ပြုံးပြီး လွမ်းရတဲ့ စာအုပ်ကလေး တအုပ်


ဂူးဂဲလ် ရဲ့ ဘလော့စပေါ့ ကြီးများ  ဘယ်နေ့ ပိတ်ပြစ်တော့ မလဲ လို့  တွေးပူ မနေပေမဲ့ လို့ ၊ ဟိုအရင် ဘလော့ဂ် ခေတ်တခေတ် မှာ ၊ ဘလော့ဂ် ယဉ်ကျေးမူတွေနဲ့ ၊ ဘလော့ဂ် ရေးဖော်ရေးဖက် တွေ ၊ ရင်းနှီးပျော်ရွှင် ဘလော့ဂ် သဘင် ဆင်ခဲ့ ကြတဲ့ အချိန်တွေကို တော့ တွေးပြီး လွမ်း ချင် သေး သည်။


အဲဒီ တုန်းက တချို့ ရေးဖော်ရေးဖက် တွေ ၊ ဘယ်ရောက်လို့ ဘယ်ပျောက်နေပြီ မသိ ။ တချို့လည်း ဘလော့ဂ် ဆိုတာကြီးကို ဖုန်ကလေး ဘာလေးမျှပင် မခါ ကြတော့ ။ သံယောဇဉ် ကြီးကြီး ၊ ဇွဲကြီးကြီး နဲ့ ဘလော့ဂ် တွေ မှာ ၊ ပုံမှန် စာတွေ တင်နေကြသေးတဲ့ ၊ မိတ်ဆွေ တချို့ ကတော့ ၊ ဘလော့ဂ်တွေ ပြန်စည်ကားလာအောင် ဆိုပြီး ၊ ချဲလင့်ခ်ျ ဆိုပြီး  စိမ် ခေါ် နေကြ ပြန်သည်။ ဟိုတုန်းကတော့ တဂ်ဂိမ်း လို့ ခေါ်တာ ပေါ့ ။ အကြောင်းအရာ ခေါင်းစဉ်  တခု ကို ၊ တယောက်တမျိုး ၀ိုင်းရေးကြတာမျိုး ။ အခုတော့ ရေးချင်တာရေး တခုခုရေး ၊ ဘလော့ဂ် ရေး ရင် ပြီးရော တဲ့ ။ တကယ်တော့ အခုမှ တဂ်ဂိမ်း အစစ် ။ ဖေ့စ်ဘွတ် ဆိုတာကြီး ရဲ့  မြောက်မြားလှစွာသော ဓါတ်ပုံတွေ စကားသံတွေ ၊ သတင်း တွေ အတင်းတွေ ကြားထဲမှာ ၊ ကိုယ်တွေခြင်း ဆက်သွယ်မူတွေ ပြတ်တောက်မသွားအောင် ၊ တဂ်ကလေးတွေ ချိတ်တွဲ ပြီး အသိပေးကြ လှမ်းခေါ်ရ သည်။


အရင်တုန်းက ဆိုရင်တော့ ဒီလူ တွေ  မကြား - ကြား အောင် အော်ခေါ်စရာ မလို၊  မဆုံ ဆုံ အောင် ချိန်းစရာ မလို ၊ ဘလော့ဂ် မှာ ပို့စ် တခု တင်ပြီ ဆိုတာနဲ့ ၊ ၀ိုင်းအုံ ရောက်လာကြ သည်။ နှုတ်ဆက် စကား မှတ်ချက်စကား တွေ ဆိုတတ်ကြသည်။  အခြေအနေ တွေက အတော် ခြားနား ကုန်ပြီ။

အဲ့ဒီလို တုန်း ၊ စာအုပ်ကလေး တအုပ် ၊ စာတိုက်ကနေ ရောက်လာ လေ သည်။





ဆနွင်းမကင်း သံဇကာ ကွက် လေး ရဲ့ နောက်မှာ ၊ တလောက လုံးကို မေ့ပြီး ၊ ငှက်မွေးအတောင်လေး တခု လို ၊ အတွေးတွေ ပေါ့ပါး လွန့်လူး နေပုံ ရတဲ့ အမျိုးသမီးလေး တယောက် ။ ပန်းချီ မြင့်မောင်ကျော် ရဲ့ သရုပ်ဖော်ပုံလေး က ၊ ရိုးရိုးလေး နဲ့  ချစ်စဖွယ် ကောင်း လှသလို ၊ မိုးချိုသင်း မှတ်တမ်း ဆိုတဲ့  ၊ ခေါင်းစဉ် လေး ကလည်း ၊ ချစ်စရာ ကောင်းလှ စွာ ၊ ရိုးရှင်း လှသည်။


ရိုးရှင်းလှဆို . . .  ရိုးဂုဏ် ထင်ရှား ခဲ့တဲ့  ဖန်မီးအိမ် ကဗျာစာဆိုကြီး တင်မိုး ရဲ့ ၊ သူ့ မိသားစု နဲ့  နေထိုင် ဖြတ်သန်းခဲ့တဲ့  အရိုးတကာ့ အရှင်းဆုံး ပုံရိပ်တွေ ကို ထင်ဟပ် ထားတဲ့ စာအုပ်ကလေး ပေပဲ ။ စာရေးသူ ကိုယ်တိုင်ကလည်း ၊ သူ့ ကိုယ်ပိုင် ဘလော့ဂ် လေး မှာ ပေါ့ပေါ့ပါးပါး  လွတ်လွတ်လပ်လပ် ရေးခဲ့တဲ့ စာတွေ ဖြစ်တယ်လို့  အမှာ ရေးထား လေတယ်။  မိုးချိုသင်း မှတ်တမ်း ဆိုတဲ့ စာအုပ်ကလေး ရဲ့  နာမယ် ကို မြင်မှ ၊ ကျမ တို့ တွေ အားလုံး ၊ အချိန်တွေ နှစ်  အပျော်တွေ စိမ် ပြီး ၊ ခုံခုံမင်မင် စွဲစွဲ လမ်းလမ်း  ရေးခဲ့ကြတဲ့ ၊  လေလှိုင်းပေါ်က စာလုံး တွေ ဟာ ၊ တ ဘလော့ဂ် -- လော့ဂ် နဲ့  လျှာခလုတ်တိုက်အောင် ခေါ်နေစရာ မလို တဲ့ ၊ ကျမ တို့ တွေရဲ့ ၊ ဘ၀ မှတ်တမ်း ၊ ဖြတ်သန်းမူ ပုံရိပ် ၊ လေ့ကျက်မူ သင်ခန်းစာ တွေပဲ ဆိုတာကို ၊ အလေးအနက် တန်ဖိုးထားမိလာတယ်။ အခုတော့ မမိုးချိုသင်း က ၊ လေထဲက သူ့ ရဲ့ မှတ်တမ်းလေး တွေ ကို ၊ စာအုပ်ကလေး အဖြစ် သိမ်းထုပ် မျှဝေ လေ ပြီ။


ခေါင်းစဉ် ကပဲ စာရေးသူ ၊ စာရေးသူ ကိုယ်တိုင်ကလည်း ခေါင်းစဉ် ဖြစ်နေတဲ့  မိုးချိုသင်း ဆိုတာ ၊ တကယ်တော့ ၊ ဘလော့ဂ် ဆိုတာတွေ မပေါ်ခင် ကာလ တွေ တည်းက ၊ ၀တ္တုတိုခေတ်တခေတ် မှာ ထွန်းလင်းခဲ့ပြီး သား စာရေးဆရာမ ။ တချိန်က မြန်မာပြည်မှာ အောင်မြင်ခဲ့တဲ့ သင့်ဘ၀ မဂ္ဂဇင်း ရဲ့ ၊ အယ်ဒီတာ အဖွဲ့ဝင် တယောက် ။ ဒါပေမဲ့ ၊ ရိုးဂုဏ်ကို ဆက်ထိန်းထားတဲ့  သူမ ဟာ ၊ အရှိအတိုင်း ရေးကြ တဲ့ ဘလော့ဂ် စာမျက်နှာ တွေ ပေါ် မှာ ပို ပျော်ပုံ ပေါ် ရဲ့ ။






ကြည့်ဦးလေ ။ အစဦးဆုံး အပုဒ် ဖြစ်တဲ့  “ ဘလော့ဂါကြီးသို့ ” ဆိုတဲ့ စာ လေး မှာ ၊ သူမ ရဲ့ ဖခင် ကဗျာဆရာကြီး ကို တောင် ၊  ဘလော့ဂါ တယောက် အဖြစ် စိတ်ကူးပြီး ရေးထားပုံက . . .  ( သူမ ပြောလေ့ရှိသလို  ) ပြုံးပြီးဖတ်နေလိုက် ရတာ ။ ကျမ တို့ တွေ ၊ ဘလော့ဂ် တွေကို ချစ်ကြောင်း ခင်ကြောင်း ၊ ဘလော့ဂ် ဆိုတာ ဘယ်သို့ ဘယ်ချမ်းသာ  - ဘာမှ ကြီးကြီးကျယ်ကျယ် ရှင်းပြ နေစရာ မလို ။  ဘလော့ဂါ တယောက် ရဲ့ ၊ စိတ်စော အာရုံ တွေကို ၊ ချစ်စရာကောင်းအောင် အကျစ်လစ် ဆုံး ဖော်ပြ သွားလေ သည်။


အဲဒီတုန်းက ဆို ၊ မမိုးချိုသင်း ပို့စ် တပုဒ် တက်လာပြီ ဆိုတာနဲ့  ၊ အားလုံးက တပြုံးပြုံး နဲ့  ဖြစ်ကြရသည်။ တကယ်တော့ ၊ မမိုးချိုသင်း ကို ၊ ဘလော့ဂ် တွေ မရေးခင် ၊ ဟိုး လွန်ခဲ့တဲ့ နှစ် အစိတ် နီးပါး လောက်ကတည်းက ၊ တိတ်တိတ်ကလေး လှမ်း ကြည့်ပြီး အားကျ ခဲ့ဖူး သည် ဟု ၊ ကျမ ၀န်ခံ ထား ပါသည်။ လှိုင် တက္ကသိုလ် ကျောင်းဝင်း ထဲက ၊ ၀မ်းအိုသရီး စာသင်ဆောင် ရှေ့ မှာ ၊ ချစ်ခင်သူ တွေ ၀ိုင်းဝိုင်းလည် နေတဲ့ ၊ စာရေးဆရာမ ပေါက်စ လေး ဟာ ၊ ကျမ  တို့ ရဲ့ စီနီယာ ဘူမိဗေဒ ကျောင်းသူ တယောက် ဖြစ်နေသည်လေ။  နီးရက် နဲ့ ဝေးစွာ ပဲ၊  တက္ကသိုလ် ကျောင်းသူဘ၀ က ခင်မင် သိကျွမ်းခွင့် မရ ခဲ့ပေမဲ့ ၊ တဆင့် စကား တွေ ထဲမှာ ၊သူ့ အကြောင်းတွေ နားထောင်ပြီး ပြုံး ခဲ့ ကြရ ဘူးသည်။  လူတိုင်းကို ပြုံးအောင် လုပ်နိုင်တဲ့ သူက ၊ ကိုယ်တိုင်လည်း အမြဲ ပြုံးချင်သည် တဲ့လေ ။ အဲဒါကြောင့်  အကြည်ဓါတ်ပျောက်မဲ့ အရာ မှန်သမျှ ရှောင်ရှားလေ့ ရှိသတဲ့ ။


အခုတော့ ဘလော့ဂ် ဆိုတာကြီး ရဲ့ ကျေးဇူး နဲ့ ၊ ညီအမ အရင်းတမျှ ခင်မင် နေကြပြီ မို့ ၊ မမိုးချိုသင်း ကနေ ၊  မချိုသင်း  ဖြစ်ခဲ့ပြီ။  ဒီ့ထက် ပိုလို့ ရေစက် ဆုံချင်တော့ ၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ထဲမှာ မချိုသင်း တို့ နေထိုင်ရာ ကယ်လီဖိုးနီးယား ကို ဆိုက်ဆိုက်မြိုက်မြိုက် အလည် ရောက်ဖြစ် ခဲ့လေသည်။  ပြုံးစရာတွေကို နားနဲ့ ဆတ်ဆတ် ကြားရလေ သည် ။ အကြည်ဓါတ်တွေကို ကိုယ်တွေ့  ကူးစက် ခံစား ရလေသည်။ ရိုးဂုဏ် တွေကို မျက်မြင် ရှာတွေ့ ရလေသည်။  သူ့ စာတွေထဲက တဆင့် ခင်မင် သိကျွမ်းနေရတဲ့ ၊ သူ့ခင်ပွန်း  ကိုကျော်ဝဏ္ဏ ကိုတင် မက ၊ သူ့ ဇတ်လိုက် ကြောင်ကလေး တွေ ထဲက ၊  ရုပ်ရှင် မင်းသား လူမူရေးသူရဲကောင်း ကျော်သူ ကတောင် ဓါတ်ပုံ တွဲ ရိုက်ပေးရ တဲ့ ၊ သူတို့ ရဲ့ သဲသဲလှုပ် သမီးကြောင်မလေး ၊ ဘယ်လောက် ချစ်စရာ ကောင်းတာကိုလည်း တွေ့ ခဲ့ ရ လေသည် ။ LA ကို ရောက်လာတဲ့ မြန်မာ စာပေ အနုပညာ အသိုင်းအ၀ိုင်းက ဧည့်သည် မှန်သမျှ ကို ၊ မညီး မညူ ဧည့်ခံ လေတဲ့ သူတို့ မောင်နှံ ရဲ့  စံရိပ်ငြိမ်လေး ကိုလည်း ၊ ဘလော့ဂါ ညီအမ တယောက် အနေနဲ့ အလည်ရောက် ခွင့် ရခဲ့လေသည်။


စိတ်ထဲမှာ ထင်ထားခဲ့တဲ့ ပုံရိပ် နဲ့ အပြင်မှာ တွေ့ရတဲ့ မိုးချိုသင်း  ဘာမှ သိပ်မကွာ ခြား လှပေမဲ့ လို့ ၊  မယုံနိုင်စရာ ကောင်းလောက် အောင် ၊ လျင်မြန် ဖြတ်လပ်  တဲ့ ၊ သူ့ ရဲ့  လှုပ်ရှားမူ တွေကို ကြည့်ပြီး ၊  နှေးတိ နှေးတုန့်  နဲ့  လစ်တာနဲ့ အတွေး ရှိုက် ဖို့သာ ချောင်းနေတတ်တဲ့ ကျမ  ၊ တိတ်တိတ်ကလေး အတုခိုး ရ သည်။


ဆိုပါတော့ ၊ ကားမောင်းနေရင်း လမ်းမှားတယ်လို့ ထင်ရင် ၊  ဖျပ်ကနဲတွေ့ တဲ့ လမ်းကြားထဲ ချိုးဝင် လိုက်တာမျိုး ။ လမ်းမှာတည်းက ထိုင်မဲ့ စားသောက်ဆိုင် ကို ၊ သေချာ ပိုင်ပိုင် နိုင်နိုင် ရွေးချယ် ထားပြီးသား ။ ဆိုင်ထဲ ၀င်တာနဲ့ လည်း ၊ ဧည့်သည်တွေ ဘာမှာရမှန်း မသိ အီလည်လည် မလုပ်နေခင်တည်းက ၊ Cream Chowder  ငါးခွက် အရင်ချ  လို့  အရင်ဆုံး တန်းမှာ လိုက် ပြီးသား ။ ဒီက လူတွေ အမေရိကန် ကြက်ပေါင်ကြီး က သိပ်ကြီးလွန်းလို့ ဘယ်က ဖဲ့ရမှန်း မသိ ဖြစ် နေကြတဲ့ အချိန်မှာ ၊ သပ်သပ်ရပ်ရပ် စားပြီး လို့  အအေးတခွက်တောင် သောက်ပြီး နေပြီ    (  ဒီ စာပိုဒ်ကတော့  မချိုသင်းရဲ့ အရေးအသားမျိုးကို အတုခိုးပြီး ကျီစယ် တာပါး)


ပြီးတော့ ၊ စာရေးကောင်းတဲ့ သူ တော်တော်များများက ၊ အပြောမကောင်းဘူး လို့  ဆိုကြတယ် မဟုတ်လား ။ မချိုသင်း ကတော့ ၊ သူ စာရေးတဲ့ အတိုင်း ၊ နားထောင်လို့ ကောင်းအောင် ပြောတတ်တဲ့သူ ။ သူ့စာတွေ ဖတ်ပြီး ပြုံးရသလို ၊ သူပြောတာတွေ နားထောင်ပြီး ၊ ဧည့်သည်တွေမှာ ပါးစပ် မစိရ ။


အခု စာအုပ်ကလေး ထဲ မှာတောင် ၊ အွန်လိုင်း စာဖတ်ပရိသတ် တွေ တအုံတမ ကြီး နဲ့ တပြုံးပြုံး  ဖြစ်နေတတ် တဲ့ မချိုသင်း ကို ၊ သူ့ ချစ်ခင်ပွန်း ကိုကျော်ဝဏ္ဏက  “ ချိုသင်းက ရီစရာတွေ ရေးနေတာလား . . .” လို့  ခပ်ဟန့်ဟန့် ဆို သည်တဲ့ ။ အမ တွေကလည်း “ နင်.. ရီစရာတွေချည်း ရေးမနေနဲ့ လို့ ”  ပြောသတဲ့ ။  တကယ်က မချိုသင်းက ရီစရာ တွေ ရေးနေတာ မဟုတ်ပေ ။ ကျမ ထင်သည်ကတော့ ၊ ရိုးစရာ တွေ ကိုသာ သူ ရေးနေခြင်းသာ ။ ရိုးရှင်းတဲ့ အကြောင်းလေးတွေကို ရိုးရိုးသားသား ရေးပြ ထားတော့ ၊ ချစ်စရာ ကောင်းပြီး ၊ ( သူ ပြောသလိုဆို ) ပြုံးပြီး ဖတ်ရတဲ့ စာအုပ်ကလေး ပေါ့ ။


ဒါပေမဲ့ ၊ စာအုပ်တအုပ်လုံး ကို ဖတ်ပြီး သွားတဲ့ အချိန်မှာ ၊ ကျမ ဆက်ပြီး မပြုံးနေ နိုင်ခဲ့ပေ ။  ဒီစာအုပ်ထဲမှာ ပါတဲ့ ၊ ငယ်စဉ်ကလေးဘ၀ အပူအပင် ကင်းမူ တွေ ၊ မိသားစု ဘ၀ ပျော်ရွှင်ချိန်တွေ ဟာ ၊  “ မီးရထား နှင့် ခရီးသွားခြင်း” ဆိုတဲ့ ၊ ဆရာကြီး တင်မိုးရဲ့ ကဗျာလေး ကို သရုပ်ဖော် ထားတဲ့  စာလေး လိုပဲ ၊ တဘူတာ ပြီး တဘူတာ ၊ အနောက်မှာ ကျန်ရစ် လို့  . . . တယောက်ပြီး တယောက် ဆင်းကျန်ခဲ့ ပြီ ဆိုတာကို ၊ ဆင်ခြင် နားလည်နေမိ ရသည်။ ဆိုရှယ်လစ် ခေတ်ဦး - ခေတ်နှောင်း ၊ ၈၈ အရေးတော်ပုံ ကာလ ၊ ၉ ၀ ကျော်ကာလ အမှောင်ခေတ် တွေကို  နောက်ခံ ထားတဲ့ ၊ ဒီ မိသားစု ဘ၀ မှတ်တမ်းလေး ထဲမှာ  ၊ ပြုံးစရာတွေ ထဲက နေမှ ၊  နာကျင်စရာ တွေကို ရှာတွေ့  နေမိသည်။


တကယ်တော့ ၊ စာရေးသူ ရဲ့ ဖခင်ကြီး ဆရာကြီး ဦးတင်မိုး ရဲ့   ဘ၀ ကောက်ကြောင်း ခဲခြစ်ရာ တွေကို ၊ မဆွခင် ကတည်းက ၊ ကျမ တို့ အားလုံး ဖတ်ဖူး ကြားဖူး နေခဲ့ ကြသည်ပဲ ။ သင့်ဘ၀ မဂ္ဂဇင်းမှာ ၊ စိတ်ဝင်တစား ဖတ်ဖူး ခဲ့တဲ့ ၊ အထက်အညာ ဝေးလံ ခေါင်သီ လှတဲ့ ကန်မြဲ ဇဂျမ်း ဆိုတဲ့ ရွာကလေးက ၊ ဆယ်တန်းကို မြန်မာစာ ဂုဏ်ထူး နဲ့ အောင်ခဲ့တဲ့ တောသားလေး တယောက်ကို ၊ ပညာရေးဝန်ကြီး ကိုယ်တိုင် စာကြုံ ပို့ ပြီး ၊ တက္ကသိုလ် တက်နိုင်အောင် လုပ်ပေး ခဲ့တဲ့ ၊ ပုံပြင်ဆန်တဲ့ တကယ့် အဖြစ်တွေ ။ မြန်မာပြည်သူ တွေ  မမြင်ဘူး မတွေ့ဘူး သေးတဲ့ ၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့   အစောဆုံး မြန်မာစာပေ မိတ်ဆွေ ဖြစ်ခဲ့ တာတွေ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ရဲ့  တည်ထောင်စ အချိန်တွေ မှာ ၊ ကဗျာ ဆောင်ပုဒ် ကလေးတွေ  များစွာ နဲ့  ဒေါ်အောင်ဆန်းစုကြည် ရဲ့ လက်ရုံးတယောက် အဖြစ် ၊ ပါဝင် ပတ်သတ် နေခဲ့တာတွေ ။ နောက်ဆုံး ကဗျာစပ် လို့  အကျဉ်းကျ သွားရှာတဲ့ ကဗျာဆရာကြီး တင်မိုး ရဲ့   မြောက်မြားလှစွာသော တခြား အကြောင်းအခြင်း ရာ တွေ ၊ အကုန် မပါ သေး တဲ့ ၊ သမီး တယောက် ရဲ့ ၊ အရိုးဆုံး မိသားစု မှတ်တမ်းလေးတွေ ၊ အလွမ်းစာလေးတွေ ။ 


အဲဒါကြောင့် ၊ ကျမ ကတော့ ၊ ပြုံး ပြီး လွမ်းရ တဲ့ စာအုပ်ကလေး လို့ သာ ၊ပြောလိုက်ချင်သည်။

ဒီ စာအုပ်ကလေး ကို ဖတ်ပြီးသွားတော့ ၊ စားပွဲ ပေါ် ခဏ ချ ပြီး ခပ်ဝေးဝေးကို ငေးကြည့် နေမိတယ် ။ တကယ်တော့ ဘ၀ ဆိုတာကြီး က ၊ အထူးတလည် သီကုံး  စပ်ဆို နေဖို့ မလို တဲ့ . . . တကူးတက ရှာဖွေ နားထောင် ဖို့ မလိုတဲ့ ၊ ကြိုတင် ရေးစပ်ပြီးသား အလွမ်းသီချင်း တပုဒ် လိုပင် ။ အလွမ်းကို မရှာချင် လို့ ၊ အပြုံးတွေ အပျော်တွေ သီဆို နေပေမဲ့ ၊  နောက်ဆုံးတော့ အလွမ်းပိုဒ် နဲ့ သာ အဆုံးသတ် ကြ သည်။ တချို့ကတော့ ၊ အဲ့ဒီ လွမ်းစရာ ကိုပင် အရသာ တခု လို ၊ တစိမ့်စိမ့် ခံစားခြင်ကြသည်။ စပ်ဆို သီကုံး ချင်ကြသည်။


ခုပဲ ကြည့် ။ အိမ်ရဲ့ အဝေးမှာ နေကြသူခြင်း ၊ ဆုံဖို့ ခဲယဉ်းလွန်းလှ တဲ့ ကြားက ၊  အဝေးက အိမ်တအိမ်မှာ ရီမော ပျော်ရွှင် ခဲ့ ကြ ဖူး သည်ကို ပင် ၊ လွမ်းစရာ မရှိ  ရှာကြံ လွမ်းနေမိသည်။  လော့စ်အိန်ဂျလိစ် မြို့ ရဲ့  ဟိုင်းဝေး လမ်းမကြီး ပေါ်မှာ ၊ ဧည့်သည်တွေကို ကားမောင်း လိုက်ပို့ ရင်း ၊ ဗမာ သီချင်းဖွင့်မယ် နော် လို့  ခွင့်ပန် ပြီး ၊ ကိုစောညိန်း ရဲ့  သီချင်းတပုဒ်ကို ၊ ဌါန် ကရိုင်းကျကျ လိုက် ဆို နေတဲ့၊ မချိုသင်း ဟာ ၊   ဟောဒီ စာအုပ်ထဲက မိုးချိုသင်း  နှင့် တူသလိုလို  မတူသလိုလို ။



ကေသွယ်
၅ နာရီ ၃၅ မိနစ်
အောက်တိုဘာ (၁) ရက် ၂၀၁၄



Share/Bookmark

8 Comments:

tin min htet said...

ပြုံးရင်းဖတ်
ပြီးတော့လွမ်း

သက်ဝေ said...

အဲဒီစာအုပ် လိုချင်တာက တကြောင်း ကေတို့  ချိုသင်းတို့ကို ဟိုးအစောကြီးထဲ သိပေမဲ့ ဘလော့ဂ်ညီအမ တတွေ အဖြစ်နဲ့ ဆုံချင် စကားတွေ ပြောချင်တာက တကြောင်းတို့ကြောင့် စာအဆုံးမှာ မပြုံးနိုင်ပါ....

ခင်အောင်အေး said...

မိုးချို သင်း ကိုယ်တိုင်ပေးတဲ့ အဲ့ဒီ စာအုပ်လေး တော့ (ဘယ်နည်းနဲ့မဆိုပေါ့လေ) ရချင်ပါတယ်။ ၀ယ်မဖတ်ချင်တာတို့၊ အလကားရမှ လိုချင်တာတို့ဆိုတဲ့ အတင်း ပဒေသာ တွေရဲ့ ထင်ချင်သလို ထင်မှုကို ဘယ်လိုမှ မမှု တဲ့စိတ်နဲ့ အဲ့ဒီ စာအုပ်ကို မိုးချို သင်းဆီက လိုချင်တာပါ။ ဆန္ဒ လေး တစ်ခု မျှသာ၊ အကောင်အထည်လဲ ပေါ်လာချင်မှ ပေါ်လာမှာပါ။ မပေါ်လာလဲ အဲ့ဒီ ဆန္ဒကို သိမ်းထုပ်ပိုက်ရင်း....

ဂျူနို said...

ရေးတတ်လိုက်တာကေ ဘလော့ခေတ်ကိုလွမ်းလာလို့ ဘလော့ရေးချင်စိတ်တောင် ပေါက်လာတယ်။

ဂျူနို said...

မကေ ရေးတတ်လိုက်တာ ဘလော့ခေတ်ကို လွမ်း ဘလော့ရေးချင်စိတ် ပေါက်လာတယ်

Aunty Tint said...

'ပြုံးပြီး လွမ်းရတဲ့ စာအုပ်ကလေး တစ်အုပ်' အတွက် ကျေးဇူးပါ ကေသွယ်ရေ... ♥

မဒမ်ကိုး said...

တကယ်တန်းကျတော့ ဖဘမှာက ရေးချင်တာရေး ဘလော့ချင်တဲ့သူဘလော့ ခင်ချင်တဲ့သူကွက်ခင် မခင်ချင်တဲ့သူအန်နဲ့ ရှုပ်ယှက်ခက်နေတဲ့မယားငယ်တစ်ယောက်နဲ့တူနေပြီး ဘလော့ကတော့တည်ငြိမ်အေးဆေးပြီးသူ့ဟာသူ့ဂုဏ်နဲ့နေတဲ့မယားကြီးနဲ့တူတယ်လို့ကိုခံစားရတယ်မမရေ

ခုတော့ အာရုံတွေနောက်လို့ ဖဘအကောင့်ကိုပိတ်ပြီးဘလော့ထဲအချိန်ပေးလည်ဖြစ်နေလေရဲ့

tg.nwai said...

အဲဒီ့စာအုပ်လေး တွေ့လို့ ဖတ်ပြီးတော့ တကယ် သတိရမိတာ... ချိုသင်းရဲ့ ပို့စ်တွေ တက်လာတိုင်း ၀မ်းသာအားရ ဖတ်ရတဲ့ အချိန်တွေကို လွမ်းမိတယ်။ ဘလော့တခေတ်ကိုလည်း ပြန်လွမ်းရင်းပေါ့....