Esperance Beach

The best and the most beautiful things in this world cannot be seen or even touched, they must be felt with the heart.

ငယ်ငယ်က အိမ်မှာ ကပ်ထားတဲ့ စက္ကူ ပိုစတာလေးတခုမှာ..လှိုင်းခေါင်းဖြူ တွေနဲ့ ပင်လယ်ပြာပြာကြီးကို ကျောပေးရပ်နေတဲ့.. လူကလေး တယောက်..ပြီးတော့..အဲဒီ ..စာတမ်းလေး။

အခုတော့..ကမ္ဘာ့အလှဆုံး နဲ့ အကောင်းဆုံး မဟုတ်တောင်..သြစတြေလျ တိုက်မှာ..အလှဆုံး ဆိုတဲ့.. ကမ်းခြေ ဒေသ ကို လူကိုယ်တိုင် ရောက်ခဲ့ဖူးပြီ။ သဲဖြူဖြူ တွေပေါ်မှာ ခြေစုံ ရပ်ပြီး.. အပြာဖျော့ရောင် လှိုင်းနူနုလေးတွေ ကြားထဲ မထိတထိ တိုးဝင်ကြည့် ရင်း နှလုံးသား နဲ့ကို ခံစားခဲ့ရပြီ။ သိပ်ကို လှတဲ့.. Esperance ပါပဲ။

အင်မတန်လှတဲ့..မြင့်လဲမြင့်တဲ့.. ကျောက်ထွတ် တခု ပေါ်က..ဗျူးပွိုင့်တခု မှာတော့ ၁၈ ရာစုလောက်က..ပြင်သစ် သဘောင်္ကြီး ၂စင်း ရောက်လာ တွေ့ရှိခဲ့တယ်လို့.. ထွင်းထု ထားတာ တွေ့ရတယ်..။ အဲဒါကြောင့်လဲ.. ပြင်သစ်နံမယ် တွင်ပုံ ရပါတယ်။ အနီးအပါး.. တောင်တွေ.. ကျွန်းတွေ..ကမ်းခြေ တွေလဲ..ပြင်သစ် ဆန်ဆန် အမည် တွေ နဲ့ ချည်းပဲ။

ကုန်းတွင်းကျတဲ့..မြေနီမြို့လေး နဲ့ ၅ နာရီလောက် မောင်းရတဲ့.. ဒီအနီးဆုံး ကမ်းခြေ ကို သွားချင် ..ရောက်ချင်နေခဲ့တာ ကြာပြီ။ ဒီနှစ်တော့..သူတို့ ဌါနက..လူတွေ စုပြီး အပျော်ခရီးထွက်မယ်..မိသားစု တွေပါ..တည်းခ ခိုခ စရိတ်ငြိမ်း ဆိုတော့.. ဘယ်ငြင်းတော့မလဲ။ ခရစ်စမတ် ပိတ်ရက်ကလဲ..နီးပြီ.. ရာသီဥတုကလဲ..ပွင့်လင်းတောက်ပ တဲ့ နွေရာသီ ဆိုတော့.. လူတွေ ခရီးသွားတဲ့ အချိန်လေ ။ ဒီက လူတွေက.. နဲနဲအားတာနဲ့.. တနေရာကို ကားမောင်းထွက်ကြတာပဲ။ Driving , camping, fishing, surfing ။ အဲဒီ ၄ မျိုးကို တရားဘာဝနာ ရှာမီးသလို.. စွဲစွဲမြဲမြဲ..နှစ်နှစ်ခြိုက်ခြိုက် လုပ်ကြတဲ့.. သူတွေပါ။ တချို့ဆို.. Caravan လို့ခေါ်တဲ့..ကားနောက်တွဲအိမ် တွေနဲ့..တနှစ်ပတ်လုံး.. လမ်းပေါ်မှာ မောင်းနေ..သွားနေကြတာ။ မြို့တိုင်း နယ်တိုင်းမှာလဲ.. အဲဒီလူတွေ စတည်းချဖို့.. Caravan Park ဆိုတာ မရှိမဖြစ် ထားရတယ်။ များသော အားဖြင့်တော့..သက်ကြီးပိုင်း အရွယ် အတွဲတွေပေါ့။ တခါ တွေ့ဖူးတဲ့..တောသား အဘိုးကြီး အဘွားကြီး လင်မယားဆို.. အိမ်တောင်မရှိဘူးတဲ့..ရောင်းလိုက်ပြီတဲ့.. အဲဒီလို Caravan နဲ့..အနီးအနား လျှောက်သွားပြီး..ရွှေအပျော်ရှာတယ်တဲ့.. မြို့ထဲလာရင်..သူတို့သမီးခြံထဲ.. ကားထိုးပြီး တည်းတယ်တဲ့ လေ။ သူ့အရပ် နဲ့..သူ့ဇတ်တော့.. ဟုတ်နေကြတာပဲ..။ သူတို့ကြည့်ရတာ.. လွတ်လပ်နေတာပဲ။ အိုစာ မင်းစာ လဲ.. တိုင်းပြည်က..စီမံပေးတော့.. နာတောင်မနာရဲ..သေဖို့တောင်တွေးမရ ဖြစ်နေတဲ့.. ကိုယ့်တိုင်းပြည်က.. လူကြီးတွေကို.. သတိရတယ်။ အင်းလေ..ကိုယ့်မိဘ..ဘိုးဘွားတွေလဲ..အဲဒီလိုသာ နေရရင်.. အထီးကျန်ပါတယ် ပြစ်ထားပါတယ်.. ဆိုပြီး.. အော်ငိုကြမှာ..။ သူ့ဓလေ့ နဲ့သူကိုး။

တလမ်းလုံး.. Caravan တွေ တစီးပြီး တစီး ကျော်တက်လာခဲ့တယ်။ ၂ နာရီ ခွဲလောက်မောင်းတော့.. Norsemen ဆိုတဲ့..မြို့လေး တခုမှာ.. ခဏ ရပ်..ဆီဖြည့်.. အညောင်းဖြေ..ပေါ့။ မနက်..အိမ်က ထွက်လာခါနီး..ထိုးလာတဲ့..ဆီထမင်း နဲ့ ကြက်သားကြော် စားပြီး.. ကော်ဖီလေး ဘာလေး သောက်။ မြို့အ၀င်မှာ.. လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ လောက်က..ဒီနေရာမှာ.. သားအဖ ၂ယောက်..ကောက်တွေ့ခဲ့တဲ့..လင်းယုန်ငှက် တကောင် အရွယ်..ပုံသဏ္ဌန် သဘာဝ ရွှေတုံး ရွှေချပ် ကြီး ( Gold nugget) ကြီးကို..မူလအရွယ်အတိုင်းလုပ်ပြီး...ပြထားတယ်။ ဒီလို မြစ်မရှိ ချောင်းမရှိ..ကုန်းခေါင် ခေါင်က မြို့တွေ ရွာတွေကတော့.. ရွှေရှာရင်း..ရောက်လာတဲ့..လူတွေပဲ နေကြတာများတယ်လေ။ တချို့ မြို့လေးတွေဆို.. လူအားနဲ့ ရှာလို့ရတဲ့.. primary deposit တွေ မတွေ့တော့လို့ .. လူတွေ စွန့်ခွာသွားရင်..မြို့ပျက်လေးတွေ ( ဒီမှာတော့..Ghost town လို့ခေါ်တယ်..) ဖြစ်ကျန်ခဲ့ရော..။ ဗမာပြည်မှာတော့..အဝေးပြေးလမ်းမကြီး တွေ တလျှောက်..ရွာစဉ်တွေ မပြတ်လှ ..လူတွေ..စပါးခင်းတွေ..ကျွဲတွေ..နွားတွေ.. ။ လမ်ပေါ်တောင် တက်တက်လာတတ်သေး။ ဒီမှာတော့.. လူနေကျဲလှသမို့.. တလမ်းလုံး..ကားတွေကလွဲလို့..ဘာဆို ဘာမှ မမြင်ရ။ နဲနဲ စိမ်းစိုတဲ့ နေရာလေး တွေ ဆို.. ဂျုံခင်းလေးတွေနဲ့.. လေရဟတ်ကလေးတွေ.. တောအိမ်ကလေးတွေ..ကျို့တို့ကျဲတဲ။ တဖြည်းဖြည်း..ပင်လယ်ဖက် နီးနီးလာတော့.. သစ်ပင် တောတောင်တွေ ပြောင်းလာတယ်။ စိမ်းစိမ်းစိုစို..ပင်လယ်ကဗွီးတွေ တောင်.. တချက်တချက်.. မြင်စပြုပြီ။

ညနေစောင်းလောက်မှာ..မြို့ထဲ ၀င်လာတယ်။ ခပ်သေးသေး ခရီးသွား လုပ်ငန်း မြို့ကလေးပါပဲ။ လူနေအိမ်ထက်..တည်းခိုခန်းတွေကတောင်..ပိုများမလားပဲ။ တမြို့လုံးကလဲ..ပင်စင်စား..အခြေချတွေပဲ နေကြတာဆိုတော့.. စီးပွားရေးလဲ..ဒီလောက်..စည်စည်ကားကားမရှိလှဘူး။ ကိုယ့်အစီအစဉ် နဲ့ကိုယ် မောင်းလာကြတဲ့.. သူတို့ အုပ်စု တွေ..ညဖက် ကျတော့မှ..လူစုံ..။ စကားလေး ဘာလေး ပြော.. စားကြ သောက်ကြ နဲ့.. မနက်ဖန်မှ.. အနားက.. ကျွှန်းလေးတခုကို.. သဘောင်္ နဲ့ ကူးကြမယ်။

မနက်ကျတော့.. Jetty မှာ..လူစု ပြီး..သဘောင်္ ပေါ်တက်ကြ။ ဆိပ်ကမ်းမှာ..ကပ်ထားတဲ့.. China Peace ဆိုတဲ့.. ခဲ (lead) တွေ လာတင်တဲ့.. သဘောင်္ကြီးကို..အနီးကပ် မြင်ရတယ်။ ဟိုးဖက်..ပင်လယ်ဝ ထဲမှာလဲ..တရုတ်သဘောင်္ကြီးတွေ.. ၂ စီးလောက်..တန်းစီစောင့်နေ သေးတယ်။ တရုတ်ပြည်ကတော့..သြစီက..ထွက်သမျှ.. တွင်းထွက်ကုန်ကြမ်း တွေကို.. လှိမ့်ဝယ် နေ တော့တာပဲ။ ယူရေနီယံ တောင်.. သြစီဖက်က..မရောင်းရဲသေးလို့..တရားဝင် မကြားရသေးဘူး။ သြစ်ီကလဲ..ဘာမှကို လုပ်စရာမလိုဘူး.. တိုက်ကြီးတတိုက်စာ.. ရွှေတွေ..သံတွေ..ခဲတွေ.. ကြေးနီတွေ..ယူရေနီယံတွေ..အပြည့်။ သန့်စင်စက်ရုံ တောင် ဆောက်စရာမလို.. ဒီအတိုင်း..ချရောင်းယုံ နဲ့.. ဗိုက်ကို တင်းနေတာပဲ။

ကဲ- လာစမ်း..။ ၃ထပ် သဘောင်္ ရဲ့ အပေါ်ဆုံး ခေါင်မိုးမှာ နေရာယူပြီး.. ကောင်းကင်..ပင်လယ်နဲ့..လေထု ကြီးကို..အတားအဆီးမဲ့.. ခံစားပြစ်လိုက်တယ်။ သဘောင်္ဦး ပိုင်းမှာ ကိုယ်ကို ကပ်ထိပြီး. တိုက်တန်းနစ်ထဲက..မင်းသမီးလိုတောင်..လက် ၂ဖက် ဖြန့်လိုက်သေးတယ်..။ အား..မရဘူး..လေတွေ အလုံးလိုက် အရင်းလိုက်.. နှာခေါင်းထဲ ၀င်လာတာ..အသက်ရူလို့တောင်မရတော့ဘူး။ သဘောင်္က... အဲဒီ နားက..ကျွန်းစု လေးတွေကို..တခုချင်းစီ..အနားကပ် ပြီး မောင်းပြ... အသံချဲ့စက် နဲ့လဲ..ရှင်းပြပေးသေးတယ်။ ဟို- ပုံထဲက..သိမ်းငှက် ကြီးဆို.. သူတို့က.. နံမယ်တောင် ပေးထားသေးတာ..။ အဲနားက..ကျွန်းလေးတကျွန်းက..ကျောက်ဂူကြီးထဲမှာ နေတာလေ..။ သဘောင်္ကြီး လာတာနဲ့..သူက..ပျံတက်လာတာပဲ။ နောက်..ဟို ကျောက်စွန်း ၂ ခုပေါ်က.. ပင်လယ်ဖျံလေးတွေ.. ။ ကျောက်ဖျာ ကြီးတွေ ပေါ်မှာ.. နေပူစာလှုံနေကြတာများ.. ဘယ်လို- လူ့စည်းစိမ် မှ တောင်..လိုက်မှီမှာ မဟုတ်ဘူး။

အဲဒီလိုနဲ့ .. ပတ်ဝန်းကျင် ရှုခင်းတွေ..တောင်တွေ..ကျွန်းတွေ..ရေထဲက.. ဖျံတွေ.. လင်းပိုင်တွေ.. ကောင်းကင်ပေါ်က..ငှက်တွေ..ဖြည်းဖြည်းချင်း ပြရင်း သွားမဲ့ ကျွန်းကို ရောက်လာတယ်။ ခရီးသည်တွေ ခဏနား စရာ ကော်ဖီဆိုင်လေး တခုကလွဲရင်.. ဘာမှ တော့..ထွေထွေထူးထူး မရှိပါဘူး။ ဘာမှလဲ ထွေထူးစရာမလိုလေ..။ သဘာဝ ကို..သဘာဝ အတိုင်းပဲ..ခင်းကျင်းပေးထားတာ။ အတွန့်တွေ..အတက်တွေ.. အလက်တွေ အပြောင်တွေ.. မလုပ်တာတောင် ကျေးဇူးတင်ရ ဦးမယ်။ Camping လုပ်တဲ့..နေရာလေး တခုတော့ ရှိတယ်။ ဒါပဲ..။ ဘာဆို ဘာမှ မရှိ။ လမ်းပြမလေး နဲ့အတူ မနိမ့်မမြင့်..တောင်ပူစာလေးကို တက်ရင်း..ပင်လယ် ကို မြင်ကွင်းတမျိုး နဲ့ ကြည့်။ ဘယ်လို ကြည့်ကြည့်..လှနေတော့တာပဲ။

အပြန်ကျတော့.. တောက်လျှောက်..အမြန်ပဲ မောင်းပြီး..ပြန်လာတာမို့.. တမျိုး ခံစားလို့ကောင်းပြန်တယ်။ အပေါ်ထပ်ကို မတတ်နဲ့တော့လေ ..အလာတုန်းကလဲ စီးပြီးပြီ.. အထဲမှာ ထိုင်မယ် ဆိုတာကို.. ဆန့်ကျင်ပြီး.. ဒုတိယထပ် ပဲ့ပိုင်းမှာ.. ဂျာကင်ကို ဇစ်အပြည့် ဆွဲပြီး..လေတ၀ူးဝူးကြားထဲ..တယောက်ထဲ..သွားငေးသေးတယ်။ အဲလို..တယောက်ထဲ ငေးချင်တဲ့..အကျင့်ကလဲ..ခုထိ မပျောက်သေးဘူး။ အဲဒီမှာပဲ..မိုးကုပ်စက်ဝိုင်းကြီး အကြောင်း တွေးမိတော့တာပဲ။

ညနေဖက်ကျတော့..မြို့ထဲ တပတ် ပတ်ရင်း.. ပင်လယ်စာ စားသောက်ဆိုင် တခုမှာ..အဖွဲ့လိုက် ညစာ စားကြတယ်။ ခြေကျင် ပတ်တာဆိုတော့..မြို့လယ်ခေါင် သေးသေးလေးမှာ..တရုတ်သဘောင်္ကြီးက..ဆင်းလည်တဲ့..တရုတ်သဘောင်္သား..လယ်သမားရုပ်ကလေးတွေ..အုပ်လိုက်ကြီး တွေ့လိုက်တယ်။ ဒီညမှာတော့ ကိုယ်တို့ အုပ်စု ခရီးစဉ်ကလဲ.. ဒင်နာ နဲ့အတူ အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။

နက်ဖန်ကတော့.. ၂ယောက်သား..ကိုယ်ပိုင်..အစီအစဉ်နဲ့ လည်မည်။

နောက်တနေ့ မနက်စာ စားသောက်ပြီးတော့.. sun screen တွေ..အပြတ်လိမ်း.. ဦးထုပ်..မျက်မှန်တွေနဲ့..အပီ လျှောက်ပတ်တော့မယ်။ မြို့တိုင်းမှာ` i ´ ဆိုတဲ့ အမှတ်အသားလေး တွေ ရှိတယ်။ အဲဒီမှာ Information တောင်း..ဘယ်တွေကို ဘယ်လိုလည်ရင် ကောင်းသလဲ..ဘယ်လောက်ကြာအောင်သွားရလဲ...အဲလိုမေးသွားကြတာပေါ့..။

မြို့ထဲက..ထွက်ပြီး..နဲနဲလေး..မောင်းလိုက်ရင်..ကမ်းခြေ တလျှောက် ပတ်ဖောက်ထားတဲ့..တောင်ပတ်လမ်းလေး။

အဲဒီ တောင်ပတ်လမ်း တလျှောက်.. view point နေရာလေး တွေ.. နံမယ်လေးတွေ တခုစီ နဲ့.. ၇ ခုလောက်ရှိမယ် ထင်တယ်။ Twilight beach, Isle beach စသဖြင့် ပေါ့။ Twilight beach ကတော့..ကျောင်ဆောင်တွေ..သဘာဝ အတိုင်း ၀ိုင်းထားလို့..လှိုင်းသာတဲ့ အတွက်ကြောင့်..လူတွေ..ရေကစား ကြတဲ့..အလှဆုံးနဲ့..အစည်ဆုံး..နေရာလေးပေါ့။ ကိုယ်လဲ..၀တ်လာတဲ့..ဂျင်းဘောင်းဘီကို ဒူးစစ် အထိ ခေါက်တင်ပြီး..ခဏတော့..ရေထဲ ဆင်းကြည့်လိုက်သေးတယ်။ ကောင်းလိုက်တာ..။ သောင်ဖြူဖြူပေါ်မှာ..လူဖြူဖြူတွေ..ဟိုဒီ စည်ကားလို့..။ မိသားစု တချို့ရယ်..လူကြီးလူလတ် အတွဲ စုံတွေရယ်..။ မိသားစု ဆိုရင်လဲ..ကလေး ငယ်နဲ့မိသားစုလောက်ပဲ။ ကလေးတွေက..၁၆ - ၁၇ ဆိုရင်..သူတို့အုပ်စု နဲ့သူတို့..လည်ကြပြီ..ပတ်ကြပြီ။ ကလေးပေါက်စလေးတွေဆိုလဲ.. ၁နှစ်လောက်ဆို..ရေထဲ ချတာပဲ။ ကြည့်ပါအုံး..ခုမှ လမ်းလျှောက်တက်ယုံလေး..။



ဒီမြို့လေးမှာ..ထူးခြားတာက.. ကမ်းခြေ နဲ့ပင်လယ် သက်သက် မဟုတ်ပဲ.. ပင်လယ်ထဲက ထိုးထွက်နေတဲ့..ပုံသဏ္ဌန် အဆန်းဆန်း နဲ့ ကျောက်တောင်တွေ.. ။ နောက်ပြီး- သဲသောင်က..ကြားထဲက..ဆက်သွယ် ကြားခံ ပေးစရာမလိုပါပဲနဲ့..တိုက်ရိုက် ထိစပ် နီးကပ်နေကြတဲ့.. ကျောက်ဆောင်မြင့်ကြီးတွေနဲ့..ပင်လယ်ပြာကြီး။ ကျောက်ဆောင်ကြီးတွေက.. ခပ်တည်တည် နဲ့ ငုံ့မိုးကြည့်လို့။ ပင်လယ်ကတော့..အပြာရောင် တွေ အမျိုးမျိုး ပြောင်းဝတ်လိုက်..ဝေးသွားလိုက်..နီးလာလိုက်.. ပုတ်လိုက် ခတ်လိုက် တို့လိုက်..ထိလိုက် နဲ့..မာယာတွေ များနေလိုက်တာ။

ဟော- ကြည့်။ ရူခင်းကြည့်တာတောင်..ကောင်းကောင်းမကြည့်ဘူး။ စာလိုလို..ကဗျာလိုလို က..ပါလာပြန်ပါပြီ။

၂ ယောက်သား ပွိုင့်တခုစီရောက်တိုင်း..တက်လိုက် ဆင်းလိုက်..ကင်မရာ တယောက်တလုံး နဲ့..ပုံတွေ ရိုက်လိုက်..။ ရူခင်းတွေက..လှလွန်းလို့.. - အားးးးး- လို့ပဲ အော်နိုင်တော့တယ်..ဘာမှကို မပြောနိုင်ကြဘူး။ ဆန်းတာက.. နေရာတခု နဲ့ တခု..ပင်လယ်ပြာပုံ မတူကြဘူး။ တွေ့တဲ့အတိုင်း..တချို့နေရာက.. အပြာနု ရင့် ၂ခု အတန်းလိုက်ကြီး..ကွဲနေတာ..ထင်းလို့။ တချို့နေရာကျ- လွင်တောက်နေတဲ့..အပြာထဲမှာ.. နက်ရှိုင်းတဲ့..အပြာကွက်လေးတွေ..ဟိုတစ..ဒီတစ.. ။

စိမ်းပြာပြာ ဖြစ်နေတဲ့..နေရာကလည်း..တမျိုး။ တကယ်ကတော့..ဖြူဖွေးလွန်းတဲ့..သဲအခံရယ်..ထိစပ်နေတဲ့.. ကျောက်လွှာတွေရယ်.. ချက်ချင်းလို ..နက်ရှိုင်းသွားတတ်တဲ့.. ပင်လယ်ကြီးရယ်ကို လိုက်ပြီး..ပင်လယ်က..အရောင်ပြောင်းနေတာ ။ ကျောက်လွှာမှာတောင်.. ထူးထူးခြားခြား.. မီးသင့်ကျောက် ( Granite) နဲ့ သဲကျောက် ( Sandstone) တွေ..ရောယှက် ထိစပ်နေတာတဲ့။ ကွင်းဆင်းပြီး.. နမူနာခဲတွေ ယူကြည့်တာ မဟုတ်ဘူးနော်။ စာထဲမှာ ရေးထားတာ။ ၂ယောက်စလုံး..ကျောက်ခဲ တွေ ဆိုတော့..Granite တွေ Sedimentary တွေ contact တွေ joint တွေ bedding တွေ foliation တွေ.. လျှောက်အာရတာ... ငယ်သူငယ်ချင်းတွေ ပြန်တွေ့နေရသလိုပဲ။ ကိုယ်ကတော့..ကျောက်တွေ မြင်ရင်..ချစ်တယ်။ ကျောက်လွှာတွေနဲ့..တွန့်ခေါက်မူ..လွှာထပ်မူ ပုံစံတွေကို ကြည့်ရတာ.. ကြီးမြတ်ဆန်းကျယ်မူ တခု ကို..ခံစားရသလိုပဲ.. ။ ပြောမပြတတ်ဘူး။ ရင်ထဲမှာ ပြည့်သွားတာပဲ သိတယ်။

ဟိုတယောက်ကို လှမ်းကြည့်တော့..ဘာတွေ တွေးနေလဲ မသိ။ ခရီးသွားရင်း..လမ်းဘေးက နွားတွေမြင်တော့..ရွာကိုသတိရတယ်ဗျာလို့..ပြောတဲ့..သူငယ်ချင်းတယောက်ကို...အေးဗျ- ဟုတ်တယ်..အမဲအူသုတ်မစားရတာတောင်..တော်တော်ကြာပြီ.. ဆိုတဲ့.. လူကတော့.. ကျောက်တွေကြည့်ပြီး.. ဘာစားချင်နေမလဲ မသိ။

တိုက်တိုက်ဆိုင်ဆိုင်..ပွိုင့်တခုမှာ..ရပ်တော့.. မင်္ဂလာဆောင်နဲ့..တန်းတိုးနေပါလား။ ဒီက..မင်္ဂလာဆောင်တွေက.. သင်းအုပ်ဆရာမလို.. ဘိသိတ်ဆရာမလို..အခမ်းအနားမလို..။ ပန်းခြံတွေ..ကမ်းခြေတွေမှာ..လာလုပ်ကြပြီး..စားသောက်ဆိုင်တခုခု မှာ ကျွေးလိုက်ယုံပဲ။ ခုလည်း ကြည့်ပါအုံး။ စားပွဲတလုံးနဲ့ ခုံတလုံးရယ်..ပရိသတ်က.. ၁၀ ယောက်။ လွယ်သလား..ရှင်းသလား မမေးနဲ့။ အေးပေါ့..ဘယ်နှယ်ခါ မြောက် ဆောင်တာမှန်းမှ မသိတာ။ ခုတောင်..သတို့သားလူကြီးက..ကလေးလေး တယောက်..ပုခုံးပေါ်ထမ်းပြီး..လက်စွပ်လဲနေတယ်။ သူ့ကလေးလား.. သတို့သမီး ကလေးလား...သူတို့ ၂ယောက် လက်မထပ်ခင် မွေးထားတဲ့ ကလေးလား..မသိနိုင်။




ကမ်းရိုးတန်း တောင်ပတ်လမ်း တလျှောက်မောင်းရင်း..တဖက်က..ပင်လယ်ကို ကြည့်လိုက်.. တဖက်က..အဖိုးတန် အိမ်တွေကို ငမ်းလိုက်..နဲ့..တပတ်ပြည့်သွားတော့.. မြို့ကနေ.. ကီလိုမီတာ ၅၀ လောက် ထွက်မောင်းရတဲ့.. Cape Le Grand ဆိုတဲ့..နေရာကို သွားကြတယ်။

သြစီ တိုက်ကြီးက.. very vast and flat လို့..သူတို့ပြောတဲ့အတိုင်းပဲ။ ကားရှေ့က..မြင်ကွင်းကြီးက...ပြန့်ပြူးနေတာ..ဘယ်လိုကြီးမှန်းတောင် မသိဘူး။ ကမ္ဘာ့ သက်တမ်း အရင့်ဆုံး..ကျောက်လွှာ မြေသား ကြီးတွေ ဆိုတော့.. စိမ်းစိမ်း စိုစို ထူထူထဲထဲ သစ်ပင်တွေ မရှိ .. ညိုမောင်းမောင်း ခြုံပင်တွေက.. နီစွေးစွေး မြေပြင်ကြီးနဲ့..ရောယှက်လို့။ ဖြောင့်တန်းနေတဲ့.. လမ်းကြီးကို ကြည့်နေရင်း..ရှေ့က..ဆီးနေတဲ့ အပြာထုကြီးက....ပင်လယ်ကြီးလား.. ကောင်းကင်ကြီးလားတောင်..တခါတခါ မသဲကွဲ။

ရောက်သွားတော့လဲ.. အရင်နေရာတွေလိုပဲ.. ကားနဲနဲ .. လူနဲနဲ ပဲတွေ့တယ်..။ ဧည့်ကြို မရှိ..စားသောက်ဆိုင် မရှိ။ လူသံ ဆူသံမကြားရ။ ဘဘာဝ ဆိုမှ..ဘဘာဝ စစ်စစ်ကြီးကိုပဲ.. မိုးကုပ်စက်ဝိုင်း တဆုံးစာ မြင်ရတယ်။ Camp လာထိုးနေတဲ့.. တဲတချို့..ကားတချို့..လူကြီးတချို့.. ခပ်ဆိတ်ဆိတ်..ပြုံးပြရင်း..အနားက.. Le Grand ဆိုတဲ့..ကျောက် အငူကြီးပေါ်ကို တက်သွားကြတယ်။ ကိုယ်တို့ ၂ ယောက်လဲ..လိုက်တက်ကြည့်တယ်။ ဒဏ္ဌာရီ တွေထဲက..ကျောက်ဖြာကြီးတွေ ပေါ်မှာ အိပ်တဲ့..ဘီလူးမကြီးတွေ ဆိုတာတောင်..ပြန်သတိရမိတယ်။ တောင်တွေ အားလုံးကလဲ..မြေသားတောင်မဟုတ်..ကျောက်သား ကျောက်ဆိုင်..တကယ့် မယိမ်းမယိုင်ကြီးတွေ။

အငူပေါ်က..မြင်ရတဲ့.. အိန္ဒိယ သမုဒ္ဒရာ ကြီးကတော့.. ဖြူ-ပြာ-ရင့် အရောင် ၃ ခု အတန်းလိုက်ကြီး ဖြစ်နေတာ.. ရေထုကြီးလို့တောင် မထင်ရတော့ဘူး။ မြင်ကွင်းတွေက..ကျယ်လွန်းတော့လည်း..မျက်လုံးတွေ.. လည်ကုန်ပြီ။ သဘာဝ တရားကြီး ရဲ့အလှအပကိုသာ.. မှင်သက် နေမိတော့တယ်။ ( ပုံထဲက..သဲသောင်ပေါ်က..အမဲလေးက.. 4WD ကားတစီးပါ)

+++++

ပြန်တဲ့နေ့က.. တနင်္ဂနွေ ဆိုတော့.. မြို့လေးက..ဈေးနေ့လေးနဲ့ ကြုံလိုက်သေးတယ်။ တိမ်ပြာပြာ ဆန်းဒေး နေ့တနေ့မှာ.. မြို့သူမြို့သားတွေရော..ခရီးသွားတွေရော.. ရိုးရိုးရှင်းရှင်း..လွတ်လွတ်လပ်လပ်.. ။




ယုန်ကလေးတွေ.. ကြက်ကလေးတွေ..ဘဲကလေးတွေ ချရောင်းနေတဲ့..ဂျင်းဘောင်းဘီ..မုတ်ဆိတ်ရှည် နဲ့..တောသားကြီး တယောက်နားမှာ..ကလေးတွေ..၀ိုင်းလို့။ အဘွားကြီးတွေက..နှုတ်ခမ်းနီ ရဲရဲလေးတွေ ဆိုးလို့..လည်စည်းလေးတွေ..ပတ်ပြီး.. ဈေးကလေး ဘေးက..ကော်ဖီဆိုင်မှာ.. ထိုင်နေကြတယ်။ အနားက..သွပ်မိုး..ပျဉ်ထောင် ဘုရားကျောင်း သေးသေးလေးထဲက..၈ီတသံ တချို့ ပျံ့လွင့်လို့။ အိမ်ဖုတ် ခရစ်စမတ်ကိတ် ရောင်းတဲ့ ဆိုင်လေးတွေ...လက်မူ ပစ္စည်းဆိုင်လေးတွေ.. ဒေသထွက် ခရုခွံတွေ.. ဟော- ခြံထွက်..ကြက်သွန်မိတ် တွေ တောင်..လတ်လတ် ဆတ်ဆတ်။



သြစီ ထွက် ကျေက်မျက် တွင်းထွက် တခု ဖြစ်တဲ့..Opal ဆွဲကြိုးလေးတွေ ရောင်းတဲ့ ဆိုင်ကို မြင်တော့.. အရမ်းပျော်သွားတယ်။

ဖန်စီ ဆွဲကြိုးတွေ ကြိုက်တဲ့..ကိုယ်က Opal တခု ထပ်ဝယ်ပေးဖို့..ပူဆာလိုက်တယ်။ ရွေးတယ်ဟေ့..မပြီးနိုင် မစီးနိုင်..။ Opal ဆိုတာက.. ကျောက်သားအခံပေါ်မှာ.. စီလီကာလေးတွေ.. အရောင်အမျိုးမျိုး..အဆင်အမျိုးမျိုး..သက်တန့်ကျ နေတာဆိုတော့..တခုနဲ့တခု ဘယ်လိုမှ မတူဘူး..သိပ်လှတာ။ ဈေးသိပ်မကြီးတာလေးပဲ..ရွေးလိုက်ပါတယ်။ ကိုယ်လို ဖန်စီတွေ ကြိုက်တဲ့..မိတေဖိုး အတွက်လဲ.. တခု ထပ်ဝယ်ခဲ့သေးတယ်။ ရောင်းတဲ့..အဘိုးကြီး အဘွားကြီး လင်မယားက.. သူတို့ကိုယ်တိုင်.. Opal မိုင်းတွေနား လျှောက်သွား..ကောက်..၀ယ်စု ..ဖြတ်တောက်..သွေးပြု ပြီး..လုပ်ထားတာတဲ့။

ကဲ..ကဲ..မြန်မြန်လုပ်.. အပြန် နေပူတော့မယ်..
လောဆော်သံ ကြားခါမှပဲ.. Opal ဆိုင်လေးက..ခွာပြီး.. ဈေးခင်းလေးကို ဖြတ်.. Esperance မြို့လေးက..ပြန်ခဲ့တော့တယ်။

+++++++++

သူနဲ့ပတ်သတ်ပြီး..ရောက်ခဲ့ရတဲ့..သာယာလှပတဲ့ နေရာအတွက်- ခရီးသွား စာလေး တပုဒ် ရေးပေးပါလို့ ဆိုတဲ့..

ခင်ပွန်းသည် အတွက်..ခရစ်စမတ် လက်ဆောင်-


Share/Bookmark

18 Comments:

myatnoe said...

woo!!!!!!!!!!!!

very nice place.
I wanna come there!

I hope one day i will....

thanks for sharing.

မောင်မျိုး said...

ကြည်နူးဖို့ကောင်းလိုက်တာ ပျော်စရာတွေ ကူးသွားတယ် တီကေ့ရေ့ လက်ဆောင်ရသွားတဲ့ တီကေ့ ချစ်ချစ်လည်း ပျော်နေမှာ ။ အခုလို သဘာဝအလှတရားတွေကို ကိုယ်တိုင်ရောက်ဖူးတာလည်းနည်းတဲ့
ကုသိုလ်မှမဟုတ်တာ။
ဒီထက်လှတဲ့နေရာတွေလည်း
ရောက်နိုင်ပါစေလို့ဆုတောင်းပါတယ်ဗျို့
Merry Christmas & Happy New Yearး)

Moe Cho Thinn said...

လှလိုက်တာ ကေရယ်။
နှစ်ယောက်အတူလည်ရတော့ ပိုကြည်နူးရမှာပဲနော်။
ရာသီဥတုကလဲ သာယာလိုက်တာ။ တကယ်လှတယ်။ ရောက်ဖူးချင်လိုက်တာနော်။
တို့လဲ beach ဆိုရင် စိတ်လွတ်လပ်လို့ အရမ်းပျော်တာပဲ။ နောက်ပြီး fancy ဆွဲကြိုးလေးတွေ လဲ ကြိုက်တယ်။

sonata-cantata said...

waw! waw!! waw!!!
ကေ.. နှလုံးသားနဲ့ ထိ တို့ ခံစားလာတာတွေ တစ်ပုံတစ်ခေါင်းကြီးပါလား ဝေ့

မိတေဖိုး said...

ဟိ ကျေးဇူးပဲ ခရစ်စမတ်လက်ဆောင် ဆွဲကြိုးလေးရတော့မှာမို့။
ဘိုးတော်အတွက်တော့ အဲလိုပိုက်ဆံမကုန်မဲ့ လက်ဆောင်လေးတွေပဲများများပေးလိုက်ပေါ့နော်။
သူ့မွေးနေ့တုန်းကလည်း ၂ယောက်လုံးသုံးလို့ရတဲ့ မီးဖိုချောင်သုံးပစ္စည်းပဲဝယ်ပေးတာ..ငါသိတယ်နော်။
(နင်သိပ်လည်မှလည်)

Craton said...

လှလိုက်တာမကေ... လာလည်ချင်တယ်။း(

MANORHARY said...

ဘာမှန်းမသိဘူး...ဒီနေရာတွေလှပါတယ်..လာကြည့်
ပါလို့တစ်စုံတစ်ယောက်ကိုသွေးဆောင်နေတာလား..း(

Republic said...

ရောက်ဖူးချင်ပါတယ် အစ်မK ၊၊ စာတွေ နဲ့ ပုံတွေ ကို တစ်ဝကြီး ကြည့်သွားတယ်ဗျာ ၊၊ ကမ်းခြေ မှာဦးထုပ် လေးနဲ့ လမ်းလျှောက်နေတဲ့ ခလေးငယ် လေး ကချစ်စရာလေးဗျာ ၊၊

မေ့သမီး said...

အစ်မ ဓာတ်ပုံတွေကကိုယ့်ဘာသာကိုယ်ရိုက်တာလား။ အရမ်းလှတယ်နော်။ ရှုခင်းကလည်းအရမ်းလှတယ်။ ရိုက်တဲ့လူကလည်းတော်လို့ပေါ့နော်။ ကလေးလေး လမ်းလျှောက်နေတဲ့ပုံကိုတော့ အကြိုက်ဆုံးပဲ။

ဇနိ said...

Merry X'mas!
စာအရေးကောင်းသလို ဓာတ်ပုံတွေကလည်း အရမ်းလှတာပါပဲ...
ပျော်ရွှင်ပါစေ အမကေ။

လူသစ် said...

ခင်ပွန်းသည်အတွက်ရေးပေးတာကို မသိမသာခိုးဖတ်သွားကြောင်း ဗျိုးဟစ်ခဲ့ပါတယ် ဗျိုး....

hana san said...

လှလိုက်တာ။
ကြည်နူးဖို့ကောင်းလိုက်တာ..မကေ။
ဖတ်ရတာ ပျော်လိုက်တာ။

khin oo may said...

အားလုံးကြိုက်တယ။် ပြောစရာမရှိ. ပါဖက်. perfect

ခင်မင်းဇော် said...

အမဖို့ရော မပါဘူးလား ကေ..
မလဲ ဖန်စီဆွဲကြိုးလေးတွေ ကြိုက်တယ်လေ ဟိ..
မိတေဖိုးဆီပို့ရင် အမဆီလဲ ရောက်တယ် ....ခွိ...
ပင်လယ်ပြာပြာ ကောင်းကင်ပြာပြာလိုပဲ..
ကေလဲ သိပ်လှတယ် သိလား ...
ဟေးးး ဒီလောက်ပြောထားတာတောင်နော်...ဟင်းဟင်းးး

ဆောင်းယွန်းလ said...

ပျော်ရွှင်ဖွယ်ရာခရီးနဲ့လှပတဲ့ပင်လယ်ကြီးပါလားမကေ..
အားကျတယ်ဗျာ..
ခင်မင်လျက်.....

Yu Wa Yi said...

Wow! very romantic couple. I jealous u! He he.

ကေ said...

မြတ်နိုး- လာလည်ပါ..ကြိုဆိုလျက်-
မောင်မျိုးလဲ- ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေကွယ်။
မချိုသင်း- နောက်တခါ သွားရင်.. မချိုသင်းဖို့ပါ ဆွဲကြိုးတကုံး ၀ယ်ခဲ့မယ်။ သြော်. မခင်မင်းဇော်အတွက်ရော-း)

နှလုံးသားတွေတောင်မဆန့်တော့တဲ့ အထိ..မသီတာရေ-
မိတေဖိုးတော့..ဆွဲကြိုးမလိုချင်ဘူးထင်တယ်။း(
Craton, Republic, လာလည်ကြပါ..း)
မနော်- တခုခုကတော့..သွေးဆောင်နေတာ..သေချာတယ်။

မေ့သမီး- ကိုယ်တိုင်ရိုက်တာပေါ့ကွယ်။ ဒါပေမဲ့..ကင်မရာကကူတယ်..ရူခင်းတွေကလဲ..သူ့ဖာသူ လှပီးသားဖြစ်နေတော့..း)

ဇနိတို့၂ယောက်ကိုလည်း..ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်စေဖို့..ဒီကပဲ ဆုတောင်းပေးလိုက်တယ်နော်။

ကလူသစ်ကလဲဗျာ- အဲလိုပဲ..သူတို့စိတ်ကျေနပ်အောင်..ရေးပြထားရတာ.. ( ဘ၀တူတွေ..သိရဲ့သားနဲ့..အဟဲ)

အမကြီး ခင်ဦးမေ.. ပါဖက်သွားလို့.. ပြီးမြောက်သွားပါတယ်။း)

မခင်မင်းဇော်..ဘယ်နှယ်ကုံးယူမလဲ..အဲဒီ တဆိုင်လုံး ၀ယ်လိုက်မယ်လေ..အားမနာနဲ့။ နောက်..ဘာလိုချင်သေးလဲ..ပြောအုံး..။း)

ကိုဆောင်းယွန်းလ- မင်္ဂလာနှစ်သစ် ပါနော်။
ဆရာမရီ- ကျမကလဲ..ဆရာမတို့မိသားစုကို..အားကျနေပါတယ်ရှင်-း)

ကေ said...

သြော်- ညီမလေး ဟနစံ ကျန်ခဲ့တယ်။ ဆောရီး-
ပေးတောင်းပေးခဲ.. ကွန်မန့်လာပေးတဲ့..ညီမ ဟန ကို..ကျေးဇူးတင်ပါတယ်နော်။