ဆက် လုပ် နေ ခဲ့သည်။ လို အပ် ရင် တိုးရစ်စ် မတွေ နဲ့လည်း သူ အိပ်သည်။ သူ တီးချင် ဆို ချင်တာပဲ သိသည်။ သူ့ခေါင်း ထဲမှာ Havana မှာ သူတို့ လုပ်ဖို့ ပြင်ဆင်နေတဲ့ concert လောက် တခြား ဘာမှ အရေးမကြီး။ ဒါပေမဲ့ သူက သူ့ နိုင်ငံ လေး ကို တော့ ၊ ရူးရူးမူးမူး ချစ် သူ။


တဖက် မှာ Tito ကတော့ ၊ ကိုလိုနီ အကြွင်းအကျန် အထည် ကြီးပျက် ဘ၀ မှာ ကြီးပြင်းနေထိုင် သူ။ တချိန်က နံမယ်ကျော် ကျူးဘား အဆို တော် တယောက် ဖြစ် ခဲ့ပြီး ခုတော့ အရက်စွဲ နေ တဲ့ ၊ သူ့ အဘွားက ၊ စန္ဒရားတီး သင်တန်းလေး ဖွင့် ရင်း ၊ မြေးအဘွား ၂ ယောက် ၊ ဂီတ ကို ဆက်လက် ရူးသွပ် နေ ကြ တုန်း။ ဒီနေရာမှာ Tito ရဲ့ ခေတ်ဟောင်း ချက်ဗလက် ကားစုတ် အနီလေး က ၊ ဒီ ရုပ်ရှင် ရဲ့ အဓိက ဇတ်ပို့ ပေါ့ ။ Tito ကတော့ ၊ ဒီ ကျွန်း အစုတ် ပေါ် မှာ မနေ ချင်တော့။ သူ့အိမ်က ဖုံးအစုတ်ကိုကြည့်မရ။ သူ့ကားအစုတ် ကို ၊ စိတ်မရှည်။ စန္ဒရား ကလည်း သူ့အတွက် ၊ အစုတ်။ သူတို့အိမ်ကြီးက ရေချိုးကန် အစုတ် တွေ ကို လည်း စိတ်ကုန် နေပြီ။ သူ့ အသက် ၂၈ နှစ် ရှိပြီ။ သူတနေ ရာ ရာ ကို သွား ချင် ပြီ။ အခု စပိန်က ထုတ်လုပ်သူ နဲ့ ခွင် တဲ့ ရင် သူ ဒိုး တော့မည်။


ပြသာနာက ထုတ်လုပ်သူ အမျိုးသမီးက Ruy မှ Ruy ။ Ruy ကတော့ ၊ ထုံးစံ အတိုင်း ဒီ အမျိုးသမီး နဲ့ ရင်းနှီးခွင့် ရ ဖို့ အတွက် ၊ ဘာမှ လက်မနှေးခဲ့။ အမျိုးသမီး ဟားဗားနား မှာ ရှိ နေတုန်း ၊ သူ တို့ အစမ်း ပွဲ တွေ လုပ်ကြည့်သည်။ ကြိုက်သည်။ တချို့ ကျူးဘန်း စတိုင် ဘာသာစကား တွေ ကို ပြင် ပေး ပါ ဆို လည်း ၊ ဒီလိုပဲ မကျေနပ် ကျေ နပ် နဲ့ ပဲ ပြင် ပေး လိုက် သည်။ ပြသာနာက စာချုပ် ချုပ် တော့မှ ။ စာချုပ် သက်တမ်း ၃ နှစ် မှာ စပိန် မှာ သူတို့ အားလုံး နေရမည်။ သူတို့ အသုံးစရိတ် ကလွဲ လို့ ဘာမှ အကျိုးအမြတ် မရ။ ထားတော့။ ဒါပေမဲ့ သူတို့ တီး ၀ိုင်းဟာ ၊ ဘာနံမယ် မှ မရှိ သေးတဲ့ အရိုင်းလေး တွေ လို နေ ရ မည်။ ပြီးရင် နိုင်ငံရေး ဝေဖန်ချက်တွေ နည်းနည်းကျဉ်းကျဉ်း ပါတဲ့ documentary လုပ် ရမည်။ အဲဒါ ကို အပြင်းအထန် ကန့်ကွက်သူက Ruy ပဲ ။ 


သူ့အတွက် အနုပညာက အနုပညာပဲ။ မလိုအပ် ပဲ သူ့နိုင်ငံ ကို မကောင်းပြော ပြီး ၊ သူတို့ လုပ်စား ရ မှာ တဲ့ လား။ သူတို့ တိုင်းပြည် ထဲ ကို ၊ ပြန် ၀င်ခွင့် မရ တော့ရင် ဘယ်လို လုပ် ရ မလဲ . . . ။ သူပေါက်ကွဲ တော့ ၊ ငွေရှင် က အမေရိကန် တယောက် မို့ ၊ အမျိုးသမီးက သူ လည်း မတတ်နိုင် ၊ စီးပွါးရေး က စီးပွားရေး ပဲ လို့ ဆို လာသည်။ ဒီလို နဲ့ Ruy တယောက် စာချုပ် ကို ဆွဲ ဖြဲ ပြီး ၊ သူ့အိမ်မက် တွေကို သူ့လက် နဲ့ပဲ ဖျက်ဆီး ပြစ် လိုက် တော့ သည်။


သူတို့ တဖွဲ့လုံး တယောက် တပေါက် ငြင်းခုံ ပေါက်ကွဲ ကျ သည်။ Ruy အပြင် ထွက် လာတော့ ၊ ကားစုတ် နီ လေး ပေါ် မှာ ထိုင်စောင့်နေတဲ့ Tito တယောက် ၊ မကျေနပ် ခြင်း တွေ ဒေါသ တွေ တစစ်စစ် နဲ့ ၊ သူ့အချစ်ဆုံး သူငယ် ချင်း ကို ပေါက်ကွဲ အော်ဟစ် ပြစ် လိုက် သည့် အခန်း သည် ၊ စကားလုံး တွေ နှင့် ထိမိ လှသည်။


` ဒါ ငါတို့ကို သက်သက် အမြတ် ထုတ် တာပဲ ထုတ်လုပ်သူ တွေ အများကြီး ရှိ တယ်… ငါတို့ ဆက် ကြိုးစား ကြမယ် လို့ Ruy က ချော့တော့..


There are so many musicians in Cuba. Success is not by talent , but by chance... လို့ ၊ Tito ပေါက်ကွဲ ခဲ့ တဲ့ စကား က ၊ တကယ် မှန်လေသလား လို့ ဆက် တွေး ကြည့် နေ မိတယ်။ 


ငါတို့က စပိန် မှာ ၃ နှစ် ကျွန်ခံ ပေး ရမှာ လေ . . . လို့ သူ့အတွေး နဲ့ သူ ခေါင် နေတဲ့.. Ruy ကို ၊ Tito က စိတ် တို နေတဲ့ ကြား က ၊ လမ်းဘေး ၀ဲယာ အသာ ဖြန်းကနဲ ကြည့် လိုက် ပြီး ၊ ခပ် ကြေးကြေး အံကြိတ် သံ နဲ့.. " Whose slaves are we here " လို့ ခပ်ဆတ် ဆက် မေး လိုက် တဲ့ အခန်း ဟာ ၊ ကျူးဘား ရဲ့ နိုင်ငံရေး ရာသီ ဥ တု ကို လှလှ လေး သရော် လိုက်တာ ပဲလေ ။


တကယ် တော့ ၊ ရန်ကုန်မြို့ ကြီး နဲ့ အတော်ကို အလားသ ဏ္ဌန် တူ တဲ့ ၊ ဟားဗားနား ဟာ ၊ ကိုလိုနီ လက်ရာ အကြွင်းအကျန် အဆောက် အဦ နွမ်းဖတ် ဖတ် ကြီး တွေ ကို နောက်ခံ ထား ရင်း ၊ သူ့ရဲ့ ညနေ စောင်း တွေ ဟာ၊ ငြီးစီစီ ဖြစ် နေ ခဲ့ တာ ကြာ ပါ ပြီ။ အဲဒီ ညနေ စောင်း တွေ ကိုပဲ ၊ ကမ္ဘာ့ အထူးဆန်း ဆုံး နေ ရာ တခု အဖြစ် ၊ နိုင်ငံခြား ခရီးသွား ဧည့်သည် တွေက ၊ လာ ကြည့် ကြသည် ။ အဲဒီလို နဲ့ Ruy ရဲ့ ကလေး ၂ ယောက် လည်း ၊ နိုင်ငံခြားသား တွေကို ရောင်း တဲ့ ၊ သူတို့ အမေ ရဲ့ လမ်းဘေးက လက်မူ ပုတီး ဆိုင် လေး ဘေး မှာ ၊ Cuban Rap ကို ပျော်ရွှင် စွာ ဆို ရင်း ၊ နိုင်ငံ ခြားသား တွေ ဆုချ တဲ့ ၊ မုန့်ဘိုး လေး တွေ ကို မျှော် တတ် လာတယ်။ တခါတလေ လည်း မိသားစု လိုက် ဆို ကြပေါ့ ။


နောက်ဆုံး တော့ Caridad တယောက် သူ့ကလေး နှစ် ယောက် နဲ့ အတူ ၊ အဖမ်း အဆီးများ ၊ မိကျောင်းထူ လှ တဲ့၊ ဖလော်ရီဒါ ရေ လက် ကြား လေး ကို ဖြတ် ပြီး ၊ မိုင်ယာမီ က အမေ ဆီ လိုက် ဖို့ ဆုံးဖြတ် လိုက် သည် ။ မိတ်ဆွေ သူငယ် ချင်း တွေ ကို နှုတ် ဆက် တဲ့ ည မှာ ၊ သူတို့ သီချင်းတွေ ဆို ကြ သည်။ လွမ်းလွမ်းဆွတ် ဆွတ် ၊ နာနာကျင်ကျင် ၊ ပြီးတော့ ပျော်ပျော်ရွှင်ရွှင် ။ သူ တို့ နှစ် ယောက် အချစ်ပြယ်လို့ လမ်းခွဲ ကြတာ မှ မဟုတ်လေပဲ ။ ဒါပေမဲ့ အချစ် ဆို တာ ကလည်း ၊ သူတို့ ဆို နေတဲ့ သီချင်း တွေ လိုပဲ ၊ စည်းချက် အနိမ့် အမြင့် ၊ စာသား အပြင်း အနု ၊ သံစဉ် ညက်ညော လှိုင်းထ မူ တခု နဲ့ တခု.. တချိန် နဲ့ တချိန် မတူ ကြ သလို ပါပဲ လေ။ ဘာပဲ ပြော ပြော အဲဒီည မှာ Ruy တယောက် ချစ်သူ ဘ၀ က ပိုးခဲ့တဲ့ သီချင်း လေး ကို ပြန် တီး ပြရင်း သူတို့ ၂ ယောက် လုံး ရဲ့ နှလုံး သား တွေ ကို နောက်ဆုံး အနေ နဲ့ နွေး ထွေး စေခဲ့ တယ်။


ပွဲ သိမ်း မှာ ၊ အပြောင်အပျက် သီချင်း လေး တပုဒ် ကို ခပ် ကြမ်းကြမ်းလေး တီး ခတ် ရင်း အားလုံး လိုက် ဆို ကြ တော့ ၊ ရန်ကုန် မြို့ ရဲ့ မီးပျက် ည တွေ နဲ့ လွတ် သွား တဲ့ ကိုရီးယား ကား တွေ ကို သတိရ မိ တော့ တယ်။


မီးတွေ ပျက်ပြီ ဆိုရင်

အဖွား ရဲ့ ပွစိ ပွစိ တွေစပြီ 

ဒါ အစိုးရ ကြောင့် ပေါ့

အဖိုးကတော့ ဒါတွေဟာ နယ်ချဲ့ စနစ် ကြောင့်

OPEC ကြောင့် Free Trade ကြောင့် လို့ ပြောလိမ့်မယ် 




အချစ်ရယ်.. ငါ့ကို ဖယောင်းတိုင်လေးတွေ ကမ်းလိုက်စမ်းပါ

ငါတော့ တီဗွီ ဇာတ်လမ်းတွဲ လွတ် အုံးမယ် တခါ

ရေခဲသေတ္တာ လဲ ပိတ်ပေါ့. . . အရည်တွေ ပျော်အုံးမယ် တခါ

ငါ့ရဲ့ လျှပ်စစ် ဂစ်တာ ကြီးကို ဘာလုပ်ရ ပါ့

မီးတောက်ကလေးတွေ နဲ့ သာ ငါ က ချင်တော့တယ်

အချစ်ပုံပြင် တွေ နဲ့.. ငါ့ကို အလင်းပေးစမ်းပါ ကွာ

မီးတွေ ပြန်မလာခင် ဘလူးစ် သီချင်းသာ ဆိုပြပါတော့....



နောက်ဆုံးတော့ ၊ Caridad တို့သား အမိ တွေ ၊ ညမှောင် မှောင် ချောင်ရိပ် အောက်က ၊ လူ ခိုး သွင်း တဲ့ မော်တော်ဘုတ် လေး ပေါ် ကို ၊ စိုးရိမ် စိတ် မော တွယ် တက်ရင်း ၊ ဒီ ကျွန်း ကြီး နဲ့ ဒီခင်ပွန်း ကို နောက် ဆံ တွေ ငင် နေ ရှာ လေ မလား။ ရှေ့မှာ တွေ့ ရမဲ့ ၊ မရေ ရာ တဲ့ ဘ၀ အသစ် အတွက် ရော ရင်မော နေ မလား။ ဒီ ဇတ်ဝင် ခန်း လေး ထဲမှာ ၊ မိန်း မ နဲ့ကလေး တွေကို ၊ မော်တော်ပေါ် ပင့်တင့် ပေး နေတဲ့ Ruy ရင် ထဲ မှာ ရော ကြေကွဲ မူ တွေ ဘယ်လောက် ထိ ရောပြွန်း နေမလဲ ။



ဒါတွေဟာ ဘာ ကြောင့်လဲ ။ ကြပ်တည်း လွန်းတဲ့ စီးပွားရေး ကြောင့်လား ။ Ruy အိမ်ထောင့်တာဝန် မကျေပွန် လို့လား ။ အချစ်တွေ ကို ဘ၀ အမော တွေ က ညှင်းသတ် လိုက် လို့လား ။ အဖြေ အတိ အကျ မတွေ့ ရပါ။ ဒီ ရုပ် ရှင် မှာ တွေ့ ရ တာက ၊ ကိုယ့်လမ်း ကို လျှောက် နေ ကြတဲ့ လူ တွေ သာ။ ကိုယ် နေသာသလို ၊ ယုံ ကြည် သလို ၊ အခြေ အနေ ပေးသလို ၊ ရွေ့လျား နေ သော ဘ၀ များ သက်သက် သာ။ ဘာ moral မှ နမူနာမပေး ထား သလို ၊ ဘာ morale မှ လည်း သင်ခန်းစာ ချန် မထားခဲ့။ ဆို ဦး တော့ ဒီ ဇတ်လမ်း ထဲ မှာ ၊ မြင့်မြတ် တည်ကြည် ရိုးသား တဲ့ လူ ဆို တာ တောင်၊ တယောက် မှ မပါခဲ့။ လူသား ဆန်စွာ မိုက်မဲတဲ့ ၊ ဇွတ်တိုး တဲ့ ၊ ကိုယ့် အတ္တ ကို ရွေးတဲ့ ၊ လူစစ်စစ် တွေ ကိုသာ ပြ သွား ခဲ့ သည်။


ခုတော့ ၊ Tito လည်း ထုတ် လုပ်သူ အဖွဲ့ နဲ့ စပိန် ကို သွား ဖို့ ၊ လေယဉ် ကြီး ပေါ် ကို တက်သွား ပေ ပြီ။ တယောက် နဲ့ တယောက် သိပ် ချစ် ကြတဲ့ ၊ သူငယ် ချင်း ၂ ယောက် နှလုံးသား ရှိ ရာ ယာဖက် ရင်အုံ တွေကို ၊ လက်သီး ဆုတ် ခြင်း ထိ ခတ် လို့ ၊ တိတ် ဆိတ်စွာ အချက် ပြ လိုက် ရင်း ၊ ဘယ်တော့ များ မှ ပြန် ဆုံ ကြ တော့ မလဲ။ 


ဟားဗားနား ရဲ့..  ချိုင့်ခွက် အပြည့် နဲ့ လမ်း ပေါ် မှာ ၊ Ruy တယောက် တည်း ၊ သူ့ဂစ်တာ လေး ကို ကျောပိုး ရင်း စက်ဘီး လေး ကို စီး လာသည်။ အနားက ကပ် ဖြတ်သွား တဲ့ ချက်ဗလက် ကား နီ လေး ကို တွေ့ လိုက် မိ တော့ ၊ ရှေ့ မှာ Taxi ဆိုတဲ့ ဆိုင်းဘုတ် ကလေး နဲ့ ။ ဝေးသွားတဲ့ ကားနီ လေးကို လှည့် ကြည့် လှည့်ကြည့် လုပ်ရင်း ၊ တလိမ့်ခြင်း လိမ့်နေတဲ့ စက်ဘီး လေး နဲ့ အတူ Theme Song ဇာတ်သိမ်း သီချင်းလေး တပုဒ် မျောရွေ့ လာ သည်။ 



မဒရစ် မှာ နယူးယောက်မှာ ၊ ဟာဗားနား ဟာ နေရာတိုင်းမှာ

ဘာလို့ ဆို နင်နဲ့ အတူ ခေါ်သွားခဲ့လို့ ပေါ့

နင့်ရဲ့ ဇစ်မြစ်ကို တော့ ၊ ဘယ်တော့မှ ဖြတ်ပစ်လို့ မရ ။



ကုန်းမြေတိုင်းမှာ နယ်နိမိတ်တွေ ရှိတယ်

ဒါပေမယ့် ငါတို့ အားလုံးဟာ 

နေတစင်း နဲ့ လတမင်း ရဲ့ အလင်းရောင် နဲ့သာ ရှင်သန်နေကြတယ်

ငါလေ နင့်ကို နေ့တိုင်းရှင်သန်မူ ပေးတဲ့ 

သီချင်းတွေဆိုတဲ့ မနက်ခင်းလေးပဲ ဖြစ်ချင်တယ်။



လမ်းကြောင်းတွေက နင့်ကို တသီးတခြားခွဲ ထုပ်လိုက်တယ်

ဘာသာစကား နဲ့ အယူဝါဒ တွေရဲ့ 

အကျဉ်းသား အဖြစ် လျှို့ဝှက်ထားလိုက်တယ်

ဘယ်တော့မှ သူတို့ အကျဉ်းသား မဖြစ်စေနဲ့ 




နင် နွေးထွေးမူတွေ လိုအပ်တဲ့ အခါ 

ငါ - နင့်ရဲ့ အနွေးထည် ဖြစ်ပါ့မယ်

နင် ကြင်နာမူတွေ လိုအပ်တဲ့ အခါ 

ငါ - နင့်ရဲ့ အသိုက်အမြုံ လေး ဖြစ်ပါ့မယ်

နင် ဘယ်သွားသွား 

ငါဟာ အမြဲတမ်း နင်နဲ့ အတူ ရှိနေတယ်

ငါဟာ နင့်ရှေ့ မှာ

ငါဟာ နင့်ရှေ့ မှာ 



ဟားဗားနား ဟာ Ruy ရဲ့ ရှေ့ မှာ ရှိနေလေတယ်။ Tito ရဲ့ ရှေ့ မှာရော ။ Caridid ရဲ့ ရှေ့မှာရော ။ တကယ်တော့ အားလုံးရဲ့ ရှေ့ မှာ ကိုယ်ချစ်တဲ့ ကိုယ့်ဇာတိ နိုင်ငံ တွေ ရှိနှင့် နေခဲ့ ပြီ ကော။ 


ကေသွယ်

နှင်းဆီဖြူ ဂျာနယ် အတွဲ ၂ ၊ အမှတ် ၆ ၊ ဇွန်လ ၂၀၁၆


Share/Bookmark

1 Comment:

မမသီရိ said...

ဟာဗားနားဆို ဖီဒဲလ်ရယ် ဆေးပြင်းလိပ်ရယ် ကြံခင်းတွေရယ် ပဲမျက်စိထဲပြေးမြင်နေတာက
ခွဲထွက်စေတဲ့ အမြည်း ကလေး
ရုပ်ရှင်တွေ ပြန်ကြည့်ဖြစ်အုံးတော့မလား မသိး)