အတွေး






ဘုရားသခင်...
ကျမက...အတွေးချောင်တယ်
ဧ၀ သာ ပန်းသီး မစား ခဲ့ရင်..
လူတွေ ဘယ်လို ချစ်တတ်လာမှာ လည်း...

ဘုရားသခင်..
ကျမက..တွေးရင်း သရော်ချင်သေး..
အာဒံ့ သားတွေက.. နံရုံးတချောင်း သာ ရင်းနှီး ရပေမဲ့..
မြေမှုန် အရေ အတွက်လောက်..လောဘ ကြီးချင် ကြတယ် ရော...

ဘုရားသခင်...
ကျမ.. အတွေး သစ် ကြည့်မလို့ပါ
မာဂဓလ မာရိ.. သူမက..တကယ့်.. သစ္စာအရှိဆုံး နဲ့...
သနားစရာ အကောင်းဆုံး.. သာဝက တယောက် ပေါ့..
မဖြစ်သင့်သူ ကို.. ချစ်ခင် မြတ်နိုး မိသူ

ဘုရားသခင်...
ကျမက.. အတွေး ယုတ္တိဗေဒ ကျ ချင်တာပါ..
ယေရှု အရှင်က.. ပြုပြင်ပြောင်းလဲရေး သမား တယောက်မို့ ..
ဖဲ့..ထုတ်...သတ်ခံ ခဲ့ရတာ... ဒါ..ပူးပေါင်းလုပ်ကြံမူပဲ..။

ဒါတောင်မှ.. ဘုရားသခင်..
ဟောဒီ စာအုပ်ထဲမှာ..ဇတ်ကောင်တွေ များလွန်းလှတော့..
ကျမက... အတွေး နဲ့ ယုံမှား ချင်လာတယ်...

ယောဘ ကို.. ဇတ်ရိုင်းအနာဆုံး ဖြစ်လာဖို့..
အခွင့်အရေးတခုမှ.. မပေးခဲ့တာ.. ဖြစ်ရိုးဖြစ်စဉ် မှ..ဟုတ်ရဲ့လား...

ဒါဝိဒ် မင်းကြီး ရဲ့ ဆာလံ ညည်းချင်း တွေ ကရော..
အနာဖျောက် နိုင်တဲ့..စိတ်ထွက်ပေါက်တွေလား..

ရှောလမုန်ဘုရင် ရဲ့.. တထောင့်ငါးပုဒ်သော..
တထောင့်ငါးရာ ချစ်ြခင်းမေတ္တာ သီချင်းတွေ..
ကျမ်းမ၀င် ပဲ..ရှိနေလိမ့်ဦး မလား..

ထားလိုက်ပါလေ..
ဘုရားသခင်ဆီကပဲ ..ကျမ သိခဲ့တာ..
ဒီစာအုပ် ထဲမှာ..လူပေါင်းစုံတယ်.. အဖြစ်ပေါင်းစုံတယ်..
ပြည့်တန်ဆာ က စလို့.. ရှင်ပေါလု အထိ..
အနူအ၀ဲ က စလို့.. ရှင်ယောဟန် အထိ..
အံသွား ကြိတ်ခဲ စရာ ကနေ.. ၀မ်းမြောက်ရွှင်လန်းစရာ အထိ..
လူနှစ်ယောက်ရဲ့ ချစ်မေတ္တာ ကနေ.. ကပ်ကမ္ဘာဆုံး မဲ့..မျိုးဆက်မုန်းတီးမူ အထိ..

ဘုရားသခင်..
ခဏ...ကျမ ကျော်တွေး ကြည့် တော့..
ရှင်ပေါလု က..ပညာရှင် မို့.. လူတွေ ပိုလက်ခံ လေသ လား..
ကျမလည်း..တမန်တော် ၀တ္တုကို ကြိုက်တယ်..

ဘာပဲဖြစ်ဖြစ် ဘုရားသခင်..
ဘာတွေဖြစ်လာမလဲ ဆိုတာ..
ဘုရားသခင်ပဲ သိမှာပါ...
ဘာမှ မဖြစ်လာရင်လည်း..
ဘုရားသခင်ရဲ့ အလိုတော်ပါ...

အဲဒီတော့..ဘုရားသခင်..
ကျမက.. အတွေး ထဲမှာ..နှစ်သိမ့် လိုက်ပါတယ်
မောရှေ တောင်.. သူ ဦးဆောင် ခဲ့တဲ့...နို့ နဲ့ ပျားရည် စီးဆင်းတဲ့..နိုင်ငံတော်ကို..
မြင် မသွားရှာဘူး လေ...

ဒါကို..အာမင် လို့ ပြောရမလား
ခဏနေအုံး..ဘုရားသခင်..
အာဗြဟံ ရဲ့ အမေမတူတဲ့...သားနှစ်ယောက် ကြောင့်..
ကမ္ဘာကြီး မငြိမ်းမချမ်း ဖြစ်နေရတာ.. ရော..အလိုတော်လား

ဟော..မြေတွေပြိုတယ်.. နေတွေပူတယ်.. ရေတွေကြီးတယ်..
တံပိုးခရာ မှုတ်သံ တွေ များ ကြားရပြီလား..
ဒီမှာ.. ကျမက.. တွေးလို့ တောင် မဆုံးသေး ....





Share/Bookmark

13 Comments:

ShwunMi- said...

ဆုံးအောင်မတွေးရဲတော့ဘူး..
May God bless your day, မကေ..

MANORHARY said...

ဘုရားဘုရား ..ဖတ်ရင်းနဲ့ကို နောက်ဆုံးသော ကပ်ကာလကြီးကို ရောက်ခါနီးသွားတော့တာပဲ ..
အတွေးတွေကို အဆုံးမသပ်တတ်အောင် ..
လေ့ကျင့်ပျိုးထောင် ထားခဲ့တာ .. ကြာပေါ့ ..

Zephyr said...

တခါတလေလည်း ...
လူယုတ်တွေကို .. မြည်းခေါင်းခွံနဲ့ ရိုက်သတ်မယ့် ရှံဆုန်တွေ ...
မုဆိုးမကို ကူညီမယ့် ဧလိယနဲ့ ....
ခရစ်တော်ထက် ကံကောင်းတဲ့ ဗာနဗ တို့လိုအပ်တယ် ...။

ပေါလုဟာ ခေါင်းဖြတ်သတ်ခံလိုက်ရတာကို အကျေနပ်ဆုံးဖြစ်လိမ့်မယ် ...။
စတီဗင့်ကို သတ်စဉ်အခါက အစောင့်လူငယ်လေးဖြစ်ခဲ့တဲ့ ပေါလုဟာ .. နောက်ဆုံးအချိန်မှာ အကောင်းဆုံးပြုံးသွားနိုင်ခဲ့မယ် .....။

ဘုရားသခင်လည်း ...
ကမ္ဘာလေးတစ်ခုဖန်ဆင်းမိပါတယ် ...
စစ်လျှော်ကြေးပေးနေရသလို လုံးပါးပါးပါးလာတယ် ...။

ဖြစ်လေရာဘ၀၌ ဘုရားသခင် မဖြစ်တော်မူသော ငါလျင်ဖြစ်လို၏ ဆိုတဲ့ဆုတောင်းသံဟာ ဘုရားသခင်ရဲ့ နောက်ဆုံးဆန္ဒဖြစ်လိမ့်မယ် .....။ ။

ခင်မင်စွာဖြင့်
Zephyr

little brook said...

အမရေ ..ဒုတိယအပိုဒ်ကမှားတယ်
ကိုယ့်ကိုယ်ကို နံရိုးတစ်ချောင်းတည်းရှိတယ်ထင်နေတုန်း
ကိုယ့်အရိုးနဲ့ ကိုယ့်ကိုပြန်ထိုးသွားတဲ့သူ .. စိတ်နာတယ်း)
သားနှစ်ယောက်တည်းမှ မဟုတ်ဘူးအမရယ်
သားတစ်ယောကစ်ီဘက်မှာ သာသာထိုးထိုးမြောက်ပင့်နေတဲ့ အုပ်စုတွေ ရှိသေးတယ်ကိုး

Nge Naing said...

မကေလောလောဆယ် အတွေးတွေက သမ္မာကျမ်းစာအုပ်ထဲက အကြောင်းတွေပဲတော့ မဖြစ်နိုင်ဘူးထင်တယ်။

Unknown said...

KKKKKKKKKKK
ဘုရားသခင်..........!

အခုတော့ ........အာမင်၊

ဘုရားတရင်း အတွေးတွေ လွင့်မျော

ဘုရားသခင် ငါဘာတွေ တွေးနေမိပါလိမ့်နော်

အင်း.....အနိစ္စ၊ ဒုက္ခ၊ အနတ္တ.......

မေ့သမီး said...

သိပ်မတွေးချင်ဘူးအမရယ် ဖြစ်နိုင်ရင်။ ဒါပေမယ့် လူတွေဟာ ပါးစပ်နဲ့မပြောရတာတွေကို စိတ်နဲ့ ပြောကြတယ်ဆိုတော့လည်း...။

မမသီရိ said...

တွေးမယ်ဆိုရင်တော့ တွေးလို့ကုန်နိုင်ပါမလား ကေ

ဘာပဲဖြစ်ဖြစ်
ယုံကြည်ရာ ဘုရားသခင်ကိုတော့ စောဒက မတက်ကြေး..
သံသရာယုံကြည်သူတွေကလဲ ကံကြမ္မာ ကိုတော့ လုံးဝ ပုံမအပ်ကြေး.

အဲဒါတွေအသာထား လိုက်အုံး
ကဗျာလေးကတော့ အတွေးတွေဗရပွနဲ့ လှပ လို့

rose of sharon said...

တကယ်တော့နောက်ဆုံးသောကာလရောက်လာမှာစိုးရိမ်မိပါတယ်.... ဘုရားသခင်ဆီကို လက်ချည်းသက်သက်မသွားချင်ဘူး...

Anonymous said...

ကောင်းထှာ

ATN said...

ကဗျာတွေ ရေးပါ... လို့ - ခဏခဏ တိုက်တွန်းဖူးတယ်...
မရေးတတ်ဘူး... လို့လည်း ခဏခဏ ပြောဖူးတယ်...
ဓမ္မဟောင်း+သစ်ကို အတွေး တဆုပ် လုပ်ပစ်လိုက်တာ တကယ့်ကို လှပတဲ့ ကဗျာပါပဲ...
ကဗျာတွေ မရေးတတ်တဲ့ မကေရဲ့ ကဗျာကို
ကွန်မန့်တောင် မပေးတတ်တော့ဘူး...
ဆက်ရေးပါ... များများ...
ကျနော်ကတော့ မရေးတော့ဘူး...

ကိုလူထွေး said...

အဲဒါမရေးတတ်ပဲ ရေးတာတဲ့လား...

ပြောတော့လည်း ယုံရတာပေါ့ ဆရာမ...

းဝ)

ဂျူနို said...

ကဗျာထဲပါတဲ့ ဇာတ်ကောင်တွေဟာ ဘယ်လို လူမျိုးလည်း ဆိုတာ မသိတော့ မကေ အတွေးနောက်ကို လိုက်ဖမ်း ကြည့်လို့ မရဘူး။

ဖမ်းမိတဲ့ တစတလေကို နားလည်သလို ရှိတယ်။ ဆက်စပ် လည်း တွေးချင်သလို တွေးလိုက်တယ်။


မအယ်