သမိုင်းသဲပွင့်များ

ရေးသားသူ- နီဇူလိုင်
( နီဇူလိုင် ဘလော့ မှ ယူပါသည် http://nijuly.blogspot.com/2010/09/blog-post_26.html )
-------------
-
၂၀၁၀ ဇူ လိုင် လ ၁၆ရက် နေ့စွဲ နဲ့ မော်ဒန် ဂျာနယ် မှာ ဆရာ ကျော်ရင်မြင့် ရဲ့  ဘ၀ ဇာတ်ခုံ အဖုံဖုံ ကဏ္ဍ ကနေ `ကြယ်တပွင့်´ လို့ တင်စား ထားတဲ့ ခေါင်းစဉ် နဲ့ `ကျောက်ဆည် ဒေါ် မြရီ´ အကြောင်းကို ဖတ်လိုက်ရတော့ သမိုင်း မိုးကောင်းကင်ထဲက ကြယ်တပွင့်ကို တလက်လက် တောက်ပ စွာ မြင်လိုက်ရသ လိုပါဘဲ...။





ဆရာ ကျော်ရင်မြင့် က ဒေါ်မြရီ နေမကောင်းဘူး...အစာ မ၀င်တော့ဘူး...အရည်ဘဲ ၀င်တော့ တယ် ..ဆိုတဲ့ သတင်းတွေ ကြားကြားချင်း..ကျောက်ဆည်ကို အမြန် သွားရောက် သတင်းမေး ခဲ့ တာနဲ့..စ ရေး ထား ပါတယ်..။ မော်ဒန် ဂျာနယ် မှာ တင် ထားတဲ့ အသက် (၉၄) နှစ် အရွယ် ဒေါ်မြရီ ရဲ့  လက်ရှိ ဓါတ်ပုံ လေးကလည်း...ရင်ထဲ ကို တစုံ တရာ ထိထိ ခိုက်ခိုက် တိုးဝင် သွား ပါတယ်...။
သူ့မ အကြောင်း ကို မော်ဒန် ဂျာနယ် မှာ ၂ ပါတ် ဆက်တိုက် ဖော်ပြခဲ့သလို .. အဲဒီ ရက်က ပြည်သူ့ ခေတ် ဂျာနယ်က လည်း ကွယ်လွန်သူ ဆရာ တင်သိန်းမောင်ရဲ့  တော်ဝင် ဂျာနယ်ပါ ဆောင်းပါး အဟောင်းလေးကို ပြန်တင်ရင်း ဒေါ်မြရီ ဆိုတဲ့.. သမိုင်း ကြယ် တပွင့် ကို မီးမောင်း ထိုး ဂုဏ်ပြု ပေးခဲ့ ပါ တယ်...။ အစာ မ၀င် တော့ ဘူး ဆိုတဲ့ တော်လှန် ရေး ကြယ်ပွင့် အဖွားအို ရဲ့ ပြောစကား တိုင်းဟာ... သူမ တို့ ရဲ့ တိုင်းပြည် လွတ်လပ်ရေး အ တွက် ကိုယ်ကျိုးစွန့် ဆောင်ရွက် ခဲ့ တဲ့ အတိတ်ရဲ့  အရိပ်တွေနဲ့ အံ့သြ စရာ ကောင်း လောက်အောင် အားမာန် ပြည့် နေပါတယ်...။ သူတို့ရဲ့  သေချင်းပေါင်း ရှင်ချင်း ပေါင်း ရဲဘော် ရဲဘက် စိတ် ဓါတ်တွေက လည်း ဦးညွှတ် ကြည်နှုး စရာ...စိတ် လှုပ်ရှားစရာ.... ၀မ်းနဲ ကြေကွဲ စရာ... တဖျတ် ဖျတ် ပေါ် လွင်ပြီး..ဂန္ဓ၀င် ရုပ်ရှင် ကား တကားကို ကြည့် နေရသလို ပါဘဲ...။

သူမ ရဲ့  ပြော စကား တိုင်းမှာ ပါတဲ့ ဖြစ်ရပ် တခု က တော့ .. ဦးသိန်းဖေမြင့် ဦးဆောင်မှု နဲ့ .သူမ တို့ အိန္ဒိ ယ မှာ လေထီး သင်တန်း တက်နေစဉ် ကာလ ဆန်းဒေးဗီလာ ဘုံ ရိပ်သာ မှာ အတူတူနေပြီး တိုင်းပြည် အတွက် ဆောင်ရွက် ခဲ့ ကြတဲ့ ရဲဘော် ရဲဘက် တွေ ထဲက မန်းဝင်းမောင် နဲ့ ကိုတူး တို့ ရဲ့  အဖြစ်အပျက် ပါဘဲ...။ တိုင်းပြည် လွတ်လပ်ရေး ရဖို့ အတူတူ အသက် ကို ရင်းပြီး တိုက် ပွဲ ၀င်ခဲ့ သူ ၂ယောက် ဟာ လွတ်လပ်ရေး ရတဲ့ အချိန်လဲ ကျ ရော..မန်းဝင်းမောင် က သမ္မတ ကြီး ဖြစ်လို့...။ ကိုတူး လို့ခေါ် တဲ့ ကာနယ် ချစ်ကောင်း က ကြိုးမိန့် ပေး ခံ ရပြီး ကြိုး တိုက် ထဲ ရောက်နေရတဲ့ အဖြစ်....။

အယူ ၀ါ ဒတွေ ကွဲ ပြား တာ ထက်...အာ ဏာ အဆိပ် ငယ်ထိပ် တက် ကပ် တာ တွေ ကြောင့်....ဒီ လို ရင်နာ စရာ အဖြစ် ဆိုး တွေ ကို ကြုံ ရတဲ့ အခါ မှာ....သူမ ရဲ့  ခံစားချက် တွေ ဘယ် လောက် ပြင်း ရှ ခဲ့ လေ မ လဲ....။ သမ္မ တကြီး မန်းဝင်းမောင် နဲ့ တွေ့ တုံး ဒေါ်မြရီ ပြော ခဲ့ တဲ့ စကားတွေ မှာ...ဒီ လို ပွင့်အံ ကျ လာ ပါတယ်...

``ကျမ .ဘာပြောရမလဲ..နိုင်ငံတော် သမ္မတကြီး မန်းဝင်းမောင် သက်တော် ရာကျော် ရှည်ပါစေ..လို့ ဆုတောင်း ရ မလား.. ဒါ မှမဟုတ်... ကြိုးတိုက် ထဲ က..ကိုတူး ..သေပါစေ လို့ ပဲ ..ဆုတောင်း ရ မလား..ဒီ နှစ်ခု ကြား မှာ ..ကျမ ဗျာ များနေဘီ...´´ တဲ့ လေ..။

နောက်ဆုံးတော့ သမ္မတကြီး မန်းဝင်းမောင် က လည်း သူ့ ရဲ့  ရဲဘော် ရဲဘက် စိတ် ကိုပြတဲ့ အနေနဲ့ ကာနယ် ချစ်ကောင်းကို သမ္မတ အမိန့် နဲ့ ကြိုးမိန့် ကနေ လွှတ်ပေး ခဲ့ ပါတယ်..။ အဲဒီလို လွှတ်ပေးတဲ့ သတင်း ကို ကြားတော့ ဒေါ်မြရီ တယောက် မျက်ရည်တွေ ပေါက် ပေါက် ကျအောင် ကို ၀မ်းသာရှာခဲ့ ပါသတဲ့...။ သူမ ဟာ အမျိုးသမီး တယောက် ဖြစ်ပေမယ့် ဖက်ဆစ် ဂျပန် တွေကို ပြန် တော်လှန်ဖို့ အမျိုးသား တွေနဲ့ ရင်ဘောင်တန်း ပြီး အိန္ဒိယ ကိုသွားပြီး လေထီး သင်တန်း တက် ခဲ့ သူ..။ လေယာဉ် ပေါ်ကနေ လေထီး နဲ့ ခုန်ဆင်း ခဲ့ ဖူးသူ..။ လေထီးဆင်း ရဲဘော် တွေ ဗမာပြည် ပြန်ဖို့ လိုအပ် တာ စီစဉ် ပေးရသူ...။ ဂျပန် တော်လှန် ရေး ကာလ မှာ ထိရောက် လှ တဲ့ လေနတ်သား စာစောင် တွေ ကို ရေးပေးခဲ့ သူ ..စသဖြင့် တိုင်းပြည် အတွက် ဂုဏ်ပြောင်ခဲ့ တဲ့ ကြယ်တပွင့်ပါဘဲ...။

ဘ၀ရဲ့  နောက်ဆုံး အချိန်တွေကို ကျောက်ဆည် မြို့  ဈေးတောင်ဖက် တန်း က ခြေတံ ရှည် အိမ်ကလေး တလုံးထဲ မှာ ရိုးရိုး သားသား လိပ်ပြာ သန့်သန့် ကုန်ဆုံးဖို့ စောင့် မျှော်နေတဲ့ သူမရဲ့  သစ္စာ စကားတွေ ကတော့...

``ကိုယ်တို့ ရဲ့  အကောင်းဆုံး အရွယ် တွေကို တိုင်းပြည် အတွက် ပေးလှူ ပြီး လုပ်ခဲ့ ကြတာ..သေချင်းပေါင်း..ရှင်ချင်းပေါင်းတွေ..သေဖော် ရှင်ဖက်တွေ...လုပ်ခဲ့ ကိုင်ခဲ့ ကြတာ..တိုင်းပြည်လွတ်လပ် ရေး အတွက် ကိုယ်တို့ လုပ်ခဲ့ကြတယ်..ဘွဲ့ ထူး ဂုဏ်ထူးတွေ..ဘာမှ ကိုယ်မလျှောက် ခဲ့ ဘူး..လျှောက်မှ ရတာမျိုး ကို ကိုယ်တသက် လုံး မလျှောက်ဘူး.. ကိုယ့် ဘ၀ ကို ကိုယ်ကျေနပ်တယ်... ကိုယ့်ကို လူ တွေက ချစ်ခင် လေးစားကြတယ်...သည်နေ့ အထိ..ကိုယ့် အိမ်နီးချင်း မိတ် ဆွေ တွေက .. ဟင်းခွက် ပို့ တုန်း...´´ ...ပါတဲ့..။
-
စိတ်ထဲ မှာ ထိ ထိ ခတ် ခတ် ရှိလွန်းလို့ ဆက် ရှာ ဖတ်မိတာ က...ကာနယ်ချစ်ကောင်းရဲ့  `အနှစ်(၂၀) ´ဆိုတဲ့ စာအုပ်ပါဘဲ...။ ၂၀၀၁ ခုနှစ်မှာ အမြင့် ပျံငှက်များ က ပြန်လည်ကြိုး ပမ်း ထားတဲ့ `အနှစ်(၂၀) ´ စာအုပ် ရဲ့  မျက်နှာဖုံး ကလေး က လည်း... ကြိုးကွင်း ထဲမှာ ပျံသန်း ဖို့ ကြိုးစား နေတဲ့ ငြိမ်းချမ်းရေး ချိုးဖြူလေး ရဲ့  ပုံကလေး ကို သရုပ်ဖော် ထားတော့ ကိုယ့် တိုင်းပြည် ရဲ့  မချိတင် ကဲ နာကျင် ကြေကွဲ စရာ ဖြစ် ရပ် တွေကို ခါးခါး သက်သက် မြည်းစမ်း လိုက်မိ ပါတယ်...။
-

စာ အုပ် ရဲ့  အစ မှာတော့...ကာနယ်ချစ်ကောင်း ရဲ့  သမိုင်းဝင် စာကြောင်းတွေ နဲ့ ဟောဒီလို ..ဖွင့်ထားပါတယ်..။

``အနှစ်၂၀ မျှ တိုင်းပြည် အတွက် လုပ် လာပြီးနောက် ကိုယ့်ကိုယ် ကို ပြန်ကြည့် လိုက်သော အခါ...ကြိုးတိုက်ထဲ သို့ ရောက်နေ သည်ကို တွေ့ ရလေသည် ´´..

ဒီ စာအုပ် ထဲ မှာလဲ...ကျောင်းသား သမဂ္ဂ ၀င် တယောက် ဘ၀ ကနေ စပြီး..တိုင်းပြည် လွတ်လပ်ရေး အတွက် နည်းလမ်း အသွယ် သွယ် နဲ့ စိတ် ထက်ထက် သန်သန် ကြိုးပမ်း ဆောင်ရွက် ခဲ့ တဲ့ ..သမိုင်း ပုံရိပ်တွေ..။ ကွန်မြူ နစ် ပါတီ ကို တောထဲ ရောက် အောင် တွန်း ပို့ ခံ ခဲ့ ရပြီး.. သူ လဲ တောခို ခဲ့ ဖြစ်ပုံတွေ..။နောက်ပိုင်း..လွတ်လပ်ရေး ရပြီးစ တိုင်းပြည် အတွက် အရေးတကြီး လိုအပ် နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကြိုးပမ်း ဖို့ အတွက်...ငြိမ်းချမ်းရေး တောင်းဆို သံတွေ တပွေ့ တပိုက် နဲ့ ပါတီ တာဝန် ပေးချက်အရ မြို့  ပေါ်ကို တက်အလာ...ဖမ်းဆီး ခံခဲ့ ရ ပုံတွေ...။ စွဲချက် အမျိုးမျိုး နဲ့ စွဲဆိုခံ ရပြီး ..နောက်ဆုံး..ကြိုးမိန့် ပေး ခံ ခဲ့ ရပုံတွေ...။ နာကျင် ကြေကွဲ စရာ...ရင်နင့် စရာ...ဖတ်ခဲ့ ရပြန်တယ်။ သူ့ စာအုပ်ရဲ့  နောက်ဆုံး ခန်းကို...
``နောင် အနှစ်(၂၀)´´ ဆိုတဲ့ အခန်းနဲ့ အဆုံးသတ်ထားပြီး...သူ ဖြစ်စေ ချင်တဲ့ မြင်တွေ့ လိုတဲ့... တိုင်းပြည်ငြိမ်းချမ်းရေး.. အမျိုးသား စည်းလုံးညီညွတ်ရေး...တိုင်းပြည် ကောင်းစားရေး...စတဲ့ ထက်သန်သော စေတနာ ဆန္ဒမွန် တွေနဲ့ ... သူ ကြိုးမိန့်က လွတ်အပြီး ၁၉၆၀ ခုနှစ် ရဲ့  နောက်ပိုင်း..နောက် အနှစ်၂၀ ကို လှမ်းမျှော်ထားတာတွေ့ ရပါတယ်..။ ဒါပေမယ့် နောင်အနှစ် (၂၀) မပြည့် ခင်မှာဘဲ...နောက်တခါ သူ ထပ် အဖမ်း ခံခဲ့ ရတာတွေ...တောတွင်း ပြန်ရောက်ခဲ့ ရတာတွေ... တောတွင်း တိုက်ပွဲ တနေ ရာမှာဘဲ...ကျဆုံးသွား ခဲ့ ရတာ တွေ က တော့ ဒီ စာအုပ်မှာ မပါခဲ့ တဲ့ နောက်ဆက်တွဲ ကြေကွဲ စရာ..ယူကျုံးမရ စရာ.. ဖြစ်ရပ် တွေ ပါဘဲ...။

အခန်းဆက် ဇတ်လမ်း ရှည်ကြီး ကို လက်က မချဘဲ ဖတ် နေ မိသလို...ထပ် ဖတ်မိ သွားတာ က... လေထီး ဦးအုန်းမောင် ရေးတဲ့ ``နှစ်ပေါင်း (၅၀) ကြာသော အခါ´´ဆိုတဲ့ စာအုပ်ပါ...။ ဒီ စာအုပ်မှာလဲ...သူတို့ရဲ့  တိုင်းပြည် လွတ်လပ်ရေး အတွက်.. ကြိုးပမ်းမှု တလျောက် ကြုံခဲ့ ရတဲ့... အားကျ အတု ယူစရာ...အရေးတော်ပုံ စိတ်ဓါတ်တွေ...ရဲဘော် ရဲဘက် စိတ်ဓါတ်တွေ...ထုံမွှမ်း လို့....ဒါပေမဲ့ လွတ်လပ်ရေး ရပြီးစ ကတည်းက ကွဲကြ..ပြဲကြ... အာဏာ ရှိသူက အာဏာ ငန်း ဖမ်းပြီး...အနိုင်ကျင့် တာတွေ... ထောင်တွေ...ကျွန်းတွေ....ကြိုးမိန့်တွေ...သူ့လူ ကိုယ်ဘက် သား လုပ်တာတွေ..ကိုယ့် လူ သူ့ ဘက်သား ဖြစ်သွားတာတွေ...သစ္စာဖောက်မှုတွေ...။ သူ ရေးထားတဲ့ နှစ်ပေါင်း (၅၀)လွန်ပြီး...နှစ်ပေါင်း (၆၀)ကျော်လာတာတောင်...တိုင်းပြည်ကားမငြိမ်းချမ်းသေး...။ သွေးချောင်းစီးဆဲ...။

လေထီး ဦးအုန်းမောင် လည်း ကွယ်လွန် သွားရှာပြီ။ သူ မြင်တွေ့ လို သော ငြိမ်းချမ်းသော တိုင်းပြည်ဖြစ်မလာ သေး..။ တနေ့ထက် တနေ့ ပိုဆိုး လာသလို ဖြစ်ရပ် တွေကြောင့်....စိတ်ဓါတ် တွေ အချဉ် ပေါက်စ ပြုလာ နေပြီ...။ ဒါပေမယ့်...သမိုင်းထဲက ကြယ်ပွင့်များက..တိုင်းပြည်အတွက် သေသည် အထိ သူတို့ လုပ်နိုင်သမျှ တာဝန် ကျေ သွားကြတာတွေ ကိုတွေ့ ရတော့...ကိုယ့်စိတ် ကို ပြန် အားတင်း မိ ပြန်တယ်...။

ဟော...မကြာသေးခင်က ကွယ်လွန် သွားတဲ့ တိုးတက်ရေး သခင်အုန်းမြင့်..။ သူသည်လဲ အသက်(၉၀)ကျော် ကွယ်လွန် ခါနီး အထိ သူ စွမ်းဆောင် နိုင်သမျှ တိုင်းပြည် အရေးအခင်း တိုင်းမှာ တာဝန်ကျေခဲ့သလို အသက်(၈၀) ကျော် အထိ ဖမ်းဆီး နှိပ်စက် ခြင်းကို ခံခဲ့ ရတာတောင် အလံမလှဲ ခဲ့သူ...။
-

သခင်အုန်းမြင့်
လွတ်လပ်ရေး ရပြီး ကတည်းက သူတို့ အားလုံးဟာ တိုင်းသူ ပြည်သား တွေနဲ့ အတူ ပြည်တွင်း ငြိမ်းချမ်းရေး ကို လှိုက်လှိုက်လှဲလှဲ လို လားခဲ့ ကြတယ်...။ ကြိုးပမ်း ခဲ့ ကြတယ်...။ သူတို့ ရဲ့  ရှေ့ ကနေ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် တသက်လုံး ဆောင်ရွက် ကြိုးစား သွားခဲ့တဲ့ ဆရာကြီး သခင် ကိုယ်တော် မှိုင်း...။..ကိုယ့် ကိုယ် ကျိုး ထက် တိုင်းပြည် ကောင်းကျိုး ကို မျှော်မှန်းပြီး စွန့်လွှတ် အနစ်နာ ခံ သွားကြသော သမိုင်းထဲမှ ကြယ်ပွင့်များ.....။

ထင်ထင် ရှားရှား ရှိသလို အညတြ မထင်မရှား ကြယ်ပွင့်များ...။
သူတို့ သမိုင်းကို သူတို့ အကောင်းဆုံး မှုန်း ခြယ်သွား ကြသူများ....။
သမိုင်းကောင်းကင် မှ ပြိုးပြက် တောက်ပ နေကြသော ကြယ်ပွင့် များကို လှမ်းမျှော်ရင်း.. သူတို့ အားလုံးဟာ...တိုင်းပြည် ကောင်းကျိုး ကိုသာ ရှေးရှုပြီး ကိုယ် တာဝန် ကို ကိုယ် စွမ်းသမျှ ထမ်းဆောင်သွား ကြတာ ပါလား...။
သူတို့ ရခဲ့သော ဆုလာဘ် များကား တောခို ရ ခြင်းများ သူပုန် ထ ခြင်း များ...။အချင်းချင်း ပြန် တိုက်ခိုက်ရသော တိုက်ပွဲ များ...။ ထောင်ဒဏ် များ..။ ကျွန်းဒဏ် များ...။ အသက်စတေး ကျဆုံးခြင်းများ..။ သာမန် ဆင်းရဲ ချို့ တဲ့စွာ ရိုးရိုးသားသား ဘ၀ကို ဖြတ်သန်း သွားကြသူများ....။ ဒါပေမယ့် သူတို့ ဒူးမထောက် ..လက်မမြှောက် ခဲ့ ကြ...။ ကိုယ် ရပ်တည်သော ..ကိုယ့် ခြေထောက် ကို ကိုယ် သစ္စာ မဖောက်ကြ...။

သူတို့ ကို သမိုင်း ကြယ်ပွင့်များ အနေ မှ နောက်တမျိုး မြင်ကြည့်မိပြန်တယ်...။

သမိုင်းသဲပွင့်များ....
သူတို့ မျှော်မှန်း လိုလားသော...တိုင်းပြည် အနာဂတ် တည်ဆောက်ရေး တွင်..အလွန်. အသုံးကျသော ..သဲပွင့် များ အဖြစ်..တတပ် တအား ဖြည့်ဆည်း သွားကြ တာ ပင်..။ ဒီလို..သမိုင်း သဲပွင့် များကို နီးကပ် တိုးဝင် ခံစား ကြည့်ရင်း မှ ရလာသော အတွေးတစ ကတော့... သူတို့တွေဟာ..တိုင်းပြည် အတွက် လိုအပ် လာ လို့သူတို့. ပခုံးပေါ် ကျလာတဲ့ သမိုင်းပေး တာဝန်များကို...ဘယ်တော့မှ .. မသွေဖယ်..တစိုက်မတ်မတ် ထမ်းဆောင်ရင်း.. သူတို့ ရောက်လိုတဲ့ ပန်းတိုင်ကို မရောက်သေးရ ကောင်းလား လို့ စိတ်ပျက် အားလျော့ ဖြစ်မနေဘဲ ..အစွမ်းကုန် ဖြည့်ဆည်း ကြရင်း.. နှောင်းလူ တို့ ကို လမ်းပြသွား ခဲ့ လေပြီ...။ ။


Share/Bookmark

4 Comments:

မြတ်နိုး said...

အမရာ..လေးစားစရာတယောက်ထပ်ထွက်ပြန်ပီ။ ဒီလိုအမျိုးသမီးမျိုးကိုမှတကယ်ကြိုက်တာ... အဲ့ဒီစာအုပ်ဘယ်မှာရှာဖတ်လို့ရမလဲဟင်။

tin min htet said...

မကေ နဲ့ နီဇူလိုင် ကျေးဇူးပါပဲ။

မကေပြောတဲ့ အတိုင်းပါပဲ။ အနှစ်နှစ်ဆယ်ကို လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်လောက်က ဖတ်ရတယ်။ အဖွင့်စာသားကတင် တအုပ်လုံး အကြောင်းကို ပြောပြသွားတာပါပဲ။

ခုတော့ အဲဒီစာအုပ်ကို အွန်လိုင်းမှာ ပြန်ရတယ်။ ကျွန်တော် တင်ပေးပါဦးမယ်။

သုခုမလေဒီ said...

မျှဝေမှုလေးဖတ်သွားပါတယ်။ လေးစားထိုက်တဲ့ ပုဂ္ဂိုလ် အကြောင်းသိရလို့ ကျေးဇူးပါ။
အဆင်ပြေပါစေ..

Nay Lin said...

" တနေ့ထက် တနေ့ ပိုဆိုး လာသလို ဖြစ်ရပ် တွေကြောင့်....စိတ်ဓါတ် တွေ အချဉ် ပေါက်စ ပြုလာ နေပြီ...။"

အမှန်ပဲ..အခုတလော..
ရေတံခွန်ပေါ်ကနေ ခုန်ချသွားတဲ့ကျောင်းသားဟောင်း
အရက်တွေနဲ့ နှစ်မွန်းပစ်လိုက်ပြီး အဆုံးခံလိုက်တဲ့
ကျောင်းသားဟောင်းတွေ..
သူတို့ရဲ့စိတ်ထဲဝင်ကြည့်နေမိတယ်..
ဘာတွေများတွေးခဲ့ပါလိမ့် ဆိုပြီးတော့..

ကမ်းခြေပေါ်မှာ တင်ကျန်ခဲ့တဲ့ ကြယ်ငါးလေးတွေ
ရေထဲပြန်ချပေးယုံသာ တတ်နိုင်တာလားလို့လဲ
ပြန်မေးကြည့်မိပါရဲ့..