ကမ္ဘာပြားပေါ်က မှတ်ချက်စာ

` ဝေး ..ကမ္ဘာပြားပြီဟေ့..´
ပထမဆုံး ပေါ်လာတဲ့.. ဂျီချက်တင်း စာလုံးတွေ ကိုကြည့်ပြီး..
` အေး- ကမ္ဘာပြားပြီဟေ့..သတိသာထား..´
လို့ ပျော်ရွှင်စွာ ပြန်ရိုက်ထဲ့ လိုက်မိ တော့တယ်။
-
++++++
-
ဒီတရက် နှစ်ရက် အတွင်း..ကိုယ့်ရဲ့ ဖုန်ထူထူ မြို့လေးက..အိမ်မှာ အင်တာနက် ချိတ်ပြီး..ဟိုဖက်က..အမနဲ့ ဂျီတော့မှာ စကားပြောဖို့ ကြိုးစားနေတာပါ။ သူ့မှာ..စိတ်တွေ လှုပ်ရှားလို့။ ဖုံးနဲ့ အရင် ပြောလိုက် .. ဘာကို ဘယ်လိုလုပ်လိုက် ..ဟ၀ှာလေးကို.. ကလစ်လိုက်.. အဲလို စုံနေအောင် ကြိုပြောပြီးမှ.. နောက်ဆုံးတော့.. ဖုန်ထူထူမြို့လေးက.. ပီစီ အစုတ်လေးနဲ့.. မိုင်ပေါင်း သိန်းသောင်းဝေးတဲ့..မြေနီနီမြို့လေးက.. သင့်ခ်ပတ် အစုတ်ကလေး နှစ်လုံး.. ကမ္ဘာကြီး တကယ်ပြားပြီ ဖြစ်ကြောင်း..အတည်ပြု လိုက်နိုင်ပါတော့တယ်။
-
မိတ်ဆွေတယောက်..အကြံပေး တိုက်တွန်းလို့.. မြန်မာပြည်ထဲက..မိသားစု တွေ ဖတ်လို့လွယ်အောင် wordpress blog လေး တခုလဲ..အချိန်မီ လုပ်ထားလိုက်တော့.. အဆင်တွေကို ပြေသွားတာပဲ။ အရင်တုန်းက.. သူတို့လဲ..ကျော်လိုက် ခွလိုက်..ရတချက်..မရတချက်..ဖတ်ခွင့်ကြုံမှ ဖတ် နေရတဲ့.. ကိုယ့်ဘလော့လေး ကို.. အသစ်တင်ပြီးတာနဲ့..ဟေး..ဖတ်ပြီးပြီလားလို့.. အော်မေးလို့ ရသွားပြီ။
-
အဲလိုနဲ့.. ဖေဖေ့ မွေးနေ့တုန်းက.. အသေအချာ ခံစားဖွဲ့သီ ထားတဲ့.. စာလေးကို.. မိသားစု ထဲမှာ..ဖတ်ကြ..ပြောကြ နဲ့.. အရင်ဆုံး မျက်ရည်ကျ တဲ့သူက..မွေးသမိခင် ဖြစ်နေလေတော့..စိတ်တော့မကောင်းမိဘူး။ မေမေရေ- ရသာလေးတပုဒ် မွေးထုတ်တာမို့.. ဘယ်လိုမှ သဘော မထားပါနဲ့လို့။ ဖေဖေကတော့..မျက်စိ မကောင်းတဲ့ ကြားက.. မရရ အောင် ဖတ်ပြီး..ခံစားရလွန်းလို့ သူ တခုခု ပြောချင်..မှတ်ချက် ပေးချင်သတဲ့။ အဲဒါနဲ့.. ဖေဖေက ပါးစပ်ကပြော..အမလုပ်သူက..စာလိုက်ရိုက်ပြီး.. လွမ်းရက်ရှည်ရှည် အတွက်.. အထူးမှတ်ချက် ကွန်မန့်လေးကို..ကာယကံရှင် ကိုယ်တိုင်ဆီက.. ရလိုက်တော့.. ပြန်ပြီး.. ဖော်ပြပါရစေ။ သားအဖချင်း.. မြှောက်နေတယ်လို့..ထင်ရင်လဲ..အသာလေး ပြုံးသာနေလိုက်ကြပါနော်။း)
-
++++++
-
သမီးကေ..
အချက်အလက် အမှန်တချို့ကို အခြေတည်ပြီး..စိတ်ဝင်စားဖွယ် ဖြစ်အောင်..အဆာပလာတွေ ဖြည့်တတ်တဲ့ သမီးရဲ့ အရည်အချင်းကို ချီးမွမ်းမိပါတယ်။ စာရေးခြင်း အတတ်ပညာ တရပ်ပါ ဘဲ။ တချို့ အချက် အလက် အမှားလေးတွေ ရှိပေမဲ့ သမီးရဲ့ အရေးအသားအောက်မှာ အလွယ်တကူ ခွင့်လွှတ်နိုင်ဖွယ် ဖြစ်သွားပါတယ်။
ဥပမာ- ၁၉၅၂ ခုနှစ်လောက်က ယူနီယံရှေ့မှာ မန္တလေးဆောင် ဆိုတာမျိုး၊ အဆောင်မှူးက မင်းကို အမူဆောင်ထဲ ထဲ့ထားလိုက်ပြီ ဆိုတာမျိုးပေါ့။
-
နောက်---အမှားက- ခေတ်ကာလ အခြေအနေခြင်း မတူတာကြောင့် ဖြစ်တာလို့ ဖေဖေ ထင်တယ်။ ရေးရင်းပဲ ဒီကိစ္စကို နဲနဲ ရှင်းပြချင်စိတ် ပေါက်လာတယ်။ အဲဒီ ၁၉၅၀ ခုနှစ်လောက်က ဆယ်စုနှစ်လောက် အဆောင်တွေမှာ Social and Reading Club ဆိုတဲ့ သဟာယ နဲ့ စာဖတ်အသင်း ဆိုတာတွေရှိတယ်။ ဒီအသင်းရဲ့ အမူဆောင်တွေကို ကျောင်းသားထု အစည်းဝေးမှာ ရွေးချယ် တင်မြှောက် ရတယ်။ တဦးချင်းစီကို အဆို တင်သွင်းရတယ်။ ထောက်ခံရတယ်။
-
ဥပမာ- အတွင်းရေးမှူး နေရာအတွက် ဘီအေ ပထမနှစ်က ကိုလှ ကို ကျနော် အဆို တင်သွင်းပါတယ်လို့ အဆောင်သား တယောက်က ထပြောရတယ်။ နောက်တယောက်က ထောက်ခံရတယ်။ ဒီအခါမှာ အစည်းအဝေး ရဲ့ အခန်းအနားမှူးက အတွင်းရေးမှူးနေရာ အတွက် ကိုလှ ကို ကိုမြက အဆိုသွင်းပြီး ကိုနီက ထောက်ခံ ထားပါတယ်-- တခြား အပြိုင် တင်သွင်းမဲ့ သူများ ရှိပါသေးလား လို့ မေးရပါတယ်။ ဒီနေရာကို အပြိုင် တင်သွင်းမဲ့သူလဲ ရှိမယ် -- အမည်စာရင်း တင်သွင်းခံရတဲ့ သူတွေကလဲ နှုတ်ထွက်ခြင်း မရှိရင် ဒီ နှစ်ယောက်ကို အဆောင်သားထုက မဲပေးရပါတယ်။ ဒီလူများကို အဆိုတင်သွင်း ထောက်ခံထားတဲ့ သူတွေပါ ရှေ့ကိုကြွခဲ့ကြပါ လို့ အခမ်းအနားမှူးက ဖိတ်ခေါ်လိုက်တယ်။ ကျောင်းသားထု ရှေ့မှာ အစည်းဝေး သဘာပတိ၊ အခမ်းအနားမှူး ၊ နှစ်ဖက် ယှဉ်ပြိုင်မဲ့သူနဲ့ ၊သူတို့ကို အဆိုသွင်း ထောက်ခံခဲ့တဲ့သူ နှစ်ဦး ရောက်နေပါပြီ။
-
ဒီတော့မှ၊ အခမ်းအနားမှူးက ယှဉ်ပြိုင်သူ တဦးကို ထောက်ခံမဲ့ သူများ မတ်တပ်ရပ်ပါ ( လက်ထောင်ပါ) ဆိုပြီး ၊ အဲဒီမှာ ရှိတဲ့ သူတွေ အားလုံး မဲရေတွက်ပါတယ်။ နောက်တယောက်ကို ထောက်ခံမဲ့ သူတွေ ကိုလည်း မတ်တပ်ရပ်ခိုင်းပြီး မဲရေတွက်ပါတယ်။ ဒါဟာ အဲဒီခေတ်က ဒီမိုကရေစီ ပုံစံတမျိုးပါပဲ။ ဒီလိုမျိုး ပုံစံ တမျိုးကို ဦးဖေခင်ရဲ့ ကိုယ်တွေ့ပင်လုံ စာအုပ်မှာပါတဲ့ ပဲခူးဆောင် သဟာယ နဲ့ စာဖတ် အသင်း အမူဆောင် တနေရာအတွက် သူနဲ့ ကိုအောင်ဆန်း ယှဉ်ပြိုင်ပုံကို ( စာမျက်နှာ ၈- ပထမ ကော်လံမှာ) ဖတ်နိုင်ပါတယ်။
-
ဒါကို ဒီလောက် ရှည်ရှည် ရေးနေတာက အဲဒီခေတ်က ဒီမိုကရေစီ လုပ်ပုံ လုပ်နည်း နဲ့ ဖေဖေတို့ ကျောင်းသားတွေနဲ့ အသားတကျ ဖြစ်နေတာကို သိစေချင်လို့ပါ။ ဒီလို ယှဉ်ပြိုင် ရွေးတာ၊ ယှဉ်ပြိုင်မဲပေးတာတွေကို ဗြောင်လုပ်ရတဲ့ အတွက်၊ အားနာတာတို့၊ ရှိုးတိုး ရှန့်တန့် ဖြစ်တာတို့ မရှိဘူး။ ရှုံးတဲ့သူကလဲ၊ အကြီးအကျယ် ရှက်သွားတယ် ဆိုတာမျိုး မရှိဘူး။ ငါ့  မဲမပေးတဲ့ သူတွေ၊ တေးမှတ် ထား- ဆိုတာမျိုး အညှိးအတေး မထားဘူး။ ဖေဖေ ကိုယ်တိုင် ပထမဆုံး အကြိမ် ယှဉ်ပြိုင် အရွေးခံရာမှာ ရှုံးဘူးပါတယ်။
-
ယူနီယံ ရွေးကောက်ပွဲမှာသာ ( Secret Voting) ပုံစံ မဲပုံးထဲကို မဲပေးထားတဲ့ မဲပြား ထဲ့တာမျိုး လုပ်တာပါ။ အဆောင် ရွေးကောက်ပွဲ၊ ခရိုင်သင်း ရွေးကောက်ပွဲ လို ဟာမျိုးတွေမှာ မတ်တပ်ထ၊ လက်ထောင် စတဲ့ ( Open Voting) ပုံစံဘဲ။
-
သမီးတို့ ခေတ်မှာ ဒါမျိုးတွေ မတွေ့ဘူးတော့ စိမ်းနေတာပေါ့။ ဒါကြောင့် ဖေဖေတို့ ခေတ် ဒီမိုကရေစီ ပတ်ဝန်းကျင်ကို သမီးတို့ သဘောပေါက်အောင် ရေးနေတာပါ။
-
တခြားဟာတွေကတော့ သမီးရဲ့ အရေးအသားဟာ အတော်ကောင်းပါတယ်။ ဆွတ်ပျံ့ နူးညွတ်ဖွယ် ရေးသားနိုင်တာကို ချီးကျူးပါတယ်။

ဖေဖေ
၉-၁၂-၀၈


Share/Bookmark

16 Comments:

Anonymous said...

နွေးထွေးမှုဆိုတာကို ခံစားရပါတယ်ခင်ဗျာ

ကိုအောင် said...
This comment has been removed by the author.
ကိုအောင် said...

မကေရေ အမရယ့် ကမ္ဘာပြားပေါ် ကျနော်ရောက်လာ
ပါတယ်။ အမဖေဖေရယ့် စာပါ ဖတ်ရလို့ အတိုင်း မသိ ၀မ်းသာမိပါတယ်။ ကျောင်းသားဘ၀အတွင်း အမျိုးသား နိုင်ငံရေး ကျောင်းသား လှုပ်ရှားမှုမှာ ပါဝင်ခဲ့သော ကျောင်းသားများကို သမိုင်းတွင် “ဦး”တပ်ပြီး ခေါ်ရိုး ထုံးစံ မရှိပါ။ ဥပမာ ကိုအောင်ကျော်၊ ကိုနု၊ ကိုအောင်ဆန်း။ ဒါကြောင့် အမ ဖေဖေ “အကိုကြီး” ကို ဂါရ၀ ပြုကြောင်း၊ အသက်ရာကျော် ရှည်ပါစေလို့ အမြဲဆုတောင်း လျက်ရှိကြောင်း ပြောပေးပါ ခင်ဗျာ။
ရိုသေစွာဖြင့်
ကိုအောင်

Moe Cho Thinn said...

ကေ့ဖေဖေ ခေတ်က ဒီမိုကရေစီကို တန်ဖိုးထား လေးစားပြီး မှတ်သွားဖတ်သွားပါတယ်။ အော်.. ဗမာပြည်မှာ ရှိခဲ့ဖူးတယ်ပေါ့နော်။

ThuHninSee said...

မြကိုရော ပြန်တွေ့သေးလားဟင်။

ဆောင်းယွန်းလ said...

မကေရေ..အခုလိုရတောင့်ရခဲအခွင့်အရေးလေးတွေနဲ့
ကျနော်တို့မသိမီခဲ့တဲ့အတွေ့အကြုံတွေကိုတင်ပြပေးခဲ့
တဲ့မကေကိုရောပြန်လည်ဆွေးနွေးထောက်ပြပေးခဲ့တဲ့
မကေရဲ့ဖေဖေကိုပါကျေးဇူးအထူးတင်ကြောင်းပြောပါရ
စေ..
ခင်မင်လျက်....

ကိုပေါ said...

ဗဟုသုတကို မျှဝေပေးတဲ့ မကေအဖေကိုရော.... မကေကိုပါ ကျေးဇူးတင်ပါတယ်။

P.Ti said...

အနေဝေးပေမယ့် ကမ္ဘာပြားပြားမှာ သိပ်တော့မဝေးတော့ဘူးပေါ့...

မကေကလည်း ရေးတတ်ပေတယ်။ မှတ်ချက်မရေးဖြစ်ပေမယ့် စာတွေကတော့ ဖတ်ဖြစ်ပါတယ် အမ။

မကေရဲ့ အဖေပြောပြသွားတာ သူတို့ခေတ်က အတွေ့အကြုံပေါ့။ မေမေတို့ တက္ကသိုလ်တုန်းကတောင် အဲလိုတွေရှိသေးတယ်လို့ ပြောဖူးတယ်။

ရွှေခေတ်တုန်းကပေါ့။

RePublic said...

မသိတာလေး တွေသိလိုက်ရတယ် (အစ်မ)ကေ ၊၊

မေငြိမ်း said...

ကေ... တကယ်လိုတဲ့ ဖြည့်စွက်ချက်ပါပဲ.... ကျေးဇူး။ အင်း ဒါလည်း ကမ္ဘာပြားတဲ့ ကျေးဇူးပေပဲ..။

Mirror said...

အစ်မ ကေ...
လေးစားအားကျမိကြောင်းပါ...။
အားကျတာက အစ်မကကို ညီမလေးစားရတဲ့ စာရေးသူမို့လို့၊နောက်ပီး ခုချိန်ထိအစ်မကို အားပေးနေမယ့် အဖေကြီး ရှိနေသေးလို့.....။

nu-san said...

မကေဖေဖေရဲ့ စာဖတ်လိုက်ရတော့ ပိုပြီး ပြည်စုံသွားတယ်.. လွမ်းရက်ရှည်ရှည်ကိုပါ ပြန်ဖတ်သွားတယ် အမ။

ခင်မင်းဇော် said...

ကေ...
ကမ္ဘာပြားသွားပြီနော်...
သိပ်ကြည်နူးဖို့ကောင်းတယ်... ကေ့ဖေဖေရဲ့ မှတ်ချက်ဖတ်ရတာ.. ကေက သိပ်ကံကောင်းတယ်။
ချစ်တဲ့ အမ

Thet Oo said...

မြန်မာပြည်ဒီထက်မက တိုးတက်သင့်တာပေါ့။ တိုးတက်အောင် မလုပ်နိုင်ရင်လည်း အစိုးရများ ဆင်းပေးသင့်တာပေါ့။ ပြောမယ့်သာ ပြောရတယ်။ ဆင်းပေးဖို့ကလည်း မရှိဘူးဆိုတော့ ရှေ့ကို ဒီ့ထက် ဆိုးဖို့သာ ရှိတော့တာပဲ။

Anonymous said...

ပြားနိုင်ခွင့် ရှိတာလည်း နည်းတဲ့ ကုသိုလ်မှ မဟုတ်တာ...
ပြားခွင့် မရှိသေးတဲ့ သူတွေအတွက်တော့... ......း(

bill

Anonymous said...

ခရီးတခုထွက်နေလို့..ခုမှ စာပြန်ရေးဖြစ်တယ်။
ဟုတ်တယ် ရွာသားလေး ရယ်..တကယ်ပဲ နွေးထွေးရပါတယ်..ဒါပေမဲ့.. Bill ပြောသလို..အဲလို နွေးထွေးခွင့် မကြုံကြိုက်တဲ့..သူတွေအတွက်လဲ.. စိတ်မကောင်းတကယ်ဖြစ်ရပါတယ်။ ဒီလို လွယ်ကူ..လျင်မြန်တဲ့..ဆက်သွယ်ရေးနည်းပညာတွေနဲ့..မိသားစု မိတ်ဆွေ အပေါင်းအသင်းတွေ..ဘယ်လောက်ဝေးဝေး နီးစေချင်ပြီ။
ကိုအောင်- အကိုကြီးကို ပြောလိုက်ပါ့မယ်။း)
မချိုသင်း ပီတိ -တခါက..ပုဂံပြည်ကြီး ရွှေရောင်လွှမ်းတာ..ကျမတို့ သိခွင့်ရသလို..ပေါ့နော်။
နှင်းဆီ- မြ လည်း..ကမ္ဘာပြားတနေရာရာမှာ..ရှိအုံးမယ် ထင်ပါတယ်ကွယ်။း)
ကိုဆောင်းယွန်းလ- ကိုပေါ- Republic -၀မ်းသာမိပါတယ်။
မမေငြိမ်း-နဲ့ မခင်မင်းဇော်-ကမ္ဘာပြားကြီးကြောင့် သိခဲ့ရတဲ့..အမကြီး ၂ ယောက်အတွက်လဲ..ကမ္ဘာပြားကြီးကို ကျေးဇူးတင်တယ်။
Mirror လေးရေ- ကျေးဇူးတင်ပါတယ် ညီမလေးရေ- ဘ၀ဆိုတာ..ဒီလိုပါပဲ..ကံကောင်းခြင်း..ကံဆိုးခြင်း..ပုံစံအမျိုးမျိုးပေါ့နော်။
နုစံရောပဲ- အသံမကြားဘာမကြား-ခုတလော စာတွေသိပ်မရေးလို့..ဘာတွေများလုပ်နေသလဲလို့-
ကိုသက်ဦး- ဒါကတော့..အားလုံးသိကြတဲ့အတိုင်းပါပဲ။း)