မွေးနေ့လက်ဆောင် ကဗျာများ

မွေးနေ့ကို..ဖုံးဖုံးဖိဖိ..မသိကျိုးကျွံ လုပ်ဖို့..မအောင်မြင်ဘူး ဖြစ်သွားပါတယ်။ တကယ်တော့.. ရှေ့လျှောက် မွေးနေ့ တခု ရောက်တိုင်း..ပုခုံးတွန့်..မျက်လုံးပြူးရတော့မဲ့.. အချိန်ဆို ပေမဲ့.. တတ်နိုင်သမျှ..မွေးနေ့တိုင်းကို ၀မ်းမြောက်စွာ ကြိုဆိုပြီးတော့ပဲ..နေချင်ပါတယ်။
-
အခုတော့.. ဒီမွေးနေ့မှာ.. ကဗျာစာအုပ် တအုပ် လက်ဆောင်ရတဲ့ အပြင်..တခြားရတဲ့ ကဗျာတွေ ကိုလည်း.. ဟောဒီမှာ.. မှတ်တမ်း တင်လိုက်ချင် လို့ပါ။ ကိုယ်တိုင် ကဗျာ လူသား မဟုတ်ပေမဲ့လို့.. ပါရမီ ရှင်တွေရဲ့ ကဗျာတွေကို တော့..အင်မတန် တန်ဖိုးထားတတ်သူပါ။ အခု ကဗျာတွေ အားလုံးကတော့..အရွယ် နဲ့ ဘ၀ ကို.. ခပ်ပါးပါးခြင်း လွှာပြထားတဲ့.. နားလည်ခံစားနိုင် သလောက် ကျယ်ဝန်းတဲ့.. ကဗျာလေးတွေပါ။
-
ပထမဆုံးက.. ဒီဘလော့က စာတွေကို..အစဉ်တစိုက်..ဖတ်ရှုပြီး လေးလေးနက်နက် ဝေဖန် ချက် ပေးတတ်တဲ့.. ကဗျာဆရာ..ကိုခင်အောင်အေး ရဲ့ အီးမေးလ် နဲ့ ပို့ပေးတဲ့ လက်ဆောင်ကဗျာပါ။ ကဗျာ အဟောင်းတခု ကို ပေးတယ် ဆိုပေမဲ့.. ကျမ အတွက်တော့..အသစ်တပုဒ် မို့.. ဘ၀တိုင်း အချိန်တိုင်း အတွက်..အကျုံးဝင်တဲ့ ကဗျာလေးမို့.. ကျေးဇူးတင် ကြည်နူး မိပါတယ်။
-

ဆင်ခြေဖုံးအစ (၁၇၊၁၁၊၉၀)

တနေ့ထက်တနေ့ ထူလာတဲ့နှင်းတွေ
တမာ မန်ကျည်းနဲ့ မယ်ဇလီပင်တွေပေါ်မှာ ဖွဲဖွဲလွင့်လွင့်
ရပ်နေသင့်သလား
ဆက်လျှောက်သင့်သေးသလား
အသံဟာ အဖျားဆတ် တုံခါသွားတယ်။

တကိုယ်တော်စွန့်စားခန်းဆန်ဆန်
အဝေးပြေးလမ်းမပေါ်က ခန္ဓာဝန်တစ်ခုလေးလံနေပုံဟာ
အားရပါးရ ရယ်ချလိုက်ဖို့ ခက်လှပေရဲ့။

ဘဝတွေ တပြုံတမကြီး
အနားက ဝှီးကနဲ ဖြတ်ကျော်သွားတော့မှ
အသက်ဝဝရှုဖို့ကို သတိရကာ
ခေါင်းကိုမော့
ရင်ပတ်ကြီးကိုလဲ ကော့ပစ်လိုက်တယ်။

အဲဒီနေ့က
နေလုံးကြီး မြောက်တက်မလာခင်
ကမန်းကတန်း အိမ်ထဲပြန်ဝင်ခဲ့မိ။ ။

(ခင်အောင်အေး)


+++++++++


ဒါလေးက.. အားအင်ပါတဲ့ ကဗျာ လှလှလေးတွေ စပ်လေ့ ရှိတဲ့ ကဗျာဆရာမ “အိန္ဒြာ” က ..မွေးနေ့ပို့စ်မှာ..မှတ်ချက် ပေးသွားတာပါ။ ကဗျာ အဆုံးပိုဒ်လေး ကို ဖတ်ပြီး တုန်သွားတာက လွဲရင်..အရမ်းကို လှတဲ့.. အားရှိတဲ့..ကဗျာလေးမို့..သိပ်ကို ကျေးဇူးတင် ၀မ်းမြောက်ရပါတယ်.. အိန္ဒြာ..ရေ။း)


"" ၃၇လမ်းမ ""
လမ်းတစ်ခု..လျှောက်ခဲ့ ရောက်ခဲ့တယ်...
ပြန်မကြည့်ချင်ဘူး..မျှော်မကြည့်ချင်ဘူး...
လက်ရှိမှာ..ငါဟာ..လျှောက်နေ ရောက်နေတယ်.။
ဘ၀ဆိုတာ..လမ်းပဲ...
၃၇ခုမြောက် မိုင်တိုင်မှာ...
ငါဟာ တစ်ထောက်မှ မနားခဲ့တဲ့ ခရီးသည်...
ပြန်လှည့်မကြည့်တော့ဘူး
မျှော်ငေးမနေတော့ဘူး...
ဟိုးးးရှေ့မှာ...
ငါလျှောက်နေတဲ့ လမ်းမရဲ့ အဆုံးသတ်ဆိုတာက
စောင့်နေတယ်..။
-
ချစ်ခင်လေးစားစွာ-
အိန္ဒြာ

+++++++

ဟောဒါကတော့..၂၀၀၈ မှာ ကဗျာတွေ..တနေ့ ၃- ၄ ပုဒ် စပ်ဖြစ်ခဲ့တဲ့..ငယ်သူငယ်ချင်း ကဗျာဆရာ ငြိမ်းဇေဦး ရဲ့ မနှစ်က..သူ့ဘလော့မှာ စပ်ခဲ့တဲ့.. လက်ဆောင်ပါ။ အခု နှစ်တော့..သူ့ဘလော့လည်း တိတ်ဆိတ်လို့..ဘယ်ရောက်နေပြီလည်း မသိပါဘူး။ အခု နှစ်မှပဲ..တခုတ်တရ မှတ်တမ်းတင် လိုက်ပါတယ်။ ကျေးဇူးပါ..သူငယ်ချင်း


ဇူလိုင်ရဲ့သတို့သမီး

တနှစ်ကြီးပြန်ပြီ ..တနှစ်ကြီးပြန်ပြီ နဲ့
လူ့ဘ၀ရဲ့ စက်ဝိုင်းကြီးထဲ ပိတ်မိနေခဲ့ကြတာပေါ့ မိကေရယ်...။
ဒီစက်ဝိုင်းထဲမှာဘ၀သာ ထူပျစ်လာတယ်
တချို့ လူမဖြစ်ကြသေးဘူးဟေ့...။
ဒီနေ့..ငါ့အိမ်ရှေ့က သစ်တောအုပ်ကအလျင်တွေရှရှနဲ့
သစ်ရွက်တွေ ထရယ်ကြတယ်...
တနေကွယ်တမိုးချုပ် တိုင်း
အိုးပုတ် ချိုးရုပ် ပလုတ်တုတ်နဲ့ အလုပ်ရှုပ်ခဲ့တဲ့
ငယ်ဘ၀ကို ပြန်ရချင်ကြသလားတဲ့ ..
ရယ်တာမှ လှောင်သံနဲ့နော်.............။
ငါကပြောလိုက်တယ်...မိကေ..
နင်သိချင်သိနေမယ်ပေါ့...
ဒါပေမယ့် လျော့တိလျော့ရဲပါ...
“ပြန်ရချင်တာပေါ့....”လို့..
သစ်ပင်တွေ မခို့ တယို့ ယိမ်းလို့
ဗြုန်းဆို လေစိမ်းတွေ တိုက်သွားတယ်ဟာ
ဒီမှာပဲ ... ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ သူငယ်ချင်းလို့
လည်ပင်းဖက်ပြောချင်စိတ်နဲ့ပြန်အိပ်တော့မယ်ကွယ်...
ဟဲ့..ဟဲ့ နေစမ်း ခဏ ပြောရဦးမယ် တကတည်း....
အသည်းတခြမ်းနဲ့ အားလုံးကို ငါလဲ အမြဲလွမ်းတယ် ဆိုတာ....။
-
(ငြိမ်းဇေဦး)
-
ဇရာ နှင့် ဇယားရှုပ်ရသော လူ့ ဖြစ်စဉ်အတွင်းမှ သူငယ်ချင်း ကေသွယ့်  မွေးနေ့ အမှတ်တရ
-
+++++++
-
ဒီပို့စ် တင်ပြီးကာမှ.. better late then never ဆိုပြီး..သူ့ရဲ့ လိုတရ.. ကဗျာ မီးခွက်ကြီးထဲက..ဆွဲထုတ်လာတဲ့..ကဗျာစောင့်နတ်သမီး - မနော် ( မနော်ဟရီ) ရဲ့ လက်ဆောင် နောက်တပုဒ် ကို ထပ်ဖြည့်လိုက်ပါတယ်။
မွေးနေ့များ
ထူးခြားချက်နှင့်သွက်လက်မှတ်သား
ရင်ကြားမပျောက်ကာလထောက်ထား
အားရဖတ်ရှုပြုစုရေးသား
လူများစာရင်းဖြည်းဖြည်းချင်းပေါ့
လျော့လျော့သွားပြီ။

အမြဲတမ်းဟုလန်းဆတ်သစ်လွင်
ရောင်စဉ်ထွန်းပအလှတင့်တယ်၊
တွယ်ငြိတပ်မက်ခွဲမထွက်ရက်၊
နုညက်ရွှင်လန်းတစ်ပွင့်ပန်းလေ
နွမ်းဟောင်းလာပြီ။

ချေးညော်မရှိရှိလည်း သတိ၊
မထားရှိထားစကားသိပ်သည်း
ပြောပြီးတိုင်းမှခဏသွက်လက်၊
မျက်နှာသစ်ကျင့်ထပ်ဆင့်ခါခါဖြစ်လာတတ်ပြီ။

ခေါင်းထဲမှာနှစ်ဘာသာဖြစ်တည်၊
အတွေးဆီတက်အသက်ရှည်ဆဲ၊
ပွဲဦးထွက်တိုင်းအဘက်ဘက်မှ၊
အိပ်မက်တွေရယ်အဓိပ္ပာယ်ရှိ ပိုသိသွားပြီ။
သည်လိုနှင့်ဘ၀ရဲ့စင်မြင့်မှာ
အဆင်သင့်ပြုလုပ်အချိုးကျစက်ရုပ်များလို
ဟိုသည်လက်ဆွဲနှုတ်ဆက်ကျေးဇူး
ညှိတက်လျက်
မပျက်မကွက်မွေးနေ့များ။ ။
-
မောရူးဆိုး
ကေ့အတွက် ...


Share/Bookmark

9 Comments:

mirror said...

အားပါးပါး ...မိုက်လိုက်တာ ကဗျာတွေက၊
ရှယ်တွေချည်းပဲ..။
သေချာကျကျနနဖတ်သွားပါတယ်။

ပြီးတော့ အစ်မကိုလဲ မနာလိုလိုက်တာ.. :D

MANORHARY said...

မွေးနေ့ ကဗျာများပေါ့နော်...ပျော်စရာကြီး
မွေးနေ့များ.....

ထူးခြားချက်နှင့်
သွက်လက်မှတ်သား
ရင်ကြားမပျောက်
ကာလထောက်ထား
အားရဖတ်ရှု
ပြုစုရေးသား လူများစာရင်း
ဖြည်းဖြည်းချင်းပေါ့
လျော့လျော့သွားပြီ။

အမြဲတမ်းဟု
လန်းဆတ်သစ်လွင်
ရောင်စဉ်ထွန်းပ
အလှတင့်တယ်၊ တွယ်ငြိတပ်မက်
ခွဲမထွက်ရက်၊ နုညက်ရွှင်လန်း
တစ်ပွင့်ပန်းလေ
နွမ်းဟောင်းလာပြီ။

ချေးညော်မရှိ
ရှိလည်း သတိ၊ မထားရှိထား
စကားသိပ်သည်း ပြောပြီးတိုင်းမှ
ခဏသွက်လက်၊ မျက်နှာသစ်ကျင့်
ထပ်ဆင့်ခါခါ
ဖြစ်လာတတ်ပြီ။

ခေါင်းထဲမှာနှစ်
ဘာသာဖြစ်တည်၊ အတွေးဆီတက်
အသက်ရှည်ဆဲ၊ ပွဲဦးထွက်တိုင်း
အဘက်ဘက်မှ၊ အိပ်မက်တွေရယ်
အဓိပ္ပာယ်ရှိ
ပိုသိသွားပြီ။

သည်လိုနှင့်
ဘ၀ရဲ့စင်မြင့်မှာ အဆင်သင့်ပြုလုပ်
အချိုးကျစက်ရုပ်များလို
ဟိုသည်လက်ဆွဲနှုတ်ဆက်
ကျေးဇူးညှိတက်လျက်
မပျက်မကွက်မွေးနေ့များ။ ။

မောရူးဆိုး

ကေ့အတွက် ...
Better late than never ဆိုလို့

Anonymous said...

အကောင်းစားကဗျာတွေပါ...။


SDL

မမသီရိ said...

ကေ
ကဗျာလေးတွေ လှ လိုက်တာ
အသက် လဲ သိသွား ပြီ.. :P

ATN said...

သေချာပြီ...
သည်နှစ်ကစပြီး မွေးနေ့တွေကို မသိချင်ယောင်ဆောင်လို့ ဘယ်တော့မှ ရတော့မှာ မဟုတ်ဘူး... ငါ့ညီမ...း)

rose of sharon said...

ကဗျာလေးတွေကဖတ်လို့ကောင်းလိုက်တာ

tin min htet said...

ကဗျာလက်ဆောင်တွေရထားတာကိုး ..

မတောင်းတဲ့ဆုရော
တောင်းတဲ့ဆုပါ အကုန်ပြည့်ပါစေ ..

Lwin Moe said...

>>> မွေးနေ့ကို..ဖုံးဖုံးဖိဖိ..မသိကျိုးကျွံ လုပ်ဖို့..မအောင်မြင်ဘူး ဖြစ်သွားပါတယ်။

Now, the whole world knows your birthday :)

အင်ကြင်းသန့် said...

ကဲကဲ....မကေရေ
နောက်ဆို မွေးနေ့ကို ဖုံးဖုံးဖိဖိလုပ်ဖို့ မကြိုးစားနဲ့တော့နော် မုန့်ကျွေးရမယ် ဒါပဲ
:)

ခင်တဲ့
ညီမလေး
အင်ကြင်း