ပန်းပုံပြင် ( ၁၀၀)

တရာ ပြည့် တဲ့ စာလေး ကို ဘာ ရေး ရင် ကောင်း မလဲ လို့ တွေးရင်း... လွန်ခဲ့တဲ့..၁၇ နှစ် လောက် က..ရေးခဲ့တဲ့..ပထမ ဆုံး လက်ရာ လို့ ဆို ရမဲ့.. စာစီ ကုံး လေး တခု တင် လိုက်တယ်။ ဒါလေး ကို ရေး ဖြစ် ခဲ့ တာ.. တက္ကသိုလ် ပထမ နှစ်မှာ..ထုံးစံ အတိုင်း.. ကဗျာ တွေ ..စာ တွေ စု ထုပ် တဲ့ လူငယ် တွေ ရဲ့ သဘာဝ.. သူငယ်ချင်း နေဆူးသစ် က.. ကဗျာ တပုဒ် လောက် ရေးဖို့ လာ ပြောတယ် ( ကိုယ့်ကို ဘာပြု လို့ လာ တောင်းမှန်း တော့ မသိဘူး) ။ ကဗျာ လည်း သိပ် မစပ် တတ် တာ နဲ့.. ဒီ စာ တို လေး ကို ရေး ပေး လိုက်တယ်။ အဲဒီ နှစ် အင်းလျား ဒင် နာ မှာ လည်း..နံရံကပ် စာစောင် အတွက် ပေး လိုက်တော့..ပထမ ရသွားတယ်..( ကြွားပါရစေ.. ဆက်လက်ကြွား လို သည်မှာ.. အင်းလျား ဆောင်..နှစ် လည် ညစာ စားပွဲ များ တွင်..စာပေ ဆုများ.. ရယူ ခဲ့ပါသည်.. :-) ထို့နောက်.. တက္ကသိုလ် နှစ် လည် မဂ္ဂ ဇင်း တွင် လည်း.. ပါ ခဲ့ ပါသည်။

အင်းလျား ဆောင် သူ ..အမျိုး မျိုး ကို.. နေ့စဉ် မြင်တွေ့..ခံစား လျက်..ကိုယ်တိုင် လည်း..တခု သော ပန်း တပွင့် အသွင်..ခံစား ရင်း.. သူငယ်ချင်း (၄) ယောက် နေ ခဲ့သော အင်းလျား ဆောင် အခန်း ၁၁၇ ၏..စားပွဲ ခုံ လေး ပေါ် တွင်.. ရေးခဲ့ သော.. နုငယ် သော ခံစားချက် အမြင် များ ဖြစ် ပါသည်။



ပန်းပုံပြင်


ပန်းဆိုတာ... လှတယ်တဲ့။
ပြီးတော့... မွှေးလည်း မွှေး တယ်တဲ့။
အဲဒါကြောင့်... အားလုံးက နှစ်သက် မြတ် နိုး ကြ တာ ဆိုပဲ။

နေ့တနေ့ ပွင့်သစ် လာ ပြီ ဆို တာ နဲ့.. ဥယျဉ် တခုလုံး မှာ ပန်းမျိုးစုံ ဟာ၊ နိုးထ လန်းစွင့် လာ ကြတော့ တာပဲ။

မမ နေကြာ ပန်း ကတော့.. ရွက်လွှာ ကို ဖွင့် .... နေဆီ ကို စွင့် ပြီး တာနဲ့.. ပတ်ဝန်း ကျင် ကို စိမ် ခေါ် တော့တယ်။ သူက.. အဲဒီ လို ..ပေါ့တန် တဲ့ အဆို မျိုး ကို ..လုံးဝ လက် မခံ နိုင် ဘူးတဲ့လေ။ မလှမ်း မကမ်း က ..နှင်းဆီ ပန်း နဲ့ ဒေစီပန်း ကို တောင် ..အပြစ် တင်လိုက်သေး..။ ပေါ့ပေါ့ တန် တန် နေတဲ့ ပန်း တွေ တဲ့..။ သူက တော့..လောကကြီး ကို အများ ကြီး ..အကျိုး ပြု နိုင် တယ် လို့ ..ပြော လား ပြော ရဲ့။ ဟုတ်မှာ ပါပဲ.... သူ က ..ဒီပန်း ခြံ ထဲ မှာ.. တကယ့်ကို အထယ် ၀ါ ဆုံး.. အတောက်ပ ဆုံး..ပန်း တပွင့် ပဲ။

တခု တော့ ရှိသည်။ ဥယျဉ် ရဲ့ တောင်ဖက် ထောင့် ငုတ် တိုင် မြင့် တွေ ပေါ်မှာ.. သပ်သပ် ရပ် ရပ် ရှိ နေ ကြတဲ့.. သဇင်ပန်း ဖွေး ဖွေး တွေ က လည်း.. အင်မတန် ရှင်းသန့် လှပ ကြ ပြန် တာပဲ။ သူ တို့ ကလည်း..သူတို့သာ အလှဆုံး.. အယဉ် ဆုံး.. တန်ဖိုး အရှိ ဆုံး တဲ့။ အတော့ ကို ခက်သည်။ ထင် တလုံး နှင့် ဘယ်သူ့ကို မှ အဖက် မလုပ်.. ဥယျဉ် တခု လုံး..သူ တို့သာ ရှိ နေ သလိုပါပဲ။ အဲဒါ ကိုပင်.. မမနေ ကြာ က..မုန်း သည်။ ကိုယ်စွမ်း ကိုယ်စ မရှိ.. မျိုးရိုး ဂုဏ် မောက် ပြီး.. ဘ၀ မေ့ သူ တွေလို့.. အမြဲပဲ ရှုတ် ချ တယ်။

အဲဒီ ..မမနေကြာ ရဲ့ တရား ကိုတော့..မြက် ပင် ရှည် ရှည် တွေ ကြား ထဲ က၊ မြက်ပန်း လေး တွေ ကအစ.. နှင်းဆီ နဲ့ ဒေစီပါ မကျန်.. နာ ကြ ရ တယ်လေ..။ ဒါပေမဲ့..သူတို့ အားလုံး.. သဇင် ပန်း လေး တွေ ကို.. အထင် ကြီး မြဲ..ကြီး ကြ တာပါပဲ။


ဒေစီ ကတော့.. သာယာ လှပ တဲ့ နေရောင် အောက် မှာ.. သူမ ရဲ့ ရှည်သွယ် ကျော့ရှင်း ပြီး.. အသွေး အရောင် စုံ နေတဲ့.. ရွက်လွှာ လေး တွေ ကို.ဆန့်ထုတ် ရင်း.. အနားမှာ ရစ်ဝဲ နေတဲ့ ပိတုံးလေး ကို ..မျက်လွှာလေး ပင့် ပြီး..ကြည့်တတ် တယ်လေ..။ ပိတုံး လေး က..ဒေစီကို ချစ်နေ တာတဲ့..။ ဒေစီ က လှတာကိုး။ ခက် တာ က..လိပ်ပြာလေး ပေါ့။ သူကလည်း..ဒေစီကို မေတ္တာ ရှိသတဲ့လေ။ ဒေစီ့ အနေနဲ့ ကတော့.. လိပ်ပြာ လေး ကလည်း..ချစ်စရာပင်။ ပိတုံး လေး ကို လည်း..မုန်းစရာ မထင် ပြန် ။ နှင်း ဆီ ကတော့.. သူငယ်ချင်း မ အတွက်.. ရင်လေး မိသတဲ့..။ သူ အမျိုး မျိုး ဖျောင်းဖျ ပေမဲ့.. နားမ၀င် ဘူးလေ။ တခါ တခါ များ ဆို.. စားတော့ ၀ါး တော့မတတ်.. လာချောင်း တတ်တဲ့.. ခူ ကောင် စိမ်းစိမ်း ကြီး ကိုတောင်.. မခို့တရို့ နဲ့ ကြောက် ဟန် ဆောင် ပြီး.. ဟန် မူ တွေ ပိုလိုက်သေးတယ်။ အဲဒါ ကြောင့် လည်း..ဥယျဉ် ထဲ မှာ နံမယ် ကျော် ကြား နေ တာ ပေါ့ ။



နှင်း ဆီ ကတော့..ဒီကိစ္စ မျိုး ကို အင်မတန် စက်ဆုပ် တယ်လေ။ သူက အလှအပ ကို မြတ်နိုး ပေမဲ့.. ပန်း တွေ ရဲ့ အလှနဲ့ အားနွဲ့မူ ကို ခုတုံးလုပ် ပြီး.. ပတ်ဝန်း ကျင် ကို လှည့် စား တာတော့.. နဲနဲ မှ..လက်မခံ နိုင် ဘူး။ အာရုဏ် ဦး နှင်းရည် တွေ ကို သောက်သုံး ပြီး တာနဲ့.. သူ့ရဲ့ ပါးပြင် ကို ..ပန်းသွေးရောင် ကြွ သထက် ကြွ အောင်..ပြင်ဆင် ခြယ်သ တော့ တာပဲ။ ပွင့်ဖတ် တွေ ကို လည်း ..မလှ လှ အောင် စီရီ နေ လိုက်သေး။ ဟော.. ပြီးတော့.. ဣနြေ္ဒ ကြီး တခွဲသား နဲ့..လှချင် တိုင်း လှနေ ပြန် ရော။ ဒါပေမဲ့.. သူ့နား မှာ ပျံဝဲ နေကြတဲ့.. ပျားပိတုံး..လိပ်ပြာ တွေ ကို.. ရှိ တယ်လို့တောင်..ထင်တာ မဟုတ်။ မျက်ချုံ တန်း တွေ ထဲက..ပုစဉ်း ရင်ကွဲ တွေ ကတော့..` သူက ..လူတွေ ကို ပဲ အထင်ကြီး..စိတ်ကြီး ၀င်နေ တာပေါ့ ကွ..´ လို့ အချင်းအချင်း..ပြောပြီး လှောင်ကြ သတဲ့။

တကယ် လည်း.. နှင်းဆီ လေး ဟာ.. သူ့ဘ၀ မှာ..ဒီထက်မက သာ ယာတဲ့ အခြေ အနေ တခု ကို ..ဖန်တီး နိုင် လိမ့် မယ် ဆိုတဲ့..မရေ ရာ လှတဲ့.. မျှော်လင့် ချက် တွေ နဲ့..မသေချာ တာတွေ ကို စောင့်စား နေတာ ပါပဲ။ ဆူးတွေ ဟာ ..သူ့ အတွက် အားမာန် တွေပဲ ပေါ့။ ဘယ်သူ တွေ ဘာပဲ ပြော ပြော ..ဘယ်သူ့ကို မှ..အားမကိုး ခဲ့ဘူး။ ဒူး မထောက် ခဲ့ဘူး။ သူ့ရဲ့ အခင် ဆုံး မိတ် ဆွေ မလေး တွေ ဖြစ်တဲ့.. နှင်းပန်း လေး တွေ ကတော့.. ကံကောင်းပါစေ လို့..အမြဲပဲ..ဆု တောင်း ပေး ကြသတဲ့။

တကယ် ချစ် ဖို့ ကောင်း တဲ့ နှင်း ပန်း လေး တွေပါပဲ။ ဘယ်သူ တွေ ဘာပဲဖြစ်နေနေ.. သူတို့ကတော့.. လေ ပြေ မှာ..ယိမ်းနွဲ့ ကခုန် ရင်း..ပန်းပွင့် တေး တွေကို သံပြိုင် သီဆို ပြီး..အမြဲ ပဲ ပြုံးပျော် ရွှင်ပြ နေ ကြတယ်။ သူတို့ကို ..ပိန်းပန်း လေး ကတောင် ..ချစ်ခင် သတဲ့။ ပိန်းပန်း လေး ဆို တာက.. ဒီဥယျဉ် ထဲမှာ ..ဘယ်သူ နဲ့မှ မတူ အောင် အေးဆေး တည်ငြိမ် တဲ့ပန်း။ အတွေး အခေါ် ရင့်ကျက် ပြီး.. အရာရာ ကို ..မှန် မှန် ကန် ကန် သုံးသပ် နိုင်တဲ့.. ပန်းလေ။ သူဟာ လည်း..ပန်းကလေး ပဲမို့.. နားခို ရစ်ဝဲ ချင် သူ တွေ နဲ့ပေါ့။ ဒါပေမဲ့.. တွေ့ကြုံ လာတဲ့ အခြေ အနေ တွေကို.. တည်တည်ငြိမ် ငြိမ် နဲ့ ဆုံးဖြတ် လုပ် ကိုင်သွား တာပဲ။ ဘယ်သူ့ကို မှ..စကား တင်း မဆို သလို.. ဘယ်သူ့က မှ လည်း..မမုန်း ကြဘူးပေါ့။ သူ့ အတင်း ကို ပြော တာ ဆိုလို့.. စက္ကူ ပန်း တွေ သာ ရှိသတဲ့။ စက္ကူ ပန်း တွေကတော့.. အားလုံးနဲ့ ဝေးရာ..စည်းရိုးပေါ် မှာ..တွယ်ကပ် နေကြ ရင်း..ပန်းတကာ ရဲ့..အတင်းကို ဆိုကြတယ်။ အုပ်စုဖွဲ့ပြီး..ရယ်မော လှောင် ပြောင် လေ့ ရှိ ကြတယ်လေ။



ဒီလို နဲ့..တနေ့ တနေ့.. မိုးလင်း တာနဲ့.. ဥယျဉ် ထဲက.. ပန်းတွေဟာ.. တပွင့် တမျိုး ထင်တိုင်း ကြဲ နေကြတာ ပဲပေါ့။

တနေ့ တော့..ဥယျဉ် ပိုင် ရှင်ဟာ.. ဥယျဉ် ထဲ ကို ဆင်းလာ တယ်လေ။

အို.. ဘာပြော ကောင်းမလည်း.. ပန်းတွေ ဟာ..လည်တိုင် တွေ ကို မော့ ပြီး.. သူ့ထက်ငါ..အလှပြိုင် လိုက် ကြတာ.. ဥယျဉ် ကြီး တခု လုံး.. မွှေးကြိုင် ပြီး..အရောင် အသွေး တွေ စုံသွားတာ ပေါ့။

နောက် တနေ့ ကျ တော့..သတင်း တခု ထွက် လာပါရော.. ဥယျဉ် ပိုင် ရှင် ကြီး က..ဧည့်ခံ ပွဲ တခု အတွက်..ပန်းတွေ အကုန်လုံး ကို ခူးလိမ့် မယ် တဲ့။ အဲဒီ သတင်း လေး ကို သယ်လာ တာက.. နေရာ တကာ..စပ်စု တတ် တဲ့ လိပ် ပြာ လေးပဲပေါ့။

တမနက် လုံး..ပန်းတွေဟာ..စိတ်လှုပ် ရှား နေ လိုက် ကြတာ.. ပျော် နေ လိုက် ကြတာ..အမြင် ကပ် စရာ တောင် ကောင်း ရောပါပဲ။ ထူးထူး ခြား ခြား.. ပိန်းပန်း လေး တပွင့်သာ ပဲ.. တိတ် တိတ် ဆိတ် ဆိတ် နဲ့ ..တခု ခု ကို အလေး အနက် တွေးနေ သတဲ့။ အပျော် ဆုံး ကတော့..နှင်းဆီပန်း ကလေးပဲ.. ဖြစ်မယ် ထင်ပါရဲ့။ မမ နေကြာ ကတော့..ထုံးစံ အတိုင်း..ခပ်တည် တည် နဲ့ပေါ့။ ဘာကို မှ အလေး အနက် မထားတဲ့..ဒေစီ ကတော့..လူတွေ ထဲ ရောက် ရင်.. ဘယ်လို လှ အောင် နေရမလဲ..ဆိုတာ ပဲ..စဉ်းစား နေ တယ်တဲ့လေ။

မကြာ ပါဘူး..သူတို့အားလုံးဟာ..ဥယျာဉ် ပိုင် ရှင် ရဲ့..လက်ထဲ ကို ရောက်သွား ကြတယ်။ အဲဒီ အချိန် မှာ..သဘာဝ တရား ကြီးက.. အပြစ် မကင်းသလို..တိတ် ဆိတ် ငြိမ်သက် နေ တာကိုတော့..ဘယ်သူ မှ ..သတိ မထား မိ လိုက် ကြဘူး ပေါ့။

ရောက် ရောက် ချင်း..ဧည့်ခန်း ထဲ မှာ နေကြ သတဲ့။ သားနား သပ် ရပ် တဲ့ ..ဧည့်ခန်း နဲ့ အပြိုင်..သူတို့ အားလုံးဟာ.. အစွမ်း ကုန် ပွင့် လန်း နေ လိုက် ကြတာ။ အင်မတန်း ပနံ ရ နေ တာပေါ့။ လာသမျှ လူ တွေ ကလည်း..ချီးမွမ်း ကြတော့.. သူတို့ အားလုံး..ပျော် ကြ တာပေါ့။ နှင်းဆီ ပန်း ကလေး ကတော့..ပန်းအိုး ရဲ့ အလယ် ခေါင် တဲ့ တဲ့ ကနေ ပြီး..သူ့ကိုယ်သူ အရမ်း ကျေ နပ် နေ ပြီလေ။

နောက် တနေ့ ကို ရောက် လာတယ် ဆို ရင်ပဲ.. သူတို့ အားလုံး..ခြေကုန် လက်ပန်း ကျ လာ ကြတယ်။ အစွမ်း ကုန် လမ်းစွင့် ခဲ့ တဲ့.. နှင်းဆီ ပန်း လေး ဆို..ဟန် တောင် မဆောင် နိုင် အောင်ပါပဲ။ ဒီလို နဲ့ ..တနေ့သာ ကုန်သွားတယ်...။ ခြောက် သွေ့နေ တဲ့ အခြေ အနေ ကလည်း..ပိုပြီး ဆိုးရွား လာ စေ တယ်လေ ။

ဒီ နေ့ တော့..မမ နေကြာဟာ..မဟန် နိုင် တော့ပဲ..ခေါင်း ငိုက် စိုက် ကျ လာ တော့တယ်။ ဒေစီ ဆို တာ..ပြော စရာ တောင် မလို တော့ဘူး။ သူတို့ အခြေ အနေ ကို ..ဥယျာဉ် ပိုင် ရှင် မြင်သွားတဲ့ အခါ ကျ တော့.. ..ဘာလုပ် တယ် မှတ် သလဲ..။ ပန်း အိုး ကြီး ကို ..နောက်ဖေး သယ်သွား ပြီး... သူတို့ အား လုံး ကို..လွှင့် ပစ် လိုက် ပါရော။ အဲ ... သိပ် မညှိုး သေး တဲ့ သဇင် ပန်း လေး တွေ ကိုတော့.. ထုတ်ယူ ထား ပြီး.. အိမ် နီး နားချင်း တွေ ကို ပေးတယ်လေ။ ဒါ ကတော့..သဇင်ပန်း တွေဟာ..မျိုး ရိုး ဂုဏ် ဒြပ် ကြောင့်.. သူများတကာ ထက် ..အခွင့် အရေး ပို ရတာ မို့..ဆန်းတော့..မဆန်း ပါဘူးလေ။ သဘာဝ တရား မှာ လည်း..ချွတ်ယွင်း ချက် တွေ..ခြွင်းချက် တွေ ရှိ နိုင် တာပဲ..မဟုတ်လား။ ဒါပေမဲ့..အနှေး နဲ့ အမြန် ဆို သလို..သဇင် ပန်း လေး တွေဟာ လည်း.. နေ ရာမှန် တခု ကို ရောက် ရမှာပဲလေ။

ပိန်းပန်း လေး နဲ့..နှင်းဆီ ပန်း ကတော့.. မှောင် မဲ နေ တဲ့ ကြားက.. သတိရှိ ရှိ နဲ့..ပတ်ဝန်းကျင် ကို ..လေ့လာ နိုင် ကြသေးတယ်။ ရည်ရွယ် ချက် ကြီး မား ပြီး..ဇွဲ ကောင်းတဲ့..နှင်းဆီ လေး အတွက်က.. မျှော်လင့် ချက် ရောင်ခြည် လေး တခု ..ရှိ သေးတယ်လေ..။ နှင်းဆီ ပန်း ခြောက် ကလေး တွေ ကို..လူတွေ က..တယုတယ သိမ်း ဆည်း ထား တတ် တယ် ဆိုတာ.. သူက..ကြားဖူး နားဝ ရှိ ထား တာကိုး။ ဒါပေမဲ့..ဘယ်သူကမှ.. အမှိုက်ပုံး ထဲ လာ ပြီး..နှင်းဆီ ပန်း ခြောက် မကောက်ဘူး ဆို တာတော့.. သူ..သိမသွား ရှာပါဘူး။




အချိန် တွေ ကြာ လာတာ နဲ့ အမျှ.. အမှောင် ဟာလည်း ..ကြီးစိုး လာ ပြီပေါ့။ အဲဒီ အချိန် မှာ..ဥယျာဉ် ထဲ က..ပန်းပင် အသီးသီး မှာ.. ပန်းဖူးလေး တွေ က..အစီ အရီ နဲ့လေ..။ လိပ် ပြာ နဲ့ ပိတုံး ကတော့.. တလောက လုံး.. ဘာမှ..မဖြစ် ခဲ့သလို..ပန်းဖူး ပန်းငုံ လေး တွေ ကို..နောက်ပြောင်..ကျီစယ် နေ ကြ ပြန် တယ်တဲ့။
ကံကြမ္မာ စက်ဝိုင်း ကြီး လည်ပတ် နေ သေး သရွေ့..သဘာဝ တရား ကြီးက.. ဖန်တီး ခြယ် လှယ် နေ သေးသရွေ့ ..ပန်းပုံ ပြင် တွေ ဟာ လည်း.. အဆုံး မရှိ.. ဆက် လက် တည်ရှိ နေ ဦး မှာ ပါ ပဲ လေ။





( ပုံတချို့ကို.. little green villa က ယူပါသည်။)



Share/Bookmark

6 Comments:

Oliver said...

Hi! I'm oli. It's a well written allegorical story. I enjoy reading it. Thanks.

lwinmoe said...

i like this story.

ဇနိ said...

ပထမဆုံလက်ရာလည်းဖတ်လို့ကောင်းတာပဲ။
၁၀၀ မှသည် တထောင်ဆီသို့..

pandora said...

မကေရဲ့ ၁၀၀ မြောက်မှသည် များစွာများစွာ စိတ်ရှိတိုင်း ရေးနိုင်ပါစေ။

ပန်းမျိုးစုံ လှတယ် မကေ။

hana san said...

မကေ...
little green villa က မြက်ပန်းလေး ခုလိုအသုံးတည့်နေတာ မြင်ရတော့ ပျော်လိုက်တာ။
ကျေးဇူးတင်ပါတယ်...မကေ။

ပန်းပုံပြင် ကို မပန်းပွင့် (ဟန)
လာပြီး နားထောင်သွားပါတယ်။ ပုံပြင်နားထောင်ပြီး ပန်းပွင့် အိပ်ပါတော့မယ်။
ဂွတ်နိုက်တ်

မကေ...ရွှင်လန်းပါစေ။

May said...

ပန်းဆိုတာ အပင်ပေါ်မှာဘဲ ထား၇တယ်

မခူးရဘူး မပန်ရဘူးတဲ့

အနောက်နိုင်ငံက ထုံးစံပါ